Chapter - 11

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (11)

 

ပထမဆုံး ရွယ်တူ သူငယ်ချင်းရပြီးနောက် ဆူမီရာအတွက် နောင်တော် တင်ဂီရိနှင့် တွေ့ချိန်သိပ်မရှိသလို ခံစားလာရသည်။ ကျောင်းတွင် နောင်တော်က သူ့အတန်းကို မလာခိုင်းပဲ ကိုယ့်အတန်းမှာပဲနေပြီး စာသေချာလုပ်ခိုင်းသည်။ ဆူမီရာ မနေနိုင်လို့ သွားတော့ နောင်တော်ကို အခြား ထန်မင်းသား၊ လုမင်းသား တို့နှင့်တွေ့ရသည်သာ များသည်။

 

ဘာရယ်မဟုတ် ဆူမီရာက စကားမပြောရလည်း နောင်တော့်ကို တွေ့လိုက်ရတော့ စိတ်ထဲ နေသာထိုင်သာ ရှိသလို ခံစားရသောကြောင့် နောင်တော့်ကို သွားသွားခိုးတွေ့ခြင်းဖြစ်သည်။ တစ်ခါက ဆူမီရာ သွားချောင်းနေစဉ် ချူဟီဒယ် နှင့်တွေ့တော့သည်။ ဟီဒယ်က ဆူမီရာ၏ အနောက်မှ ဘာချောင်းနေသလဲဟု ကုန်းကြည့်ပြီး မေးလိုက်သည်။
 

“ဆူမီရာ…. ဘာကြည့်နေတာလဲ…”

 

“လန့်လိုက်တာ ဟီဒယ်ရာ…ဟီဒယ်လည်း ဒီကို ဘာလာလုပ်တာလဲ။”

 

“အကိုတော်ကို လာတွေ့တာ…”
 

“အကိုတော်…ဟီဒယ်ရဲ့ အကိုတော်ရော ဒီမှာတက်တာလား။”

 

“အရီးတော်ရဲ့ သားတော်။ အစ်ကိုဝမ်းကွဲပါ။ ဟိုတစ်ယောက်လေ…အရပ်မြင့်မြင့်နဲ့တစ်ယောက်…”

 

ဟီဒယ် ညွန်ပြသည့်ဘက်ကိုကြည့်လိုက်တော့ နောင်တော် တင်ဂီရိ၏ သူငယ်ချင်း ထန်လိုခိ မင်းသားဖြစ်နေ သည်ကို တွေ့လိုက်သည်။
 

“တွေ့ပြီးပြီလား ဟီဒယ်”
 

“မတွေ့ရသေးဘူး။ သွားရအောင်လေ။ ဆူမီရာလည်း အကိုတော် တင်ဂီရိကို လာတွေ့တာ မလား။”

 

ဆူမီရာ အကြိုက်တွေ့သွားတော့သည်။ ထို့ကြောင့် ဟီဒယ်နှင့်အတူ တင်တက်ရင်တို့ရှိရာသို့ထွက်လာခဲ့သည်။ အကြောင်းရင်းမရှိပဲ လာသည်ကို နောင်တော် မကြိုက်သောကြောင့် ယခုလို ဟီဒယ်နှင့်အတူ လာရသောကြောင့် ပျော်နေသည်။
 

“ဟော… နောင်တော်ရဲ့ ညီတော်လေး လာနေပြီ။ ဘေးမှာ သူငယ်ချင်းလေးလည်းပါလာ ပါလား။”

 

တိုလုအီက အရင်တွေ့ကာပြောလိုက်သည်။ တင်တက်ရင်နှင့် ထန်လိုခိ လှည့်ကြည့်လိုက်ပြီး ထန်လိုခိက ပြောလိုက်သည်။
 

“အဲ့ဒါ ကျွန်တော့် ညီမလေး။ လျံတိုင်းပြည်က  ခုမှ ကျောင်းလာတက်တာ။ ဆူမီရာတို့နဲ့ အတန်းတူတယ်ထင်တယ်။”

 

တိုလုအီက ဟီဒယ်ကို သေချာအကဲခတ်ကြည့်လိုက်သည်။ အတော့်ကို ထက်မည့် ကလေးမလေးမှန်း မျက်လုံးအကြည့်လေးများ က သိသာသည်။ ပြီးတော့ ချစ်စရာလည်းအလွန်ကောင်းသည်။
 

“မင်းရဲ့ညီမလေးက ချစ်စရာလေး။ ငါ့ကိုပေးပါလား။”
 

တိုလုအီက ထန်လိုခိကို စလိုက်သည်။ ဒီကောင်က အင်မတန်ကိုပွေသည့်အကောင်။ မင်းသမီးချောချောများ မရောက်လာနဲ့။ ချက်ချင်း ရအောင် လိုက်ပြိးဖြစ်သည်။သူ့ညီမတော်လေးကျတော့ ၀ှက်ထားသည် မဟုတ်လား။

 

“ဟေ့ တိုလုအီ.. အခြားဟာတောင်းကွာ။ ငါ့ ညီမတော်လေးကိုတော့ မထိနဲ့။ ငါအခုတွဲနေတဲ့ မိန်းကလေးတွထဲက ကြိုက်တာကိုလက်ညှိုးထိုးလိုက်။ ချက်ချင်းပေးမယ်..ဟီဒယ်ကိုတော့ မရဘူးနော်။”
 

“ညီမကျ တိုလိုက်တာကွာ။ အင်း ဆူမီရာလေးနဲ့ အတော်လိုက်ဖက်တယ်ကွ”
 

“ဟေ့ကောင် တိုလုအီ တော်တော့။ မင်း ငါ စိတ်တိုအောင်လာမဆွနဲ့နော်။”

 

ထန်လိုခိက ဒေါသနှင့် တိုလုအီကို ကြိတ်အော်လိုက်သည်။ တင်ဂီရိက တိုလုအီပြောသည်ကိုကြားသော် ဘာမှပြန်မပြောပဲ ခုလာသော ကလေးနှစ်ယောက်ကို အသေချာ စိုက်ကြည့်နေလိုက်သည်။

 

ဆူမီရာသည် နောင်တော်စိုက်ကြည့်နေသည်ကိုတွေ့တော် မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီးပြောလိုက်သည်။
 

“နောင်တော်…ဆူမီရာက ဟီဒယ်နဲ့ အဖော်လိုက်တာနော်။ သူက သူ့အကိုတော်ကို လာတွေ့တာတဲ့…”

 

ဟီဒယ်သည် အစ်ကိုတော် သုံးဦးကို ဦးညွတ်လိုက်ပြီး မိမိ၏ အကိုတော် ထန်လိုခိကို နူတ်ဆက်လိုက်သည်။
 

“အကိုတော် ခမည်းတော်က စာလွှာပါးလိုက်တယ်။ ပြီးတော့ မယ်မယ်က အကိုတော် ကြိုက်တဲ့ မုန့်တွေထည့်ပေးလိုက်တယ်။ အဲ့ဒါ လာပြောတာ။ အကိုတော့် အဆောင်ကိုလာတိုင်းမတွေ့ဘူး။ အပြင်သွားနေတာမို့ အခုလာပြောတာ။”
 

“အင်းပါ…ဟီဒယ်ကိုလည်း အကိုတော် လာခေါ်ပြီး အပြင်ကိုလျှောက်လည်ပါဦးမယ်။”
 

ထန်လိုခိသည် ညီမတော်လေးကို ခေါင်းငြိမ့်ကာပြောလိုက်ပြီး အခုမှ လိုက်ပို့ပေးရမည်ကို သတိရကာ တလက်စတည်းပြောလိုက်သည်။

 

“မယ်မယ်က မလည်ရသေးဘူးတဲ့။ ရောက်စနှစ် ဘယ်မှ လျှောက်မလည်ခိုငိးဘူး။ စာပဲလုပ်ခိုင်းတာ။

ဟီဒယ်သွားတော့မယ် အကိုတော်..”
 

ဟီဒယ်က အကိုတော်ကို အပြတ်ပြောကာ ပြန်ရန်လှည့်ထွက်လာခဲ့သည်။ ဆူမီရာလည်း သူ့နောင်တော်ကို ကြောက်နေပုံရသည် ။

 

“နေဦး ဟီဒယ်။ အကိုတော်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ပေးဦးမယ်။”

 

ထန်လိုခိက ဟီဒယ်ကို မိမိသူငယ်ချင်းများနှင့် မိတ်ဖွဲ့ပေးရန် လှမ်းတားလိုက်သည်။ သို့သော် ဟီဒယ်က သူတို့ကို တချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

 

“အကိုတော် တင်ဂီရိနဲ့ အကိုတော် တိုလုအီတို့ကို ညီမ သိပါတယ်။ ”
 

“ဟုတ်လား။ ဟီဒယ်က အကိုတော်တို့ကို ဘယ်လိုသိတာလဲ။ ဒီကောင် ထန်လိုခိပြောပြထားတာလား။”
 

တိုလုအီက စကားပြောသွက်သည့် ဟီဒယ်လေးကို စိတ်ဝင်စားကာ မေးလိုက်သည်။ ဒီလို ညီမတစ်ယောက်လောက် လိုချင်သွားမိသည်။

 

“မဟုတ်ပါဘူး။ ညီမတော်က ကုန်သည်တွေ၊ ငွေတောင်ပြည်မှာ ပညာသင်ပြီး ပြန်လာတဲ့သူတွေဆီက ကြားဖူးတာပါ”
 

“တယ်ဟုတ်ပါလား။ ကဲ ပြောပါဦး။ အကိုတော်တို့အကြောင်း ညီမတော်လေး ဘယ်လိုကြားထားတာလဲ။ ”
 

“အကိုတော် တိုလုအီက ဥာဏ်သိပ်ကောင်းတယ်တဲ့။ ဥာဏ်စမ်းပြိုင်ပွဲတွေဆို အမြဲ ပထမရတယ်။ လုနိုင်ငံရဲ့ သားတော်တွေထဲမှာ အထက်မြက်ဆုံးမင်းသားတစ်ပါးပါ။ လက်ရှိ အိမ်ရှေ့မင်းသားထက်ကို မင်းကြီးပိုပြီး အားကိုးရတဲ့ မင်းသားပါ။ ”
 

ဟီဒယ်၏ စကားကြောင့် တိုလုအီ ဘ၀င်မြင့်ချင်သလိုဖြစ်သွားမိသည်။ မိမိကို လူတွေ ဒီလိုမြင်သည်ကို ခုမှ သေချာသိသည်။

 

“တော်လှချည်လား။ အင်း…ဒါဆို ဒီ အာနန်အကိုတော် အကြောင်းလုပ်ပါဦး။”
 

“အကိုတော် တင်ဂီရိက အာနန်ပြည်ကို ထူထောင်တဲ့နေရာမှာပါတဲ့ မင်းသားတစ်ပါးဖြစ်ပြီး စစ်တိုက်တော်တယ်။

အသက် ဆယ့်သုံးနှစ်သားကတည်းက တကယ့်တိုက်ပွဲအများကြီးကို ပါဝင်ဆင်နွဲပြီး တိုက်ပွဲအတွေ့ကြုံရှိတဲ့ တစ်ဦးတည်းသော မင်းသားတစ်ပါးပါ။ ပြီးတော့ အခု ငွေတောင်ပြည်မှာ နိုင်ငံအုပ်ချူပ်ရေး၊ သံတမန် အတတ်ပညာနဲ့ ဆေးပညာကို သင်ယူနေပါတယ်။”
 

တင်ဂီရိက ဟီဒယ်၏ ဗဟုသုတများပုံကို လေးစားသွားသည်။ သူမလေးသည် ဆူမီရာနှင့်ရွယ်တူဖြစ်သော်လည်း ထက်မြက်လွန်းလှသည်။

 

“သိလှချည်လား ညီမတော်လေး။ အင်း…ဒါဆို ညီမတော်ရဲ့ အကိုတော်အကြောင်းလည်း အကုန်သိရောပေါ့။ သူ လက်ရှိ ချစ်သူ ဘယ်နှစ်ယောက်ရှိလဲသိရဲ့လား။”
 

တိုလုအီက ရယ်ရယ်မောမောနှင့်ဟီဒယ်ကို စလိုက်သည်။

 

“ဟေ့ကောင် တိုလုအီ…”

 

“အကိုတော်ရဲ့ ချစ်သူလား များလွန်းလို့ မရေတွက်နိုင်တော့ပါဘူး။ ပြီးတော့ အကိုတော်က အဆောင်မှာထဲ

ဆောင်ကြာမြိုင်မှာပဲအနေများလို့ မယ်မယ်တောင် ကျန်းမာရေး ကရုစိုက်ဖို့ မှာလိုက်ပါသေးတယ်။ ”

 

ထိုစကားကိုကြားသော် တင်ဂီရိ ပထမဆုံးပြုံးမိသည်။ မင်းသမီးလေး ဟီဒယ်ကို တင်ဂီရိ သဘောကျသွားသည်။ ဆူမီရာသည် ဟီဒယ် စကားပြောနေစဉ် အတွင်း ငြိမ်ပြီးနားထောင်နေလိုက်သည်။ နောင်တော့် သူငယ်ချင်းများနှင့် မိမိပင် အနီးကပ် မတွေ့ဖူးပေ။ နောင်တော် တင်ဂီရိက မိမိကို အနားမလာခိုင်းတာများသည်။ နောင်တော် တင်ဂီရိ အသက် ဆယ့်သုံးနှစ်နှင့် စစ်ပွဲတွေမှာပါဝင်တာ၊ တိုလုအီ မင်းသား မည်သည့်အပိုင်းမှာ ထက်မြက်တာ၊ ထန်လိုခိ မင်းသား ဆောင်ကြာမြိုင်သွားတာကို မိမိပင်မသိပဲ ဟီဒယ်က သိနေသဖြင့် အတော့်ကို အံ့အားသင့်သွားမိသည်။ ဟီဒယ်၏ လေ့လာမှုစွမ်းရည်ကို လေးစားသွားသည်။

 

“မင်းသမီးဟီဒယ်က လေ့လာမှုအားကောင်းပြီး အကြားမြင်ဗဟုသုတ များပါပေတယ်။ နောင်တချိန်မှာ တိုင်းပြည်ကို ကောင်းကောင်းဦးဆောင်နိုင်မှာသေချာတယ်၊”

 

ဆူမီရာသည် နောင်တော်၏ နူတ်မှ ဟီဒယ်ကို ချီးကျူးလိုက်သည့်စကားကိုကြားသော အားငယ်သွားခဲ့သည်။ မိမိကို နောင်တော် တစ်ခါမှ မချီးကျူးဖူးပေ။ ထို့ကြောင့် ဆူမီရာ၏ မျက်နှာလေး အနည်းငယ်ညှိုးသွားခဲ့သည်။ တင်ဂီရိသည် ဆူမီရာ မျက်နှာလေး ငယ်သွားသည်ကို ချက်ချင်းသတိပြုမိလိုက်ပြီး သူ့သူငယ်ချင်းနှစ်ယောက်ဘက်ကို လှည့်ပြောလိုက်သည်။
 

“မင်းတို့ခဏနေဦး။ ကျုပ် ကလေးနှစ်ယောက်ကို လိုက်ပို့ပေးဦးမယ်။ လာ…ဆူမီရာ…”

 

“ဟာ…ကျွန်တော်တို့လည်း လိုက်မှာပေါ့ နောင်တော်ကလည်း…တိုလုအီ မင်းလိုက်မှာလား။”
 

ထန်လိုခိက တိုလုအီကို လှည့်ကာ အဖော်စပ်လိုက်သည်။ တကယ်တော့ မိမိလည်း ညီမတော်လေးကို လိုက်ပို့ပေးချင်သည်။

 

“လိုက်မှာပေါ့။ နောင်တော်တင်ဂီရိ ဘယ်သွားသွား လိုက်မှာပေါ့”

 

ဆူမီရာကို လိုက်ပို့တာ နောင်တော်သူငယ်ချင်းနှစ်ဦးလည်း လိုက်ပါလာခဲ့သည်။ ထန်လူခိမင်းသားက ဟီဒယ်ကို ကျောင်တက်ရတာ အဆင်ပြေမပြေကိုမေးနေသည်။ တိုလုအီလည်း ဟီဒယ်နှင့်စကားဖောင်ဖွဲ့နေသည်။ ဆူမီရာက နောင်တော် တင်ဂီရိနားပဲ ကပ်နေသည်။ နောင်တော် စိတ်ဆိုးနေသည်လားဟု မျက်နှာရိပ်ပဲကြည့်နေသည်။

တင်ဂီရိသည် ဆူမီရာလေး မျက်နှာငယ်နေသည်ကိုတွေ့သော် လက်လေးကိုလှမ်းတွဲထားပြီး မေးလိုက်သည်။
 

“ညနေ ဘာစားချင်လဲ။ နောင်တော် မြို့ထဲသွားမယ်။ ၀ယ်ပေးခဲ့မယ်။”
 

“ဟင့်အင်း။ ဘာမှ မစားချင်ဘူး။”
 

“ဒါဆို ဘာလိုချင်လဲ။ အခြားတိုင်းပြည်က ကုန်သည်တွေပါလာတဲ့ ကစားစရာလေးတွေ ၀ယ်ခဲ့ရမလား။”
 

“ဟင့်အင်း…မလိုချင်ဘူး…”
 

“ဆူမီရာလေး ဘာလိုချင်လဲ ပြောလေ။”
 

“နောင်တော်နဲ့ညစာ အတူစားချင်တယ်။ ညစာ အတူမစားရတာ ကြာနေပြီ။”
 

“အင်း…နောင်တော် လာခဲ့မယ်။ နည်းနည်းနောက်ကျမယ်နော် ဆူမီရာလေး။ နောင်တော် မြို့ထဲသွားစရာရှိလို့။ ”
 

“ဟုတ်ကဲ့ နောင်တော်။ ”

 

ဆူမီရာသည် နောင်တော့်ထံမှ ကတိကိုရတော့မှာ မျက်နှာလေး လန်းသွားတော့သည်။ တကယ်လည်း နောင်တော်နဲ့ ညစာ မစားရတာ တစ်လကြာလေပြီ။ အခုဆိုလျှင် မနက်တိုင်း မြင်းစီးလေ့ကျင့်ရသည်။ မြှားပစ်လေ့ကျင့်ရသည်။ စစ်သူကြီးတစ်ဦးနှင့် အတူ ကိုယ်ခံပညာကို စသင်နေရပြီ။ ပြီးတော့ အတန်းကို တနေကုန်တက်ရသည်။ ညနေုပိုင်းလည်း ခါတိုင်းလို နောင်တော်နှင့် အတူညစာ မစားရတာကြာလေပြီ။ မယ်မယ့်ကို ပြောသော်လည်း နောင်တော်ကလုပ်စရာ အလုပ်များနေလို့ မလာဘူးပြောသဖြင့် နောက်ဆုံး ဆူမီရာက အကွက်ဆိုက်တုန်း အရဲစွန့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ အခုနောင်တော် လာမည်ဆိုလို့ အစောက ဟီဒယ်ကို နောင်တော် ချီးကျူးစကားဆိုလို့ စိတ်မကောင်းဖြစ်နေသည်ပင် မေ့သွားတော့သည်။

 

နန်ကျောင်ပြည် ကျောက်သစ်တောထဲရှိ လူငယ် စစ်သည်တော် လေ့ကျင့်ရေးစခန်းတွင် ကုန်းကုန်းတစ်ယောက်က အဆောင်တစ်ခုထဲ အရေးတကြီးဝင်သွားပြီး မင်းသားလေးကို သတင်းပေးလိုက်သည်။

 

“မင်းသားလေး မိဖုရားခေါင်ကြီးရောက်နေပါပြီ။”
 

“ဟုတ်လား။မယ်မယ်က ကိုယ်တော့်ကို လာခေါ်တာထင်တယ်။ အခုဘယ်မှာလဲ။”

 

ယွမ်ချူးခန်သည် မယ်မယ်ရောက်နေသည့် နေရာကို အပြေးသွားခဲ့သည်။ မယ်မယ်က စစ်သူကြီးနှင့်

ခန်းမကြီးထဲစကားပြောနေသည်။ ယွမ်ချူးခန်သည် မယ်မယ့်ကို မြင်သော် လွမ်းဆွတ်စွာခေါ်လိုက်သည်။ မယ်မယ်က ဒီကို ပို့ပြီး အတင်းကျပ်လေ့ကျင့်ခိုင်းထားသည့်အတွက် စိတ်ဆိုးနေသည်လည်း မေ့သွားသည်။ တကယ်တော့ ယွမ်ချူးခန်သည် အလိုလိုက်လွန်းသည့် ခမည်းတော်ထက် စည်းကမ်းကြီးသည့် မယ်တော်ကို ပိုချစ်သည်။ မယ်မယ့်ကို ပိုကပ်သည်။
 

“မယ်မယ်…”
 

“ဟော…သားတော်လေး… မယ်မယ့်ဆီလာပါဦး။”
 

“မယ်မယ်…မယ်မယ်…”

 

ယွမ်ချူးခန်သည် မယ်မယ့်ရင်ခွင်ကြားထဲ ပြေးဝင်ကာ ဖက်ထားရင်း မျက်ရည်က စိမ့်ကျလာခဲ့သည်။ စစ်သူကြီးက မင်းသားလေး မျက်ရည်ကျလို့ မိဖုရားကြီးများ အပြစ်တင်မည်လားဟု တွေးကာ စိုးထိတ်နေသည်။ ဟော်သွန်းက သားလေး မိမိကိုလွမ်းလို့မျက်ရည်ကျသည်ကို သိသည်။ထို့ကြောင့် ရယ်မောကာ ပြောလိုက်သည်။
 

“သားတော်လေးက လူကြီးတောင်ဖြစ်တော့မယ်။ ခုထိ မယ်မယ့်ကို လွမ်းလို့ မျက်ရည်ကျတုန်းလား။ သားလေးကိုယ်ရည်စစ်သွားတယ်။ မယ်မယ်ကြည့်ပါရစေဦး။”

 

ယွမ်ချူးခန်က မယ်မယ်ရှေ့တွင် မတ်မတ်ရပ်ပြလိုက်သည်။ နန်းတော်တုန်းကလို ၀တုတ်တုတ်လေး မဟုတ်တော့ပဲ ပိန်သွားသည်ကို ယခုမှ ကိုယ့်ကိုယ်ကိုယ် သတိပြုလိုက်မိသည်။

 

“သားတော် ပိန်သွားပြီ မယ်မယ်…”

 

“သားတော်က အခုမှ ပိုခန့်လာတာ။ ယောကျာ်းလေးဆိုတာ ကျစ်လစ်နေမှ ကြည့်ကောင်းတာ။ မယ်မယ့် သားတော်လေး ပိုချောလာတယ်။ ကဲ စစ်သူကြီးက ပြောနေတာ။ သားတော်လေးက မြင်းစီးတတ်တာမြန်တယ်တဲ့။ မယ်မယ့်ကို လက်တွေ့မပြချင်ဘူးလား။”
 

“မယ်မယ် သားတော်ကို ပြန်လာခေါ်တာ မဟုတ်လားဟင်။ သားတော် မယ်မယ်နဲ့အတူ လိုက်ခဲ့မယ်နော်။”

 

“သားတော် မြင်းစီးတာ၊ မြှားပစ်တာ မယ်မယ့်ကို သေချာပြလေ။ စစ်သူကြီးတင်ပြသလို တကယ်ပဲ တတ်ကျွမ်းရင် မယ်မယ် ပြန်ခေါ်သွားမယ်။ မဟုတ်ရင် မယ်မယ် နောက်ထပ် ထားခဲ့မှာ။”
 

“သားတော် တကယ်လေ့ကျင့်ပါတယ် မယ်မယ်။ ”
 

“ဒါဆို လက်တွေ့ပြလေ မယ်မယ့်သားလေး ဘယ်လောက်တော်တယ် ဆိုတာ မယ်မယ်ကြည့်ချင်တယ်။ ကဲ စစ်သူကြီး သားတော်လေးအတွက် မြင်းပြင်ထားလိုက်ပါ။”

 

ယွမ်ချူးခန် လက်ဖျားတွေ အေးစက်လာသည်။ မယ်မယ့်ရှေ့ မတော်တဆ မြှားပစ်တာ လွဲသွားလျှင် မိမိကိုပြန်မခေါ်သွားမည်ကိုကြောက်သည်။ ထို့ကြောင့် ကုန်းကုန်းကို အားကိုးတကြီးကြည့်လိုက်သည်။ ကုန်းကုန်က မင်းသားလေး စိတ်ပူနေသည်ကိုတွေ့တော့ အသံတိတ်အားပေးသည်။


“သားလေး နဲ့ အတူ မယ်မယ်လည်း မြင်းလိုက်စီးမယ်။”
 

“ဟုတ်ကဲ့မယ်မယ်…”

 

ယွမ်ချူးခန်သည် မယ်မယ့်စကားကြောင့် အားတက်သွားသည်။ ဘာပဲပြောပြော ဘေးတွင် မယ်မယ်ပါတော့ အားရှိသည်။ ဟော်သွန်းသည် မိဖုရားဝတ်စုံကို ချွတ်ကာ မြင်းစီး ၀တ်စုံကိုဝတ်လိုက်သည်။ ထို့နောက် စစ်သူကြီး ယူလာပေးသည့်ဖောင်းဝတ်ရောင် မြင်းထွားထွားကြီးကို ကြည့်ကာ ချီးကျူးလိုက်သည်။
 

“သိပ်လှတဲ့ မြင်းကြီးပဲ စစ်သူကြီး။ဒါ နောက်ဆုံး တစ်ခေါက်က ရောက်လာတဲ့ အနောက်ပိုင်းက မြင်းတွေလား။”
 

“ဟုတ်ပါတယ် သခင်မ…”

 

ဟော်သွန်းသည် မြင်း၏ ဘေးကြိုးကို ဆွဲကာ ခြေနင်းတွင် လှမ်းချိတ်ကာ မြင်းပေါ်လွှားခနဲတက်သွားလိုက်သည်။ ယွမ်ချူးခန်သည် မယ်မယ် မြင်းပေါ်တက်သည်ကို ကြည့်ကာ ပါးစပ်အဟောင်းသားပင်ဖြစ်သွားမိသည်။ မယ်မယ့်ကို မြင်းစီးတတ်သည်ဟု သိထားသော်လည်း တစ်ခါမှ မမြင်ဖူးသဖြင့် ဒီလောက် လှလှပပ မြင်းကြီးပေါ်တက်သွားသည်ကို ကြည့်ကာ မျက်လုံးပြူးနေခြင်းဖြစ်သည်။
 

“ကဲ သားလေး။ မြင်းပေါ်တက်တော့…”

 

ယွမ်ချူးခန် မြင်းပေါ်တက်ရန် ကုန်းကုန်းက ပြေးလာပြီး လေးဘက်ထောက်ပေးသော် ဟော်သွန်းက ယွမ်ချူးခန်ကို စိုက်ကြည့်ကာ လေသံတင်းတင်းဖြင့် ပြောလိုက်သည်။ သားတော်၏ မြင်းပေါ်တက်ဖို့ သူများကိုယ်ပေါ် တက်နင်းဖို့ ပြင်နေသည့် ပုံစံကိုကြည့်ကာ ဒေါသထွက်လာသည်။ မွန်ဂိုလူမျိုးဖြစ်လျက်နှင့် မြင်းပေါ်ကို ရအောင် တွယ်မတက်နိုင်ပဲ လူအချင်းချင်းကျောကို နင်းကာ တက်ဖို့ပြင်နေသည့် သားငယ်ကိုကြည့်ကာ ဟော်သွန်း စိတ်ဆိုးသွားမိသည်။
 

“ဒါဘာလုပ်တာလဲ သားတော်။”

 

ယွမ်ချူးခန်သည် မယ်မယ် စိတ်ဆိုးသည်ကို သိတော့ ပျာသွားသည်။ ကုန်းကုန်းက ဆက်ပဲနေရမလို၊ ထရမလိုဖြစ်နေသည်။ ဟော်သွန်းက ကုန်းကုန်းကို ငေါက်လိုက်သည်။
 

“မင်းသားလေးကို အမြဲအဲ့လို နင်းခိုင်းတာပဲလား ကုန်းကုန်း…။စစ်သူကြီး.. မင်းသားလေးကို ဒီအတိုင်းမြင်းပေါ်တက် တတ်အောင် မသင်ဘူးလား။ ကုန်းကုန်းပေါ် နင်းပြီးတက်တာကို ကြည့်နေတာပဲလား။”

 

စစ်သူကြီးက ထိုအချက်ကို ကြိုတွေးထားပြီးဖြစ်သဖြင့် ရဲဝံ့စွာ လျှောက်တင်လို်က်သည်။
 

“မှန်လှပါ သခင်မ။ သခင်မ အပြစ်တင်ရင်လည်း ကျွန်တော်မျိုးခံရမှာပါပဲ။ ကျွန်တော်မျိုးရဲ့ လေ့ကျင့်ရေးသင်တန်းမှာ မင်းညီမင်းသားကို မသင်ခဲ့ဖူးလို့ ဘယ်လို အမိန့်နာခံတတ်အောင် သင်ကြားရမှာကို တကယ့်ကို မသိခဲ့ပါဘူး။ ကျွန်တော်မျိုးက သာမန်လူငယ်တွေကို တတ်ကျွမ်းအောင် သင်ကြားနိုင်ပေမယ့် မင်းသားလေးကို သေချာတတ်အောင် မသင်နိုင်ခဲ့ပါဘူး…”

 

ဟော်သွန်းက စစ်သူကြီးလျှောက်တင်သည့် အဓိပ္ပါယ်ကို သိလိုက်သည်။ မင်းသားလေးကို နိုင်အောင် မပြောနိုင်သည့်အပြင် မင်းသားလေးက အမိန့်ကို မလိုက်နာသည်ကို သိလိုက်သည်။ တဖက်ကလည်း မင်းကြီးက စစ်သူကြီးကို မည်သို့ဖိအားပေးထားမည် မသိပေ။ ဟိုတလောက တားဂေါတိုင်းလည်း လာသွားသည်ဆိုတော့ မိမိ ဘယ်လောက်မှာထားသည်ဖြစ်စေ နောင်တချိန် ဘုရင်ဖြစ်လာမည့် မင်းသားလေးကို တင်းကျပ်စွာ သူတို့သင်ကြားဝံ့ မည်မဟုတ်ပေ။

 

ဟော်သွန်းက အခြား သင်တန်းသားများကို တွေ့ချင်စိတ်ပေါ်လာမိသည်။

 

“ကျန်တဲ့ သင်တန်းသားတွေကိုလည်း ခေါ်လိုက်ပါ။ သူတို့အားလုံးရဲ့ စွမ်းရည်ကို တွေ့ချင်ပါတယ်။”
 

“မှန်လှပါ သခင်မ…”

 

စစ်သူကြီး အချက်ပြလိုက်သည်နှင့် သင်တန်းသားအားလုံး ချက်ချင်းရောက်လာခဲ့သည်။ယနေ့ မိဖုရားလာလျှင် အခြားသူများ၏ စွမ်းရည်ကိုပါ ပြသရန် စစ်သူကြီး ကြံထားပြီးဖြစ်သည်။ ဒါမှ မင်းသားလေး၏ မည်မျှ ညံ့ဖျင်းသည်ကို ပေါ်အောင်ပြနိုင်မည်ဖြစ်သည်။
 

“မိဖုရားခေါင် သခင်မကို ဂါရ၀ပြုပါတယ်…”

 

အားလုံးက မြင်းပေါ်မှ မိဖုရားကြီးကို ဂါရ၀ပြုကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် မြင်းကြီးပေါ်မှ လှပသည့် သခင်မကို ကြည်ညိုစွာ ငေးကြည့်နေမိသည်။ မြင်းစီးသော မိန်းကလေးကို သူတို့ မမြင်ဖူးခဲ့ပေ။ ယွမ်ချူးခန်သည် မယ်မယ့်ရှေ့တွင် ကုတ်ကုတ်လေးရပ်နေလိုက်သည်။ ဟော်သွန်းသည် သင်တန်းသား လူငယ်လေး 20 ကိုပြုံးပြိးကြည့်ကာ ပြောလိုက်သည်။
 

“ကလေးတို့ရဲ့ မြင်းစီးစွမ်းရည်ကို သခင်မ ကြည့်ပါရစေကွယ်။ ပြီးရင် သခင်မနဲ့ အတူ မြင်းစီးကြမယ်။”
 

“အမိန့်အတိုင်းပါ သခင်မ…”

 

စစ်သည်တော်များက မြင်းအကောင်နှစ်ဆယ်ကိုယူလာခဲ့သည်။ မြင်းကြီးများရောက်လာသည်နှင့် လူငယ်လေးများက မြင်းကိုယ်စီကို ဆွဲယူလိုက်သည်။ အားလုံးကို တန်းစီခိုင်းပြီးနောက် စစ်သူကြီးက အချက်ပြလိုက်သည်။

 

“အားလုံးမြင်းပေါ်တက်…”

 

လူငယ်လေးများက မျောက်လေးများလို ပေါ့ပါးစွာပင် ဟော်သွန်း တက်သလို မြင်းကိုယ်ထည်မှ ကြိုးကို ဆွဲကာ လွှားခနဲ တက်သွားလိုက်သည်။ ယွမ်ချူးခန်က မျက်လုံးပြူးကာ ကြည့်နေလိုက်သည်။

 

“သားတော်..သူတို့လို မြင်းပေါ် ကိုယ့်ဖာသာ တက်ပါ။”

 

ယွမ်ချူးခန်သည် လူငယ်အားလုံးဝိုင်းကြည့်နေသဖြင့် စိတ်ကိုတင်းကာ မြင်းကိုယ်ထည်ဘေးမှ ချည်ထားသည့် သားရေကြိုးပြားကို ဆွဲကာ သူတို့တက်သလို တက်ရန်ကြိုးစားလိုက်သည်။ သို့သော် ချက်ချင်းမတက်နိုင်ပေ။ လူငယ်လေးများက မင်းသားလေး ဖြစ်ပုံကိုကြည့်ကာ ပြုံးစိစိဖြစ်နေကြသည်။ ယွမ်ချူးခန်က သူတို့ကို မကြည့်အားပဲ မြင်းပေါ်တက်နိုင်ဖို့ကို အားထုတ်နေရသည်။

 

ဟော်သွန်းသည် မိမိသား၏ ညံ့ဖျင်းမှုကို မတုန်မလှုပ်ကြည့်နေလိုက်သည်။ ကုန်းကုန်းက မင်းသားလေးကို ပင့်တင်ပေးချင်သော်လည်း မိဖုရားခေါင်ကြီး၏ မျက်နှာထားကြောင့် ဒီအတိုင်းကြည့်နေရသည်။ နောက်ဆုံး ယွမ်ချူးခန် ခက်ခက်ခဲခဲနှင့် မြင်းပေါ်ရောက်သွားခဲ့သည်။
 

“အားလုံး တပြိုင်တည်း ထွက်မယ်။ ကွင်းကို ပတ်ပြီးစီးမယ်။”

 

ဟော်သွန်းပြောလိုက်သည်နှင့် စစ်သူကြီးက လက်မြှောက်လိုက်သည်။ လူငယ်အားလုံး အသင့်ပြင်လိုက်သည်။ ယွမ်ချူးခန်လည်း အသင့်ပြင်ထားသည်။ စစ်သူကြီး လက်ချသည်နှင့် မြင်းအားလုံး ဒုန်းစိုင်းကာ ထွက်သွားသည်။ယွမ်ချူးခန်ကတော့ ထုံးစံအတိုင်းနောက်ဆုံးမှ ဖြစ်သည်။

 

ဟော်သွန်းက နောက်ဆုံးမှ မြင်းနှင့် လိုက်ခဲ့သည်။ နောက်မှနေပြီး လူငယ်လေးများ၏ မြင်းစီးစွမ်းရည်ကိုကြည့်သည်။ မိမိသားက တကယ့်ကို ညံ့ဖျင်းသည်က ပေါ်လွင်နေသည်။ ဘာပဲပြောပြော မြင်းပေါ်က ပြုတ်မကျအောင်တော့ စီးလာနိုင်လေပြီ။ ယွမ်ချူးခန်သည် မြင်းစီးရင်း စွမ်းရည်အမျိုးမျိုးပြနေသော သင်တန်းသားများကြား ဘာမှ လုပ်မပြနိုင်ပေ။

 

ထို့နောက် မြှားပစ်ကွင်းတွင်လည်း ယွမ်ချူးခန် အညံ့ဆုံးဖြစ်သည်။ ဟော်သွန်းသည်ကျန်လူငယ်လေးများ၏ လက်ရည်ကို ကြည့်ကာ စစ်သူကြီးကို ချီးကျူးမိသည်။ ထို့ကြောင့် လူငယ်လေးများ အားလုံးကို ဆုချီးမြှင့်ပြီး စစ်သူကြီးကိုလည်း ဆုလာဘ်ချီးမြှင့်သည်။

 

“မယ်မယ်…သားတော် ပြန်လိုက်လို့ရပြီလား…”
 

“သားတော် ကိုယ့်အစွမ်းစကို တွေ့ရဲ့လား။”
 

“တွေ့ပါတယ် မယ်မယ်။ သားတော် အားလုံးထဲမှာ အညံ့ဆုံးပါ။ ဒါပေမယ့် သားတော် နန်းတော်ကို ပြန်ရောက်ရင် သေချာ ကြိုးစားပါ့မယ်။ သားတော် စာလည်း သေချာသင်ပါ့မယ်။”
 

“သားတော် ကိုယ့်ကတိကိုယ်ထိန်းနိုင်မလား။”
 

“သားတော် ကတိထိန်းပါ့မယ် မယ်မယ်။ သားတော် ကတိပျက်ရင် ဒီကိုပြန်ပို့လိုက်ပါ။”
 

“ကောင်းပြီ။ ဒါဆို ဒီနေ့မယ်မယ်နဲ့ အတူ ပြန်လိုက်ခဲ့ပါ။”
 

“ကျေးဇူးတင်ပါတယ် မယ်မယ်…”

 

ယွမ်ချူးခန်က ၀မ်းသာစွာဖြင့် မယ်မယ့်ကိုပြေးဖက်လိုက်သည်။ တော်သေးသည်။ မယ်မယ် စိတ်ပျက်ကာ ထားရစ်ခဲ့မည်ချည်းပဲ ထင်နေမိသည် မဟုတ်လား။


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet