Chapter - 16

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (16)

ဆူမီရာသည် နောင်တော်တင်ဂီရိ ချော့မော့သည့် အချိန်တွင် ခွဲခွာရမည့် ကိစ္စကို အနည်းငယ်လက်ခံနိုင်သော်လည်း နောင်တော်နှင့် ဝေးနေသည့်အချိန်များတွင် တစိမ့်စိမ့်တွေးရင်း ၀မ်းနည်းလာခဲ့သည်။ နောင်တော်က မိမိကို မလိမ်ဘူး ဆိုတာကို သိသည်။ နောင်တော်က ကတိပေးထားသည့် အတိုင်း မိမိကို လာတွေ့မည်ကို သိသည်။ မိမိကို အရင်လို ဆက်ချစ်နေမည်ကိုလည်း သိသည်။ သို့သော် နောင်တော်နှင့် အတူမရှိရတော့၊ နောင်တော့်ကို သတိရတိုင်း ပြေးတွေ့ လို့မရတော့ဘူး ဆိုသည့် အသိက ဆူမီရာ၏ နုနယ်သည့် နှလုံးသားကို လက်အေးကြီးနှင့် ညစ်ထားသလို ခံစားနေရသည်။

နောင်တော်က မိမိ အဆောင်ကို လိုက်ပို့ပေးပြီးနောက် ဆူမီရာ ရေချိုးပြီး အိပ်ယာထက်တွင် ခွေနေလိုက်သည်။ ခါတိုင်းဆိုလျှင် ခရီးပန်းလာလျှင် အရမ်းကို ဆာလောင်တတ်သည့် မိမိက ဆာလောင်မှုများပျောက်နေသည်။ စားချင် စိတ်လည်း ပျောက်နေသည်။ ဘာကြောင့်ရယ်လို့ ဆူမီရာ မတွေးမိပါ။ ခေါင်းဦးထက်တွင် မျက်နှာဖွက်ရင်း မျက်ရည်တို့ တစိမ့်စိမ့်ကျလာခဲ့သည်။

“မင်းသားလေး ညနေစာ ပွဲတော်တည်ဖို့ အသင့်ဖြစ်နေပါပြီ။”

ဆူမီရာ လက်ဝါးခါပြလိုက်သည်။ စကားလည်းပြောချင်စိတ်မရှိပါ။ ပြောလိုက်လျှင် ငိုသံပါနေမည်ကို စိုးသည်။ ငါးနှစ်အရွယ် ကလေးလည်း မဟုတ်တော့သဖြင့် မိမိ မျက်ရည်ကို အခြား အထိန်းတော်ကြီးများ၊ ကုန်းကုန်းများကိုလည်း မမြင်စေချင်ပါ။ ထို့ကြောင့်အသံမပြုပဲ လက်ဝါးခါပြလိုက်ခြင်းဖြစ်သည်။ အထိန်းတော်ကြီးက ခါတိုင်း အစားသောက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးသော မင်းသားလေး အစားမစားပဲ အိပ်နေသဖြင့် စိုးရိမ်ပြီး မိဖုရားကြီးကို သွားလျှောက်တင်လိုက်တော့သည်။

မိဖုရားကြီးဆင်းဝတ်ကြည် သည် သားတော်လေး ဆူမီရာ၏ ထူးခြားသော အမူယာကြောင့် စိုးရိမ်ကာ ချက်ချင်းလိုက်လာခဲ့သည်။ ယခု ဆူမီရာက အသက် ၁၁ နှစ်ထဲ ရောက်နေပြီဆိုတော့ ဆယ်ကျော်သက် အရွယ်ပြောင်းစ ဘာများဖြစ်သလဲဟု တွေးကာ စားဖိုဆောင်မှ သားတော် ကြိုက်တတ်သည့် မုန့်ကို လုပ်ခိုင်းကာ ယူပြီးလာခဲ့သည်။ ငွေတောင်မင်းကြီးကိုတော့ စိတ်ပူနေမည် စိုးသဖြင့် ဘာမှတော့ မပြောသေးပါ။ မိမိ အရင် မေးကြည့်ချင်သေးသည်။

“သားတော်လေး…”
“မယ်မယ်….”

မယ်မယ့် အသံနှင့်အတူ မိမိ ကျောကို သိုင်းဖက်လိုက်သည့် မိခင်၏ အထိတွေ့ကြောင့် ဆူမီရာ ၀မ်းနည်းပက်လက် ဖြစ် သွားမိသည်။

“မယ်….မယ်….”

ဆူမီရာသည် ဘယ်လိုမှ မအောင့်နိုင်တော့ပဲ မယ်မယ့်ကို ဖက်ကာ ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။ ဆင်းဝတ်ကြည် သည် ပထမ သားတော် ၀မ်းနည်းပမ်းနည်း ရှိုက်ကြီးတငင် ငိုကြွေးနေသောကြောင့် ဘာကြောင့်များလဲ ဆိုပြီး ငယ်ထိပ်ကို မြွေကိုက်သလို ခံစားလိုက်ရပြီး ထူပူသွားခဲ့သည်။

ဆင်းဝတ်ကြည်သည် အပါးတော်မြဲနှင့် အခြွေရံများကိုအပြင်ထွက်ခိုင်းပြီး သားတော်လေးကို မေးလိုက်သည်။

“သားလေး…. သားတော်လေး…. ဘာဖြစ်လို့လဲဟင်။ သားတော်လေးကို ဘယ်သူက ၀မ်းနည်းအောင်လုပ်တာလဲ။ မယ်မယ့်ကိုပြောပါ။ ”

ဆုမီရာ ခေါင်းသာယမ်းပြီး စကားသံက လည်ချောင်းထဲ နင်ကာ ပြောမထွက်နိုင်အောင်ဖြစ်နေမိသည်။ မျက်ရည်များက တာတမံကျိုးသလို စီးကျနေမိသည်။ ၀မ်းနည်းသည်။ မယ်မယ့် မျက်နှာကို မြင်တော့ ၀မ်းနည်းစိတ် တို့ကို ထိန်းမရပဲ သည်းသည်းထန်ထန်ကို ငိုချလိုက်မိတော့သည်။

ကုန်းကုန်းများကလည်း ပျာယာခတ်ကုန်ကြသည်။ မိမိတို့ ဘာမှ မသိလိုက်ပဲ မင်းသားလေး ဒီလောက်ဝမ်းနည်းနေသည် ဆိုတော့ မင်းပြစ်မင်းဒဏ်သင့်မည်ကို စိုးရွံ့ကာ မျက်နှာပျက်နေကြသည်။ မင်းသားလေး သက်တန့်တောင်ပေါ်က ပြန်လာပြီးကတည်းက မျက်နှာ သိပ်မကောင်းသည်ကို ရိပ်မိသော်လည်း ခရီးပန်းသောကြောင့်ဟု ထင်ကာ ပေါ့ဆမိသည်ကို နောင်တရမိသည်။

“သားတော်လေး ဆူမီရာ…. သားလေး တိတ်…တိတ်….”

ဆင်းဝတ်ကြည်သည် ငိုခဲလှသည့် မိမိသားတော်လေး ဒီလောက်ကိုရှိုက်ကြီး တငင်ငိုနေသည်ကို တွေ့တော့ တစ်စုံ တစ်ခု ကို တွေးမိကာ သက်ပြင်းချရင်း ဘာကြောင့် ဆိုတာ ဇွတ်မမေးပဲ ကျောလေးကို အသာလေး ပွတ်နေမိသည်။

“မယ်…မယ်…”

ဆူမီရာသည် ငိုလို့ဝမှ ရှိုက်သံလေးနှင့် ခေါ်လိုက်သည်။ မယ်မယ်၏ မျက်နှာက မိမိကို ကြင်နာစွာကြည့်နေသဖြင့် မိမိ ဘာကြောင့် ငိုသည်ကို သိနေသည်ဆိုတာ ဆူမီရာ ရိပ်မိလိုက်သည်။ ဒါဆို နောင်တော် ပြန်မည့် အကြောင်း အားလုံးသိနေသည်ပေါ့။

“သားလေး… ဘာလို့ငိုတာလဲ သားလေးရယ်…”

“မယ်မယ်… နောင်တော့်ကို သားအဖြစ် မွေးစားလို့ မရဘူးလားဟင်….”

ဆင်းဝတ်ကြည်က ခေါင်းကို အသာယမ်းပြလိုက်သည်။ သားလေး၏ မျက်ရည်များနှင့် မျက်ဝန်းကိုကြည့်ကာ မိခင်ဖြစ်သော မိမိ၏ ရင်ထဲတွင် မချိအောင် ခံစားမိသည်။ တင်ဂီရိကို တွယ်တာလွန်းသည့် သားလေးကို သနားကြင်နာ စွာကြည့်ကာ ငြင်သာစွာရှင်းပြလိုက်သည်။

“သားလေးရယ် မယ်မယ် အပိုင်ခေါ်ထားရင်တောင် တင်ဂီရိလေးက ဒီမှာ မနေနိုင်ဘူး။ အာနန်ပြည်က သူ့ကို အရမ်းကို လိုအပ်နေတယ်လေ။ သူ့ရဲ့တိုင်းသူပြည်သားတွေက တင်ဂီရိ မင်းသားပြန်လာမှာကို စောင့်နေကြတယ်။ ”

“ဦးရီးတော် ယေစုကိုင်းက အဲ့တာဝန်တွေကို ယူလိမ့်မယ်လေ… မယ်မယ် နောင်တော့်ကို မွေးစားလိုက်ပါနော်…နော် …မယ်မယ် နော်….”

“သားတော်လေး နောင်တော် တင်ဂီရိကို ချစ်သလားဟင်..”

“ဟင့် ဟင့်… ချစ်လို့ မယ်မယ့်ကို မွေးစားခိုင်းနေတာပေါ့…”

“သားတော်လေး သေချာနားထောင်နော်။ သားတော်တောင် နောင်တော်နဲ့ အတူတူ သုံးနှစ်နေတာတောင် ဒီလောက်ချစ်တာ။ တင်ဂီရိကို မွေးထားတဲ့ ခမည်းတော်ဆိုရင် ဘယ်လောက်ချစ်လိုက်မလဲ…..”

“ဟင့်အင်း… မယ်မယ်…. နောင်တော့်ကို မပြန်ခိုင်းပါနဲ့။”

“သားတော်လေး သဘောအတိုင်း မယ်မယ်ခေါ်ထားလို့ နောင်တော် တင်ဂီရိရဲ့ ခမည်းတော်က သူ့သားတော်ကို လွမ်းပြီး ရင်ကွဲနာကျလို့ သေသွားရင် ဘယ်လိုလုပ်မလဲ။အဲ့ခါ သားတော်ရဲ့ နောင်တော်က သားတော်ကို မုန်းသွားမှာပေါ့… သားတော် နောင်တော် မုန်းတာကို ခံနိုင်လား……”

“ဟင့် ..အင်း….. ဟီး…ဟီး…. နောင်တော် မုန်းရင် သားတော် သေသွားမှာ..”

ဆူမီရာသည် မယ်မယ့်စကားကြောင့် မအောင့်နိုင်ပဲ အော်ငိုပစ်လိုက်တော့သည်။ ဆင်းဝတ်ကြည်သည် ချစ်လှစွာသော သားတော်လေး ငိုနေသည်ကို ရင်ထုမနာကြည့်နေမိသည်။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းရဲ့ အဆုံးမှာ ခွဲခွာခြင်းတွေ ရှိတယ် ဆိုတာ သားတော်လေး နားလည်သဘောပေါက်ဖို့အရေးကြီးသည်။

ဆူမီရာသည် မယ်မယ်ပြောသည်ကို နားလည်ပါသည်။ ခမည်းတော်လည်း မိမိကို ဆုံးရှုံးသွားရလျှင်၊ မိမိက အခြားတိုင်းပြည်မှာ သေသည် အထိသွားနေရလျှင် ခမည်းတော် မည်မျှ ၀မ်းနည်းမည်ကို တွေးကြည့်လိုက်ရုံနှင့် နောင်တော် တင်ဂီရိ၏ ခမည်းတော် ဦးရီးတော် ယေစုကိုင်းကို သနားသွားသည်။ သို့သော် နောင်တော့်ကို ခွဲလည်းမခွဲနိုင်သဖြင့် ဆူမီရာ အခက်တွေ့ကာ အော်လို့သာ ငိုနေမိသည်။

“မယ်မယ် သားရဲ့ နောင်တော်ကို မွေးစားရမလား…”

“ဟင့်အင်း။ မမွေးစားပါနဲ့တော့… သားတော်…နောင်တော် စိတ်ဆင်းရဲမှာ မမြင်ရက်ဘူး”

သားတော်လေး၏ အရွယ်နှင့် မမျှအောင် သိတတ်နားလည်သည့်စကားကို ကြားသော် ဆင်းဝတ်ကြည်မျက်ရည်စို့လာမိသည်။ သားလေးကို သနားခြင်းများစွာနှင့် ဖက်ကာ ချော့လိုက်သည်။

“သားတော်လေးရဲ့ နောင်တော်က သားတော်ကို ပစ်မထားလောက်ပါဘူးကွယ်။ သားတော်ကို တစ်နှစ်တစ်ခါ လာကြည့်ဖို့ မယ်မယ်ပြောပေးပါ့မယ်။”

“နောင်တော်က သားတော်ကို ခဏခဏလာကြည့်မယ်တဲ့ မယ်မယ်”

“ဟုတ်လား။ ကြည့်စမ်း… တူတော်မောင် တင်ဂီရိက သားတော်ကို ဂရုစိုက်တာပဲ။ ဒါကိုများ မယ်မယ့်သားတော်က ၀မ်းနည်းပမ်းနည်း ငိုနေလိုက်တာကွယ်…”

ဆူမီရာက မျက်ရည်ကျရင်း မယ်မယ့်ကို ကြွားလိုက်သေးသည်။ ၀မ်းနည်းတာက သတ်သတ်၊ နောင်တော် မိမိကို လုပ်ပေးမည့်အရာအတွက် ကြွားချင်တာက သတ်သတ်ဖြစ်သည်။

“ပြီး..ပြီးတော့လေ… နောင်တော်က သားတော်ကို အာနန်ပြည်မှာ အုပ်ချုပ်ဖို့ လာခေါ်မယ်တဲ့… နောင်တော့် မိဖုရားတွေက အပြစ်မပြောစေရဘူးတဲ့။ အပြစ်ပြောရင် သေဒဏ်ချမယ်တဲ့…”

ဆင်ဝတ်ကြည်က ရင်ထဲ တဒိတ်ဒိတ်ခုန်လာခဲ့သည်။ အတိတ်တဘောင်က မှန်နေတာလား။ တိုက်ဆိုင်တာလား။ တင်ဂီရိက သားတော်ကို အာနန်ထီးနန်းကို ပေးဖို့ပြောနေပြီ။ ဒါဆို မိမိတို့ သားတော်လေးက အာနန်ပြည်ကို လိုက်နေရဖို့ဆိုတာ သေချာသလောက်ဖြစ်နေပြီပေါ့။

“ဒါဆို သားတော်က လိုက်နေမှာလားဟင်…”

“နေမှာပေါ့ မယ်မယ်ကလည်း။ နောင်တော်က သားတော်အတွက် ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီးကို ထူထောင်ပေးမယ်တဲ့။”

“ဒါဆို မယ်မယ်တို့ ငွေတောင်ပြည်က ဘယ်သူ အုပ်ချုပ်မှာလဲ။ သားရဲ့ ခမည်းတော်က သားတော်ကို ဒီမှာပဲ ဘုရင်လုပ်စေချင်မှာလေ။”

ဆင်းဝတ်ကြည်က ဆူမီရာလေး ဘယ်လိုဖြေမည်ကို စိတ်ဝင်တစား နားစွင့်နေမိသည်။ ဆူမီရာသည် မယ်မယ့်ကို မော့ကြည့်ကာ ပြုံးလိုက်ပြီး အေးအေးဆေးဆေး ဖြေလိုက်သည်။

“သားတော် ငွေတောင်ပြည်ရဲ့ ဘုရင် လုပ်ပ့ါမယ် မယ်မယ်ရဲ့။ ဒါပေမယ့် နောင်တော့် နားမှာလည်း လိုက်နေမယ်လေ။ နောင်တော့်ဆီက ပညာကို ယူမယ်။ သားတော်တို့ငွေတောင်ပြည်ကို ပိုတိုးတက်အောင်လုပ်မယ်။ ”

ဆူမီရာသည် မယ်မယ့်ကို ဖြေရင်းမျက်ရည်များက တိတ်စပြုလာသည်။ စိတ်လည်း တက်ကြွလာခဲ့သည်။ မကြာခင်ပင် နောင်တော်နဲ့အတူ အာနန်ထီးနန်းကို ဆက်ခံရတော့မလို၊ ပြီးတော့ နောင်တော်နှင့်အတူ အမြဲနေရတော့မလို ခံစားလိုက်ရသည်။ နောင်တော် တင်ဂီရိက ဆူမီရာ့ကို ထိုသို့ပင် ညှို့ယူနိုင်စွမ်းရှိသူဖြစ်သည်။

ဆင်းဝတ်ကြည်သည် ပြောရင်း ငိုဖို့မေ့သွားသည့် သားတော်လေး ဆူမီရာကို ငေးကြည့်ကာ ပြုံးနေမိသည်။ သားတော်လေး ၏ အချစ်ကြောင့် တင်ဂီရိ ပြောင်းလဲလာပါစေဟု ဆုတောင်းရန်သာရှိတော့သည်။

တင်ဂီရိသည် မိမိအဆောင်သို့ရောက်ပြီးနောက် ရေချိုးကာ မိမိနောက်လိုက် အပေါင်းပါများနှင့် ချိန်းထားသည့် နေရာကိုလာခဲ့သည်။ ကျောင်းတော်မှ မင်းညီမင်းသားများသည် တင်ဂီရိကို လေးစားစွာမတ်တပ်ရပ်ကာ ကြိုဆိုကြသည်။ သူတို့လို လူငယ် များကြားတွင် အာနန်မင်းသား တင်ဂီရိသည် စံပြဖြစ်ကာ အလိုလိုပင် လေးစားနေမိသည်။ ထန်လိုခိနှင့် တိုလုအီမှ တဆင့် အာနန်မင်းသားကို ခင်မင်ချင်သည့် သူများကို စုစည်းလိုက်ခြင်းဖြစ်သည်။

“နူတ်ဆက်လိုက်ပါတယ် နောင်တော်..”

“နူတ်ဆက်လိုက်ပါတယ် ညီတော်၊ ညီမတော်တို့။ အားလုံးထိုင်ကြပါ။ ကျွန်တော့် ဖိတ်ကြားချက်ကို လက်ခံပြီး လာပေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မကြာခင်မှာ ကျောင်းတော်က ခွာရတော့မှာမို့ အားလုံးကို ခင်မင်ချင်တဲ့အတွက် အခုလို စုစည်းပြီး စားသောက်ရင်း ချစ်ခင်မှုကို တိုးပွားချင်လို့ပါ။ ”

တင်ဂီရိ၏ စကားကြောင့် မင်းသား မင်းသမီးများက နှစ်သိမ့်ကျေနပ်သွားကြပုံပေါ်သည်ကို ချူလူလူ သေချာကြည့်နေမိသည်။ နံဘေးမှ ဟီဒယ်ကလည်း အာနန်မင်းသားတင်ဂီရိကို ငေးစိုက်ကြည့်နေသဖြင့် သူ့စကားတွင် မျှောသွားပြီလားဟု တွေးမိသည်။
ထိုသို့တွေးနေစဉ် နောင်တော် တင်ဂီရိက အခြားမင်းသားများကို စကားပြောရင်း မိမိတို့ဘက်ကို လှည့်ကြည့်ကာ အကြည့်ချင်း ဆုံခိုက် တချက်ပြုံးပြလိုက်သည်ကိုတွေ့တော့ ချူလူလူ မျက်နှာ တစ်ခုလုံး သွေးရောင်လွှမ်းသွားခဲ့သည်။ ရင်လည်း တထိတ်ထိတ် ခုန်လာခဲ့သည်။

“ဘုရား…ဘုရား… နောင်တော် တင်ဂီရိရဲ့ အပြုံးက ညှို့အားပြင်းလှချည်လား။ ဒါကြောင့် မင်းသား မင်းသမီးတိုင်းက သူ့နားဝိုင်းနေတာ ဖြစ်မယ်။ ”

ချူလူလူ သည် ဂုဏ်သတင်းကြီးလှသည့် နောင်တော် တင်ဂီရိထံမှ အသိမှတ်ပြုသည့် အပြုံးကိုရတော့ မယုံနိုင်အောင်ဖြစ်ကာ ဟီဒယ်ကို စားပွဲအောက်မှ လက်ကုတ်လိုက်သည်။

“ဘာလဲဟ….”

“နောင်တော် တင်ဂီရိက င့ါကို ပြုံးပြတယ်။ ”

“အေး အဲ့ဒါကို ငါစဉ်းစားနေတာ။ သူက ငါတို့ ကလေးနှစ်ယောက်ကို ဘာလို့ ဖိတ်တာလဲ မသိဘူး။ ကြည့်ရတာ တခုခုတော့ တခုခုပဲ။”

“နင့်ကိုဖိတ်တာကို ငါက အဆစ်ပါလာတာပါ ဟီဒယ်ရာ….”

“အင်းလေ။ အဲ့ဒါ ထူးဆန်းနေတာ။ ငါနဲ့ အကိုတော် တင်ဂီရိက ဘာဆက်စပ်စရာမှ မရှိတာ။ ”

“နင့်အကိုတော်နဲ့ နောင်တော် တင်ဂီရိက ဒီလောက်ရင်းနှီးတာ။ အဲ့ဒါကြောင့်ဖိတ်တာဖြစ်ပါလိမ့်မယ်။”

“အင်း…. အဲ့လိုဆို ဆူမီရာက ဘာကြောင့်မပါတာလဲ။ ”

“အေးနော်။ ဆူမီရာကိုပါ ခေါ်သင့်တာပေါ့။ ဒါပေမယ့် ဆူမီရာ့ မယ်မယ်က မလွှတ်လို့များလား။”

“မဖြစ်နို်င်တာ။ အကိုတော် တင်ဂီရိနဲ့ဆိုရင် အရီးတော်က ဘယ်သွားသွားစိတ်ချတဲ့ဟာကို။ အင်း …ငါတို့က အတန်းကြီးတွေကြား ညှပ်ပါနေသလိုပဲ…”

နှစ်ယောက်သား တိုးတိုး တိုးတိုးသဖန်းပိုး လုပ်နေရာမှ ဟီဒယ်၏ အကိုတော်ထန်လိုခိ အနားလာမှ စကားစရပ်တော့သည်။ ထန်လိုခိနှင့်အတူ ဖန်နိုင်ငံ၏ မင်းသမီးက လက်ချင်းချိတ်ပြီးပါလာသဖြင့် ဟီဒယ်၏ မျက်နှာထားက အေးစက်စက်ဖြစ် သွားသည်။

“ဟီဒယ်… ပျင်းနေပြီလား။ ဘာမှလည်း မစားပါလား။ စားလေ။ ဗိုက်ဆာနေရောပေါ့…”

ထန်လိုခိက ဟီဒယ်၏ အနားတွင် ၀င်ထိုင်ကာ ဟင်းထည့်ပေးရင်း ပြောလိုက်သည်။ ဟီဒယ်က အကိုတော်ကို မကျေနပ်ပါ။ ညီမဖြစ်သူပါသည့် ပွဲတွင် မိန်းကလေးနှင့် တွဲလာခဲ့သည်။ ညီမကိုမှ မျက်နှာမပူပဲနေသဖြင့် ဟီဒယ်က အရီးတော်နှင့် တိုင်ရန် တေးထားလိုက်သည်။ ထန်လိုခိသည် ဟီဒယ်၏ မျက်နှာထားကိုကြည့်ကာ လေချိုသွေးလိုက်သည်။ ဖန်ပင်းပင်းကို မိတ်ဆက်ပေး လိုက်သည်။

“ဟီဒယ်။ ဒါ အကိုတော့် မိတ်ဆွေ ဖန်ပင်းပင်း။ ဖန်နိုင်ငံက သမီးတော်။ ပင်းပင်း ဒါက ကိုယ့်ညီမတော် လျံနိုင်ငံက မင်းသမီးဟီဒယ်..”

ဖန်ပင်းပင်းက ထန်လိုခိကို တဖက်သတ် သေလုအောင်ကြိုက်နေသောသူဖြစ်သဖြင့် ဟီဒယ် မျက်နှာ တည်နေသော်လည်း မျက်နှာချိုသွေးကာ နူတ်ဆက်လိုက်သည်။

“တွေ့ရတာ ၀မ်းသာပါတယ် ဟီဒယ်။ ဖန်ပင်းကို အစ်မလို သဘောထားလို့ရတယ်နော်။”

“ကျေးဇူးတင်ပါတယ်။ ချူလူလူက အပြင်ခဏ လေရှုဖို့သွားချင်နေတာ အဖော်လိုက်ပေးဦးမယ်။ ခွင့်ပြုပါဦး
မင်းသမီးဖန်ပင်းပင်း။ ချူလူလူ လာလေ…”

ဟီဒယ်က ဒေါကန်ပြီး ချူလူလူ၏ လက်ကို ဆွဲကာ ထွက်လာခဲ့သည်။ ချူလူလူလည်း ဟီဒယ်စိတ်တိုနေသည်ကို သိသဖြင့် အလိုက်သင့် လိုက်ပါလာခဲ့သည်။

“နောင်တော်… ဟီဒယ်ကို ခဏခေါ်သွားမယ်နော်။ ခွင့်ပြုပါဦး အစ်မတော် ဖန်ပင်းပင်း ခင်ဗျာ။”

ချူလူလူက ဖန်ပင်းပင်းကို ကြည့်လှအောင်နူတ်ဆက်ပြီး ဟီဒယ်နောက်ကို အပြေးလိုက်လာခဲ့သည်။ ထန်လိုခိက ဟီဒယ် နောက်ကို မျက်စိတဆုံးလိုက်ကြည့်ပြီး ခေါင်းယမ်းလိုက်မိသည်။ ညီမတွေနှင့် အတူရှိတာ လုံးဝမကောင်းပေ။ သေချာတာက မယ်မယ့်ထံမှ ဆူပူကြိမ်းမောင်းစာ ရောက်လာတော့မည်ကို အတပ်သိလိုက်သည်။ သို့သော် လက်ရှိ ဖန်ပင်းပင်း၏ လက်လေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ဖန်ပင်းလေး…လာ…ကိုယ်တို့ ၀ိုင်ချိုသောက်ရအောင်နော်…”

ဖန်ပင်းပင်းသည် လျံတိုင်းပြည်၏ မင်းသမီး လုပ်ပေါက်ကြောင့် စိတ်တိုနေရာမှ ထန်လိုခိကြောင့် ချက်ချင်းပြုံးလာခဲ့သည်။ တိုက်ရည် ခိုက်ရည်ကောင်းသည့် မင်းသားကိုသာ ရလျှင် မိမိတိုင်းပြည်ကို ကျယ်အောင် တိုးချဲ့နိုင်လိမ့်မည်ဟု တွေးလိုက်ပြီး ထန်လိုခိနှင့် ဒီထက်ပိုရင်းနှီးအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

“ဟီဒယ်… နင်ဘာဖြစ်နေတာလဲ။ ဖန်ပင်းပင်းကို အားနာစရာ..”

“ဘာအားနာစရာရှိလဲ။ အကိုတော်ကို စိတ်ဆိုးနေတာ။ ကိုယ့်ညီမ တစ်ယောက်လုံးရှေ့ အရှက်မရှိ ကောင်မလေးနဲ့တွဲရဲတယ်။ အရီးတော်နဲကို တိုင်ပြောမှာ။”

“စိတ်လျော့..စိတ်လျော့…. လာပါဟာ… အပြင်ကမှ နားအေးပါးအေး ရှိသေးတယ်။ လာ ဟိုနားမှာ ဗျပ်စောင်းတီးနေတာ။ သွားကြည့်ရအောင်…”

အပြင် ဥယျာဉ်လေးထဲတွင် တေးသီချင်းသီကျူးနေသည်ကိုတွေ့လို့ချူလူလူက ပြောလိုက်သသည်။ ချူလူလူက ဂီတ သရဲ မဟုတ်လား။ ဗျပ်စောင်းတီးသည့် မိန်းကလေး က မိမိတို့နှင့် မတိမ်းမယိမ်းသာရှိသော်လည်း လက်သံ အတော့်ကို ကောင်းသဖြင့် ဟီဒယ်ကို အတင်းအဖော်စပ်နေခြင်းဖြစ်သည်။

ဟီဒယ်လည်း စိတ်ဝင်စားသဖြင့် ဗျပ်စောင်းတီးဖျော်ဖြေသည့် နေရာကိုလာခဲ့သည်။ လွတ်သည့် ခုံတွင် ၀င်ထိုင်ကာ နားထောင်လိုက်သည်။ ဟီဒယ်၏ ဒေါသတို့ပင် ပျောက်သွားအောင်ပင် ဂီတက ဆွဲဆောင်နိုင်စွမ်းရှိသည်။ ချူလူလူကတော့ မျက်တောင်မခတ်တမ်းကို နားထောင်နေမိသည်။

သီချင်းသံဆုံးသွားတော့ ချူလူလူ အရမ်းကို ကျေနပ်ကာ လက်ခုပ်အကျုယ်ကြီးတီးလိုက်ပြီး ပြောလိုက်သည်။

“အရမ်းကောင်းတာပဲ။ ငါ သူ့ကို ဆုချမယ်။”

ချူလူလူ က ခါးကြားက ငွေတုံးထည့်သည့် အိတ်ကို စမ်းကြည့်တော့ မပါခဲ့သဖြင့် မျက်နှာရှုံ့သွားသည်။

“ဟီဒယ်။ နင့်မှာ ငွေစ ပါခဲ့လား။”

“ဘယ်ပါမလဲ။ ခါတိုင်းတောင် နင့်ဆီကပဲ ယူယူသုံးတာ။ ငါက ငွေစမှ မကိုင်တာ။”

“ငါ ဆုချချင်လို့။ ငွေစလည်း မပါဘူး။ နောင်တော် ထန်လိုခိဆီက သွားချေးလိုက်မယ်။”

“နင့်ဖာသာ သွား။ ငါ မသွားချင်ဘူး။”

ချူလူလူက ဟီဒယ်မပါသဖြင့် ခေါင်းကုတ်နေမိသည်။ ထိုစဉ် ချူလူလူ၏ လက်ထဲကို ငွေတုံးထည့်ထားသည့် အိတ်လေး ရောက်လာသဖြင့် အံ့သြကာ လှည့်ကြည့်မိတော့ ပြုံးကာ ကြည့်နေသော တိုလုအီကို တွေ့လိုက်ရသည်။

“ဆုချမလို့ မလား။ နောင်တော် ချေးပေးထားမယ်။ ယူပါ။ လုပ်..လုပ်..သူတို့က ပြန်တော့မယ်။ သူတို့အလှည့်ပြီးပြီ။”

ချူလူလူက ငြင်းမည်အပြု တိုလုအီပြောလိုက်သည့် စကားကြောင့် မငြင်းတော့ပဲ ငွေတုံးကို သွန်ကာ သုံးတုံးယူပြီး ဗျပ်စောင်းတီးတော်သည့် မိန်းကလေး ကို ဆုချီးမြှင့်ရန် အနားမှ စားသောက်ဆိုင် ၀န်ထမ်းကို ပေးလိုက်သည်။

“ဗျပ်စောင်းတီးတဲ့ မိန်းကလေးကို ဆုချတာပါ။ သူ့ကိုပေးလိုက်ပါ.”

စားသောက်ဆိုင်ဝန်ထမ်းက ငွေတုံးသုံးတုံးကိုကြည့်ကာ မျက်လုံးပြူးသွားခဲ့သည်။ ဒီ ငွေတုံးနှင့်ဆို ထိုမိန်းကလေး မိသားစု 6 လလောက် ထိုင်စားလို့ရလောက်သည်။ မည်သူမှ ဒီလောက်များသည့် ဆုငွေမရဖူးသဖြင့် အားကျစွာဖြင့် ဗျပ်စောင်းတီးသည့် မိန်းကလေး လက်ထဲကို လှမ်းပေးကာ ကြေငြာလိုက်သည်။

“သခင်လေးက ဗျပ်စောင်းတီးတဲ့ မိန်းကလေးကို ငွေတုံး သုံးတုံး ဆုချီးမြှင့်လိုက်ပါတယ်။”

ဗျပ်စောင်းတီးသည့် မိန်းကလေးနှင့် သူမ၏ မိခင်က ချူလူလူကို အကြီမ်ကြိမ်ဦးညွတ်ကာ ကျေးဇူးတင်စကားပြောတော့ ချူလူလူ မျက်နှာရဲလို့နေသည်။ တိုလုအီသည် ချူလူလူကိုပြုံးကြည့်နေမိသည်။ ဒီကောင်လေး အင်မတန်ကို စိတ်ကောင်းရှိလှသည်။ သူ့မယ်တော်၏ သွေးပါသောကြောင့် ဒီလောက် စိတ်ထားကောင်းပုံရသည်ဟု တွေးနေသည်။

“ကျေးဇူးတင်ပါတယ် နောင်တော် တိုလုအီ။ မနက်ဖြန်ပြန်ဆပ်ပါ့မယ်။”

“ဖြည်းဖြည်းပေါ့။ ဒါနဲ့ ချူလူလူ နဲ့ဟီဒယ် ဒီဘက်ထွက်လာလို့ ပျင်းနေမှာ စိုးလို့ တင်ဂီရိက လိုက်လာခိုင်းခဲ့တာ မှန်သွားတယ်။
ကဲ… အထဲမှာ လူများလို့ ကိုယ်လည်း အပြင်ကို လာမလို့လုပ်နေတာ အတော်ဖြစ်သွားတယ်။ ”

ဟီဒယ်က တိုလိုအီကို ငြိမ်ပြီးကြည့်နေသဖြင့် တိုလုအီက ဟီဒယ်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

“အကိုတော်က မိန်းကလေးတွေနဲ့ တရင်းတနှီးသိပ်မနေတတ်လို့။ အပြင်ထွက်လာတာ။ ထန်လိုခိနဲ့ အချစ်ဆုံးသူုငယ်ချင်းဖြစ်ပေမယ့် အကျင့်ချင်း တခြားစီပဲ။”

ဟီဒယ် မျက်လုံးဝိုင်းသွားပြီးမေးလိုက်သည်။

“ညီမတော် စဉ်းစားနေတာ ဘယ်လိုသိသွားတာလဲဟင်။”

“ဟား..ဟား…ဟား… ညီမတော်လေးရဲ့ မျက်လုံးက သိပ်ကို ပွင့်လင်းတယ်။ မျက်လုံးက စိတ်ရဲ့ ပြတင်းပေါက်ဆိုတာ မကြားဖူးဘူးလား။ ညီမတော်လေးရဲ့ မျက်လုံးထဲ က စကားကို ဖတ်တတ်ဖို့ပဲလိုတာပါ။”

ဟီဒယ် ကျေနပ်သွားခဲ့သည်။ ပြီးတော့ အကိုတော် တိုလုအီ၏ အကင်းပါးပုံကို ဖြုံသွားသည်။

“အကိုတော်က ကြောက်စရာကောင်းအောင် ပါးနပ်တဲ့သူပဲ။”

တိုလိုအီက ရယ်မောကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ကိုယ်က မြေခွေးမင်းသားလေ။ ဥာဏ်များလို့ သူငယ်ချင်းတွေက ခေါ်ကြတာ။”

တခဏချင်းပင် တိုလုအီနှင့် ဟီဒယ်။ချူလူလူတို့ အဖွဲ့ကျသွားတော့သည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet