စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (49)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (49)

 

ဟီဒယ်သည် မယ်တော်နှင့်ခမည်းတော်တို့ကို တင်ဆောင်သွားသည့် ရထားလုံးနှင့်လူတန်းကြီးကိုကြည့်ပြီး လက်သီး တင်းတင်းဆုပ်ထားမိသည်။ နန်းစံဘုရင်နှင့်မိဖုရားအဖြစ်မှ နန်းကျဘုရင်နှင့်မိဖုရားအဖြစ် ထန်နန်းတွင်းမှာသွားရောက် နေထိုင်ရမည့် ခမည်းတော်၊မယ်တော်ကို အရီးတော် အီလီနာက ကောင်းမွန်စွာထားမည်ကို ယုံကြည်သည်။ သို့သော် ပျောက်ဆုံးသွားသော ဂုဏ်သိက္ခာကို မည်သူပြန်ပေးနိုင်မည်နည်း။ ယခုအချိန်ကစပြီး ခမည်းတော်နှင့်မယ်တော်သည် လျံတိုင်းပြည်၏ မင်းမိဖုရားများမဟုတ်တော့။ တထန်နိုင်ငံတော်၏ သုံ့ပန်းဘုရင်ဖြစ်သွားလေပြီ။

 

ဟီဒယ်သည် နာကျင်သည့် စိတ်နှလုံးကို မြိုသိပ်ထားပြီးခမည်းတော်တို့ လှည်းတန်းပျောက်ကွယ်သွားသည်အထိရပ်ကြည့် နေမိသည်။ နံနက်ခင်းနေခြည်သည် ဟီဒယ်၏ကိုယ်ပေါ်ဖြာကျနေပြီး သောကမျက်နှာကိုသနားစဖွယ်ဖြစ်အောင် ထောက်ပံ့ နေသည်။ တကယ်တော့ ထန်လိုခိက တစ်သက်လုံးဟီဒယ်ကို ထိနိးကျောင်းလာသဖြင့် သူမ၏ စိတ်ခံစားချက်အမှန်ကို ထိုးဖောက်မြင်နိုင်ခြင်းဖြစ်သည်။ အခြားအခြားသောသူများ၏ မျက်လုံးထဲတွင် လျံမင်းသမီးဟီဒယ်သည် ခံစားချက် ကင်းမဲ့သည့် မျက်နှာဖြင့် ကျောက်ရုပ်လိုရပ်နေသည်ဟုသာ မြင်နိုင်ပေလိမ့်မည်။ နံနက်ခင်းလေပြင်းက သူမ၏ အ၀တ်စားများကို တဖြတ်ဖြတ်လွင့်နေစေသည်။ အေးမြသည့်လေကြောင့်

အခြားသောစစ်သူကြီးများကိုယ်ကိုကျုံ့လိုက်မိသော်လည်း သူမက ကျောက်ရုပ်လိုမလှုပ်ပဲ မိုးကုပ်စက်ဝိုင်းအောက် ရေးရေးမြင်နေသည့် လှည်းတန်းကြီးကိုငေးနေသဖြင့် ထန်လိုခိက မိမိ၏၀တ်ရုံကိုချွတ်ကာ သူမ၏မြင်းအနားကို မိမိမြင်းကိုကပ်လိုက်ပြီး သူမကိုယ်ပေါ်လွှမ်းခြုံပေးမည်လုပ်တော့ ဟီဒယ် သူ့ကိုလှည့်ကြည့်ကာ အေးစက်စွာပြောခဲ့သည်။


“မလိုဘူး အကိုတော်။ ”

 

ဟီဒယ်က ပြောပြီး နန်းတော်ဘက်ကိုပြန်ရန် မြင်းကိုလှည့်လိုက်တော့ ထန်လိုခိက သူမစိတ်ခံစားချက်ကိုနားလည်စွာဖြင့် မိမိဝတ်ရုံကို ကိုယ်ရံတော် တစ်ဦးကိုပစ်ပေးကာ သူမနှင့်အပြိုင်မြင်းကိုနှင်ကာ ပြန်လာခဲ့ကြသည်။ ဟီဒယ်သည် မိမိနှင့်ကပ်လိုက်လာသည့် အကိုတော်ကို မုန်းတီးလှသဖြင့် မြင်းကို ဒုန်းစိုင်းကာနှင်ခဲ့သော်သော်လည်း အကိုတော်၏ မြင်းက မိမိမြင်းထက်ကို ခြေရေးသာနေသဖြင့် နံဘေးမှာတောက်လျှောက်ကပ်ပါလာခဲ့သည်။

 

အကိုတော်ကို ဘယ်လိုမောင်းထုတ်သော်လည်း ကပ်လိုက်နေမည်ကို သိသဖြင့် လှည့်မကြည့်ပဲ မြင်းကို အမြန်စီးကာပြန်ခဲ့သည်။ နောက်တွင် မှုးမတ်နှင့်ကိုယ်ရံတော်တစ်စုက ဒုန်းလိုက်လာရသည်။ လေတိုက်ကြီးထဲ အားလုံးချမ်းအေးနေသော်လည်း ဟီဒယ်မင်းသမီး မလှုပ်မချင်း တထန်အိမ်ရှေ့စံကိုယ်တော်လေး ထန်လိုခိလည်း တုတ်တုတ်မှမလှုပ်ပေ။ ဟီဒယ် နန်းတော်ကို ပြန်တော့မှာ မင်းသားလည်း ချက်ချင်းအချက်ပြကာ မြင်းကိုဒုန်းစိုင်းသွားသဖြင့် တထန်ကိုယ်ရံတော်နှင့် မှုးမတ်အားလုံး နောက်မှ ကျားလိုက်သလိုကို လိုက်ခဲ့ရသည်။ နန်းတော်ထဲတွင် ဟီဒယ်မင်းသမီးကို စစ်သူကြီးရာထူးပေးကာ မင်းသားထန်လိုခိအနားတွင် တထန်မင်းကြီးက တမင်ကိုထားပေးခဲ့သည်။ အတူအလုပ်လုပ်ရင်း နီးစပ်သွားစေချင်သည်။ တကယ်ဆိုလျှင် သူမကို အမိန့်တော်ဖြင့် ထန်လိုခိနှင့်ထိမ်းမြားပေးချင်သော်လည်း မိမိသားတော်က ဟီဒယ် စိတ်နာအောင် ဘယ်လိုမှ မလုပ်နိုင်ဟုဆိုသဖြင့် ထန်မင်းကြီးလက်လျော့သွားခြင်းဖြစ်သည်။

 

“ခမည်းတော်စိတ်ချပါ။ ညီမတော်ရဲ့ နှလုံးသားကိုရပြီး သားတော်ရဲ့မိဖုရားအဖြစ်ကို ရအောင်ယူမှာပါ။ သားတော်ကို ယုံကြည်ပြီး လွှဲအပ်တော်မူပါ။”

 

ထန်ဘုရင်သည် သားတော်၏တောင်းဆိုမှုကြောင့် အင်တင်တင်နှင့်လက်ခံလိုက်သည်။ နောက်ဆုံး သားတော် မစွမ်းဆောင်နိုင်တော့မှ အမိန့်တော်နှင့်လက်ထပ်ပေးလည်း နောက်မကျသေးဟုတွက်ထားကာ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထန်လိုခိသည် တထန်၏ ဒုတိယမြို့တော်အဖြစ်ကို ပြောင်းလဲလိုက်သည့် လျံနေပြည်တော်တွင် မိမိ၏ ကိုယ်လုပ်မောင်းမများစွာကို ခေါ်ဆောင်လာခဲ့သည်။ အားလုံးကို တဆောင်တခန်းထားကာ ဒုတိယမြို့တော်ကို စီမံအုပ်ချုပ်သည်။ ဟီဒယ်ကို မိမိလက်အောက်တွင် ရာထူးခန့်အပ်ထားပြီး မိမိကိုတိုက်ရိုက်အစီရင်ခံရသည်။

 

အချိန်များက တရွေ့ရွေ့ကုန်ခဲ့လေပြီ။ ဟီဒယ်သည် ညီလာခံမှပြန်လာပြီးနောက် တနေ့တာ လုပ်ငန်းစရန်  မိမိအဖွဲ့ကိုအမိန့်ပေးလိုက်ပြီး ပြင်ဆင်လိုက်သည်။ အားလုံးနန်းတော်မှထွက်ခွာပြီး ရေကာတာကိုထပ်မံ မွမ်းမံသည့် အလုပ်ကိုကြီးကြပ်ရသည်။ ထိုတာတမံကို တည်ဆောက်ရန် ပြည်သူများကို တအိမ်တယောက် အတင်းကျပ်ခေါ်ဆောင်ထားခြင်းဖြစ်သည်။ ထို့ကြောင့်ပြည်သူများက ထန်လိုခိကို မကျေနပ်ကြပေ။ ဒါ့အပြင် ဟီဒယ်စိတ်အညစ်ဆုံးက မိမိကိုမြင်လျှင် မုန်းတီးစွာမျက်နှာလွှဲသွားခြင်းဖြစ်သည်။ မိမိတို့ညံ့ဖျင်းသောကြောင့် လျံပြည်က ထန်ပြည်လက်အောက်ကျဆင်းရသည် ဆိုပြီး လျံပြည်သူများက ဟီဒယ်ကို မုန်းတီးကြသည်။ ဟီဒယ်သည် မိမိတိုင်းသူပြည်သားများ၏ အမုန်းမျက်ဝန်းကိုလျစ်လျူရှုကာ လုပ်စရာကို တင်းကျပ်စွာ စီမံအုပ်ချုပ်သည်။

 

ထို့နောက် စစ်ရေးလေ့ကျင့်ကွင်းတွင် လျံလူငယ်တပ်သားသစ်များကို လေ့ကျင့်သည်ကို ၀င်ကြည့်သည်။ လျံတိုင်းပြည်မှ လူငယ်များက ပျော့ညံ့ပြီး အေးအေးသက်သာနေတာများခဲ့လေပြီ။ ယခု တအိမ်တယောက် စစ်မှုမထမ်းမနေရစနစ်ပြဌာန်းပြီး အရွယ်ရောက်ပြီးသူတိုင်း စစ်ပညာကိုသင်ယူရတော့ ညည်းညူသံများဆူညံခဲ့သည်။ ဟီဒယ်ကို ပိုလို့မုန်းလာကြသည်။ သို့ပေမယ့် ဟီဒယ်သည် မိမိတို့လျံပြည်မှ လူငယ်များနှင့် ထန်ပြည်မှလူငယ်များကိုနှိုင်းယှဉ်ကြည့်ပြီး လက်ရည်တူ အရည်ချင်းတူလာစေရန် တင်းကြပ်စွာမောင်းကာ လေ့ကျင့်စေသည်။

 

တနေ့တာ အလုပ်များပြီးလို့ နန်းတော်ကိုပြန်လာတော့ ဟီဒယ် မောပန်းလို့နေပြီ။ ဟီဒယ်အဆောင်ကိုပြန်လာတိုင်း မယ်မယ့်ကို လွမ်းသည်။ အဘယ့်ကြောင့်ဆိုသော် အကိုတော် ထန်လိုခိက သူမကို မယ်မယ့်အဆောင်ကိုပေးထားသဖြင့် နန်းတော်ကြီးမှ ဒုတိယအကောင်းဆုံးအဆောင်တွင်နေရသည်။ မိမိအဆောင်တွင်ထားပေးသည့် အဆင်တန်ဆာများအားလုံး သူနှင့်တန်းတူ တန်ဖိုးကြီးများနှင့်ဆင်ယင်ပေးသော်လည်း ဟီဒယ် စိတ်ဆိုးမပြေပါ။ ထန်လိုခိက ဟီဒယ်ကို သူနှင့်တန်းတူ သဘောထားကာ အခွင့်ရေးအားလုံးကို ပေးထားသဖြင့် ထန်လိုခိ၏ ကိုယ်လုပ်တော်များက ဟီဒယ်ကို တိတ်တဆိတ်မုန်းတီးကြသည်။ ပေါ်တင်တော့မမုန်းရဲကြပါ။ တစ်ခါက ပေါ်တင်မုန်းတီးကာ မင်းသမီးဟီဒယ်ကို အပြစ်တင်သည့် ကိုယ်လုပ်တော်ကို ကြိမ်ဒဏ်အချက်ငါးဆယ်ခတ်ပြီး နန်းတော်မှနှင်ထုတ်လိုက်ကတည်းက အားလုံးမင်သမီး ဟီဒယ်ကို မုန်းသော်လည်း မော့မကြည့်ရဲတော့ပေ။

 

ဟီဒယ်သည် ထိုလုပ်ရပ်ကြောင့် အကိုတော် ထန်လိုခိကို အထင်သေးမုန်းတီးလာခဲ့သည်။ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ထားပြိး ရက်စက်စွာစွန့်ပစ်သည့် သူကို တချိန်က မိမိလူကောင်းထင်ခဲ့သည်ကို ယူကျူံးမရဖြစ်နေမိသည်။ သို့သော် တနေ့သူခေါ်သဖြင့် ဟီဒယ် သူ့နန်းတော်ကိုလာခဲ့စဉ် နန်းတော်ထဲတွင် တစ်ယောက်သောသူနှင့် ရုတ်တရက်တိုးတော့ ဟီဒယ် ခြေလှမ်းနှေးသွားခဲ့သည်။
 

“နှမတော်…လာ..ဒီမှာထိုင်… ၀ူမင်းသားရောက်နေလို့ မောင်တော်ခေါ်ခိုင်းလိုက်တာ… ”

 

ထန်လိုခိက တမင်ပင် သုံးနှုန်းကာ ဟီဒယ်ကို မိမိအနားတွင်ထိုင်ခိုင်းလိုက်သည်။ ဂျူဒါအမ်း မင်းသားရှေ့တွင် ထိုသို့ဆက်ဆံ ခံလိုက်ရသဖြင့် ဟီဒယ် ရှက်သွားသော်လည်း သူ့ကိုဒေါသနှင့်တချက်ကြည့်ကာ ၀င်ထိုင်လိုက်သည်။
 

“ဂျူဒါအမ်းနဲ့ ကျုပ်ကခုဆို သမီးယောက်ဖလည်းဟုတ်၊ မယားညီအစ်ကိုလည်းဟုတ်တယ်ဆိုတော့ ခါတိုင်းလိုပဲ ရင်းရင်းနှီးနှီး စကားပြောရအောင်…”
 

“ကောင်းပါပြီ နောင်တော်။ ကျွန်တော့်ကို ခေါ်လိုက်တာ ဘာအကြောင်းများနဲ့ပါလဲ…”

 

ဂျူဒါအမ်းသည် ဟီဒယ်ကို ကြင်နာစွာတချက်ကြည့်ကာ ထန်လိုခိ၏ မျက်လုံးကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ ဟီဒယ်နှင့် လက်မထပ်ရသေးပဲ တမင်ကို ခုလိုသုံးနှုန်းနေသည်ကို မမှုဟန်ဖြင့်ပြန်ဖြေလိုက်သည်။ ထန်လိုခိက ရယ်မောကာ ဟီဒယ်၏ လက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။
 

“နေပါဦးလေ ညီတော်ဂျူဒါအမ်း… ။ အထူးဧည့်သည်တော် ကိုစောင့်ရင်း စကားနည်းနည်းပြောကြတာပေါ့… ဟီဒယ်… မီဒယ်က ကိုယ်ဝန်ရှိနေပြီတဲ့။ အားမကျဘူးလား.. ကိုယ်တို့လည်း လက်ထပ်ခဲ့မယ်ဆိုရင် ခုဆို ဟီဒယ်လည်း မီဒယ်နဲ့အပြိုင်ကိုယ်ဝန်ဆောင်နေရပြီ။”

 

ထန်လိုခိက ဟီဒယ်၏လက်ကိုဆုပ်ကိုင်ကာပြောလိုက်တော့ ဟီဒယ်၏မျက်နှာဖြူဖျော့က ထန်လိုခိကို အေးစက်စွာစိုက်ကြည့်ပြီး ပြောလိုက်သည်။
 

“အကိုတော်ရဲ့ အခြားကိုယ်လုပ်တော်တွေကို မွေးခိုင်းမှာ ပိုပြီးဖြစ်နိုင်ချေရှိသေးတယ်။ ကျွန်မက အကိုတော်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်တဲ့အတွက်…ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဖြစ်လာစရာမရှိပါဘူး…”

 

ဟီဒယ်သည် မိမိကို ပိုင်စိုးပိုင်နင်းပြောနေသည့် အကိုတော်ကို ဒေါသနှင့် ပြတ်သားစွာပြောလိုက်သည်။ ဂျူဒါအမ်းသည် ထိုစကားကိုကြားသော ကျေနပ်သည့် အရိပ်ယောင်မျက်ဝန်းထဲလက်သွားခဲ့သည်။ ထန်လိုခိက ထိုအရိပ်ကို မြင်ဖြစ်အောင် မြင်လိုက်ပြီး ရင်ထဲတင်းကျပ်လာခဲ့ပြီး ဟီဒယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
 

“ဟီဒယ်က မိန်းကလေးလေ။ ကိုယ်နဲ့အိပ်ရင် ကိုယ်ဝန်ဆိုတာ ရနိုင်တာပဲမဟုတ်လား။ အခု ကိုယ်က မင်းကို အလှကြည့်နေလို့ မင်းခုလို နေနိုင်တာကို မမေ့ပါနဲ့…”

 

“အကိုတော်…မမိုက်ရိုင်းနဲ့…”

 

ထန်လိုခိ၏ စကားကြောင့် ဟီဒယ် ဒေါသပေါက်ကွဲပြီး အော်ပြောလိုက်စဉ် ခန်းမထဲဝင်လာသည့် လူက လှမ်းပြောလိုက်သဖြင့် အားလုံးလှည့်ကြည့်လိုက်သည်။
 

“ထန်လိုခိ မင်းက တကယ်လုပ်ရက်တာလည်း မဟုတ်ပဲ အလကား ဟီဒယ်ကို ဒေါသထွက်အောင် စနေတယ်။ မင်း ဒီလိုလုပ်ရင် ဟီဒယ်မင်းကို ပိုမုန်းမှာပေါ့။”

 

ခမ်းမထဲကိုဝင်လာသည့်သူက အနက်ရောက်သားမွေးဝတ်ရုံရှည်ကြီးကို ၀တ်ထားပြီး နေလောင်သည့် ကြေးနီရောင်မျက်နှာဖြင့် တခါမြင်လျှင် မမေ့နိုင်သည့် ဥပတိရုပ်ပိုင်ရှင် အရှေ့တိုင်း၏ လူငယ်စစ်ဘုရင် ကုလန်ခေါ် တင်ဂီရိ မင်းသားဖြစ်သည်။ တင်ဂီရိကိုတွေ့သော် ထန်လိုခိသည် ထိုင်ရာက ထပြီး ၀မ်းပန်းတသာဖြင့် ဖက်ယမ်းနူတ်ဆက် လိုက်သည်။ ထန်လိုခိနှင့် တင်ဂီရိ နူတ်ဆက်နေစဉ် ဂျူဒါအမ်းက ဟီဒယ်ကို အားပေးဟန်ဖြင့်ပြုံးပြလိုက်သည်။ ဟီဒယ်က မိမိအဖြစ်ကိုရှက်ရွံ့စွာဖြင့် အကြည့်ချင်းမဆိုင်ဝံ့ပဲ အကိုတော် တင်ဂီရိကိုသာ ငေးကြည့်နေသည်။ မိမိတို့တိုင်းပြည်ကို အကိုတော် ထန်လိုခိတို့ လာသိမ်းပိုက်ပြီးနောက်ပိုင်း အကိုတော်က ဆူမီရာကို နန်ကျောင်ပြည်အထိ လိုက်ခေါ်ခဲ့သည်ကို ကြားခဲ့ရသည်။ ပြီတော့် လီတိုင်းပြည်၊ မုတိုင်းပြည်များတွင် ခြေကုပ်ယူထားသည့် နန်ကျောင်တပ်များနှင့်တိုက်ခိုက်ကာ နယ်မြေကို ပြန်လည်ရယူထားသည်ကိုလည်း ကြားသိရသည်။ ယခုမှသာ အကိုတော်နှင့် မျက်နှာချင်းဆိုင်တွေ့ရတော့သည်။ အကိုတော့်ကို မြင်တော့ ဆူမီရာကိုလည်း သတိရမိသည်။

 

တင်ဂီရိသည် ဟီဒယ်ကို ပြုံးကာလှမ်းနူတ်ဆက်ပြီး တစ်လက်စတည်းပြောလိုက်သည်။

 

“ဆူမီရာက အခု ချူလူလူအကူညီတောင်းလို့ အရှေ့ပိုင်း ၀ိဇယကျွန်းဘက်ကိုရောက်နေတယ်။ ”

 

သူငယ်ချင်းများသတင်းကိုကြားလိုက်တော့ ဟီဒယ် ယခင်ငယ်ဘ၀ကိုပင် တမ်းတမိသွားသည်။ အရင်က ရိုးသားဖြူစင်ခဲ့သည့် အချိန်များ။ အကိုတော်ထန်လိုခိကို မမုန်းတီးခင်အခြေနေကို ပြန်လိုချင်မိသည်။ လူတစ်ယောက်ကိုမုန်းသည်ဆိုတာက လူကို မောပန်းစေသည်မဟုတ်လား။ ဟီဒယ် အကိုတော် ထန်လိုခိကို မုန်းရတာ ပင်ပန်းလှပြီ။

 

တင်ဂီရိသည် ဟီဒယ်၏ မျက်ဝန်းအကြည့်ကိုတွေ့တော့ သူမစိတ်ထဲဖြစ်နေသည်ကို နားလည်းလိုက်သည်။ နောက်မှ ထန်လိုခိကို သေချာပြောရဦးမည်။ သူမကို ဒီထက်ဖိအားမပေးသင့်တော့ပေ။ တင်ဂီရိသည် ထန်လိုခိ၏ စေတနာကိုလည်းနားလည်သည်။ ဟီဒယ်ပေါ်ထားသည့် အချစ်ကိုလည်းနားလည်သည်။ သူက ဟီဒယ်နှင့်ပတ်သတ်ပြီး ဘာကြောင်းတင်းတင်းကျပ်ကျပ်ခိုင်းသည်ကိုလည်းပြောထားသဖြင့် ထန်လိုခိကို ဟီဒယ်မုန်းတီးသည်ကို မြင်တော့ စိတ်မကောင်းဖြစ်မိသည်။

 

“ကျွန်တော်က ဟီဒယ်ကို ဘုရင်မတစ်ပါးလိုကြံ့ခိုင်လာအောင် လေ့ကျင့်ပေးနေတာ နောင်တော်။ ဟီဒယ် အခု ကျွန်တော့်ကို မုန်းလိမ့်မယ်။ ဘာမှမဖြစ်ဘူး။ ကျွန်တော် သူ့ကို တထန်ရဲ့ဘုရင်မအဖြစ်တင်မြှောက်နိုင်တဲ့နေ့ ကျွန်တော့်အချစ်ကို သူသိလိမ့်မယ်..”

 

ထန်လိုခိကလည်း ပြတ်သားတာနှင့် ဟီဒယ်ကစိတ်ကြီးတာနှင့်တွေ့နေပြီ။ တင်ဂီရိသည် ဂျူဒါအမ်းကို နူတ်ဆက်ပြီးနောက် မိမိလာရင်းအကြောင်းရင်းကိုပြောလိုက်သည်။ ဒါကတော့ မြောက်ပိုင်းနန်ကျောင်တို့ရန်ကို တွန်းလှန်ဖို့ အနောက်ပိုင်းနိုင်ငံများ မဟာမိတ်ဖွဲ့ထားရန်ဖြစ်သည်။ ဂျူဒါအမ်းသည် အာနန်မင်းသားတင်ဂီရိ၏ စကားကိုနားထောင်ပြီး အားကျသည်။ သူ့ပြတ်သားသည့် စကားများထဲတွင် သူ့အရည်ချင်းကိုတွေ့နေရသည်။ တင်ဂီရိသုံးသပ်ပြလိုက်သည်။ အတူပူးပေါင်းကာမဟာမိတ်ဖွဲ့လျှင် မိမိတို့ အင်အားမည်မျှကြီးလာမည်။ ပြီးလျှင် ကုန်သွယ်ရေးများမည်မျှ ခရီးပေါက်ပြီး တိုင်းပြည်အတွက် မည်မျှအကျိုးရှိမည်ကို ဂျူဒါအမ်း တကယ်ကိုစိတ်ဝင်စားမိသည်။ မိမိတိုင်းပြည်ကိုလည်း အင်အားကြီးအောင် စီပွားရေးတောင့်တင်းအောင်လုပ်မှဖြစ်မည်။

 

------------------------------------
 

“ဆူမီရာ… နေ့လည်စာစားကြစို့… ရုမာသီရောက်နေပြီ..”

 

ချူလူလူသည် အလုပ်သင်သမားတော်လေးများနှင့် အလုပ်ရှုပ်နေသည့် ဆူမီရာကို လာခေါ်တော့ နေမွန်းတည့်နေပြီ။ ဆူမီရာသည် အလုပ်ကိုလက်စသတ်ပြီး လက်ဆေးကာ ချူလူလူနှင့်အတူလျှောက်လာရင်း တီးတိုးလှမ်းမေးသည်။

 

“လူလူ.. ရုမာသီက မင်းကို မရိုးဘူးထင်တယ်ကွ။ နေ့တိုင်း မင်းနဲ့အတူနေ့လည်စာ လာစားနေတာ။ နောင်တော် တိုလုအီသိရင် အူတိုတော့မယ်။”

 

ချူလူလူက မျက်မှောင်ကုတ်ကာ ပြန်မေးလိုက်သည်။
 

“မင်းကလည်း.. ရုမာသီက ငါ့ကို အာနန်ရဲ့စစ်သံမှုးမို့ အလေးထားလို့ပါ။ ပြီးတော့ အတူနေ့လည်စားစားရင်း တိုင်းပြည်တည်ဆောက်ရေးကို ဆွေးနွေးတာပါကွ။ နေဦး.. ငါနဲ့ရုမာသီ နေ့လည်စာ အတူစားတာ နောင်တော် တိုလုအီက ဘာကြောင့် သ၀န်တိုရမှာတုန်း… နောင်တော်နဲ့ငါက ဘာဆိုင်လို့တုန်း…”
 

“ဟကောင်ရ..နောင်တော်တိုလုအီက မင်းကို ဒီလောက်အရိပ်တကြည့်ကြည့်လုပ်နေတာ မမြင်ဘူးလား။ မဟူရာစောင်းကို သူ့အမတော်ဆီက သူတန်ဖိုးအထားရဆုံးဓါးနဲ့လဲခဲ့တာ မင်းအပေါ်တော်ရုံစေတနာဖြစ်မလားကွ…”

 

ချူလူလူသည် ဆူမီရာ၏ ပုခုံးကို တွန်းလွှတ်ကာ ပြန်မေးလိုက်သည်။
 

“ငါတို့က ရိုးသားတယ်ကွ။ နေပါဦး။ မင်းနဲ့နောင်တော်တင်ဂီရိက ဘာတွေတုန်း။ မင်းငါတို့ကိုလျှိုထားသလိုပဲ.. ဒီတစ်ခါ မင်းကိုနန်ကျောင်ပြည်အထိလိုက်ခေါ်ဖို့ တိုက်ပွဲပြီးပြီးချင်း နောင်တော်ပြန်ပြေးသွားတာ။ တစ်ယောက်တည်း နန်ကျောင်ပြည်ကို လိုက်သွားတာ ဘာတွေတုန်း… ”
 

“မင်းကလည်းကွာ။ ငါနဲ့နောင်တော်လည်း မင်းနဲ့နောင်တော်တိုလုအီလိုပေါ့ကွ…”

 

သူ့အလှည့်လည်းရောက်ရော ဆူမီရာက မျက်နှာလေးနီသွားပြီးရှေ့ကိုခပ်သုတ်သုတ်ထွက်သွားသဖြင့် ချူလူလူကရယ်မောကာ နောက်မှ လည်ပင်းကိုလှမ်းဖက်ထားပြီးနားနားကပ်ကာ မေးလိုက်သည်။
 

“ပြောစမ်း။ နောင်တော်နဲ့မင်းက ချစ်သူတွေမဟုတ်လား…”
 

“အာ..ဘာတွေလာမေးနေတာလဲ… မဟုတ်ပါဘူးကွ…လွှတ်စမ်းပါ.. စစ်သံမှုးကြီးလုပ်နေပြီး အနေထိုင်ကိုက ကလေးလိုလိုလုပ်နေတယ်။ နောင်တော်က မင်းကို စစ်သံမှုးပေးလည်းပေးတတ်တယ်။”
 

“ဟာ..ဟ… ငါ့ကို ကလေးမှတ်နေလား။ ငါက နောင်တော်ရဲ့ လေ့ကျင့်မှုအောက် အကြာကြီးနေပြီး စစ်ပွဲတောင်ဝင်ပြီးသွားပြီကွ.. မယုံရင် ရုမာသီကိုမေးကြည့်…”
 

“မေးမနေဘူး။ မင်းပုံက ခုထိ ကလေးစိတ်မပျောက်သေးသလိုပဲ…”
 

“အဲ့ဒါ မင်းလာမှ ဒီလိုဖြစ်တာကွ။ အရင်က ငါတယောက်တည်း လူကြီးတွေကြားမှာ။ လူကြီးပုံဖမ်းနေရတာပါကွာ… မင်းကြောင့် ကလေးပုံပြန်ဖြစ်သွားတာ… မင်းလည်းအတူတူပဲ ။ ငါနဲ့ရွယ်တူပဲ။ မင်းလည်း ကလေးပေါ့…”

 

ချူလူလူသည် ဆူမီရာကိုစနောက်ပြီး ရုမာသီစောင့်နေသည့် နေရာကိုလာခဲ့သည်။ ရုမာသီသည် ချူလူလူ၏ ကလေးဆန်ဆန်ပေါ့ပေါ့ပါးပါးရယ်မောနေသည့် အမူယာကိုတွေ့သော် အသက်ရှုရပ်မတတ်ဖြစ်သွားသည်။ ယခင် ငွေတောင်တွင် မိမိစွဲလမ်းခဲ့သည့် အမူရာလေးနှင့်အပြုံးလေးကို ပြန်မြင်ခွင့်ရလို့ ဆူမီရာကို ကျေးဇူးတင်မိသည်။ ယခင် ဆူမီရာမလာခင်က ဒင်းလေးက လူကြီးယောင်ဆောင်ပြီး ရယ်ပြုံးသည်ကိုပင် သိပ်မတွေ့ရပေ။

 

ယခုသူငယ်ချင်းနှစ်ယောက်ဆုံမှသာ ဒီအမူယာကိုတွေ့ခွင့်ရတော့သည်။ ရုမာသီသည် ငယ်ရွယ်သော်လည်း အလုပ်ကိုင်စေ့စပ်သေချာသည့် ချူလူလူကို ငေးကြည့်ကာ တနေ့သူ့စောင်းသံကို နားဆင်ခွင့်ရဖို့ ဆုတောင်းနေမိသည်။

 

-----------------

 

ဆူမီရာသည် သမားတော်လောင်းလေးများကို ဆေးမြစ်တူးရန် တောင်ပေါ်ကို ဦးဆောင်ခေါ်လာခဲ့သည်။ ရုမာသီက တပ်စိပ်တစ်စိပ်ကို လုံခြုံရေးထည့်ပေးလိုက်သဖြင့် စိတ်ချလက်ချ ဆေးမြစ်တူးကြစဉ် ရုတ်တရက် မိမိနောက်မှ တစ်စုံတစ်ခုနှင့် ပစ်လိုက်သဖြင့် ဆူမီရာကြည့်လိုက်တော့ ခဲလုံးတွင်ထုပ်ထားသည့် စက္ကူကိုတွေ့သော် အနောက်ကိုလှည့်ကြည့်တော့ ဘာမှမတွေ့ရပေ။ ဆူမီရာ ယူကြည့်လိုက်တော့ ရင်ထဲထိတ်ခနဲဖြစ်သွားပြီး မသိမသာနှင့် ခပ်လှမ်းလှမ်းရေတံခွန်ဘက်ကို ထွက်လာခဲ့သည်။

 

“ရတယ်..လိုက်မလာနဲ့။ အပေါ့စွန့်သွားမလို့..”

 

လိုက်လာဟန်ပြင်သည့် ကိုယ်ရံတော်က ဆူမီရာ၏ စကားကြောင့်ကျန်ရစ်ခဲ့သည်။ ဆူမီရာသည် စက္ကူကိုလုံးခြေကာ ဆုပ်ကိုင်ထားပြီး ရင်တထိတ်ထိတ်နှင့်ထွက်ခဲ့စဉ် ရေတံခွန်နားရောက်တော့ ခြုံတခုထဲမှခေါ်သံကို ကြားလိုက်ရသဖြင့် အမြန်ဝင်လိုက်သည်။
 

“ယွမ်ချူးခန် … မင်း ဒီကိုဘယ်လိုရောက်လာတာလဲ…”
 

“မီရာ… မင်းကိုလွမ်းလိုက်တာ…”

 

ယွမ်ချူးခန်သည် ဆူမီရာ၏အမေးကိုမဖြေပဲ တင်းတင်းဆွဲဖက်လိုက်သဖြင့် ဆူမီရာ တောင့်ခနဲဖြစ်သွားပြီး အမြန်မေးလိုက်သည်။
 

“မင်းရူးနေလား ယွမ်ချူုးခန်။ ဒီမှာ အာနန်တပ်တွေ အများကြီးပဲ။ မင်းကို မိသွားရင် ငါလည်း မကယ်နိုင်ဘူး။ မင်း ရူးလို့ ဒီကိုလိုက်လာတာလား။”
 

“အင်း..ဟုတ်တယ်။ ငါရူးနေပြီ။ ငါ မင်းကို သေလုမတတ်လွမ်းလို့ လိုက်လာခဲ့တာ။ မီရာ..မင်းရော ငါ့ကို နည်းနည်းလေးမှ သတိမရဘူးလား။ ငါ မင်းတို့ငွေတောင်ကိုလိုက်လာမလို့ မယ်မယ်နည်းနည်းနေမကောင်းလို့ ခဏနေနေတာ။ နောက်တော့ မင်း ဒီဝိဇယပြည်ကိုလိုက်လာတယ်ဆိုလို့ ငါလည်း ချက်ချင်းလိုက်ခဲ့တာပဲ။ ငါ့ကို နည်းနည်းလေးမှ သတိမရဘူးလားဟင်။ မီရာ.. ငါမေးတာကိုဖြေပါဦး..”

 

ယွမ်ချူးခန်သည် အရူးလေးလို ဆူမီရာကို တတွတ်တွတ်ပြောနေသဖြင့် ဆူမီရာက ယွမ်ချူးခန်၏ ပါးပြင်ကို လက်နှင့်ကိုင်ကြည့်ကာ ပြောလိုက်သည်။
 

“သတိရပါတယ် ချူးခန်ရာ။ ငါမင်းကိုရော၊ အရီးတော်ကိုရော သတိရပါတယ်။ မင်း ပိန်သွားတယ်။ နေမကောင်းဘူးလား..”

 

“ဟုတ်တယ်။ နေသိပ်မကောင်းဘူး ။ အဲ့ဒါ မင်းကြောင့်…”

 

“နေရင်းထိုင်ရင်း ဘယ်လိုလုပ်ပြီး ငါ့ကြောင့်ဖြစ်ရတာလဲ…”
 

“ငါ မင်းကိုသတိရလို့ပေါ့။ ညတိုင်း အိပ်လို့လည်းမရဘူး။ မင်းပြောသလို ငါလူတော် လူကောင်းဖြစ်အောင် အလုပ်တွေလည်း ကြိုးစားပါတယ်။ ဒါပေမယ့် မင်းကို သတိရတဲ့စိတ်က မပျောက်သွားဘူး။ ဆူမီရာ ငါရူးတော့မယ်ထင်တယ်။ မင်းနားမှာ နေချင်လို့ ငါရူးတော့မယ်ထင်တယ်…”

 

ဆူမီရာသည် ယွမ်ချူးခန်ဆွဲဖက်လိုက်သဖြင့် ရုန်းမည်ပြုပြီးမှ သူ့စကားများကြောင့်စိတ်မကောင်းပြီး ကျောပြင်ကိုလက်နှင့် သပ်ပေးပြီးပြောလိုက်သည်။

 

“မင်းငါ့ကို သတိဟုတ်ပါ့မလား။ မင်း မိဖုရားငါးပါးနဲ့တပြိုင်တည်းလိုက်ထပ်လိုက်တာ ငါကြားပါတယ်ကွာ…”

 

ဆူမီရာက ယွမ်ချူးခန်ကို စနောက်လိုက်ခြင်းဖြစ်သော်လည်း ယွမ်ချူးခန်က လူချင်းခွာကာ ဆူမီရာ၏ ပါးကိုလက်နှင့်ညှပ်ကိုင်ပြီး မျက်လုံးကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
 

“င့ါမျက်လုံးထဲကိုကြည့်။ ငါမင်းကိုလိမ်သလား။ အမှန်ပြောသလားဆိုတာ။ အဲ့လက်ထပ်ပွဲက ငါ့ခမည်းတော် အတင်းစီစဉ်လို့။ ငါ သူတို့အဆောင်ကို သွားကို မသွားဖြစ်ဘူးဆိုတာ ယုံရဲ့လား..”

 

ဆူမီရာသည် ယွမ်ချူးခန်၏ စကားကို နားမရှင်းဖြစ်သွားသည်။ သူက လက်ထပ်ထားပြီး ဘာကြောင့် မိဖုရားအဆောင်ကို မသွားသည်ကို နားမလည်နိုင်ဖြစ်သွားသည်။ မိမိကိုသတိရတာကိုတော့ ဆူမီရာ ယုံပါသည်။
 

“ငါယုံပါတယ်ကွာ။ ဒါပေမယ့် မင်း ပြန်မှဖြစ်မယ်။ ငါမင်းကို ခေါ်ထုတ်သွားမယ်။ မင်းရဲ့လူတွေ ဘယ်နားမှာလဲ…”
 

“သူတို့က ဆိပ်ကမ်းမှာ။ ငါ ကုန်သည်လှေနဲ့လိုက်ခဲ့တာ။ မင်းကိုလွမ်းလိုက်တာ ဆူမီရာရယ်။ မင်းကိုတွေ့ချင်လွန်းလို့ ပင်လယ်ကိုဖြတ်ပြီး လိုက်လာခဲ့တာ။ ငါ့ကို နှင်တော့မှာလား။ မင်းနဲ့အတူနေချင်သေးတယ်။ ”
 

“ဘယ်ဖြစ်မှာလဲ။ နောင်တော့်လူတွေ သိသွားရင် မင်းကို ချက်ချင်းဖမ်းမှာပေါ့…”
 

“ဖမ်းချင်လည်းဖမ်း။ မင်းကိုခုမှတွေ့ရတာ။ ငါချက်ချင်းမပြန်နိုင်ဘူး။ မင်းနဲ့ တပတ်လောက်အတူနေမလို့။”

 

ယွမ်ချူးခန်၏ စကားကြောင့် ဆူမီရာ စိတ်ညစ်သွားသည်။ ယွမ်ချူးခန်ကလည်း ပြောပြီးလျှင် စိတ်မပြောင်းတတ်တာကို သိသဖြင့် ဆူမီရာ သက်ပြင်းရှိုက်လိုက်ပြီး အကြံပေးလိုက်သည်။
 

“မင်း ဆိပ်ကမ်းကို ပြန်။ ငါ ညနေကျရင် ဆိပ်ကမ်းကိုဆင်းလာမယ်။ ငါ့သူငယ်ချင်းက မင်းကို နန်းတွင်းထဲ သွင်းလာပေး လိမ့်မယ်။ ငါ့အတွက်လိုအပ်တဲ့ ဆေးကို မင်းဆီက ၀ယ်တယ်ဆိုပြီး မင်းကို ခေါ်ထားမယ်။ မင်းဘက်က ပိပိရိရိနေမယ်လို့ ကတိပေး။”

 

“ဟား…ဆူမီရာ ချစ်လိုက်တာကွာ။ ငါကတိပေးပါတယ်။ မင်း ပြောတာ အားလုံး ငါနားထောင်ပါ့မယ်…”

 

ယွမ်ချူုးခန်က ဆုမီရာကိုချက်ချင်းဖက်ကာ ပျော်ရွှင်စွာပြောလိုက်သဖြင့် ဆူမီရာ သက်ပြင်းချရုံသာတတ်နိုင်တော့သည်။

 

------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet