စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (38)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (38)


“ဟီဒယ်.. လောလောဆည် ငါတို့ကို နေစရာနဲ့စားစရာပေးပါဦး…”

 

“အေးပါ..တခါတည်း နန်းတော်ထဲကိုလိုက်ခဲ့.. အကိုတော် ထန်လိုခိက သူ့တိုင်းပြည်ပြန်သွားတယ်။ နင်တို့ ငါ့တိုင်းပြည်မှ အေးအေးဆေးဆေးနေနိုင်တယ်…”
 

“အေး.. တော်သေးတာပေါ့ဟာ…”

 

အိမ်ရှေ့မင်းသမီးတစ်ပါးအနေဖြင့် နန်းတော်ထဲတွင် ဟီဒယ်ထိုက်သင့်သလောက် အာဏာရှိသည်ဖြစ်လို့ ဆူမီရာနှင့် ကီလာတိုင်ကို နန်းဆောင်တစ်ခုတွင်နေရာချထားပြီး သက်တောင့်သက်သာနားနေနိုင်ရင် စီစဉ်ထားနိုင်သည်။
 

“သခင်မလေး ..သခင်မလေး…မင်းကြီးက သခင်မလေးကို အခေါ်လွှတ်လို့ပါ…”

 

ဟီဒယ်သည် ဆူမီရာကိုမေးမြန်းမည်အပြုလက်စွဲတော်အပျိုတော်က လာခေါ်သဖြင့်ချက်ချင်းထလာခဲ့ရသည်။ ခမည်းတော်ရှေ့ရောက်သော် မယ်မယ်နှင့်အခြားမြောက်နန်းမိဖုရားကိုပါတွေ့ရသည်။ ခမည်းတော်က ဟီဒယ်ကိုတွေ့သော် ၀ူတိုင်းပြည်မှ မိဖုရားခေါင်နှင့်သားတော်ကို အကြိုတော်လွှတ်သဖြင့်ထွက်လာခဲ့သည်။ မယ်မယ်တို့ရှေ့တွင် တည်ငြိမ်ချင်ယောင်ဆောင်ထားသမျှ လမ်းရောက်မှရင်ဘတ်ကိုဖိမိသည်။

 

“သမီးတော်…၀ူတိုင်းပြည်က မိဖုရားခေါင်ကြီးနဲ့သားတော် ရောက်လာပြီ။ သမီးတော်ကိုယ်တိုင်သွားကြိုပြီး ခေါ်လာပါ။အခြား  အမတ်တွေကိုမလွှတ်ဘူးဆိုတာက သားရေးသမီးရေးနဲ့လာလို့ ခမည်းတော်တို့ဘက်က ဖော်ရွေမှုကိုပြတဲ့အနေနဲ့ သမီးတော်ကို အကြိုလွှတ်ရတာပဲ။ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားပါ သမီးတော်..”

 

သားရေးသမီးရေးဆိုသည့်စကားက ဟီဒယ်ကိုရှက်သွေးဖြန်းသွားစေသည်။ အစ်ကိုတော်ဂျူဒါအမ်းအတွက် ကြင်ဖက် လာတောင်းသလားဟု တွေးကာ ဟီဒယ်ခြေဆုံးခေါင်းဆုံး ကြက်သီးမွေးညှင်းလေးပင် ထောင်ထသွားသည်အထိ ရင်ခုန်သွားခဲ့သည်။ ထက်မြက်ပြီးတိုင်းပြည်ကို နောက်ကွယ်မှဦးဆောင်နေသည်ဆိုသည့် ၀ူမိဖုရားခေါင် အရီးတော်ကိုယ်တိုင် ကြွလာသည်ဆိုတာက ပေါ့သေးသေးဖြစ်ဟန်မတူပါ။ အကိုတော်ဂျူဒါအမ်းကို ပြန်ဆုံရမည်ဆိုတော့ ဟီဒယ်၏ နှလုံးသားက အတိုင်းဆမဲ့ခုန်နေသည်ကိုတော့ထိန်းမရနိုင်တော့ပါ။

 

ဝူတိုင်းပြည်မှအခြွေရံသင်းပင်းနှင့် မြင်း၇ထားများကိုတွေ့သော် ဟီဒယ်နှင့် စစ်သူကြီးက ရှေ့ကိုသွားပြီးဦးညွတ်ကာ နူတ်ခွန်းဆက်သလိုက်သည်။
 

“လျံတိုင်ပြည် ဘုရင်မင်းမြတ်နဲ့မိဖုရားခေါင်ကြီးကိုယ်စား အိမ်ရှေ့မင်းသမီး ဟီဒယ်က အရီးတော်မိဖုရားခေါင်ကြီးကို ကြိုဆိုဖို့ရောက်ရှိနေပါတယ်...”

 

ဟီဒယ်၏ နူတ်ဆက်စကားအဆုံးမြင်းရထားမှလိုက်ကာပွင့်သွားပြီး ချောမောခန့်ညားသလောက် မာန်မာနကြီးဟန်တူသည့် အမျိုးသမီးကြီးတစ်ဦး၏ မျက်နှာကိုတွေ့လိုက်သည်။ ဟီဒယ်သည် ၀ူမိဖုရားခေါင်ကြီးမှန်းသိကာ မြင်းပေါ်ကဆင်းပြီး အရီးတော်ကို ဂါရ၀ပြုလိုက်သည်။

 

ဝူမိဖုရားခေါင်ကြီးသည် ထက်မြက်သည့်မင်းသမီးဟီဒယ်ကို ပြုံးကာနုတ်ဆက်လိုက်သည်။ ဟီဒယ်၏ မိန်းကလေးမဆန်သည့် အပြင်အဆင်နှင့် ထက်မြက်သည့် ဟန်ပန်ကိုငေးကြည့်ရင်း မိမိငယ်စဉ်ရုပ်သွင်ကိုပြန်မြင်ရသလို ခံစားလိုက်ရသည်။ နံဘေးမှသားတော်ကိုတချက်စောင်းငဲ့ကြည့်တော့ ခပ်ငေးငေးကြည့်ပြီး မျက်နှာလွှဲကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်ကို တွေ့တော့ ဟီဒယ်က သားတော်အတွက် တစ်စုံတစ်ခုသော ခံစားချက်ကိုပေးနိုင်သည့် မိန်းကလေးမှန်းသိသွားသည်။
 

“တူမတော် ဟီဒယ်ကိုယ်တိုင်လာကြိုတာကို ၀မ်းသာပါတယ်ကွယ်။ အရီးတော်တို့ကို ရှေ့ဦးဆောင်ပေးပါတော့။ အရီးတော် လမ်းခရီးကြမ်းလို့ နည်းနည်းကိုယ်လက်မအီမသာဖြစ်လာခဲ့တယ် ”

 

ဟီဒယ်သည် အသံသြဇာနှင့်ပြည့်စုံသည့် ၀ူမိဖုရားကြီး၏ အမိန့်အတိုင်း လျံတိုင်းပြည်မှ စစ်တပ်များခြံရံပြီး နန်းတော်ကို ဦးဆောင်ခေါ်ခဲ့သည်။ အကိုတော် ဂျူဒါအမ်းနှင့် အကြည့်တစ်ချက်ဆုံခဲ့သည်ကို ပြန်တွေးပြီး ပြုံးချင်စိတ်ကို မနည်းအောင့်ထား ရသည်။ အကိုတော်၏အကြည့်က မိမိ၏အ၀တ်အစားနှင့် မြင်းပေါ်မှအနေထားကို ကြောင်အမ်းနေပုံရသည်။ မိန်းကလေး ဆန်ဆန် နွဲ့နှောင်းစွာမရှိသည့် မိမိအဖြစ်ကို စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချမိသည်။ ဂုဏ်ပြုညစာစားပွဲတွင် သေချာဝတ်စားကာ အကိုတော်ကို မိမိလည်း မိန်းကလေးဖြစ်ကြောင်း ပြရမည်ဟုတွေးကာ စိတ်အနည်းငယ်တက်ကြွ လာခဲ့သည်။

 

လျံနန်းတော်တစ်ခုလုံးက ၀ူတိုင်းပြည်မိဖုရားကြီးကိုလှိုက်လှဲစွာကြိုဆိုကြသည်။ ၀ူတိုင်းပြည်မှမိဖုရားခေါင်ကြီးက လျံမင်းကြီး၏ကျောင်းနေစဉ်က အစ်မတော်ဖြစ်သည့်အပြင် လျံမင်းကြီကို အသက်ဘေးမှကယ်တင်ထားဖူးသူဖြစ်သဖြင့် လျံမင်းကြီးက ပျာပျာသလဲကြိုဆိုနေခြင်းဖြစ်သည်။

 

“အစ်မတော်လာမယ်ဆိုလို့ အားလုံးက ၀မ်းသာနေကြတယ်။ လမ်းခရီးအဆင်ပြေရဲ့လား အစ်မတော်ဘုရား။”

 

“အသက်တွေကြီးလာလို့ အရင်လို ခရီးကြမ်းဒဏ်မခံနိုင်တော့ဘူး မောင်တော်လေး။ အစ်မတော်လည်း မင်းတို့ကိုမတွေ့ရမှာစိုးလို့ အရောက်လာခဲ့တာပဲ။ မင်း အစ်မတော်ကို ပေးထားတဲ့ကတိကို တည်အောင်လုပ်ဖို့လာခဲ့တာ။ ဘယ်လိုလဲ။ မင်းရဲ့သမီးတော်တစ်ပါးကို အစ်မတော်ကို ပေးမယ်ဆိုတာ။ မေ့သွားပြီလား။”
 

လျံမင်းကြီးက သဘောကျစွာရယ်မောကာ ပြန်ဖြေလိုက်သည်။ ထက်မြက်သည့်အစ်မတော်က ဟိုးကျောင်းသားဘ၀က ပေးထားသည့် ကတိကိုမမေ့သေးပဲ သမီးတောင်းလာခဲ့တာကို သဘောကျနေမိသည်။ အစ်မတော်၏သားတော် ဂျူဒါအမ်းမင်းသားသည် စာပေပညာတွင်တော်ထက်ပြီးရည်မွန်သည်ကို မိမိအသိဆုံးဖြစ်သောကြောင့် သားမက်အနေဖြင့် လက်မခံနိုင်စရာမရှိပေ။ မိဖုရားကြီးနှင့်ကျန်မိဖုရားများကလည်း ၀ူမိဖုရားကြီးကို ပြုံးရွင်ရင်းနှီးစွာဖြင့်နူတ်ဆက်ကြသည်။ ၀ူတိုင်းပြည်နှင့်နှစ်ပြည့်တစ်ပြည်ရွှေလမ်းဖောက်လိုက်လျှင် လျံတိုင်းပြည်လည်း အင်အားတောင့်သွားမည့်အပြင် မိမိတို့သမီးတော်များလည်း မိဖုရားခေါင်ဖြစ်သွားနိုင်သည် မဟုတ်လား။

 

မီဒယ်နှင့် ဂီဒယ်က စိတ်လှုပ်ရှားစွာဖြင့် မိမိတို့မယ်တော်နားတွင်ကပ်နေကြစဉ် ဟီဒယ်ကတော့ နန်းတွင်းလုံခြုံရေးအတွက် အခြားနန်းစောင့်စစ်သူကြီးများနှင့် အသေးစိတ်တိုင်ပင်နေသည်။ ပြီးတော့ အမတ်ချုပ်ကြီးနှင့် ညနေ ဖျော်ဖြေပွဲနှင့် ဂုဏ်ပြုညစာစားပွဲအတွက် အစီစဉ်ကို ခမည်းတော်ကိုယ်စား စီစဉ်နေရသည်။ ထိုစဉ် နံဘေးသို့ရောက်လာသည့် လူရိပ်ကြောင့် မော့ကြည့်လိုက်သော အံ့အားသင့်သွားသည်။

 

“အလုပ်တွေများနေလိုက်တာ။ အကိုတော်လည်း ညီမလေးကို ကူပေးမယ်…”

 

“အကိုတော်ထန်လိုခိက ဘယ်လိုပြန်ရောက်လာတာလဲ။ ပြန်သွားတာမှ တလမပြည့်သေးဘူး။”
 

“မယ်မယ့်ကို လာပို့တာ။ မယ်မယ်က ၀ူမိဖုရားခေါင်ကြီးကို နူတ်ဆက်ချင်တယ်ဆိုလို့ပါ။ အလုပ်တွေများနေတယ် မလား။ အကိုတော်ကူညီပေးမယ်…”
 

“ရတယ် အကိုတော်ရဲ့။ ဒီလောက်ကတော့ ညီမလုပ်နိုင်ပါတယ်။”

 

ဟီဒယ်သည် မထင်မှတ်ပဲ အကိုတော် ထန်လိုခိရောက်လာသဖြင့် စိတ်ညစ်သွားသည်။ အကိုတော် ဂျူဒါအမ်းကို မိမိလွတ်လပ်စွာ ငေးကြည့်ခွင့်ရပါဦးမလား။ ပြီးတော့ ဆူမီရာကို သတိရသွားပြီး မျက်နှာပျက်သွားသည်။ တိုက်လည်းတိုက်ဆိုင်နိုင်လွန်းလှသည်။ ဆူမီရာ တိတ်တိတ်ကလေးရောက်လာပြီးမှာ အကိုတော် ဂျူဒါအမ်းတို့ သားအမိရောက်သည်။ ဟော ပြီးတော့ အရီးတော်နှင့် အကိုတော်ထန်လိုခိပါရောက်လာသည်။ အကိုတော် တင်ဂိရိပါ ရောက်လာပါတော့လားဟု အော်ပြောလိုက်ချင်သည်။

 

ထန်လိုခိသည် ဟီဒယ်၏မျက်နှာတမျိုးဖြစ်သွားသည်ကို တွေ့သောရင်ထဲထင့်ခနဲဖြစ်သွားသည်။ တခုခုစိတ်မလုံသဖြင့် အနည်းငယ်စိတ်ကျဉ်းကျပ်သွားသည့်ပုံ။ ဒီပုံက မနာလိုစိတ်ဝင်နေသည့် ထန်လိုခိ၏ စိတ်ကို ဆွပေးနေသလိုပင်။ ဟီဒယ် မိမိကို ဘာတွေဖုံးကွယ်ထားသည်ကို ဖော်ထုတ်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် လက်တွေ့တွင် သူမလေးကို ပြုံးရယ်ကြည့်ကာ နူတ်ဆက်ပြီးထွက်လာခဲ့သည်။

 

လုံခြုံသည့်နေရာကိုရောက်သော် မိမိ၏အထောက်တော်ကိုဆင့်ခေါ်ကာ အဖြစ်ပျက်များကို အသေးစိတ်အစီရင်ခံစေသည်။ ဟီဒယ်က လူငယ်နှစ်ဦးကို နန်းတော်၏အစွန်ဆုံး မည်သူမှ အသုံးမပြုသည့် နန်းဆောင်တွင်နေရာချထားသည်ကိုသိသော် မျက်ခုံးပင့်သွားသည်။ ထိုလူငယ်များမည်သူဖြစ်သည်ကို သေချာစုံစမ်းခိုင်းထားသည်။ ထို့နောက် ဆက်လုပ်ရမည့် အစီစဉ်အတိုင်း ရေကာတာဘက်ကို အသာလစ်ထွက်လာခဲ့သည်။

 

တကယ်တော့ ၀ူမိဖုရားကြီးက ချွေးမတောင်းလာသည့်သတင်းကိုကြားသဖြင့် မယ်မယ်က ချက်ချင်းထလိုက် လာခြင်းဖြစ်သည်။ ခမည်းတော်ကလည်း အစီစဉ်ကို ရှေ့တိုးအကောင်ထည်ဖော်ခိုင်းနေပြီ။ ဟီဒယ်ကို ရအောင် လက်ထပ်ရမည်။ ထန်နိုင်ငံနှင့်လျံနိုင်ငံကိုပူးပေါင်းရမည်။ ပြီးလျှင် ဟီဒယ်ကို ဧကရီရာထူးပေးမည်။ မိမိအစီအစဉ်ကို အပျက်စီးမခံနိုင်ပါ။ ဂျူဒါအမ်းက ဟီဒယ်ကို မျက်စိကျပြိးတောင်းရမ်းလက်ထပ်မည်ဆိုလျှင်။ ထိုအတွေးကြောင့် ထန်လိုခိ လူသတ်ချင်လာသည်။ ပုံမှန်ဆိုလျှင် ဂျူဒါအမ်းမကလို့ မည်သည့်တိုင်းပြည်က လာတောင်းပါစေ။ ထန်လိုခိ ဂရုမစိုက်ပါ။ သို့သော် ဟီဒယ်က ဂျူဒါအမ်ကို တိတ်တဆိတ်ချစ်နေသည်ကို သိထားသောကြောင့် ထန်လိုခိစိတ်မအေးနိုင်ခြင်းဖြစ်သည်။ ဟီဒယ်ကို မည်သူ့ လက်မှ အပါမခံနိုင်ပါ။ တကယ်လို့ မယ်မယ်တောင်းသည့် လက်ထပ်ကြောင်းလမ်းခြင်းကို လျံတိုင်းပြည်က ငြင်းဆန်လျှင် စစ်ချီပြီးသိမ်းပိုက်ရန် အားလုံးကို တပ်လှန့်ထားသည်။ မိမိတို့ တပ်အားလုံးကိုလည်း ထန်နိုင်ငံနယ်စပ်တလျှောက် စခန်းချထား စေသည်။
 

“တောင်းပန်ပါတယ် ဟီဒယ်။ မင်းကို အကိုတော် လက်လွှတ်မခံနိုင်လို့ပါ။ နောင်တချိန်ကျရင် အကိုတော်ရဲ့စေတနာကို မင်းနားလည်လာလိမ့်မယ်..”

 

လရောင်အောက်တွင် ထန်လိုခိ၏အပြုံးက အေးစက်လွန်းလှသည်။

 

ဆူမီရာသည် ဟီဒယ်စေလွှတ်လိုက်သည့် အခြွေရံ၏စကားကြောင့် စိတ်ညစ်သွားသည်။ နောင်တော် ဂျူဒါအမ်းအပြင် နောင်တော်ထန်လိုခိပါ ရောက်လာသည်ဆိုတော့ ခေါင်းမွေးထောင်ချင်လာသည်။ မကြာခင် နောင်တော် တင်ဂီရိပင်ရောက်လာ နိုင်သည်ကိုတွေးကာ အသက်ရှုပင်ကြပ်လာသည်။ ကီလာတိုင်သည် မျက်စိမျက်နှာပျက်နေသည့် ဆူမီရာကိုကြည့်ပြီး မေးလိုက်သည်။
 

“၀ူတိုင်းပြည်က မင်းသားက ကြင်ဖက်တောင်းဖို့ရောက်နေတယ်။ ဒါ့အပြင် နောင်တော်ထန်လိုခိလည်း ချက်ချင်းရောက်လာ တယ်တဲ့…တကယ်ပါပဲ။ ဘာကြောင့် ဒီလောက်တိုက်ဆိုင်နေရတာလဲ…”

 

ဆူမီရာသည် ခုတင်ပေါ်လူးလိမ့်ကာ စိတ်ညစ်ညစ်နှင့် အော်ညည်းလိုက်သည်။ ကီလာတိုင်သည် မင်းညီမင်းသားများ၏ ရာဇ၀င်ကို သေချာလေ့လာထားသူပီပီ သုံးပွင့်ဆိုင်အကြောင်းကို သိထားပြီးဖြစ်လို့ ဆူမီရာကိုပြောလိုက်သည်။
 

“အင်း…. ဂျူဒါအမ်းမင်းသားတို့က ကြင်ဖက်တောင်းလာလို့ ထန်လိုခိတို့ သားအမိချက်ချင်းရောက်လာတာပဲ။ အခြေနေက တင်းမာမယ့်ပုံပေါ်တယ်။ မင်းပြောကြည့်စမ်း။ ဟီဒယ်က ဘယ်သူ့ကိုရွေးမယ်ထင်လဲ..”
 

“နောင်တော် ဂျူဒါအမ်းကသာ ဟီဒယ်ကို လက်ထပ်ဖို့တောင်းဆိုရင် ဟီဒယ်က နောင်တော်ဂျူဒါအမ်းကို လက်ခံနိုင်တယ်။”
 

“အင်း…ကြည့်ရတာ..ဒါကိုလည်း ထန်လိုခိက သိပုံရတယ်။ ငါထင်တာ မမှားဘူးဆိုရင် ထန်နိုင်ငံနယ်စပ်လောက်မှာ စစ်တပ်တွေနေရာယူပြီးလောက်ပြီ။ ထန်ဘုရင်က လျံတိုင်းပြည်ကို မျက်စိကျနေတာ ကြာပြီ။ သူတို့ရည်မှန်းတာက ဟီဒယ်နဲ့ ထန်လိုခိလက်ထပ်ပြီး နှစ်ပြည်တစ်ပြည်ပေါင်းချင်ပုံရတယ်။”

 

ဆူမီရာသည် ကီလာတိုင် သုံးသပ်ပြသည်ကိုနားထောင်ပြီးနောက် ငေါက်ခနဲထထိုင်လိုက်သည်။ တကယ်လည်းဖြစ်နိုင်သည်။ ဒါဆို နောင်တော်ထန်လိုခိက သူ့စစ်သည်တော်များကို ဒီတိုင်းပြည်ထဲ ထည့်သွင်းထားလျှင်။ အထူးသဖြင့်ရေကာတာတွင် နောင်တော့်လူတွေထိန်းထားနိုင်လျှင်…။
 

“ဟုတ်တယ်။ ဒါကြောင့် နောင်တော်က ဟီဒယ်တို့တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲခြင်းမှာ သူ့တိုင်းပြည်က အလုပ်ကိုပစ်ပြီး လာကြီးကြပ်ပေးနေတာကိုး။ ဒါဆို တပ်အားလုံးမှာ နောင်တော်ရဲ့လူတွေ စိမ့်ဝင်နေပြီလား။”

 

ဆူမီရာသည် အခန်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး တယောက်တည်းတတွတ်တွတ်နှင့်ရေရွတ်နေလိုက်သည်။ ကီလာတိုင်သည် ဆူမီရာကို လှမ်းခေါ်ပြီးရေနွေးခွက်ကိုကမ်းကာပြောလိုက်သည်။
 

“မင်းကလည်း အရမ်းမပူပါနဲ့။ ငါကြားထားပုံအရဆိုရင် ထန်လိုခိက ဟီဒယ်ကို အတော်ချစ်တယ်တဲ့။ သူက သွေးထွက်သံယိုအဖြစ်ခံမယ် မထင်ပါဘူး။ အကြပ်ကိုင်ရုံနေမှာပါ။ လာ ရေနွေးကြမ်းသောက်ဦး။ မင်းအစား မူးလာပြီ။”

 

ဆူမီရာသည် ရေနွေးကြမ်းကို ကိုင်ထားပြီးငိုင်ကာ ဆက်ပြီးစဉ်းစားနေမိသည်။ နောင်တော် တင်ဂီရိက ဒါတွေကို မသိနိုင်ဘူးတဲ့လား။ မဖြစ်နိုင်။ နောင်တော့်လို စစ်ဘုရင်တစ်ယောက်အနေနှင့် သိကိုသိရမည်။ ဒါတောင် သူဘာလို့မတားပဲနေသလဲ။ နောင်တော် တင်ဂီရိနှင့် နောင်တော်ထန်လိုခိ အတူတိုင်ပင်နေကြသည်ကို မိမိမြင်ဖူးသည်။ သူတို့က တကြိတ်တည်းပဲလား။ ဒါဆို ဟီဒယ်ရဲ့တိုင်းပြည်ကိုသိမ်းဖို့ နောင်တော်တင်ဂီရိကိုယ်တိုင် အားပေးအားမြှောက် ပြုလေသလား။
 

“မဖြစ်ဘူး။ ငါ ဟီဒယ်ကိုပြောရမယ်…”
 

“မပြောနဲ့ဦး ဆူမီရာ။ ငါက ဒီလိုပဲတွေးကြည့်တာ။ မှားသွားရင် မကောင်းဘူး။ သေချာလေ့လာပြီးမှပြောပေါ့..”
 

“ငါ့ကို နောင်တော်ထန်လိုခိသိသွားလို့ မဖြစ်ဘူး။ နောင်တော်တင်ဂီရိဆီကို သတင်းတန်းရောက်သွားရင် ငါသေပြီ။ နောင်တော်က ငါ့ကို တောင်ပေါ်ကမဆင်းဖို့ ကတိတောင်းထားတာ။ နောင်တော်လည်းသွားရော ငါက ကတိကိုချိုးဖောက်ပြိး ဆင်းလာတာ။”

 

ဆူမီရာ အကြံအိုက်ကာ သက်ပြင်းကို တဟင်းဟင်းနှင့်ချနေသဖြင့် ကီလာတိုင်က ရယ်ချင်ပက်ကျိဖြင့်ကြည့်နေသည်။ ပြီးတော့ မိမိ၏ တစ်ဦးတည်းသော သူငယ်ချင်းလေး တုန်နေအောင်ကြောက်သည့် တင်ဂီရိမင်းသားကို မနာလိုဖြစ်လာမိသည်။ ရင်ထဲက နာကျင်မှုက တိုးလာသလိုခံစားလိုက်ရသည်။ ကီလာတိုင်သည် ခံစားချက်ကို မြိုသိပ်ပြီးအကြံပေးလိုက်သည်။
 

“ငါ့မှာ လက်ရာမြောက်တဲ့အသားကပ် မျက်နှာဖုံးတွေရှိတယ်။ အဲ့ဒါစွပ်ပြီး မင်းနဲ့ငါလိုက်လေ့လာလို့ရတယ်လေ။ သေချာပြီဆိုမှ ဟီဒယ်ကိုပြောလိုက်ပေါ့ မကောင်းဘူးလား။ ”
 

“ဖြစ့်ပါ့မလား။ နောင်တော်ထန်လိုခိနဲ့ တည့်တည်းတိုးရင်…”
 

“မပူနဲ့။ မင်းရဲ့ ခမည်းတော်အရင်းတောင် မမှတ်မိစေရဘူး။ အဲ့လောက်ကို လက်ရာမြောက်တယ်။ ကြည့်..ဒီမှာ”

 

ကီလာတိုင်က ရင်ဘတ်ထဲက မျက်နှာဖုံးနှစ်ခုကိုထုတ်ပြလိုက်သည်။ ပါးလွှာသည့် အရေပြားတစ်မျိုးနှင့်လုပ်ထားပြိး တကယ့်ကိုလက်ရာမြောက်လွန်းလှသည်။ ဆူမီရာသည် သူငယ်ချင်းဟီဒယ်အတွက် ထိုမျက်နှာဖုံးကိုစွပ်ပြီး ရုပ်ဖျက်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

 

----------------------

 

တင်ဂီရိသည် ချူလူလူကို အထူးလေ့ကျင့်ရေးစခန်းကိုပို့ကာ အရှေ့ပိုင်းပင်လယ်ပြင်မှ ဓါးပြများကို တိုက်ထုတ်သည့်ကိစ္စကို သေချာကြီးကြပ်ရသည်။ ဓါးပြများက ပင်လယ်ပြင်ကိုမအုပ်စိုးနိုင်သော်လည်း ကျွန်းများကြားတွင် ခိုအောင်းကာ အလစ်ထွက်ထွက်တိုက်နေသေးသဖြင့် ထိုကျွန်းမှလူမျိုးစုတချို့ကိုစည်းရုံးကာ အမြစ်ဖြုတ်သုတ်သင်ရန်ကြံဆောင်နေသည်။ ခက်သည်က ဓါးပြထဲက တချို့ကကျွန်သားများဖြစ်သဖြင့် မိမိတို့နှင့်ပူးပေါင်းချင်သည့် ကျွန်းနေလူမျိုးစုကို ရှာရခက်နေသည်။ ထိုပြသနာကို ဖြေရှင်းပေးလိုက်သူက ချူလူလူဖြစ်သည်။

 

ချူလူလူပင်လယ်ပြင်တွင် ပင်လယ်ဖိုးဖိုးသင်ပေးသည့် ရွက်လွှင့်ပညာကို လေ့ကျင့်နေစဉ် ပင်လယ်ထဲမှ ဆယ်ယူလာသည့် လူရွယ်က ကျွန်းနေလူမျိုးစုတစ်ခုမှ မင်းသားဖြစ်သည်။ ဓါးပြအနွယ်ဝင် အခြားကျွန်းနေလူမျိုးစုက သူုတို့လူမျိုးစုကို လာလာပြီး သတ်ဖြတ်နေသည်ကို မခံနိုင်ပဲ စစ်သည်များကိုဦးဆောင်ပြိးတိုက်ခိုက်သော်လည်း စစ်ရှုံးပြီး ပင်လယ်ထဲပစ်ချခံလိုက်ခြင်းဖြစ်သည်။ ကံကောင်းထောက်မပြီး ပျဉ်ချပ်တစ်ချပ်ကိုတွယ်ကာ မျှောပါလာရင်း ချူလူလူ ကယ်တင်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

 

တင်ဂီရိသည် အသားညိုညိုနှင့် စူးရဲသည့်အကြည့်ရှိသည့် လူရွယ်ကိုစိုက်ကြည့်ကာမေးလိုက်သည်။

 

“သင့်ရဲ့မျိုးနွယ်နဲ့အမည်ကိုပြောပါ…”

 

“ကျွန်တော်က ၀ိဇယပြည်က ရုမာသီမင်းသားပါ။ အရှင်မင်းသားတို့ရဲ့ရန်သူဖြစ်တဲ့ ဓါးပြတွေခိုအောင်းတဲ့နေရာကို ကျွန်တော်ပြသပေးနိုင်ပါတယ်။ ပြိးတော့ အဲ့ရက်စက်ကြမ်းကြုတ်ပြီး လူသားစားတဲ့ ဓါးပြကောင်တွေကို တခါတည်း အမြစ်ဖြုတ်ချင်တဲ့ ကျွန်းနေလူမျိုးစုတွေနဲ့လည်း ကျွန်တော်စုစည်းပြီး အရှင့်လက်အောက်ကို ခေါ်ဆောင်လာနိုင်ပါတယ်။”
 

တင်ဂီရိသည် ထက်မြက်သည့် လူရွယ်ကိုကြည့်ကာ တခွန်းတည်းပြန်မေးလိုက်သည်။

 

“မင်း ဘာကြောင့် ကျုပ်ကိုကူညီပေးချင်တာလဲ…အဲ့အတွက် ကျုပ်က မင်းကို ဘာပြန်ပေးရမလဲ…”

 

ရုမာသီသည် ပွင့်လင်းလှသည့် အာနန်မင်းသား၏အမေးကြောင့် နူတ်ဆိတ်သွားပြီးနောက် ရဲရင့်စွာပြန်ဖြေခဲ့သည်။

 

“ကျွန်တော့်တိုင်းပြည်နဲ့လူမျိုးစုကို အရိုင်းစိုင်းဓါးပြတွေ လာလာသတ်ဖြတ်နေတဲ့အဖြစ်ကနေ ထာဝရကင်းလွတ်ချင်လို့ပါ။

ပြီးတော့ အရှင်မင်းသားရဲ့သတင်းကိုကျွန်တော် ကြားဖူးထားတယ်။ ကုန်သွယ်ရေးလမ်းကြောင်းကို လုံခြုံအောင်လုပ်ပေး နေတာကိုလည်း သိတယ်။ ဒီလမ်းကြောင်းသာပွင့်သွားရင် ကျွန်တော်တို့ ကျွန်းနိုင်ငံတွေလည်း တိုးတက်လာမယ်။ ကုန်သွားဖောက်ကားလို့ ချမ်းသာကြွယ်ဝလာနိုင်တယ်။ ဒါကြောင့် အရှင်မင်းသားရဲ့သစ္စာကိုခံယူပါ့မယ်.”

 

တင်ဂီရိသည် မထင်မှတ်ထားလောက်အောင်ကို အကြားမြင်ဗဟုသုတ ကြွယ်ဝသည့် ကျွန်းနေမင်းသားလေးကို ကြည့်ကာ မေးလိုက်သည်။
 

“မင်း ဘယ်မှ ပညာသင်ကြားဖူးသလဲ…”
 

“ကျွန်တော် ငွေတောင်ပြည်မှာ ပညာသင်ကြားဖူးပါတယ် အရှင်မင်းသား။ ကျွန်တော့်တိုင်းပြည် မငြိမ်သက်လို့ ဆုံးခန်းတိုင် ပညာမဆည်းပူးရပဲ ပြန်သွားခဲ့ရပါတယ်..ကျောင်းတော်မှာကတည်းက အရှင်မင်းသားအကြောင်းကို ကျွန်တော်ကြားဖူး ထားပါတယ်။ ဒါကြောင့် စစ်ရှုံးတော့ ရန်သူတွေသတ်တာ မခံပဲ အရှင်မင်းသားနဲ့တွေ့လိုတွေ့ညားဆိုပြီး ပင်လယ်ထဲကိုခုန်ချလာခဲ့တာပါ…”

 

တင်ဂီရိသည် အံအားသင့်နေသည့် ချူလူလူကိုကြည့်မေးလိုက်သည်။.
 

“ချူလူလူ သူ့ကိုမှတ်မိပြီလား။”
 

“မှတ်မိပါပြီနောင်တော်။ ရုမာသီမင်းသားက အသားအရမ်းညိုသွားလို့ မမှတ်မိခဲ့တာပါ။ ”

 

ချူလူလူ၏ စကားကြောင့် တင်ဂီရိခေါင်းငြိမ့်ပြီး ရုမာသီကို အနားယူရန် နန်းဆောင်တစ်ခုတွင်နေရာချစေသည်။
 

“ကျုပ်ခမည်းတော်ဆီကို မင်းကို ခေါ်သွားပေးပါ့မယ် ရုမာသီ။ ကောင်းကောင်းအားမွေးထားပါ..”

 

ရုမာသီက ဦးညွတ်ပြီး အတွင်းဝန်နောက်ကိုလိုက်ပါသွားတော့သည်။ မသွားခင် ချူလူလူကို ကျေးဇူးတင်ဟန်ုဖြင့် ကြည့်သွားခဲ့သည်။
 

“သူ့ကို မင်းဘယ်လိုမြင်သလဲ ချူလူလူ။”
 

“ကျောင်းတုန်းက မရင်းနှီးပေမယ့် တိုက်ရည်ခိုက်ရည်တော်တယ်လို့နာမည်ကြီးတယ် နောင်တော်။ ပြီးတော့ သူတို့လူမျိုးစုက အရမ်းကို သစ္စာရှိတယ်လို့ နာမည်ကျော်တယ်။ သူတို့လူမျိုးစုက သဘာဝဘေးကြောင့်ရယ်၊ ရောဂါဘေးကြောင့်ရယ် အင်အားဆုတ်ယုတ်သွားလို့ပါ။ အရင်က အင်အားကြီးတဲ့ ဂုဏ်သရေရှိ မျိုးနွယ်စုတွေပါ နောင်တော်..”
 

“အင်း… ဒါဆို သူ့ကိုခမည်းတော်ရှေ့ခေါ်သွားပြီးရင် ကျွန်းသားဓါးပြတွေကို နှိမ်နှင်းဖို့ စစ်ချီစရာရှိတယ်။ မင်းလိုက်ချင်လား ချူလူလူ…”
 

“လိုက်ချင်တယ် နောင်တော်။ ကျွန်တော့်ကိုခေါ်သွားပါ။ ”
 

“ကောင်းပြိ။ အသင့်ပြင်ထားလိုက်…”

 

နောင်တော်တင်ဂီရိ၏ စကားကြောင့် ချူလူလူဝမ်းသားသွားခဲ့သည်။ လေ့ကျင့်နေရုံနှင့် တိုးတက်မှုမရနိုင်ဟု ချူလူလူယူဆ ထားသည်။ လက်တွေ့တိုက်ပွဲကို လိုက်ပြီးဆင်နွဲချင်သည်။ ချူလူလူ၏သွေးထဲ ပူနွေးသည့် ခွန်အားများစီးဝင်လာသလို ခံစားလိုက်ရသည်။

-------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet