Chapter - 21

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (21)
“ဟော်သွန်း…ဟော်သွန်း…”

“သခင်မ စံအိမ်ဟောင်းကို သွားပါတယ် မင်းကြီး”

ကာလိုခန်မင်းကြီးသည် ညီလာခံပြီးသည်နှင့် ဟော်သွန်း၏ နန်းဆောင်ကို ချက်ချင်းလာခဲ့ပြီး သူမကို တကြော်ကြော်ခေါ်လိုက်သည်။ သို့သော် သူမ အစား အတွင်းဝန်ကုန်းကုန်းပဲဖြေကြားခဲ့သည်။

သူ့အဖြေကိုကြားသော် ကာလိုခန် သလွန်ပေါ် စိတ်ပျက်လက်ပျက်ထိုင်လိုက်မိသည်။

“သားတော်ပါသွားသလား။”

“ပါသွားပါတယ် မင်းကြီး။”

“မြင်းရထားပြင်ပါ။ ကိုယ်တော်လိုက်သွားမယ်။”

ကာလိုခန်သည် ယခင်က ယေစုကိုင်းနှင့် နေခဲ့သည့် စံအိမ်ကို သွားသည့်အတွက် စိတ်မချကာ လိုက်ခေါ်ရန်ပြင်လိုက်သည်။ ဟော်သွန်းကို မည်မျှ စည်းစိမ်နှင့်ထားသော်လည်း သူမရင်ထဲမှ ယေစုကိုင်းကို ထုတ်မပစ်နိုင်သေးတာ မိမိ အတော့်ကို ညံ့သေးသည်ဟု တွေးမိသည်။

“အမတ်ချုပ်ကြီး က အရှင်မင်းကြီးကို တွေ့ဖို့စောင့်နေပါတယ် အရှင်….”

“အင်း……. ခေါ်လိုက်ပါ။”

သို့သော် အမတ်ချုပ်ကြီး ရောက်နေသဖြင့် မလွဲသာပဲ အတွင်းဆောင်ကိုဝင်လာခိုင်းလိုက်သည်။ မတွေ့လို့လည်း မရပေ။ လတ်တလော စီးပွားရေး လမ်းကြောင်းကို ပိတ်ဆို့သည့် အကြောင်းကို သိချင်သေးသည်။

“အရှင်မင်းကြီး…….နေကောင်းပါရဲ့လား။ စိတ်နှလုံးရွှင်ပြုံးပါရဲ့လား။”

“နေတော့ကောင်းတယ်။ စိတ်တော့ မချမ်းသာဘူး။ ”

“အရှင်မင်းကြီး တစ်ခုခုကို လုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာ ပိုကောင်းပါလိမ့်မယ် အရှင်။ မတင်မကျ အခြေနေကာ မင်းကြီးကို စိတ်မချမ်းမသာ ဖြစ်စေလိမ့်မယ်…”

“အမတ်ချုပ်ကြီး ဘာကို ဆိုလိုတာလဲ။ ”

“အာနန်ပြည်ကို တိုက်ခိုက်ဖို့ အရှင်မင်းကြီး ကူညီပေးပါ။”

“မဖြစ်နိုင်ဘူး။ ကိုယ်တော်က ယေစုကိုင်းရဲ့ မိဖုရားကို ခိုးယူပြီးပြီ။ သူ့ကို ထပ်ပြီး ထိခိုက်အောင် မလုပ်နိုင်တော့ဘူး။”

ကာလိုခန် ခါးခါးသီးသီးငြင်းလိုက်သည်။ ယေစုကိုင်းကို ထပ်ပြီး မတိုက်ခိုက်ချင်တော့ပါ။ ဟော်သွန်း မိမိကို ဒီထက် မုန်းတီးသည့်ဒဏ်ကိုလည်း မခံနိုင်တော့ပါ။

“အရှင်မင်းကြီး ဒီအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မိဖုရားဟော်သွန်းနဲ့ အရှင်က ဖူးစာပါလာလို့ ဒီမှာလာဆုံရတာပါ။ မိဖုရားဟော်သွန်းက နန်ကျောင်ပြည်ရဲ့ နန်းမွေခံကို မွေးပေးနိုင်မယ့် မြင့်မြတ်တဲ့ မိန်းမသားမို့ အရှင့် ခြေတော်ရင်းကို ရောက်လာတာပါ။”

“တော်လောက်ပြီ အမတ်ချုပ်ကြီး။ ကိုယ်တော်တို့ ရိုးရိုးသားသားပဲ ပြောရအောင်။ ကိုယ်တော်က သူများမိန်းမကို ချစ်မိလို့ ကိုယ်တော့်ကို စိတ်ချမ်းသာစေချင်တဲ့ အမတ်ချုပ်ကြီးရဲ့ စေတနာကြောင့် မလုပ်သင့်တာကို လုပ်ခဲ့မိပြီ။ ဒီအကြောင်းက သမိုင်းမှာ နာမည်ဆိုးတွင်သွားပြီး အမတ်ချုပ်ကြီး။ ကာလိုခန် မင်းကြီးက သူများမိန်းမကို စုံမက်လို့ အကျပ်ကိုင်ပြီး ရအောင်ယူခဲ့တယ်လို့ အမည်တွင်သွားခဲ့ပြီ။ ဒါကြောင့် ကိုယ်တော် နောက်ထပ် မကောင်းမှုကို မကျူးလွန်ချင်တော့ဘူး။”

“ဒါဆို မင်းကြီးက မင်းသားလေး ယွမ်ချူးခန်အတွက် ပြိုင်ဖက် ရန်သူတော်ကြီးကို ရှင်သန်ခွင့်ပေးတော့မလား။”

ကာလိုခန် တွေဝေသွားခဲ့သည်။ သို့သော် အမတ်ချုပ်ကြီး အစိုးရိမ်ကြီးတာ ဖြစ်ပါလိမ့်မည်ဟုတွေးကာ ပြောလိုက်သည်။

“ယေစုကိုင်းတို့က ဘယ်လောက်ကြိုးစားလည်း သူတို့က နန်ကျောင်ပြည်ကို မယှဉ်နိုင်ပါဘူး။ ပြီးတော့ ဟော်သွန်း တစ်ယောက်လုံးရှိသေးတာပဲ။ ဟော်သွန်းရဲ့မျက်နှာကို ထောက်ထားပြီး သားတော်ကို သူတို့ ရန်မူမှာ မဟုတ်ပါဘူး။ သားတော်က ဟော်သွန်းရဲ့ သွေးသားပဲလေ။”

“သူုတို့ မျက်လုံးထဲမှာ မင်းသားလေးက အရှင်မင်းကြီးရဲ့ သွေးသားပါ။ ခန်မင်းဆက်ရဲ့ မင်းသားတစ်ပါးပါ။ အခု အာနန်ပြည်က တိုင်းပြည်တစ်ခုကို အောင်မြင်စွာနဲ့ တည်ထောင်နိုင်ခဲ့ပြီ။ ပြီးတော့ တင်ဂီရိကလည်း ငွေတောင်ပြည်မှာ ပညာသင်ပြီး လူသူစုဆောင်းနေပြီ။ ကျွန်တော်မျိုးတို့ သူတို့ကို လက်ဦးမှု ယူဖို့ အရေးကြီးနေပြီ။”

တားဂေါတိုင်းသည် အချစ်ကြောင့် အမှန်ကိုမမြင်နိုင်သည့် မင်းကြီးကို အမှန်အတိုင်းတင်လျှောက်လိုက်သည်။

“ဘယ်လို လက်ဦးမှုယူဖို့ စိတ်ကူးထားလို့လဲ အမတ်ချုပ်ကြီး။ ”

“တင်ဂီရိကို လုပ်ကြံလိုက်ဖို့ပါ။ အခု သူ့ကို ကာကွယ်ပေးသူ နည်းပါးနေတုန်း ငွေတောင်ပြည်မှာ လုပ်ကြံရေးသမား တွေကိုလွှတ်လိုက်ပါ့မယ်။ မင်းကြီး မသိသလိုနေပေးပါ။ မင်းကြီးရဲ့ လက်ရွေးစင် လျှို့ဝှက်တပ်ကို အသုံးပြုခွင့်ပေးတော်မူပါ။”

ကာလိုခန် မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။ အမတ်ချုပ်ကြီး ပြောသည့် စကားက အကြောင်းကျိုးရှိသည်ကို သိသည်။ သို့သော် တင်ဂီရိကို လုပ်ကြံလိုက်လျှင် ဟော်သွန်း မိမိကို မျက်နှာမမြင်ချင်အောင် မုန်းသွားနိုင်သည်ကို တွေးကာ ရင်ထဲ တုန်လှုပ်လာခဲ့သည်။

“မလုပ်ပဲနေလိုက်ပါ အမတ်ချုပ်ကြီး။ သူက ဟော်သွန်းရဲ့ သားလေ။”

“ဒါပေမယ့် သူတို့ သားအဖက မင်းသားလေးကို မိဖုရားရဲ့ သားတို့ တွေးနေတာ မဟုတ်ဘူး။ သူတို့စိတ်ထဲမှာ နန်ကျောင်ပြည်က သူတို့ရဲ့ ရန်သူ။ နန်ကျောင်ပြည်ကို စစ်ပြိုင်ဖို့ ရည်၇ွယ်ပြီး သူတို့ လုပ်ဆောင်နေတယ်။ မင်းကြီးက အာနန်ပြည်ကို တိုက်ခိုက်ဖျက်ဆီးတာ မလုပ်ချင်ရင် တင်ဂီရိကို လုပ်ကြံလိုက်ပါ။ နောက်မျိုးဆက်မရှိရင် မင်းသားလေးကို ရန်ပြုနိုင်ဖို့ ရန်ငြိုးက ပြတ်သွားလိမ့်မယ်။ ”

ကာလိုခန် ရင်ဘတ်ကို ဖိလိုက်မိသည်။ ဟော်သွန်း၏ သားကြီးကို သတ်ဖို့ မိမိ မလုပ်ရက်နိုင်ပါ။ သို့သော် မိမိ မလုပ်လျှင် သူတို့က မိမိသားတော်လေးကို သတ်ဖို့လုပ်လာမည်ကို စိုးရွံ့မိသည်။ ကာလိုခန် သက်ပြင်းရှိုက်လိုက်မိသည်။

“ကိုယ်တော် စဉ်းစားပါရစေ အမတ်ချုပ်ကြီး။ ”

“ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ မင်းသားလေးရဲ့ ကောင်းကျိုးကိုလုပ်ဆောင်နေတယ်ဆိုတာ ယုံကြည်ပေးပါ မင်းကြီး ။ မင်းသားလေးကို တကယ်ချစ်ရင် မင်းသားလေးရဲ့ အနာဂါတ်ဖြောင့်ဖြူးမည့် လမ်းကို ဖောက်ပေးပါ လို့ တောင်းပန်ပါတယ် မင်းကြီး….”

တားဂေါတိုင်းက မင်းကြီးကို တင်လျှောက်ကာ ထွက်သွားခဲ့သည်။ ကာလိုခန် မင်းကြီးသည် ခန်းဆောင်ထဲတွင် တစ်ယောက်တည်း အတွေးရေယာဉ်ကျောတွင် နစ်ကာ ကျန်ရစ်ခဲ့သည်။

----------------------------------------------------------------

ဟော်သွန်းသည် အဆောင်ထဲကို လျှောက်ကြည့်ရင်း ရင်ဝယ် ဝေဒနာတို့ အသစ်ပြန်ဖြစ်လာခဲ့သည်။ မိမိတို့ အတူနေခဲ့သည် အိပ်ဆောင်တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် သူ့ကို သတိရကာ မျက်ရည်ဝဲခဲ့သည်။ သလွန်တွင် ထိုင်လိုက်စဉ် ချစ်သော ခင်ပွန်းသည် ယေစုကိုင်းကို သတိရသည့် စိတ်ကို မထိန်းနိုင်ပဲ မျက်ရည်စီးကျလာခဲ့သည်။ ဟော်သွန်း ရင်ဘတ်ကို ဖိကာ အသံမထွက်ပဲ မျက်ရည်ကျမိသည်။ မိမိဘ၀က အသံထွက် ငိုကြွေးလို့ မရသည့် ဘ၀မဟုတ်လား။

နန်ကျောင်ပြည်၏ ဧကရီဟော်သွန်းဖြစ်မည့် အစား အသက်စွန့်ခဲ့သင့်သည်။ သို့သော် မိမိ ခင်ပွန်းနှင့် သားတော်လေးကို အသက်ရှင်ဖို့ မိမိ ကိုယ်ခန္ဓာကိုပေးခဲ့ရသည်။ တဖန် သူတို့ သားအဖ တောင်ပိုင်းကို ချီတက်သွားသည့် ကာလအတွင်း ကိုယ့်ဖာသာ လုပ်ကြံချင်သော်လည်း မိမိတို့ မျိုးနွယ်စုမှ မိန်းမသားများနှင့် ကလေးငယ်များကို တန်ဆာခံထားကာ မင်းကြီး၏ ကိုယ်လုပ်တော် အဖြစ် မလုပ်ချင်လို့ မ၇အောင်ကို အကျပ်ကိုင်ခံခဲ့ရသည်။

ဒီအခန်းထဲ ပြန်ရောက်လာတိုင်း ခင်ပွန်းသည်ကို သစ္စာဖောက်ကာ အခြားယောကျာ်းနှင့် ဖောက်ပြားခဲ့သည့် မိန်းမယုတ် တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်မိကာ ရင်ထုမနာဖြစ်မိသည်။ ထိုတစ်ည။ မင်းကြီးထံ ကိုယ်လုပ်တော်အဖြစ် သွားခဲ့ရသည့် ပထမဆုံးညကို ပြန်ပြန်သတိရနေမိသည်။

မင်းကြီး၏ အထိအတွေ့၊ မိမိကိုယ်ပေါ်အနှံ့ရောက်နေသည့် သူ့အနမ်း၊ သူ ထက်သန်သည့် ရမ္မက်၊ မိမိကိုယ်ကို ခင်ပွန်းသည် မဟုတ်သည့် အခြားသူစိမ်းယောကျာ်းက စိတ်တိုင်းကျ ထိတွေ့ကိုင်တွယ်နေသည်ကို ငြိမ်ခံနေရသည့် အဖြစ်၊ သာမာန်အချိန်ဆိုရင် ခါးကြားက ဓါးကို ထုတ်ကာ ခေါင်းဖြတ်ပစ်လိုက်မည်။ လည်ချောင်းကို ဓါးဦးချွန်နှင့် ထိုးခွဲပစ်လိုက်မည်။ ဒါပေမယ့် အခုတော့ မိမိ ခင်ပွန်းသည်၏ မျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မိန်းမပျက်ပမာ ထို ဘုရင်ယုတ်ကို ပြုစုလုပ်ကျွေးခဲ့ရသည်။

တညလုံး မိမိအသွေး၊ အသားကို စားသုံးပြီးနောက် ကျေနပ်စွာအိပ်သွားသည့် မင်းကြီးကို နံဘေးတွင် ထားကာ မျက်နှာကျက် ကိုငေးကြည့်နေမိသည်။ ဟော်သွန်း မျက်ရည်တို့ ခန်းခြောက်ကုန်ခဲ့သည်။ တကိုယ်လုံးကို မသတီကာ ရွံရှာနေမိသည်။ မိမိသည် ခင်ပွန်းကို သစ္စာဖောက်မိလေပြီ။ မိမိကိုယ်ထဲ အခြားသူ၏ တန်ဆာကို အ၀င်ခံခဲ့မိလေပြီ။ မိမိသည် ယုတ်ညံ့သော မိန်းမ တစ်ယောက်ဖြစ်ခဲ့လေပြီ။ ထိုအသိက ဟော်သွန်း၏ ရင်ကို စူးဖြင့် နက်နက်စိုက်နေသလို ခံစားနေရသည်။

“နှမတော်လေး… အိပ်မပျော်ဘူးလား။”

“အိပ်ပျော်ပါတယ် အရှင်မင်းကြီး။ ခုလေးတင် နိုးလာခဲ့တာပါ။”

“နှမတော်လေး… ဟော်သွန်း…ကို မောင်တော့် အသက်ထက် ချစ်မိသွားပြီ သိရဲ့လား။ ဟော်သွန်းပျော်ဖို့ မောင်တော် ဘာမဆို လုပ်ပေးနိုင်တယ်။ ဟော်သွန်းတောင်းဆိုပါ။ မောင်တော် ဘာလုပ်ပေးရမလဲ။”

“ကျွန်မ မျိုးနွယ်စုတွေကို ပြန်လွှတ်ပေးပါ။”

“ဒါတော့ မဖြစ်နိုင်ဘူး။ သူတို့က ပုန်ကန်တဲ့ စစ်တပ်ကို ထိန်းချုပ်ဖို့ မောင်တော် ဖမ်းဆီးထားရမယ့်သူတွေပါ။ တကယ်ဆိုရင် သူတို့ ခင်ပွန်းသည်တွေ လုပ်သွားတဲ့ အပြစ်ကြောင့် ခေါင်းဖြတ်သတ်ပစ်ရမယ့်သူတွေပါ။”

“ဒါဆို ကျွန်မကိုလည်း ခေါင်းဖြတ်သတ်လိုက်ပါ။ ”

“ဘာလို့ အဲ့လိုပြောရတာလဲကွယ်၊”

“ကျွန်မရဲ့ ခင်ပွန်းသည် ယေစုကိုင်းက အရှင်မင်းကြီးကို ပုန်ကန်သွားတဲ့ခေါင်းဆောင်ဖြစ်လို့ ကျွန်မကို အရင်ခေါင်းဖြတ်ပြီး အပြစ်ပေးပါ။”

“မပြောပါနဲ့ကွယ်။ ဟော်သွန်းကို ခေါင်းဖြတ်ဖို့မပြောနဲ့။ ဟော်သွန်းရဲ့ မွေးညှင်းလေးတောင် ထိခိုက်အောင်မောင်တော် မလုပ်နိုင်ဘူး။ ဟော်သွန်းက မောင်တော့် အသည်းနှလုံးပါ။ ”

ဟော်သွန်းသည် မိမိကို ချစ်သည်ဟု စကားလုံးကို ဖောဖောသီသီသုံးပြီး ညတိုင်း၊ နေ့တိုင်း လိင်ဖျော်ဖြေရေးအဖြစ် အသုံးပြုနေသည် ကာလိုခန် မင်းကြီးကို ပြုစုပေးရသည့်ကိုယ်လုပ်တော် ဘ၀ဖြင့် နန်ကျောင်နန်းတွင်းတွင် ရှက်ရွံဖွယ် ဘ၀ကို စတင်ခဲ့ရသည်။

ထိုကာလများကို ဟော်သွန်း ဖြတ်သန်းနိုင်ခဲ့သည့် စိတ်ကတော့ သေသွားတာကမှ ကောင်းဦးမည်ဟု တွေးကာ ရှင်သန်ချင်စိတ် မရှိပဲ ကျောက်ရုပ်လို ဖြတ်သန်းခဲ့သည်။ ကာလိုခန် မင်းကြီး သုံးကျိပ်သော မိဖုရားများ၏ တိုက်ခိုက်မှုကို ဟော်သွန်း ရင်ဆိုင်ခဲ့ရသည်။ များပြားလှသည့် နန်းတွင်းစည်းကမ်းများကို ကျော်ဖြတ်ခဲ့ရသည်။ လူအများ၏ နှာခေါင်းရှုံ့ပြီး အထင်သေး ရွံရှာသည့်အကြည့်များကို ခံယူခဲ့ပြီး ယွမ်ချူးခန်ကို ကိုယ်ဝန်လွယ်ခဲ့သည်။
နန်းတွင်းထဲမှ ဟော်သွန်း၏ အထီးကျန်ကာ အသက်ရှင်ချင်စိတ် ကုန်ဆုံးခဲ့သည့် နေ့ရက်များတွင် သားလေး ယွမ်ချူးခန်က ဆိုက်ဆိုက်မြိုက်မြိုက် ၀မ်းဗိုက်ထဲ ခိုကပ်ကာ လူဖြစ်လာခဲ့သည်။

တနည်းအားဖြင့် ယွမ်ချူးခန် မွေးဖွားလာခြင်းကြောင့် ဟော်သွန်းသည် နန်ကျောင်ပြည်၏ လက်ရှိ မိဖုရားအားလုံးကို ကျော်ဖြတ်ကာ မိဖုရားခေါင်ကြီးရာထူးကို ရရှိလိုက်သည်။ ယခင် မိဖုရားခေါင်ကြီးက ဟော်သွန်းကိ မိဖုရားခေါင်ရာထူး ပေးသည့်အတွက် နန်းတော်မှ ထွက်ကာ သီလရှင်ကျောင်းတွင် တသက်လုံးနေထိုင်သွားခဲ့လေပြီ။

နန်ကျောင်ပြည်၏ နန်းမွေခံမင်းသားကိုမွေးဖွားပေးသည့် ဟော်သွန်းသည် တနန်းတော်လုံး အလေးမြတ်ထားသည့် မိဖုရားခေါင်ကြီးနေရာကို အလိုလိုရလာခဲ့လေပြီ။ ယွမ်ချူးခန်သည် နန်ကျောင်ပြည် တပြည်လုံးက တန်ဖိုးထားရသည့် ရတနာဖြစ်သော်လည်း ဟော်သွန်းအတွက် အရှက်၏ သက်သေလူသားဖြစ်ခဲ့သည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet