စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (48)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (48)

 

“တောက်….. ဒီကောင်… ဆူမီရာရဲ့ပါးကို နမ်းရဲ့တယ်…”

 

တင်ဂီရိသည် အကွယ်တစ်နေရာမှ ဆူမီရာနှင့် ယွမ်ချူးခန်နူတ်ဆက်နေသည်ကို ငြိမ်သက်ကာစောင့်ကြည့်နေသည်။ ဆူမီရာက ယွမ်ချူးခန်ကို သူငယ်ချင်းလိုသဘောထားသည်ကို သိသည်။ မိမိနှင့် ယွမ်ချူးခန် ကြားက အမုန်းတရား၊ရန်ငြိုးတို့က ဆူမီရာနှင့် မပတ်သတ်သဖြင့် သူ့တို့ဆက်ဆံရေးကို အတင်းကျပ်တားဆီးခြင်းမလုပ်တော့ပဲ စောင့်ပေးနေခြင်းဖြစ်သည်။ ဆူမီရာ မိမိနှင့်ပြန်လိုက်လာပြီးနောက် ယွမ်ချုးခန်နှင့်ဆက်ပြီး ပတ်သတ်စရာမလိုတော့သည်ဖြစ်သောကြောင့် နောက်ဆုံး နယ်စပ်ထိလိုက်ပါပို့ဆောင်နူတ်ဆက်သည့် အကြောင်းကို တင်ဂီရိ မတားမြစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယွမ်ချူးခန်ဆိုသည့် ခန်းမင်းဆက်မှ မင်းသားက မိမိချစ်သောဆူမီရာ၏ ပါးပြင်ကို ခိုးနမ်းကာ လှည့်ထွက်သွားသည်ကိုကြည့်ပြီး လူသတ်ချင်စိတ်တို့ ထိန်းမရအောင်ဖြစ်မိသည်။
 

“နောင်တော်… နောင်တော်… ”

 

ဆူမီရာက ချက်ချင်း နောင်တော့်ကို သတိရပြီး ယွမ်ချူးခန်ကို လေးနှင့်ပစ်မည်စိုးသဖြင့်အမြန်ခေါ်လိုက်သည်။ သေချာသည်က နောင်တော် လူသတ်ချင်လောက်အောင်ဒေါသထွက်နေတော့မည်။ မိမိကြောင့် နောင်တော်တို့ညီနောင် သတ်ဖြတ်သည်ကို မမြင်ချင်ပေ။ နောင်တော်သည် တော်သည်အပြင် ကောင်းသည့်လူဖြစ်ရမည်။

 

တင်ဂီရိသည် လေးနှင့်မြှားကိုကောက်ကိုင်ကာ လေးညှို့တင်လိုက်ချိန် ဆူမီရာက အရေးတကြီးလှမ်းခေါ်လိုက်သဖြင့် သစ်ပင်ပေါ်က ခုန်ဆင်းလာခဲ့သည်။ ဆူမီရာသည် မိမိကို မြင်သည်နှင့် ချက်ချင်းရင်ခွင်ထဲတိုးဝင်ကာ တောင်းပန်လိုက်သည်။

 

“တောင်းပန်ပါတယ် နောင်တော်။ ကျွန်တော် တောင်းပန်ပါတယ်။ ”
 

“ဘာကြောင့် သူ့ကိုယ်စားတောင်းပန်ပေးရတာလဲ။ မင်းက ကျူပ်ချစ်သူကိုဆိုတာ သူသိလျက်နဲ့တမင်စော်ကားပြီး ကျုပ်မြင်အောင် ပါးကိုနမ်းသွားတာ။ အဲ့လိုကောင်မျိုး သေသင့်တယ်။”

 

တင်ဂီရိက ဆူမီရာကို မေးလိုက်သည်။ ဆူမီရာက ဟိုကောင်အတွက် တောင်းပန်ပေးနေသည်ကိုကြားရတာ နားခါးလှသည်။ အဲ့ကောင်ကို မိမိတခုခုလုပ်မှာကို စိုးရိမ်နေသည့်အရိပ်က ထင်းလို့နေသည်။ တလကျော်အချိန်အတွင်း ဆူမီရာက ယွမ်ချူးခန်ကို သံယောဇဉ် ဘယ်လောက်တွယ်သွားပြီလဲဆိုတာ တွေးမိပြီး တကိုယ်လုံးပူလောင်လာခဲ့သည်။ မိမိရင်ခွင်ထဲမှ ရိုးသားလှသည့်ချစ်သူလေးကို ဒင်းက ကောက်ကျစ်သည့်နည်းများကိုသုံးပြီး ချစ်သွားအောင်လုပ်လိုက်နိုင်ပြီလား။

ထိုအတွေးကြောင့် ဆူမီရာ၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးကိုစေ့စေ့ကြည့်ကာမေးလိုက်သည်။ ဒီအကြောင်းကို မိမိသေချာသိဖို့လိုသည်။
 

“ယွမ်ချူးခန်ကို ကျူပ်တခုခုလုပ်မှာကို မင်းဘာကြောင့်စိုးရိမ်ရတာလဲ ဆူမီရာ…”

 

ဆူမီရာသည် နောင်တော် မိမိကိုအစိုးရိမ်လွန်ပြီး အတွေးခေါင်နေသည်ကို ချက်ချင်းသိလိုက်ကာ နောင်တော့်လည်ပင်းကို လှမ်းဖက်ကာ ရင်ခွင်ထဲတိုးဝင်ကာဖက်ထားပြီး တခွန်းချင်းဖြေလိုက်သည်။
 

“သူတခုခုဖြစ်ရင် အရီးတော် စိတ်ဆင်းရဲရမှာစိုးလို့ပါ။ ပြီးတော့ နောင်တော့်ကို ကျွန်တော့်ကြောင့် ညီကိုဒဏ်ရာရအောင်လုပ်ပြီး မယ်တော်ကို စိတ်ဆင်းရဲစေတဲ့သူ မဖြစ်စေချင်ဘူး။ ကျွန်တော်ချစ်တဲ့ နောင်တော်က လူတော်ဖြစ်တဲ့အပြင် တဖက်သားကို အင်မတန်ကောင်းစေချင်တဲ့ စိတ်ထားရှိတဲ့လူကောင်းမို့ပါ။ ကျွန်တော်ချစ်တဲ့ နောင်တော်ကို ဘယ်သူမှ မဖျက်ဆီးနိုင်စေရဘူး။”
 

“ဒီစကားက တကယ်ပဲလား။ ယွမ်ချူးခန်ပေါ် ခံစားချက်မရှိတာ သေချာလား။”

 

တင်ဂီရိသည် ဆူမီရာ၏စကားကိုကြားသော် ထွက်နေသည့် ဒေါသအားလုံးပိန်းကြာဖက်ပေါ်ရေမတင်သလို လျောကျသွားခဲ့ လေပြီ။ ဒါပေမယ့် ဒင်းလေးနူတ်က ကတိစကားတခုတော့ကြားချင်မိသေးသည်။
 

“ကျွန်တော်က နောင်တော့်လက်ပေါ်ကြီးပြင်းလာတာပါ။ ကျွန်တော် လိမ်မပြောတတ်တာကို နောင်တော်အသိဆုံးပါ။ ကျွန်တော့်ဘ၀မှာ နောင်တော်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ။ နောင်တော့်အပြင် ဘယ်သူ့ကိုမှ မမြင်ပါဘူး။ ယွမ်ချူးခန်နဲ့ အတူသွားလာတဲ့ကာလအတွင်း ရွယ်တူုချင်းမို့ ရင်းနှီးခဲ့တာတော့ရှိတယ်။ အလွန်ဆုံးသူက ကျွန်တော့် သူငယ်ချင်း တစ်ယောက်လိုပါပဲ။ နောင်တော့်ကို ချစ်တဲ့အချစ်မျိုး ဘယ်တော့မှ သူ့အပေါ်ချစ်လာနိုင်မှာမဟုတ်ဘူး။”

 

တင်ဂီရိသည် ထိုစကားကိုကြားသော် ဘယ်လိုမှ စိတ်ကိုထိန်းမထားနိုင်တော့ပဲ ဆူမီရာနှင့်လူချင်းခွာလိုက်ပြီး မျက်နှာကို မိမိလက်ဖ၀ါးနှစ်ဖက်နှင့်ညှပ်ကိုင်ကာ မော့စေပြီး မျက်ဝန်းလေးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
 

“ကိုယ့်ကိုယ်ချစ်တဲ့မီရာ့ အချစ်ကို ဘယ်တုန်းကမှ သံသယမ၀င်ခဲ့ပါဘူး။ ဒါပေမယ့် အတူနေတဲ့အချိန်မှာ ကိုယ့်ချစ်သူကလေး လေးကို ဘယ်လိုများတွယ်တာအောင်လုပ်သွားမလဲလို့ စိတ်ပူမိတာပါ။ ခုလို ဆူမီရာလေးရဲ့ နူတ်က ပြောတဲ့စကားကို ကြားတော့ ကိုယ်သေပျော်ပြီ။ ကိုယ်ချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ ဆူမီရာလေးကို နောက်ခါ ဘယ်သူမှမထိစေရဘူး။ ထိတဲ့သူမှန်သမျှ သတ်ပစ်မယ်။ ဘာကြောင့်လဲဆိုတော့ ဆူမီရာလေးက ကိုယ့်ဘ၀မှတစ်ဦးတည်းသော အချစ်ရဆုံးသူလေးဖြစ်နေလို့ပဲ… ”

 

တင်ဂီရိ ထိုစကားကိုပြောပြီး ခေါင်းကိုငုံ့လိုက်ပြီး နီမြန်းသည့်နူတ်ခမ်းပါးလေးဆီကို နီးကပ်လာခဲ့သည်။ ဆူမီရာသည် နောင်တော်၏ စူးရှသည့်အကြည့်နှင့် ချစ်ရည်လွှမ်းသည့် မျက်ဝန်း၊ ကြင်နာသော်လည်း ပြတ်သားသည့်လေသံ။ ပြီးတော့ နီးကပ်လာသည့် နောင်တော့်နူတ်ခမ်း ။ ပါးပြင်ကိုထိကိုင်ထားသည့် နောင်တော့်ပူနွေးပြီးအသားမာတက်နေသည့် လက်တစ်စုံမှ စီးဆင်းနေသည့် အချစ်ဇောဟုန်များ။ အားလုံးကို ဆူမီရာသဘောကျသည်။ ဒါကြောင့် မိမိနူတ်ခမ်းကို ဖိအပ်လိုက်သည့် တခဏ ဆုမီရာလည်း ချစ်သောနောင်တော့်ကို ပြန်ပြီးတုန့်ပြန်နမ်းလိုက်တော့သည်။

 

တောလမ်းတစ်နေရာတွင် မြင်းတစ်ကောင်ဘေး၊ လူနှစ်ယောက်ရပ်ပြီး ကိုယ်ချင်းပူးကပ်ကာ နမ်းရှိုက်နေသည့်မြင်ကွင်းကို ကြည့်ပြီး ယွမ်ချူးခန် ရင်ဘတ်ကို ဖိဆုပ်ထားမိသည်။ တင်ဂီရိ ရောက်နေသည်ကိုသိပြီးနောက် သူ့ကိုရအောင်မရှာနိုင်သဖြင့် မခံချိမခံသာဖြစ်မိသည်။ ဒါ့အပြင် သူ့နောင်တော်နှင့်အတူပြန်မည်ဖြစ်သောကြောင့် နန်ကျောင်ရဲမတ်များ လိုက်ပါပို့ဆောင် မည်ကို ပြတ်ပြတ်သားသားငြင်းဆန်လိုက်သည့် ဆူမီရာ၏ လုပ်ရပ်ကြောင့် ယွမ်ချူးခန် စိတ်မကောင်းဖြစ်မိသည်။ ဒါကြောင့် ခွဲခွာခါနီး စိတ်ရိုင်းဝင်ကာ အာနန်မင်းသားတင်ဂီရိကို ရန်စသည့်အနေဖြင့် ဆူမီရာ၏ ပါးကို ခိုးနမ်းပြီးလှည့်ထွက်လာသလိုနှင့် ခရီးတထောက်သွားပြီး ပြန်လှည့်လာကြည့်ခြင်းဖြစ်သည်။

 

လိုက်ပို့သည့် အမတ်ကြီးတော့ ယွမ်ချူးခန်ကို တားသည်။ သို့သော်ယွမ်ချူးခန်က တင်ဂီရိ ဒေါသထွက်မည့်မြင်ကွင်းကို မြင်ချင်သဖြင့် တမင်ကို တိတ်တဆိတ်ပြန်လှည့်လာခြင်းဖြစ်သည်။ နယ်စပ်တလျှောက် မိမိတို့လျှို့ဝှက်တပ်များ ကိုဖြန့်ချ ထားပြီးဖြစ်သည်။ တကယ်လို့ ဆူမီရာကို ရန်လုပ်သည်။ ရိုက်နက်နေသည်ဆိုလျှင် မိမိတပ်များနှင့် ၀ိုင်းဖမ်းလိုက်မည်ဟု တွေးထားခြင်းဖြစ်သည်။ သို့သော် တကယ်တမ်းမြင်ရသည့် မြင်ကွင်းကာ ဆူမီရာ၏ ပြတ်သားသည့်အဖြေနှင့် နှစ်ဦးသား ချစ်ခြင်းအပြည့်နှင့်နမ်းနေသည့် မြင်ကွင်းဖြစ်သည်။
 

“သူတို့ကို အရှင်ဖမ်းစမ်း…”

 

ယွမ်ချူးခန်က နယ်စပ်မှတပ်မှုးကို အမိန့်ပေးသော်လည်း တပ်မှုးက အရိုသေပေးကာ လျှောက်တင်လိုက်သည်။
 

“နယ်စပ်တလျှောက် အခြားလျှို့ဝှက်တပ်က စောင့်နေကြောင်းပါ။ ကျွန်တော်မျိုးတို့ဘက်ကလှုပ်ရှားလိုက်ရင် တိုက်ပွဲဖြစ်နိုင် ပါတယ်။ ပြီးတော့ မိဖုရားခေါင်ကြီးအမိန့်နဲ့အရှင့်သားကို အမြန်ဆုံး နန်းတော်ကိုပို့ဆောင်ရပါ့မယ်.. အရှင့်သား”
 

ယွမ်ချူးခန်သည် မယ်မယ်က ကြိုတင်စီစဉ်ထားသဖြင့် ဘာမှမတတ်နိုင်တော့ပဲလျက်လျှော့ကာ ပြန်လိုက်လာခဲ့ရသည်။ သို့သော် တင်ဂီရိ ရင်ခွင်ထဲက ဆူမီရာကို မျက်လုံးထဲမှမထွက်နိုင်ပဲ ရင်ထဲ စူးတစ်ချောင်းက နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွား တော့သည်။ အပြန်လမ်းတလျှောက်တွင် ယွမ်ချူးခန်၏ မျက်လုံးကနီရဲနေပြီး ငြိမ်သက်စွာဖြင့် မြင်းကိုဒုန်းစိုင်းနှင်သွားသဖြင့် အမတ်ကြီးက သက်ပြင်းရှိုက်ကာ နောက်မှ လိုက်လာခဲ့သည်။ အတိတ်တဘောင်အတိုင်း တကယ်ကိုဖြစ်လာတော့မည်ကို အလိုလျောက်သိနေသဖြင့် မကြာခင် ကျရောက်လာမည့် စစ်မက်ဘေးကိုမျှော်တွေးကာ အမတ်ကြီး သက်ပြင်းသာချမိသည်။

ဒါတွေအားလုံးက ယေစုကိုင်းစစ်သူကြီး၏ဇနီးကို မင်းကြီး တပ်မက်ပြီး အရယူလိုက်ခြင်းမှစတင်ခြင်းဖြစ်သဖြင့် အမတ်ကြီးက ခေါင်းယမ်းရုံသာတတ်နိုင်တော့သည်။ ကိုယ်စိုက်ပျိုးတာကိုကိုယ်ရိတ်သိမ်းရတော့မည်။ စစ်မက်ကိုရှောင်လို့မရနိုင်တော့ပေ။

 

ဟော်သွန်းသည် သားတော်ပြန်မလာမချင်း နန်းရင်ပြင်မှစောင့်နေသည်။ သားတော်ဦးဆောင်သည့်အဖွဲ့ နန်းတော်ထဲကို ၀င်လာသည်ကိုတွေ့မှာ သက်ပြင်းချနိုင်တော့သည်။ သားတော်ကြီးနှင့်သားတော်ငယ် တစ်ဦးနှင့်တစ်ဦးသတ်ဖြတ်မည်ကို ဟော်သွန်းအကြောက်ဆုံးဖြစ်သည်။ သားတော်လေးက ဆူမီရာကို သံယောဇဉ်တွယ်နေသည်ကို ဟော်သွန်းရိပ်မိသဖြင့် စိတ်တို့လေးလံသွားခဲ့သည်။

 

ဆူမီရာ၏ပြောပုံဆိုပုံအရ သားတော်ကြီးနှင့် ဆူမီရာတို့ အတူတူငွေတောင်ပြည်တွင် ပညာသင်ခဲ့ပြီး ချစ်ခြင်းတို့နက်ရှိုင်းစွာ စိုက်ထူခဲ့သည်ကို ဟော်သွန်းသေချာသိလိုက်သည်။ ဒီတောင်လိုကြီးမားသည့် အချစ်များကို တစ်လခွဲအတွင်း တည်ဆောက်ထားသည့်သံယောဇဉ်က ဘယ်လိုမှယှဉ်နိုင်မည် မဟုတ်သည်ကို သားငယ်လေး သိလျှင် အလိုလိုက်ခံဘ၀နှင့် ဖူးဖူးမှုတ်ခံဘ၀နှင့်ကြီးပြင်းလာသည့် သားတော်လေး ယွမ်ချူးခန်က လက်ခံနိုင်မည် မဟုတ်ပေ။ ဒါကြောင့် နယ်စပ်စောင့်တပ်များကို အသုံးချပြီး မသင့်တာကို လုပ်မိမည်ကို စိုးသဖြင့် မိမိ၏မိဖုရားခေါင်တံဆိပ်ပြားကို သုံးပြီး စစ်သူကြီးနှင့် စစ်တပ်တစ်တပ်ကို နယ်စပ်ကို ကြိုတင်နေရာချထားပြီးသားတော်ကို တားဆီးလိုက်ရခြင်းဖြစ်သည်။

 

အားလုံးစီမံပြီးနောက် မင်းကြီးကို မိမိလုပ်ရပ်ကို ၀င်မစွတ်ဖက်ရန် သေချာစွာပြောထားရသည်။ ကာလိုခန်သည်လည်း အမတ်ချုပ်ကြီးပြောသည့်အတိုင်း သားတော် သူ့ကိုယ်တွင်းမှာ လိုချင်သည်ကို ၇အောင်ယူမည့် ခန်မင်းဆက်သွေးပေါ်လာသည်အထိ စောင့်မည်ဖြစ်သဖြင့် မိဖုရားကြီးပြောသည်ကို အသာတကြည်လက်ခံလိုက်သည်။

 

“သားတော်… ပြန်လာပြီလား.”
 

“ဟုတ်ကဲ့။ ပြန်လာပါပြီမယ်မယ်။ မယ်မယ် နေကောင်းခါစ ဘာကြောင့် နန်းရင်ပြင်မှာထွက်စောင့်နေတာလဲ… ”
 

“သားတော်ကို စိတ်ပူလို့ ပြန်အလာကို မယ်မယ်မျှော်နေတာပါ.. လာလာ…သားတော်ကြိုက်တတ်တဲ့ ဟင်းကိုကို မယ်မယ် စားဖိုဆောင်မှာ လုပ်ခိုင်းထားတယ်။ မယ်မယ်နဲ့အတူတူ နေ့လည်စာ စားရအောင်။”
 

“မယ်မယ်နဲ့အတူတူနေ့လည်စာ မစားရတာကြာပြီ မယ်မယ်။ ”

 

ယွမ်ချူးခန်သည် မယ်မယ့် ပန်းကန်ထဲ ဟင်းထည့်ပေးပြီး နှစ်နှစ်ခြိုက်ခြိုက်စားနေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ဟော်သွန်း စိတ်အေးသွားခဲ့သည်။ သားတော်လေး စိတ်မကောင်းဟန်ပေါက်နေသော်လည်း အရမ်းကို ရုပ်ပျက်သည်အထိ မဖြစ်သဖြင့် သားလေး ရင့်ကျက်လာပြီဆိုပြီး စိတ်ချမ်းသာသွားတော့သည်။

 

ယွမ်ချူးခန်သည် မယ်မယ်နှင့်အတူပြုံးပျော်ချင်ယောင်ဆောင်ပြီး စားသောက်လာခဲ့သော်လည်း မိမိအဆောင်ကိုရောက်သော် အိပ်ယာထက်လှဲကာ အသေကောင်လို ငြိမ်သက်သွားတော့သည်။ ဆူမီရာ၏ ချစ်စရာကောင်းပုံကို မျက်လုံးထဲမြင်ယောင်ပြီး လွမ်းဆွတ်မှုက တကိုယ်လုံးကိုပျံ့လာခဲ့သည်။ မိမိနာမည်ကို ခေါ်နေသည် အသံကိုကြားယောင်မိသည်။ ထို့နောက် ဆူမီရာ၏ ပါးပြင်ကို နမ်းရှိုက်မိစဉ်တခဏ တကိုယ်လံုး ရှိန်းဖိန်းတက်သွားသည့် ခံစားချက်ကို ပြန်တွေးပြီး ဆူမီရာကို အနားတွင် ရှိစေချင်သည့် စိတ်တို့ ထိန်းမရအောင်ဖြစ်လာခဲ့သည်။

 

ထို့နောက် ဆူမီရာကို ဖက်ကာ ပိုင်စိုးပိုင်နင်း နူတ်ခမ်းနူနုကို ၀ါးစားမတတ်နမ်းလိုက်သည့် မျက်နှာဖုံးတပ်ထားသည့် ထောင်ထောင်မောင်းမောင်းနှင့် လူရွယ်တစ်ဦး၏ပုံရိပ်။ နာသည်။ စူးအောင့်သည့်နာကျင်မှုက အသက်ရှုတိုင်းအောင့်လာသည်။ ဒေါသသွေးက တကိုယ်လုံးကို ဖြည်းဖြည်းခြင်း လှည့်ပတ်နေတော့သည်။ ယွမ်ချူးခန် အတွေးထဲနစ်နေစဉ် အနောက်မှ အမတ်ချုပ်ကြီး၏ခေါ်သံကိုကြားတော့မှ သတိဝင်လာသည်။ မိမိ၏ပျော့ညံ့မှုအတွက် ယွမ်ချူးခန်ရှက်သလို ခံစားလိုက်ရသည်။ အမတ်ချုပ်ကြီး၏ သင်ကြားမှုထဲတွင် မိမိသားကောင်ကို ဘယ်တော့မှ အလွတ်မပေးရဆိုသည့်သင်ခန်းစာပါသည် မဟုတ်လား။ မပြတ်သားခြင်းက ပျော့ညံ့ခြင်းဖြစ်သည်ကို ယွမ်ချူးခန် ၀န်မခံချင်ပေ။

 

“အရှင့်သား…”

 

“အမတ်ချုပ်ကြီး ညမိုးချုပ်နေပြီ.. ဘာကြောင့် နန်းတော်ထဲကို လာခဲ့တာလဲ..”
 

အမတ်ချုပ်အိုကြီးက ယွမ်ချူးခန်ကို အရိုသေပြုကာ ဖြေကြားလိုက်သည်။ မင်းသားငယ်လေးက လှောင်အိမ်ထဲမှာ ပိတ်မိသည့် ကျားပေါက်လေးလိုဖြစ်နေသည်ကို အကဲခတ်ကြည့်ကာ မည်သို့သိမ်းသွင်းရမည်ကို စဉ်းစားနေသည်။

 

“ကျွန်တော်မျိုး အလုပ်အကျွေူးပြုနေတဲ့ သခင်လေးက ပူလောင်နေချိန် ကျွန်တော်မျိုးဘယ်လို အိပ်နိုင်မှာလဲ ”

 

ယွမ်ချူးခန်သည် တားဂေါတိုင်းကို စိုက်ကြည့်ပြီး လေသံမာနှင့်ပြောလိုက်သည်။

 

“ကျုပ်က ဘာဖြစ်နေလို့လဲ…”
 

“အရှင့်သားက ပြင်းထန်တဲ့ စိတ်ခံစားချက်ကို ဖိနှိပ်နေတာပါ။ ဘိုးဘေးတွေရဲ့ ခန်မင်းဆက်သွေးကို ဖွင့်ထုတ်လိုက်ရင် အရှင့်သား ခံစားနေရတာ ချက်ချင်းပျောက်သွားမှာကို ကျွန်တော်မျိုးအကြံပေးချင်လို့ပါ။ ”
 

ယွမ်ချူးခန်သည် အနာပေါ်ဒုတ်ကျသလိုဖြစ်ကာ ရှုးရှုးရှားရှားနှင့် ပြောလိုက်သည်။ သို့သော် မင်းသားငယ်၏ မာန်ဖီခြင်းက အမတ်အိုကို မည်သို့မှ နောက်မတွန့်စေပါ။

 

“အမတ်ချုပ်ကြီး အတင့်ရဲလိုက်တာ။ ကိုယ်တော့်ကို ဝေဖန်နေတာလား။ ကိုယ်တော်က ဘိုးဘေးတွေကို လိုက်မမှီဘူးလို့ ပြောချင်တာလား။”

 

“ကျွန်တော်မျိုးမဝေဖန်ဝံ့ပါဘူး။ အရှင့်ကိုယ်ထဲမှာ ဘိုးဘေးရဲ့သွေးစီးဆင်းနေတာ ထင်ရှားနေပါတယ်။ ဒီထက်ပြတ်သားမယ်ဆိုရင် အရှင့်ကို တားဆီးနိင်တာ ဘာမှမရှိပါဘူး။ အချစ်နဲ့စစ်မှ မတရားတာ မရှိဘူးဆိုတာ အရှင့်သားကို သိစေချင်ရုံပါ။ လောကမှာ သူတော်ကောင်းအရှုံးသမားကို ဘယ်သူမှ မထင်မကြီးဘူးဆိုတာ ကျွန်တော်မျိုးရဲ့အတွေ့ကြုံနဲ့ ပြောပါရစေ…”
 

တားဂေါတိုင်းသည် မင်းနှစ်ဆက်တိတိအမှုထမ်းလာသူပီပီ ယွမ်ချူးခန် မည်သို့မာန်ဖီပြောနေပါစေ မိမိလိုရာရောက်အောင် စကားကိုကြောင်းလိုက်သည်။ ယခုချက်ချင်းမလုပ်သော်လည်း မိမိပြောသည့် စကားက သူ့နှလုံးသားထဲရောက်သွားလျှင်ရပြီး ကျန်တာ သူ့ဖာသာ လူငယ်စိတ်နှင့်ဖြစ်သွားလိမ့်မည်ကို သိသည်။

 

ယွမ်ချူးခန်သည် အမတ်ကြီးပြောသည့် သဘောကိုသိသဖြင့် တင်းမာစွာပြောလိုက်သည်။ မယ်မယ်ရော။ ဆူမီရာရော မိမိကို လူကောင်းဖြစ်စေချင်သည် မဟုတ်လား။ မိမိ လူကောင်းဖြစ်အောင်နေမည်ဟု ယွမ်ချူးခန် ဆုံးဖြတ်ထားသဖြင့် အမတ်ကြီးကို ပြတ်သားစွာပြောလိုက်သည်။

 

“ခမည်းတော်လျှောက်တဲ့လမ်းကို ကျွန်တော် ထပ်မလျှောက်နိုင်ဘူး အမတ်ကြီး။ ကိုယ်တော်က လူကောင်းတစ်ယောက်ပဲ လုပ်ချင်တယ်… ”
 

“အရှင့်သားရဲ့ သဘောအတိုင်းပါ။ ကျွန်တော်မျိုးကတော့ အရှင့်သား ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေ။ လို်က်နာဖို့အသင့်ပါ။ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ အရှင့်သား တစုံတခုအလိုရှိရင် အချိန်မရွေးမိန့်တော်မူပါ။ ဒီအမတ်အိုကြီးက အရှင့်သားအတွက် အသုံးတော်ခံဖို့အသင့်ပါ..”
 

တားဂေါတိုင်းက ထိုမျှသာလျှောက်တင်ပြီး  အရိုသေပေးကာ ထွက်လာခဲ့သည်။ ယွမ်ချူးခန်သည် တားဂေါတိုင်း အတင်းကျပ်တိုက်တွန်းမည်ထင်ထားရာမှ လှည့်ထွက်သွားတော့ ချီတုံချတုံဖြစ်ကာ သက်ပြင်းချမိသည်။

 

------------------------

 

လမ်းတွင် ဆူမီရာက သူ့ကိုသိလိုသည့်အချက်မေးလိုက်သည်။

 

“နောင်တော်… သူတို့က နောင်တော့်ကို ဖမ်းမှာမကြောက်ဘူးလား…”
 

“ကိုယ်က တယောက်တည်း လက်လွှတ်လာမယ်ထင်လို့လား.. ကိုယ့်ရဲ့ တပ်ဖွဲ့က နောက်ကလိုက်လာပြီးတောင်ရိုးမှာ အသင့်စောင့်နေပြီးသား။ အဲ့ဒါကိုသူတို့ မြင်အောင်လည်း အ၇ိပ်အယောင်ပြထားပြီးသား။ဒါကြောင့်လည်း သူတို့ဘက်က မလှုပ်တာပေါ့.. အင်း.. မယ်မယ်တားထားတာလည်းပါမယ်။ မဟုတ်ရင် ယွမ်ချူးခန်ရဲ့စိတ်နဲ့ဆို မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။”

 

တင်ဂီရိက ကလေးလိုအရာရာတွေးလွန်းသည့် ကောင်လေးကို မိမိစီမံထားသည်ကို ပြောပြလိုက်သည်။ ထို့နောက် မိမိမယ်တော်ကူညီသည့် အကြောင်းကိုလည်း တွေးတွေးဆဆပြောလိုက်သည်။ စံအိမ်ဟောင်းတွင် မိမိကိုကြည့်လိုက်သည့် အကြည့်အရ မယ်မယ် မိမိကိုစိုးရိမ်သည်ကိုသိလိုက်သည်။ သားအမိ အနီးကပ်တွေ့လိုက်သော်လည်း စကားပြောခွင့်မကြုံသည့် ကံတရားကိုတွေးကာ သက်ပြင်းချမိသည်။ သို့သော်ကံတရားကို မိမိတို့ပြောင်းလဲပစ်ရန် အချိန်ကျပြီဟုလည်း သိလိုက်သည်။ မယ်မယ့်ကို ခုထက်ပိုပြီး စိတ်ဆင်းရဲအောင် မထားသင့်တော့ပေ။ မယ်မယ့်ကျန်းမာရေးကို ထိခိုက်အောင် စိတ်ရော၊ကိုယ်ပါ ဆင်းရဲနေရပြီ။

 

ဆူမီရာသည် နောင်တော်နှင့် ယွမ်ချူးခန်အဖြစ်ကိုတွေးကာ နန်ကျောင်နှင့်အာနန်ပြည်စစ်ခင်းလဆင် လူသေမည်ကိုတွေးကာ စိတ်မောသွားသည်။ အဓိက သူတို့ညီနောင်တည့်လျှင် စစ်မဖြစ်နိုင်ဟုတွေးကာ လေအေးလေးနှင့်နားချရန်ကြိုးစားလိုက်သည်။
 

“နောင်တော်ရယ်…  ကျွန်တော်လည်းဘာပြောရမှန်းမသိတော့ဘူး။ နောင်တော်တို့ကို သင့်မြတ်စေချင်တာပဲ သိတယ်။

 နောင်တော်တို့ မသင့်မြတ်ရင် အရီးတော်ပဲ စိတ်ဆင်းရဲရမှာ…”
 

“ရှုး…တော်တော့။ အများကြီး မစဉ်းစားနဲ့တော့။ ကိုယ်တို့ကံတရားက မုန်းဖို့ကံပါလာရင် မုန်းကိုမုန်းရလိမ့်မယ်။ ကိုယ်က သူ့ကိုမမုန်းပေမယ့် ကိုယ့်မယ်မယ်ကို ပြန်ခေါ်တဲ့အချိန် သူသေချာပေါက်မုန်းလိမ့်မယ်..”
 

တင်ဂီရိက ဆူမီရာလေး ခေါင်းရှုပ်နေကိုကြည့်ပြီး ပူပန်နေသည့် မျက်နှာနုနုလေးကို အသာလေးတို့ထိကာပြောလိုက်သည်။ ဒီကောင်လေးကို စိတ်ရော၊ကိုယ်ရောအေးချမ်းအောင် ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ဟိုကောင် ယွမ်ချူးခန် နှင့် ဝေးသည့်နေရာတွင်ထားရမည်။ ဒါကိုဆူမီရာ မသိပဲ စစ်ချီမည်ကိုကြားသော် မျက်လုံးပြူးသွားပြီး ထပ်မေးနေပြန်သည်။ ဒီကလေး စစ်ဖြစ်မည်ကိုကြောက်နေပုံရသည်။ စစ်ဖြစ်လျှင် မြို့ရွာပျက်စီးပြီး လူသေမည်ကိုသိသော်လည်း တရားမျှတမှုအတွက် စစ်ကိုဆင်နွဲရသည်ကို သူလေးသိအောင် နောက်မှရှင်းပြရမည်ဟုတေးထားသည်။

 

“ပြန်ခေါ်မယ်ဆိုတော့… နောင်တော်က နန်ကျောင်ပြည်ကို စစ်ကြေငြာမှာပေါ့..ဟုတ်လား..”
 

“ဟုတ်တယ်။ ကိုယ့်တပ်တွေ အခုချီတက်လာခဲ့ပြီ။ ဆူမီရာကို ငွေတောင်ပြန်ပို့ပြီးရင် တဖြည်းဖြည်းနဲ့မြောက်ပိုင်းကို ချီတက်တော့မယ်။ မယ်မယ့်ကိုပါအောင်ခေါ်မယ်လို့ ကိုယ်ဆုံးဖြတ်ထားတယ်။”

 

တင်ဂိရိ၏ စကားအဆုံး ဆူမီရာမအောင့်နိုင်တော့ပဲ ယွမ်ချူးခန် မိခင်မရှိလျှင် နာကျင်ခံစားရမည်ကို တွေးကာ လွှတ်ခနဲပြောလိုက်မိတော့သည်။ ယွမ်ချူးခန်၏ မယ်မယ်က နောင်တော့်မယ်မယ်ဆိုတာကို မေ့သွားခဲ့သည်။ မျက်ဝန်းထဲ သူ့မယ်တော် သတိပြန်လည်လာစဉ်က အရမ်းကိုဝမ်းသာနေသည့် မျက်ဝန်းကိုသတိရပြီး စိတ်မကောင်းဖြစ်သွား ခဲ့ခြင်းဖြစ်သည်။
 

“နောင်တော်ရယ်။ ယွမ်ချူးခန် သနားပါတယ်။ သူ့မယ်မယ်ကို လက်လွှတ်ဆုံးရှုံးရရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”
 

“ဒါဆို ကိုယ်နဲ့ခမည်းတော်က မယ်မယ့်ကို ကာလိုခန်မင်းကြီးလက်ထဲ ဆက်ထားသင့်သလား ပြောစမ်းပါဦး။ ကိုယ်မယ်မယ်က ချစ်သူနဲ့ကွေကွင်းလာရတယ်။ မချစ်မနှစ်သက်သူနဲ့ပေါင်းဖော်ရတယ်။ ခု မယ်မယ် ကျန်းမာရေးချို့တဲ့တာ အဲ့စိတ်ကြောင့်ဆိုတာ ဆူမီရာလည်းသိတယ်မလား။”
 

တင်ဂီရိသည် ဆူမီရာ၏လက်ကိုဆုပ်ကိုင်ကာ မိမိတို့သားအဖအဖြစ်ကိုလည်း သိအောင်ပြောပြလိုက်သည်။ ဒီလိုပြောချင်းက ပထမဆုံး သူ့မိသားစု၊ သူ့မယ်တော်နှင့်ပတ်သတ်ပြီး တင်ဂီရိ၏ နူတ်မှဖွင့်ဟပြောခြင်းဖြစ်သည်ကို ဆူမီရာသိချင်မှသိမည်။ တသက်လုံး နာကျင်မှုကို ဘယ်တော့မှဖွင့်မပြောပဲ မြိုသိပ်ပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားနေသော တင်ဂီရိအတွက် နာကျင်မှုသည် စိတ်ဓါတ်ခွန်အားတစ်မျိုးဖြစ်သည်။ ယခုတော့ ချစ်ရသူလေးက နာကျင်မှုကိုဖော်ပြနေသည့် ယွမ်ချူးခန်၏ ဝေဒနာကြားမျှောသွားမည်စိုးတာရော၊ မိမိ၏အရင်းနှီးဆုံးအနေနှင့်သတ်မှတ်တာရောကြောင့် ထုတ်ပြောပြလိုက်ခြင်းဖြစ်သည်။

 

“သိပါတယ်… အရီးတော်လည်း နောင်တော်တို့သားအဖနဲ့ပြန်ဆုံဖို့ အားတင်းထားပုံရတယ်။ တဖက်ကတည်း ယွမ်ချူးခန်ကို စိတ်မချတာနဲ့ အရီးတော်ပူပန်နေရတာ။ တကယ်လို့ အရီးတော်က နောင်တော်တို့နဲ့ပြန်လိုက်လာရင် ယွမ်ချူးခန် သေမတတ်ခံရမှာ..”
 

“သူက မင်းထင်တာထက် မာကျောတယ် ဆူမီရာ..”

 

ဆူမီရာက တွေးတွေးဆဆလေးနှင့် မိမိကိုမ၀ံမရဲကြည့်ကာ ထပ်ပြီးယွမ်ချူးခန်အတွက် ပြောပေးသည့် စကားကိုကြားတော့ အယုံလွယ်သည့် ကောင်လေးကို မချင့်မရဲကြည့်ကာ အေးဆေးသက်သာစွာပြောလိုက်သည်။ ဆူမီရာ မသိသေးသည့် ကြင်နာမှု၊ စာနာမှုနောက်ကွယ်က စိတ်ထားများစွာရှိသည်ကို သိအောင် လုပ်ပေးရန်လိုသည်ကို သတိပြုမိလိုက်သည်။

 

“ဟင့်အင်း…သူက မာကျောချင်ယောင်ဆောင်တာပါ။ သူ့အတွင်းစိတ်က အထိခိုက်မခံဘူး နောင်တော်ရဲ့…။ သူက ကျားယောင်ဆောင်ထားတဲ့ သိုးလေးပါ…”

 

“အင်း.. သိုးလေးက ငွေတောင်ပြည်ကို စစ်တပ်နဲ့ ၀ိုင်းထားပြီး မင်းကို သူနဲ့လိုက်အောင် အကျပ်ကိုင်တယ်ပေါ့… ”
 

တင်ဂီရိက ဆူမီရာ မသိသေးသည့် သူ့သူငယ်ချင်းအသစ်လေး၏ အကျပ်ကိုင်လုပ်တတ်သည့် စိတ်ထားကို ပြောပြလိုက်သည်။ ထိုစကားကိုကြားသော် ဆူမီရာ ကြောင်အသွားခဲ့သည်။ မဖြစ်နိုင်ဟုယုံကြည်သည်။ မည်သူက စိတ်ဝမ်းကွဲအောင် နောင်တော့်ကိုလုပ်ကြံပြောသလဲဟု သိချင်လာသည်။

 

“နောင်တော့်ကို ဘယ်သူပြောတာလဲ… ယွမ်ချူးခန်က အဲ့လိုလုပ်မယ့်သူ မဟုတ်ဘူးး”

 

“ဦးရီးတော်တို့ကိုမေးလိုက်ပေါ့… ကိုယ်က ဘယ်တုန်းက ဆူမီရာကို လိမ်ဖူးလို့လဲ…”
 

တင်ဂီရိက အများကြီးမရှင်းပြပဲ သူမိဘကိုသာမေးရန် ပြောလိုက်သည်။ ဆူမီရာက နောင်တော့်ကို တချက်စိုက်ကြည့်လိုက်ပြီး ရင်ထဲလေးဆင်းသွားခဲ့သည်။နောင်တော့်စိတ်ထားအရ ဘယ်တော့မှ မသေချာပဲ တဖက်သားကို အပြစ်ပုံချမပြောတတ်သည်ကို မိမိအသိဆုံးဖြစ်သည်။ တဘ၀လုံးသိလာသည့် နောင်တော့်စိတ်ထားအရ နောင်တော် အမှန်ပြောသည်ကိုသိသည်။ တဖက်ကလည်း ယွမ်ချူးခန် ထိုသို့လူမဟုတ်ကြောင့် စိတ်ထဲကြိတ်ပြောနေမိသည်။

----------------------------

 

 “ခမည်းတော်ဘုရား… နောင်တော်ပြောတာ ဟုတ်လား..”
 

ငွေတောင်ကိုပြန်ရောက်တော့ ဆူမီရာလုပ်မိသည့် ပထမဆုံးအရာက ခမည်းတော်ကို ထိုအကြောင်းဖွင့်မေးလိုက်ခြင်းဖြစ်သည်။ နောင်တော်လည်းအနားမှာမရှိသည့်အတွက် ခမည်းတော်ကို ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။ ယွမ်ချူးခန် လူဆိုးမဟုတ်ဘူး ဆိုတာကို သက်သေပြချင်နေမိသည်။

 

ငွေတောင်မင်းကြီးသည် သားတော်ကို တောင်းပန်ဟန်ဖြင့်ကြည့်ကာ အမှန်တိုင်းဖြေလိုက်သည်။မိမိတိုင်းပြည်မှ ပညာဆည်းပူးသည့် ကျောင်းသားများအသက်ဘေးနှင့် သားတော်ကိုလဲပြီး ထည့်ပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ် နေမိသည်။ သို့သော် တင်ဂီရိရှိသဖြင့် သားတော်ကို အသက်ဘေးထိရောက်အောင် မလုပ်နိုင်သည်ဟု ယုံကြည်သောကြောင့် ထည့်ပေးလိုက်တာလည်းပါသည်။

 

“ဟုတ်တယ် သားတော်။ သူတို့ကကျောင်းတော်ကိုဝိုင်းထားပြီး အားလုံးကို သတ်ပစ်မယ်ခြိမ်းခြောက်လို့ ခမည်းတော် သားတော်ကို ထည့်လိုက်ရတာပဲ…”
 

“အင်း..သားတော် အဲ့လိုမထင်ခဲ့မိဘူးခမည်းတော်ဘုရား… ယွမ်ချူးခန်က အဲ့လိုတွေ မလုပ်လောက်ပါဘူး.. သူက စိတ်ထားကောင်းတယ်။ စိတ်ထားသိမ်မွေ့တယ်။ ထက်မြက်ပြီး တဖက်သားကို ကြင်နာတတ်တယ်လို့ ထင်ခဲ့တာ။ ”

 

ဆူမီရာက စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်ကို ငွေတောင်မင်းကြီးနားလည်သည်။ အတူသွားသည့်အတောတွင်း ယွမ်ချူးခန်ပြသလောက် စိတ်နေစိတ်ထားကိုပဲ သားတော်တွေ့ခဲ့ခြင်းဖြစ်သည်။
 

“စိတ်ထားကောင်းတာ၊ ထက်မြက်ပြီး တဖက်သားကို ကိုယ်ချင်းစာတတ်တာက သူ့စိတ်တဒေသဖြစ်မှာပါ။ ဒါပေမယ့် လူတစ်ယောက် မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကလည်း စိတ်ထားတစ်ခုကိုပုံဖော်တဲ့နေရာမှာ အရေးကြီးတယ်။ တကယ်လို့ ယွမ်ချူးခန်ကာ သာမာန်စစ်သူကြီး၊ အမတ်မိသားစုမှ သာယာတဲ့မိသားစုမှကြီးပြင်းခဲ့ရင် သားတော်ပြောတာက ဖြစ်နိုင်တယ်။ အခုက သူကြီးပြင်းတဲ့ပတ်ဝန်းကျင်၊ သူ့ကိုအနီးကပ်သင်ကြားပေးတဲ့သူရဲ့ အတွေးအခေါ်၊ ပြီးတော့ မသာယာတဲ့ မိဘအိမ်ထောင်ရေးရဲ့ အကျိုးဆက်တွေက သူစိတ်ကို တမျိုးတဖုံပြောင်းလဲသွားစေနိုင်တယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်ထားဖြစ်တည်မှု၊ လူကောင်းလူဆိုးဖြစ်စေမှုက သူ့ကိုယ်တိုင်ရဲ့မွေးရာပါ ပင်ကိုယ်စိတ်နဲ့ပတ်ဝန်းကျင်၊ သင်ကြားပေးခံရမှုပေါ် အမျုားကြီးမူတည်တယ် သားတော်လေးရဲ့။ သားတော်ရဲ့စိတ်နဲ့နှိုင်းပြီး လူတိုင်းကို ကိုယ့်လို မထင်မှတ်လိုက်နဲ့။ အရာအားလုံးက အခြေနေ၊အချိန်ခါပေါ်မူတည်တယ် ”

 

ခမည်းတော်၏ စကားကိုနားထောင်ပြီးနောက် ဆူမီရာ သက်ပြင်းချရန်သာ တတ်နိုင်တော့သည်။ ကျောင်းတော်မှာလည်း သင်ကြားခဲ့ရသည်ကို မိိမိအမှတ်တမဲ့ဖြစ်နေခြင်းပင်။ သိတာက တပိုင်း၊ စိတ်ထဲက ယုံကြည်ချင်တာ တပိုင်း ဖြစ်နေသည်ကို ကိုယ့်ဖာသာ သတိပြုမိလိုက်သည်။
 

“ဒါကြောင့် ပညာရှိတွေက လူအကြောင်းပေါင်းမှသိလို့ပြောခဲ့တာ ထင်တယ်နော် ခမည်းတော်ဘုရား..”
 

“ဟုတ်တာပေါ့။ ခမည်းတော် တစ်ခုတော့သေချာပြောနိုင်တာကတော့ တင်ဂီရိက သားတော်အပေါ် ဘယ်တော့မှ နစ်နာအောင်လုပ်မယ့်သူမဟုတ်ဘူးဆိုတာပဲ။ ”
 

“သားတော်သိပါတယ် ခမည်းတော်ဘုရား။ နောင်တော်က သားတော်ကို ကယ်တင်ပေးဖို့ တယောက်တည်းတောင်

နန်ကျောင်ပြည်ကို ခရီးနှင်ပြီးလိုက်လာကတည်းက နောင်တော့်စိတ်ရင်းကို သားတော်အကြွင်းမဲ့ယုံကြည်ပြီးသားပါ။”
 

“အင်း… တင်ဂီရိရဲ့ စိတ်နေစိတ်ထားက အရမ်းကိုလေးနက်ပြင်းထန်တယ်။ သူကလူကောင်းဖြစ်ရင် တလောကလုံးအကျိုးကို ဆောင်နိုင်မယ်။ ဒါပေမယ့် လူဆိုးဖြစ်သွားရင် တလောကလုံးကို မီးလောင်တိုက်သွင်းနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားတယ်။ သားတော်ကို သူအရမ်းကိုချစ်ခင်နေတာ အားလုံးကံကောင်းစေတဲ့အချက်ပဲ။ သားတော်က သူတည်ငြိမ်မှုကို ပေးနိုင်တဲ့ တစ်ခုတည်းသောအကြောင်းရင်းပဲ။”
 

ဆူမီရာသည် နောင်တော်နှင့်ပတ်သတ်ပြီး ခမည်းတော် သတိပေးသည်ကို အမှတ်တမဲ့သာနေလိုက်မိသည်။ နောင်တော်က တလောကလုံးကို ဖျက်ဆီးမည်ဆိုတာကို ဘယ်လိုမှမယုံကြည်နိုင်ပါ။ ထို့နောက် ယွမ်ချူးခန်ကို သတိရပြိး ခမည်းတော်ကို မေးလိုက်သည်။

 

“ခမည်းတော်ဘုရား…ယွမ်ချူးခန်က လူကောင်းမဖြစ်လာနိုင်ဘူးလား..”
 

“ဖြစ်နိုင်ပါတယ်။ လူကောင်း၊လူဆိုးဆိုတာ ကိုယ့်စိတ်ပိုင်းဖြတ်မှုတစ်ခုတည်းပေါ်မှာမူတည်တယ်။ သူက ကြင်နာမှုနဲ့ ယုံကြည်မှုရရင် လူကောင်းဖြစ်မယ့်သူပါ။ မဟုတ်ရင်တော့ သူကြီးပြင်းလာပုံအရ.. လူကောင်းမဖြစ်နိုင်ဘူး…။ ယွမ်ချူးခန်က ခန်မင်းဆက်ရဲ့ ရက်စက်တဲ့ စိတ်ကို အမွေဆက်ခံရနိုင်တယ်။”
 

“သားတော် သူ့ကို သူငယ်ချင်းလို သဘောထားတာဖြစ်လို့ အဲ့လိုအဖြစ်တော့ မဖြစ်စေချင်ဘူး ခမည်းတော်ဘုရား။ သူ့ကိုကူလို့ရရင်ကူညီချင်ပါတယ် ခမည်းတော်ဘုရား။”
 

“လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲဖို့ဆိုတာ ကာယကံရှင်ရဲ့ပြောင်းလဲချင်စိတ်ပေါ်မူတည်သေးတယ် သားတော်ရဲ့။ သားတော် ဘယ်လောက်ပြောင်းချင်ပေမယ့် သူတို့ကိုယ်တိုင်က မကောင်းတဲ့စိတ်မှာမွေ့လျော်နေရင် သူက ဘယ်တော့်မှ လူကောင်းဖြစ်မလာနိုင်ဘူး။ ”

 

ခမည်းတော်၏ စကားကိုကြားသော် ဆူမီရာ သက်ပြင်းသာနာနာချလိုက်မိတော့သည်။ ယွမ်ချူးခန်ကို တကယ်လည်း လူသားတွေရဲ့ကောင်းကျိုးသယ်ပိုးသည့် လူဖြစ်စေချင်မိသည်။

 

တင်ဂီရိသည် ဆူမီရာကို သေချာမှာကြားပြီးနောက် အနောက်ပိုင်းနယ်များကို စုစည်းရန်ထွက်လာခဲ့သည်။ လီတိုင်းပြည်ကို ၀ိုင်းထားသည့်မိမိစစ်တပ်ကိုကွပ်ကဲရဦးမည်။ ပြီးလျှင် မုယုံချင်း၏ အဆိပ်ကိုသုံးပြီး လူဆက်တိုက်သတ်ဖြတ်သည့် ကိစ္စကိုစစ်ဆေးရမည်။ မိမိထံမှ အဆိပ်ပညာကို သုံးပြီး အတင့်ရဲရဲနှင့်လူသတ်ရသည့် နောက်ကွယ်က အကြောင်းရင်းကို လိုက်ပြီး တရားခံကို အပြစ်ပေးရဦးမည်။ တောင်ပိုင်း လုပြည်၊ ချူပြည်နှင့် မဟာမိတ်ကို ခိုင်မြဲအောင်လုပ်ရမည်။ ထန်လိုခိတို့ တထန်ပြည်နှင့်ပူးပေါင်းသည့် အစီစဉ်ကိုထန်မင်းကြီးနှင့်တွေ့ပြီး ပြောရမည်။ ဆူမီရာလေးအတွက် အေးချမ်းသည့်တိုင်းပြည်ကို ထူထောင်ရန် တင်ဂီရိလုပ်စရာ အများကြီးကျန်သေးသည်။

 

--------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet