စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (47)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (47)

 

ဟော်သွန်းသည် လူငယ်လေးများကို ဝေ့ကြည့်လိုက်စဉ် သားတော်ကြီးကို သတိရစိတ်က ထူးထူးခြားခြားကိုပေါ်လာခဲ့သည်။ သားတော်တင်ဂီရိ ခုချိန်အရပ်မည်မျှရှိပြီလဲ။ ရုပ်ရည်က သူ့ခမည်းတော်နှင့်တူနေပြီလား။ အောင်မြင်သည့် စစ်ဘုရင်တစ်ယောက်ပုံကို မှန်းဆကြည့်ပြီး သက်ပြင်းချမိသည်။ လီကျန်းသည် သခင်မဟော်သွန်းက သခင်လေးတင်ဂီရိကို သတိရသွားမှန်းသိသဖြင့် သခင်မကိုအနားယူရန်ခေါ်လိုက်သည်။ ခုနောက်ပိုင်း သခင်မတခုခုခံစားရလျှင် နေမကောင်းဖြစ်တတ်သည်ကို ရိပ်မိနေသဖြင့် ဖျော့တော့သည့် သခင်မကို စိတ်သက်သာရာရစေချင်သည်။ သို့သော် နန်ကျောင်ပြည့်ရှင်မင်း၏ မိဖုရားအဖြစ်ကိုလက်ခံလိုက်ကတည်းက သခင်မ၏ နှလုံးသားကွဲကြေခဲ့သည်ကို အသိဆုံးဖြစ်သည်။

 

ဟော်သွန်းသည် လီကျန်းနှင့်အတူ နားနေဆောင်ကိုထွက်သွားတော့မှ တင်ဂီရိ သက်ပြင်းချမိသည်။ မယ်မယ်၏မျက်ဝန်းထဲမှ နာကျင်ရိပ်၊ လွမ်းဆွတ်သည့်အရိပ်၊ ပြီးတော့ အပြစ်မကင်းရှက်ရွံ့သည့် အရိပ်များကိုမြင်ရတော့ တင်ဂီရိ စိတ်မကောင်းပါ။ မယ်မယ့်ကျန်းမာရေးက စိတ်ထောင်းလို့ကိုယ်ကြေဖြစ်ပုံရသည်ကို နားလည်လိုက်သည်။ ဒါကြောင့် ဆူမီရာမပြန်ခင် မယ်မယ့်အတွက် သည်းခြေငြိမ်သည့်ဆေးကိုဖော်စပ်ပေးရန် ပြောရမည်ဟု တေးထားသည်။

 

ဟော်သွန်း နားနေဆောင်တွင် ရိုးရာလက်ဖက်ရည်ကို သောက်နေချိန်တွင် နန်းတော်ထဲမှ အပါးတော်မြဲကြီးအပြေးအလွှားရောက်လာခဲ့ပြီး ဟော်သွန်းကိုလျှောက်တင်သည်။
 

“သခင်မဘုရား… မင်းသားလေး… အဆောင်ထဲမှာသေရည်အလွန်အကျွံမူးပြီး သောင်းကျန်းနေပါတယ်.. ”
 

“မင်းကြီးကို မလျှောက်တင်ဘူးလား..”
 

“မင်းကြီးက သခင်မကို အခေါ်လွှတ်လိုက်တာပါ ဘုရား။ မင်းသားလေးကို ဖြောင့်ဖြနိုင်တာ သခင်မပဲရှိတယ်လို့လည်း ပြောခိုင်းလိုက်ပါတယ်…”

 

ဟော်သွန်းသည် မိမိ စံအိမ်ဟောင်းကိုလာတိုင်း မင်းကြီး မနှစ်သက်သဖြင့် ယခု သားတော်ကိုအကြောင်းပြပြီး ပြန်ခေါ်သည်ကိုသိလိုက်သည်။ ထို့ကြောင့် လီကျန်းနှင့်လူငယ်အားလုံးကို နူတ်ဆက်ကာ ရထားပေါ်တက်ပြီး နန်းတော်ထဲပြန်လာခဲ့သည်။ တင်ဂီရိသည် မယ်တော့်ကို မျက်စိတဆုံးကြည့်နေပြီး နောက်မှလှည့်ထွက်သွားခဲ့သည်။ လီကျန်းသည် လှည့်ထွက်သွားသည့် လူငယ်ကို ယခုမှ သတိပြုမိပြီးလှမ်းခေါ်လိုက်သည်။
 

“ဟေ့… မင်းဘယ်သူ့သားလဲ။ မင်းကို တခါမှ မမြင်ဖူးဘူး..”

 

လူငယ်က မဖြေပဲ အိမ်တော်အပြင်ကိုထွက်သွားသဖြင့် လီကျန်းလက်ကိုဆွဲကာ မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ လူငယ်၏ စူးရှသည့် မျက်ဝန်းကိုတွေ့လိုက်စဉ် လီကျန်း ရင်ထဲတဆတ်ဆတ်တုန်သွားခဲ့သည်။ ဒီမျက်နှာပေါက်၊ ဒီလိုစူးရှသည့် အကြည့်၊ ငယ်စဉ်ကလေးဘ၀က မိမိထိန်းကျောင်းခဲ့သည့် သခင်မလေးရဲ့သားအကြီး တင်ဂီရိ သခင်လေး။ သခင်လေး နန်ကျောင်နေပြည်တော်ကိုရောက်နေသည်ကို သတိရတော့ စိုးရိမ်သွားပြီး သခင်လေး၏လက်ကို ကိုင်ကာ ခပ်လှမ်းလှမ်းကို ဆွဲခေါ်လာခဲ့သည်။

 

တင်ဂီရိက မိမိကိုမှတ်မိသွားသည့် ငယ်စဉ်က အထိန်းတော်ကြီးလီကျန်းဆွဲခေါ်သည့်ဘက်ကို အသာတကြည်လိုက်လာပြီး လုံခြုံသည့်နေရာရောက်သော် ပွေ့ဖက်ပြီး မွန်ဂိုထုံးစံအတိုင်းနူတ်ဆက်လိုက်သည်။
 

“အထိန်းတော်ကြီး ကျွန်တော့်ကို မှတ်မိသေးတယ်နော်…”
 

“ကျွန်တော်မျိုး ဘယ်လိုလုပ် အရှင့်သားကို မေ့နိုင်မှာလဲ။ ကျွန်တော်မျိုးရဲ့ သခင်လေးကို ဘယ်လိုမေ့နိုင်မှာလဲ… ”
 

“မငိုပါနဲ့။ ကျွန်တော် လီကျန်းတို့အားလုံးကို ပြန်ခေါ်မယ်လို့ ကတိပေးတယ်..အခုတော့ ကျွန်တော်ရောက်လာတာကို ဘယ်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားပေးပါ။ ဒီအကြောင်းကို ကာလိုခန်ရဲ့လူတွေ သိရင် အားလုံး အသတ်ခံရလိမ့်မယ်..”
 

“ကောင်းပါပြီ သခင်လေး။ ကျွန်တော်ကလွဲပြီး ဘယ်သူမှ မသိစေရပါဘူး။ သခင်မကြီးသာ သိရင် အရမ်းကိုဝမ်းသာမှာ။ ခုနက သခင်မကြီးက သခင်လေး ရှိနေတာကို ခံစားမိလို့ထင်တယ်။ အရမ်းကို စိတ်ထိခိုက်သွားတာ.”
 

“ကျွန်တော်လည်း မယ်မယ့်ကို မထင်မှတ်ပဲတွေ့လိုက်ရတော့ အရမ်းကို တုန်လှုပ်မိတယ်။ မယ်မယ့်ကျန်းမာရေးကို စိုးရိမ်တယ် အထိန်းတော်ကြီး။ မယ်မယ့်ကို သေချာဂရုစိုက်ပေးပါ။ ကျွန်တော်နဲ့ခမည်းတော် မယ်မယ်နဲ့လူမျိုးစုအားလုံးကို ပြန်ခေါ်ဖို့စစ်ချီလာတော့မယ်…”

 

တင်ဂီရိသည် လီကျန်းကို ပွေ့ဖက်နူတ်ဆက်ပြီး မှာကြားပြီးနောက် လျင်မြန်စွာထွက်ခွာသွားတော့သည်။ နန်းတော်ထဲမှ ဆူမီရာကို သွားတွေ့ပြီးဆေးဖော်ခိုင်းရမည်။

 

ဆူမီရာသည် အိမ်ပြန်ရန်ပြင်ဆင်နေစဉ် ယွမ်ချူးခန်ပျောက်နေသည်ကို သတိထားမိပြီး သူ့အဆောင်ဘက်ကိုထွက်လာစဉ် ရုတ်တရက် ခြုံတစ်ခုနောက်မှ လက်တစ်စုံထွက်လာပြီး ဆူမီရာကို ခြုံထဲဆွဲခေါ်သွားတော့သည်။ ရုတ်တရက် လန့်ဖျန့်ကာ အော်မြည်အပြု ရင်းနှီးနေသော နောင်တော့်အသံကိုကြားလိုက်တော့ ၀မ်းသာပြီး နောက်ကိုလှည့်ကာ ဖက်ပြီးရင်ခွင်ထဲတိုးဝင် လိုက်သည်။
 

“ဆူမီရာလေး…”
 

“နောင်တော်…နောင်တော်…ဒီထဲ ဘယ်လိုဝင်လာတာလဲ။ သူတို့မိသွားရင် ဘယ်လိုလုပ်မလဲ..”

 

တင်ဂီရိက တိုးတိုးရယ်လိုက်ပြီး ပြောလိုက်သည်။
 

“ကိုယ်က အသက် ၁၂ နှစ်ထိ ဒီနန်းတွင်းမှာကြီးပြင်းလာတာပါ။ ဒီထဲက လမ်းတွေအားလုံးကို အလွတ်ရတယ်။ လာ… ကိုယ် မီရာ့ကို ခိုင်းစရာရှိလို့…”

 

တင်ဂီရိသည် ဆူမီရာကိုခေါ်ပြီး နန်းတော်၏အရှေ့ဘက်ဆုံး အဆောင်ဟောင်းများဆီကိုလာခဲ့သည်။ ထိုဝင်းများထဲ အုတ်နံရံကိုကျော်တက်ပြီး အထဲကိုဝင်သည်။ အစောင့်လည်းမရှိ၊ မသုံးတော့သည့် အသုံးအဆောင်ပရိဘောက အဟောင်းများ ထားသည့်နေရလုပ်ထားသဖြင့် အေးအေးဆေးဆေးစကားပြောလို့ကောင်းသည့် နေရာလေးဖြစ်သည်။

 

“ဒီနေရာက ဘယ်လိုနေရာလဲ..”

 

“အရင်ကတော့ အပယ်ခံမိဖုရားတွေထားတဲ့နေရာ။ ဒီနေရာကို အသုံးမပြုတာ ဆယ့်ခြောက်နှစ်ရှိခဲ့ပြီ။ ”
 

တင်ဂီရိသည် ဆူမီရာထိုင်ဖို့ နေရာတစ်ခုရှင်းပြီးဖုန်ခါပေးရင်းပြောလိုက်သည်။ ဆူမီရာသည် နောင်တော့်ကိုကြည့်ပြီး တောင်းပန်စကားဆိုရန် နူတ်ခမ်းဟလိုက်စဉ် တင်ဂီရိက ပိတ်ပြောလိုက်သည်။

 

“နောင်တော်”

 

“ကိုယ့်ကိုတောင်းပန်မလို့မလား။ မတောင်းပန်နဲ့။ မယ်မယ့်ကို ကုပေးဖို့ လိုက်လာမှန်းကိုယ်သိတယ်။”
 

“ဟို…ကျွန်တော် နောင်တော်မှာထားတာကို ဆန့်ကျင်ပြီး ငွေတောင်ပြည်က ဆင်းလာမိတာ…”
 

“ဆူမီရာရဲ့ ခမည်းတော်အမိန့်နဲ့လာရတာကိုလည်း နောင်တော်သိတယ်။ ဆူမီရာရဲ့အပြစ်မဟုတ်ဘူး။ ကဲလာ..ထိုင်ဦး.. နောင်တော် ဆူမီရာကို သေချာမကြည့်ရသေးဘူး။”

 

တင်ဂီရိက ဆူမီရာ၏လက်ကိုဆွဲကာ ထိုင်ခုံတွင်ထိုင်ခိုင်းပြီး ခြေဆုံးခေါင်းဆုံးကြည့်နေသဖြင့် ဆူမီရာက နူတ်ခမ်းစူကာပြောလိုက်သည်။
 

“ဘာမကြည့်ရမှာတုန်း။ နောင်တော် ကျောက်ဖြူတောမှာကတည်းက ကျွန်တော့်ကို သေချာကြည့်နေပါတယ်။ပြီးတော့ ဟိုဈေးမှာလည်း ကြည့်နေသားပဲ။ အဆောင်မှာတောင် လာလာချောင်းသေးတယ်မလား။”

 

တင်ဂီရိသည် ဆူမီရာ၏ပြောပုံလေးကြောင့် သဘောကျကာ တိုးတိုးရယ်ပြီး ဆတ်ခနဲသိမ်းပွေ့ကာ ပြောလိုက်သည်။
 

“အင်း…ဟုတ်တယ်။ ကိုယ့်ရဲ့ ဆူမီရာလေးကို ကိုယ်မျက်ခြေမပြတ်လိုက်ကြည့်နေတာ။ ဒါပေမယ့် ခုလိုမဖက်ရသေးလို့ အလွမ်းကိုမပြေဘူး။ အရမ်းလွမ်းတယ် ဆူမီရာလေးရယ်။ ပြီးတော့ ကိုယ် စိတ်ပူလွန်းလို့သေတော့မယ်။ လုပ်လက်စအားလုံးကို ထားပြစ်ပြီး ပြေးလာခဲ့တာ..”
 

“ကျွန်တော်လည်းနောင်တော့်ကို အရမ်းသတိရတယ်သိလား။ ပြီးတော့ တထိတ်ထိတ်နဲ့။ နောင်တော် ကျွန်တော့်ကို တွေ့ရင် ဆူတော့မလား၊ ရိုက်တော့မလားလို့ထင်ထားတာ။ ခုလို ကျွန်တော့်ကို ခွင့်လွှတ်မယ် မထင်ထားဘူး။ တောင်းပန်ပါတယ် နောင်တော်။ ကျွန်တော် နောင်တော့်ကို စိတ်ပူအောင်လုပ်မိလို့ ကျွန်တော့်ကိုခွင့်လွှတ်ပါနော်..”
 

“အပြစ်မယူပါဘူးဆိုတာ… တစ်ခုပဲရှိတယ်။ ဆူမီရာ အဲ့ဒါလုပ်ပေးရမယ်..”
 

“ဟုတ်ကဲ့။ နောင်တော်ခိုင်းတာကို အားလုံးလုပ်ပါ့မယ်..”
 

“တကယ်နော်..ကတိ… ပြီးမှာ မငြင်းရဘူး..”

 

“မငြင်းပါဘူး။ နေဦးနောင်တော် ခိုင်းမှာ ဘာမို့ အဲ့လိုကတိတောင်းနေတာလဲ…”

 

ဆူမီရာက ခုမှ သတိရပြီး မင်္သကာဟန်ဖြင့်မေးလိုက်သည်။ တင်ဂီရိက ရယ်မောကာ နူတ်ခမ်းလေးကို ဖြတ်ခနဲနမ်းလိုက်ပြီး ပြောလိုက်သည်။
 

“ဦးရီးတော်ရှေ့မှ ပြောမယ်။ အခု.. ကိုယ့်ကို တစ်ခုလုပ်ပေး.. ကိုယ့်မယ်တော်က စိတ်မချမ်းသာတဲ့ဒဏ်ကို နှစ်ရှည်လများခံစား ခဲ့ရလို့ နှလုံးနဲ့သည်းခြေအားနည်းနေတယ်။ အဲ့ဒါ ဆူမီရာက မယ်မယ့်အတွက် ဆေးဖော်ပြီး ပုံမှန်သောက်ဖို့ မှာကြားပေးပါ။ ”

 

ဆူမီရာသည် နောင်တော့်ကိုဖက်ထားပြီးပြောလိုက်သည်။
 

“ကျွန်တော် အကောင်းဆုံးဆေးဖော်ပေးပါ့မယ် နောင်တော်။ ကျွန်တော်လေ… နောင်တော့်ကို နောင်တော့်မယ်မယ်နဲ့ တချက်လောက် တွေ့သွားစေချင်တယ်…အရီးတော်က နောင်တော့်ကို တွေ့ရရင် အရမ်းဝမ်းသာမှာ…”
 

“အင်း… မယ်မယ့်ကို ဝေဒနာတွေထပ်ပေးမိမှာစိုးလို့ပါ မီရာလေးရယ်…”
 

“မပေးမိပါဘူး။ အရီတော်က ဖွင့်မပြောပေမယ့် နောင်တော့်ကိုအရမ်းချစ်တယ်ဆိုတာ ကျွန်တော်ခံစားမိတယ်…”
 

“နောင်တော်သိပါတယ်…ကဲ… မီရာလေးရဲ့ ယောက္ခကို မီရာလေးလက်ထဲပဲ အပ်လိုက်ပြီနော်..”

 

ဆူမီရာသည် နောင်တော့်အပြောကြောင့် ရှက်သွားသော်လည်း ကြည်ကြည်နူးနူးလေးဖြစ်သွားပြီး နောင်တော့်ရင်ခွင်ထဲ ခေါင်းတိုးကာ ပြောလိုက်သည်။
 

“စိတ်ချပါ။ နောင်တော့်မယ်မယ်က ကျွန်တော့်မယ်မယ်ပါပဲ…”

 

နှစ်ဦးသား ငြိမ်ငြိမ်လေးဖက်ထားသော်လည်း နားလည်မှု၊နွေးထွေးမှုနှင့် ချစ်ခြင်းတရားက ၀န်းရံထားသဖြင့် အကွာဝေးနှင့် မည်သည့်အရာမှ ခွဲခြားခြင်းကို မလုပ်နိုင်တော့ပေ။

 

“မီရာ့ကို အရမ်းချစ်တယ် ကလေးလေး..”

 

“ကျွန်တော်လည်း နောင်တော့်ကို ချစ်တယ်..”

 

ဒီစကားကိုပြောလိုက်ရသဖြင့် ဆူမီရာကျေနပ်မိသည်။ တကယ့်ကို ချစ်သည်။အတူရှိသည့် အချိန်တိုင်းကို တန်ဖိုးထားပြီး နောင်တော့်ကို တင်းအောင်ဖက်ကာ နောင်တော့်ထံမှ အချစ်များကို ခံစားနေမိသည်။

 

------------------------
 

“သားတော်…ချူးခန်…”

 

“မယ်မယ်… ဘယ်သူက မယ်မယ့်ကို သွားခေါ်ခိုင်းတာလဲ…”

 

ယွမ်ချူးခန်သည် မိမိကိုယ်ကို မနည်းထိန်းပြီး အပြင်မှာ အပါးတော်မြဲကြီးကို လှမ်းအော်မေးလိုက်သည်။ ဟော်သွန်းသည် သားတော်ကိုလှမ်းဖက်ပြီး ပြောလိုက်သည်။
 

“သားလေး…မယ်မယ့်သားလေး… ဘာတွေဖြစ်နေလဲ မယ်မယ့်ကိုပြောစမ်း။ မယ်မယ် သားလေး ဘာကြောင့် ဒီလောက်စိတ်ဆင်းရဲနေတာလဲ…”

 

ယွမ်ချူးခန်သည် မယ်တော်၏ ပွေ့ဖက်မှုကိုခံလိုက်ရစဉ် တောင့်ခနဲဖြစ်သွားပြီး တိုးတိုးမေးလိုက်သည်။
 

“သားတော်ကို ဘာကြောင့် ခုမှ ဂရုစိုက်တာလဲ မယ်မယ်ဘုရား။ သားတော်က မယ်မယ့်အတွက် အရှက်ရစေတဲ့ သားမဟုတ်ဘူးလား။ ကျွန်တော့်ကို မြင်တိုင်း မယ်မယ်ရင်နာရတယ် ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်က မယ်မယ့်အတွက် အရှက်တရား…”
 

ဟော်သွန်းသည် သားတော်၏ ခေါင်းလေးကို ပွတ်ပေးကာ ပြောလိုက်သည်။

 

“မဟုတ်ဘူး။ သားတော်က မယ်မယ့်သားပဲ။ သားကို ဂရုမစိုက်ဘူးဆိုတာ တနန်းတော်လုံးက ၀ိုင်းပြီးဖူးဖူးမှုတ်ထားတဲ့ သားကို မယ်မယ်က တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးချင်လို့။ မယ်မယ့်သားကို တကယ့်ယောကျာ်းကြီးတစ်ယောက်လို ကြံ့ခိုင်လာစေချင်လို့.. မယ်မယ်တို့ မောလကစ်အနွယ်က ကလေးတွေလို ပျိုးထောင်ပေးခဲ့တာ။ သားတော်ကို မုန်ုးလို့ မယုယတာ မဟုတ်ဘူး။ မယ်မယ်က သားတော်ကို မယ်မယ့်မျိုးနွယ်အတိုင်း မွေးမြူခဲ့တာ…. ”
 

ယွမ်ချူးခန်သည် မယ်မယ့်စကားကိုကြားသော် မကျေနပ်စိတ်များ ငြိမ်းသွားပြီး တိုးတိုးလေးပြောခဲ့သည်။

 

“ကျွန်တော်က မယ်မယ့်ဂရုစိုက်မှုလေးတစ်ခုကိုသာရမယ်ဆိုရင် တနန်းတော်လုံးကို ကျောခိုင်းဝံ့သူပါ။ တသက်လုံး မယ်မယ့်အကြင်နာကိုပဲ မျှော်လင့်ခဲ့တာပါ။”
 

“မယ်မယ်သိတယ်။ မယ်မယ့်သားလေးကို မယ်မယ်ခုကစပြီး သေချာဂရုစိုက်ပေးမှာပါ။ သားလေးက မယ်မယ့်အတွက် တစ်ဦးတည်းသော သွေးသားရင်းချာမဟုတ်လား။ ပြီးတော့ သားလေးကို မယ်မယ် အားကိုးတယ်။ ”

 

ယွမ်ချူးခန်သည် မယ်မယ့်စကားကိုကြားသော် မျက်လုံးများတောက်ပလာခဲ့သည်။ မိမိအဖြစ်ကို မယုံနိုင်ဖြစ်ကာ ကိုယ့်ကိုယ်ကို ဆွဲလိမ်လိုက်ပြီးမှာ မေးလိုက်သည်။
 

“မယ်မယ်… အခု ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့နော်။ တကယ်နော်… မယ်မယ်က ကျွန်တော့်ကို အားကိုးတယ်ပြောတာ တကယ်လား။”
 

“မယ်မယ် ဘယ်တုန်းကမှ လိမ်မပြောခဲ့ဘူး။ ”
 

“ဒါပေမယ့် မယ်မယ်က အရင်က သားတော်ကြီးကိုပဲ အမြဲသတိရနေတာ မဟုတ်လား။ ”
 

“သူလည်း မယ်မယ့်သားမို့ မယ်မယ်သတိရတယ်။ ဒါပေမယ့် မယ်မယ့်နားမှာ အနီးကပ်နေတာက သားတော်လေ။ တရက်မှာ နာရီနှစ်ဆယ်ကျော်က သားတော်အကြောင်းကိုပဲ မယ်မယ်တွေးနေမိတာပါ။ ”

 

ယွမ်ချူးခန်သည် ထိုစကားကိုကြားသော် မျက်ရည်စီးကျလာပြီး မယ်မယ့်ရင်ခွင်ထဲ တိုးဝင်ကာ ကလေးလို ငိုကြွေး၇င်းပြောလိုက်သည်။
 

“သားတော်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးက ပြန်တော့မယ် မယ်မယ်။ သားတော် သူ့ကိုမခွဲနိုင်ဘူး။ သူ့ကိုအနားမှာနေစေချင်တယ်။ ဒါပေမယ့် သူ့ကိုအတင်းခေါ်ထားရင် သူစိတ်ဆင်းရဲမှာမို့သားတော် မခေါ်ရက်ဘူး။ ဒါကြောင့် သားတော် အရမ်းစိတ်ညစ်ပြီး အရက်သောက်ပြီးသောင်းကျန်းနေတာ..”
 

“အင်း…ဆူမီရာလေးလည်း သားတော်ကို ခင်ရှာတယ်။ သားတော်အခုလိုလုပ်ရင် သူပိုစိတ်ဆင်းရဲမှာပေါ့။ သားတော် သူ့ကို တကယ်ချစ်ရဲ့လား။”

 

ယွမ်ချူးခန် ခေါင်းငြိမ့်လိုက်သည်။
 

“ကျွန်တော့်ဘ၀ မှာ အချစ်ရဆုံးသူ…”
 

“သားတော် သူ့ကို တကယ်ချစ်ရင် သူစိတ်ချမ်းသာအောင်လုပ်ပေးရမယ်လေ။ ကိုယ့်အချစ်ကြောင့် သူက ပူလောင်မယ်။ စိတ်ဆင်းရဲမယ်ဆိုရင်သားတော် သူ့ကိုမချစ်ဘူး။ သူ့ကို မုန်းတာထက်ဆိုးတယ်။ လောကမှာ ကိုယ့်ကြောင့် ကိုယ့်ချစ်သူကို စိတ်ဆင်းရဲအောင်လုပ်မိတာလောက် ဆိုးဝါးတာ မရှိဘူး။”

 

ယွမ်ချူးခန်သည် မယ်မယ့်မျက်နှာကိုမော့ကြည့်လိုက်တော့ မယ်မယ်က အားပေးဟန်ဖြင့်ပြုံးကာပြောလိုက်သည်။

 

“သား သူ့ကိုတကယ်ချစ်ရင် သူ့ကိုပြန်လွှတ်လိုက်ပါ။ ပြီးရင် လူကြီးပီပီသသနည်းနဲ့ သူနားကိုပြန်သွားပါ။ ချစ်ခြင်းတရားက အနားမှာအတင်းခေါ်ထားတာနဲ့ဘာမှ မသက်ဆိုင်ဘူး သားတော်။ ပြီးတော့ သားတော်သူ့ကိုချစ်တယ်ဆိုတာ သူကိုယ်တိုင် ခံစားမိအောင် ပြသဖို့လည်းလိုတယ်။ သားတော် စိတ်ဝင်စားတယ်ဆိုရင် ဘယ်လိုပြသရမယ်ဆိုတာ မယ်မယ် သားကိုပြောပြပေးနိုင်တယ်။”

 

မယ်မယ့်စကားကြောင့် ယွမ်ချူးခန် မျက်လုံး အရောင်လက်လာခဲ့သည်။ မယ်မယ်၏ ဂရုစိုက်မှုက ယွမ်ချူးခန်၏ နှလုံးသားကို အရည်ပျော်ကျလာစေသည်။ ထို့ကြောင့် မယ်မယ့်ကို ငေးကြည့်ကာ ပြောလိုက်သည်။
 

“သားတော် မယ်မယ့်စကားကို နားထောင်ပါ့မယ်…”

 

ဟော်သွန်းကျေနပ်စွာပြုံးလိုက်သည်။ သားငယ်လေး အမြင်မှန်ရလာသဖြင့် စိတ်ချမ်းသာသွားခဲ့သည်။
 

“ဒါဆို ..ရေချိုး။ ဆူမီရာ ကို အေးအေးဆေးဆေး နယ်စပ်ထိ လိုက်ပို့ပေးလိုက်။ ”

 

ယွမ်ချူးခန်သည် မယ်မယ့်ရင်ခွင်ထဲကို တိုးဝင်ကာပြောလိုက်သည်။
 

“ကျွန်တော့်ကို မခွဲသွားဘူးလို့ မယ်မယ်ကတိပေးပါ။ မယ်မယ့်စကားကို ကျွန်တော် တသွေမတိမ်းနားထောင်မယ်…”
 

“အေးပါ..သားရယ်။ မယ်မယ်သားကို မခွဲသွားပါဘူး။”

 

မယ်မယ့်စကားကြောင့် ယွမ်ချူးခန် အလုံးကြီးကျသွားခဲ့သည်။ တင်ဂီရိရောက်နေပြီဆိုတာ သိလို့ မယ်မယ့်ကို ပြန်ခေါ်သွားမှာကို အရမ်းကြောက်နေမိသည်ကို မယ်မယ်မသိပါ။

 

--------------------------------

ဆူမီရာသည် ဆေးဖော်စပ်ပြီးနောက် အရီးတော်၏ နန်းဆောင်ကိုလာခဲ့သည်။ ဟော်သွန်းသည် ဆူမီရာကိုတွေ့သည်နှင့်ပြုံးရွှင် စွာဖြင့် ဆီးကြိုသည်။
 

“ဆူမီရာလေး..လာလာ…”
 

“အရီးတော်ကို ဂါရ၀ပြုရင်း ဆေးစပ်ထားတာပေးဖို့လာခဲ့တာပါ…”
 

“ဘာဆေးများလဲ ဆူမီရာလေး…”
 

“စိတ်လှုပ်ရှားတာကို ထိန်းချုပ်နိုင်ပြီး အိပ်ပျော်စားဝင်တဲ့ ဆေးပါ အရီးတော်…”

 

ဆူမီရာ၏ စကားကိုကြားသော် ဟော်သွန်း စိတ်လှုပ်ရှားသွားသည်။ ဒါကြောင့် အခြွေရံများကို အားလုံး အဆောင်ပြင်ထွက်ခိုင်းပြီး မေးလိုက်သည်။

 

“ဘာကြောင့် ဒီဆေးကို ဖော်စပ်ပေးတာလဲ ဆူမီရာ.. ”

 

ဆူမီရာသည် အခြွေရံများထွက်သွားခိုင်းကတည်းက အရီးတော် ရိပ်မိသွားပြီးတခုခုမေးမည်ကို သိလိုက်သည်။

 

“အရီးတော်ကို နေကောင်းစေချင်လို့ပါ။ နောက်ပိုင်းမှာ အရီးတော်ကို ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာ မြင်ချင်လို့ပါ။”
 

“ဒီဆေးကို ဘာတွေနဲ့ဖော်စပ်ထားတယ်ဆိုတာ အရီးတော်ကို ပြောပြလို့ရမလား.. ဘာတွေပါဝင်တယ်ဆိုတာ…”

 

ဆူမီရာက ချောင်းဟန့်ကာ လိမ်လိုက်ရသည်။ လိမ်လေ့မရှိသဖြင့် မျက်နှာနီပြီး မျက်နှာကိုလွဲထားလိုက်သည်။ တကယ်တော့ နောင်တော ပေးသည့် ကုန်ကြမ်းဖြင့်ဖော်စပ်ထားခြင်းဖြစ်သည်။

 

“ဟုတ်ကဲ့။ အထဲက နန်းတွင်းဆေးဂိုဒေါင်က ဆေးတွေနဲ့ဖော်စပ်ထားတာပါ။ ”
 

ဟော်သွန်းသည် ရိုးသားလှသည့် ငွေတောင်မင်းသားလေးကို ပြုံးကြည့်ကာ လေအေးလေးနှင့်ပြောလိုက်သည်။

 

“ဒါပေမယ့် အဓိက ပါဝင်တဲ့ဆေးတမည်ဖြစ်တဲ့ ငါးအမြူတေက ဒီမှာမရှိဘူးလေ။ သားတော်ကြီး..ဒီကိုရောက်နေတာ မလား..သူ အဲ့ဆေးကို ယူလာပေးတာ မလား။”
 

ဆူမီရာက ချက်ချင်းဝန်ခံလိုက်သည်။ အရီးတော်သိနှင့်ထားသဖြင့် ၀မ်းသာသွားသည်။

 

“ဟုတ်ပါတယ် အရီးတော်… နောင်တော်က အရီးတော်အတွက် ဆေးဖော်ခိုင်းလိုက်လို့ပါ…”
 

“သားတော်ကြီးက ငယ်ကတည်းက အရီးတော်အတွက် အရမ်းသိတတ်တယ်။ အမြဲတမ်း သူ့မယ်တော် ဘာကိုလိုအပ်နေသလဲ ဆိုတာ တိတ်တိတ်လေးစောင့်ကြည့်ပြီး လုပ်ပေးတတ်တဲ့ အကျင့်ရှိတယ်။ သားတော်ကြီးက အရီးတော်အပေါ်ထားတဲ့ အချစ်က ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ခုချိန်ထိ ချစ်ခင်ပြီး ဂရုစိုက်တဲ့ အကြည့်တွေက ကလေးဘ၀နဲ့ အတူတူပဲ.. ”
 

ဟော်သွန်းက ကြည်ကြည်နူးနူးပြုံးကာ ဆေးပုလင်းကို ကိုင်ကြည့်ပြိးပြောသည်။ တကယ်လည်း သားတော်ကြီး အနားမှာရှိသလို ခံစားလိုက်ရသည်။ ဆူမီရာက အရီးတော်၏ စကားကြောင့် အံ့အားသင့်ပြီးမေးလိုက်သည်။

 

“အရီးတော်… နောင်တော့်ကို တွေ့ခဲ့ပြီလား..”
 

“အရင်အိမ်တော်ဟောင်းကို သွားလည်တော့ မထင်မှတ်ပဲ တွေ့ခဲ့တယ်။ သားတော်ကို ပွေ့ဖက်နူတ်ဆက်ချင်ပေမယ့် ခန်မင်းကြီးရဲ့လူတွေသိသွားရင် သားတော်ကိုလုပ်ကြံမှာစိုးလို့ ထိန်းချုပ်ပြီးပြန်ခဲ့ရတယ်။ ”
 

“အရီးတော်ရယ်…”
 

ဆူမီရာသည် အရီးတော်နှင့်နောင်တော်၏ အဖြစ်ကို ရင်ထုမနာဖြစ်သွားသည်။ သားအမိတွေ့ပါလျက် တယောက်ကို တယောက်ငဲ့ပြီး မခေါ်ခဲ့ရသည့်အဖြစ်။ ဟော်သွန်း က ဆူမီရာကိုလိုရင်းကိုမှာကြားလိုက်သည်။

 

“သားတော်ကို ပြောလိုက်ပါ။ အရီးတော် သူ့ကို တရက်မှမမေ့ဘူးလို့။ပြီးတော့ အရီးတော်ခုလို ဖြစ်တာ ကံတရားအတိုင်းပါလို့။ သူတို့သားအဖအပြစ်မဟုတ်ဘူးလို့ ပြောပေးလိုက်ပါ..”
 

“ဟုတ်ကဲ့။ ပြောလိုက်ပါ့မယ် အရီးတော်ဘုရား။ နောင်တော်ကလေ အရီးတော်ကို ကျန်းမာအောင်နေပါတဲ့။ မကြာခင် ပြန်လာခေါ်ပါ့မယ်တဲ့…”
 

ဟော်သွန်းသည် ဆူမီရာ၏ စကားကို ဆက်နားထောင်ရန် အင်အားမရှိတော့သဖြင့် နှင်လိုက်တော့သည်။ ရင်ခွင်တခုလုံး ဆတ်ဆတ်ခါအောင်နာကျင်လာပြန်သည်။

 

“အရီးတော် စောင့်နေပါ့မယ်.. ကဲ…သွားကြတော့…”

-------------------

ယွမ်ချုးခန်က အဆောင်ပြင်မှစောင့်ကာ ပြောလိုက်သည်။ မယ်တော့်အဆောင်ထဲ မည်သူမျှ မ၀င်ခိုင်းသဖြင့် ဆူမီရာကို မယ်တော် တခုခုမှာနေသည်ကို သိလိုက်သည်။


“ဆူမီရာ… ငါ မင်းကို နယ်စပ်အထိ လိုက်ပို့ပေးမယ်…”
 

“အင်း… ကောင်းတယ်…”
 

“မင်း မယ်မယ်နဲ့နှစ်ယောက်တည်း ဘာတွေပြောနေတာလဲ…”
 

လမ်းတွင် ယွမ်ချူးခန် ဆူမီရာကို မေးလိုက်သည်။ စိတ်ထဲ မကျေမနပ်လည်းဖြစ်မိသည်။ ဆူမီရာက အကြည့်ကိုလွဲကာ လိမ်လိုက်သည်။ မလိမ်လို့လည်းမရပေ။ နောင်တော့်အကြောင်း သိလို့မဖြစ်ပါ။

 

“ဆေးဖော်စပ်ထားတာကိုပေးရင် သောက်ရမယ့်နည်းကိုပြောနေတာပါ…”
 

“မယ်မယ်က ဘာကြောင့် ဘယ်သူ့ကိုမှ သူ့အနားမနေခိုင်းပဲ မောင်းထုတ်ရတာလဲ။ ”

 

ဆူမီရာသည် ယွမ်ချူးခန်ရိပ်မိသွားသည်ကိုသိသဖြင့် ထိတ်သွားသည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ မျက်နှာကိုကြည့်ပြီး တချက်ရယ်မောကာ ပြောလိုက်သည်။
 

“င့ါမယ်မယ်ကို ငါ ဘယ်သူ့ကိုမှ မပေးနို်င်ဘူး ဆုမီရာ။ တကယ်လို့ငါ့မယ်မယ်ကို ငါ့လက်ကနေ ရယူဖို့ကြိုးစားရင် ဘယ်သူ့ကိုမဆို ငါသတ်ပစ်ရမှာပဲ။ မင်းလည်း ဒီလိုအရှုပ်ထဲ မပါစေနဲ့ ဆူမီရာ။ မင်းက ငါတန်ဖိုးထားရတဲ့သူ။ မင်းကို ငါထိခိုက်အောင် မလုပ်ချင်ဘူး။”

 

“ဆူမီရာ… မင်းအဲ့လိုတော့ မလုပ်သင့်ဘူး။ အရီးတော်က မင်းရဲ့မယ်မယ်ဖြစ်သလို နောင်တော်ရဲ့မယ်တော်ပဲလေ။ မင်းတစ်ယောက်တည်း ပိုင်ချင်လို့မှမရတာ…”

 

ဆူမီရာသည် ယွမ်ချူးခန်ကို စိတ်မကောင်းဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

 

“မရဘူး။ ငါတစ်ယောက်တည်းပိုင်ရမယ်။ ပြီးတော့ မင်း… မင်းက ငါရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ။ အဲ့ဒါကို မမေ့ပစ်လိုက်နဲ့…”
 

ဆူမီရာက သက်ပြင်းချကာပြောလိုက်သည်။

 

“ငါ မမေ့ပါဘူး ယွမ်ချူးခန်…ကဲ… နယ်စပ်ရောက်ပြီ။ ငါသွားတော့မယ်…”

 

ယွမ်ချူးခန်သည် ဆူမီရာကို ရုတ်တရက်ဆွဲဖက်ပြိး ပါးကိုနမ်းကာ ပြောလိုက်သည်။

 

“ငါ့ကိုစောင့်နေပါ။ မင်းဆီ ငါအရောက်လာခဲ့မယ် ဆူမီရာ…”

 

ပြောပြီး ရုတ်တရက်ယွမ်ချူးခန် မြင်းကိုဒုနုးစိုင်းပြီးလှည့်ပြန်သွားခဲ့သည်။ ဆူမီရာက ပါးကိုကိုင်ပြီး ကြောင်တောင်တောင်နှင့် ကျန်ရစ်ခဲ့သည်။
------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet