Chapter - 5

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (5)

 

ယေစုကိုင်းတို့ စစ်တပ် တောင်ပိုင်းကို ခရီးဆက်လာပြီးနောက် တင်ဂီရိ နိုးလာခဲ့သည်။ မိမိကို ကြိုးဖြည်ပေးရန် အော်ဟစ်ပြောသော်လည်း မည်သူမှ မဖြည်ပေးရဲပေ။ စခန်းတစ်ထောက်နားတော့မှ ယေစုကိုင်းက တင်ဂီရိကို ကြိုးတုပ်ပြီး တင်ခဲ့သည့် မြင်းလှည်းနားကို လာတွေ့သည်။

 

တင်ဂီရိသည် ခမည်းတော်ကို တွေ့သည်နှင့် ချက်ချင်းတောင်းပန်သည်။ အကြိမ်ကြိမ်တောင်းပန်သည်။ ဖခင်ဖြစ်သူ၏ မျက်နှာထားက လိုတာထက်ကို အေးစက်လွန်းနေသည်ဟု ထင်မိသည်။

 

“ခမည်းတော်….မယ်မယ်…မယ်မယ့်ကို သွားကယ်မယ်။”
 

ယေစုကိုင်းသည် တင်ဂီရိကို စိုက်ကြည့်ကာ ပြောလိုက်သည်။

 

“ခမည်းတော်ရဲ့ စကားကို နားထောင်ပါ တင်ဂီရိ။ မင်းမယ်မယ်ကို ကယ်ဖို့ ခမည်းတော် မမေ့ဘူး။ ဒါပေမယ့် အဲ့လို ကယ်နိုင်ဖို့ အရင် အင်အားကို တည်ဆောက်ရမယ်။”

 

တင်ဂီရိသည် မယ်မယ့်ကို အရင် အသက်စွန့်မကယ်ပဲ တိုင်းပြည်ထူထောင်ရန်သာ ပြောနေသည့် ဖခင်ကို နားမလည်နိုင်အောင်ဖြစ်မိသည်။ ခမည်းတော် ပြောင်းလဲသွားပုံက တင်ဂီရိကို မခံမရပ်နိုင်အောင် နာကျင်စေသည်။ ခမည်းတော်ကို သေချာသိအောင် တင်ဂီရိ ထပ်ပြောလိုက်သည်။ မိမိ မယ်တော် ကို ခန်မင်းကြီး သိမ်းပိုက်တော့ မည်ကို ခမည်းတော်က ဘာကြောင့်ဒီလောက် သွေးအေးနေနိုင်သည်ကိုနားမလည်နိုင်အောင်ဖြစ်နေမိသည်။
 

“ခမည်းတော် ရက်စက်တယ်။ မယ်မယ့်ကို ခန်မင်းကြီးသိမ်းပိုက်တော့မယ်။ မယ်မယ့်ကို သူများ အနိုင်ကျင့်သိမ်းပိုက် တာ ကို သားတော် လက်မခံနိုင်ဘူး။  ”
 

တင်ဂီရိ၏ စကားကို ကြားသော် ယေစုကိုင်း နာကျင်မိသော်လည်း လက်တွေ့ကျကျ စဉ်းစားတတ်ဖို့ သားတော်ကို သွန်သင်မိသည်။ မိမိရင်ထဲ မီးလောင်နေသည်ကို သားတော်အား ပြလို့မဖြစ်ပေ။ မိမိမည်မျှ နာကျင်နေပါစေ၊ မျက်ရည်ကျကာ ငိုခွင့်မရှိပေ။ ပူဆွေးခွင့်မရှိပေ။ အားလုံး အတွက် စဉ်းစားကာ အကောင်းဆုံးနည်းရှာရမည့် ခေါင်းဆောင်တာဝန်ကို မေ့ပစ်လို့မရပေ။ ဒါကို နောင်တချိန်တွင် သားလေး အလိုလိုနားလည်လာပေးလိမ့်မည်။ ယခုတော့ မိမိကို မုန်းလည်း မုန်းပါစေတော့။ ဟော်သွန်းဖြစ်စေချင်သည့်အတိုင်း သားကို သူရဲကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်။

 

 

“ခမည်းတော်လည်း လက်မခံနိုင်ပေမယ့် လက်ရှိ ခမည်းတော်တို့ ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ မင်းရဲ့ မယ်တော်က ခန်မင်းကြီးရဲ့ကိုယ်လုပ်တော်ဖြစ်သွားပြီဆိုတဲ့ အချက်ကို ဘာကမှ မပြောင်းလဲသွားစေဘူး။ အဓိက မင်းမှာ အင်အားရှိမှ မင်းမယ်မယ်ကို ပြန်ရနိုင်တော့မယ်။ မင်းရဲ့ မယ်တော်ကိုချစ်ရင် အင်အားကို အရင်တည်ဆောက်ပါ တင်ဂီရိ။ ”
 

တင်ဂီရိသည် အေးစက်စက်ရှင်းပြနေသည့် ခမည်းတော်၏ ပုံစံကို ကြည့်ကာ နာကြည်းစွာမေးလိုက်သည်။

 

“ခမည်းတော် ဘာမှ မခံစားရဘူးလား။ မယ်မယ့်ကို မချစ်ဘူးလား။”
 

ယေစုကိုင်း၏ မျက်နှာထားမပြောင်းလဲပဲ သားကို ပြန်ဖြေလိုက်သည်။

 

“ခမည်းတော်ရင်ထဲ မီးလောင်နေတာကို သားတော် မသိနိုင်ပါဘူး။ ဒါပေမယ့် ချစ်တာနဲ့ မိုက်ရူးရဲဆန်ပြီး ကမူးရူးထိုးလုပ်ရင် မင်းမယ်မယ်ကို မကယ်နိုင်ပဲ တသက်လုံး ကိုယ်လုပ်တော်ဖြစ်အောင် တွန်းပို့နေသလိုဖြစ်မယ်။”
 

“မယ်မယ့်ကို သိမ်းပိုက်တော့မှာ…မယ်မယ်က ခန်မင်းကြီးရဲ့ ကိုယ်လုပ်တော်ဖြစ်တော့မှာ။”
 

ခံရခက်စွာဖြင့် တင်ဂီရိပြောလိုက်မိသည်။ မျက်ရည်ပေါက်ကြီးများက  ပါးပြင်ကို ဖြတ်ကာ စီးကျလာခဲ့သည်။ ဖခင်မဟုတ်သည့် ယောကျာ်းနှင့် ယှဉ်တွဲနေသည့် မိခင်ကို မြင်ယောင်ကာ နာကျင်လွန်းသဖြင့် တင်ဂီရိ မျက်ရည်ပေါက်ကြီးများကျလာခဲ့သည်။

 

“သိမ်းပိုက်ပါစေ။ မင်းမယ်မယ်ကို နှစ်ဘယ်လောက်ကြာကြာ ခမည်းတော် ပြန်ကယ်မယ်။ မင်းရဲ့ မယ်မယ်လည်း ခမည်းတော် လာကယ်မယ့်နေ့ကို စောင့်နေလိမ့်မယ်။ သား တစ်ကျိပ်ရနေပါစေ။ မင်းရဲ့မယ်မယ်ကို ခမည်းတော် အပြစ်မတင်ဘူး။ သူ့ကို ချစ်တယ်။ သူနဲ့ပြန်ဆုံမယ့်နေ့ကို တွေးပြီး ခမည်းတော် တရက်ချင်း ကြိုးစားသွားမယ်။”
 

ယေစုကိုင်း၏  သားဖြစ်သူ၏ ခံစားချက်ကို နားလည်သော်လည်း စိတ်ကိုလွှတ်ပေးလို့မရပေ။ ထို့ကြောင့် အေးစက်စွာပဲဖြန်ဖြေလိုက်သည်။ တင်ဂီရိသည် ဖခင်ကို တခွန်းပဲပြောလိုက်သည်။

 

“ခမည်းတော် ရက်စက်တယ်…”

 

ယေစုကိုင်းသည် တင်ဂီရိကို တင်းမာစွာစိုက်ကြည့်ကာ ပြောလိုက်သည်။
 

“မင်း ချစ်တဲ့သူကို မတွေ့မချင်း ခမည်းတော်ကို ဘယ်တော့မှ ကိုယ်ချင်းစာတတ်မှာ မဟုတ်ဘူး တင်ဂီရိ။ တနေ့ကျရင် မင်း ခမည်းတော် ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိလာလိမ့်မယ်။ အခုတော့ ခမည်းတော်တို့ တောင်ပိုင်းကို ဆက်ပြီးချီတက်ရမယ်..မင်း ရဲ့ မယ်တော် မင်းကို မှာထားတဲ့ စကားကို မင်း မှတ်မိတယ် မလား။ မင်း ငါ့ စကားကို နားထောင်ရမယ်။ အခုကစပြီး မင်းမယ်တော်ဆီ ပြန်ပြေးချင်တဲ့စိတ်ကို ဖျောက်လိုက်။ မင်း အခုကစပြီး ကလေး မဟုတ်တော့ဘူး။ မင်းက စစ်သည်တစ်ယောက်ဖြစ်ပြီ။ မင်းမျက်လုံးက မျက်ရည်ကျတာ ဒါနောက်ဆုံးဖြစ်ပါစေ။ မင်းမယ်တော်ကို ကယ်ချင်ရင် မင်းအင်အားကြီးအောင်လုပ်ဖို့ မမေ့နဲ့။ ပါးစပ်ဖျားက ချစ်တာ၊ ကယ်ရင်း အသက်အသေခံတဲ့ ဟိုလူညံ့တွေလို့ ငါ့ကို လာလုပ်မပြနဲ့။ တကယ့်သူရဲကောင်းဆိုတာ အခက်ခဲကြားက နောက်ဆုံး အသက်ရှင်ကျန်ရစ်သူပဲ။ ကဲ… ထ…ခုမြင်းပေါ်တက်…”

 

ထိုအချိန်က စပြီး တင်ဂီရိသည် မျက်ရည်တစ်စက်မကျပဲ မြင်းပေါ်တက်ကာ ဖခင်နှင့် အတူ တောင်ပိုင်းကို ချီတက်ခဲ့ တော့သည်။ မိခင်ပြောသည့် စကားကို မိမိနာခံရမည် မဟုတ်လား။ မကျေနပ်သော်လည်း ဖခင်ရဲ့ ခေါင်းဆောင်မှုကို မိမိ လိုက်နာရမည်။

 

ယေစုကိုင်းနောက်ကို မလိုက်ပဲ နေပြည်တော်ပြန်လာသည့် စစ်သည်တော် နှစ်ဆယ်သည် နေပြည်တော် ရောက်ရန် တနေ့ခရီးအကွာတွင် သစ်တောလေးတစ်ခုမှ အဖြတ် မြှားမိုးရွာပြီး လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။

ယေစုကိုင်းတို့သည် တောင်ပိုင်းကို တရွေ့ရွေ့ပြောင်းရွှေ့လာခဲ့ရင်း တောတောင်ပေါင်းများစွာကို ကျော်ကာ နောက်ဆုံးတိုင်းပြည်တစ်ပြည်အနားကို ချည်းကပ်လာမိသည်။
 

“မွန်ဂိုတပ်ကြီး ချီလာပြီ။ မွန်ဂိုတပ်ကြီးချီလာပြီ။”
 

“မွန်ဂိုတပ်ကြီး….”
 

ငွေတောင်ပြည်သည် မြို့တံခါးများကို ပိတ်ကာ အရိပ်အခြေကြည့်နေကြသည်။ ယေစုကိုင်းသည် ငွေတောင်ပြည် အပြင်ဘက် တွင် တပ်ကို ရပ်တန့်ကာစခန်းချထားလိုက်သည်။ မိမိ ချီလာသည့် တစ်နှစ်အတွင်း နယ်တကာမှ စုဆောင်းထားသည့် လူအင်အားများကြောင့် မိမိ နန်ကျောင်ပြည်မှ စထွက်လာစဉ်ထက် လူဦးရေ ငါးဆရှိလာခဲ့သည်။

 

“ဗော်ချူး…. မင်း သံတမန်အဖြစ် ငွေတောင်ပြည့်ရှင်ကို သွားတွေ့ပါ။ ကျုပ်တို့က ရန်ပြုဖို့လာတာ မဟုတ်ဘူး။ ဒီနားက ဖြတ်သန်းသွားတယ်လို့ပြောလိုက်ပါ။ ”
 

“မွန်ဂိုတပ်တော်မှ အကြီးကဲ ယေစုကိုင်း ကိုယ်စား ငွေတောင်ပြည့်ရှင် မင်းကို လာရောက် နူတ်ခွန်းဆက်သပါတယ်။”
 

“သံတမန်ကြီး ၀င်လာတော်မူပါ….”

 

ဗော်ချူးသည် ငွေတောင်ပြည့်ရှင်မင်းမိဖုရားကို ၀င်တွေ့ပြီးနောက် အကျိုးကြောင်းပြောပြသည်။ ငွေတောင်ပြည့်ရှင် မင်းက အကြီးကဲ ယေစုကိုင်းကို နန်းတော်သို့ဖိတ်ခေါ်ကြောင်းပြောသဖြင့် ဗော်ချူးပြန်လာခဲ့သည်။

ယေစုကိုင်းလည်း ၀မ်းသာစွာဖြင့် စစ်သူကြီးများ ခြံရံကာ ငွေတောင်နန်းတော်ထဲကို လာခဲ့သည်။ ငွေတောင်ပြည့်ရှင်မင်း၏ မိဖုရားကို တွေ့သော် ဟော်သွန်းကိုပင် သတိရသွားခဲ့သည်။ သူမသည် ဟော်သွန်း ကဲ့သို့ပင် ကျက်သရေရှိစွာလှပလွန်းလှသည်။ သူမ လက်ထဲတွင်ပွေ့ထားသည့် ကလေးသည်လည်း လှပလွန်းလှသည်။

 

“ကျုပ်ယေစုကိုင်း ငွေတောင်ပြည့်ရှင်မင်းနဲ့ မိဖုရားကို နူတ်ဆက်ပါတယ်။”

 

“သူရဲကောင်း ယေစုကိုင်းရဲ့ သတင်းကို ကြားဖူးတာ ကြာပါပြီ။ အခုမှ တွေ့ရတော့တယ်။ ကျုပ်တို့ တိုင်းပြည်ငယ်လေးကို သနားငဲ့ညှာပြီး ရန်မပြုလို့ ကျေးဇူးတင်ပါတယ်။ ငွေတောင်ပြည်သူပြည်သားတွေ ကိုယ်စား

ကျေးဇူးတင်စကားပြောပါရစေ…”
 

“ငွေတောင်ပြည်က စာပေ၊ အနုပညာ ထွန်းကားတဲ့တိုင်းပြည်လေ။ ဒီလို အေးချမ်းသာယာပြီး ပညာဖြန့်ဖြူးတဲ့ တိုင်းပြည်ကို ကျုပ်က ဘာကြောင့် ရန်ပြုရမှာလဲဗျာ။ ပြီးတော့ ကျုပ်တို့က တိုင်းပြည်ထူထောင်ဖို့ တုံလေဆပ်အိုင် လွင်ပြင်ဘက်ကို အရောက်သွားရမှာ။ ဒါကြောင့် အကူညီလည်းတောင်းချင်လို့ ငွေတောင်ပြည်ကို ၀င်လာခဲ့တာပါ။”

 

“လိုအပ်တာကို ပြောပါ အဆွေတော် ယေစုကိုင်း…”
 

“ကျုပ်တို့ တိုင်းပြည်ထူထောင်ဖို့ လိုအပ်တဲ့ လက်မှုပညာရှင် တချို့ကို ငှားရမ်းသွားပါရစေ။ နန်းတော်တည်ဆောက်ပြီးရင် သူတို့ကို ပြန်ပို့ပေးပါ့မယ်။ ကျုပ်တို့အတွက်စာပေပညာရှင်များကိုလည်း ခဏ ငှားပေးပါလို့ တောင်းဆိုပါတယ်။”
 

“ရပါတယ် အဆွေတော်။ လိုအပ်တဲ့ လူတွေ၊ ပညာရှင်တွေကို ထည့်ပေးလိုက်ပါ့မယ်။ ”
 

“ကလေးက မိန်းကလေးလား။ယောကျားလေးလား။”
 

“ယောကျာ်းလေးပါ အဆွေတော်…”
 

“ကျွန်တော် ခဏကြည့်လို့ရမလားဗျာ။”
 

“ရပါတယ် အကိုတော် ယေစုကိုင်းရယ်။ ”

 

ငွေတောင်မိဖုရား ဆင်းဝတ်ကြည်က သားတော်လေးကို ပွေ့ကာ ယေစုကိုင်းအနီးကို ကိုယ်တိုင်လာပို့ပေးသည်။ ယေစုကိုင်းသည် ကလေးလေးကို ငုံ့ကြည့်ကာ ပြုံးပြီးပြောသည်။
 

“ကလေးက သိပ်ကို ကျက်သရေရှိတာပဲ။ နောင်တချိန်ကျရင် နှမတော်ရဲ့သားကို အတိုင်းတိုင်း အပြည်ပြည်က မင်းသမီးတွေ ၀ိုင်းလုမှာ မြင်ယောင်ပါသေးတယ်။”
 

တင်ဂီရိသည် ကလေးသေးသေးလေးကို ငေးကြည့်ကာပထမဆုံး စိတ်လက်ကြည်လာခဲ့သည်။ ဘာကြောင့်ရယ် မသိ။ ကလေးလေးက တင်ဂီရိကို လှမ်းကြည့်နေသလိုခံစားရသည်။ တင်ဂီရိသည် ကလေးလေးကို ရင်းနှီးသလို ခံစားလိုက်ရသည်။

 

ဆင်းဝတ်ကြည်သည် အသက် ၁၃ နှစ်အရွယ် နှင့် မလိုက်အောင် ထွားကျိုင်းလှသည့် စစ်သူကြီး၏ သားတော် တင်ဂီရိကို ကြည့်ကာ မိမိသားလေးကိုလည်း နောင်တချိန်တွင် ဒီလို အားကိုးရသည့် မင်းသားတစ်ပါးဖြစ်လာ စေချင်မိသည်။

 

“ဒါ ကျုပ်သား တင်ဂီရိပါ။ သားလေးကို နောက် ခုနှစ်နှစ်ကြာရင် ငွေတောင်ပြည်ကို ပညာသင်ကြားဖို့ စေလွှတ်ပါဦးမယ်။ အဲ့ဒီအခါ လက်ခံပေးပါ။”
 

“စိတ်ချပါ အဆွေတော်။ မင်းသားလေးကို သားတော်လေးလို သဘောထားပါ့မယ်.”
 

“ကျုပ်တို့ကို မိတ်ဖွဲ့လို့ နန်ကျောင်ပြည်က ရန်ငြိုးဖွဲ့မှာ မစိုးရိမ်ဘူးလား အဆွေတော်။”
 

“သူရဲကောင်း ယေစုကိုင်းတို့ကို မတရား ပြုလုပ်ပြီးနှင်ထုတ်လိုက်တယ် ကြားကတည်းက ကျွန်တော်က သူရဲကောင်းတို့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ပြီးတော့ ကျွန်တော်တို့လို တိုင်းပြည်ငယ်လေးကို သူတို့က မျက်စိထဲ မထည့်ပါဘူး။ ထည့်လည်း ကရုမစိုက်ပါဘူး။”
 

“ကျေးဇူးတင်ပါတယ်။ အခုချိန် ကျွန်တော် ဘာမှ ပြန်မလုပ်ပေးနိုင်သေးပါဘူး။ အဆွေတော်တို့ရဲ့ ကူညီမှု၊ အားပေးမှုကို ကျုပ် မမေ့ပါဘူး။”

 

ယေစုကိုင်းတို့သားအဖဦးဆောင်သည့် မွန်ဂိုတပ်ကြီး ချီတက်သွားသည်ကို နန်းမြို့ရိုးပေါ်မှ ကြည့်ရင်း မိဖုရား ဆင်းဝတ်ကြည်က ခင်ပွန်းဖြစ်သူ မင်းကြီးကို လှမ်းကြည့်ကာ တိုးတိုးပြောလိုက်သည်။

 

“သူရဲကောင်း ယေစုကိုင်းကို သနားလိုက်တာ မောင်မောင်ရယ်…”

 

“အင်း…. ဟော်သွန်းက နန်ကျောင်ပြည်ရဲ့ နန်းဆက်သွေးကို မွေးပေးလိုက်တယ်ဆိုတာ သူ မသိသေးဘူးထင်တယ်။

ယေစုကိုင်းသိရင် အတော့်ကို စိတ်မကောင်းဖြစ်ရှာမှာ။ သူက ဟော်သွန်းကို ဘယ်လောက်ချစ်တယ် ဆိုတာ မျက်လုံးထဲမှ ပေါ်နေတယ်။”

 

“သူက ဟော်သွန်းကို ရအောင်ပြန်ယူမှာ သေချာတယ် မောင်မောင်။ ကျွန်မ ယုံတယ်။သူ့လိုလူက သူချစ်တဲ့သူကို ဒီအတိုင်း မစွန့်ပစ်ဘူး။”
 

“ဟုတ်တယ်။ ယေစုကိုင်းက နောင် တချိန် ဟော်သွန်းကို ပြန်ယူလိမ့်မယ်။ နန်ကျောင်ပြည်ကို တိုက်ခိုက်ချေမှုန်းပြီး သူ့မယားကို ပြန်ခေါ်လာလိမ့်မယ်။”

 

“အဲ့အချိန် ဟော်သွန်းက သူ့သားလေးကို စွန့်ပစ်ပြီး ယေစုကိုင်းနောက်ကို ပြန်လိုက်နိုင်ပါ့မလား မောင်မောင်ရယ်။ ဟော်သွန်းခမျာ သားကြီးနဲ့သားငယ်ကြား ဗျာများနေရှာတော့မယ်။”

 

“အင်း….. တင်ဂီရိဆိုတဲ့ ကလေးက  သူ့ခမည်းတော်ထက်ကိုစိတ်ဓါတ်ပြင်းပြမယ့်ကလေးပဲ။ ယေစုကိုင်းလို ဇွဲကြီးမယ့်သူ။ ပြီးတော့ သူ့ရဲ့ ရုပ်လက္ခဏာအရ သူက သိပ်ကိုကောင်းတဲ့သူဖြစ်ရင် လူအများအေးချမ်းမယ်။ သိပ်ကို ဆိုးတဲ့သြူဖစ်ရင် သွေးချောင်းစီးအောင်လုပ်နိုင်မယ့်သူပဲ။ တင်ဂီရိက နဂါးရိုင်းနဲ့တူတယ်။”
 

“ဒီ ကလေးရဲ့ အကြည့်က ငယ်သေးတယ်ဆိုပေမယ့် သိပ်ကို စူးရှလွန်းလှတယ်။ သူနဲ့အကြည့်ဆုံမိတိုင်း နှမတော်တော့ ရင်ထဲကနေ စိမ့်ခနဲဖြစ်ဖြစ်သွားမိတယ် မောင်မောင်ရယ်။”

 

“အင်း…..တော်သေးတယ်။ မောင်မောင်တို့ ငွေတောင်ပြည်ကို သူတို့ ရန်မပြုသွားလို့၊ ပြီးတော့.. နောင် ခုနှစ်နှစ်နေရင် တင်ဂီရိကို ပညာသင်ဖို့ စေလွှတ်မယ်ဆိုပဲ။ ”

 

“အဲ့ဒီအချိန် သူ့ကို တတ်သင့်တာကို သင်ကြားပေးလိုက်ပေါ့။ သမီးလေး မွေးတယ်ဆိုလည်း သူနဲ့ပေးစားလိုက်ချင်တာပဲ။ သားလေး ပဲ မွေးထားတော့သူနဲ့ သွေးသောက်ညီအစ်ကိုပဲ ဖွဲ့ထားခိုင်းရုံပေါ့။”

ငွေတောင်ပြည့်ရှင်မင်းနှင့် မိဖုရားသည် မွန်ဂိုတပ်ကို ငေးကြည့်ကာ အချင်းချင်းတိုင်ပင်နေလိုက်သည်။ မကြာခင်

 

အင်အားကြီးသည့် တိုင်းပြည်တစ်ခုပေါ်ပေါက်လာမည်ကို သိနေကြသည် မဟုတ်လား။

ယေစုကိုင်းသည် ငွေတောင်ပြည့်ရှင် ထည့်ပေးလိုက်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များကို ခေါ်ကာ တုံလေဆပ်အိုင်လွင်ပြင်ကို ထွက်လာခဲ့သည်။ ညီညာပြန့်ပြူးသည့် မြေတွင် တိုင်းပြည်တစ်ခုကို စတင်ထူထောင်ခဲ့သည်။
 

“အာနန်ပြည်….”
 

“စစ်သူရဲကောင်းတို့၏ တိုင်းပြည်…”

 

အချိန် ခုနှစ်နှစ်ကြာညောင်းပြီးနောက် တင်ဂီရိလည်း အသက်  နှစ်ဆယ် အရွယ်သို့ရောက်လာလေပြီ။ ယေစုကိုင်းသည် အရှေ့ဘက် တစ်ခွင်ကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်လေပြီ။ မိမိတို့အင်အားကြီးနေသည်ဆိုသော်လည်း အနောက်ပိုင်းကို အင်အားတိုးချဲ့ချင်သည်။ ထို့ကြောင့် ငွေတောင်ပြည်သို့ ပညာသင်ရန် သားတော်ကို စေလွှတ်လိုက်သည်။

 

“သားတော်…ငွေတောင်ပြည်ကို ပညာသင်သွားပါ။”

 

“ကျွန်တော် ဘာပညာသင်ရမလဲ။”
 

“စစ်ရေးဗျူဟာကိုသင်ပါ။ ပြီးတော့ အနောက်ဘက် တလွှားနဲ့ ငွေတောင်ပြည် တောင်ဘက်ပိုင်း တိုင်းပြည်တွေကို လေ့လာပါ။ ခမည်းတော်တို့ အင်အားကို ချဲ့ထွင်ရမယ်။”
 

“ကျွန်တော် လူအင်အားစုရမလား ခမည်းတော်ဘုရား”
 

“ဟုတ်တယ်။ ငွေတောင်ပြည်က အတိုင်းတိုင်းအပြည်ပြည်က ပညာလာရှာကြတဲ့ မင်းညီမင်းသားတွေ၊ မင်းသမီးတွေလာကြတာ။ မင်းအတွက် နောက်လိုက်နောက်ပါတွေကို သွားစုဆောင်းပါ။”
 

“ကျွန်တော် မနက်ဖြန်သွားလိုက်ပါ့မယ်။ အဲ့မှ ဘယ်လောက် နေရမလဲ ခမည်းတော်ဘုရား”
 

“သုံးနှစ်တိတိ ပညာသင်ပါ။ အတိုင်းတိုင်းအပြည်ပြည်က သတင်းတွေကို စုစည်းပါ။ အထူးသဖြင့် နန်ကျောင်နဲ့ ရန်ဘက်ဖြစ်တဲ့ တိုင်းပြည်ကို အာရုံစိုက်ပါ။ ရန်သူရဲ့ရန်သူက ကိုယ့်အတွက် မိတ်ဆွေဖြစ်တယ်။ ခမည်းတော် ငွေတောင်ပြည့်ရှင်မင်းကို စာရေးပေးလိုက်မယ်။ ”

 

တင်ဂီရိသည် ပညာသင် အမည်ခံပြီး လူစုရန် ငွေတောင်ပြည်ကို ခရီးထွက်လာခဲ့သည်။
 

“အရှင်မင်းကြီး…အာနန်ပြည်မှ မင်းသား တွေ့ခွင့်တောင်းနေပါတယ်…”
 

“ချက်ချင်း ၀င်လာခိုင်းလိုက်…နှမတော်ရေ… သူရဲကောင်း ယေစုကိုင်းရဲ့ သားတော် နဂါးမင်းသားလေး ပညာသင်ဖို့ရောက်လာပြီ။”
 

“နှမတော်လည်း သူ့ကိုတွေ့ချင်တယ် မောင်မောင်….”
 

“မယ်မယ် သားတော်လည်း နဂါးမင်းသားကို တွေ့ဖူးချင်တယ်…”
 

“သားတော်လေး… အထိန်းတွေနဲ့ ဆော့နေလေ… နောက်မှ တွေ့ပေးမယ်နော်။”
 

“ဟင့်အင်း…အခု တွေ့ချင်တာ။ နဂါးမင်းသားကို အခုတွေ့ချင်တာ…”
 

“ကဲ…ကဲ.. နှမတော်ရယ် ခေါ်လာလိုက်ပါ။ သားတော်လေး ဆူမီရာ ကို တင်ဂီရိနဲ့ မိတ်ဖွဲ့ပေးထားတာပေါ့…”

 

“ဟေး….နဂါးမင်းသားနဲ့တွေ့ရတော့မယ်…ပျော်လိုက်တာ…”

 

အသက် ခုနှစ်နှစ်အရွယ်ငွေတောင်ပြည်၏ မင်းသားလေး ဂွန်ချီဆူမီရာသည် အိပ်ယာဝင်တိုင်း မယ်မယ်ပြောပြသည့် ပုံပြင်ထဲမှ နဂါးမင်းသားဟု ထင်ကာ တင်ဂီရိ နှင့် အတင်းလိုက်တွေ့ချင်နေသည်ကို ငွေတောင်မင်းနှင့်မိဖုရားက မသိလိုက်ပေ။

 

လိုချင်တာကို မရလျှင် တအီအီ အော်ငိုနေတတ်သည့် ဂွန်ချီဆူမီရာသည် မိိမိ အားကျခဲ့ရသည့် နဂါးမင်းသားနှင့် တွေ့ရန် မယ်မယ့် လက်ကို ဆွဲကာ ထပ်ချပ်မခွာလိုက်လာတော့သည်။

 


 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet