စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (51)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (51)

 

အနောက်ပိုင်းတိုင်းပြည်များကြား သံတမန်အလုပ်ပြီးသည်နှင့် တင်ဂီရိကို ခွင့်တောင်းကာ ချူလူလူရှိရာအရှေ့ပိုင်းကျွန်းမှ ၀ိဇယပြည်ကို တိုလူအီလိုက်လာခဲ့သည်။ မိမိချစ်သည့် လူငယ်လေး၏အောင်မြင်မှုကိုနားနှင့်အဆံ့အောင်ကြားရပြီးနောက် တိုလူအီပြေးတွေ့ချင်တာကြာလှပြီ။ဒါပေမယ့် မိမိတာဝန်မပြီးသေးသဖြင့် အောင့်အီးကာ အမြန်ပြီးဆုံးအောင်လုပ်ခဲ့သည်။

 

ယခုဆိုလျှင် ၀ူတိုင်းပြည်၊ ချူတိုင်းပြည်၊ မိမိတို့လျူတိုင်းပြည် အပါဝင် အနောက်ပိုင်း မြို့ပြနိုင်ငံငယ်လေးများစွာကို အာနန်ပြည်နှင့်ပူးပေါင်းစေရန် ကြံဆောင်ခဲ့ပြီးဖြစ်သည်။ နောက်ပိုင်းမဟာမိတ်စာချုပ်ချုပ်တာကို တင်ဂီရိနှင့် ထန်လိုခိ ဆက်လုပ်နိုင်ပြီဖြစ်လို့ ချူလူလူကိုတွေ့ရန် လာခဲ့သည်။ အာနန်ပြည်ကိုရောက်တော့ ကြားလိုက်ရသည့် ချူလူလူ၏ ကောင်သတင်းနှင့်အတူ ၀ိဇယဘုရင်လေး ရုမာသီ၏ငယ်ရွယ်ပြီး ရဲစွမ်းသတ္တိပြည့်ဝသည်ကို ကြားလိုက်ရတော့ ရင်ထဲပူခနဲဖြစ်သွားသည်။ ချူလူလူ၏ ကိုယ်ကျင့်တရားကို ယုံကြည်သော်လည်း မိမိနှင့်ချူလူလူက မရိုးသားသည့် ဆက်ဆံရေးလည်းမဟုတ်သဖြင့် တိုလုအီတွေးရင်း စိတ်မသက်မသာဖြစ်လာမိသည်။ တကယ်ဆို ချူလူလူကို မိမိချစ်နေပြီ ဖြစ်ကြောင်း တရားဝင်ဖွင့်ပြောထားသင့်သည် မဟုတ်လား။ ထိုသို့ဖွင့်ပြောလျှင် ချူလူလူက မိမိအပေါ်အခင်မင် လျော့သွားမည်ကိုလည်း စိုးရိမ်ရသေးသည်။

 

တိုလုအီသည် သဘောင်္ပေါ်တွင် ချူလူလူနှင့်မိမိတို့ ကျောင်းတော်တွင် အတူကြီးပြင်းလာသည်ကို ပြန်သတိရနေသည်။ တွေးရင်း ချူလူလူကို မိမိမည်မျှချစ်နေမိသည်ကို ပိုပိုသိလာသည်။ ချူလူလူမရှိလျှင် မိမိအသက်ဆက်ရှင်သန်သည့် ဘ၀ကြီးက ခြောက်သွေ့နေမည်ကို ပိုသိလာခဲ့သည်။ တကယ်လို့ ချူလူလူကိုဖွင့်ပြောလို့ သူငြင်းခဲ့လျှင်၊ သူက မိမိကိုရွံ့ရှာသွားခဲ့လျှင်၊ မိမိကို စကားမပြောပဲနေခဲ့မည်ဆိုလျှင် မိမိဘယ်လို ဆက်လုပ်ရမည်ကို တိုလုအီတွေးနေသည်။ လူမှန်လျှင်အကြံရှိရမည်။ မိမိက သာမန်လူမဟုတ်ပေ။ ရွှေဥာဏ်ရှင်ပဲ မဟုတ်လား။ ဒါကြောင့် ချူလူလူကို မိမိအချစ်အကြောင်း ဖွင့်ဟရန် ဆုံးဖြတ်လိုက်သည်။ တကယ်လို့ သူလက်မခံသေးလျှင် လက်ခံသည်အထိ ဆက်လက်ကြိုးစားမည်။ သူမသိ ငါပိုးဘ၀နှင့် တဖက်သတ်ချစ်မနေချင်တော့ပါ။ ရှင်လျှင်ရွှေထီး သေလျှင်မြေကြီးဆိုသည့်ထုံး နှလုံးမူထားလိုက်သည်။ သဘောင်္မဆိုက်ခင်ကတည်းက စာပို့ခိုလွှတ်ထားသဖြင့် ဆိပ်ကမ်းတွင် ချူလူလူလာကြိုနေသည်ကို သင်္ဘောကမ်းမကပ်ခင်ကတည်းက တိုလုအီမြင်နေရသည်။

 

အသားကြေးနီရောင်ပေါက်ကာ ကြံ့ခိုင်လာသည့် ချူလူလူဆိုသည့် ကောင်လေးသည် တိုလုအီ၏ရင်ကို အရှိန်ပြင်းစွာဖြင့် လှုပ်ခါအောင်လုပ်နေသည်။ ဖြူသော၊ပိန်ပါးသော ချူလူလူကိုအမြဲတွေ့နေရာမှ တကယ့်စစ်သည်တော်လို ကြံ့ခိုင်သည့် ဟန်ပန်နှင့်တွေ့တော့လည်း မိမိခံစားချက်က မလျော့သည့်အပြင် ပိုတိုးလာခဲ့သည်။ ထို့ကြောင့် သဘောင်္ပေါ်မှဆင်းသည်နှင့် ချူလူလူကို လှမ်းအော်ကာ ခေါ်လိုက်သည်။ ၀မ်းသာစွာနှင့်ပြေးဖက်ချင်သည့်စိတ်တို့ ထိန်းမရတော့ပါ။


“ချူလူလူ…”
 

“နောင်တော်….နောင်တော် ပါလာတာကို ကျွန်တော့်ကိုကြိုလည်းမပြောထားဘူး”

 

ချူလူလူက တိုလုအီကို ဖက်ကာနူတ်ဆက်ရင်း ပြောလိုက်သည်။ ခွဲနေတာကြာသည့်နောင်တော်နှင့် ပြန်တွေ့ရလို့ ချူလူလူ ဟန်မဆောင်နိုင်အောင်ကို ၀မ်းသာသွားခဲ့သည်။ နောင်တော့်ကို နူတ်ဆက်၇င်း တလက်စတည်းသတိရလိုက်သည်က ဆူမီရာ၏ အရှုပ်ထုပ်မင်းသား ဖြစ်သည်။ တကယ်လို့နောင်တော်သာ သိသွားလျှင် နောင်တော် တင်ဂီရိ သိသည်နှင့်အတူတူ ဖြစ်မှာသေချာသည်။ ထိုအတွေးကြောင့် ချူလူလူ၏ ကိုယ်တောင့်ခနဲဖြစ်သွားသည်။
 

“ဘာဖြစ်လို့လဲ။ နောင်တော်လာတာ ချူလူလူကို တခုခုအနှောက်ယှက်ဖြစ်စေသလား။”

အကင်းပါးလှသည့် တိုလုအီက ချူလူလူ၏ကိုယ်က တောင့်တင်းသွားသည်ကိုသတိထားမိကာ ချက်ချင်းမေးလိုက်သည်။ ချူလူလူ မလုံမလဲဖြစ်သွားပြီး အမြန်ငြင်းကာ ရုမာသီနှင့်မိတ်ဆက်ပေးရန် ခေါ်လာခဲ့သည်။
 

“မဟုတ်ပါဘူး နောင်တော်။ နောင်တော့်ကို မတွေ့ရတာကြာလို့ သတိရလို့ပါဗျာ။ ကျွန်တော် ၀ိဇယဘုရင်နဲ့ နောင်တော့်ကိုတွေ့ပေးရဦးမယ်…”

 

ရုမာသီသည် အကြိုလာခဲ့စဉ် ချူလူလူကို ၀မ်းသာအားရ ဖက်လဲတကင်းနူတ်ဆက်နေသည့် ရုပ်သန့်သန့်နှင့် ဥာဏ်ကောင်းပုံရသည့် လူရွယ်ကိုတွေ့သည်နှင့် ကျောင်းကတည်းက မိမိကြားဖူးသည့် ရွှေဥာဏ်ရှင် တိုလုအီမှန်းသိလိုက်သည်။ ဘာရယ်မသိ။ ချူလူလူနှင့် အရမ်းကိုရင်းနှီးလွန်းသည့် ဆက်ဆံရေးပုံစံကို ရိပ်မိလိုက်သည်နှင့် ရုမာသီ ရင်ထဲ တစ်ခုခုဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။ နာကျင်တာလား။ နှမျောမိတာလား။ လက်သီးကို ဖွဖွဆုပ်ထားလိုက်မိသည်။ သို့သော် တိုလုအီကို ခေါ်ပြီး မိမိထံကိုလာနေသည်ကိုတွေ့တော့ ရုမာသီ မျက်နှာထားကိုပြင်ကာ အသင့်စောင့်နေသည်။ မိမိက အာနန်ပြည်လက်အောက်ခံ ဘုရင်ဖြစ်သဖြင့် အာနန်ပြည်စစ်ဘုရင်၏ ဘယ်လက်ရုံးကို ရိုသေစွာ ကြိုရမည်မှာ မိမိတာဝန်ဖြစ်သည်။
 

“နောင်တော်..ဒါ ၀ိဇယဘုရင် ရုမာသီ။ ရုမာသီ..ဒါ လက်ဝဲရံ နောင်တော် တိုလုအီ။”
 

“လက်ဝဲရံကြီးကို ဂါရ၀ပြုပါတယ်။”
 

“ရုမာသီရဲ့ ဂုဏ်သတင်းကိုကြားထားတာ ကြာပြီ။ ခုမှပဲတွေ့ရတော့တယ်။ ”
 

“ချီးကျူးမခံဝံ့ပါဘူးခင်ဗျာ။ အရှင့်သားရဲ့တပ်သာ ကူညီမှုမရှိရင် ၀ိဇယပြည်ဆိုတာ မရှိလာနိုင်ပါဘူး။ အားလုံးက အာနန်ပြည်ရဲ့ကူညီထောက်မမှုကြောင့်ပါ။ ”

 

တိုလုအီသည် ရုမာသီ၏ စကားပြောပါးနပ်မှုကြောင့် အမှတ်ပေးလိုက်မိသည်။ အသားညိုညိုနှင့်ဆွဲဆောင်မှုရှိသည့် လူငယ်ဘုရင်က စကားပြောလည်းကောင်းသေးသည်။ ချူလူလူကို အလေးနက်ထားပုံရသည်ကို တချက်ကြည့်ရုံနှင့် တိုလုအီ အကဲခတ်မိသည်။ သို့သော် ချူလူလူဘက်မှ ရိုးသားသည့်မျက်ဝန်းများကြောင့် သက်မကိုအသာချလိုက်မိသည်။

 

ရုမာသီသည် တိုလုအိကို နန်းတော်ထဲကိုခေါ်လာခဲ့သည်။ တိုလုအီနှင့် ပါလာသည့် အမတ်များသည် ၀ိဇယပြည် အခြေနေကို မေးမြန်းနေသဖြင့် အားလုံးစားသောက်ရင်း စကားစမြည်ပြောနေစဉ် ချူလူလူက အမှတ်တမဲ့ဖြင့် အပြင်ထွက်သွားပြီး မိမိလက်ထောက်ကိုခေါ်ကာ ဆူမီရာထံ စာတစ်စောင်ပေးခိုင်းလိုက်သည်။

 

တောင်ပေါ်တွင် ဆေးမြစ်ခူးပြီး ရေတံခွန်တွင် ရေကစားပြီးနောက် မနက်စာစားကြသည်။ ထို့နောက် ဆေးရွက်ဆက်ရှာနေစဉ် ချူလူလူ၏အထောက်တော်ရောက်လာပြီး စာပေးသဖြင့် ဆူမီရာ ထိတ်ခနဲဖြစ်သွားသည်။ နောင်တော်တင်ဂီရိများ ရောက်နေပြီလား တွေးကာ ခေါင်းကြီးသွားခဲ့သည်။
 

“နောင်တော်တိုလုအီရောက်နေတယ်။ မင်းကောင်ကို သေချာဝှက်ထားတော့ ”

 

ထိုစာကိုဖတ်ပြီးတော့ ဆူမီရာသည် ချက်ချင်း ယွမ်ချူးခန်ကိုခေါ်ကာ ပြောလိုက်သည်။
 

“မင်း ငါနဲ့ပြန်မလိုက်ခဲ့နဲ့တော့။ ပြန်တော့။ နောင်တော် တိုလုအီ ရောက်နေပြီ။ မကြာခင် မင်းရှိတာ သူသိသွားတော့မယ်။ ”
 

“ငါက တပတ်နေမယ် ပြောထားတယ်လေကွာ။  ၂ ရက်တည်းပဲကျန်တော့တာပါ။ သူ မသိအောင် ငါ နန်းတော်ထဲမှာ ပုန်းနေမယ်လေကွာ။ ”
 

ယွမ်ချူးခန်က ဆူမီရာ၏ စကားကိုကြားသော် ခွဲမသွားချင်သဖြင့် တောင်းတောင်းပန်ပန်ပြောလိုက်သည်။ သို့သော် ဆူမီရာက ယွမ်ချူးခန်ကို ပြတ်သားစွာကြည့်ကာ ထပ်ပြောလိုက်သည်။

 

“နောင်တော်တိုလုအီက မင်းကိုသေချာပေါက် ရိပ်မိသွားမှာ။ မင်း သဘောင်္ကိုပြန်တော့။ မင်းတိုင်းပြည်ကို ပြန်တော့… ”
 

“ငါ မပြန်သေးဘူး။ မင်းနဲ့တွေ့ချင်သေးတယ်။”
 

“မင်း အရမ်းခေါင်းမာတာပဲကွာ။ နောင်တော် တင်ဂီရိသိရင် ဘာတွေဖြစ်မယ်ဆိုတာ ငါမသိတော့ဘူး။ သေချာတာကတော့ မင်းရဲ့မယ်မယ် စိတ်မချမ်းမသာမဖြစ်စေချင်ဘူး။ မင်း နန်းတော်ထဲကိုပြန်လိုက်လို့ မရတော့ဘူး။ ငါ မင်းကို နောက်ပိုင်းဆက်သွယ်လိုက်ပါ့မယ်။ အခု ပြန်တော့ကွာ။”
 

ယွမ်ချူးခန်သည် ဆူမီရာကို အထပ်ထပ်အခါခါတောင်းပန်သော်လည်း ဆူမီရာက ခေါင်းမာနေသဖြင့် ယွမ်ချူးခန်သူ့ကို စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။ ဆူမီရာသည် သူ့တပည့်များကိုခေါ်ကာ တောင်ပေါ်မှာ ဆင်းသွားတော့သည်။ ယွမ်ချူးခန်သည် တဖြည်းဖြည်းဝေးသွားသော ဆူမီရာ၏ ကျောပြင်ကိုကြည့်ပြီး ရင်ထဲ မခံမရပ်နိုင်အောင် နာကျင်လာခဲ့သည်။

 

“မင်းကို ငါမခွဲနိုင်တော့ဘူး ဆူမီရာ…”

 

ထိုစကားကို တီးတိုးရေရွတ်ပြီး ယွမ်ချူးခန် မျက်ရည်ကျမိသည်။ နောက်ဆုံးတောင်ပေါ်တွင် မိမိတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ မည်သူမှမရှိမှ ယွမ်ချူးခန်၏နောက်သို့ အနက်ရောင်ဝတ်ထားသည့် လူတစ်စု အရိုသေပေးရင်း ရောက်ရှိလာခဲ့သည်။
 

“အရှင့်သား…”
 

“ နန်ကျောင်ပြည်ကိုပြန်မယ်…”

 

ယွမ်ချူးခန်၏အမိန့်ဖြင့် ရွက်သဘောင်္ချက်ချင်းကျောက်ဆူးနူတ်ပြီး နန်ကျောင်ပြည်ကိုပြန်ခဲ့သည်။

 

ဆူမီရာသည် နန်းတော်ကိုပြန်ရောက်သည်နှင့် နောင်တော် တိုလုအီကိုသွားနူတ်ဆက်သည်။ တိုလုအီသည် ဆူမီရာကို နူတ်ဆက်ရင်း တင်ဂီရိပါးလိုက်သည့် လက်ဆောင်ကိုပေးလိုက်သည်။ ဆူမီရာဖွင့်ကြည့်လိုက်တော့ ကျောက်စိမ်းပလွေလေး တစ်လက်ထွက်လာခဲ့သည်။ ထိုပုလွေက ခရမ်းရောင်သမ်းနေပြီး အင်မတန်ကိုကြည်လင်ကာ အပြစ်အနာအဆာကင်းလှသည်။
 

“၀ိုး..ကျွန်တော်လိုချင်တယ်ပြောထားတဲ့ မြောက်ပိုင်း ပန်ပြည်က ပုလွေပဲ။ နောင်တော်က ချစ်ဖို့ကောင်းလိုက်တာ…”

 

တိုလုအီသည် ပုလွေကိုမှုတ်ကြည့်နေသည် ဆူမီရာကိုပြုံးကြည့်ပြီး ချူလူလူဘက်ကိုလှည့်ကာမေးလိုက်သည်။
 

“အတော်ပဲ ညကျရင် နောင်တော်တို့ ဆိုကြ၊ တီးကျမလား။ ချူလူလူရဲ့ စောင်းသံကိုမကြားရတာကြာပြီ။”
 

“ကောင်းတယ်နောင်တော်။ ဒီကောင် ချူလူလူလည်း နောင်တော်လာမှ သူ့မဟူရာစောင်းကို တီးမယ်လို့ဆုံးဖြတ်ထားတယ်ထင်တယ်။ လုံးဝကို သူ့စောင်းသံမကြားရဘူးဗျ…”
 

“မအားတာကို မင်းသိနေတာကိုကွာ… နောင်တော်လည်းပါတော့ ပိုမြိုင်တာပေါ့…တီးကြမယ်ဗျာ။ သောက်လည်းသောက်မယ်…”

 

ညကျ တိုလုအီ၏အဆောင်တွင်စုပြီး သုံးယောက်သားသောက်ရင်း တီးကြမှုတ်ကြသည်။ တိုလုအီသည် ချူလူလူ

စောင်းသံကိုကြားလိုက်ရသည်နှင့် နာမ်၏အဟာရပြည့်စုံသွားခဲ့သည်။

 

ရုမာသီသည် တီးမှုတ်သံကြားသဖြင့် တိုလုအီ၏အဆောင်နှင့် ခပ်လှမ်းလှမ်းမှ ငြိမ်ပြီးနားထောင်နေလိုက်သည်။ ကျောင်တော်တွင် ရှိစဉ်က စွဲလမ်းခဲ့သည့် ချူလူလူ၏စောင်းသံကိုပြန်ကြားခွင့်ရသဖြင့် ငြိမ်းအေးသွားသလိုခံစားလိုက်ရသည်။ အရာအားလုံးရှေ့ဆက်ဖို့ ခွန်အားပြည့်သွားစေအောင် ဂီတက လုပ်ဆောင်ပေးနိုင်သည်။

 

“ချူလူလူ….”

 

ထိုအမည်သည် ရုမာသီအတွက် အားဆေးတစ်ခွက်ဖြစ်သည်။ အတော်ကြာအောင်ရပ်နားထောင်ပြိီးနောက် မိမိအဆောင်ကို လေးကန်စွာပြန်လာခဲ့သည်။ အဆောင်ထဲ ညအိပ်မပျော်နိုင်ဖြစ်ပြီးနောက်ဆုံး ဥယျာဉ်ထဲ လမ်းထလျှောက်ပြီးနောက် ရေစိမ်ရန် ကန်ဘက်ကို ထွက်ခဲ့သည်။ တကယ်တော့ မထွက်လာမိလျှင် အကောင်းသားဟု ရုမာသီနောင်တရလိုက်မိသည်။

 

ရေကန်ထဲစိမ်ရင်း လမင်းကိုကြည့်ကာ ချူလူလူကိုတမ်းတပြီး တင်းလာသည့် စိတ်ကိုဖြေလျှော့ပြီး ကန်မှတက်ကာ နန်းတော်ကိုပြန်ခဲ့သည်။ သို့သော် မိမိ၏အဖိုးလက်ဆောင်ပေးထားသည့် ဓါးမြှောင်လေး အ၀တ်ချွတ်သည့်နေရာတွင် ကျန်ရစ်ခဲ့သဖြင့် ပြန်လာယူစဉ် ခြုံနားအရောက် ရေကန်ထဲမှတက်လာသော ချူလူလူကိုတွေ့လိုက်ရစဉ် ရုမာသီ ထူပူသွားခဲ့သည်။ ချူလူလူဘယ်အချိန်ကတည်းက ရေကန်ထဲရောက်နေသည် မသိတော့။ မိမိလုပ်ရပ်ကို ကောင်းကောင်း တွေ့သွားမည်ကို တွေးကာ ညိုသော မျက်နှာသည် လရောင်အောက်တွင်ရဲလို့နေသည်။

 

-------------------------

 

သမားတော်ကြီးသည် ခရီးထွက်ရာမှ ပြန်လာသည့် မင်းသားလေး ရုတ်တရက်ဖျားနာသည်ကို ကုသပေးရင်းခေါင်းခဲရ တော့သည်။ မင်းသားလေးက အပြင်းဖျားရာမှ နူတ်မှ ငွေတောင်မင်းသား၏ အမည်ကိုတဖွဖွရွတ်နေသဖြင့် အားလုံးက ဆွေးနွေးပြီးနောက် မင်းကြီးနှင့်မိဖုရားကို လျှောက်တင်လိုက်သည်။

 

ဟော်သွန်းသည် သမားတော်ကြီးများ၏လျှောက်တင်စကားကြောင့် ကြက်သေသေသွားတော့သည်။ 
 

“မဖြစ်နိုင်ဘူး။ သမားတော်ကြီးတို့ပဲရအောင်ကုပေးပါ။ ငွေတောင်မင်းသား ဆူမီရာကို ထပ်ခေါ်ဖို့ရာမဖြစ်နိုင်ဘူး။”
 

“သခင်မဘုရား… ကျွန်တော်မျိုးတို့လည်း နန်ကျောင်ပြည်တ၀ှမ်းလုံးက ဆေးပညာရှင်အားလုံးကို ဆွေးနွေးပြီးပါပြီ။ အရှင့်သားဖြစ်တဲ့ ဝေဒနာက စိတ်ခံစားချက်ကြောင့်ကပ်ညှိတာဖြစ်လို့ သမားတော်ဆူမီရာ မကုရင် မပျောက်ကင်းနိုင်ပါဘူး။”
 

“နှမတော်…မောင်တော် ငွေတောင်မင်းသားကို အကူညီတောင်းပြီးခေါ်လိုက်မယ်…”
 

“မဖြစ်နိုင်ဘူး မင်းကြီး။ ”
 

“ဘာကြောင့် မဖြစ်နိုင်မှာလဲ။ သားတော်အသက်ရှင်ဖို့ဆိုရင် မောင်တော် ဘာမဆိုလုပ်မှာပဲ…”
 

“နှစ်နိုင်ငံစစ်ဖြစ်ရင်တောင်မှပဲလား မင်းကြီး…”
 

“စစ်ခင်းသင့်ရင် ခင်းရမှာပဲ နှမတော်။ ဘာကြောင့်လဲဆိုတော့ မောင်တော့မှာ သားတော်တစ်ယောက်တည်းရှိလို့ပဲ…”
 

“ဆူမီရာကို ခေါ်ရင် အာနန်ပြည်က ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။ ”
 

“ငွေတောင်ပြည်က လွတ်လပ်တဲ့တိုင်းပြည်ပါ။ ပြီးတော့ ဆူမီရာက အာနန်ပြည်နဲ့ဘာမှ မပတ်သတ်ဘူးလို့ မောင်တော်ထင်တယ်။”
 

“ပတ်သတ်မှုရှိတာပေါ့ မင်းကြီး မသိချင်ယောင်ဆောင်နေတာ ဖြစ်ပါလိမ့်မယ်။ ဆူမီရာက အာနန်မင်းသားရဲ့ အချစ်ရဆုံးသောသူပဲ။ သူ့ကိုသွားခေါ်ရင် စစ်ဖြစ်ပြီး လူအများကြီးသေရလိမ့်မယ်…”
 

“ဒါဆို နှမတော်က သားတော်ကို အသေခံမယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား။”
 

“ကျွန်မသားကို အသေခံမယ်လို့ မပြောမိပါဘူး မင်းကြီး။ ဒါပေမယ့် ဆူမီရာကို ခေါ်လို့မရဘူးလို့ပြောတာ…”
 

“ဒါဆို အတူတူပဲမဟုတ်လား။ မိဖုရားကြီးက နောက်ဆုံးတော့လည်း သားကြီးငြိုငြင်မှာစိုးလို့ သားငယ်ကို သေချင်သေ ပစ်ထားတော့မယ်ပေါ့…ဟုတ်လား…”
 

“မင်းကြီး..ကျွန်မကို စော်ကားလွန်းပြီထင်တယ်…”
 

“ဒီစကားကလွဲပြီး ကိုယ်တော် ဘာမှမပြောတတ်တော့ဘူး၊ ကောင်းပြီး။ သားတော်က မိဖုရားကြီးရင်နဲ့လွယ်မွေးထားတဲ့သားပဲ။ သေတာ ရှင်တာ မိဖုရားကြီးပဲ ဆုံးဖြတ်ပါတော့… တခုတော့ရှိတယ်။ သားတော်သေသွားရင် အာနန်ပြည်ရော၊

ငွေတောင်ပြည်ကိုပါ အမှုန့်ခြေပစ်မယ်..”

 

ကာလိုခန် ဘုရင်သည် စိတ်ဆိုးဆိုးနှင့် ပထမဆုံးဟော်သွန်းကို စကားကြမ်းကြမ်းပြောကာ လှည့်ထွက်ခဲ့သည်။ ဟော်သွန်းသည် ကယောင်ကတမ်းဖြစ်နေသည့် သားတော်ကိုငေးကြည့်ကာ သက်ပြင်းရှိုက်ကာ ကျန်ရစ်ခဲ့သည်။

 

----------------

 

ဆူမီရာသည် ငွေတောင်ပြည်ကို ပြန်လာသည့်လမ်းတလျှောက် ယွမ်ချူးခန် မပြောမဆိုပြန်သွားသည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း မိမိတို့ခင်မင်မှုက ဘယ်လိုမှရှေ့မဆက်နိုင်တော့သည်ကိုတွေးကာ သက်ပြင်းရှိုက်လိုက်မိသည်။ မယ်မယ် နေမကောင်းဟူသောသတင်းကြောင့် ဆူမီရာ ချက်ချင်းပြန်လာခဲ့ခြင်းဖြစ်သည်။
 

“မယ်မယ်…..”
 

“သားတော်…”
 

“မယ်မယ် နေမကောင်းဘူးဆို…ဘယ်လိုဖြစ်တာလဲ။ ဘယ်နားက နာလို့လဲဟင်…”
 

“အင်း ..သားတော်ကို အကူညီတောင်းတဲ့သူရှိလို့ မယ်မယ်ခေါ်လိုက်တာပဲ…”
 

“ဘယ်သူမို့ မယ်မယ်နေမကောင်းဘူးဆိုပြီး သတင်းလွှင့်ပြီးခေါ်လိုက်ရတာလဲ…”
 

“သားလေးက တကယ့်ကိုဥာဏ်ကောင်းတာပဲ။ ယွမ်ချူးခန်ရဲ့ မယ်မယ်ရောက်နေလို့ မင်းရဲ့နောင်တော် တင်ဂီရိ မသိအောင် မယ်မယ် နေမကောင်းချင်ယောင်ဆောင်လိုက်ရတာပဲ…”
 

ဆင်းဝတ်ကြည် မိဖုရားကြီးသည် သားတော်ကိုခေါ်ကာအတွင်းဆောင် ထဲ ၀င်ခဲ့သည်။ အထဲတွင် လှပသိမ်မွေ့သည့် ဟော်သွန်းမိဖုရားကြီး ထိုင်နေသည်ကိုတွေ့သော် ဆူမီရာ ဂါရ၀ပြုလိုက်သည်။ဟော်သွန်းက ချက်ချင်းပြေးဖက်ကာ အကူညိတောင်းလိုက်သည်။

 

“ဆူမီရာ…သားတော်လေးရဲ့ အသက်ကိုကယ်ပေးပါ…”
 

“ယွမ်ချူးခန် ဘာဖြစ်လို့လဲ အရီးတော်…”
 

“သူက စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာကြောင့် အဖျားရောဂါက မပျောက်ကင်းပဲ အိပ်ယာထဲလဲနေတယ်။ သမားတော်တွေက ဆူမီရာ ကုမှပျောက်မယ်ဆိုလို့ အရီးတော် အကူညီလာတောင်းရတာပါ။ သားတော်ရဲ့အသက်ကို ကယ်တင်ပေးပါ တူတော်မောင်.။”


“ကျွန်တော် နန်ကျောင်ပြည်ကို ထပ်မသွားတော့ ဘူးလို့ နောင်တော့်ကို ကတိပေးထားတယ် အရီးတော်ဘုရား…”
 

“သားတော်ကြီး အပြစ်တင်လာရင် အရီးတော်ရှင်းပြလိုက်ပါ့မယ်။ အရီးတော်ပဲ အပြစ်တင်ခံပါ့မယ်။ သားငယ်လေးရဲ့ ရောဂါကိုကုပေးပါ…”

 

ဆူမီရာသည် ဒူးထောက်တောင်းပန်နေသည့် အရီးတော်ကိုကြည့်ပြိး ခေါင်းမူးချင်လာခဲ့သည်။ ခေါင်းတစ်ခုလုံး ပေါက်ကွဲမလို ဖြစ်လာခဲ့သည်။ နောင်တော်စိတ်ဆိုးမည်ကိုကြောက်သည်။ တဖက်ကလည်း ယွမ်ချူးခန်ကို စိတ်ပူသည်။ အရီးတော်ကို

ကူညီပေးချင်သည်။ ဆူမီရာသည် အားကိုးတကြီးနှင့် မယ်မယ့်ကိုကြည့်လိုက်မိတော့ မယ်မယ်က ပြုံးကာ အေးအေးသာသာ ပြောခဲ့သည်။
 

“သားတော်မှန်မယ်ထင်တာကို ရဲရဲလုပ်လိုက်ပါ။ သားတော် ဆေးပညာကို သင်ခဲ့တာ လူ့အသက်ကယ်ဖို့မဟုတ်ဘူးလား။”

 

မယ်မယ့်စကားကြောင့် ဆူမီရာ ခေါင်းငြိမ့်လိုက်သည်။ နောက်တနေ့မနက်စောစော ငွေတောင်ပြည်မှအလုံပိတ် ရထားလုံး တစ်စီး မြောက်ပိုင်းကိုဦးတည်ကာ အရှိန်နှင့်ထွက်ခွာသွားခဲ့သည်။ ခပ်လှမ်းလှမ်းမှာ မြင်းစီးလျှို့ဝှက်အထောက်တော်တစ်ဦး လိုက်ပါလာသည်ကို မည်သူမှ မသိလိုက်ပေ။

----------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet