Chapter - 26

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (26)

ယေစုကိုင်းသည် အာနန်ပြည်မှ ကုန်သည်များ နန်းတော်ကို အခစားဝင်တော့ ၀မ်းပမ်းတသာဖြင့် လက်ခံတွေ့ဆုံသည်။ ကုန်သည်ကြီးများ ဆက်သသည့် လက်ဆောင်အတွက် ကျေးဇူးတင်စကားပြောပြီး တိုင်းပြည်ထဲ လွတ်လပ်စွာ ကုန်သွယ်ရန် ပြောလိုက်သည်။

အာနန်ကုန်သည်ကြီး လုစုဟန်သည် မင်းကြီးအတွက် ကြွေပန်းအိုးတစ်လုံးကို ဆက်သသည်။

“ဒီကြွေပန်းအိုးက နန်ကျောင်ဧကရီ ဟော်သွန်းရဲ့ ပုံကို ရေးဆွဲထားပါတယ် အရှင်မင်းကြီး။ ကာလိုခန် မင်းကြီးက မိဖုရားခေါင် ဧကရီ ဟော်သွန်းအတွက် သားတော်လေး မွေးပေးစဉ်က လက်ဆောင်ပေးခဲ့တဲ့ ကြွေပန်းအိုးပါ။ ဒါကို မိဖုရားခေါင်ကြီးက တောင်ပေါ်ဘုရားရှိခိုးကျောင်းကို ပြန်လည်တည်ဆောက်ဖို့ အလှူငွေအတွက် လေလံတင်ရောင်းချခဲ့တဲ့နေရာကနေ ကျွန်တော်မျိုးဝယ်ခဲ့ခြင်းဖြစ်ပါတယ်။ အရှင့်ကို ဆက်သပါတယ်။”

ယေစုကိုင်းသည် မိမိထံယူခဲ့ရန် အချက်ပြလိုက်သဖြင့် အမှုထမ်းက ထိုကြွေအိုးကို ကုန်သည်လက်မှ ယူကာ မင်းကြီးလက်ထဲကို ထည့်ပေးလိုက်သည်။ တစ်တောင်သာသာ ကြွေအိုးသည် ပေါ့ပါးသလောက် ကြွေသားအကောင်းစားနှင့် ပြုလုပ်ထားခဲ့သည်။ ပြီးတော့ ထိုပန်းအိုးတွင် မိမိ ရင်နှင့်အမျှချစ်ရသည့် ဟော်သွန်း၏ မျက်နှာလှလှလေးကို ပုံတူရေးဆွဲထားသည်။ ဟော်သွန်း၏ မျက်ဝန်းကိုတွေ့လိုက်စဉ် ယေစုကိုင်း၏ ရင်ဘတ်က အောင့်ခနဲဖြစ်သွားခဲ့သည်။

“ဟော်သွန်းရယ်… မင်းဝမ်းနည်းနေတာလား။ နာကျင်နေတာလား…. မောင်မောင် တာဝန်မကျေခဲ့ဘူး။ မင်းကို အခုထိ ပြန်လည်မခေါ်ဆောင်နိုင်ခဲ့ဘူး…”

ယေစုကိုင်းသည် ဟော်သွန်း၏ ပုံတူပန်းချီလေးကိုကြည့်ကာ စိတ်ထဲမှ အသံတိတ်ပြောလိုက်မိသည်။ ပြီးတော့ ဟော်သွန်း၏ မျက်နှာလေးကို ဖွဖွထိလိုက်ပြီး တောင်းပန်လိုက်သည်။

ကုန်သည်ကြီးများအပါဝင် နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အာနန်ပြည့်ရှင် ယေစုကိုင်း၏ မျက်နှာပြင်ပေါ်မှ ပြိုမလို မိုးလိုအုံ့ဆိုင်းနေသည်ကိုတွေ့တော့ ဧကရီဟော်သွန်းကို ယေစုကိုင်းမည်မျှ လွမ်းဆွတ်တမ်းတနေသည်ကို ခန့်မှန်းမိပြီး မှုးမတ်များက သက်ပြင်းချလိုက်မိသည်။

ယေစုကိုင်းသည် ပန်းအိုးကို အမှုထမ်းလက်ထဲ ပြန်ပေးလိုက်ပြီး ကုန်သည်ကြီးကို ပြောလိုက်သည်။

“ဒီလက်ဆောင် အတွက် ၀မ်းမြောက်မိတယ် ကုန်သည်ကြီး။ မောင်မင်း ဘယ်လို တောင်းဆိုမှုရှိပါသလဲ။”

ယေစုကိုင်းသည် အပေးအယူသဘောကို နားလည်သဖြင့် ကုန်သည်ကြီးကို ပြောလိုက်သည်။

“ကျွန်တော်မျိုး တောင်ပိုင်း တိုင်းပြည်များကို ဆက်လက်ပြီး ကုန်သွယ်ချင်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ လှေတပ် ကင်းလှည့်လည်ချိန် တောင်ပိုင်း ပင်လယ်ဝါဘက်ကို လိုက်ပါပါရစေ….”

“ကျုပ်ရဲ့ စစ်သင်္ဘောတွေပေါ်ကို ဘယ်ကုန်သည်မှ မတင်ဘူး ကုန်သည်ကြီး။”

“ကျွန်တော်မျိုးရဲ့ ကုန်တင်သဘောင်္ရှိပါတယ် အရှင်။ ပင်လယ်ဝါဘက်က ကျွန်းနေ လူမျိုးစုများရဲ့ လုယက်မှုကို ကျွန်တော်မျိုး ခုခံကာကွယ်နိုင်စွမ်းမရှိလို့ပါ အရှင်။”

“မောင်မင်းက အာနန်ပြည်အတွက် ကျုပ်ရဲ့ စစ်သတင်းကို ထောက်လှမ်းနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”

“ကျွန်တော်မျိုးက ကုန်သည်စစ်စစ်ပါ အရှင်မင်းကြီး။ ပြီးတော့ ကျွန်တော်မျိုးရဲ့ ဖခင်ကြီးကို အမတ်ကြီး တားဂေါတိုင်းက ကွပ်မျက်ထားခဲ့ဖူးပါတယ်။ ကျွန်တော်မျိုးက ကာလိုခန် မင်းကြီး နဲ့ တားဂေါတိုင်း အမတ်ကြီးကို ကလဲ့စားခြေဖို့ အခွင့်လမ်းကို ရှာဖွေနေသူပါ မင်းကြီး။”

ယေစုကိုင်းက အမတ်ကြီးကို တချက်ကြည့်လိုက်တော့ အမတ်ကြီးက ခေါင်းငြိမ့်ပြလိုက်သည်။ ဒါဆို ဒီကုန်သည် ပြောသည့် စ ကားက မှန်ကန်သည် ဆိုသည့်သဘောဖြစ်သည်။ ထို့ကြောင့် အာနန်ပြည့်ရှင်မင်း ယေစုကိုင်းက ကုန်သည်ကြီးကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို အသေးစိတ် ဆွေးနွေးဖို့ အမတ်ချုပ်နဲ့ သီးသန့်တွေ့လိုက်ပါ ကုန်သည်ကြီး။ ညီလာခံစဲမယ်။”

မင်းကြီး ထိုသို့မိန့်လိုက်သည်နှင့် ကုန်သည်ကြီးအပါဝင် အားလုံး အရိုသေပေးနူတ်ဆက်လိုက်ကြသည်။ ကုန်သည်ကြီးသည် မိမိ ရည်ရွယ်ချက်အောင်မြင်သွားသောကြောင့် သက်ပြင်းချလိုက်မိသည်။ တော်သေးသည်။ ခုဆို တောင်ပိုင်းပင်လယ်ဝါကို ဖြတ်သန်းကာ မိမိကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့နိုင်ဖို့ သေချာသလောက်ရှိလေပြီ။ ကုန်သည်ကြီးသည် အမတ်ချုပ်ကြီးကို စောင့်ကာ လာရောက်တွေ့ဆုံရမည့် အချိန်နှင့် နေရာကို မေးမြန်းကာ နန်းတွင်းမှ ထွက်ခွာလာခဲ့သည်။

-------------------------------------------------------------

ဟော်သွန်းသည် ဥယျာဉ်ထဲရှိကျောက်ခုံဖြူလေးတွင် ထိုင်ရင်း တစ်စုံတစ်ဦးကို မျှော်ရင်း စိတ်လှုပ်ရှားလို့နေသည်။ ဆယ့်ခြောက်နှစ်ကျော်၊ ဆယ့်ခုနှစ်နှစ်အတွင်း ဒီနန်ကျောင် နန်းတွင်းတွင်နေခဲ့သည့် သက်တမ်းတလျှောက် ဧကရီဟော်သွန်း ယခုလို စိတ်လှုပ်ရှားသည်ကို မမြင်ခဲ့ဖူးသည့် အခြွေရံများက ထူးဆန်းအံ့သြလို့နေသည်။

ဟော်သွန်းသည် အခြွေရံများ၏ အမူယာကို သတိပြုမိတော့ သူတို့သခင် မင်းကြီးထံ ပြန်ပြီး သတင်းပို့မည်ကို သတိပြုမိကာ မိမိ စိတ်လှုပ်ရှားမှုကိုထိန်းလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားသည်ကို ပြေပျောက်စေရန် ချည်ချောအနက်ရောင်ကြိုးနှင့် တစ်စုံတစ်ခုကို ကျစ်နေလိုက်သည်။

“သခင်မဘုရား…”

မိမိမျှော်နေသည့် အပျိုတော်ရောက်ရှိလာခဲ့သည်။ သူမလက်ထဲမှ ပန်းချီကားလိပ်တစ်ခုပါလာခဲ့သည်။ ဟော်သွန်းသည် ထိုပန်းချီကားလိပ်ကို လှမ်းယူကာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဘာမှမပြောပဲ မိမိအဆောင်ကို တခါတည်းထွက်လာခဲ့သည်။ အခြွေရံများလည်း တိတ်ဆိတ်စွာပင် မိဖုရားနောက်ကို လိုက်လာခဲ့သည်။ မိဖုရား၏ လက်ထဲမှ ပန်းချီကားကို စိတ်ဝင်စားနေကြသည်။

ဟော်သွန်းသည် မိမိအိပ်ဆောင်ထဲသို့ ရောက်သော ပန်းချီကားကို ဖြည်လိုက်ပြီး ကြည့်လိုက်သည်။

“အို…..”

ခန့်ညားသော လုလင်ပျို၏ ပုံကိုကြည့်ကာ ဟော်သွန်း မျက်ရည်စီးကျလာခဲ့သည်။ မိခင်နှင့်ဝေးကွာနေသော်လည်း ဖခင်နှင့်အတူ ကောင်းစွာကြီးပြင်းလာသည့် သားတော်ကြီး၏ ခန့်ညားသော မျက်နှာလေးကို တရှိုက်မက်မက်ငေးကြည့် နေမိသည်။

“တင်ဂီရိ သားတော်..တင်ဂီရိ…….”

ဟော်သွန်းသည် တင်းထားသမျှ ပြိုကျကာ မျက်ရည်ဖြိုင်ဖြိုင်ကျလာတော့သည်။ သားကို လွမ်းဆွတ်သည့် စိတ်၊ ခင်ပွန်းသည်ကို လွမ်းဆွတ်သည့် စိတ်ကြောင့် ရင်ဘတ်တစ်ခုလုံး စူးအောင့်လို့လာခဲ့သည်။ ယခင်က အတူနေခဲ့သည့်ပုံရိပ်များကို ပြန်မြင် ယောင်ပြီး ဟော်သွန်း ရှိုက်ကာ ရှိုက်ကာ ငိုမိတော့သည်။

“သားလေး…. မင်း အဖေရဲ့ ခြေရာကို နင်းနိုင်တဲ့ သားလေး…. မင်းက မယ်မယ့် ဘိုးဘေးတွေကိုလည်း ဂုဏ်တက်စေခဲ့တယ်။ လူငယ်စစ်ဘုရင် ကုလန် ဆိုတဲ့ သားလေးရဲ့ နာမည်ကို မယ်မယ် ဂုဏ်ယူမိတယ် သားရယ်။ ”

ဟော်သွန်းသည် ပန်းချီကားထဲမှ ရှုတည်တည်နှင့် ကုလန်၏ မျက်နှာကို အသာယာထိကာ လူသားတစ်ဦးလို သဘောထားပြီး စကားပြောနေမိသည်။ ပြောရင်း ရယ်လည်းရယ်၊ ငိုလည်းငိုမိသည်။ သားလေး ကြီးပြင်းလာသည်ကို မတွေ့မမြင်ရသည့် မိခင်တစ်ဦး၏ အဖြစ်က နေဆယ်ကဲသလို ခံစားရသည်။

“မောင်မောင်…. မောင်မောင်… ကျွန်မ… အသက်နဲ့ အရှက်ကို မလဲခဲ့ရတဲ့အတွက် မောင်မောင့်ကို ဒီတစ်သက် ဘယ်လို မျက်နှာချင်းဆိုင်ဝံ့ပါတော့မလဲ။ ပြီးတော့ သားလေး နဲ့တွေ့ရင် ကျွန်မ ထွေးပွေ့ရဲပါတော့မလား မောင်မောင်ရယ်… ကျွန်မ လေ… ဒုတိယ သားကို မွေးရင်း သေသွားပါစေလို့ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ်။ ဒါပေမယ့် မိုးနတ်မင်းက ကျွန်မ ကို အပြစ်ဒဏ်ခတ် မလို့ထင်ပါရဲ့၊ ခုထိ အသက်ရှင်ခွင့်ပေးထားတယ်။”

ဟော်သွန်းသည် သား၏ ရုပ်ပုံမှ မျက်နှာလွှဲကာ ပြတင်းအပြင်မှ ပြာလဲ့နေသည့် ကောင်းကင်ကြိးကို မော့ကြည့်ပြီး ချစ်သော ခင်ပွန်းကို တိုင်တည်ပြောလိုက်မိသည်။

“ကျွန်မ ရန်သူရဲ့ သွေးသားကို ၀မ်းကြာတိုက်ထဲ လွယ်ပြီး လူ့ပြည်ကို ပို့ဆောင်ခဲ့တယ် မောင်မောင်၊ ပြီးတော့…. ရန်သူကို ကျွန်မ မယားတစ်ယောက်လို ညတိုင်း ပြုစုလုပ်ကျွေးနေရတယ်။ ကျွန်မကို မောင်မောင့်လက်နဲ့ သတ်ရင်တောင် ကျေးဇူးတင်နေရမယ့် အဖြစ်ပါ…”

ဟော်သွန်းသည် ခင်ပွန်းကို သတိရကာ တိုင်တည်ပြီးနောက် ပန်းချီကားကို မိမိ ခေါင်းရင်းရှိ ရတနာ သေတ္တာထဲကို ထည့်ထားလိုက်သည်။ ထို့နောက် ဟော်သွန်း အိပ်ယာထက်ကို အသာလေး လှဲလိုက်ပြီး တဆတ်ဆတ်တုန်နေသည့် ရင်ဘတ်ကို လက်နှင့်အသာဖိထားလိုက်သည်။

ဒီ နန်ကျောင်နန်းတွင်း သားရဲတွင်းတွင် မိမိတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ဖို့ ကျောက်ရုပ်ပုံစံဖြင့် အသက်ရှင်ခဲ့သည်။ ပျော်ခြင်းကို ဖယ်ခွာပြီး ၀မ်းနည်းခြင်းကို ရင်ဝယ်ပိုက်ကာ အသက်ရှင်ရတာ ပင်ပန်းလာလေပြီ။ သားနှင့် ခင်ပွန်းကို သတိရသည့် စိတ်ဖြင့် မိမိ စိတ်ကူးထဲမှာ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ ယွမ်ချူးခန်ကို တွေ့တိုင်း ရှက်စိတ်နှင့်အတူ ချစ်သည့် စိတ်လည်းပေါ်ခဲ့သည်။ ဒါကြောင့် ဟော်သွန်း နှစ်ဆ စိတ်ပင်ပန်းခဲ့သည်။

ယခုတော့ ထိန်းထားသည့် စိတ်၊ တင်းထားသည့်စိတ်ကို ပန်းချီကားလေးက ချိုးဖျက်လိုက်လေပြီ။ ဟော်သွန်း မျက်ရည်ကျပြီးနောက် နှုန်းကျသွားခဲ့သည်။

“သခင်မ အနားယူဦးမယ်။ ဘယ်သူမှ မနှောက်ယှက်ပါစေနဲ့။ မင်းကြီးလာရင်လည်း သခင်မ အိပ်နေတာကို မနှိုးပါစေနဲ့.”

ဟော်သွန်းသည် အတွင်းဝန်ကို ခေါ်ပြောကာ မျက်လုံးမှိတ်လိုက်သည်။ စိတ်အာရုံထဲတွင် ယောကျာ်းပီသ ခန့်ညားသည့် သားတော် တင်ဂီရိ၏ မြင်းစီးနေသည့် ပုံကို မြင်ယောင်လို့နေသည်။ စိတ်ကူးထဲတွင် ဟော်သွန်းလည်း သားတော်နှင့်အတူ မြက်ရိုင်းလွင်ပြင်ထဲ မြင်းကို ဇက်ကုန်လွှတ်စီးကာ လွတ်လပ်ပေါ့ပါးစွာရယ်နေမိသည်။ အိပ်ပျော်ရင်း ဟော်သွန်း ပြုံးနေမိသည်။

-----------------------------------

“တောက်…………… အဲ့ပန်းချီကားကို ဟော်သွန်းစီ ဘယ်သူ ဆက်သလိုက်တာလဲ….အခုချက်ချင်း သွားဖမ်းခဲ့စမ်း။ ပန်းချီကားကို သယ်ခဲ့သူရော၊ ဆက်သသူရော အားလုံးကို သုတ်သင်လိုက်။”

ကာလိုခန်၏ အမိန့်ကို ကြားသည်နှင့် လက်မရွံလူသတ်သမားများ ထွက်သွားခဲ့သည်။ ကာလိုခန်သည် ဒေါသထွက်လွန်းပြီး အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်။ တားဂေါတိုင်းက ငြိမ်သက်စွာ ဒူးထောက်ခစားရင်း ကြည့်နေလိုက်သည်။ ဒီလို ဖြစ်လာမည်ကို မိမိကြိုတင် လျှောက်တင်သည့်ကြားက ရန်သူကို ကြီးထွားခွင့်ပေးသည့် အတွက် မင်းကြီး ရင်ပူကာ နေမထိ ထိုင်မသာဖြစ်နေသည်ကို အရသာခံကြည့်နေလိုက်သည်။

“အမတ်ချူပ်ကြီး…. အာနန်ပြည်ကို သူလျှိုတွေလွှတ်ထားလိုက်ပါ။ သူတို့ ရဲ့ နန်းတွင်းကို စိမ့်ဝင်စေချင်တယ်။ ”

ကာလိုခန်သည် သေချာစဉ်းစားပြီး အမတ်ချုပ်ကြီကို ပြောလိုက်သည်။

“ကျွန်တော်မျိုး လွှတ်လိုက်ပါ့မယ် အရှင်မင်းကြီး။”

ကာလိုခန်သည် သလွန်တွင် ထိုင်ချလိုက်ပြီး အမတ်ချုပ်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကိုယ်တော် ဘာလုပ်သင့်သလဲ အမတ်ချုပ်ကြီး။”

မေးသင့်သည်ထက် ဆယ့်ခြောက်နှစ်တိတိ နောက်ကျပြီးမှ မေးလာသည့် မင်းကြီးကိုကြည့်ကာ တားဂေါတိုင်း တည်ငြိမ်စွာစိုက်ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုးတို့ စစ်တပ်ကို တိုးချဲ့ထားသင့်ပါပြီ မင်းကြီး။ မကြာခင် လာတော့မယ့် စစ်အတွက်ကို ပြင်ဆင်ထားရမယ့် အချိန်ကျပါပြီ။”

တားဂေါတိုင်း၏ စကားကြောင့် ကာလိုခန် ဆတ်ခနဲဖြစ်သွားသည်။ တားဂေါတိုင်းကိုကြည့်လိုက်သော် လေးနက်စူးရှသည့် မျက်ဝန်းများအရ တကယ်ပြောသည်ကို သိကာ ရင်လေး သွားခဲ့သည်။

“သူတို့က အဲ့လောက် အင်အား ကြီးနေပြီလား အမတ်ချုပ်ကြီး။”

“သူတို့က တောင်ပိုင်းကို ကောင်းကောင်းလွှမ်းမိုးထားနိုင်ပါပြီး အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ သနားညှာတာမှုကို
အခွင့်ကောင်းယူပြီး အခုချိန်မှာ မင်းသားလေး ရဲ့ တိုင်းပြည်ကို ခြိမ်းခြောက်လာတော့မှာပါ။ သူတို့ အရှေ့ဘက် ပင်လယ်ပြင်မှာ အင်အားကြီးတဲ့ရေတပ်ကို ပိုင်ဆိုင်ထားပါပြီ မင်းကြီး။”

“ရေတပ်ကို ပိုင်ဆိုင်ထားနိုင်ပြီ။ သူတို့က ပင်လယ်ဓါးပြတွေကို ဘယ်လိုအောင်နိုင်ခဲ့တာလဲ။ မဖြစ်နိုင်တာ သူတို့ ဘယ်လို လုပ်နိုင်တာလဲ။”

“ပင်လယ်ပျော် လူမျိုးစုတွေရဲ့ အကူညီကို ရသွားခဲ့ပါတယ် အရှင်မင်းကြီး။ ”

“မဖြစ်နိုင်ဘူး ။ ပင်လယ်ပျော်လူမျိုးတွေက ဘယ်တော့မှ ကုန်းပေါ် မတက်ဘူး။ အခု သူတို့ ဘယ်လိုလုပ် မဟာမိတ်ဖြစ်သွားတာလဲ။”

ကာလိုခန် မယုံကြည်နိုင်စွာရေရွတ်လိုက်သည်။

“ငွေတောင်ပြည်မှာ တင်ဂီရိ ပညာသွားသင်တယ် ဆိုတာ အလကား မဟုတ်ပါဘူး မင်းကြီး။ သူက လူငယ် မျိုးဆက်ကို သိမ်းသွင်းခြင်းဖြစ်ပါတယ်။ ပြီးတော့ ပင်လယ်ပျော် လူမျိုးခေါင်းဆောင်ရဲ့ မြေးတစ်ယောက်က ငွေတောင်ပြည်မှ ပညာဆည်းပူးနေလို့ လွယ်လွယ်ကူကူ မဟာမိတ်ဖြစ်သွားပါတယ် မင်းကြီး။ ကျွန်တော်လည်း လူလွှတ်ထားပေမယ့် တင်ဂီရိရဲ့ ပါးနပ်မှုကြောင့် မဟာမိတ်ပြုလိုက်တာကို မသိလိုက်ရပါဘူး။ အာနန်ပြည်က ရေတပ်ကို တည်ဆောက်မှ သိရှိရတာပါ။”

တားဂေါတိုင်းက စုံစေ့စွာ တင်လျှောက်လိုက်သည်။

“ကိုယ်တော် မောင်မင်းရဲ့ စကားကို နားထောင်ခဲ့ရမှာ အမတ်ချုပ်ကြီး…”

ကာလိုခန် နောင်တရစွာပြောလိုက်သည်။ မဖြစ်နိုင်သည့် သတင်းက ကာလိုခန်ကို တုန်လှုပ်သွားစေခဲ့သည်။ ပင်လယ်ပျော်လူမျိုးက မည်သည့် တိုင်းပြည်ကိုမှ သြဇာမခံသည့် ရေနတ်ဘုရားလို့ ခေါ်ရလောက်အောင် ရေတွင်ကျွမ်းသူများဖြစ်သည်။ သူတို့ကို ရအောင် ဆွဲဆောင်နိုင်မည်ဟု ကာလိုခန် အိပ်မက်ပင်မမက်ခဲ့ဖူးပါ။ ယေစုကိုင်းတို့က မြက်တော ကိုင်းတောထဲ လှည့်လည်နေထိုင်ရာမှ မိမိ လက်အောက်ကို ၀င်ရောက်လာတာ မကြာသေးပေ။ ကာလတိုအတွင်း သူက မဟာမိတ်ဖွဲ့ခြင်း၊ တိုင်းပြည်ထူထောင်ခြင်းကို မည်သည့်နည်းနှင့်မှ လုပ်နိုင်မည်ဟု မထင်သောကြောင့် ဟော်သွန်းကို မိမိ၏ သဘောထားကြီးသည့် စိတ်ကို ပြချင်လို့ တမင်ကို အသက်ချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ခပ်ရိုင်းရိုင်းနေလာသည့် မြောက်ပိုင်း မွန်ဂိုမျိုးနွယ်က တောင်ပိုင်းတွင် မည်သည်နည်းနှင့်မှ အသက်မရှင်နိုင်၊ ငတ်ပြတ်ကာ သေသွားမည်ဟု ယုံကြည်ကာ သူတို့ကို တောင်ပိုင်းကိုမောင်းချလိုက်ခြင်းဖြစ်သည်။ ယခုတော့ မိမိလည်ပင်းကို ကြိုးကွင်းစွပ်မိလျက်သားဖြစ်နေလေပြီ။ ဒါ့အပြင် သားတော် ယွမ်ချူးခန် ဆက်ခံရမည့် မိမိတို့် တိုင်းပြည်ကို ပခုံးချင်း မယှဉ်နိုင်ခင် အမြစ်ပြုတ်သုတ်သင်ပစ်ရမည်ဟု ဆုံးဖြတ်ကာ အံကြိတ်လိုက်မိသည်။

တားဂေါတိုင်းသည် စကားတစ်လုံးမှ မပြောပဲ ကာလိုခန် မင်းကြီး၏ မျက်နှာ အမူယာမှ သူ့ခေါင်းထဲ တွေးနေသည်ကို ဖမ်းယူကြည့်ကာ ကျေနပ်နေသည်။ နောက်ဆုံး ကာလိုခန်သည်လည်း မိမိ လိုချင်သည့် လမ်းပေါ်ကို ရောက်လာလေပြီ။ ယွမ်ချူးခန်ကတော့ မိမိ စကားကို နားထောင်နေပြီဖြစ်လို့ ယခု မင်းကြီးကို ရလေပြီ။ မကြာခင် တောင်ပိုင်းနိုင်ငံများကို စနစ်တကျနှင့် သိမ်းယူမည့် မိမိအကြံကို အကောင်ထည်ဖော်ရန်သာ ကြံတော့သည်။

--------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet