စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (69)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (69)

 

ဆူမီရာသည် အခန်းထဲပိတ်မိနေစဉ် အပြင်မှအစောင့်များကို ယွမ်ချူးခန်ကို ခေါ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း အနက်ရောင် သံချပ်ဝတ်စစ်သည်များက နားမပါသည့်နှယ် ဘာမှပြန်မဖြေသဖြင့် တံခါးကို ဆောင့်ကန်ကာ သောင်းကျန်း နေ သော်လည်း ဘာမှ မထူးခြားပေ။ ယွမ်ချူးခန် ပြောသွားသည့်စကားများကို ပြန်သတိရလာပြီး ထူပူလာခဲ့သည်။ ဒီကောင် ဘယ်လို လုပ်ပြီး စိတ်ရိုင်းဝင်သွား ခဲ့တာလဲ။ သူပြန်လာရင် သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲဟု တွေးကာ ရင်ထဲ ဗလောင်ဆူလို့နေသည်။
 

“၀ုန်း….”
 

“ဆူ..မီ..ရာ…”

 

အခန်းတံခါးပွင့်လာပြီးနောက် ယွမ်ချူးခန် အရက်တစ်အိုးကို မော့သောက်ကာ ၀င်လာရင်း ဆူမီရာ၏ အမည်ကို ရေရွတ်လိုက်သည်။ ဆူမီရာသည် သူ့ကိုတည်ငြိမ်စွာကြည့်နေလိုက်သည်။
 

“မင်းရဲ့အကောင်ကို မျှော်နေတာလား..ဟမ်… မင်းချစ်သူလာကယ်မှာကို စောင့်နေတာလား…”

 

ဆူမီရာ ရင်ထိတ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောပဲ ယွမ်ချူးခန်ကို မျက်လုံးမလွဲတမ်း စိုက်ကြည့်နေလိုက်သည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ ယုံကြည်မှုအပြည့်နှင့် ပုံစံကို တွေ့သော် သဘောကျစွာဖြင့် တဟားဟား အော်ရယ်လိုက်ပြီး ဆူမီရာကို ဆွဲထူကာ ကြမ်းတမ်းစွာ နမ်းလိုက်သည်။
 

“မင်း… ငါ့ကို လွှတ်စမ်း… သူငယ်ချင်း အချင်းချင်း ဖောက်ပြန်တဲ့စိတ်ရှိတဲ့သူကို ငါရွံတယ်…”
 

“ငါ့ကို ရွံတယ်… ဟုတ်လား။ မင်းရဲ့ အကောင်ကိုတော့ ကြည်ဖြူတယ်ပေါ့..ကြည့်စမ်း… မင်း တကိုယ်လုံး ဟိုကောင်နမ်းထားတဲ့ အရာတွေ… မင်း မရှက်ဘူးလား…”

 

ယွမ်ချူးခန်က အရက်အိုးကို ကြမ်းပြင်ပေါ်ပေါက်ခွဲပစ်ပြီး ဆူမီရာ၏ အ၀တ်ကို ဆွဲဖြဲကာ ပြောလိုက်သည်။ ဆူမီရာသည် မိန်းကလေး တစ်ယောက်လို ပျော့ညံ့စွာဖြင့် ရင်ဘတ်ကို ကာကွယ်မနေပဲ တည်ငြိမ်စွာပဲ တုန့်ပြန်လိုက်သည်။ ယွမ်ချူးခန်က မိမိကို အညံ့ခံ စေချင်သည်။ မိမိက ပျော့ညံ့သည့် ပုံစံနှင့်နေလျှင် သူက မိမိကို ပိုပြီး အနိုင်ကျင့်လိမ့်မည်။ ပြီးတော့ အခုချိန်မှာ မိမိချစ်သူ အကြောင်းကို သူ့ကိုရှင်းအောင် ပြောဖို့ အချိန်တန်ပြီထင်သည်။
 

“ငါ ဘာကိုရှက်ရမှာလဲ ယွမ်ချူးခန်… နောင်တော့်ကို ငါချစ်တယ်ဆိုတာ ခုမှမဟုတ်ဘူး။ ဟိုးငယ်ကတည်းက ချစ်ခဲ့တာ။ ငါချစ်တဲ့ နောင်တော်က နမ်းခဲ့တာကို ငါက ဘာလို့ရှက်ရမှာလဲ…”

 

ဖြူဖွေးသော ကိုယ်ပေါ်တွင် နီရဲသည့် အမှတ်များ၊ ညိုနေသည့်အမှတ်သားများက တင်ဂီရိ မည်မျှစိတ်ဇောဟုန်ပြင်းထန်စွာဖြင့် ဒီကိုယ်လုံးကို ထိတွေ့ပွတ်သပ်ကာ နမ်းခဲ့မည်ကို တွေးကြည့်လို့ရသည်။ ထိုသို့တွေးမိတိုင်း ယွမ်ချူးခန်၏ ခေါင်းထဲ သွေးတိုးကာ လူသတ်ချင်စိတ်က တားမရအောင် ပေါ်လာတော့သည်။
 

“မင်း သူ့ကိုသိပ်ချစ်တာပဲလား ဆူမီရာ…”

 

ယွမ်ချူးခန်က ဆူမီရာ၏ ပုခုံးသားလေးများကို ပွတ်သပ်ဆုပ်နယ်ကာ မေးလိုက်သည်။ ဒီအနမ်းအရာများကို ပျောက်ကွယ်သွားအောင် မိမိ၏ အနမ်းခြေရာများဖြင့် ဖုံးကွယ်ချင်လှပြီ။ ယွမ်ချူးခန်၏ စိတ်အစုံသည် ဒေါသ၊ အချစ်၊ မနာလိုခြင်းဖြင့် တောက်လောင်လို့ လာသည်။
 

“ဟုတ်တယ်။ ငါနောင်တော့်ကို အရမ်းချစ်တယ်…. ”
 

“မင်းကို ချစ်တယ်ဆိုတဲ့လူက မင်းကို ဘာလို့လာမကယ်တာလဲ ဆူမီရာ… မင်းကို သူပစ်သွားပြီထင်တယ်… ”
 

“သူ ငါ့ကိုသေချာပေါက်လာကယ်မှာ….”

 

ဆူမီရာသည် ယွမ်ချူးခန် မိမိကိုယ်ကို ပွတ်သပ်နေသည်ကို အမှုမထားဟန်ဖြင့် ဖြေလိုက်သည်။ ယွမ်ချူးခန်က သဘောကျစွာ ရယ်မော လိုက်သည်။ ဆူမီရာ ယုံကြည်နေသည့် ချစ်သူကို မိမိခိုင်းရာနေ၊ စေရာသွား လူသတ်လက်နတ်အဖြစ် ပြောင်းလိုက်လျှင် အင်မတန်ကို ပျော်စရာကောင်းမှာသေချာသည်။ ယွမ်ချူးခန်၏ စိတ်တို့ အရမ်းကို တက်ကြွလာပြီး ဆူမီရာ၏ လည်ပင်းကို ငုံ့ကာနမ်းလိုက်သည်။
 

“ခွပ်…”

 

ဆူမီရာ၏ လက်သီးက ယွမ်ချူးခန်၏ နူတ်ခမ်းကို ထိုးမိသွားသည်။ ယွမ်ချူးခန်သည် နူတ်ခမ်းထောင့်ကွဲသွားပြီး သွေးစီးကျ လာသည်ကို သိသော်လည်း လက်နှင့်သုတ်ကာ ထိုသွေးများကို လျှာနှင့်လျက်လိုက်ပြီး အရူးအမူးပိုဖြစ်လာပြီး ဆူမီရာကို တကိုယ်လုံး စိုက်ကြည့်ကာ ပြုံးပြုံးကြီးပြောလိုက်သည်။
 

“မင်း အဲ့လို အထိမခံတဲ့ ပုံစံကို ငါအရမ်း သဘောကျတယ် ဆူမီရာ… မင်းကို ငါချစ်တယ်။ မင်းတကိုယ်လုံးကို ငါလိုချင်တယ်..”
 

“ငါ့ကိုယ်က ငါချစ်တဲ့နောင်တော်အတွက်ပဲ။ မင်း ငါ့ကို အတင်းကျပ်ယူရင် မင်းကို ငါ သေရွာအတူခေါ်သွားမယ် ယွမ်ချူးခန်…”
 

“ငါက အတင်းအကျပ်လုပ်ရတာ စိတ်မ၀င်စားဘူး ဆူမီရာ… မင်းကိုယ်တိုင် ငါ့ကိုကြည်ကြည်ဖြူဖြူ ပြုစုပြီး ငါ့ကို ချစ်ပါလို့ မင်းပါးစပ်က တောင်းဆိုလာတာပဲ ငါလိုချင်တယ်… ”
 

“မင်းအိပ်မက် မက်မနေနဲ့ ယွမ်ချူးခန်… ငါ့ ချစ်သူကလွဲရင် ငါ ဘယ်သူ့ကိုမှ လိုက်လျောမှာ မဟုတ်ဘူး…”
 

“မင်း သေချာပေါက် လိုက်လျောမှာပါ.. မကြာခင် မင်းရဲ့ကိုယ်ကို င့ါဆီ လိုလိုလားလားနဲ့ကို ချပေးလာမှာပါ…”
 

“မင်း ဦးရီးတော်ကို ဘာလုပ်ထားတာလဲ ယွမ်ချူးခန်… ဦးရီးတော်ကိုသတ်ရင် အရီးတော်ရဲ့ ရောဂါ ပိုဆိုးလာလိမ့်မယ်…”
 

“ငါ့မယ်မယ်အတွက် မင်းပူစရာမလိုပါဘူး။ မင်းပူရမှာ… မင်းချစ်သူအတွက်ပဲ… မင်းချစ်ပါတယ်ဆိုတဲ့ တင်ဂီရိ အခု ငါ့လက်ထဲမှာ.. ”

 

တချိန်လုံးတည်ငြိမ်စွာနေသည့် ဆူမီရာ ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ မယုံကြည်နိုင်စွာဖြင့် ယွမ်ချူခန်၏ င်္အကျီရင်ဘတ်စကို ဆွဲဆုပ်ကိုင်ကာ မေးလိုက်သည်။
 

“မင်း လိမ်တာ… နောင်တော့်ကို မင်းဘယ်လို မိနိုင်မှာလဲ… နောင်တော်က အရမ်းတော်တဲ့သူ။ သူ့ကို ဘယ်သူမှ မိအောင် မဖမ်းနိုင်ဘူး…”

 

ယွမ်ချူးခန်သည် င်္အကျီလက်ထဲမှ တံဆိပ်ပြားတစ်ခုကိုယူကာ ဆူမီရာ၏ မျက်နှာရှေ့တွင် ယမ်းပြလိုက်သည်။ သိမ်းဌက်ပုံ ရုပ်ကြွထွင်းထားသည့် တံဆိပ်ပြားကိုတွေ့သော် ဆူမီရာ အမြန်လှမ်းယူကာ စစ်လိုက်သည်။ နောင်တော့်တံဆိပ်ပြားမှန်းသိသည်နှင့် ယွမ်ချူးခန်ကို ပူပန်စွာဖြင့် မေးလိုက်သည်။
 

“မင်းရဲ့ လူသတ်စစ်တပ်ကို သုံးပြီး နောင်တော့်ကို ဖမ်းထားတာလား…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏ လက်ကို ခပ်ကြမ်းကြမ်းဖြုတ်ကာ ထိုင်ခုံတွင် ၀င်ထိုင်ပြီး ပြုံးစိစိနှင့် ဆူမီရာ စိတ်ပူပန်နေသည့် မျက်နှာကို အရသာခံပြီး ကြည့်နေလိုက်သည်။ မည်သူမှ ဖမ်းမမိပါဘူးဆိုပြီး လေလုံးထွားနေသည့် ချစ်သူလေး ချက်ချင်း စိုးရိမ်ပူပန်ရိပ် ဖုံးသွားသည်ကို ကြည့်ကာ ရင်နာခြင်းနှင့် အားရကျေနပ်ခြင်းတို့ ရောပြွန်းဖြစ်ပေါ်လာခဲ့သည်။ ဒီခံစားချက်ကို ယွမ်ချူးခန် မုန်းတီး သော်လည်း ထိုခံစားချက်ကပင် မိမိကိုယ်ထဲ အားအင်တွေ စီးဝင်လာသလို ခံစားလိုက်ရသည်။ ရင်ထဲကို ဓါးမြှောင်နှင့် တဆတ်ဆတ် ဆက်တိုက် ထိုးနေသည့် ခံစားချက်နှင့်အတူ သွေးကြောထဲ ဆူမီရာကို ချစ်သည့်စိတ်တို့ အရှိန်ပြင်းစွာလှည့်ပတ်နေသည့် ခံစားချက်ကြောင့် ယွမ်ချူးခန် အေးတိအေးစက်ဖြင့်  ဆူမီရာကို စိုက်ကြည့်နေမိသည်။ ခါတိုင်းလို ရန်တွေ့စကားများ၊ မခံချင်အောင်ရန်စသည့် စကားများထက် သူ့ကို နာနာကျင်ကျင်ဖြင့် ချစ်ပစ်ချင်စိတ်သာ လွှမ်းနေခဲ့သည်။
 

“မင်း ဗဟုသုတ အတော်များတာပဲ… ဟုတ်တယ်။ ငါ့ဆီမှာ လူသတ်စစ်သတ်ရှိနေပြီ။ မကြာခင် မင်းချစ်တဲ့ နောင်တော်ကို မင်းဘေးမှာ အမြဲတွေ့ရစေမယ် ဆူမီရာ… ငါ ကတိပေးတယ်။ မင်း ချစ်တဲ့လူက သေတာထက် ဆိုးတဲ့ဘ၀ကို ပိုင်ဆိုင်ရစေမယ်။ ”

 

အံကြိတ်ရင်းပြောလိုက်သည့် ယွမ်ချူးခန်၏ အေးတိအေးစက်စကားကြောင့် ဆူမီရာ ပထမဆုံး ကျောထဲစိမ့်သွားခဲ့သည်။ ယွမ်ချူးခန် နောင်တော့်ကို ဘာလုပ်ဖို့ ကြံစည်နေသနည်းဟု တွေးကာလန့်သွားသည်။
 

“မင်း… နောင်တော်ကို လူသတ်လက်နက်ဖြစ်အောင် အသွင်ပြောင်းမလို့လား…. ”

 

ယွမ်ချူးခန်သည် ဆူမီရာကို ချီးကျူးဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ ဒီလိုဥာဏ်ထက်သည့် ကောင်လေးကို မိမိအပါးတွင် ထွက်မသွားအောင် ချည်နှောင်ထားနိုင်ပြီဖြစ်လို့ အင်မတန်ကို ကျေနပ်နေမိသည်။
 

“အဲ့လိုဥာဏ်ကောင်းတာလေးက မင်းကို ဆွဲဆောင်အား မြင့်စေတယ်ဆိုတာ သိရဲ့လား ဆူမီရာ… မင်းရဲ့ အခုပုံလေးက ငါ့ကို သေလုမတတ် တပ်မက်စိတ်ဖြစ်လာစေတယ်…”

ဆူမီရာသည် ယွမ်ချူးခန်၏ ညစ်တီးညစ်ပတ်စကားများကို လျစ်လျူရှုကာ မယုံနိုင်အောင်ဖြစ်ကာ မေးလိုက်သည်။
 

“မဖြစ်နိုင်ဘူး။ လူသတ်သမားတွေဖြစ်အောင် ပြောင်းလဲမယ့်နည်းကို သိတဲ့ သမားတော် အားလုံး အသတ်ခံလိုက်ရပြီ။ ဒီနည်းကို သိတဲ့သူ ဒီလောကမှာ မရှိတော့ဘူး…”
 

“ငါ့အဖိုးက ဒီနည်းကို မှတ်တမ်းမတင်ထားဘူးလို့ မင်းထင်နေလား… မင်း ချစ်တဲ့ တင်ဂီရိကို မင်းအနားမှာ သက်တော်စောင့်အဖြစ် ငါထားပေးမယ် ဆူမီရာ… မင်းသာ ငါ့ကို လိမ်လိမ်မာမာပြုစုမယ်ဆိုရင်ပေါ့… ဘယ်လိုလဲ….”

 

ဆူမီရာသည် ဒေါသဖြင့် ယွမ်ချူးခန်ကို လှမ်းထိုးလိုက်ပြန်သည်။ ဒီတစ်ခါတော့ ယွမ်ချူးခန်က အသာလေး ကိုယ်ကိုယိမ်းကာ လက်သီးကို ရှောင်လိုက်ပြီး ဆူမီရာ၏ အားလွန်လာသည့် လက်ကို လိမ်ချိုးလိုက်တော့ ကိုယ်လေး ကော့သွားခဲ့သည်။ ယွမ်ချူးခန်က ဆူမီရာ၏ အနောက်ဘက်မှ လက်ကိုလိမ်ကာ ချူပ်ထားပြီး လည်ပင်းကို ကိုက်ပစ်လိုက်သည်။ ဆူမီရာသည် နာကျင်သွားသော်လည်း အသံမထွက်ပဲ အောင့်ထားလိုက်သည်။
 

“မင်းကို ငါ သည်းခံနေလို့ ကမ်းတက်မလာနဲ့ ဆူမီရာ… မင်းထက် ငါ့တိုက်ခိုက်စွမ်းရည်က ပိုကောင်းတယ်.. ငါ စိတ်မထိန်းနိုင်ရင် မင်းကို အတင်းအကျပ်ယူမိလိမ့်မယ်…… ငါ့ကို အရမ်းမြူဆွယ်မနေနဲ့… ဘယ်လိုလဲ… ငါ့ကို မတောင်းပန်သေးဘူးလား… မင်းချစ်သူကို တွေ့ပြီးမှ တောင်းပန်ချင်တာလား…”
 

“မင်း .. ဘာကြောင့် ဒီလိုတွေ လုပ်ချင်ရတာလဲ ချူးခန်… မင်းက ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး… သူက မင်းရဲ့ နောင်တော်ပါ.. သူ့ကို အဲ့လိုလုပ်ရင် အရီးတော် စိတ်ဆင်းရဲပြီး သေလိမ့်မယ်… ”
 

“မယ်မယ်လည်း သူချစ်တဲ့သားကို အမြဲတွေ့ရမယ်လေ… မဟုတ်ဘူးလား… တခုပဲရှိတယ်… သူ့အဖေရင်းကို သူသတ်မိခဲ့မယ်ဆိုရင် မယ်မယ် ဘယ်လိုခံစားရမလဲ ငါတွေ့ချင်တယ်…”

 

ဆူမီရာ သည် ယွမ်ချူးခန်၏ စကားကြောင့် အရမ်းကို စိတ်ပူလာပြီး အတင်းရုန်းသည်။ ဘယ်လောက်ရုန်းရုန်း လက်နာတာပဲ အဖတ်တင်ပြီး ချူပ်ထားသည်က လွတ်အောင် မလုပ်နိုင်ခဲ့ပေ။ ဆူမီရာ၏ ရင်ထဲ မီးတောင်ပေါက်ကွဲသလို ပူလောင်လာခဲ့သည်။ ယွမ်ချူးခန်က နောင်တော့်ကို အသိစိတ်အောင်လုပ်ပြီး ဦးရီးတော်ကို သတ်ခိုင်းတော့မည်မဟုတ်လား.။
 

“ချူးခန်… ငါ တောင်းပန်ပါတယ်… မင်း ငါ့ကို ကြိုက်သလို အပြစ်ပေးပါ။ မင်းရဲ့ နောင်တော်ကို အဲ့လိုတွေ မလုပ်ပါနဲ့… ”

 

ဆူမီရာသည် ပူပန်လွန်းသည့် နှလုံးသားကြောင့် မာနဆိုတာကို မေ့ထားပြီး ယွမ်ချူးခန်ကို တောင်းပန်လိုက်သည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ လေသံပြောင်းသွားသည်နှင့် ခနဲ့တော့သည်။
 

“အို…အို… လေသံက ချက်ချင်း ဘယ်လိုဖြစ်သွားတာပါလိမ့်… ခုနက ကဲကဲဆတ် မာကျောနေတဲ့ ဆူမီရာ ဘယ်ကိုရောက်သွားတာလဲ…”

 

“ငါတောင်းပန်ပါတယ် ယွမ်ချူးခန်… ငါ မင်းကို ပြောဆိုခဲ့မိသမျှ တောင်းပန်ပါတယ်… ငါ့ကို လုပ်ချင်သလိုလုပ်ပါ… နောင်တော့်ကို လွှတ်ပေးပါ…”

 

ဆူမီရာ ယွမ်ချူးခန်၏ ခနဲ့စကားများကို မကြားသလို သူ့ကို တောင်းပန်လိုက်သည်။ ရုန်းကန်ခြင်းမရှိတော့သဖြင့် ယွမ်ချူးခန်က ဆူမီရာကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။
 

“မင်း ငါ့ကို ဘယ်လိုတောင်းပန်မလဲ…. ငါ ကျေနပ်အောင် မင်း ဘယ်လိုလုပ်ပေးမလဲ ငါ..ကြည့်မယ်…”

 

ဆူမီရာသည် ယွမ်ချူးခန်၏ရှေ့တွင် ဖြည်းညှင်းစွာ ဒူးထောက်လိုက်ပြီး နဖူးနှင့် ကြမ်းပြင်ထိအောင် အရိုသေပေးကာ တောင်းပန်လိုက်သည်။
 

“မင်းကို စော်ကားမိတာကို ခွင့်လွှတ်ပေးပါ .. နောင်တော့်ကို လွှတ်ပေးပါ။ ငါ မင်းဆီမှာ နေရစ်ခဲ့ပါ့မယ်…”
 

“ဒီလောက်နဲ့ မရဘူးလေ။ အခု မင်းကို ငါရထားတယ်မဟုတ်လား။ ငါ့လက်ထဲရောက်နေတဲ့ သားကောင်အတွက် င့ါရဲ့ရန်သူကြီးကို ငါ ဘယ်လိုလုပ်လွှတ်ပေးမှာလဲ။ မင်း တွေးကြည့်လိုက်။ မင်း ရဲ့လူကို လွှတ်ပေးဖို့ မင်း ငါ့ကို ဘယ်လိုမက်လုံးမျိုးနဲ့ဆွဲဆောင်မလဲ…”

 

ယွမ်ချူးခန် ဆိုလိုသည်ကို ဆူမီရာ နားလည်သွားပြီး တကိုယ်လုံးထူပူအောင် ရှက်သွားခဲ့သည်။ သူပြောခဲ့သလို မိမိကိုယ်တိုင် သူကို အလိုရှိကြောင်းပြောပြီး သူ့အလိုကို လိုက်လျောရန် သူ ချောင်ပိတ်ဖမ်းနေပြီ။ မိမိဘာဆက်လုပ်ရမည် မသိဖြစ်နေမိသည်။ မိမိကိုယ်ကို ပေးသည့်တိုင် သူ နောင်တော့်ကို လွှတ်ပေးပါ့မလား။ နောင်တော့်ကို သူဒီလောက် မုန်းတီးနေခဲ့တာ မိမိ နှင့် သူလဲနိုင်ပါ့မလား…။ ဘေးကြပ်နံကြပ်အဖြစ်ကြောင့် ဆူမီရာ ခေါင်းတစ်ခုလုံးထူပူလာခဲ့သည်။ နောင်တော့်ကို ယွမ်ချူးခန်၏လက်မှ ဘယ်လိုကယ်ထုတ်ရမလဲ…။

 

“မင်း အခု ကြည်ကြည်ဖြူဖြူနဲ့ ငါ့ကို ပြုစုပေးဖို့ အသင့်ဖြစ်ပြီလား ဆူမီရာ… အိပ်ယာပေါ်မှာ မင်းရဲ့ညည်းသံလေးကို ငါကြားချင်လှပြီ… ”

 

ယွမ်ချူးခန်၏ ကျားရဲတစ်ကောင်လို  ပြုံးပြီးမေးလိုက်သည့် မေးခွန်းကို ဆူမီရာ ဘယ်လိုဖြေရမည် မသိဖြစ်သွားသည်။

---------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet