Chapter - 13

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (13)

 

“ဟော်သွန်း…နှမတော်… ဘာတွေ စဉ်းစားနေတာလဲကွယ်..”

 

ဟော်သွန်းသည် သားတော်လေးကို ယာဂုပြင်ပေးရင်း အတွေးလွန်နေရာမှ မင်းကြီး၏ ခေါ်သံကြောင့်သတိဝင် လာခဲ့သည်။ အတိတ်ကို ပြေးထွက်သွားသည့် မိမိစိတ်ကို အတင်းပြန်ဆွဲခေါ်လိုက်ရသည်။မိမိက လောလောဆည် နန်ကျောင်ပြည့်ရှင်မင်း၏ မိဖုရားဖြစ်နေသည်ကို ပြန်ပြီး သတိဝင်လာသည်။


“ဘာမှ မဟုတ်ပါဘူး မင်းကြီး။ သားတော်လေး အကြောင်းစဉ်းစားနေတာပါ။”
 

“ဟုတ်လား။ သားတော်လေးအကြောင်းကို နှမတော် ဘာတွေများ စဉ်းစားနေတာလဲကွယ်။”
 

ခန်မင်းကြီးက ဟော်သွန်းကို ချစ်ခင်စွာကြင်နာစွာကြည့်ကာ ညင်သာစွာမေးလိုက်သည်။ မိမိမိဖုရားက အတိတ်ကို အလည်သွားသည်ကို သိသော်လည်း မသိဟန်ဆောင်ရပေါင်းများပြီဖြစ်လို့ ဘာမှမဖြစ်သလို မေးလိုက်သည်။ အတင်းမေးလျှင် ဟော်သွန်းက မလိမ်ပဲ အမှန်တိုင်းဖြေခဲလိမ့်မည်။ ထိုအခါ မိမိပိုပြီး နာကျင်ရမည်ကို သိသည်။ ထို့ကြောင့် ဟော်သွန်း ဖြေသည်ကို အလိုက်သင့် စီးမျောကာ ထပ်မေးလိုက်သည်။

 

“သြော်… သားတော်လေးက သူ့အသက်ရွယ်နဲ့ဆိုရင် ကြံ့ခိုင်သင့်သလောက် မကြံ့ခိုင်သေးဘူး။ သူ့ကို ဒီထက် ပိုပြီး လေ့ကျင့်ပေးဖို့စဉ်းစားနေတာပါ မင်းကြီး။”
 

ဟော်သွန်းက သက်ပြင်းရှိုက်ကာ ဖြေလိုက်သည်။ ခန်မင်းကြီးက မျက်လုံးပြုးကာ ပျာပျာသလဲ ပြန်ပြောလိုက်သည်။

 

“အောင်မယ်လေး မိဖုရားကြီးရယ်။ သားတော်လေးက အခုမှ ၁၀ နှစ်ကျော် ရှိပါသေးတယ်။ စစ်ရေးလေ့ကျင့်ရေး စခန်းက ပြန်လာကတည်းက နေ့တိုင်း မြင်းစီး၊ ဓါးခုတ်သင်နေတာပဲမဟုတ်လား။ ”
 

“သင်တာက ဟုတ်ပါရဲ့။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာ ဆော့နေတာပဲ များတယ်။ စစ်သူကြီးတွေကလည်း မှာကြားထားသူရှိလို့ သူ့ကို သေချာမကွပ်ညှပ်ရဲဘူးလေ…”
 

ဟော်သွန်းက ခန်မင်းကြီးကို မသိမသာ မျက်မှောင်ကုတ်ကြည့်ကာ ပြောလိုက်သည်။ ခန်မင်းကြီးက မှန်နေသဖြင့် တဟဲဟဲရယ်ကာ ပြန်ပြောလိုက်သည်။

 

“ဟဲ..ဟဲ…ဟဲ.. နှမတော်ရယ်.. မောင်တော်က သားတော်လေးကို သေချာဂရုစိုက်ဖို့ပဲ မှာထားတာပါ။ သူတို့က သားတော်လေးကို ချစ်လို့ အရမ်းမတင်းကြပ်တာပါ။ ”
 

“ယွမ်ချူးခန်က ခုထိ မြင်းပေါ်ကနေ စက်ဝိုင်းကို မှန်အောင် မြှားမပစ်နိုင်သေးဘူး မင်းကြီး။ ကျွန်မ သားက အဲ့လောက် ညံ့တာကို ကျွန်မက ဂုဏ်ယူရမှာလား။”
 

ဟော်သွန်းသည် ဖခင်ဖြစ်ပြီး မတင်းကျပ်ပဲ သားတော်ကို ဖျက်ဆီးနေသည့် ဖခင်ကို ဒေါသထွက်ကာ ပြောလိုက်သည်။

 

“မိဖုရားကြီးရယ်… သားတော်က ကလေးပဲရှိပါသေးတယ်။ တကယ်တမ်းပြောရရင် သားတော်လေး ဒီလောက် မြင်စီးတော်တာက နှမတော့်သွေးပါလို့ပါ။ သားတော်လေး အရွယ်မှာဆိုရင် မောင်တော်က ဖွားတော်ကြီးရင်ခွင်ထဲ ချွဲလို့ကောင်းတုန်းပဲ။ ကဲ ကြည့်။ အခုဆို မောင်တော်က ဒီ ကြီးကျယ်လှတဲ့ နန်ကျောင်ပြည်ကို နိုင်နင်းအောင် အုပ်ချုပ်နေနိုင်တာပဲလေ။ ”
 

ဟော်သွန်း ဒေါသထွက်စပြုလာသည်ကို သိလို့ ခန်မင်းကြီးက လေသံပျော့နှင့် တောင်းပန်လိုက်သည်။ ဖြောင့်ဖျ လိုက်သည်။ မိမိက သူမလောက် မကြံ့ခိုင်သည်ကိုလည်း သိသည်။

 

“ယောကျာ်းလေး တစ်ယောက်က တိုက်ခိုက်စွမ်းရည် အဲ့လောက်မှ မရှိရင် သူ ဘယ်လို ရပ်တည်နိုင်မလဲ မင်းကြီး။ မင်းကြီး သားတော်လေးကို ချစ်တာ သိပါတယ်။ ဒါပေမယ့် ကျွန်မက သားတော်လေးကို လူတော်တစ်ယောက်ဖြစ်စေ ချင်တယ်။ ကျွန်မက သားတော်လေးရဲ့ မိခင်ရင်းပါ။ သားတော်လေး မကောင်းတဲ့လမ်းကို မညွှန်ပြပါဘူး အရှင်မင်းကြီး။”

 

ဟော်သွန်းသည် ခန်မင်းကြီး၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ မိခင်တစ်ယောက်အနေဖြင့် မိမိသားကို လေ့ကျင့်သင်ကြားပေးနေသည်ကို လူဆိုးမကြီးလို ပြောနေသည်ကို စိတ်တိုမိသည်။

 

“မဟုတ်ပါဘူး ဟော်သွန်းရယ်။ မောင်တော် ဘယ်လိုမှ မထင်ပါဘူး။ သားတော်လေးကို အရမ်း မမောင်းဖို့ပဲ တောင်းဆိုချင်တာပါ။”

 

ခန်မင်းကြီးက လေသံပျော့လေးနှင့် ဆက်ပြီး တောင်းပန်နေသည်။ ထိုစကားကို ကြားတော့ ဟော်သွန်း ပိုစိတ်တိုရပြန်သည်။ ထို့ကြောင့် အပြတ်မေးလိုက်သည်။

 

“သားတော်လေးက သုံးစားမရတဲ့ မင်းသားတစ်ပါးဖြစ်လာရင် မင်းကြီးတာဝန်ယူမှာလား။”
 

“တာဝန်ယူပါတယ် ဟော်သွန်းရယ်။ မောင်တော် တာဝန်ယူပါတယ်။ သားတော်လေးက တော်ပါတယ်။ သားတော်လေး အရွယ်ရောက်ရင် သူ့ ဘေးတော်ခန်မင်းကြီးရဲ့ ခြေရာကို နင်းပြီး ဒီထက် ပိုကျယ်တဲ့ အင်ပါယာကို ထူထောင်နိုင်မှာပါ။ ”

 

ခန်မင်းကြီးက ပျာပျာသလဲကို အာမခံလိုက်သည်။ လောလောဆည် သားတော်လေးကို အရမ်းမဖိဖို့က အရေးကြီးသည်။ ပြီးတော့ သားတော်လေးကို ဒီလောက်ကြီး လေ့ကျင့်ပေးစရာ မလိုဟု ခန်မင်းကြီး ယူဆသည်။

 

“ကျွန်မရဲ့ သားကို လူတွေ သွေးချောင်းစီးစေမယ့် စစ်ဘုရင်တစ်ယောက်မဖြစ်စေရဘူး။ သူက တိုင်းသူပြည်သား တွေကို ဖခင်လို စောင့်ရှောက်နိုင်တဲ့ ခေါင်းဆောင်ကောင်းပဲဖြစ်စေရမယ်။”
 

ခန်မင်းကြီး၏ စကားကို ဟော်သွန်း ချက်ချင်းတုန့်ပြန်ပြောလိုက်သည်။ မိမိသားတော်ကို သူ့ခမည်းတော်လို မဖြစ်စေချင်ပါ။

 

“ဖြစ်လာမှာပါ ဟော်သွန်းရယ်။ မောင်တော် အာမခံပါတယ်နော်… အခုတော့ သားတော်လေးကို အရမ်းကြီး မကွပ်ညှပ်ပါနဲ့လားကွယ်။”

 

ဟော်သွန်းသည် မင်းကြီးကို လှည့်ပင် မကြည့်ပဲ နေလိုက်သည်။ စိတ်ထဲတွင်တော့ သိပ်မကျေနပ်ပါ။ သိပ်ကို ပျော့ညံ့လွန်းသည့် ခန်မင်းကြီးကို ချစ်ခင်ပွန်း ယေစုကိုင်းနှင့် နှိုင်းယှဉ်မိပြီး  အထင်သေးစိတ်တို့ဖြစ်နေမိသည်။

 

ယွမ်ချူးခန်သည် အခန်းအပြင်ဘက်မှ ခမည်းတော်နှင့် မယ်တော်တို့ စကားများနေသည်ကို တိတ်တဆိတ် နားထောင်ပြီး သက်ပြင်းချမိသည်။ မယ်မယ့် စေတနာကို နားလည်ပါသည်။ တကယ်ဆိုလျှင် ယွမ်ချူးခန်က ငယ်ကတည်းက အနီးကပ်နေသည့် မယ်မယ့်ကို ပိုကြောက်သည်။ ပိုချစ်သည်။ ခမည်းတော်က မိမိကို အလိုလိုက် လွန်းသော်လည်း ဘာကြောင့်မှန်းမသိ။ မယ်မယ့်ကိုသာ ပိုတွယ်တာမိသည်။ ပိုသနားမိသည်။ မယ်မယ်က

 

ဒီနန်ကျောင် နန်းတော်မှာ တစ်ယောက်တည်း အထီးကျန်နေသလိုဖြစ်နေသည်ကို တွေ့ရတာကြောင့်လည်းပါမည်။

ခမည်းတော်က မယ်မယ့်ကို မည်မျှချစ်ကာ အလိုလိုက်သော်လည်း မယ်မယ့်ဟန်ပန်က အကျဉ်းကျခံနေရသလို အမြဲ အထီးကျန်ကာ စိတ်ဆင်းရဲမှုကို မြိုသိပ်ထားသည်ကို အလိုလိုခံစားမိသည်။ ထို့ကြောင့် မယ်မယ့်ကို စိတ်ချမ်းသာ စေချင်သည်။ ယခုလည်း မယ်မယ်က မိမိအတွက် စိုးရိမ်ကာ ခမည်းတော်နှင့် စကားအခြေတင်များနေသည်ကို နားထောင်ပြီးသက်ပြင်းချနေမိသည်။
 

“ဟင်… မင်းသားလေး… အထဲ မ၀င်သေးဘူးလား။”
 

ကုန်းကုန်းက အခန်းအပြင်တွင် မတ်တပ်ရပ်နေသော မင်းသားေးလးကိုတွေ့သော် မေးလိုက်သည်။ မင်းသားလေးက သူ့မိဘများစကားများသည်ကို ကြားကာ စိတ်မကောင်းဖြစ်နေသည်ကို သိလိုက်သည်။ မင်းသားလေးကို ကုန်းကုန်းက ကြင်နာစွာမေးလိုက်သည်။

 

“သားတော်လေး ရေချိုးပြီးပြီလား။ လာတော့လေ။ မင်းရဲ့ မယ်မယ်က ယာဂုကို နွေးပြီး စောင့်နေတာ။ အေးတော့မယ်။ ”
 

ခန်မင်းကြီးက ထိုအခါမှ သားတော်ကို လှမ်းခေါ်လိုက်သည်။

 

“လာပါပြီ ခမည်းတော် ဘုရား..”
 

ဟော်သွန်းသည် အခန်းထဲဝင်လာသည့် သားတော်လေးကို ကြည့်ကာ ကြိုပြီး ထိုငိတွင် ထိုင်စေသည်။ ယွမ်ချူးခန်သည် မယ်မယ့် လက်ရာ ယာဂုကို တစ်ဇွန်းခပ်သောက်ကာ ပြုံးပြီး ပြောလိုက်သည်။

 

“အရမ်း အရသာရှိတယ် မယ်မယ်။ သားတော် နောက်နေ့ မယ်မယ့်ဆီက ယာဂုချက်နည်းသင်ချင်တယ်။”
 

“ဘာလုပ်မလဲ သားတော်ရ။ ချက်ပြုတ်တယ်ဆိုတာ မိန်းကလေးတွေ အလုပ်။ သားတော်က နိုင်ငံတစ်ခုကို အုပ်ချုပ်ရမယ့်သူလေ၊ ယာဂုချက်နည်း တတ်စရာမလိုဘူး။”
 

ခန်မင်းကြီးက မိမိအတွက် ယာဂုကို ခပ်သောက်ရင်း မနှစ်မြို့စွာပြောလိုက်သည်။

 

“သားတော်က မယ်မယ့်ကို ပြန်ကြိုတိုက်ချင်လို့ပါ ခမည်းတော်။ နောင်တချိန် ခမည်းတော်။မယ်မယ် နေမကောင်းရင် ပြန်ကြိုတိုက်ချင်လို့ပါ။”
 

“အင်း….. ဒါဆိုလည်း သင်လေ။ နှမတော်လေး သားတော်လေးကို သင်ပေးမယ် မဟုတ်လား။”
 

သားတော်၏ စကားကိုကြားသော် မတားရက်တော့သဖြင့် ဟော်သွန်းကို တောင်းဆိုပေးလိုက်သည်။

 

“သားတော်သင်ချင်တယ် ဆိုရင် သင်ပေးမှာပေါ့။ များများစား။ သားတော်လေး။ဒါမှ အားရှိပြီး များများလေ့ကျင့် နိုင်မှာ…။”

 

ယွမ်ချူးခန်သည် ယာဂုကို နှစ်ခွက်ဆင့်ကာ သောက်လိုက်ပြီး မယ်မယ့်ကို မော့ကြည့်လိုက်သည်။ မယ်မယ်က မိမိကို ပြုံးကြည့်နေသည်ကို တွေ့သော် မိမိလုပ်ထားမိသည်ကို အလိုလို ၀န်ခံလိုက်မိသည်။
 

“မယ်မယ် ..သားတော်ကို ခွင့်လွှတ်ပါ။ သားတော် လေ့ကျင့်ရေးကွင်းမှာ ကစားနေမိပါတယ်။ နောက်နေ့ သားတော် မယ်မယ် ပြောသလို သေချာလေ့ကျင့်ပါ့မယ်…”

 

ဟော်သွန်း ကျေနပ်သွားသည်။ ယွမ်ချူးခန်က မိိမိ ဖြစ်စေချင်သည့် စေတနာကိုနားလည်ကာ ယခုလိုပြောလာသည် ဆိုတော့ မိခင်ပီပီ ကြည်နူးမိသည်။ ကာလိုခန်သည် ဟော်သွန်း ပြုံးနေသည့် မျက်နှာလေးကို ကြည့်ကာ စိတ်ချမ်းသာ နေမိသည်။ ဟော်သွန်း၏ မျက်နှာက အပြုံးကိုတွေ့ချင်လျှင် သားတော်လေးနှင့် အတူရှိချိန်ကို ရွေးရသည်။ မိမိ ရင်နှင့်အမျှ ချစ်မိသော ဟော်သွန်းသည် မိမိကိုရည်ရွယ်ပြီး အပြုံးလေးတစ်ခုပင် ပေးဖို့ စိတ်ကူးမရှိပေ။ ဘယ်တော့မှလည်းပေးမည် မဟုတ်သည်ကို မိမိသိသည်။ မိမိက ဟော်သွန်း၏ ရင်ကိုခွဲကာ သိမ်းပိုက်ထားမိသူ မဟုတ်လား…

 

ထိုအတွေးကြောင့် ကာလိုခန် မင်းကြီး၏ ရင်ဘတ်၏ အနက်ရှိုင်းဆုံးနေရာမှ နာကျင်မှုကို ခံစားရသော်လည်း ယခုလို ချစ်စရာ သားတော်လေးနှင့် ချစ်သောမိန်းကလေးကို မိသားစုအဖြစ်ရသည့် အခြေနေကိုပြန်စဉ်းစားမိတော့ ဖြစ်သမျှကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။

 

ဟော်သွန်းကို စွဲလန်းမိသည့်အတွက် နန်ကျောင်ပြည်၏ အကြီးမားဆုံးရန်ဖက် နိုင်ငံတစ်ခုကို မိမိတည်ဆောက်မိပြီး ဖြစ်သည်။ တုံလေဆပ်အိုင် လွင်ပြင်မှ တည်ဆောက်ထားသည့် နိုင်ငံတော် အသစ်တစ်ခု။ အာနန်ပြည်။ ထိုနိုင်ငံတော် အသစ်ကို တည်ထောင်စက တားဂေါတိုင်း အမတ်ကြီးက စစ်တပ်လွှတ်ကာ ချေမှုန်းရန် ပြောသည်။ သို့သော် ကာလိုခန်သည် ဟော်သွန်း၏ အသက်နှင့် အာနန်ပြည်ကို လဲလိုက်သည်။ ဟော်သွန်း ဆက်လက် အသက်ရှင်ရန် အာနန်ပြည်ကို ရှင်သန်ခွင့်ပေးလိုက်ရသည်။ ထိုကတည်းက တားဂေါတိုင်းက မိမိကို သိပ်မကြည့်တော့သည်ကို သိသော်လည်း ကာလိုခန် မမှုပါ။ မိမိအတွက် ဟော်သွန်း မရှိတော့လျှင် ဒီနန်ကျောင်ပြည်ကို အုပ်ချုပ်မင်းလုပ် နေရသည့် အဖြစ်ကား  ဘာမှ အဓိပ္ပါယ်ရှိမည် မဟုတ်တော့ပေ။

 

ထိုအချိန်တွင် အာနန်ပြည် နန်းတွင်းတွင် အမတ်ကြီးက ယေစုကိုင်းမင်းကြီးကို တင်လျှောက်နေသည်။

 
“အရှင်မင်းကြီး…. နန်ကျောင်ပြည်က မြောက်ပိုင်း ကုန်သည်များကို အာနန်ပြည်ကို စီးပွားဖက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ် ။ ဒီဘက်ကို ကုန်သည်တွေ လာလို့ မရအောင် လမ်းပိတ်ထားပါတယ်။ အခု အာနန်ပြည်ကို အ၀တ်အထည်နဲ့ အခြား လိုအပ်တဲ့ ကြွေထည်၊ ဆေးဝါးတို့ မရနိုင်တော့ပါဘူး။”

 

“အင်း… အာနန်ပြည်ကို အင်အားဖြတ်တောက်ပစ်ချင်တယ် ထင်ပါရဲ့။ မပူပါနဲ့။ ယက်ကန်းပညာရှင်တွေကို ဆင့်ခေါ်လိုက်ပါ အမတ်ကြီး..”

 

ယေစုကိုင်းက မတုန်လှုပ်ပဲ အမိန့်ပေးလိုက်သည်။ ဒီလိုဖြစ်မည်ကို မိမိကြိုတင်မှန်းဆပြီးဖြစ်သည်။ ယက်ကန်း ပညာရှင် ၁၀ ဦး အခစားဝင်လာခဲ့စဉ် ယေစုကိုင်းက မေးလိုက်သည်။
 

“ပညာရှင်တို့ …သင်တို့ရဲ့ လဲမို့၊ ၀ါဂွမ်းကနေ ချည်ငင် ယက်လုပ်တဲ့ အခြေနေ ဘယ်လိုရှိပါသလဲ။”
 

“အထည်လိပ်များကိုစတင်ယက်လုပ်နေပါပြီ အရှင်မင်းကြီး။ အခု ချည်သားက ပိုခိုင်ခံ့အောင် ယက်လုပ်နိုင်ပြီး သဘာဝ သစ်မြစ်များနဲ့ စိမ်ဖို့လည်း အဆင်သင့်ဖြစ်ပါပြီ။”
 

“ဆေးစိမ်ဖို့က ဘယ်လောက်စောင့်ရမလဲ ..”

 

“တစ်ပတ်ဆိုရင် အရှင်မင်းကြီးရှေ့ကို ခိုင်ခံ့တဲ့ အစတွေကို ပြသနိုင်ပါပြီ အရှင်…”

 

“ကောင်းပြီ.။ ဆေးဆိုးဖို့ကို အခြားလိုအပ်တာကို တီထွင်ကြံဆပေးကြပါဦး။”
 

“ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် အရှင်မင်းကြီး..”

 

ယက်ကန်းပညာရှင်များထွက်သွားတော့ အမတ်ကြီးကို ထပ်ပြီး အမိန့်ပေးလိုက်သည်။ အမတ်ကြီးက အပါးတော်မြဲကို ဆင့်ခေါ်စေသည်။

 

“မြေထည်၊စဥ့်ထည် ပညာရှင်တွေကို ခေါ်လိုက်ပါဦး အမတ်ကြီး။”
 

“မှန်လှပါ ”
 

စဥ့်ထည်ပညာရှင်များ ၀င်လာတော့ ထိုလူများကို အမတ်ကြိး မြင်ကို မမြင်ဖူးပေ။ မင်းကြီးက  မိမိ မသိအောင် စီစဉ်ထားပုံရသည်။

 

“ပညာရှင် ဦးရီးတို့….အခု စဥ့်ထည် နဲ့ အသုံးအဆောင်ကို လုပ်ကိုင်တာ ဘယ်လောက်ပြီးပြီလဲ။”
 

“အာနန်ပြည်က လူဦးရေ တစ်ဝက်လောက်အတွက် အသုံးဆောင်တွေ ပြီးပါပြီ။ နောက် ၁ လဆိုရင် အာနန်ပြည်က အိမ်ထောင်စုတိုင်းအတွက် လိုအပ်သမျှ အသုံးဆောင်တိုင်းကို လုံလုံလာက်လောက်ပေးနိုင်ပါတော့မယ် အရှင်မင်းကြီး…”

 

မြေထည်၊ စဥ့်ထည်ပညာရှင်များကို ပြန်လွှတ်လိုက်ပြီးနောက် အမတ်ကြီးက မင်းကြီးကို လေးစားစွာဖြင့် ကြည့်လိုက်ပြီး တင်လျှောက်လိုက်သည်။
 

“အရှင်မင်းကြီး အမျှော်မြင်ကြီးမားလှပါတယ်။ သူတို့တွေ ဒီလိုတွေ လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်မျိုး လုံးဝကို မသိရှိခဲ့ကြောင်းပါ။”
 

“အင်း … အမတ်ကြီးက တောင်ပိုင်းနဲ့ အနောက်ပိုင်း ကုန်သွယ်မှုကို အာရုံစိုက်နေရလို့ ဒါကိုမသိလိုက်တာပါ။ ပြီးတော့ ကျုပ်ကလည်း လျှို့ဝှက်ထားခိုင်းလို့လည်းပါပါတယ်။ ”
 

“အရှင်မင်းကြီး ဒီပညာရှင်တွေက ဘယ်တိုင်းပြည်ကပါလဲ။”
 

“သူတို့က လျှံ တိုင်းပြည်က ပညာရှင်တွေပါ။ လျှံတိုင်းပြည်က လူတွေက လဲမို့၊ ၀ါဂွမ်းက ယက်လုပ်တဲ့အ၀တ်ကိုပဲ ၀တ်တယ်လို့ ကြားကတည်းက ပညာရှင်တွေကို ဆက်သွယ်ပြီး စည်းရုံးခေါ်ဆောင်ခဲ့တာပဲ။ ပြီးတော့ သူတို့ တိုင်းပြည်က မြေထည်၊ စဉ်းထည်နဲ့ အုပ်ခွက်ဘုရားတွေ လုပ်တာ ကျွမ်းကျင်တယ်။ ဒါကြောင့် တစ်ခါတည်း မြေထည်ပညာရှင်တွေကိုပါ စည်းရုံးခိုင်းလိုက်တာ။ ”
 

“အရှင်မင်းကြီး အမျှော်မြင်ကြီးမားလှပါတယ်။”
 

“ဒါနဲ့… ခုတလော အရှေ့ပင်လယ်ဘက်က ကျွန်းတွေမှာ ခိုအောင်းတဲ့ ပင်လယ်ဓါးပြတွေ ထကြွသောင်းကျန်းစပြု နေတယ်။ အခြေနေ ဘယ်လိုရှိသလဲ။”
 

“လောလောဆည် သူတို့က အာနန်ပြည်ကို လာမထိရဲသေးပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးအထင် မကြာခင် သူတို့ ကုန်းမကြီးဘက်ကို တက်လာဖို့များပါတယ် အရှင်မင်းကြီး။ သူတို့ကို အားပေးအားမြှောက်လုပ်နေတဲ့ သူတွေရှိပုံ ရပါတယ်။”
 

“အင်း… နန်ကျောင်ပြည်ဖြစ်ဖို့များတယ်။ စစ်သူကြီးကို ခေါ်လိုက်ပါ။”

 

စစ်သူကြီးရောက်လာသောအခါ မင်းကြီး က အမိန့်ပေးလိုက်သည်။


“လှေတပ်ကို သေချာလေ့ကျင့်ပါ စစ်သူကြီး။ လက်နက်များနဲ့ စစ်သည်တော်များကို ဖြည့်တင်းပါ။ ”
 

“မှန်လှပါ မင်းကြီး။ အရှင်မင်းကြီးကို တစ်ခု တောင်းဆိုပါရစေ..”
 

“ပြောပါ စစ်သူကြီး။”
 

“မင်းသားလေး ကို ပြန်ခေါ်လို့ ရမလား အရှင်မင်းကြီး။ လက်ထောက် စစ်သူကြီးတွေက ကျွန်တော်မျိုးရဲ့ စကားထက် မင်းသားလေးရဲ့ စကားကို ပိုနာခံကြလို့ပါ။”

 

ယေစုကိုင်းသိလိုက်သည်။ လက်ထောက်စစ်သူကြီးများက သားတော်နှင့် အတူကြီးလာသည့် သားတော်၏ လက်ရင်း တပည့်စစ်စစ်များဆိုတော့ ယခု စစ်သူကြီး အမိန့်ကို သိပ်ပြီး လိုက်နာချင်ပုံမရပေ။ ထို့ကြောင့် ယေစုကိုင်း ၀င်ရန် ဆုံးဖြတ်ကာ ပြောလိုက်သည်။

 

“သားတော် ပြန်လာဖို့ သုံးလ လိုသေးတယ် စစ်သူကြီး။ ကျုပ် အဲ့ဒီ လက်ထောက် စစ်သူကြီးတွေကို လာတွေ့ပြီး မှာလိုက်ပါ့မယ်။”

 

“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး…”

 

အားလုံးပြန်သွားပြီးနောက် ယေစုကိုင်းသည် သလွန်ပေါ်လှဲလိုက်ကာ သက်ပြင်းကိုချလိုက်သည်။ တိုင်းပြည်တစ်ခုက ရုပ်လုံးပေါ်လာခဲ့လေပြီ။ မကြာခင် သားတော်ကြီးပြန်လာလျှင် အာနန်ပြည်ကို ဒီထက် ချဲ့ထွင်မည်။ မိမိတို့ သားအဖ ကြိုးစားနေသည်က တစ်ယောက်သော သူအတွက် ဖြစ်သည်။
 

“ဟော်သွန်းရယ်… မင်းကို ပြန်ခေါ်ဖို့ မောင်မောင် ကြိုးစားနေပါတယ်ကွယ်။ ခဏပဲ စောင့်ပေးပါ။ မင်းကို ဒီ အာနန်ပြည်မှ ဘုရင်မအဖြစ်ကို တင်မြှောက်နိုင်ဖို့ လာခေါ်ပါ့မယ်။”

 

ယေစုကိုင်းက ဟော်သွန်းကို တမ်းတရင်း မျက်လုံးကို မှိတ်လိုက်စဉ် ပြုံးနေသော ဇနီးသည်၏ မျက်နှာကို မြင်လိုက်ရသည်။ ယေစုကိုင်းပြုံးလိုက်မိသည်။ ဟော်သွန်းက မိမိကို ချစ်နေဆဲဆိုတာကို ခံစားမိသည်။

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet