စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (56)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (56)

 

 

“ဒီလောက် အောက်တန်းကျတဲ့ကောင်တွေ ငါလုပ်လိုက်ရ ဒီမှာရှိတဲ့လူအားလုံး ဆယ်ခါပြန်တောင်သေသွားဦးမယ်…။ ဒီကောင်လေးကြောင့် ငါသည်းခံနေတယ် မှတ်ပါ…”
 

တင်ဂီရိသည် အကွယ်နေရာမှ ရဲမတ်များ၏လုပ်ရပ်ကို မုန်းတီးစွာရေရွတ်ကာ ဓါးမြှောင်နှင့်တစ်ခါတည်း ထိုးသွင်းကာ လက်စတုံးလိုက်ပြီး သတိမေ့နေသည့် ဆူမီရာကို ပွေ့ချီကာ ချက်ချင်းစံအိမ်အနောက်ပေါက်မှ ဆင်းလာခဲ့သည်။ ကမ်းစပ်သို့ရောက်သော် လေချွန်လိုက်သည်နှင့် လှေငယ်တစ်စင်း ချက်ချင်းထိုးဆိုက်လာခဲ့သည်။ လှေပေါ်ကို တင်ဂီရိရောက်သည်နှင့်လှေက ရေပေါ်ပျံမတတ် အမြန်ထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် စံအိမ်ပေါ်မှာ ယွမ်ချူးခန်တစ်ယောက် မူးမူးနှင့် ဆူမီရာကို တမ်းတပြီး ကျန်ရစ်ခဲ့သည်။

 

တင်ဂီရိသည် မိမိတို့စခန်းချသည့် လျှို့ဝှက်စခန်းသို့ရောက်သော် ဖြူစင်သန့်ရှင်းသည့် အိပ်ယာထက်တွင် ဆူမီရာကို အသာချပေးကာ အဆိပ်ဖြေဆေးတိုက်ပြီး နိုးအောင်ထိုင်စောင့်နေလိုက်သည်။ ဆူမီရာ နိုးလာသောအခါ မိမိအိပ်တုန်းက အခန်းမဟုတ်သည်ကို တွေ့သော် ရင်ထိတ်ပြီး ထထိုင်လိုက်စဉ် မိမိကို ထိုင်ကြည့်နေသည့် နောင်တော့်ကိုတွေ့သော် အံ့အားသင့်ကာ ၀မ်းသာစွာပြေးဖက်လိုက်သည်။ နောင်တော့်ကို တွေ့တိုင်း ဆူမီရာ မဖက်ပဲမနေနိုင်အောင်ဖြစ်မိသည်။ လောလောဆည် နိုင်ငံရေးအခြေနေတွေလည်း မကောင်းသဖြင့် ခေါင်းလည်းရှုပ်နေသည်။ နောင်တော့်ကိုတွေ့တော့ အားတက်သွားတာ မပြောပြနိုင်အောင်ပင်။

 

“အင်း… နောင်တော်… ဒီကိုဘယ်လိုရောက်လာတာလဲ…”
 

“မင်းကို လိုက်စောင့်ရှောက်နေတာလေ… ကျုပ်က ဒီကိုလာလည်တယ်ထင်နေတာလား။”
 

တင်ဂီရိသည် ဆူမီရာကို ပြန်ဖက်ပြီး ခပ်တည်တည်ဖြင့်ဖြေလိုက်သည်။ ဆူမီရာက နောင်တော့်ကို မော့ကြည့်ကာ မျက်နှာချိုသွေးကာ ပြောလိုက်သည်။ နောင်တော် မိမိနောက်ကို လိုက်လာသည်ကိုသိကာ ကြည်နူးနေမိသည်။

 

“မထင်ပါဘူး နောင်တော်။ ကျွန်တော့်ကို ဘာလို့လိုက်ပြီး စောင့်ရှောက်တာလဲဟင်။ ကျွန်တော်က ဘေးကင်းပါတယ်။ နောက်လေးငါးရက်ဆိုရင် ကျွန်တော် ပြန်တော့မလို့ ”
 

“ဘေးကင်းတယ် ဟုတ်လား။ ဘာဘေးကင်းတာလဲ။ မင်းကို ကျုပ် မျက်စိအောက်က အပျောက်မခံရင် ခုချိန်ဆို မင်း ကာမဆိပ်သင့်ပြီး ဟိုကောင်နဲ့ညားနေလောက်ပြီ..”

 

တင်ဂီရိသည် အတွေးဖြူစင်လွန်းသည့် ဆူမီရာအကြောင်းကိုသိသော်လည်း ယခုတခါကြုံရသည့် အဖြစ်မျိုးကို ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ခပ်ကြမ်းကြမ်းပြောပစ်လိုက်သည်။ ဆူမီရာသည် နောင်တော့် စကားကြောင့်မျက်လုံးပြူးကာ ချက်ချင်းပြန်ငြင်းလိုက်သည်။


“ဟာ…နောင်တော်ကလည်း… မဟုတ်ပါဘူး။ ကျွန်တော်တို့ကရိုးရိုးသားသားပါ။ သူက အရက်မူးနေလို့ စံအိမ်မှာခဏ ၀င်နားတာပါ…သူက အမူးလွန်ပြီး တုတ်တုတ်တောင်မလှုပ်နိုင်ပါဘူး။”
 

“မင်းလေးက ဘယ်ထိတုံး`အ´ နေဦးမှာလဲ။ မင်းကို ကာမစိတ်တွေ နှိုးဆွပေးတဲ့ အငွေ့နဲ့တိုက်နေတာ မင်းမှမသိတာ။ ပြီးတော့ သမားတော်ဖြစ်ပြီး ကိုယ်စားသောက်မည့် စားစရာနဲ့အရက်ထဲမှာ ငွေအပ်နဲ့ထောက်စမ်းရကောင်းမှန်းမသိဘူး ဟုတ်လား။ မင်း သောက်တဲ့ ၀ါးစိမ်းရွက်ဝိုင်ထဲမှ ဆေးခတ်ထားတာ မသိတာလား။ ”
 

တင်ဂီရိသည် ဆူမီရာကို ပေါင်ပေါ်ထိုင်ခိုင်းပြီး နဖူးကို လက်နှင့်တောက်ကာ စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။ ဒီကောင်လေးက သူမြင်ရသည့်အရာကိုပဲ သူယုံနေသည်။ လက်တွေ့လောကမှာ ဒီထက်ယုတ်မာကောက်ကျစ်သည်ကို ကိုယ်တွေ့ကြုံမှ သိမည့်ကောင်လေးမျိုး။ မိမိ၏ချစ်လှစွာသော ကောင်လေးဖြစ်နေလို့ ကိုယ်တွေ့လည်းအကြုံမခံနိုင်ပါ။ ဒါကြောင့် မိမိစိတ်ရှည်မှ ဖြစ်တော့မည်။

 

နောင်တော်ပြောလို့ မိမိဘယ်လောက်သတိလက်လွှတ်ဖြစ်သည်ကို သိကာ ခေါင်းလေးပုသွားမိသည်။ ပြီးတော့ နောင်တော် မလိမ်ဘူးဆိုတာကိုသိသည်။ သို့သော် တဖက်ကလည်း ယွမ်ချူးခန်က ဒီလိုအောက်တန်းကျမည့်သူ မဟုတ်သည်ကို သိသဖြင့် သူငယ်ချင်းအတွက် နောင်တော့်ကို သေချာရှင်းပြရန်ကြိုးစားနေမိသည်။

 

“ဒါကို ဘယ်သူလုပ်မလဲ… ယွမ်ချူးခန် မဖြစ်နိုင်ဘူး။ သူက တကယ့်ကို စိတ်ဆင်းရဲနေတာ။ ကျွန်တော့်ကို ဒီလိုအောက်တန်းကျတဲနည်းတွေနဲ့ သူလုပ်မှာမဟုတ်ဘူး။”
 

“မင်းက သူ့ကိုယုံတယ်ပေါ့ ဟုတ်လား။ ဆုံးရှုံးမှာကိုကြောက်တဲ့စိတ်နဲ့ သူဒါတွေကို မလုပ်ပါဘူးလို့ မင်းဘာကြောင့် ပြောနိုင်တာလဲ။”
 

တင်ဂီရိသည် ဆူမီရာ၏ မျက်လုံးထဲကို စိုက်ကြည့်ကာ မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ ဆူမီရာသည် နောင်တော့်ကို ကြောက်ကြောက်နှင့်မော့ကြည့်ကာ မိမိအထင်ကို ထပ်ပြောလိုက်ပြန်သည်။

 

“နောင်တော် စိတ်ဆိုးရင်လည်း ခံရမှာပါ။ ဒါပေမယ့် ဒီဆေးခတ်တာက ယွမ်ချူးခန်လုပ်တာ မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်။ သူက ဆိုးချင်ဆိုးလိမ့်မယ်။ ဒါပေမယ့် အောက်တန်းတော့မကျဘူးဗျ..”
 

“မင်းဘာကိုကြည့်ပြီးပြောတာလဲ…သူနဲ့ခဏလေး ခရီးသွားလိုက်မိတာနဲ့ မင်းသူ့ကို ပစ်ယုံလိုက်တာပဲလား။”
 

“နောင်တော် ကျွန်တော်က နောင်တော့်လောက် အတွေ့ကြုံလည်းမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကိုယုံတာက သူက အရီးတော်ရဲ့ သားဖြစ်နေလို့ပဲ။ ”

 

တင်ဂီရိသည် ဆူမီရာ၏ အကြောင်းပြချက်ကြောင့် နှာခေါင်းမှ လေမှုတ်ထုတ်ကာ ဆက်ရှင်းရမည်ကိုပင် ရှင်းချင်စိတ် မရှိတော့ပါ။ မယ်မယ့်သားဖြစ်သည့်ကောင်က ဒီလိုမဖြစ်နိုင်ဟု သူလေးက ဘာအားကိုးနှင့်ယုံကြည်နေပါလိမ့်ဟု တွေးနေမိသည်။ လူတစ်ယောက်ရဲ့ မွေးရာပါ စိတ်နေစိတ်ထားကို သူကြီးပြင်းလာသည့် ပတ်ဝန်းကျင်က လွှမ်းမိုးပြီး ပြောင်းလဲသွားနိုင်သည်ကို ဒီကောင်လေး မသိလေရော့သလား။

 

ဆူမီရာသည် နောင်တော် ကျောခိုင်းထွက်သွားပြီး ပြတင်းမှာရပ်နေသဖြင့် အနောက်မှ နောင်တော့်ကိုဖက်ပြီး တောင်းပန်လိုက်သည်။


“နောင်တော် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။ ကျွန်တော် နောင်တော့် စကားကို ထပ်ပြီးချိုးဖောက်ပြီး နန်ကျောင်ပြည်ကို လိုက်လာခဲ့မိတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ နော်….”
 

ဆူမီရာ၏အပြုမှုကြောင့် တင်ဂီရိဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ ရင်ခွင်ထဲဆွဲသွင်းကာ ပြောလိုက်သည်။

 

“မင်းလေးက အမြဲ အမှားလုပ်ပြီး တောင်းပန်တယ်။ ကိုယ်မင်းကို ဘယ်တော့မှ မပြစ်မတင်ရက်တာကို သိလို့ မင်းဒီလိုဆိုးနေတာ မဟုတ်လား။”
 

“ကျွန်တော် ဆိုးတာ မဟုတ်ပါဘူးဗျာ။ အကို့မယ်မယ်ကို သနားလို့ပါ။ ပြီးတော့ အရီးတော်လည်း နှလုံးအားနည်းနေတယ်။ တော်သေးတယ်။ ကျွန်တော်လိုက်လာမိလို့သာပေါ့…”
 

ဆူမီရာလည်း နောင်တော့် ကိုယ်ကိုဖက်ထားပြီး ရင်ခွင်မှာပါးအပ်လို့ သူ့မယ်မယ်အကြောင်းကို ပြောပြနေမိသည်။

 

“အင်း…ဟုတ်တယ်။ ဒါကြောင့် မင်းလေးကို ကိုယ်က ပိုချစ်မိတာထင်တယ်။ မင်းလေးက မှန်တယ်ထင်ရင် ကိုယ်စိတ်ဆိုးမှာလည်း မကြောက်ဘူးလုပ်ပစ်လိုက်တယ်။ ပြီးတော့ မင်းလေး လုပ်လိုက်တဲ့ဟာတွေက မမှားပါဘူး။ ဒါပေမယ့် မင်းက ကျားခံတွင်းထဲကို ခဏခဏ၀င်နေတာကို ကိုယ်ကြည့်နေရတာ စိတ်ဆင်းရဲတယ်ဆိုတာ သိရဲ့လား။ မင်းကို သားရည်တမြားမြားနဲ့ကြည့်နေတဲ့ကောင်နား နေနေတာကို ကိုယ်ဘယ်လိုမှ မမြင်ချင်ဘူး။ ”
 

“နောင်တော်ကလည်း ဘယ်သူက သွားရည်တမြားမြားရမှာလဲ။ မရှိပါဘူး။”
 

ဆူမီရာသည် နောင်တော့် စကားကြောင့် ရယ်မောကာ ပြန်မေးလိုက်သည်။ နောင်တော် ဆိုလိုသည်ကို တကယ်လည်းနားမလည်မိပေ။ တင်ဂီရိက ဆူမီရာ၏ နှာခေါင်းထိပ်ကို ဆွဲညစ်ကာ ပြောလိုက်သည်။

 

“ငိုပြီး မင်းကို ဖက်ဖက်နေတဲ့ ဟိုအကောင်က မင်းကို ဒီလောက် ချစ်တဲ့မျက်လုံးကြီးနဲ့ကြည့်နေတာကို မမြင်တာလား ဟင်…”
 

“အာ… မဟုတ်တာ..နောင်တော်ကလည်း… သူက စေ့စပ်ထားတဲ့ မိဖုရားလောင်း ငါးယောက်တောင်ရှိတာ။ ပြီးတော့ ကျွန်တော့်ကို သူငယ်ချင်းလိုခင်တာပါ။ သူ့ဘ၀မှာ သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော့်ကို အတင်းတွယ်တာနေတာပါဗျာ…”
 

“အေး… မင်းက သဘောရိုးထင်နေတယ်။ လူ့စိတ်က ဘယ်လောက်တောင် ကောက်ကျစ်ပြီး ကြောက်စရာကောင်းတယ် ဆိုတာ မင်း ဘယ်တော့မှ သိမှာလဲ…”
 

“နောင်တော်ရယ်… လူတွေက ယုတ်မာကောက်ကျစ်စိတ်ရှိတယ် ဆိုပေမယ့် ယွမ်ချူးခန်ကတော့ မရှိပါဘူး။”
 

“တော်…တော်… မင်း သူ့ကိုဆက်ပြီး ကာပြောမနေနဲ့တော့။ မင်း ကို ဒီမှာဆက်မထားနိင်တော့ဘူး။ ကိုယ်နဲ့ တခါတည်းပြန်ခေါ်သွားတော့မယ်။မကြာခင် စစ်ကဖြစ်တော့မှာ။ မင်းကို သူတို့ လက်လွှတ်ခံမှာမဟုတ်ဘူး။”
 

တင်ဂီရိသည် ဆူမီရာ က အမြဲကာကွယ်ပေးနေသည်ကို ထပ်မမြင်ချင်၊ မကြားချင်တော့သဖြင့် စကားကိုအပြတ်ဖြတ်ကာ ပြောလိုက်သည်။ နောင်တော့်စကားကြောင့် ဆူမီရာ မျက်လုံးပြူးသွားခဲ့ပြီး အလန့်တကြားမေးခဲ့သည်။

 

“နောင်တော်.. တကယ် စစ်တိုက်ဖို့ဆုံးဖြတ်လိုက်ပြီလားဟင်…”
 

“မယ်မယ့်ကို သူတို့ ဘယ်လိုမှ လက်လွှတ်မှာမဟုတ်ဘူး။ ကိုယ့်ရဲ့တပ်တွေအားလုံး နန်ကျောင်နယ်စပ်ကိုေ၇ာက်နေပြီ။ မနက်ဖြန်ဆိုရင် စစ်ကြေငြာတော့မယ်…”
 

တင်ဂီရိက သက်ပြင်းရှိုက်ကာ တိုးတိုးပြောလိုက်သော်လည်း ဆူမီရာ၏ နားထဲ ကျယ်လောင်စွာမြည်ဟီးသွားခဲ့သည်။ စစ်ဖြစ်လျှင် လူတွေသေကြေကုန်မည်ကိုတွေးကာ စိတ်ညစ်သွားခဲ့သည်။

----------------------

ယွမ်ချူးခန်နိုးလာသောအခါ ချက်ချင်းဆူမီရာကို အော်ခေါ်လိုက်သည်။ မိမိနားကို ဆူမီရာမရှိလျှင် ဘယ်လိုမှ မတည်ငြိမ်နိုင်အောင်ဖြစ်မိသည်။

 

“ဆူမီရာ….ဆူမီရာ…”


“ကိုယ်တော်လေး မင်းသားလေး ဆူမီရာပျောက်ဆုံးနေကြောင်းပါ။”
 

ကိုယ်ရံတော်များ၏စကားကြောင့် ယွမ်ချူးခန် ချက်ချင်းထရပ်ကာ ဒေါသတကြီးမေးလိုက်သည်။ ကိုယ်ရံတော်များကို သတ်ချင်သည့် မျက်လုံးနှင့်ကြည့်ကာမေးလိုက်သည်။

 

“ဘယ်လိုပျောက်တာလဲ… ငါ အိပ်ပျော်သွားတာနဲ့သူ့ကို မင်းတို့ မကာကွယ်ထားနိုင်ဘူးလား.. မင်းတို့ ဘာလုပ်နေကြတာလဲ… အားလုံး  မတွေ့တွေ့အောင်ရှာကြစမ်း..”

 

သို့သော် မိမိလက်ေ၇ွးစင်တပ်သား နှစ်ဦးအသတ်ခံရပြီး ဆူမီရာပျောက်သွားသည်ဆိုတော့ တင်ဂီရိလက်ချက်ဖြစ်မည်ကို တွေးကာ ချက်ချင်းနန်းတော်ကိုပြန်လာလိုက်သည်။

 

ဟော်သွန်းသည် အဆောင်ကို သားတော်လာသဖြင့် ဆီးကြိုလိုက်စဉ် မေးလာသည့် မေးခွန်းကြောင့် အံ့အားသင့်သွား ရသည်။ သားတော်ရဲ့အဖြစ်က ရည်းစားလူလုခံရသည့်ပုံလိုကို မျက်နှာက ပျက်ယွင်းနေသည်။
 

“မယ်မယ်ဘုရား… ဆူမီရာကို ပြန်ခေါ်ပေးပါဘုရား…”
 

“ဆူမီရာက သားတော်နဲ့အပြင်လိုက်သွားတာ မဟုတ်ဘူးလား။ ဘာဖြစ်လာခဲ့တာလဲ…”
 

“သားတော် အရက်မူးပြီး အိပ်ပျော်သွားတုန်း ဆူမီရာ ပျောက်သွားခဲ့တယ်။ သူ့ကို အစောင့်တွေကြားခေါ်ထုတ်သွားနိုင်တာ တစ်ယောက်ပဲရှိနိုင်တယ် မယ်မယ်ဘုရား…”
 

ယွမ်ချူးခန်၏ စကားကြောင့် ဟော်သွန်း၏ရင်ထိတ်ခနဲခုန်သွားခဲ့သည်။ ဆူမီရာအတွက် စိတ်သက်သာရာရသွားခဲ့သည်။ မင်းကြီးနဲ့ အမတ်ကြီး၏ ယုတ်မာသောအကြံကြောင့် ဆူမီရာကို တခုခုထိခိုက်အောင်လုပ်မိလျှင် သားကြီးကို မိမိတသက်လုံး မျက်နှာပြရဲတော့မည် မဟုတ်ပေ။

 

“တင်ဂီရိလား….”
 

“ဟုတ်တယ် မယ်မယ်… သူ ဒီနေပြည်တော်ကိုရောက်နေပြီ။ သူ အခု ကျွန်တော့် သူငယ်ချင်းကို ခိုးသွားခဲ့တယ်။ ဆူမီရာကို ပြန်ခေါ်ဖို့ ကျွန်တော် အင်အားအပြည့်သုံးပါတော့မယ်။ မယ်မယ့်ကို ကျွန်တော် အရင်အကြောင်းကြားတာပါ…”

 

ယွမ်ချူးခန်သည် မယ်မယ့်မျက်နှာမှ စိတ်သက်သာရာရသွားသည့် အမူယာကိုကြည့်ကာ မယ်မယ့်ကို နာကျင်စွာကြည့်ပြီး စကားတခွန်းထဲပြောကာ လှည့်ထွက်လာခဲ့သည်။

ဟော်သွန်းသည် တဖြည်းဖြည်းနှင့် သူ့ခမည်းတော်လိုဖြစ်လာသည့် သားတော်ကိုကြည့်ကာ သက်ပြင်းရှိုက်မိသည်။ အဆုံးသတ်ချိန်နီးလာပြီထင်သည်။

 

ကာလိုခန်မင်းကြီးသည် မိမိတို့အကြံစည်ပျက်သွားသည်ကိုကြားသိသော်လည်း ဟန်မပျက်နေကာ သားတော်ကိုစောင့်နေသည်။ သားတော်၏ တိုက်ခိုက်ချင်စိတ်ကို ဆွပေးနိုင်လျှင် မိမိတို့အကြံအောင်မြင်ပြီ။


“ခမည်းတော်ဘုရား…သားတော်ကို စစ်တပ်ကို အမိန့်ပေးနို်င်တဲ့ တံဆိပ်ပြားပေးသနားတော်မူပါ…”
 

ညီလာခံတွင် ယွမ်ချူးခန်က ရဲဝံ့စွာဖြင့် တောင်းဆိုလိုက်သဖြင့် အားလုံးအံ့သြသွားခဲ့သည်။ မင်းသားလေးကို နို့နံ့မစင်သေးဟု ထင်နေခဲ့ရာမှ မင်းသားလေးက စစ်လိုလားသူဖြစ်ခဲ့လေပြီ။

 

“သားတော်က ဘာလုပ်မလို့လဲ…”
 

ကာလိုခန်က မသိဟန်ဆောင်ကာမေးလိုက်သည်။ ယွမ်ချူးခန်သည် မာကျောသည့် မျက်ဝန်းဖြင့် အပြင်ဘက်ကိုတချက်ကြည့်ကာ ခမည်းတော်ကို ရိုသေစွာလျှောက်လိုက်သည်။

 

“သားတော်တို့ရဲ့ တိုင်းပြည်နားကို ရစ်သီရစ်သီလုပ်နေတဲ့ ကလေကချေတွေကို ခြေမှုန်းပစ်မလို့ပါ ခမည်းတော်ဘုရား…”
 

“သားတော် စစ်ကိုတိုက်တော့မလား…”
 

“မယ်မယ့်ကို အဆုံးရှုံးမခံနိုင်လို့ သားတော် စစ်တိုက်တော့မယ် ခမည်းတော်ဘုရား။ ခန်မျိုးရိုးက ဘယ်တုန်းကမှ ရန်သူတွေခြိမ်းခြောက်တာကိုကြောက်တဲ့ အမျိုးမဟုတ်ဘူးဆိုတာ သူတို့သိရစေမယ်…”
 

ကာလိုခန်သည် ဘိုးဘေးစစ်ဘုရင်၏သွေးမျိုးဆက်ပြနေသည့် သားတော်ကို ကျေနပ်စွာကြည့်နေစဥ်တားဂေါတိုင်း အမတ်ကြီးက ယွမ်ချူးခန်ဘက်ကိုထောက်ခံပေးခဲ့သည်။ ဒါကလည်း ကြိုတင်စီစဉ်ထားသည့်အတိုင်းဖြစ်သည်။ သားတော်လေး၏ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ထောက်ခံသူလိုအပ်သည် မဟုတ်လား။

 

“ကျွန်တော်မျိုးထောက်ခံပါတယ် မင်းကြီး။ ခု အာနန်ပြည်ကို မနှိမ်နှင်းနိုင်ရင် ကျွန်တော်တို့လက်အောက်ခံတိုင်းပြည်အားလုံးက ပုန်ကန်တော့မှ သေချာပါတယ်။ ဒါကြောင့် နန်ကျောင်ပြည်ကို အတိလင်းစိန်ခေါ်တဲ့ အာနန်ပြည်နဲ့ အပေါင်းပါ တောင်ပိုင်းတိုင်းပြည်က မဟာမိတ်အားလုံးကို တိုက်ခိုက်ဖို့ အမိန့်ပေးတော်မူပါ ..”
 

“စစ်တိုက်ဖို့ အမိန့်ပေးတော်မူပါ မင်းကြီး…”
 

အမတ်အားလုံးကလည်း မင်းကြီးကို ၀ိုင်းပြိးတောင်းပန်ကြသည်။

 

“ကောင်းပြီ.. နန်ကျောင်ပြည်ကို ထိပါးလာတဲ့ အာနန်တပ်ကို ခြေမှုန်းဖို့ ငါကိုယ်တော် ခွင့်ပြုတော်မူတယ်။ ဒီစစ်ကို သားတော်အိမ်ရှေ့မင်းနဲ့ အမတ်ချုပ်ကြီးက ဦးဆောင်လိမ့်မယ်…”

 

ကာလိုခန်မင်းကြီးက အမိန့်ကိုချမှတ်လိုက်ပြီးနောက် အားလုံး၏ ကျေးဇူးတင်စကားကညီလာခံ ခန်းမကို ဟိန်းထွက်သွားခဲ့သည်။ ယွမ်ချူးခန်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး တိုက်ခိုက်ချင်စိတ်က ထိန်းမရအောင် ဖြစ်ပေါ်လာခဲ့သည်။

 

------------------------------


“နောင်တော်… နန်ကျောင်ဘက်ကလည်း စစ်ပွဲကို ပြင်ဆင်နေပြီ။ ဖြစ်နိုင်ရင် အရီးတော်ကို ရအောင်ခိုးပြီး တပ်ပြန်ဆုတ်ရအောင်လား… ”
 

“အရူးလေး… မင်းကို ခိုးလာသလို အဲ့လိုလုပ်လို့မရဘူးလေ။ သူတို့ကိုယ်တိုင် မယ်မယ့်ကို တရားဝင်ပေးအပ်တာမျိုးမဟုတ်ရင် မယ်မယ့်နောက်ကို တောက်လျှောက်လိုက်ပါလာမယ်။ ပြီးတော့ တောင်ပိုင်းက မဟာမိတ်တိုင်းပြည်တိုင်းကို သူတို့မီးတိုက်ဖျက်ဆီးပစ်လိမ့်မယ်။ ဒါကြောင့် မယ်မယ့်ကို ပြန်ရဖို့စစ်ဖြစ်ကိုဖြစ်ရမှာပဲ။ ဒါကို ဘယ်လိုမှ ပြောင်းလဲလို့မရတော့ဘူး။ ကာလိုခန်မင်းကြီးက မတပ်မက်သင့်တဲ့သူကို တပ်မက်မိတဲ့အတွက် လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက စစ်ပွဲတစ်ခုကို စတင်ခဲ့ပြီးနေပြီ။ ”
 

တင်ဂီရိသည် ကလေးအတွေးနှင့်ပြောနေသည့် ဆူမီရာကိုရှင်းပြလိုက်သည်။

 

“သူတို့က အရီးတော်က  အတင်းသိမ်းပိုက်ထားတာကို ၀န်မခံဘူး နောင်တော်ရ။ ယွမ်ချူးခန်တောင်မှ နောင်တော်တို့ သားအဖကို အပြစ်တင်နေတာ… အရီးတော်ကိုနားလည်ပေးဖို့ ၊ သနားဖို့ပြောတာ ပြောလို့ကို မရဘူး။”
 

“သူက တသက်လုံး နန်ကျောင်နန်းတွင်းမှာကြီးလာတာကိုး။ သူ့ခမည်းတော်ကို သူရဲကောင်းတစ်ယောက်လို ကိုးကွယ်ခဲ့တာ။ အဖြစ်မှန်ကို လက်ခံလိုက်ရင်သူ လေးစားနေတဲ့ ဖခင်က သူများမယားကို အတင်းသိမ်းပိုက်တဲ့ ဘုရင်ယုတ်ဆိုတဲ့အဖြစ်ကို သူလက်ခံရလိမ့်မယ်။ အဲ့လိုလက်ခံလိုက်ရင် သူ့ဘ၀တလျှောက်လုံး သိမ်ငယ်ပြီး အရှက်ရပြီး နေသွားရလိမ့်မယ်။ သာမန်လူတစ်ယောက်ဖြစ်ရင်တောင်မှ ကိုယ့်ကျေးဇူးရှင် မိဘရဲ့ပြစ်ချက်ကို လက်ခံတာရှားတယ်။ မျက်ကန်းယုံကြည်မှုနဲ့ ကိုယ့်မိဘသာ အဖြူစင်ဆုံးဆိုပြီး သတ်မှတ်ထားတာ။ သူ့လို လိုတရတဲ့ မင်းသားတစ်ပါးအနေနဲ့ သူချစ်ခင်တဲ့ ဖခင်က ဒီလိုလူဆိုတာ လက်ခံဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းလေး သူ့ကိုတရားဟောနေကတည်းက ကိုယ် ပြုံးနေခဲ့မိတာ.. ”
 

တင်ဂီရိက လူ့သဘောကို တခါတည်းရှင်းပြရင်းပြောတော့ ဆူမီရာက မျက်နှာရှုံ့သွားမိသည်။

 

“နောင်တော်က လှေပေါ်တခါတည်းပါလာတာပေါ့လေ…ဟုတ်လား။”
 

“ဟုတ်တယ်။ လှေပေါ်တင်ဘယ်ကမလဲ။ နန်းတော်ထဲ မင်းလေးနားက ကိုယ်ဘယ်တုန်းကမှ ခွာခဲ့ဖူးတာ မဟုတ်ဘူ။ မင်းကို ဘယ်သူမှ မထိအောင်ကိုယ်သေချာစောင့်ကြပ်နေခဲ့တာ…”
 

“နောင်တော်ရယ်… နောင်တော့်ကို ကျွန်တော် အရမ်းကျေးဇူးတင်တာပဲ၊ ပြီးတော့ ချစ်လည်းအရမ်းချစ်တယ်။ ကျွန်တော့်ပေါ်ကို နောင်တော့်လောက် ဘယ်သူမှမကောင်းပေးနိုင်ဘူး။”
 

ဆူမီရာသည် နောင်တော့် ရင်ခွင်ထဲတိုးဝင်ပြီး ချွဲလိုက်ပြန်သည်။ တင်ဂီရိက သဘောကျစွာရယ်ရင်း နဖူးလေးကို နမ်းကာပြောလိုက်သည်။

 

“အင်း…ဒီလိုအပြောလေး မရှိလည်းနောင်တော်က ဆူမီရာလေးကို ချစ်နေတဲ့သူပါကွာ…”
 

“နောင်တော်နော်။ ကျွန်တော်က တကယ်ပြောတဲ့ဟာ….”
 

“နောင်တော် သိပါတယ်ကွာ… နောင်တော် သိပါတယ်။”

 

--------------------

 

ယွမ်ချူးခန်သည် မိမိနှင့်စေ့စပ်ထားသည့်တိုင်းပြည်မှ ဘုရင်များထံမှ တပ်များကို ဆင့်ခေါ်လိုက်သည်။ အားလုံးက အမိန့်ရသည်နှင့် ချက်ချင်းစစ်ကူများချီတက်လာခဲ့သည်။ နန်ကျောင်ပြည် နယ်နိမိတ်တလျှောက်တွင်လည်း အာနန်တပ်၊ တထန်စစ်တပ်၊ လျူစစ်တပ်၊ မုယုံပြည်မှစစ်တပ်၊ လီတိုင်းပြည်မှ စစ်တပ်၊ ၀ူတိုင်းပြည်မှ စစ်တပ်များဖြင့် ဖြန့်ထားလိုက်သည်။
နန်ကျောင်တပြည်လုံးကလည်း စစ်ဖြစ်တော့မည်ဆိုသဖြင့် ထိတ်လန့်ခြင်း၊ တက်ကြွခြင်းနှင့် ရှုပ်ယှက်ခတ်နေတော့သည်။

နန်ကျောင်ညီလာခံကျင်းပနေစဉ် အာနန်ပြည်ဘက်မှ သံတမန် နန်းတော်ထဲကို ၀င်လာခဲ့သည်။ နန်ကျောင်အမတ်၊စစ်သူကြီး၊ နယ်စားမင်းများအားလုံး အာနန်သံတမန်ကို မီးဝင်းဝင်းတောက်သည့် မျက်လုံးများနှင့်စိုက်ကြည့်နေကြသည်။ အာနန်သံတမန်က ကျောက်ရုပ်မျက်နှာဖြင့် ကြောက်ရွံ့ခြင်းကင်းစွာဖြင့် နန်ကျောင်မင်းကြီးကို အရိုသေပေးကာ အာနန်မင်းကြီး ပေးအပ်လိုက်သည့်သ၀ဏ်လွှာကို ဆက်သလိုက်သည်။

 

“အဆွေတော် ကာလိုခန် မင်းကြီးသိစေရန်….

အဆွေတော်သည် လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ကျွန်ုပ်ရဲ့ ဇနီးသည် ဟော်သွန်းကို မတရား ဖိနှိပ်ပြီး သိမ်းပိုက်ထားခဲ့သည်။ ကျွန်ုပ်ကိုလည်း ပုန်ကန်သည် ဆိုသည့် အကြောင်းပြချက်နှင့် နှင်ထုတ်ခဲ့သည်။ ယခု ကျွန်ုပ် မတရားခံရသည့် ဖြစ်ရပ်ကို တရားဝင်ရှင်းလင်းရန်နှင့် ဇနီးသည်ကို ပြန်လည်ခေါ်ဆောင်ရန်ရောက်ရှိလာခဲ့သည်။ ကျွုန်ုပ်ရဲ့ဇနီးသည် ဟော်သွန်းကို အသာတကြည့်ပြန်လည်အပ်နှင်းလျှင် လူများစွာရဲ့ အသက်ကို ငဲ့ကွက်သည့်အနေဖြင့်  စစ်မတိုက်ပဲ တပ်အားလုံးပြန်ဆုတ်သွားမည်။ မဟုတ်လျှင် နန်ကျောင်ပြည်ကို စေ့စေ့ညက်ညက်ခြေပစ်ပြီး ဟော်သွန်းကို ပြန်လည်ခေါ်ဆောင်သွားမည်။

ပုံ/  အာနန်ဘုရင် ယေစုကိုင်း”

 

ညီလာခံတစ်ခုလုံး ဆူညံသံများဖြင့်ဖုံးလွှမ်းကုန်သည်။ ယွမ်ချူးခန်သည် လက်သီကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သံတမန်ကို သတ်ချင်စိတ်ဖြင့်ကြည့်နေလိုက်သည်။
 

“အားလုံး တိတ်စေ…”

 

ကာလိုခန်မင်းကြီး၏ အမိန့်ကြောင့် အားလုံးငြိမ်သက်သွားခဲ့သည်။ ကာလိုခန်မင်းကြီးသည် အာနန်သံတမန်ကို အေးစက်စွာကြည့်ကာ ပြတ်သားစွာမိန့်ကြားလိုက်သည်။
 

“ဧကရီဟော်သွန်းသည် နန်ကျောင်ပြည်၏ ဧကရီ ဘုရင်မတစ်ပါးဖြစ်သည်။ သူပုန်စစ်သူကြီး၏ စွန့်ပစ်မှုကြောင့် ကျွန်ုပ်ရဲ့ အရိပ်အောက်ခိုလှုံခဲ့သည့် မိန်းမမြတ်ဖြစ်သည့် ဟော်သွန်းကို နန်ကျောင်ပြည်မှ ဘယ်လိုမှ လက်လွှတ်မခံ။ ဒါကြောင့် နောက် သုံးရက်ပြည့်သည်နှင် စစ်ကို စတင်မည်။ တပ်ခြင်းတိုက်သည်ဖြစ်စေ၊ သူရဲကောင်းခြင်းတိုက်သည်ဖြစ်စေ. အသင်တို့ကြိုက်ရာကိုေ၇ွးနို်င်သည်။ ”

 

နန်ကျောင်မင်းကြီး၏ အမိန့်သံအဆုံး အမတ်များ၊ စစ်သူကြီးများက အာနန်သံတမန်ကို စားမလိုဝါးမလို ၀ိုင်းကြည့်နေကြသည်။ တားဂေါတိုင်းက သံတမန်ကို ကြည့်ကာ ပြောလိုက်သည်။
 

“သင့်… သူပုန်ဘုရင်ကို အကြောင်းပြန်လိုက်ပါ။ နောက်သုံးရက်မှာ အားလုံးကို ခြေမှုန်းပစ်မယ်။ အသေမခံနိုင်ရင် အညံ့ခံနိုင်တယ်။”

 

အာနန်သံတမန်က ဘာမှမပြောပဲ ဦးညွတ်ကာ ပြန်လည်ထွက်ခွာသွားတော့သည်။

-------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet