Chapter - 14

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (14)

 

“နန်ကျောင်ပြည်က တောင်ပိုင်းကိုလာတဲ့ ကုန်သည်တွေကို ဖမ်းဆီးတယ်တဲ့။”
“အခုဆို ဈေးထဲမှာ ပိုးထည်တွေ မရှိတော့ဘူး။ ”
“ကြွေထည်အသုံးအဆောင်တွေလည်း ဈေးနှစ်ဆ တက်ကုန်ပြီ။”
“မင်နဲ့စက္ကူတွေ ရှားပါးကုန်ပြီ။”

 

ငွေတောင်ပြန် ဈေးထဲတွင် လူများ ရုပ်ရုပ်သည်းသည်းဖြင့် ပြောဆိုနေကြသည်။ တကယ်လည်း ကုန်သည် လမ်းကြောင်းပိတ်ဆို့မှုကြောင့် နေ့စဉ်အသုံးအဆောင်များက ငွေတောင်ပြည်၏ ဈေးထဲကို မ၀င်တော့ပေ။ ထို့ကြောင့် ထုံးစံအတိုင်း အစိုးရိမ်ကြီးသည့် ပြည်သူများက ပစ္စည်းများကို အလုယက်ဝယ်ကြသဖြင့် ဈေးက ချက်ချင်းကို ထောင်တက် သွားတော့သည်။

 

ငွေတောင်ပြည်မှ ပြည်သူများက ရှေ့လျှောက် အသုံးအဆောင်များ ရှားပါးမည်ကို တွေးကာ ညည်းညူနေကြသည်။ အထူးသဖြင့် ငွေတောင်ပြည်တွင် ပညာဆည်းပူးနေသော ကျောင်းသားများ အခက်တွေ့ကုန်ကြသည်။ ကျောင်းတော်တွင် အားလုံး စိတ်ဝင်တစားပြောနေကြသည့်အထဲ တင်ဂီရိ မပါပေ။ တိတ်ဆိတ်စွာ နားထောင်ပေးနေလိုက်သည်။ ပြီးနောက် မိမိ အဆောင်ကို ပြန်ကာ မိမိ၏ ကိုယ်ရံတော်ကြီးကို ခေါ်မေးလိုက်သည်။


“ခမည်းတော်ဆီက ဘာသတင်းထူးသလဲ ကိုယ်ရံတော်ကြီး.”
 

“မင်းကြီးဆီက စာလွှာရောက်နေပါတယ် မင်းသားလေး”

 

တင်ဂီရီသည် ခမည်းတော်ထံမှ စာလွှာကို ဖတ်ရှုပြီးနောက် မိမိ၏ မိတ်ဆွေနှစ်ဦးကို ဆုံနေကြနေရာသို့လာရန် ချိန်းလိုက်သည်။

 

ထန်လိုခိနှင့် တိုလုအီသည် နောင်တော့်ထံမှ လူလွှတ်ခေါ်ခိုင်းလိုက်သည်နှင့် လုပ်လက်စကို ချကာ ချက်ချင်းထွက်လာခဲ့သည်။ နှစ်ဦးစလုံးက နိုင်ငံရေးကို အကဲခတ်နေသူဖြစ်သဖြင့် နန်ကျောင်ပြည်၏ စီးပွားရေး ပိတ်ဆို့မှုကို အာနန်ပြည်က ဘယ်လို တုန့်ပြန်မည်ကို စိတ်ဝင်စားနေကြသည်။

 

နောင်တော် တင်ဂီရိ ချိန်းလိုက်သည့် နာမည်ကြီး စားသောက်ဆိုင်၏ အထူးသီးသန့်ခန်းထဲကို တန်းဝင်လာခဲ့သည်။ နောင်တော်က စားပွဲပေါ် တံတောင်ထောက်ကာ နားထင်တွင် လက်ထောက်ကာ မျက်လုံးမှိတ်ပြီး ငြိမ်နေသည် ကိုတွေ့ လိုက်ရသည်။
 

“ထန်လိုခိ…တိုလုအီ ရောက်လာပြီလား။”


တင်ဂီရိသည် မျက်လုံးမှိတ်ပြီး စဉ်းစားနေရာမှ အခန်းထဲ ၀င်လာသံကိုကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထန်လိုခိနှင့် တိုလုအီက အခန်းထဲကို အတူဝင်လာကြသည်ကိုတွေ့လိုက်ရသည်။

 

“နောင်တော်…အရေးကြီးတယ်ဆိုလို့ ချက်ချင်းလိုက်တာပါ။”
 

ထန်လိုခိနှင့်တိုလုအီက တင်ဂီရိရှေ့တွင် ၀င်ထိုင်ပြီး ဖြေလိုက်သည်။ တင်ဂီရိသည် သူတို့ နှစ်ဦး၏ မျက်နှာကို စေ့စေ့ကြည့်ကာ လိုရင်းကို မေးလိုက်သည်။

 

“အင်း.. မင်းတို့လည်း နန်ကျောင်ပြည်ကပိတ်ဆို့မှု လုပ်တာကို ကြားမှာပဲ… ဘယ်လိုထင်သလဲ”
 

“အာနန်ပြည်ကို ဦးတည်တိုက်ခိုက်ချင်တာရယ်။ ပြီးတော့ တောင်ပိုင်းနိုင်ငံအားလုံးကို ခြိမ်းခြောက်ချင်တာကြောင့်လို့ ထင်ပါတယ် နောင်တော်…”

 

ထန်လိုခိက ဖြေလိုက်သည်။ တင်ဂီရိသည် တိုလုအိဘက်ကိုလှည့်ကာ မေးလိုက်ပြန်သည်။

 

“တိုလိုအီ မင်းတို့ တိုင်းပြည်ကိုရော ဒီပိတ်ဆို့မှုက ဘယ်လောက် အတိုင်းတာထိ ထိခိုက်နိုင်သလဲ။”

 

“ကျွန်တော်တို့က ပင်လယ်ဆိပ်ကမ်းမြို့ဆိုတော့… မြောက်ပိုင်း ကာဌေးပြည်ရဲ့ ကုန်တွေ မလာတော့ ကုန်သည်တွေ ဒီကိုသိပ်မလာတော့ရင် ကျွန်တော်တို့ တိုင်းပြည်က ဘဏ္ဍာတွေ လျော့ပါးနိုင်တယ်။ အဲ့ဒီအချိန်ဆိုရင် လုပြည်က အတော်ကို အခက်ခဲဖြစ်ပါလိမ့်မယ်။ နောက်ဆုံး နန်ကျောင် ကြိုးဆွဲရာက တဲ့ ဘ၀ရောက်ဖို့များပါတယ်။”
 

တိုလုအီက တွေးတွေးဆဆဖြင့်ဖြေကြားလိုက်သည်။ တင်ဂီရိသည် မိမိရွေးထားသည့် မင်းသားနှစ်ပါးကို ကျေနပ်စွာကြည့်လိုက်မိသည်။ မိမိလိုချင်တာက ဒီလိုလူမျိုးဖြစ်သည်။ ဘုရင့်သားတော် လူငယ်လေး အများစုက ပညာရှာပြီး အပျော်ပါးလိုက်စားကာ အချိန်ကို ဖြုန်းနေကြသည်။ တိုင်းပြည်အရေးကို စိတ်မ၀င်စားပဲ နေကြသည့် လူများကြား ထန်လိုခိနှင့် တိုလုအီကို မိမိရွေးခဲ့တာကလည်း ဒီအချက်ကြောင့်ဖြစ်သည်။

 

“အင်း… မင်းတို့ လုပြည်ရဲ့ သဘောထားက နန်ကျောင်နဲ့ပတ်သတ်ရင် ဘယ်လိုလဲ။”

 

“လုပြည်ကလား။ သူတို့က ငွေပစ်ပေးရင် ချက်ချင်းဒူးထောက်မယ့် သူတွေပါ။ သာတဲ့နောက်ကို သစ္စာခံပါလိမ့်မယ်။ဒါက လုပြည်ရဲ့ နာမည်ကြီးတဲ့အချက်ပါ။”

 

တိုလုအီက မိမိတိုင်းပြည်နှင့် အုပ်ချုပ်နေသည့် ခမည်းတော်ကို အထင်သေးစွာပြောသည်။ တင်ဂီရိ နားလည်ပါသည်။ တိုလုအီကို ရွေးချယ်ခဲ့တာလည်း ဒီလို အမှီခိုကင်းသည့် စိတ်ကို သဘောကျလို့ဖြစ်သည်။ တိုလုအီသည် လုတိုင်းပြည်မှ မင်းညီမင်းသားများထဲမှ တစ်မူထူးကာ ကိုယ့်ဖာသာရပ်တည်ချင်စိတ်ပြင်းပြသူအဖြစ် သူတို့ မင်းမျိုးမင်းနွယ်မှာ သူပုန်လေး အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
 

“ထန်တိုင်းပြည်ကရော…ဘယ်လိုဖြစ်နိုင်သလဲ…”
 

“ကျွန်တော်တို့အတွက် စီးပွားရေးလမ်းမကြီးပိတ်သွားလို့ အခွန်ခ မရတာလွဲရင် သိပ်တော့ မထူးခြားပါဘူး။ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုမှာ နန်ကျောင်ပြည်ကို အမှီခိုကင်းပါတယ်။ ကျွန်တော်တို့ အဓီက ကုန်သွယ်ဖက် နိုင်ငံက အနောက်ဘက်နိုင်ငံတွေပါ။”
 

ထန်လိုခိက အေးအေးသက်သာဖြေလိုက်သည်။ သူ့ဖခင်က အမှီခိုကင်းကာ အင်အားကြီး တိုင်းပြည်ကို ထူထောင်ချင်သည့် တက်ကြွသည့် ဘုရင်တစ်ပါးဖြစ်သည်။ ဒါကြောင့် မျိုးနွယ်တူ မြို့ပြနိုင်ငံများတွင် မိမိဖခင်က အလိုကြီးပြီး စစ်ကိုလိုလားသည့် ဘုရင်တစ်ပါး အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားသည်။ သို့သော် ယခုလို အင်အားကြီး နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ရင်ဆိုင်ရလျှင် နူးညံ့သိမ်မွေ့သည် ဆိုသည့် မျိုးနွယ်တူများက အလွယ်တကူ သူ့ကျွန်ဖြစ်သွားမည်ကို မြင်ယောင်နေမိသည်။

 

“ဒါပေမယ့် နန်ကျောင်ပြည်သာ ဒီပိတ်ဆို့မှုကို ကြာရှည်လုပ်ထားရင် နန်ကျောင်ပြည်ကို ဒူးထောက်ခစားမယ့် နိုင်ငံတွေ များလာလိမ့်မယ်။ နန်ကျောင်ပြည်က စစ်တိုက်စရာမလိုပဲ တောင်ပိုင်းမှာ လက်အောက်ခံနိုင်ငံ အတော်များများကို ရသွားလိမ့်မယ်။”
 

ထန်လိုခိသည် စိတ်ပျက်စရာအကောင်းဆုံး ငွေတောင်ပြည်၏ အနောက်ဘက် မိမိတို့ မျိုးနွယ်တူ မြို့ပြနိုင်ငံများ အကြောင်းကို ပြောလိုက်သည်။ သူများလက်အောက်ကို ရောက်မည့်အတူတူ မိမိတို့ လက်အောက်ကို သိမ်းသွင်းချင်စိတ်တို့ တဖွားဖွားပေါ်လာခဲ့သည်။

 

“ကျွန်တော်လည်း ဒါကို စိုး၇ိမ်နေတာ နောင်တော်။ သူတို့က တောင်ပိုင်းပြည်တွေကိုပါ ၀ါးမျိုးချင်နေပြီ။ အခုကခြေလှမ်းစတာပဲ။”
 

တိုလုအီသည်လည်း ထန်လိုခိ၏ စကားကို ထောက်ခံသည်။ နန်ကျောင်ပြည်၏ နည်းပရိယာယ်ကို မိမိလည်း စိတ်ပူသည်။ မိမိတို့ တိုင်းပြည်ပါ အခန့်မသင့်လျှင် နန်ကျောင်ပြည်၏ လက်ကိုင်တုတ်ဖြစ်သွားနိုင်သည်။

 

“သူတို့ရဲ့ ပိတ်ဆို့မှုကို ကျုပ်တို့ ဖောက်ထွက်ရမယ်။ နန်ကျောင်ပြည်က ကုန်သွယ်ရေးရဲ့ အဓိက နေရာမှာ ရှိနေတာ။ တကယ်ဆိုရင် တောင်ပိုင်းနိုင်ငံကို ကုန်သွယ်လာတဲ့ ကုန်သည်တွေက နန်ကျောင်ရဲ့ မြောက်ပိုင်း နိုင်ငံတွေက လာတာ။ သူတို့က လမ်းကြောင်းကို ပိတ်ဆို့ထားပြီး တောင်ပိုင်း နိုင်ငံတွေကို အကျပ်ကိုင်နေတာပဲ။”
 

တင်ဂီရိက စားပွဲပေါ်က မြေပုံကို လက်ထောက်ပြကာ ပြလိုက်သည်။ ထန်လိုခိနှင့် တိုလုအီသည် ထိုမြေပုံကို သေချာလေ့လာကြည့်ကာ မည်သို့ ဖောက်ထွက်ရမည်ကို စဉ်းစားနေကြသည်။

“ဒီလမ်းကို လာနေတဲ့ကုန်သည်တွေလည်း အခြားလမ်းကို စဉ်းစားနေလောက်ပြီ။ အဲ့လမ်းက အရှေ့ပင်လယ်ကို ဖြတ်သန်းပြီး ရေလမ်းနဲ့ လာရမယ်။ ”
 

တိုလိုအီက အာနန်ပြည်၏အရှေ့ဘက် ပင်လယ်ပြင်ကို ပြကာ ပြောလိုက်သည်။

 

“အဲ့ဒါ နောင်တော်တို့ အာနန်ပြည်ရဲ့ အရှေ့ဘက် ပင်လယ် မဟုတ်လား။ နောင်တော်တို့ ပိုင်တဲ့ ပိုင်နက်ပဲ မဟုတ်လား။”
 

ထန်လိုခိက မေးသောကြောင့် တင်ဂီရိက ပြန်ဖြေလိုက်သည်။ အာနန်ပြည် အရှေ့ဘက် ပင်လယ်ထဲရှိ ကျွန်းစုကို လက်နှင့် ၀ိုက်ပြကာ ပြောလိုက်သည်။

 

“ဟုတ်တော့ ဟုတ်တယ် ။ ဒါပေမယ့် ကျုပ်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ရှိနေတဲ့ ကျွန်းနေ လူမျိုးစုက အဲ့ပင်လယ်ပြင်ကို အပိုင်စီးထားတယ်။ ကျုပ်တို့ ပိုင်နက်ကိုပါ ထိပါးချင်လာပြီ။ ”
 

တင်ဂီရိ၏ စကားကိုကြားသော် တိုလုအီက ထောက်ခံသည်။ မိမိတို့ တိုင်းပြည်ကို လာသည့် ပင်လယ်ကူးကာ ကုန်သွယ်သည့် ကုန်သည် သင်္ဘော တချို့ထံမှ မိမိလည်း ကြားဖူးနားဝရှိသည်။ထို့ကြောင့် ကုန်သည် သဘောင်္ အများစုက အရှေ့ဘက် ပင်လယ်ရေကြောင်းလမ်းကို ရှောင်ကာ ကုန်းတွင်းပိုင်းမှ ဆင်းလာမည့် ကုန်များကို အချိန်ကြာမြင့်စွာစောင့်မျှော်ကြခြင်းဖြစ်သည်။

 

“အဲ့ကျွန်းနေ လူမျိုးစုက ပင်လယ်ဓါးပြတွေလုပ်ကြတယ်။ သူုတို့ပိုင်နက်ကို ဖြတ်သန်းသွားတဲ့ သင်္ဘော မှန်းသမျှ လုယက်ပြီး ပင်လယ်ထဲ နစ်မြှုပ်ပစ်ကြတယ်။ သိပ်ကို ရိုင်းတဲ့ ကျွန်းသားတွေပါ။ ဒါပေမယ့် ရေထဲမှာ အရမ်းကို ကျွမ်းကျင်တယ်။”
 

“ဟုတ်တယ်။ ကျုပ်က ပင်လယ် လမ်းကနေ ကုန်သည်တွေကို လာစေချင်တယ်။ အဲ့လို လုပ်နိုင်ရင် နန်ကျောင်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်မယ်။ အဲ့လိုလုပ်ဖို့ ပင်လယ်ထဲ ကျွမ်းကျင်တဲ့ လူမျိုးစုကို သိမ်းသွင်းနိုင်ဖို့ အရေးကြီးတယ်။”
 

တင်ဂီရိက ခေါင်းငြိမ်ကာ ထောက်ခံပြီး အဓိက လိုချင်သည့် လူကိုပြောလိုက်သည်။

 

“ကျွန်တော်က ကုန်းတွင်းနိုင်ငံဆိုတော့ ပင်လယ်နေ လူမျိုးစုတွေနဲ့ အလှမ်းဝေးပါတယ် နောင်တော်။ တိုလုအီ မင်းကတော့ သိလောက်တယ် မဟုတ်လား။”
 

ထန်လိုခိက ပြန်ဖြေပြီး တိုလုအီကို မေးလိုက်သည်။ ဒီကောင်က ပင်လယ်နား တိုင်းပြည်က လာတာဆိုတော့ သိလောက်သည်။ ပင်လယ်ပျော် လူမျိုးစုအကြောင်းကို ပိုသိလောက်သည်။

 

“အင်း … ကျွန်တော် သိတဲ့ ပင်လယ်နေ လူမျိုးနွယ်တစ်စုကိုတော့ သိတယ်။ သူတို့က ပင်လယ်ထဲ လှည့်လည် သွားလာနေကြတယ်။ ပင်လယ်ကို အိမ်လုပ်နေပြီး ဘယ်နိုင်ငံရဲ့ သြဇာကိုမှ မခံကြဘူး။ သူတို့က ဘိုးဘေး လက်ထပ်ကတည်းက ပင်လယ်ပျော်လူမျိုးတွေပါ။ ရေငုပ်လည်း သိပ်ကို ကျွမ်းကျင်တယ်။ ပင်လယ်က သူတို့ရဲ့ တိုင်းပြည်ပဲ။ ပင်လယ်ထဲက ငုပ်လို့ရတဲ့ပုလဲတွေ၊ ငါးကြီးငန်ဖတ်တွေ၊ ငါးမန်းတောင်ပံတွေ၊ ပင်လယ်ငါးကြီး သားခြောက်တွေ၊ ဌက်သိုက်တွေနဲ့ နီးတဲ့တိုင်းပြည်မှာ လိုအပ်တဲ့ ပစ္စည်းတွေကိုလာပြီး လဲကြတယ်။ သူတို့ရဲ့ ပစ္စည်းက ရှားပါးပြီး တန်ဖိုးကြီးလို့ လိုချင်သူတွေ သိပ်ကိုများတယ်။”
 

တိုလုအီက တင်ဂီရိကို ရှင်းပြလိုက်သည်။ ပင်လယ်ပျော်လူမျိုးစုများအကြောင်းကို ဘယ်နည်းနှင့်မှ နောင်တော် မသိလောက်ပေ။ သို့သော် နောင်တော် လိုချင်သည့် အရည်ချင်းရှိသည့် လူမျိုးစုမှာ ထိုပင်လယ်ပျော်လူမျိုးများသာ ဖြစ်သည်။ ပင်လယ်ပျော်လူမျိုးများကို နောင်တော် စည်းရုံးသိမ်းသွင်းနိုင်လျှင် နောင်တော်ပူပင်နေသည့် အရှေ့ ပင်လယ်မှ ဓါးပြတိုက် လူသတ်နေသည့် ကျွန်းနေ လူမျိုးစုများကို အသာလေး တိုက်ခိုက်နိုင်မှာ သေချာသည်။

 

“ဟုတ်တယ် နောင်တော်။ အဲ့မျိုးနွယ်စုကိုသာ နောင်တော် သိမ်းသွင်းနိုင်ရင် အရှေ့ပင်လယ်ပြင်က ပင်လယ် ဓါးပြတွေကို တိုက်ထုတ်မယ့် စစ်တပ်အတွက် အထောက်ကူဖြစ်လာနိုင်တယ်။”
 

ထန်လိုခိလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ ထိုလူမျိုးစု အစွမ်းကိုလည်း သေချာကြားထားဖူးသည်။

 

“မင်း အဲ့မျိုးနွယ်စုက  ခေါင်းဆောင်နဲ့ ရင်းနှီးသလား တိုလုအီ။”
 

တင်ဂီရိသည် တိုလုအီနှင့် ထန်လိုခိ ပြောသည်ကို နားထောင်ပြီးနောက် မိမိကြားဖူးသည့် အချက်နှင့် ကိုက်နေသဖြင့် ထိုပင်လယ်ပျော်လူမျိုးများကို စည်းရုံးရန် ဆုံးဖြတ်လိုက်သည်။

 

“ကျွန်တော်က မရင်းနှီးပါဘူး။ သူတို့က လူစီမ်းကို အကပ်မခံဘူး။ ဒါပေမယ့် လူမျိုးစု ခေါင်းဆောင်ရဲ့ သွေးသားရင်း တော်စပ်သူက ဒီငွေတောင်ပြည်မှာ ပညာသင်နေပါတယ် နောင်တော်။”

 

တိုလုအီက နောင်တော် တင်ဂီရိကို ပြောလိုက်သည်။ တင်ဂီရိ အံ့အားသင့်သွားသည်။ တိုက်ဆိုင်သည့် ကံတရားကို ကျေးဇူးတင်ရမလိုဖြစ်နေသည်။ မိိမိ အဓိက လိုအပ်နေသည့် ပင်လယ်ပျော်လူမျိုးစု၏ သွေးသားရင်းက ဒီငွေတောင်မှာ  ပညာဆည်းပူးနေသည်တဲ့လား။ မိုးနတ်မင်းက မိမိကို ကူညီစောင်မနေသည်ဟု တင်ဂီရိ ယုံကြည် လိုက်သည်။

 

“ဟုတ်လား။ ဘယ်သူလဲ။ ငါလည်း မကြားပါလား။”

 

“ချူလူလူက ပင်လယ်လူမျိုးစု ခေါင်းဆောင်ရဲ့ မြေးအရင်းတော်စပ်ပါတယ် နောင်တော်..”
 

တိုလုအီ တည်ငြိမ်စွာဖြေလိုက်သည်။ မိမိလုံဝ ထင်မထားခဲ့ပေ။ အရပ်ရှည်ရှည်နှင့် ဆူမီရာ၏ သူငယ်ချင်း ချူတိုင်းပြည်မှ မင်းသားလေးက ပင်လယ်ပျော်လူမျိုးစု၏ သွေးသားရင်းတဲ့လား။

 

“ဘာ….ချူလူလူရဲ့မယ်တော်က….”

 

“ဟုတ်ပါတယ်။ ချူလူလူရဲ့ မယ်တော်က ပင်လယ်ပျော် လူမျိုးစု ခေါင်းဆောင်ကြီးရဲ့ သမီးပါ။ ဒါပေမယ့် ချူတိုင်းပြည်က မင်းသားနဲ့ ချစ်ခင်စုံမက်ပြီး အခုတော့ ချူတိုင်းပြည်ရဲ့ မိဖုရားတစ်ပါးဖြစ်နေသူပါ။ ”
 

တိုလုအီက နောင်တော် တင်ဂီရိကို အဖြစ်ပျက်ကို သေချာရှင်းပြလိုက်သည်။

 

“ဘယ်လိုဖြစ်တာလဲ။ ပင်လယ်ပျော် လူမျိုးက ကုန်းပေါ် ဘယ်တော့မှ မနေဘူးလို့ ကြားထားတာ။  ”
 

“ကျွန်တော်တောင် ပင်လယ် ကမ်းနားတိုင်းပြည်ကမို့ သိတာပါ။ ဒီသတင်းကို အတတ်နိုင်ဆုံး လျို့ဝှက်ထားပါတယ်။ သူတို့ရဲ့ အချစ်က ပုံပြင်ဆန်တယ်။ အစပိုင်းကတော့ သိပ်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပါတယ် နောင်တော်။ ချူတိုင်းပြည်က မင်းသားလေးက ပင်လယ်ထဲကို အပျော်ရွက်လွှင့်တဲ့အချိန် မုန်တိုင်းကျပြီး ရေစီးနဲ့ မျောပါသွားပြီး ပင်လယ်ပျော် လူမျိုးစုနဲ့တွေ့လို့ ကယ်တင်ခြင်းခံလိုက်ရတယ်။ အဲ့နောက်  ပင်လယ်ပျော် လူမျိုးစုနဲ့အတူ ခြောက်လလောက် အတူနေထိုင်ရင်း ပင်လယ်ပျော် လူမျိုးစုရဲ့ သမီးနဲ့ ချစ်ခင်စုံမက်ပြီး ချူတိုင်းပြည်ကို ရအောင် ခေါ်လာနိုင်ခဲ့တယ်။ ချူတိုင်းပြည်က မင်းသားက ဘုရင်ဖြစ်လာတော့ ပင်လယ်ပျော်မျိုးနွယ်က မင်းသမီးလေးက မိဖုရားများစွာထဲက တစ်ပါးဖြစ်လာခဲ့တယ်။ ”

 

တိုလုအီပြောသည့် လေသံနှင့်ဇာတ်လမ်းအရ ပင်လယ်ပျော် မျိုးနွယ်မှ မင်းသမီးက နောက်ပိုင်းတွင် ချူဘုရင်၏ ချောင်ထိုးထားခြင်းကို ခံနေရပုံပေါ်သည်။ ထို့ကြောင့် ချူလူလူ ငွေတောင်ပြည်ကို ပညာလာရောက်ဆည်းပူး သော်လည်း နောက်ပါ အခြွေရံ အနည်းငယ်နှင့် နွမ်းပါးစွာ လာတက်နေသည်က သက်သေဖြစ်သည်။

 

“ချူလူလူက ပင်လယ် လူမျိုးတွေဆီကို ရောက်အောင်သွားနိုင်မယ့် တံတားလေးပေါ့…”
 

တင်ဂီရိက ပြုံးကာ ပြောလိုက်သည်။ ဖြစ်ချင်တော့ ချူလူလူက ဆူမီရာ၏ သူငယ်ချင်းဆိုတော့ မိမိဝင်ဖို့ လွယ်ကူသွားခဲ့သည်။

 

“ဟုတ်ပါတယ်နောင်တော်။ ကျွန်တော် ကြားဖူးတာကတော့ ချူလူလူက ချူနိုင်ငံက သားတော်တွေ အများကြီးထဲက တစ်ယောက်ပေမယ့်  ချူဘုရင်ရဲ့ ချစ်ခင်တာကို သိပ်မခံရဘူးလို့ကြားတယ်။ ပြီးတော့ ချူလူလူရဲ့ မယ်တော် ကိုလည်း ချူမင်းကြီးက အရေးတယူမရှိလို့ သိမ်သိမ်ငယ်ငယ် နေရတယ် လို့ ကြားပါတယ်။ ချူလူလူရဲ့ မိခင်က နောက်တစ်ဆက်ရဲ့ ပင်လယ် လူမျိုးစုကို ဦးဆောင်ခွင့်ရတဲ့ မင်းသမီးတစ်ပါးပါ။ ချူလူလူကလည်း ပင်လယ် လူမျိုးစုအတွက် တစ်ယောက်တည်းသော မျိုးဆက်သွေးပါ။ သူ့ကို စည်းရုံးနိုင်ရင် နောင်တော် အကျိုးထူးပါလိမ့်မယ်။”
 

တင်ဂီရိသည် တိုလုအီ၏ စကားကိုကြားသော် စိတ်နည်းနည်းအေးသွားခဲ့သည်။ ထို့နောက် သူတို့ နှစ်ဦးနှင့် ပတ်သတ် ပြီး ရှင်းအောင် သေချာမေးလိုက်သည်။

 

“ကောင်းပြီ။ ကျုပ်ချူလူလူကို စည်းရုံးလိုက်ပါ့မယ်။ ကျုပ် အခု နန်ကျောင်ပြည်ရဲ့ ဖိနှိပ်မှုကို စပြီး တွန်းလှန်တော့မယ်။ မင်းတို့ နှစ်ယောက် ဘယ်လို သဘောရတယ် ဆိုတာ ပွင့်ပွင့်လင်းလင်းမေးချင်လို့။ ”
 

“မေးစရာ မလိုပါဘူးနောင်တော်။ ကျွန်တော်က နောင်တော့်နောက်ကို လိုက်ဖို့ အသင့်ပါ။ ကျွန်တော်တို့ ထန်နိုင်ငံက ဘယ်သူ့လက်အောက်မှ မနေဘူး။ ခိုင်မာတဲ့ နိုင်ငံတစ်ခုကို ထူထောင်ပြီးနေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော် ငွေတောင်ပြည်ကိုလာခဲ့တာ နောင်တော် ရောက်နေတယ်လို့ကြားလို့ပါ။ အစကတည်းက နောင်တော့် နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးသားပါ။”
 

ထန်လိုခိက ချက်ချင်းပင် အဖြေပေးလိုက်သည်။ တင်ဂီရိကို ခေါင်းဆောင်တင်ကာ မိမိတိုင်းပြည်ကို ထူထောင်ရန် ဆုံးဖြတ်ပြိးဖြစ်သည်။

 

“ကျွန်တော်လည်း နောင်တော့်ကို လေးစားလို့ နောင်တော့်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားပါတယ် နောင်တော်။ ”
 

တိုလုအီသည်လည်း သေချာ ပြောလိုက်သည်။ မိမိကို အထင်မကြီးသည့် မိမိကလည်း အထင်မကြီးသည့် လုတိုင်းပြည်ကို ပြုပြင်ပြောင်းလဲလိုက်ချင်သည်။

 

“ကောင်းပြီ။ ဒါဆို မကြာခင် ကျုပ်တို့က ကျောင်းတော်ကနေ ခွာရတော့မယ်။ ကျုပ်လည်း အာနန်ပြည်ကို ပြန်ရတော့မယ်။ စစ်အင်အားကို တိုးချဲ့ဖို့ အလုပ်က စောင့်နေပြီ.။ မင်းတို့ တိုင်းပြည်ကို ရောက်ရင် ကိုယ့်အင်အားကို တိုးချဲ့ပါ။ နန်ကျောင်ပြည်ကို တွန်းလှန်ဖို့ အားလုံးစည်းလုံးမှ ရမယ်။”
 

တင်ဂီရိ ကျေနပ်စွာပြောလိုက်သည်။ ထို့နောက် မိမိ မကြာခင် ပြည်တော်ပြန်ရမည်ကို ပြောလိုက်သည်။

 

“စိတ်ချပါ နောင်တော်။ ထန်နိုင်ငံကို ပြန်ရောက်ရင် ကျွန်တော် အင်အားတောင့်တင်းအောင် လုပ်ပြီး နိုင်ငံကို တိုးချဲ့တော့မယ်။ ပျံ့ကျဲနေတဲ့ ကျွန်တော်တို့ လူမျိုးတွေကို စုစည်းပြီး အင်အားကောင်းတဲ့ နိုင်ငံကို ထူထောင်မယ်။ ”
 

ထန်လိုခိက တက်ကြွစွာပြောသည်။ တောက်ပသော အနာဂတ်တစ်ခုကို မိမိတို့လက်နှင့် ထုဆစ်ခွင့်ရတော့မည် ဖြစ်လို့ ထန်လိုခိ၏ မျက်လုံးက တောက်ပလို့နေသည်။

 

“တိုလုအီ မင်းက ပင်လယ် ဆိပ်ကမ်းမြို့ဆိုတော့ အဲ့ဒါလည်း အရေးပါတယ်။ အနောက်တိုင်းက ကုန်သည်တွေရဲ့ စီးပွားရေး ဗဟိုချက်မြို့တော်ဖြစ်တယ်။ တိုင်းပြည်ရဲ့ ကုန်သွယ်ရေးကို မင်းတာဝန်ယူနိုင်အောင် လုပ်ပါ။ မင်းရဲ့ နောင်တော်တွေ ရှိလို့ စစ်ရေးနဲ့ ပြည်တွင်းရေးနေရာကို မရနိုင်ပေမယ့် သူတို့ မလိုချင်တဲ့ ကုန်သွယ်ရေးပိုင်းကို မင်း နေရာရအောင် ကြိုးစားပါ။”
 

“ဟုတ်ကဲ့ပါ။ ကျွန်တော် စီးပွားရေးကို ပြန်နာလန်ထူနိုင်ဖို့ လုပ်မယ့် အစီစဉ်တော့ရှိပါတယ်။ လောလောဆည် လက်ရှိ စီးပွားရေးကို ကွပ်ကဲတဲ့ နေရာကို ဦးရီးတော် တစ်ယောက်က အခိုင်မာ နေရာယူထားပါတယ် နောင်တော်။”
 

တိုလုအီက တင်ဂီရိကို ပြောလိုက်သည်။ လုတိုင်းပြည်တွင် မိမိ ကျော်ဖြတ်ရမည့် အဆင့်များစွာရှိနေသည် မဟုတ်လား။ နောင်တော် တင်ဂီရိ၏ အကူညီမရလျှင် မိမိ ဘယ်လိုနည်းနှင့်မှ အထက်ကို မတက်နိုင်ပေ။

 

“မပူပါနဲ့။ အဲ့နေရာကို ဘယ်သူမှ မယူရဲအောင် ကျုပ်စီမံပါ့မယ်။ နောက်ဆုံး မင်းက လွဲလို့ အဲ့နေရာကို ဘယ်သူမှ မယူရဲစေရဘူး။ မင်းလိုအပ်တာ အားလုံး ကျုပ်နောက်ကွယ်က ကူညီပေးမယ်။”
 

တင်ဂီရိက တိုလုအီကို ပြောလိုက်သည်။ တိုလုအီ၏ နန်းတွင်းရေးကို မိမိအားလုံး စုံစမ်းပြီးဖြစ်သည်။ ထို့ကြောင့် တိုလုအီကို မည်သို့ အထက်ရောက်အောင် ထိုးတင်ရမည်ကို ကြိုတင်စီစဉ်ပြီးဖြစ်သည်။

 

“နောင်တော် ကျွန်တော်လည်း တိုင်းပြည်ကို တိုးချဲ့ဖို့ နောင်တော့် လက်ရွေးစင် တပ်သားတစ်ချို့ကို လိုအပ်ပါတယ်။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ လူမျိုးရဲ့သဘာဝက သိပ်ကို သိမ်မွေ့လွန်းတယ်။ သူတို့ကို ကြံ့ခိုင်လာဖို့ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်နေပါတယ်။”
 

“ထန်လိုခိ ရဲ့ တိုင်းပြည်က စစ်သည်တော်တွေကို လေ့ကျင့်ပေးဖို့ ကျုပ် လူငယ် လက်ထောက်စစ်သူကြီးတွေကို လွှတ်ပေးပါ့မယ်။ နောက် သုံးလကြာလို့ ကိုယ့်တိုင်းပြည်ကိုပြန်ရောက်ရင် စစ်သည်တော်များသာ စုဆောင်းထားပါ။ ထန်လိုခိ ဘက်က အသင့်ဖြစ်ရင် ကျုပ်ဘက်က လေ့ကျင့်သင်ကြားပေးမယ့်သူတွေကို လွှတ်ပေးပါ့မယ်။ ကျုပ်ကိုင်တိုင်လည်း လာကြည့်မယ်။ တိုလုအီလည်း တိုင်းပြည်ကိုပြန်ရောက်ရင် အခြေနေကိုလေ့လာပါ။ လက်ရှိ စီးပွားရေးဝန်ကြီးနေရာ ယူထားတဲ့ ဦးရီးတော် အကြောင်း သေချာလေ့လာပါ။ ပြီးရင် ကျုပ်ကိုယ်တိုင်လာပြီး စီစဉ်ပေးပါ့မယ်။”
 

တင်ဂီရိ၏ ပြည့်စုံသော အစီစဉ်ကို ကြားသော် ထန်လိုခိနှင့် တိုလုအီသည် မိမိတို့ ခေါင်းဆောင်ရွေးမှန်ခဲ့သည်က ပိုသေချာသွားတော့သည်။ မကြာခင် မိမိတို့ကိုယ်တိုင် ဦးဆောင်သည့် တိုင်းပြည်များ ပေါ်ပေါက်လာတော့မည်ကို တွေးကာ စိတ်တက်ကြွနေကြသည်။

 

တင်ဂီရိသည်လည်း အရှေ့ပင်လယ်ပြင် ရေတပ်မတော်ကို ဖွဲ့စည်းဖို့ လမ်းစကို ရလိုက်သောကြောင့် စိတ်သက်သာရာရသွားတော့သည်။ မိမိ မကြာခင်ပြန်ရတော့မည်ကို ဆူမီရာကို ကြိုတင်အသိပေးရမည်ကို တွေးမိတော့ သက်ပြင်းရှိုက်လိုက်မိသည်။ စစ်ရေးအခက်ခဲကို မတွန့်ခဲ့သလောက် ဆူမီရာလေးကို အသိပေးရမည့် အရေးကို တင်ဂီ၇ိ တွန့်ဆုတ်နေမိသည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet