စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (54)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (54)


ဆူမီရာသည် ယွမ်ချူးခန်၏ ခန်းနားလှသည့် ခန်းဆောင်ထဲကိုဝင်လာပြီး ကျယ်ပြန့်သည့် နှစ်ယောက်အိပ်ကုတင်ပေါ် တဖက်ကိုလှည့်ကာ လဲလျောင်းနေသည့် ပိန်ကျသွားသည့် ကိုယ်လုံးလေးကိုကြည့်ကာ စိတ်မကောင်းစွာဖြင့်ခေါ်လိုက်သည်။

 

“ယွမ်ချူးခန်… ချူးခန်…”


“မီရာ..မီရာ..ငါ အိပ်မက်မက်နေတာလား…ဟင်… ”
 

ဆူမီရာ၏ ခေါ်သံကြောင့် ယွမ်ချူးခန် မျက်လုံးပွင့်လားပြီး လက်ကိုအတင်းဆွဲကာမေးလိုက်သည်ကိုကြားသော် ဆူမီရာ သူ့ကိုကျွန်းက မောင်းထုတ်လိုက်သလိုဖြစ်သွားသည်ကို နောင်တရသွားခဲ့သည်။ မိမိသူငယ်ချင်းက စိတ်ထားနူးညံ့လွန်း လှသည်။ ယခုလည်း အိပ်မက်ထင်ကာ ပြောနေသည့် ပုံကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။

 

“မဟုတ်ပါဘူးကွာ။ ငါ တကယ်ရောက်လာတာပါ။ မင်း နေမကောင်းဘူးဆိုလို့ အရီးတော်လာခေါ်လို့ ငါလိုက်လာတာ…”
 

“မီရာ… မင်း င့ါကို မတွေ့ချင်တော့ဘူးထင်နေတာ…ငါ့ကို မင်း နှင်ထုတ်လိုက်ကတည်းက မင်းကို ငါတွေ့ခွင့်မရှိတော့ဘူး ထင်နေခဲ့တာ…”
 

ယွမ်ချူးခန်က ဆူမီ၇ာ၏ လက်ကိုဆုပ်ကိုင်ကာ လှိုက်မောစွာပြောလိုက်သည်။ ပျော်ခြင်း၊ ၀မ်းနည်းခြင်းက ရင်ထဲရောလို့ ဖြစ်နေခဲ့သည်။

 

“ချူးခန်ရာ.. မင်းကလည်း ကလေးလေးကျနေတာပဲ။ နောင်တော်တိုလုအီ ရောက်နေလို့ မင်းကို မိသွားမှာစိုးလို့ အမြန်ပြန်ခိုင်းတာ မင်းကို ငါစိုးရိမ်လို့ပေါ့။ မင်းကို ငါခင်လို့၊ ဘေးကင်းစေချင်လို့အမြန်ထွက်ခိုင်းလိုက်တာကိုကွာ….”
 

“ငါ မသိဘူး။ ငါသိတာ မင်းငါ့ကိုမမြင်ချင်တော့ဘူးထင်နေတာ.. ငါ့အတွက် မင်းတစ်ယောက်ပဲ သူငယ်ချင်းရှိတာ။ မင်းကိုတွေ့ချင်လွန်းလို့ ပင်လယ်ကိုဖြတ်ပြီး လာခဲ့ရတာ။ ငါ ရေဘယ်လောက်ကြောက်တယ်ဆိုတာ မင်းမသိဘူး။ ဒါတောင် ဟိုလူကြီးလာရော ငါ့ကို နှင်ထုတ်လိုက်တယ်….”
 

ယွမ်ချူးခန်သည် ပြောရင်း စိတ်မထိန်းနိုင်တော့ပဲ မျက်လုံးထောင့်မှ မျက်ရည်စီးကျလာခဲ့သည်။ တကယ်ပဲ သူစိမ်း တစ်ယောက်ကြောင့် ယွမ်ချူးခန်မျက်ရည်ကျခြင်းဖြစ်သည်။ ဟော်သွန်းသည် သားတော်လေး၏ ခိုင်မြဲလှသည့် သံယောဇဉ်ကြောင့် စိတ်မကောင်းဖြစ်သွားသည်။ ကျန် အခြွေရံများကို လက်ဟန်ဖြင့် နှင်ထုတ်လိုက်သည်။

 

“တိတ်ပါ ချူးခန်ရယ်…တိတ်ပါ… ငါ ရောက်လာပြီလေ။ မင်း နေမကောင်းတာကို ပျောက်အောင်ကုပေးဖို့ ရောက်လာပြီ။ လာ..ငါသွေးကြောစမ်းပေးမယ်…”
 

“တော်ပြီ..မကုနဲ့တော့။ သေချင်သေပါစေတော့…. ငါပျောက်သွားရင် မင်းထွက်သွားဦးမှာ။ မကုနဲ့တော့ကွာ…”
 

ယွမ်ချူးခန်သည် ဆူမီရာ၏ စကားကိုကြားသော် မျက်ရည်ကျမိသည်ကို သတိရပြီးရှက်သွားကာ ဆူမီရာကိုကျောခိုင်းပြီး ဘုပြောလိုက်သည်။ ဟုတ်သည်။ ပျောက်လည်း အလကားပဲ မဟုတ်လား။ မိမိပျောက်သွားလျှင် ဆူမီရာ ပြန်သွားဦးမည်။ ဘယ်တော့မှ ပြန်တွေ့ရမည် မသိတော့ပေ။

 

“သားလေးကလည်း… သား ခုလိုဖြစ်နေရင် မယ်မယ် ပင်ပန်းရကြီးမနပ်တော့ဘူးပေါ့။ သားတော်ကို မယ်မယ်မွေးလာတာ ခုလို အသေခံဖို့မဟုတ်ဘူးလေ… ”
 

“ကျွန်တော်သေသွားတာ ပိုကောင်းပါတယ် မယ်မယ်ဘုရား။ ကျွန်တော့်ကို ဘယ်သူမှ မလိုချင်ဘူး။ ဘယ်သူမှချစ်မယ့်သူမရှိတဲ့ ဘ၀မှာ အသက်မရှင်ချင်တော့ဘူး။ မယ်မယ့်ကျေးဇူးကို နောင်ဘ၀မှ ပြန်ဆပ်ပါ့မယ်…ခုဘ၀တော့ သားတော်ကို သေခွင့်ပေးပါတော့…. ”

 

ဟော်သွန်းသည် သားတော်၏မျက်ရည်နှင့်ယူကျုံးမရ အပြောကိုတွေ့သော် ရင်ထဲလှိုက်လှိုက် လှိုက်လှိုက်နှင့်ဖြစ်လာပြီး ပျော့ခွေကျသွားတော့သည်။ ဆူမီရာသည် ယွမ်ချူးခန်ကို ချော့နေရာမှ အရီးတော်ကိုပြေးပွေ့ကာ အရေးတကြီး အမိန့်ပေးလိုက်သည်။


“မြန်မြန်…. အရီးတော်က နှလုံးအားနည်းနေတာ… သွေးကြောကို အပ်စိုက်ပြီး အရေးပေါ်ကုရမယ်…”
 

“မီရာ…မယ်မယ်… နှလုံးအားနည်းတယ်ဟုတ်လား…”
 

ယွမ်ချူးခန်သည် ဆူမီရာ၏စကားကိုကြားသော် မျက်လုံးပြူးသွားခဲ့ပြီး ဟန်ဆောင်နေသည်ကို မေ့သွားခဲ့သည်။

ဆူမီရာလည်း လှည့်မကြည့်ပဲဖြေကာ အရီးတော်ကို အမြန်ကုသနိုင်ရန် ပြင်ဆင်လိုက်သည်။

 

“ဟုတ်တယ်။ အရီးတော်က အရင်တခေါက်ကတည်းက နှလုံးအားနည်းနေတာ… အဲ့ရောဂါရှိတဲ့သူက စိတ်အေးချမ်းအောင် နေရတယ်။ လူလည်း အပင်ပန်းခံလို့မရဘူး။ အခုက မင်းနေမကောင်းတာကြောင့် စိတ်ပူတာရယ်၊ ခရီးပန်းတာရယ်ကြောင့် ပိုဆိုးလာတာ…”

 

မိဖုရားကြီး၏သတင်းကြောင့် မင်းကြီးလည်း အမြန်ပြေးလာခဲ့သည်။ ဆူမီရာ အပ်စိုက်ကုနေသည်ကို ဘေးမှရင်မပြီး စောင့်နေသည်။ ယွမ်ချူးခန်သည် ဒယိမ်းဒယိုင်နှင့်ထလာပြီး မယ်မယ်ကို စိုးရိမ်တကြီးနှင့် စိုက်ကြည့်ကာ မယ်မယ်စိတ်ပူအောင် လုပ်မိသည်ကို နောင်တရသွားမိသည်။ တကယ်တော့ ဆူမီရာ မိမိကို နှင်ထုတ်လိုက်သဖြင့် စိတ်ဆိုးပြီး တမင်ဆိုးနေခြင်းဖြစ်သည်။ မယ်မယ်သာ တခုခုဖြစ်သွားလျှင်ဆိုသည့် အတွေးကြောင့် မျက်နှာတပြင်လုံး သွေးမရှိသလို ဖြူရော်သွားခဲ့ပြီး ယိုင်ခနဲဖြစ်သွားသည်။ မင်းကြီးက သားတော်ကို အချိန်မှီထိန်းပွေ့ပြီး အတွင်းဝန်များကို အမိန့်ပေးလိုက်သည်။
 

“သားတော်ကို ကုဖို့သမားတော်ကြီးကို ခေါ်လိုက်…”

 

ဆူမီရာသည် ယွမ်ချူးခန်ကို လှမ်းကြည့်လိုက်သော်လည်း အရီးတော်ကို အပ်စိုက်နေရင်းတန်းလန်းဖြစ်နေသဖြင့် စိတ်ကိုစုစည်းကာ လုပ်လက်စကို ဆက်လုပ်နေလိုက်သည်။ ယွမ်ချူးခန်၏သွေးကြောကို မိမိစမ်းသပ်ကြည့်စဉ်က အားနည်းနေသည်ကလွဲလျှင် ကျန်တာ အရမ်းမစိုးရပေ။ ယခုလည်း အားနည်းသည့်အရှိန်နှင့် သူ့မယ်တော်ကို စိုးရိမ်သဖြင့် မူးမော်သွားတာဖြစ်နိုင်သည်ကို တွေးမိပြီး လုပ်လက်စကိုသာ ဆက်လုပ်နေသည်။

တော်ဝင်သမားတော်ကြီးက မင်းသားလေးကို နှာနှပ်ပေးပြီးနောက် သတိရအောင်လုပ်ပေးသည်။ ယွမ်ချူးခန်က သတိရရခြင်း မယ်မယ့်ဆီသွားရန်ထလိုက်သော်လည်း ခမည်းတော်က ရင်ဘတ်ကိုဖိကာ အမိန့်ပေးလိုက်သည်။
 

“နားလိုက်ဦး သားတော်။ မင်းရဲ့မယ်မယ်ကို ဆူမီရာ ကုပေးနေတယ်။ သားတော် တခုခုဖြစ်သွားရင် မယ်မယ်ပိုစိတ်ပူမယ်။”
 

ယွမ်ချူးခန်သည် ခမည်းတော်စကားကြောင့် စိတ်လျော့ပြီး နားနေလိုက်သည်။ ခေါင်းထဲချာလည်လည်ဖြစ်နေပြီး ရင်ထဲအောက်ကလီဆန်ကာ ပျို့တက်နေခဲ့သည်။ သို့သော် မယ်မယ့်အတွက် မိမိနေကောင်းအောင်နေရမည်ဟု စိတ်ပိုင်းဖြတ်ကာ သမားတော်ကြီးကို ပြောလိုက်သည်။

 

“ကိုယ်တော်ကို အားရှိတဲ့ဆေးတွေ ဖော်စပ်ပေးထားပါ သမားတော်ကြီး”
 

“အမိန့်အတိုင်းပါ အရှင့်သား…”
 

“ခမည်းတော်ဘုရား။ သားတော် ပျော့ညံ့မိတဲ့အတွက် ခွင့်လွှတ်တော်မူပါ။ မယ်မယ့်ကိုရော ခမည်းတော်ကိုရော စိတ်ပူအောင်လုပ်ခဲ့မိတယ်။ သားတော် ခုကစပြီး ကြံ့ခိုင်အောင်နေပါတော့မယ်။”

 

ကာလိုခန်မင်းကြီးသည် သားတော်၏ စကားကြောင့် ရင်ထဲဆို့အောင်ကို ၀မ်းသာသွားခဲ့သည်။ သမားတော်ကြီးပေးသည့် သည်းခြေငြိမ်ဆေးကို မော့သောက်ရင်း ဆူမီရာ မယ်မယ့်ကိုဆေးကုနေသည်ကို ငေးကြည့်နေမိသည်။ ကာလိုခန်မင်းကြီးသည်လည်း ဟော်သွန်း၏ ဖျော့တော့သော၊ အားနည်းသောပုံကို ငေးကြည့်ကာ ရင်ဝယ်နာကျင်လာမိသည်။

ဟော်သွန်းသည် အင်မတန်ကို စိတ်မာသည့် မိန်းကလေးဖြစ်သည်။ မိမိရင်ခွင်ထဲ သက်ဆင်းခဲ့သော်လည်း မာန်မချ၊ စိတ်မာန်တင်းကာ တည်ကြည်ပြတ်သားစွာနေခဲ့သည်။ သူမကိုကြည့်လိုက်တိုင်း အားနည်းနေသည်ကို ဘယ်သောအခါမှ မတွေ့ခဲ့ဖူးပါ။ ဒါကပဲ ဟော်သွန်းကို ပိုစွဲလမ်းစေသည်ထင်သည်။ ယခုတော့ ဟော်သွန်း၏ထက်မြက်သော မျက်ဝန်းများက မှိတ်နေပြီး အားနည်းပင်ပန်းနေဟန်ပေါ်သည်။ ဒီမြင်ကွင်းက ကာလိုခန်၏အသည်းကို ဓါးနှင့်စိုက်နေသလိုပင်။

 

ယွမ်ချူးခန်သည်လည်း မယ်မယ့်ကို အားကြိုးမာန်တက်ကုပေးနေသည့် ဆူမီရာ၏ပုံကို မြတ်မြတ်နိုးနိုးငေးကြည့်ကာ ဒီကောင်လေးကို လက်လွှတ်မခံနိုင်အောင် ချစ်မိသည်ကို သေချာသွားခဲ့သည်။ ဒီကောင်လေးကိုရအောင်ယူမည်။ ဘယ်လိုနည်းဖြင့် ယူရသည်ဖြစ်စေ ရအောင်ကိုယူမည်ဟု ဆုံးဖြတ်လိုက်သည်။

 

----------------------------------

ကာလိုခန်သည် အိပ်မောကျနေသည့် ဟော်သွန်းကို ငေးကြည့်ကာ စိတ်ထဲမှ စကားပြောနေမိသည်။


“ဟော်သွန်းရယ်… မင်းရဲ့ချစ်သူကိုတွေ့ခဲ့တာ မင်းကို ပိုပြီး စိတ်ထိခိုက်စေခဲ့သလား။ မင်းကို မောင်တော်ချစ်ခဲ့တာ ဒီလိုဖြစ်စေချင်ခဲ့တာမှ မဟုတ်တာကွာ။ မောင်တော့်ကို မချစ်ပေမယ့် သားလေးမျက်နှာနဲ့ မင်းနည်းနည်းတော့ တွယ်တာမိလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ ဒီနန်းတော်မှာ မင်းအတွက် သာယာတဲ့ မိသားစုလေးတစ်ခု ဖန်တီးပေးချင်ခဲ့တာပါ။ မင်းကို မောင်တော့်အသက်ထက် ပိုချစ်တယ် ဟော်သွန်း။ တကယ်လို့ မောင်တော်သာ ယေစုကိုင်းထက်အရင် မင်းကို တွေ့ခဲ့မယ်ဆိုရင် မင်းက မောင်တော့်ရင်ခွင်မှ တရက်မှမျက်နှာမညိုးပဲပျော်အောင်ထားနိုင်မှာ။ အခုတော့… မောင်တော်က လူကြမ်းကြီးဖြစ်ရပြီး ဟော်သွန်းရေ…. မင်းကိုချစ်လို့ မောင်တော် သမိုင်းကြောင်းမှာ လူယုတ်မာဖြစ်ရပြီ။ ဒါပေမယ့် မောင်တော် နောင်တမရဘူး။ တကယ်လို့ ဘယ်ဘ၀ရောက်ရောက် ဘယ်အခြေနေနဲ့ဖြစ်ဖြစ် မင်းကိုတွေ့ရင် မောင်တော်ရအောင် ယူဦးမှာပဲ…”


ကာလိုခန်သည် လနတ်သမီးလို လှပနေဆဲဖြစ်သည့် မိဖုရားကိုချစ်မြတ်နိုးစွာဖြင့် ငေးကြည့်ကာ တီးတိုးတိုင်တည်နေမိသည်။

 

“မယ်မယ်…”

ဟော်သွန်းမည်မျှငေးမောနေမိသည် မသိတော့။ ဥယျာဉ်ထဲ ငြိမ်ငြိမ်လေး နေပူဆာလှုံနေရာမှ သားတော်၏ခေါ်သံကြောင့် သတိဝင်လာခဲ့သည်။ သားတော်သည် ဆူမီရာရောက်လာပြီး သုံးရက်အတွင်း လမ်းလျှောက်လာနိုင်သည်အထိ နေပြန်ကောင်းလာခဲ့သည်။ သမားတော်များပြောသလို စိတ်ကြောင့်ဖြစ်သည်နှင့် ဆူမီရာ၏ ဆေးပညာထက်မြက်မှုကြောင့် ဖြစ်သည်။ ယွမ်ချူးခန်ကို ပြုံးကာ ဟော်သွန်းကြင်နာစွာမေးလိုက်သည်။


“သားတော်… သက်သာပြီလား…”
 

“သားတော် သက်သာလာပါပြီ၊ သားတော်လေ… မယ်မယ့်ကို ဘယ်တော့မှ ခုလို စိတ်ဆင်းရဲအောင် မလုပ်တော့ဘူး။ မယ်မယ်ဂုဏ်ယူရတဲ့ သားဖြစ်စေရဖို့ သားတော်ဆုံးဖြတ်လိုက်ပြီ။ သားတော်ကို သက်သေပြခွင့်ပဲ ပေးပါ မယ်မယ်…”
 

ယွမ်ချူးခန်သည် မယ်မယ့်ရှေ့တွင် ဒူးထောက်ထိုင်ကာ မယ်မယ့်လက်ကိုဆုပ်ကိုင်ပြီး ကတိပေးရင်း မယ်မယ်ထွက်သွားမည် စိုးရိမ်စွာဖြင့် စကားအရာနှင့်ချူပ်မိအောင်ကြိုးစားလိုက်သည်။ ဟော်သွန်းသည် သားလေး၏စကားကိုကြားသော် ပြုံးမိလိုက်သည်။ သားလေးသည် သူ့ခမည်းတော်ထက် ပါးနပ်တာတော့ အမှန်ဖြစ်သည်။ မိမိနှင့် မောင်မောင် တွေ့ဆုံခဲ့သည်ကိုသိလို့ ထွက်သွားမည်ကိုစိုးရိမ်နေသည်ကိုကြည့်ကာ မေးလိုက်သည်။

 

“သားတော်က ဘာလို့ မယ်မယ့်ကို ဒီလိုတွေပြောနေတာလဲ။ သားလေးက ထက်မြက်တဲ့သူဆိုတာ မယ်မယ်သိပြီးသားပါ။ တစ်ခုပဲရှိတယ်။ သားလေးက ငယ်ရွယ်ပြီး အတွေ့ကြုံနည်းသေးလို့ပါ။ နောင်တချိန်မှာ သားတော်က နန်ကျောင်ပြည်ရဲ့ ကြင်နာသနားတတ်ပြီး မှန်ကန်တဲ့ဘုရင်တစ်ပါးဖြစ်လာမယ့်သူပါ…”
 

“ကျွန်တော် မယ်မယ်သင်ကြားပေးတဲ့အတိုင်း အကောင်းဆုံးရှင်သန်ပါ့မယ်။ ကျွန်တော့်ကို မယ်မယ်ခွဲမသွားပါနဲ့နော်…”

 

ယွမ်ချူးခန်သည် ဘာကြောင့်ရယ်မသိ၊ ခါတိုင်းလို မာကျောပြတ်သားသည့် ပုံမရှိပဲ သိမ်မွေ့နူးညံ့နေသည့် မယ်မယ့်ပုံကိုကြည့်ပြီး ၀မ်းနည်းစိတ်တို့က လှိုက်ခနဲဖြစ်လာခဲ့သည်။


“သားတော်လေးတောင် ရင့်ကျက်လာခဲ့ပြီ။ မယ်မယ့်သားလေး လူကြီးဖြစ်လာခဲ့ပြီပဲ…. ”
 

ဟော်သွန်းသည် သားလေး၏ဆံပင်ကိုသပ်ပေးရင်းပြောလိုက်သည်။ သားလေးကို အိမ်ထောင်ပြုပေးမှဖြစ်တော့မည်။ မိဖုရားလောင်း ငါးပါးနှင့် တရားဝင်လက်ထပ်စေချင်ပြီ။

 

“ချူးခန်… သားတော်ကို မယ်မယ်လက်ထပ်စေချင်ပြီ။ မင်းရဲ့ခမည်းတော်ကို လက်ထပ်ပွဲလုပ်ခိုင်းတော့မယ်..”
 

“အာ…မယ်မယ်ကလည်း… သား လက်မထပ်ချင်သေးဘူး။ လွတ်လွတ်လပ်လပ်နေချင်သေးတယ်…”
 

“သားမငယ်တော့ဘူးလေ။ 17 ပြည့်ပြီးသွားပြီ။ မိဖုရားငါးပါးနဲ့ တခါတည်းလက်ထပ်တော့…”

 

မယ်မယ့်စကားကြောင့် ယွမ်ချူးခန် စိတ်ညစ်သွားသည်။ မိမိလက်ထပ်ချင်တာက မိဖုရားလောင်းငါးပါးမဟုတ်။ ဆူမီရာလေးကို ဖြစ်သည်။ ဒါပေမယ့် ယောကျာ်းလေးချင်းလက်ထပ်သည်ကို ခမည်းတော်နှင့် မယ်တော်က လက်ခံမည်မဟုတ်ပေ။ ဒါကြောင့် မိမိလုပ်ချင်တာ လုပ်ခွင့်ရရန်အာဏာအမြင့်ဆုံးရမှ ဖြစ်မည်ဟု တွေးလိုက်သည်။ မယ်မယ်နှင့် ဆူမီရာကို မိမိလက်မှ မည်သူမှမလုစေရဟု ဆုံးဖြတ်ပြီးနောက် မယ်မယ့်ကို မော့ကြည့်ကာ ပြုံးလိုက်ပြီး မေးလိုက်သည်။
 

“မယ်မယ်လက်ထပ်စေချင်ရင် သားတော်လက်ထပ်ပါ့မယ်။ဒါပေမယ် သားတော်ရဲ့သားသမီးတွေကို မယ်မယ့် လက်ကိုအပ်ပါတယ်။ မယ်မယ် ဆုံးမပဲ့ပြင်ပေးပါ…”
 

သားတော်၏စကားကြောင့် ဟော်သွန်း တွေငေးသွားခဲ့သည်။ တကယ်တမ်းပြောလျှင် သားကို သူ့အိမ်ထောင်နှင့်သူဖြစ်ကာ တည်ငြိမ်နေပြီး မိမိထွက်သွားလျှင် နာကျင်မှုသက်သာစေချင်သောကြောင့်ဖြစ်သည်။ ယခုသားက မိမိကို အားကိုးတကြီးနှင့် ယခုလိုပြောတော့ ဟော်သွန်းဖြေရခက်သွားသည်။ သားတော်လေးကို လိမ်လည်းမလိမ်ချင်သဖြင့် ၀မ်းနည်းစွာဖြင့် ကြည့်နေမိသည်။ ယွမ်ချူးခန်သည် မယ်မယ့်အကြည့်ကြောင့် ရင်ထိတ်သွားခဲ့သည်။ မယ်မယ်က ဘယ်တုန်းကမှ မိမိကို မလိမ်ခဲ့ဖူးပါ။ ယခု မယ်မယ် ကတိမပေးပဲ စိတ်မကောင်းစွာကြည့်နေသည်ဆိုလျှင် မယ်မယ် တကယ်ပဲ မိမိတို့ကိုခွဲသွားဖို့ ဆုံးဖြတ်ပြီးတာ သေချာနေပြီ။

 

“မယ်မယ်… သားတော်တို့ကို ထားသွားတော့မှာလားဟင်…”
ဟော်သွန်းသည် သားတော်၏အမေးကြောင့် ဆတ်ခနဲဖြစ်သွားပြီး တွေတွေငေးငေးသာကြည့်နေမိသည်။ ယွမ်ချူးခန်သည် မယ်မယ့် မျက်ဝန်းထဲမှ ပြတ်သားသည့် အရိပ်ကိုတွေ့သော် တချက်ရယ်လိုက်ပြိး ချောက်ကပ်ကပ်ပြောလိုက်သည်။

 

“သားတော်ရဲ့ ရင်သွေးတွေကို မယ်မယ် မထိန်းကျောင်းပေးဘူးဆိုရင် သားတော်အိမ်ထောင်မပြုနိုင်ဘူး မယ်မယ်… သားတော်ကို ခွင့်ပြုပါဦး မယ်မယ်…”


“သားတော်..ချူးခန်…”

 

ယွမ်ချူးခန်သည် နာကျင်စွာဖြင့်လှည့်ထွက်လာခဲ့သည်။ မယ်မယ့်စကားကိုကြားသော်လည်း လှည့်မကြည့်တော့ပါ။ ဟော်သွန်းသည် သားတော်အရမ်းစိတ်မကောင်းဖြစ်သွားသည်ကို သိသော်လည်း အဖြစ်မှန်ကို သားတော်လက်ခံမှ ဖြစ်မည်ကိုတွေးကာ သက်ပြင်းသာရှိုက်လိုက်မိသည်။ မိမိက စစ်သူကြီးယေစုကိုင်း၏ ဇနီး၊ သားတစ်ယောက် အမေဖြစ်သည်။ မိမိကို သူ့ခမည်းတော်က ချစ်ခင်စုံမက်ပြီး အတင်းဖိအားပေးကာ မိဖုရားဖြစ်စေခဲ့သည်။ ယခု မိမိ မိသားစုနှင့် ပြန်ပေါင်းထုပ်ဖို့အချိန်တန်ပြီ။ မိမိက မည်သူ့ဇနီးဖြစ်ပါစေ သားလေးယွမ်ချူးခန်၏ မယ်မယ်ဖြစ်သည်။

သူ့အပေါ် အချစ်မလျော့ဘူးဆိုတာကို သူသိမှ အဖြစ်မှန်ကို လက်ခံနိုင်မည်။ မဟုတ်လျှင် မိမိမယ်တော်ကို အခြားသူက လုယူသွားသည်ဆိုသည့်နာကြည်းမှုနှင့် သားတော်က တဖက်စောင်းနင်းဖြင့် ဆိုးသွမ်းလာနိုင်သည်။

 

ဆူမီရာသည် အရီးတော်အတွက် နှလုံးအားတိုးဆေးကိုဖော်စပ်နေစဉ် မိမိအနောက်မှ ယွမ်ချူးခန်၏အသံကို ကြားလိုက်ရသည်။
 

“မီရာ… မင်း အချိန်ရရဲ့လား…”
 

“အင်း…ရပါတယ်။ ပြောလေ… ဘာပြောမလို့လဲ..”
 

“ငါနဲ့ အပြင်ကိုခဏလိုက်ခဲ့ပေးပါလား။ ငါ စိတ်ညစ်နေလို့…”

 

ဆူမီရာသည် ယွမ်ချူးခန် စိတ်ညစ်နေသည်ကိုတွေ့သော် လုပ်လက်စက ထားရစ်ကာ နောက်မှလိုက်လာခဲ့သည်။ ယွမ်ချူးခန်က မြင်းဇောင်းကိုသွားပြီး မြင်းနှစ်ကောင်ကိုဆွဲယူလာခဲ့သည်။
 

“ငါတို့ ကျောက်ဖြူတောနားက ရေကန်ကြီးဆီကိုသွားရအောင်… ငါ နန်းတော်ထဲမှ မနေချင်ဘူး. မွန်းကြပ်လို့…”

 

ယွမ်ချူးခန်၏ပျက်ယွင်းနေသည့် မျက်နှာကိုကြည့်ပြီး အရီးတော်နှင့်ပတ်သတ်တာ တခုခုသိသွားသည်ကို ရိပ်မိကာ ခေါင်းငြိမ့်ကာ မြင်းကိုယ်စီစိုင်းပြီး မြို့ပြင်ထွက်ခဲ့သည်။ ကာလိုခန်မင်းကြီးနှင့် တားဂေါတိုင်းသည် မင်းသားနှစ်ပါး မြို့ပြင်ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချမိသည်။
 

“အရှင်မင်းကြီး… မိဖုရားကြီး တွေ့ခွင့်တောင်းနေပါတယ်…”
 

ကာလိုခန်သည် ဟော်သွန်းကိုဝင်ခွင့်ပြုပြီးနောက် စောင့်နေလိုက်သည်။ အမတ်ချုပ်ကြီးက အလိုက်တသိ အရိုသေပေးကာ အဆောင်မှထွက်ခွာသွားခဲ့သည်။ ကာလိုခန်မင်းကြီးသည် အဆောင်ထဲဝင်လာသည့် မိဖုရားကြီးကို ပြုံးကာဆီးကြိုပြီး ပြောလိုက်သည်။

 

“ဘာလို့ ကိုယ်တိုင်လာခဲ့တာလဲ ဟော်သွန်းရယ်။ မောင်တော့်ကို အခေါ်လွှတ်လိုက်ရင် ရလျက်နဲ့…”
 

“ကျွန်မ သားတော်လေးရဲ့ရှေ့ရေးကို တိုင်ပင်ချင်လို့ပါ မင်းကြီး။ သားတော်လေးကို လက်ထပ်ပေးချင်ပြီ။ ”
 

“သားတော် အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ပေးဖို့ သဘောတူထားတယ်မလား။ ဘာလို့ ချက်ချင်း လက်ထပ်ပေးချင်တာလဲ..”
 

“ကျွန်မက အချိန်မရွေးသေသွားနိုင်တယ် မင်းကြီး။ ဒါကြောင့် သားတော်ရဲ့ မင်္ဂလာကို မြင်ချင်လို့ပါ။ မင်းသမီးလေး ငါးပါးစလုံးကလည်း သားတော်ကို မြတ်နို်းကြတယ်။ သားတော်လည်း လူကြီးဖြစ်ဖို့အချိန်တန်ပြီလို့ ယူဆလို့ပါ…”
 

“သားတော်က သူတို့ကိုမချစ်ဘူးဆိုတာ ဟော်သွန်းသိလျက်နဲ့… မောင်တော်တောင် သားတော်ကို နိုင်ငံရေးအရ စေ့စပ်ပေးခဲ့တာကို နောင်တရနေမိပြီ။ ”
 

“ဒါကတော့ သူလုပ်ရမယ့် အလုပ်တွေမဟုတ်လား မင်းကြီး။ ဘာဖြစ်ဖြစ် သားသမီးရသွားရင် သူ တည်ငြိမ်စိတ်ဝင်သွားမယ်လို့ ကျွန်မ တွေးမိလို့ပါ။ ”
 

“သားသမီးရတာနဲ့ တည်ငြိမ်စိတ်ဖြစ်တယ်ဆိုတာ တခြားစီပါ ဟော်သွန်းရယ်။ မောင်တော်ဆို သားလေး ဒီအရွယ်သာရောက်လာတယ်။ ဟော်သွန်းနဲ့ပတ်သတ်လာရင် မောင်တော့်ရင်မှာ ဘယ်လိုမှ မတည်ငြိမ်နိုင်သေးဘူး။ ”
 

ကာလိုခန်သည် ဟော်သွန်း၏လက်ကိုဆုပ်ကိုင်ကာ ငြင်သာစွာပြောလိုက်သည်။ ဟော်သွန်းသည် လက်ကိုချက်ချင်းရုပ်ကာ မင်းကြီးကို စိုက်ကြည့်ပြီး ပွင့်လင်းစွာမေးလိုက်သည်။

 

“မင်းကြီးက သားတော်ကို လက်ထပ်ပေးဖို့ အချိန်မတန်သေးဘူးလို့ ယူဆတာလား..”

 

ကာလိုခန်သည် ဟော်သွန်းကို ရင်နာစွာစိုက်ကြည့်ပြီးပြောလိုက်သည်။ မိမိ ဘယ်လောက် အောက်ကျို့ပြောနေသော်လည်း ဟော်သွန်း၏ စိတ်အာရုံထဲတွင် ယေစုကိုင်းကလွဲပြီး ဘာမှကို မမြင်တော့သည်ကို တွေးကာ ရင်ဘတ်ထဲမှ တစုံတခု ကျကွဲ သွားသလိုခံစားလိုက်ရသည်။
 

“သားတော် လက်ထပ်ချင်တယ်ဆိုရင် သူလက်ထပ်ချင်တဲ့သူ ဘယ်သူဖြစ်ဖြစ် မောင်တော် မင်္ဂလာပွဲကျင်းပပေးမယ်။ သားတော်ရဲ့သဘောပဲ…”

 

ကာလိုခန်၏ ပြတ်သားသည့် စကားကြောင့် ဟော်သွန်း ရင်ထဲထင့်ခနဲဖြစ်သွားခဲ့သည်။ မင်းကြီး၏စကားက နိမိတ်မကောင်းစွာဖြင့် ဟော်သွန်းကို စိုးထိတ်သွားစေသည်။ သူတို့ သားအဖ ဘာထပ်ကြံထားပြီလဲဟု တွေးလိုက်မိသည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet