Chapter - 8

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (8)

 

ကာလိုခန်မင်းကြီးသည် ဟော်သွန်း၏ အဆောင်ကို လိုက်ခဲ့သောအခါ လေသာပြတင်းနားတွင် ထိုင်ကာ အဝေးကို ငေးနေသည့် ဟော်သွန်းကိုတွေ့လိုက်တော့ သက်ပြင်းချမိသည်။ မိမိဇနီးသည် လွန်ခဲ့သော 11 နှစ်ကလိုပင် လှပဆဲ၊ စွဲမက်ဖွယ်ကောင်းဆဲဖြစ်သည်။ ကာလိုခန်သည် ဟော်သွန်း၏ ကိုယ်ပေါ် နေခြည်ဖြာကျနေသည်ကို တမေ့တမော ငေးကြည့်ကာ တီးတိုးခေါ်လိုက်သည်။

 

“နှမတော် …”
 

“အမိန့်ရှိပါ မင်းကြီး။”

 

ဟော်သွန်းက မင်းကြီးကို လှည့်ကြည့်ကာ ထူးလိုက်သည်။ ဟော်သွန်း၏ ၀တ္တရားဆန်သော ထူးသံကြောင့် ခါတိုင်းလို ခွင့်လွှတ်လိုက်သည်။ ယခင်ကတော့ ကြားစနှစ်ပိုင်းလောက်က ခံစားချက်ကင်းသည့် မျက်လုံးနှင့် ထိုသို့သော ထူးသံကြောင့် ညတိုင်းညတိုင်း ဟော်သွန်း၏ ကွယ်ရာတွင် အကြိမ်ကြိမ်မျက်ရည်ကျခဲ့ဖူးသည်။ ယခုတော့ အဖြစ်မှန်ကို လက်ခံလိုက်လေပြီ။ ဟော်သွန်းသည် အမတ်ချုပ်ကြီး၏ အကြပ်ကိုင်မှုကြောင့်သာ မိမိကို လက်ဆက်ခဲ့သည်။ မိမိကို လုံးဝမချစ်ပဲ ယေစုကိုင်းကိုသာ ချစ်သည်ကို ကောင်းစွာလက်ခံပြီးနောက် မိမိဘက်က တစ်ဖက်သတ်ချစ်ခွင့် အတွက်ပဲ အာရုံစိုက်လိုက်ရလေသည်.။


“နှမတော်ရယ်…. မောင်တော့်ကို စိတ်မဆိုးပါနဲ့။ နှမတော်ရဲ့ စေတနာကို မောင်တော် သိပါတယ်။ ဒါပေမယ့် သားလေး ရဲ့ငိုသံကိုကြားရတော့ မောင်တော် ဘယ်လိုမှ မနေနိုင်လို့ပါ။ ”

 

ကာလိုခန်သည် ဟော်သွန်း၏ အနားတွင် ၀င်ထိုင်ကာ လက်လေးကို ကိုင်ပြီး ချော့လိုက်သည်။ ဟော်သွန်းက မင်းကြီးလက်ထဲမှ မိမိလက်ကို ဆွဲယူကာ ပြောလိုက်သည်။
 

“ယွမ်ချူးခန်က တစ်ပတ်ကို တစ်ချိန်ပဲ စာသင်တယ်ဆိုတာ မင်းကြီးသိပါရဲ့လား…သူက မြင်းစီးလည်းမလေ့ကျင့်ဘူး။ မြှားပစ်လည်း မလေ့ကျင့်ပဲ အမြဲတမ်း မင်းသမီးလေးတွေနဲ့ ကစားနေတယ် ဆိုတာ မင်းကြီးသိရဲ့လား။”
 

“သိပါတယ် နှမတော်ရယ်… သားတော်လေးက ငယ်သေးလို့ပါ။ သူနည်းနည်းသိတတ်လာရင် သေချာ သင်ယူ ပါလိမ့်မယ်….”
 

ဟော်သွန်းသည် သားတော် အတန်းမတက်၊ စာမသင်ပဲ ကစားနေသည်ကို သိလျက်နှင့် အလိုလိုက်ကာ ဖုံးကွယ်ပေး ထားသည့် သား၏ ဖခင်ကို စိတ်ပျက်စွာကြည့်ကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

 

“ဆယ်နှစ်သားက မငယ်တော့ဘူး အရှင်မင်းကြီး။ ဒီလိုသာ အလိုလိုက်ထားရင် ကျွန်မသားက အသုံးမကျတဲ့ လူပေါ့သူသွမ်းဖြစ်သွားလိမ့်မယ်။”
 

“ဟော်သွန်းရယ်… မောင်တော် တောင်းပန်ပါတယ်။ သားလေး အရမ်းကြောက်နေရှာတာ။ သားလေးကို အပြစ်မပေးပါနဲ့တော့နော်..ကြားက မောင်တော် တောင်းပန်ပါတယ်…”

 

ခန်မင်းကြီးသည် မိဖုရားဟော်သွန်းကို အနူးညွတ်ကို တောင်းပန်လိုက်သည်။ ဟော်သွန်းက သားတော်လေးကိုချစ် သော်လည်း အတတ်ပညာနှင့် ပတ်သတ်လာလျှင် အင်မတန်ကို စည်းကမ်းကြီးသည်ကို သိသည်။ သို့သော် ခက်တာက မိမိက သားတော်လေး၏ ငိုသံကို မကြားရက်ခြင်းဖြစ်သည်။ ယခင်က မိမိတွင် မိဖုရားများစွာရှိ သော်လည်း သားသမီး တစ်ယောက်မှ မထွန်းကားခဲ့ပေ။

 

နောက်ဆုံး နတ်မိမယ် တမျှလှသည့် ဟော်သွန်းကို ချစ်ခင်စုံမက်ပြီးနောက် ဟော်သွန်းက မိမိအတွက် သားလေးကို မွေးပေးခဲ့ပြီးနောက် ခန်မင်းကြီးက သားတော်ကို မျက်နှာမညိုးအောင်ကို ဂရုစိုက်ခဲ့သည်။ သားလေးကို ထက်မြက်အောင် သင်ကြားပေးရမည်ကို သိသော်လည်း ဖခင်တစ်ဦး၏ အချစ်ကြောင့် သားလေး စိတ်တိုင်းကျနေရန် အလိုလိုက်ခဲ့မိသည်။ မိဖုရားမသိအောင် လည်းမိမိက ကူပြိး ဖုံးပေးခဲ့မိသည်။
 

“မင်းကြီးနဲ့ ကျွန်မ သဘောတူထားတာကို မင်းကြီးချိုးဖောက်တာလား။”

 

ဟော်သွန်းသည် မင်းကြီးက သူ့သားကို မကွပ်ညှပ်သည့်အပြင် အားပေးအားမြှောက်ကာ မိမိဆုံးမသည်ကို လာရောက်နှောက်ယှက်သည်။ ထို့ပြင် သားလေးကိုယ်စား လာတောင်းပန်ပေးနေသည်။ ထိုသို့ ပျော့ညံ့သည့် ပုံကို ဟော်သွန်းမုန်းသည်။ ဟော်သွန်း လိုချင်သည့် ပုံရအောင် သားတော်လေးကို သင်ကြားလို့ရမည့် ပုံမပေါ်တော့ပေ။ ခန်မင်းကြီးသာ အနားမှာ ရှိလျှင် မိမိ သူ့ကို တခုခုလုပ်မိမှာသေချာသည်။
 

“မ..မဟုတ်ပါဘူးကွာ။ မောင်တော်က သားလေး အရမ်းကြောက်နေလို့ ဟော်သွန်းကို တောင်းဆိုတာပါ။ ဒီတစ်ခါတည်း ခွင့်လွှတ်ပေးပါကွာနော်။ ”

 

ခန်မင်းကြီးသည် ဟော်သွန်း၏ ဒေါသကြောင့် စိတ်မသက်မသာဖြစ်မိသည်။ ဟော်သွန်း အရမ်းကို စိတ်ဆိုးနေသည်ကို မိမိသိလိုက်သည်။ ဟော်သွန်း ယခုလို စိတ်ပင်ပန်းအောင် လုပ်မိသူက မိမိဖြစ်သည်ကို သိလို့ အထပ်ထပ်တောင်းပန်နေမိသည်။
 

“မင်းကြီးက ဒီတိုင်းပြည်ရဲ့ သက်ဦးဆံပိုင် ဘုရင်ပဲ။ မင်းကြီး ကျွန်မလို အရိုင်းစိုင်းမကို တောင်းပန်နေစရာ မလိုပါဘူး။ မင်းကြီးရဲ့ သားတော်ကို လက်ဖျားနဲ့ မထိစေချင်ရင် ကျွန်မ မနက်ဖြန်က စပြီး လုံးဝမထိတော့ဘူး။”

 

ဟော်သွန်းက ဗျူဟာပြောင်းလိုက်သည်။ ဒီပုံအတိုင်းဆိုလျှင် ခန်မင်းကြီးက လူရှေ့သူရှေ့မရှောင် မိမိကို လိုက်ပြီး တောင်းပန်နေတာပဲ အဖတ်တင်မည်။ မိမိဖြစ်စေချင်တာ ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဟော်သွန်း နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်သည်။ ထင်သည့်အတိုင်း မိမိ၏ လေသံနှင့် မျက်နှာပေးကို တွေ့သော် ခန်မင်းကြီးက ချက်ချင်း မိမိရှေ့တွင် ဒူးထောက်ထိုင်ကာ လက်ကိုဆွဲပြီး တောင်းပန်သည်။
 

“မဟုတ်ဘူး ဟော်သွန်း။ အဲ့လို မပြောပါနဲ့။ မောင်တော် မင်းကို ဘယ်တုန်းကမှ အဲ့လို သဘောမထားခဲ့ဘူး။”

 

“ဒါဆို ကျွန်မ အနေထားက ဘာလဲ။ ကိုယ်မွေးထားတဲ့သား အသုံးမကျဖြစ်နေတာတောင် ဆုံးမခွင့်မရှိတဲ့ မိန်းမလား။”

 

နောက်ဆုံး ကာလိုခန် မင်းကြီးက ဟော်သွန်း၏ တိုက်စစ်ကို မခံနိုင်တော့ပေ။ မိမိ အသက်ထက်တောင် ချစ်ရသည့် မိန်းကလေး က ယခုလိုက ယူကျူံးမရဖြစ်နေရသည်ဆိုလျှင် မိမိ သေသွားတာမှ ကောင်းပါသေးသည်။ ကာလိုခန်သည် ဟော်သွန်းကို အရှုံးပေးလိုက်တော့သည်။

 

“တော်ပါတော့ ဟော်သွန်းရာ။ မောင်တော် မင်းကို ဧကရီ ဘုရင်မအဖြစ် တင်မြှောက်ထားတာပါ။ ဒီနန်ကျောင်ပြည်ရဲ့ ဧကရီ ဟော်သွန်းပါ။”
 

“အမည်ခံ ဧကရီအဖြစ်လား မင်းကြီး”

 

“တော်ပါတော့ကွာ။ကိုယ် အရှုံးပေးပါတယ်။ ဟော်သွန်းက သားရဲ့မိခင်ပါ။ သားတော်လေး ကောင်းဖို့လုပ်တာ မောင်တော် လက်ခံပါတယ်…”
 

“ဒါဆို..ကျွန်မရဲ့သားကို ဆုံးမတာ ၀င်မပါပါနဲ့.. အရှင်မင်းကြီး…”
 

“ကောင်းပါပြီကွာ….ကိုယ်မပါတော့ပါဘူး။”

 

နောက်ဆုံး ဟော်သွန်းလိုချင်သည့် အနေထားကိုရသွားသည်နှင့် ချက်ချင်းပင် မင်းကြီးကို အမိန့်စာ ထုတ်ခိုင်းသည် မိမိက ဧကရီဟော်သွန်းဖြစ်သော်လည်းပဲ တရားဝင် တိုင်းပြည်ကို အုပ်ချုပ်ခွင့်၊ အမိန့်ပေးခွင့်က မင်းကြီးလက်ထဲမှာ မဟုတ်လား။ ကာလိုခန်သည် အမိန့်စာတွက် တံဆိပ်တုံးထုပေးပြီးနောက် သက်ပြင်းချကာ ဟော်သွန်းကိုပေးလိုက် တော့သည်။ ရင်ထဲမှာတော့ မချိပါ။ သို့သော် ဟော်သွန်း စိတ်ဆင်းရဲတာကို မိမိမမြင်ရက်မှတော့ ယခုလို လုပ်တာပဲ ကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။
 

“မသွားချင်ဘူး…အဲ့လေ့ကျင့်ရေးစခန်းကို မသွားချင်ဘူး…ခမည်းတော်ဘုရား… မယ်မယ် သားတော် မသွားပါရစေနဲ့။ သားတော် အတန်းမှန်မှန်တက်ပါ့မယ်။ ဆရာသင်သမျှ အားလုံးလိုက်လုပ်ပါ့မယ်။ သားတော်ကို လေ့ကျင့်ရေးစခန်ကို မပို့လိုက်ပါနဲ့။”

 

ယွမ်ချူးခန် မင်းသားလေးသည်  မိမိ ကိုယ်မှ ဒဏ်ရာပျောက်သည်နှင့် မယ်မယ် ကိုယ်တိုင်ရောက်လာပြီး အဆောင် မှ ဆွဲထုတ်ကာ လူငယ်လေ့ကျင့်ရေး စခန်းကို ပို့စေသည်။ ယွမ်ချူးခန်သည် မိမိကို အပြစ်ပေးသည်ကို သိတော့ အောင်ငိုကာ မိခင်ကို ဖက်ပြီး အတင်းတောင်းပန်သည်။

 

“မင်းသားလေးကို ရထားလုံးထဲထည့်လိုက်။ တစ်ခါတည်း ထွက်တော့…”
 

သို့သော် ဟော်သွန်းက မျက်နှာလွဲကာ ရဲမတ်များကို အမိန့်ပေးသည်။ ယွမ်ချူးခန်သည် ဖခင်ကို အားကိုးတကြီးရှာသော်လည်း အရိပ်ယောင်ပင် မတွေ့ရပေ။ နောက်ဆုံး ရုန်းကန် အောင်ဟစ်ရင် ရထားလုံးထဲ ထည့်ပိတ်ကာ အပြင်မှ သော့ခတ်လိုက်ခြင်းခံလိုက်ရတော့သည်။

 

“မှန်လှပါ သခင်မဘုရား”
 

“ခမည်းတော်ဘုရား..ဟီး..ဟီး…”

 

ယွမ်ချူးခန်သည် အော်ဟစ်ငိုယိုရင်း ရထားလုံးခေါ်ဆောင်ရာသို့ ပါသွားတော့သည်။ ဦးတည်ရာ အရပ်ကား နန်းတော်၏ တောင်ဘက် ကျောက်သစ်တောထဲရှိ လူငယ်စစ်သည်လေးများကို လေ့ကျင့်ပေးသည့် စခန်းသို့ဖြစ်သည်။ နန်ကျောင်သမိုင်းကြောင်းတွင် မည်သည့် မင်းသားကိုမှ လေ့ကျင့်ရေးစခန်း မပို့ခဲ့ဖူးပေ။ ယခုမှ ပထမဆုံးဖြစ်သောကြောင့် နန်းတော် တစ်ခုလုံးက အံ့အားသင့်နေကြသည်။သို့သော် မင်းကြီးကိုယ်တိုင် တံဆိပ်ထု  ထားသည့် အမိန့်စာကြောင့် မည်သူမှ စောဒက မတက်ရဲကြပေ။

 

ဟော်သွန်းသည် ရထားလုံးထွက်သွားတော့ မင်းကြီးရှိသည့် နေရာကို လာခဲ့သည်။ မင်းကြီးက ဟော်သွန်းကို မြင်သည်နှင့် မျက်ရည်ကို အသာသုတ်လိုက်သဖြင့် ဟော်သွန်းက မင်းကြီးကို နှစ်သိမ့်လိုက်သည်။ မင်းကြီးက ဖခင်ပီပီ သားကို တုန်နေအောင်ချစ်သည်ကို မိမိသိသောကြောင့် ငြင်သာစွာပြောလိုက်သည်။
 

“ကျွန်မက သားတော်လေးရဲ့ မိခင်ရင်းပါ အရှင်မင်းကြီး။ သားတော်လေး အကျိုးပျက်စီးအောင် ဘာမှ မလုပ်ပါဘူး။”
“မောင်တော် ယုံပါတယ် ဟော်သွန်းရယ်…”

 

“ယုံတယ် ဆိုရင် သားတော်ကို ခိုးပြီး မတွေ့ပါနဲ့။ ဘာမှလည်း မပို့ပါနဲ့။ လျှို့ဝှက်အမိန့်ပေးပြီး ဘာမှ ဖိအားမပေး ပါနဲ့။ ဟိုက ဆရာတွေက ကျွန်မ သေချာမှာထားပြီးပါပြီ။ တစ်လ အဲ့မှ လေ့ကျင့်ပြီးပြန်လာရင်  သားတော် အချိုးပြောင်းသွားပါလိမ့်မယ် အရှင်မင်းကြီး။ သားတော်ပြန်လာရင် အရှင်မင်းကြီး လက်တွေ့သိရပါလိမ့်မယ်။ အခုတော့ ကျွန်မ ပြောသလိုနေပေးပါ။ သားတော်ကို လုံးဝ သွားမတွေ့ပါနဲ့”
 

“ကောင်းပါပြီ ဟော်သွန်းရာ…”

 

ကာလိုခန် က ဟော်သွန်းကို ကတိပေးလိုက်သည်။ ဟော်သွန်းကို မိမိယုံသည်။ မိမိကိုသာ မချစ်လျှင်၇ှိမည်။ သားတော်လေးကို မည်မျှ ချစ်သည်ကို အသိဆုံးဖြစ်သည်။ သားတော်လေးအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမည်ကို သိလို့ ဟော်သွန်း ပြောသည့်အတိုင်းလုပ်ပေးမည်ဟု ကတိပေးလိုက်သည်။ စိတ်ထဲမှာ အနည်းငယ် တော့နေလို့မကောင်းပါ။ သို့သော်မိမိ နားတွင်ရှိသည့် ဟော်သွန်း၏ လက်ကို ဆုပ်ကိုင်မိသည်နှင့် အားရှိသလို ခံစားလိုက်ရသည်။


“သားကြီး တင်ဂီရိ မင်းတို့ အဆင်ပြေရဲ့လားကွယ်။ ဘယ်ဆီများရောက်နေပါလိမ့်။ သားရဲ့ ညီတော်လေးရှိတာကို သိရတော့ မယ်မယ့်ကို စိတ်နာနေပြီလား။ တင်ဂီရိ မယ်မယ့် သားကြီးရယ်…”

 

ဟော်သွန်းသည် ကောင်းကင်ပြာကို ငေးကြည့်ကာ သားငယ်အကြောင်း စဉ်းစားနေရာမှ သားကြီးအကြောင်းစဉ်းစား မိကာ သက်ပြင်းရှို်က်လိုက်မိသည်။
 

လေ့ကျင့်ရေးစခန်းသို့ရောက်သော် အ၀တ်လဲခိုင်းသည်နှင့် ယွမ်ချူးခန် သောင်းကျန်းတော့သည်။ နန်းတော်တွင် မယ်မယ်ကလွဲလျှင် မည်သူ့ကိုမှ မကြောက်ရသူပီပီ ယခု စခန်းရှိ စစ်သူကြီးနှင့် တပ်မှုးများက ချည်သား အ၀တ်ကို လာပေးသည်နှင့် လွင့်ပစ်ကာ အော်ဟစ်လိုက်တော့သည်။

 

“မလုပ်နိုင်ဘူး…သွားကြစမ်း…”
 

“အရှင့်သား…ဒီ ၀တ်စုံကို မလဲရင် အရှင့်သား အတွက် နေ့လည်စာ မရနိုင်ပါဘူး..”
 

“ဘာ… ငါ နန်းတော်ကိုပြန်မယ်။ အခုချက်ချင်း ရထားလုံးပြင်စမ်း..”
 

“သည်းခံတော်မူပါ အရှင့်သား။ အရှင့်မယ်တော် မိဖုရားကြီးရဲ့ အထူးအမိန့်နဲ့လုပ်ရတာပါ။ အရှင့်သားက အခု ဒီ သင်တန်းသား လေ့ကျင့်ရေးတွေ မလုပ်ရင် အရှင့်သားကို ဘာမှ မကျွေးဖို့ မှာထားပါတယ်။ အရှင့်သား အေးအေး ဆေးဆေး နားနေတော်မူပါ။”

 

စစ်သူကြီးနှင့် တပ်မှုးများက မတုန်မလှုပ်ဖြင့် ယွမ်ချူးခန်ကို အရိုသေပေးကာ အခန်းထဲမှ ထွက်သွားတော့သည်။ ယွမ်ချူးခန်သည် မိမိ ၏ ပိုးသား အ၀တ်ကို လုံးဝမချွတ်ပဲ အိပ်ယာထက်တွင်လှဲအိပ်လိုက်သည်။ တလမ်းလုံး ငိုကြွေးလာသဖြင့် ဗိုက်က ဆူညံစွာအော်နေလေပြီ။

 

“ဂြီ….ဂြီ”

 

“ဗိုက်ဆာလိုက်တာ… ဟေ့ အပြင်က ရဲမတ် နေ့လည်စာ ယူခဲ့စမ်း..”
 

“ဟေ့ နားပင်းနေလား.. ငါက နန်ကျောင်ပြည်ရဲ့ အိမ်ရှေ့မင်းသားဆိုတာ မသိဘူးလား။ သေချင်နေလား။”

 

အပြင်မှ ရဲမတ်များက ပြန်မထူးသဖြင့်ယွမ်ချူးခန် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ သို့သော် အပြင်မှ ရဲမတ်များက နားမပါသူနှယ် တခွန်းမှ မတုန့်ပြန်ခဲ့ပါ။ ရဲမတ်များက ကြားပါသည်။ မင်းကြီးအမိန့်၊ စစ်သူကြီး အမိန့်ဖြင့် မင်းသားလေးကို အဖက်လုပ် စကားမပြောပဲ လျစ်လျူရှုထားလိုက်ခြင်းဖြစ်သည်။ နန်ကျောင်နန်းတွင်းမှ အင်မတန်ကိုဆိုးသွမ်းလှသည့် မင်းသားလေးကို မျက်မြင်ကိုယ်တွေ့ တွေ့သွားရလေပြီ။

 

“ရူးနေကြလားကွာ။ ငါ့ဖာသာ သွားယူစားမယ်.. ဘယ်ရမလဲ…”
 

“ဟင် မိန်းမ အစေခံတစ်ယောက်မှ မရှိပါလား။ အားလုံး စစ်သည်ရဲမတ်တွေချည်းပဲ။ ငါ့အရွယ် ကောင်လေးတွေ အများကြီးပါလား။ ဒါ စစ်ရေးလေ့ကျင့်ရေးစခန်းပေါ့။ ”

 

ယွမ်ချူးခန်သည် အခန်းထဲမှ အသာထွက်လာခဲ့သည်။ အဆောင်အပြင်တွင် ရဲမတ်တစ်ယောက်မှ မရှိသဖြင့်ပျော် သွားပြီး ထွက်လာခဲ့သည်။ လေ့ကျင့်ရေး စခန်းတစ်ခုလုံး မိမိအရွယ် ကောင်လေးများစွာကို ချည်သား ၀တ်စုံပြာနှင့် တွေ့လိုက်ရသည်။ အားလုံး တာဝန်ကိုယ်စီ ထမ်းဆောင်နေကြပုံဖြင့် အလုပ်လုပ်နေကြသည်။
 

“ဟေ့… စားဖိုဆောင်ကို ဘယ်ကသွားရလဲ..”
 

“ဟိုဘက်ကို ချိုးသွားလိုက်။ အစွန်ဆုံး အဆောက်အဦးပဲ…”
 

“ဟေ့… ငါဘယ်သူလဲ သိလား။”
 

“မသိဘူး။ ”
 

“ရူးနေကြလား။ ငါ့လို မင်းသားကို မသိဘူးတဲ့။ ခေါ်ပြီး ထောင်ချလိုက်ရ….”

 

ယွမ်ချူးခန်သည် လမ်းတွင်တွေ့သည့် မိမိအရွယ်ကောင်လေးကို လှမ်းတားကို စားဖိုဆောင်ကို မေးလိုက်ပြီး မိမိကို သိမသိ မေးလိုက်သည်။ ကောင်လေးက တကယ့်ကို ယွမ်ချူးခန်ကို မသိသဖြင့် အနည်းငယ်စိတ်တိုကာ ကြိမ်းလိုက်သော်လည်း ကောင်လေးက မကြားတော့ပေ။ ယွမ်ချူးခန်ကို ကျောခိုင်းကာ ထွက်သွားတော့လေသည်။


“ဒီထဲကို ၀င်ခွင့်မရှိပါဘူး အရှင့်သား…”
 

စားဖိုဆောင်တံခါးကိုဖွင့်လိုက်စဉ် အထဲမှ ရဲမတ်က ယွမ်ချူးခန်ကို တားကာ ပြောသည်။ သူ့ကိုကြည့်ရသည်မှ မိမိကို သိပုံရသဖြင့် အားတက်သွားသည်။ မိမိ၏ အရှိန်ဖြင့် ဖိနှိပ်မည်ဟု တွေးကာ မေးလိုက်သည်။

 

“ကျု့ပ်ဘယ်သူလဲ ခင်ဗျားသိလား။”
 

“သိပါတယ် ။ မင်းသားလေး ယွမ်ချူးခန်ပါ။”
 

“သိရင် ကျု့ပ်စားဖို့ နေ့လည်စာ ပွဲတော်ပြင်စမ်း…”
 

“စစ်သူကြီးအမိန့်ပေးထားပါတယ် အရှင့်သား။ အရှင့်သား ဒီက သင်တန်းဝတ်စုံကိုလဲမှ နေ့လည်စာ ပွဲတော်ပြင်ပေး ရမှာပါ။ ”
 

“ရာရာစစ… ခမည်းတော်ကို တင်လျှောက်လိုက်ရင် အားလုံး အသတ်ခံရတော့မယ်.။”
 

“မင်းကြီးကိုယ်တိုင် အမိန့်စာထွက်ထားတာပါ အရှင့်သား…”
 

“ဘာ…. ”

 

ယွမ်ချူးခန်သည် မယ်မယ့်အမိန့်နှင့်ပို့လိုက်သည်ဟုသာ ထင်နေရာမှ ခမည်းတော်ကိုယ်တိုင် အမိန့်စာထုတ်သည်ကို သိလိုက်ရတော့ မယုံကြည်အောင်ဖြစ်သွားသည်။ စစ်ရေးလေ့ကျင့်ရေး စခန်း၏ တာဝန်ခံ စစ်သူကြီးလည်းရောက်လာပြီး ယွမ်ချူးခန်ကို အခန်းကို ပြန်ခေါ်လာပြီး အမိန့်စာကို ပြသည်။
 

“ဒီမှာပါ အရှင့်သား….”

 

“ခင်ဗျား ဘယ်သူလဲ။”

 

“ကျွန်တော်မျိုးက ဒီစခန်းရဲ့ တာဝန်ခံ စစ်သူကြီးပါ အရှင့်သား။ အရှင်မင်းကြီးရဲ့ အမိန့်စာကြောင့် ကျွန်တော်မျိုးတို့ အခုလို လုပ်ရတာ ခွင့်လွှတ်တော်မူပါ။”

 

ယွမ်ချူးခန်သည် အမိန့်စာကို အတုလားဟု တွေးကာ သေချာစစ်လိုက်ပြီး စိတ်ပျက်သွားသည်။ ခမည်းတော်၏ တံဆိပ်တုံးက အစစ်ဖြစ်နေသဖြင့် နောက်တနည်းဖြင့် စစ်သူကြီးကို စည်းရုံးလိုက်သည်။
 

“ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းကောင်းကျွေးရင် ခမည်းတော်ကို အပြစ်မပေးဖို့ တင်လျှောက်ပေးပါ့မယ်။”

“သည်းခံပါ အရှင့်သား။ မင်းကြီး အမိန့်ကို ဖီဆန်ရင် ကျွန်တော်မျိုးတို့ ချက်ချင်း အသတ်ခံရမှာမို့။ အရှင့်သား အ၀တ်မလဲရင် ကျွန်တော်မျိုးတို့ အငတ်ထားရပါလိမ့်မယ်။”
 

“တယ်.. အတင့်ရဲလိုက်တာ….”

 

ယွမ်ချူးခန်က ဒေါသဖြင့်အော်ငေါက်လိုက်သည်။ လူသာ ငယ်မည်။ အမိန့်ပေးနေကျဖြစ်လို့ အမိန့်သံက မာန်ပြင်းလှသည်။သို့သော် စစ်သူကြီးကဖြုံမည့် ပုံမပေါ်ပေ။
 

“မင်းသားလေးကို သူ့အခန်းထဲ ပြန်ပို့လိုက်ပါ…”

 

နောက်ဆုံး ယွမ်ချူးခန်က ကိုယ့်အခန်းထဲ ပြန်ပိတ်ထားခံလိုက်ရပြီး ဒေါသဖြင့် သောင်းကျန်းတော့သည်။
 

“မသွားဘူး။ လွှတ်စမ်း။ ငါ့ကိုလွှတ်။ ငါက နန်ကျောင်ပြည်ရဲ့ မင်းသားကွ…”
 

“ဒုန်း..ဒုန်း…ဒုန်း…”
 

“တံခါးဖွင့်စမ်း…တံခါးဖွင့်စမ်း…”
 

“ခမည်းတော်…ခမည်းတော်..သားတော်ကိုလာကယ်ပါဦး…”
 

“ဂြီ…ဂြီ…”
 

“ဟင့်…ဟင့်..ဗိုက်ဆာလိုက်တာ…မယ်မယ်…. မယ်မယ်ရက်စက်တယ်…ဟင့်..ဟင့်…”

 

ယွမ်ချုးခန်သည် အော်ဟစ်လိုက်၊ ငိုလို၊ ခမည်းတော် မယ်တော်ကို တ လိုက်နှင့် နောက်ဆုံး မောကာ အိပ်ပျော်သွားတော့သည်။ အပြင်မှ ချောင်းကြည့်နေသော ရဲမတ်က ခေါင်းယမ်းလိုက်သည်။ မိမိတို့လည်း နားညည်းလှပြီ။ အတော့်ကို အသံပြဲသည့် မင်းသားလေးဟု မှတ်ချက်ချလိုက်စဉ် အမတ်ချုပ်ကြီးကိုတွေ့သော် အရိုသေပေးလိုက်သည်။ အမတ်ချုပ်ကြီးက အခန်းထဲကို ၀င်လိုက်ပြီး မင်းသားလေးကို ငြင်သာစွာနိုးလိုက်သည်။


“မင်းသားလေး”
 

“အမတ်ချုပ်ဘိုးဘိုး ဟီး…ဟီး….ဟီး…ခမည်းတော်က ဒီမှာ အမိန့်စာနဲ့ ချုပ်ထားတယ်..ကိုယ်တော့်ကို ဒီက ခေါ်သွားပေး။ နန်းတော်ကို ပြန်မယ်..ဒီမှာမနေချင်ဘူး..”
 

ယွမ်ချူးခန်သည် မျက်လုံးဖွင့်ကြည့်လိုက်တော့ အမတ်ချုပ်ကြီးကို တွေ့သည်နှင့် အော်ငိုကာ တောင်းဆိုတော့သည်။

တားဂေါတိုင်းက ခေါင်းယမ်းကာ ယွမ်ချုးခန်ကို လေအေးလေးနှင့် ပြောလိုက်သည်။

 

“မင်းသားလေး အခုပြန်ရင် မယ်တော်က စိတ်ဆိုးမှာပေါ့။ မင်းသားလေးရဲ့ မယ်တော် စိတ်ဆိုးပြီး ပစ်ထားတာ ခံချင်လို့လား…”
 

“ဟင့်..ဟင့်.. ဟင့်..ခမည်းတော်က မယ်မယ့်ကို မပြောပေးဘူး။ ခမည်းတော်ကို မုန်းတယ်…ဟီး……..”
 

ယွမ်ချူးခန်က အမတ်ချုပ်ကြီးပြောသံကို ကြားသော် စိတ်ညစ်သွားသည်။ မိမိအားကိုးရသည့် ခမည်းတော်လည်း မယ်မယ့်ကို ကြောက်ရသဖြင့် စိတ်ဆိုးလာမိသည်။

 

“မင်းသားလေးရဲ့ ခမည်းတော်က မင်းသားလေးအတွက် မယ်မယ့်ဆီ အသနားခံပေးပါတယ်ကွယ်၊ ဒါပေမယ့် မင်းသားလေးလည်း မယ်မယ့်အကြောင်းသိတယ်မလား….”

 

“မသိဘူး…ဒီမှာ မနေချင်တော့ဘူး။ ခေါ်သွားပေး…ပြီးရင် ဒီက လူတွေကို ခေါင်းဖြတ်သတ်ပေး။ ကိုယ်တော့်ကို အငတ်ထားတယ်…”

 

ယွမ်ချူးခန်က တားဂေါတိုင်းကို တိုင်သည်။သူ့စိတ်ထဲတွင် ယခုစခန်းမှ လူအားလုံးကို သတ်ပစ်ချင်နေတာပဲ သိသည်။
 

“မထားပါဘူး မင်းသားလေးရယ်။ ဟော…ကြည့်စား အပြင်က စားပွဲမှာ မင်းသားလေးကြိုက်တာချည်းချက်ထားတယ်။ နန်းတွင်းစားဖိုမှုးကြီးလက်ရာလေ…ဟော…. မင်းသားလေးကြိုက်တဲ့ ကြာစေ့ဌက်သိုက် ဟင်းရည်က မွှေးနေတာပဲ။ ပြီးတော့ မြောက်ပိုင်း လက်ရာ ဘဲကင်ရောပဲ….”

 

အမတ်ချုပ်ကြီး လက်ယမ်းပြလိုက်တော့ အခန်းအပြင်ဘက် စားပွဲပေါ်တွင် တကယ့်ကို ယွမ်ချူးခန်ကြိုက်သည့် ဟင်းပွဲများကို ပြင်ထားသည်ကိုတွေ့လိုက်သည်။ တနေကုန် ဆာလောင်နေသည့် ဗိုက်က အနံ့ရသည်နှင့် အသံပေါင်းစုံနှင့် အော်တော့သည်။
 

“ဂြီ…ဂြီ…”
 

“အခုစားမယ် ယူလာခိုင်းလိုက်တော့…”

 

ယွမ်ချူးခန်၏ မျက်လုံး တောက်ပြောင်လာပြီး အမိန့်ပေးလိုက်သည်။
 

“ဒါပေမယ့် မင်းသားလေး ဒီအ၀တ်ကို မ၀တ်ရင် ဘာမှ မစားစေနဲ့တဲ့။ အားလုံးကို သွန်ပစ်လိုက်တဲ့ သခင်မ ဟော်သွန်းက ကျွန်တော်မျိုးကို အမိန့်ပေးလိုက်တယ်…”

 

တားဂေါတိုင်းက ခေါင်းယမ်းကို ပြောလိုက်သည်။ မင်းသားလေးကို အပိုးကျိုးသွားအောင်လုပ်မှ ဖြစ်မည်။ တစ်ရက်လောက်  ငတ်ရုံနှင့် သေမသွားနိုင်ပေ။
 

“မယ်မယ်က ဘိုးဘိုးကို လွှတ်လိုက်တာလား”

 

ယွမ်ချူးခန်က မကျေမနပ်ဖြင့်မေးလိုက်သည်။ တားဂေါတိုင်းက ပြုံးကာ ခေါင်းယမ်းလိုက်သည်။
 

“မဟုတ်ပါဘူး။ မင်းသားလေး ဒီလေ့ကျင့်ရေးစခန်းကို ရောက်နေတယ်ဆိုလို့ ဘိုးဘိုးလိုက်လာတာပါ။ မင်းသားလေး အစားဆင်းရဲနေမှာစိုးလို့ သခင်မ ဟော်သွန်းက စားဖိုမှုးကိုထည့်ပေးလိုက်တာ။ ဒါပေမယ့် ချွင်းချက်တော့ရှိတယ်။ မင်းသားလေးက ဒီက အ၀တ်စားကို ၀တ်မယ်၊ ဒီက လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် သခင်လေးစားချင်တာ ချက်ကျွေးဖို့ မှာလိုက်တယ်”

 

ယွမ်ချူးခန်က ခါးခါးသီးသီးငြင်းလိုက်သည်။ မယ်မယ့်ကို လုံးဝမကျေနပ်ပေ။ မိမိကို အငတ်ထားသည်။ ပြီ၊းတော့ ချည်သား အ၀တ်ကို ၀တ်ခိုင်းသည်။
 

“မလုပ်ဘူး။ လုံးဝ မလုပ်နိုင်ဘူး…”
 

“အင်း…. ဒါဆိုလည်း ဘိုးဘိုး စာဖိုမှုးကို ပြန်ခေါ်ပြီး သခင်မကို ပြန်လျှောက်တင်ရတော့မှာပဲ၊ သခင်မက မှာထားတယ်။ မင်းသားလေး ကောင်းကောင်း လိုက်ပြီးလေ့ကျင့်ရင် မင်းသားလေးကို ပြုစုဖို့ အစေခံလည်း ထားပေးမယ်တဲ့။ တစ်လ နဲ့ပြန်ခေါ်လာခဲ့တဲ့။ မလေ့ကျင့်ရင် ဒီမှာ သုံးလထားလို့ မှာလိုက်တယ်။ ”

 

တားဂေါတိုင်းက ထရပ်ကာ စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်။ မင်းသားလေးကို ခြိမ်းခြောက်လိုက်သည်။

 

“ဘာ…..သုံးလ ဟုတ်လား။ ကိုယ်တော် သေသွားမှာပေါ့..မနေဘူး။ မနေနိုင်ဘူး…”

 

ထင်သည့်အတိုင်း ယွမ်ချူးခန်က အလန့်တကြားပြောလိုက်သည်။ တားဂေါတိုင်းက ရယ်ချင်စိတ်ကို ထိန်းကို ညှိုးငယ်စွာဖြင့်ပြောလိုက်သည်။

 

“မင်းသားလေးကို ဘိုးဘိုး အကြံတစ်ခုပေးမယ်နော်။ အခု သခင်မ ဟော်သွန်းက နည်းနည်း စိတ်ပျော့နေတုန်း စီစဉ်ပေးလိုက်တာ။ တော်ကြာ သခင်မ စိတ်ပြောင်းသွားရင် မင်းသားလေးက ဒီမှာ သုံးလလုံးလုံး အနေထိုင် ဆင်းရဲမယ်။ အစေခံမရှိပဲ ကိုယ့်အ၀တ် ကိုယ်လျှော်ရမယ်။ ဟို စစ်သည်တော်တွေ စားသလို ဆင်းဆင်းရဲရဲ စားရမယ်။”

 

ယွမ်ချူးခန်က မျက်ရည်ပေါက်ကြီး ကျလာခဲ့သည်။ တားဂေါတိုင်းသည် သခင်မဟော်သွန်း၏ စေတနာကို နားလည်သဖြင့် ကြည့်နေလိုက်သည်။ ရင်ထဲတွင် မကောင်းသော်လည်း ခန်မင်းကြီး သူ့သားတော်ကို ဖျက်ဆီးနေသည်ကို မိမိလည်း တတ်တိုင်သလောက် ၀ိုင်းတားရမည်။ ဒီအတိုင်းဆို ဒီမင်းသားက သူ့ခမည်းတော် နေရာကို ဘယ်လိုမှ ဆက်ခံနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် အာနန်ပြည် အင်အားကြီးထွားလာချိန်တွင် မင်းသားလေး ဘယ်လိုမှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

 

နန်းတွင်းတွင် မိန်းကလေးငယ်လေးများနှင့် ကစားမြူးတူးကာ ပျော့ညံ့သည့် မင်းသားလေးထက် သူ့မိခင် ဟော်သွန်း လေ့ကျင့်ပေးလို့ ထက်မြက်သည့် မင်းသားဖြစ်လာတာကို တွေ့ချင်သောကြောင့် စိတ်ဆင်းရဲနေသော မင်းကြီးကို လျစ်လျူရှုကာ မိဖုရားခေါင်ဟော်သွန်းကို ထောက်ခံလိုက်ခြင်းဖြစ်သည်။ လောလောဆည် ဆန့်ကျင်ကန့်လန့်တိုက် ချင်နေသော မင်းသားငယ်လေးကို ငြင်သာစွာဖြောင့်ဖြပေးနေခြင်းဖြစ်သည်။

 

ယွမ်ချူးခန်သည် နောက်ဆုံး တောင့်မခံနိုင်တော့ပေ။ အမတ်ချုပ်ကြီးသည်လည်း မယ်မယ့် စကားကိုလွန်ဆန်နိုင်ဟန် မပေါ်ပေ။ ခမည်းတော်သည်လည်း မိမိကို မည်မျှချစ်ချစ် မယ်မယ့်စကားကို လုံးဝ မပယ်ရဲပေ။ ထို့ကြောင့် နောက်ဆုံး စိတ်ကိုလျှော့လိုက်သည်။
 

“တစ်ကယ် တစ်လနဲ့  ပြန်ရမှာလား ဘိုးဘိုး”

 

“ပြန်ရမှာပေါ့… မင်းသားလေးက ကောင်းကောင်းလိုက်ပြီးလေ့ကျင့်တယ်ဆိုရင် မိဖုရားကြီး ကိုယ်တိုင်လာကြိုမှာတဲ့။”
 

“တကယ်နော် ကတိနော် ဘိုးဘိုး”
 

“ကတိပေးပါတယ် မင်းသားလေးရယ်၊ အဲ့နေ့ မင်းသားလေး မြင်းကောင်းကောင်းစီးနိုင်တယ်။ မြှားပစ်နိုင်တယ် ဆိုရင် သခင်မက ချက်ချင်းပြန်ခေါ်သွားပြီး နန်းတွင်းမှာပဲ ဆက်လေ့ကျင့်ခိုင်းမယ်တဲ့။”
 

“ကောင်းပြီ။ ကိုယ်တော် အားလုံးလိုက်ပြီးလေ့ကျင့်ပါ့မယ်။ အခု စားစရာ ယူလာပေးတော့။ ဗိုက်ဆာလှပြီ။”
 

“မင်းသားလေး သင်တန်းသား အ၀တ်မ၀တ်ရင် သူတို့ ကျွေးရဲမှာ မဟုတ်ဘူး။”

 

ယွမ်ချူးအာက မိမိ၏ မင်းသား အ၀တ်ကို အမြန်ချွတ်ကာ သင်သန်းသား ချည်သား အ၀တ်ကို ကောက်ဝတ်လိုက်သည်။ အစားစားရဖို့က အရေးကြီးသည် မဟုတ်လား။ အူများက တကျုတ်ကျုတ်နှင့် ယွမ်ချူးခန် တောင့်မခံနိုင်တော့ပေ။
 

“မင်းသားလေးအတွက် နေ့လည်စာ ယူလာတော့ဟေ့….”

 

ယွမ်ချူးခန်၏ နားထဲတွင် ထိုစကားက အသာယာဆုံးဟု ထင်လိုက်မိတော့သည်။ အစားစာများရောက်လာတော့ ခေါင်းမဖော်တမ်းကို တွယ်တော့သည်။ မိမိ တသက်လုံးစားဖူးသမျှ ဒီတစ်ခါ အရသာအရှိဆုံးဟု ထင်လိုက်မိ တော့သည်။

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet