Chapter -15

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (15)

“ဆူမီရာ..”

“ဗျာ.. နောင်တော်…”

ဆူမီရာသည် နောင်တော်နှင့် အတူဆေးပင်များကိုပြုစုနေရာမှ နောင်တော်၏ ခေါ်သံကြောင့်ထူးလိုက်သည်။

“နောင်တော် နောက်သုံးလ နေရင် အာနန်ပြည်ကို ပြန်ရတော့မယ်…”

ဆူမီရာ၏ လက်မှ ရေကရားလွှတ်ကျသွားခဲ့သည်။

သူတို့က သက်တန့်တောင်ပေါ်က ထန်ဖိုးဖိုး၏ ဆေးပင်စိုက်ခင်းထဲတွင် ဆေးပင်များကို ပြုစုရင်း စကားပြောနေရာမှ တင်ဂီရိက ပြောလိုက်ခြင်းဖြစ်သည်။ ဆူမီရာသည် နောင်တော် ပြန်သွားမည်ကိုပင် မေ့နေခဲ့ရာမှ မထင်မှတ်ပဲ နောင်တော်နှင့်ခွဲရတော့မည်ကို ကြားလိုက်ရစဉ် ရုတ်တရက် မထိန်းနိုင်ပဲ ရေကရားလွှတ်ကျသွားခြင်းဖြစ်သည်။

“ဆူမီရာ…”

တင်ဂီရိသည် ဆူမီရာ၏ မျက်နှာ ဖြူယော်ကာ ကျောက်ရုပ်လေးလိုဖြစ်သွားသဖြင့် ဆူမီရာ၏ ပုခုံးကို လှုပ်ခါပြီး စိုး၇ိမ်တကြီးခေါ်လိုက်သည်။

“ဟင့်အင်း…. နောင်တော် မပြန်ပါနဲ့အုံး။ နောက်ထပ် တစ်နှစ် ထပ်နေပါဦး။”

ဆူမီရာ၏ မျက်လုံးထဲမှ မျက်ရည်များက တာတမံကျိုးကျသည့်ပမာ စီးကျလာပြီး နောင်တော့် လက်ကို ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။ ဆူမီရာ အဆင်သင့်မဖြစ်သေးပါ။ နောင်တော့်နှင့်ဝေးရမည်ဆိုသည့် အသိက ဆူမီရာကို မည်သည့်အရာကိုမှ မစဉ်းစားနိုင်အောင်ကို ထုံထိုင်းသွားစေတော့သည်။

“ဆူမီရာ… ကြည့်စမ်း မျက်ရည်တွေ ကျလာလိုက်တာ။ ကလေးလေး ကျနေတာပဲ။ လာ နောင်တော် မျက်ရည်သုတ်ပေးမယ်။”

တင်ဂီရိက ဆူမီရာ၏ ကိုယ်လေးကိုလှုပ်ခါပြီး ပြောလိုက်သည်။ သို့သော် ဆူမီရာက ခွဲမသွားရန်သာ တောင်းပန်နေသည်။ ဆူမီရာလေး၏သံယောဇဉ်ကြိုးကို သိလိုက်ရတော့ တင်ဂီရိ ရင်မောသွားသည်။

“နောင်တော်… ကျွန်တော့်ကို ခွဲမသွားပါနဲ့။ ဒီမှာနေပါ။ ဒီမှာပဲနေပါနော်။”

“ဆူမီရာ နောင်တော့်ကို ကြည့်စမ်း… နောင်တော်က ဒီမှာ သုံးနှစ်ပဲ ပညာလာသင်တာလေ။ အချိန်တန်ရင် ကိုယ့်တိုင်းပြည်ကို ပြန်ရမယ်။ ကိုယ်သင်ထားတဲ့ ပညာနဲ့ ကို့တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်ရမယ်လေ။ တကယ်လို့ နောင်တော် ဒီမှာပဲနေရင် နောင်တော့် တိုင်းသူပြည်သားတွေက ဆင်းရဲတွင်းနေရ နစ်မြှု့ပ်သွားမယ်။ ”

တင်ဂီရိသည် ဆူမီရာကို အကျိုးသင့် အကြောင်းသင့် ဖြောင့်ဖြရန် ကြိုးစားလိုက်သည်။ ဆူမီရာလေးကို နာကျင်ကြေကွဲပြီး မနေခဲ့စေချင်ပါ။ မိမိချစ်သော ကလေးလေးကို ပူဆွေးမှုများကြား မထားခဲ့ချင်ပါ။

“ဟင့်အင်း။ ဦးရီးတော် ယေစုကိုင်းက တိုင်းပြည်ကိုအုပ်ချုပ်လိမ့်မယ်။ နောင်တော် မပြန်ပါနဲ့။ မပြန်ပါနဲ့ ဟီး..အီး..အီး…”

ဆူမီရာက နားမ၀င်ပါ။ သူသိတာက နောင်တော် မိမိကိုခွဲသွားမည်။ မိိမိနှင့် ဘယ်တော့မှ မတွေ့ရတော့ဘူးဆိုသည့် အသိက ဆူမီရာ၏ စဉ်းစားဥာဏ်ကို ပိတ်ဆို့သွားစေသည်။

“ဆူမီရာလေး…ဘာလို့ ငိုနေတာလဲ..”

“ဖိုးဖိုး…နောင်တော်က နောက်သုံးလနေရင် အာနန်ပြည်ကို ပြန်တော့မယ်တဲ့… နောင်တော် မပြန်အောင် တားပေးပါ။ ဟီး…အီး…အီး…”

ဆူမီရာသည် နောင်တော် မည်မျှ ဖြောင့်ဖြသည်ဖြစ်စေ မိမိခေါင်းထဲတွင် နောင်တော် နှင့်ခွဲရတော့မည် ဆိုသည့် အသိသာ လွှမ်းမိုးနေပြီး ဆောက်တည်ရာ မရဖြစ်နေစဉ် ဖိုးဖိုး၏ အသံကိုကြားတော့ နောင်တော် တင်ဂီရိထံမှ ဖိုဖိုးကို အားကိုးတကြီးပြေးဖက်ကာ ငိုယိုပြီး တိုင်ပြောလိုက်သည်။ ဖြစ်နိုင်ရင် ဖိုးဖိုးရဲ့ အမိန့်နဲ့ နောင်တော့်ကို တားမြစ်စေချင်သည်။

“မြေးလေးကလည်းကွယ်။ တင်ဂီရိက အာနန်ပြည်မှာ လုပ်စရာတွေ အများကြီးရှိတယ်လေကွယ်။ မြေးလေးလည်း သိသားနဲ့။ ကလေးလည်း မဟုတ်ဘူး။ ခုလိုမဆိုးရဘူးလေ။ ဆူမီရာက ခုလိုဆိုးရင် နောင်တော်က ဘယ်စိတ်ကောင်း မလဲ။ သုံးလတောင် နောင်တော်နဲ့ အတူနေဖို့ အချိန်ရသေးတယ်လေ။ ပြီးတော့ နောင်တော် တင်ဂီရိကို နောက် ဘယ်တော့မှ မတွေ့ရတာမှ မဟုတ်တာကွယ်။ ”

ထန်ဖိုးဖိုးသည် ဆူမီရာလေး၏ ခေါင်းကို အသာလေး သပ်ပေးပြီး ပြောလိုက်သည်။ စိတ်တော့မကောင်းပါ။ သို့သော် တင်ဂီရိ သွားရမည့် အချိန်ရောက်သည်ကို မိမိသိသည်။ မိမိတားလို့လည်း မရတော့ပေ။ အရှေ့ဘက်မှ နဂါးနက် နိုးထမည့် အချိန်ရောက်နေပြီ။ အချိန်ကျလာလေပြီ။

“ဟီး..အီး..အီး… မသိဘူး။ နောင်တော်က ပြန်သွားရင် ဆူမီရာကို ဘယ်တော့မှ ပြန်လာတွေ့မှာ မဟုတ်တော့ဘူး။ အခုတောင် ဖိုးဖိုးဆီလာတဲ့ အချိန်လေးပဲ နောင်တော့်နားကပ်ရတာ။ နောင်တော်က ဆူမီရာကို မေ့သွားတော့မှာ။ ဟီး…. ”

တင်ဂီရိသည် ဆူမီရာလေး ငိုနေသည်ကိုကြည့်ပြီး ရင်ထဲ တဆစ်ဆစ်ဖြစ်လာခဲ့သည်။ မိမိ လက်ပေါ်ကြီးလာသည့် ကလေးလေးကို အခုလို ၀မ်းနည်းပက်လက်ဖြစ်နေသည်ကို ဘယ်လိုမှ မမြင်ရက်ပါ။ ထို့ကြောင့် ဆူမီရာကို ကြည့်ကာ ကတိပေးလိုက်သည်။

“နောင်တော် ဆူမီရာကို လတိုင်းလာမတွေ့နိုင်ရင်တောင် သုံးလ တစ်ခါတော့ လာတွေ့ပါ့မယ်။ ”

“ဟီး…အီး..အီး… လိမ်ပြောတာ။ နောင်တော်က အခုတောင် ဆူမီရာကို အရေးမစိုက်တာ။ မယုံဘူး။”

ထန်ဖိုးဖိုးက ပြုံးရယ်က တင်ဂီရိကို ပြောလိုက်တော့သည်။

“ကဲ..ကဲ… တင်ဂီရိကပဲ မြေးလေးကို ရအောင် ချော့ပေတော့။ ဖိုးဖိုး ချော့လို့၇မှာ မဟုတ်ဘူး။”

“ဆူမီရာလေး…လာ..လာ…”

“မလာဘူး။ နောင်တော်က ဆူမီရာ့ကို ထားသွားတော့မှာ… ”

ဆူမီရာသည် နောင်တော့် လက်မှ လွတ်အောင် ထွက်ပြေးတော့သည်။ မိမိ ဒီလောက် မျက်ရည်ကျအောင် ငိုသည့် တိုင်အောင်မသွားတော့ပါဟု တစ်ခွန်းမှ မပြောသည့် အတွက် ဆူမီရာ နောင်တော့်ကို လုံးဝ မကျေနပ်ပါ။ ထို့ကြောင့် နောင်တော့်ကို ထားရစ်ကာ ဝေးရာကို ပြေးထွက်လာခဲ့သည်။

“ဆူမီရာ ဘယ်ပြေးတာလဲ။ မပြေးနဲ့လေ….”

ဆုမီရာက နောင်တော့်စကားကို ဆက်နားမထောင်တော့ပဲ ခြေဦးတည့်ရာကို စွတ်ပေးခဲ့တော့သည်။ ပြေးရင်း မျက်ရည်ပူများက ပါးပေါ်သို့ဖြတ်စီးသွားခဲ့သည်။

“နောင်တော် ခွဲထားတော့မယ်။ နောင်တော် ပြန်တော့မယ်… ဟင့်အင်း…”

ဆူမီရာ၏ စိတ်ထဲတွင် ထိုအတွေးသာ ဖုံးလွှမ်းနေခဲ့သည်။ နောင်တော်နဲ့ အတူ တစ်သက်လုံး နေသွားရမည်လို့ မိမိစိတ်ထဲ ယုံကြည်ထားခဲ့သည်။ နောင်တော်နဲ့ ခွဲဖို့ တစ်ခါမှ မစဉ်းစားဖူးလို့ ဆူမီရာ အရမ်းကို တုန်လှုပ်သွားပြီး ပြေးမိပြေးရာ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ နောင်တော် ချော့မည်ကိုလည်း မခံချင်ပါ။ နောင်တော်ချော့တာ လိုချင်တာ မဟုတ်။ မိမိကို မခွဲပဲ အတူနေသည် ဆိုသည့် စကားကိုပဲ လိုချင်နေမိတာ ဆူမီရာ ပဲသိသည်။

“ဗုန်း…”
“အင့်…”

“ဆူမီရာ…ဆူမီရာ… နောင်တော် ပြောတာကို နားထောင်စမ်း…”

“ဟင့်အင်း.. နားမထောင်ဘူး။ ဆူမီရာကို လွှတ်။ လွှတ်….”

တင်ဂီရိသည် ယုန်ကလေးလို လှစ်ခနဲနေအောင် ပြေးထွက်သွားသည့် ဆူမီရာနောက်ကို မှီအောင် ပြေးလိုက်ကာ ရှေ့မှ ဖြတ်ပြီး ပိတ်ရပ်ရင်း မိမိကိုဝင်တိုးသည့် ကိုယ်လေးကို တင်းနေအောင် ဖက်ထားလိုက်သည်။ ဒါတောင် အသည်းအသန် ရုန်းကန်နေသည့် ကလေးလေးကို ပုခုံးပေါ်ထမ်းတင်ကာ ခေါ်ချလာခဲ့သည်။ ဆူမီရာက ပုခုံးပေါ်မှ ငိုယိုရုန်းကန်က ပါလာခဲ့သည်။

ဆူမီရာလေး၏ မျက်ရည်က မိမိ ကျောပြင်ကိုပင် စိုစွတ်လာစေသည်။ တင်ဂီရိသည် ဆူမီရာ၏ ၀မ်းနည်းပက်လက်ပုံ ကိုကြည့်ကာ ရင်ထဲ နင့်နင့်နဲနဲကို နာကျင်လာခဲ့သည်။ သံယောဇဉ်က တင်းလွန်းလှသည်။ နှလုံးသားကို ရစ်ပတ်ထားသည့် ဒီကြိုးကို မိမိလည်း ဖြတ်နိုင်မည် မဟုတ်ပေ။ အင်မတန်ကို စိတ်ထားနုနယ်သေးသည့် ကလေးလေးက ပိုလို့ နာကျင်ခံစားရမည်ကို နားလည်သည်။ ထို့ကြောင့် ရေတံခွန်နားကို ဆူမီရာကို ခေါ်လာပြီး ချပေးလိုက်သည်။

ဆူမီရာက အောက်ကို ချပေးသည်နှင့် ထွက်ပြေးမည်အပြု နောင်တော်က သူ့ရင်ခွင်ထဲ တင်းနေအောင်ဖက်ထားကာ ပါးပြင်လေးကို ပထမဆုံးနမ်းလိုက်ပြီးပြောသည်။

“နောင်တော် ဆူမီရာကို ချစ်တယ်… နောင်တော် ဆူမီရာကို ဘယ်တော့မှ ထားမသွားခဲ့ဘူးလို့ ကတိပေးတယ်။”

နောင်တော့် စကားကိုကြားသော် ဆူမီရာ ရုတ်တရက် ငြိမ်ကျသွားပြီး မော့ကြည့်လိုက်သည်။ တကယ်ပြောနေသည်ကို သိသော် မျက်ရည်က စီးကျလာပြန်သည်။ ဒီတစ်ခါ စီးကျလာတာက ၀မ်းသာလို့ စီးကျလာသော မျက်ရည်ဖြစ်သည်။

“ဒါ…ဒါ.. ပေမယ့် နောင်… နောင်တော်..က… အာနန်..ပြည်ကို ..ပြန်တော့..မယ်..”

“အင်းလေ…. နောင်တော်က ပိုကောင်းတဲ့ နိုင်ငံတစ်ခုကို တည်ဆောက်မယ်။ ပြီးရင် နောက် ခုနှစ်နှစ်နေရင် ဆူမီရာကို လာခေါ်မယ်။ အာနန်ပြည်မှာ ဆူမီရာလေးကို ထားမယ်။ ”

“နောင်.. နောင်တော့် မိဖုရားတွေက… ဆူမီရာ့ကို ..သတ်..သတ်မှာပေါ့..”

“အဲ့မိဖုရားတွေကို သေဒဏ်ပေးလိုက်မယ်။ ဘယ်သူမှ နောင်တော့် ညီလေးကို မထိစေရဘူး။”

တင်ဂီရိ၏ စကားက ဆူမီရာကို ချက်ချင်းပြုံးသွားစေသည်။ ဆူမီရာ ကျေနပ်သွားသည်။ ပျော်လည်းပျော်သွားသည်။

“ဆူမီရာက အမတ်လုပ်ရမှာလား။”

“ဘယ်ကလာ။ နောင်တော်နဲ့ အတူ အာနန်ပြည်ကို ပူးတွဲအုပ်ချုပ်ရမှာ။”

ထိုစကားကိုကြားသော် ဆူမီရာက မျက်လုံးပေါက်ပိတ်သွားသည်အထိ ရယ်လိုက်မိသည်။ တချက်တချက် ရှိုက်နေသေး သော်လည်း မျက်ရည်များက တိတ်သွားလေပြီ။

“တကယ်နော်..နောင်တော်… ကတိ…”

“အင်း…ဒီ သက်တန့် ရေတံခွန်ကို သက်သေတည်ပြီး ပြောတာပါ။ နောင်တော့် ကတိဖျက်ခဲ့ရင် ဒီ သက်တန့်ရေတံခွန်ပေါ်ကနေ ကျသေပါစေ…”

“ဟင့်အင်း..အဲ့လို မကျိန်ပါနဲ့။ ဆူမီရာ ယုံပါတယ်…”

ဆူမီရာက နောင်တော့ ပါးစပ်ကို လက်လေးနဲ့ အသာပိတ်ကာ ပြောလိုက်သည်။ တင်ဂီရိက လက်လေးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

“အဲ့ချိန် ဆူမီရာ အာနန်ပြည်ကို လိုက်မနေပါဘူးဆိုရင် နောင်တော် ဘာလုပ်ရမှာလဲ…”

“နောင်တော်ကလည်း။ ဆူမီရာက လိုက်နေမှာပါ။ နောင်တော် ရှိတဲ့နေရာ ဆူမီရာရှိနေမယ်။ နောင်တော်နဲ့ ဆူမီရာက သေအတူ ရှင်အတူ နေသွားမှာ။ ”

“တကယ်ပြောတာလား ကလေးလေးရယ်။”

“တကယ်ပြောတာ နောင်တော်။ စောင့်ကြည့်ပေးပါ။ ဆူမီရာက ကလေးမို့ ဆူမီရာ့ စကားကို မယုံဘူးဆိုရင် ဆူမီရာ အလုပ်နဲ့သက်သေပြပါ့မယ်။ ဆူမီရာက နောင်တော်နဲ့ အတူနေမယ်။ နောင်တော် ဘယ်သွားသွားလိုက်မယ်။ ”

“ချစ်သထက် ချစ်အောင် ပြောတတ်လိုက်တာ ဆူမီရာလေးရာ…”

တင်ဂီရိသည် ဆူမီရာလေးကို တင်းနေအောင်ဖက်ပြီး ညည်းညည်းလေးပြောလိုက်မိသည်။ ဒီကလေးကို မိမိတကယ့်ကို ချစ်နေမိပြီဆိုတာ တင်ဂီရိ ကိုယ့်ဖာသာပဲသိသည်။တကယ်လည်း သူလေးကို ကတိပေးသည့် အတိုင်း လုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ အာနန်ပြည်ကို တိုးတက်အောင်လုပ်ပြီး မိမိနန်ုးတော်တွင် ဆူမီရာလေးကို နန်းတင်မည်။

ကာလိုခန် မင်းကြီးသည် မိမိကြားလိုက်သည့် သတင်းစကားကြောင့် ဒေါသတကြီးဖြစ်ကာ အမတ်ချုပ်ကြီးကို ခေါ်ရန် အပါးတော်မြဲကို အသံကုန်ဟစ်ကာ အမိန့်ပေးလိုက်သည်။ အပါးတော်မြဲ အတွင်းဝန်များက မင်းကြီး ဒေါသအိုး ပေါက်ကွဲနေသဖြင့် အချင်းချင်းလက်တို့က အသာငြိမ်နေကြသည်။

“အမတ်ချုပ်ကြီးကို ခေါ်လိုက်စမ်း…”

“အရှင်မင်းကြီး ကျွန်တော်မျိုးရောက်လာပါပြီ… ”

အမတ်ချုပ်ကြီးက တည်ငြိမ်စွာဖြင့် ၀င်လာပြီး မင်းကြီးကို ဦးညွတ်ကာလျှောက်တင်လိုက်သည်။ ကာလိုခန်သည် အမတ်ကြီးကို ဒေါသနှင့် ကြည့်ကာ မေးလိုက်သည်။

“တောင်ပိုင်းကိုသွားတဲ့ ကုန်သွယ်လမ်းမကို အမတ်ချုပ်ကြီး အမိန့်နဲ့ပိတ်ပစ်တယ်ဆို… ဟုတ်လား။ ”

“ဟုတ်ပါတယ် မင်းကြီး။”

အမတ်ချုပ်ကြီး တားဂေါတိုင်း၏ ၀န်ခံစကား က ကာလိုခန်၏ ဒေါသကို ပိုပြီး အရှိန်မြှင့်ပေးလိုက်သည်။ မိိမိက နန်ကျောင်ပြည့်ရှင်ဖြစ်ပြီး ဖြစ်သမျှကို မိမိမသိတာကို မကြိုက်ပေ။

“ကျုပ်ကို ဘာကြောင့်အသိမပေးပဲ ပိတ်ဆို့လိုက်ရတာလဲ။ အခု မြောက်ပိုင်း ဝေနိုင်ငံ၊ ၀ူနိုင်ငံ တို့က သံတမန်လွှတ်ပြီး မေးခိုင်းနေပြီ။ သူတို့တိုင်းပြည် ၀င်ငွေလျော့အောင် လုပ်နေတယ် ဆိုပြီး လမ်းကြောင်းကို ဖွင့်ခိုင်းတယ်။ မဖွင့်ရင် နန်ကျောင်ပြည်ကို ဆန့်ကျင်မယ့် အရိပ်ယောင်တွေ ပြနေတယ်..”

“အာနန်ပြည် အင်အား ကြီးထွားစပြုလာပါပြီ အရှင်မင်းကြီး။”

တားဂေါတိုင်းသည် စကားတစ်ခွန်းတည်းဖြင့်ဖြေလိုက်သည်။ မင်းကြီးနားလည်မည်ဟု ထင်ပါသည်။

“အဲ့ဒါနဲ့ လမ်းပိတ်ဆို့တာ ဘာဆိုင်လို့လဲ။”

အမတ်ကြီးသည် မင်းကြီး ၏ အရေးမစိုက်ပဲ ဆက်မေးလိုက်သည့် စကားကြောင့် စိတ်ထဲ အနည်းငယ်တော့ ဒေါပွသွားသည်။ နန်ကျောင်ပြည်၏ အဓိက ရန်သူကြီး အင်အားကို မိမိဖြတ်တောက်နေသည်ကို မင်းကြီး မမြင်နိုင်အောင် အချစ်ခိုးတွေ ဖုံးနေတာကတော့ စိတ်ပျက်စရာကောင်းလှသည်ဟု တွေးလိုက်ပြီး မင်းကြီးကို နားလည်အောင်အသေးစိတ်ကို တင်လျှောက်လိုက်သည်။

“ကျွန်တော်မျိုးတို့ နန်ကျောင်ပြည်ရဲ့ ရန်သူကို ဆက်လက်မကြီးထွားစေဖို့ အနုနည်းနဲ့ သတ်မလို့ ပိတ်ခိုင်း လိုက် တာပါ မင်းကြီး။ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် လိုအပ်တာ အားလုံးကို လုပ်ဆောင်ပေးနေခြင်းပဲဖြစ်ပါတယ် မင်းကြီး။”

“အမတ်ချုပ်ကြီး က ကိုယ်တော့်ကို ကျော်ပြီး လုပ်နေတာ လုပ်သင့်တယ်လို့ ထင်လို့လား။”

ကာလိုခန်သည် အမတ်ကြီး ပြောသည်ကို သဘောပေါက်သော်လည်း ဘုရင်ကသာ ပေးနိုင်သည့် အမိန့်ကိုပေးပြီး တိုင်းပြည်တစ်ခုလုံးကို ထင်သလို လုပ်နေသည့် အမတ်ချုပ်ကြီကို ကြည့်ကာ မေးလိုက်သည်။

“ကျွန်တော်မျိုးက အရှင်မင်းကြီး အကျပ်တည်းမတွေ့အောင် ခေါင်းခံပြီး လုပ်လိုက်တာပါ။ မိဖုရားကြီးနဲ့ အရှင်မင်းကြီးကြားက ဆက်ဆံရေးကို မပျက်စီးစေချင်လို့ ကျွန်တော်မျိုး ခေါင်းခံပြီး လုပ်နေခြင်းပဲဖြစ်ပါတယ်။”

ခန်မင်းကြီး ငြိမ်သက်သွားခဲ့သည်။ အမတ်ကြီးပြောသည့် သဘောနှင့် စေတနာကို သိလိုက်ပြီး သက်ပြင်းချလိုက်ကာ အားကိုးရာမဲ့ မေးလိုက်သည်။

“အမတ်ကြီး လုပ်လည်း ကိုယ်တော် မတားရကောင်းလားဆိုပြီး မိဖုရားကြီးက ကိုယ်တော့်ကို အပြစ်တင်မှာပဲလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်တော်တော့ ဒီလို အမုန်းပွားပြီး တင်းမာတဲ့ အခြေနေကို ဖြေရှင်းပြီး အေးအေး ချမ်းချမ်းနေချင်ပြီ အမတ်ကြီး။ ဖြစ်နိုင်ရင် နည်းလမ်းရှာပေးပါ။ ကိုယ်တော့်အတွက် မဟုတ်ဘူး။ သားတော်လေး လက်ထပ် နန်ကျောင်ပြည်ကို စစ်မက်ဘေးက ကင်းဝေးစေချင်တယ်။ ”

“ကျွန်တော်မျိုးလည်း မင်းသားလေး အတွက် တွေးပြီးခုကတည်းက အာနန်ပြည်ကို နှိပ်ကွပ်ဖို့ လုပ်နေတာပါ။ အာနန်ပြည်က နန်ကျောင်ပြည်ကို ဘယ်တော့မှ ကျေအေးမှာမဟုတ်ဘူး။ ဒီတိုင်းပြည်က နှစ်တိုအတွင်းကို အင်အားကြီးလာတယ်။ တိုင်းပြည်တစ်ခုကို ခိုင်ခိုင်မာမာ တည်ထောင်ထားနိုင်ပြီ။ ယေစုကိုင်းက ဒီလောက် အစွမ်းအစ ရှိမယ် မထင်ထားခဲ့လို့ လွှတ်ပစ်လိုက်တာ ကျွန်တော် မျိုး အမှားကြီးမှားသွားတယ်။ တကယ်ဆို နန်ကျောင်ပိုင်နက်က ထွက်သွားကတည်းက နောက်က လိုက်ပြီး လုပ်ကြံခိုင်းလိုက်ရမှာ။”

အမတ်ကြိး တားဂေါတိုင်းက မင်းကြီးကို ပြတ်သားစွာပြောလိုက်သည်။ တကယ်ဆို ထိုသို့လုပ်ပါလို့ မိမိ အတန်တန်ပြောသည့်စကားကို ပယ်ခဲ့လို့ ယနေ့လို အခက်ကြုံရတာကို တားဂေါတိုင်း အားမလို အားမရဖြစ်နေမိသည်။

“အဲ့လို လုပ်ကြံရင် သားတော်လေးကို ဟော်သွန်းက ဘယ်မွေးပေးမလဲ။ ပြီးတော့ ကိုယ်တော့် မိဖုရား ဘယ်လုပ်တော့မှာလဲ အမတ်ကြီးရယ်။ ”

“အရှင်မင်းကြီးက သနားကြင်နာတတ်တာကို အခွင့်ကောင်းယူပြီး မိဖုရားကြီးက အကြပ်ကိုင်သွားခဲ့လို့ပါ။ တကယ်ဆိုရင် သူ့မျိုးနွယ်က မိန်းမနဲ့ ကလေး တချို့ကို ခေါင်းဖြတ်သတ်ပြရင် မိဖုရားကြီးက မင်းကြီးကို ဒီလို မလွှမ်းမိုးနိုင်ပါဘူး။ အခုတော့…”

ခန်မင်းကြီး က ဆက်ပြီး နားမထောင်ဝံ့တော့သဖြင့် အမတ်ကြီးကို လေသံပြတ်ဖြင့် တားလိုက်သည်။ မိမိသာ ဒီလို လုပ်လိုက်လျှင် ဟော်သွန်း၏ ရုပ်အလောင်းကိုသာ ရမည်ကို မိမိအသိဆုံးဖြစ်သည်။

“တော်တော့ အမတ်ကြီး။ ဖြစ်ပြီးခဲ့တာက ဘာမှ ပြောင်းလဲလို့မရတော့ဘူး။ ကိုယ်တော်ကိုယ်တိုင် ဟော်သွန်း စိတ်ဆင်းရဲမှာကို မလုပ်ရက်လို့ ဒီလို ဆုံးဖြတ်ခဲ့တာ။ အခု လက်ရှိ ကုန်သည်လမ်းမကို ဘယ်လို ဆက်လုပ်ကြမလဲ။”

“ကျွန်တော်မျိုး နောက် တစ်လထိ ဆက်ပိတ်ထားမှာပါ မင်းကြီး။”

“ဝေနိုင်ငံက စစ်ကြေငြာလိမ့်မယ်။”

ကာလိုခန်က အမတ်ကြီးကို စာချွန်လွှာပြပြီး ပြောလိုက်သည်။ မင်းကြီးလက်ထဲက စစ်ကြေငြာရန် ခြိမ်းခြောက်စာကို ကြည့်ကာ အမတ်ကြီးက အေးစက်စွာပြောလိုက်သည်။

“ကျွန်တော်မျိုး စီစဉ်ထားပြီးပါပြီ။ ဝေဘုရင်နဲ့ သားတော်ကြီး အိမ်ရှေ့မင်းသားကို ဒီနေ့ည လုပ်ကြံပြီး သူ့ရဲ့ သားတော် အလတ်ကို နန်းတင်မယ်။ နောက်တက်မယ့် ဝေဘုရင်က ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ သစ္စာကို ခံယူပါ လိမ့်မယ်။ ပြီးတော့ သူ့ရဲ့ သမီးတော်လေးကို နန်းတွင်းမှာ မင်းသားလေးရဲ့ မိဖုရားလောင်းအနေနဲ့ တန်ဆာခံ ခေါ်ထားလိုက်ပါ့မယ် အရှင်မင်းကြီး။ ”

ခန်မင်းကြီးသည် အမတ်ချုပ်ကြီး၏ စေ့စပ်သေချာသော အစီစဉ်ကို ကြားသော် အနည်းငယ်စိတ်သက်သာရာ ရသွားတော့သည်။

“ဒါဆို ကျိုးနိုင်ငံတို့ကိုရော…. ”

“သူတို့ နည်းနည်းတော့ ရှိန်သွားပါလိမ့်မယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးကို ယုံကြည်တော်မူပါ။ ကျွန်တော်မျိုးက ခန်မင်းဆက်ကို တည်တံ့အောင် အစွမ်းကုန် ကြိုးစားဖို့ အသက်ရှင်နေသူပါ မင်းကြီး။”

“အမတ်ကြီးကို ယုံကြည်ပါတယ်။ ”

ခန်မင်းကြီး၏ လေသံ ပျော့သွားတော့သည်။ အမတ်ကြီးက ကျေနပ်စွာပြုံးကာ မင်းကြီးကို ပြောလိုက်သည်။

“ဒါဆို မင်းကြီး ဒီအကြောင်းတွေကို ခေါင်းထဲက ထုတ်ထားပြီး မင်းသားလေးကိုသာ ဂရုစိုက်တော်မူပါ။ မင်းသားလေး ကြီးပြင်းလာတဲ့အခါ နန်ကျောင်ပြည်က ဒီထက် အင်အားကြီးတဲ့နိုင်ငံဖြစ်နေစေရပါ့မယ်။ ”

“အင်း… ဟော်သွန်းကတော့ ကိုယ်တော့်ကို ပိုပြီး စိတ်နာတော့မှာပဲ။”

ခန်မင်းကြီး၏ စကားကို တားဂေါတိုင်း မည်သို့မှ မတုန့်ပြန်လိုက်ပါ။ စစ်ဘုရင် မျိုးနွယ်ဖြစ်သော်လည်း စိတ်ထား နူးညံ့အေးဆေးလွန်းသော ကာလိုခန်ကို ငယ်စဉ်ကတည်းက တားဂေါတိုင်း အားမလို အားမရဖြစ်ခဲ့သည်။ သို့သော် မိမိ ချစ်ခင်ကြင်နာရသည့် မင်းကြီး၏ သားတော်ဖြစ်သောကြောင့် လိုအပ်သမျှကို မိမိက လူကြမ်းလုပ်ကာ စီစဉ် နေရခြင်းဖြစ်သည်။ ဟော်သွန်းနှင့်ပတ်သတ်ပြီး မင်းကြီး စိတ်ဆင်းရဲရသည်ကိုတော့ မိမိ ဘယ်လိုမှ လုပ်မပေး နိုင်တော့ပါ။ ချစ်သည့်သူက ပိုနာကျင်ရတာ သဘာဝဆိုတာ တားဂေါတိုင်း လက်ခံထားလိုက်သည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet