စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (45)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (45)


“ငါ့ကိုပြန်မမေးတော့ဘူးလား ဆူမီရာ.. အခြားသူတွေနဲ့ယှဉ်ရင် မင်းကို ငါကယ်မကယ်ဆိုတာ မမေးတော့ဘူးလား။”
 

“မေးစရာမှမလိုတာကွာ။ ပြီးတော့ အသက်ဆိုတာ ရွေးစရာမဟုတ်ဘူး။ ငါနဲ့မှမဟုတ်ဘူး။ အခြား ဘယ်သူ့ကိုမဆို အသက်ဘေးကြုံရင် မင်းကယ်ရမှာပဲ။ ဒါက လူသားတိုင်းလုပ်ရမယ့် တာဝန်လေ… ”
 

“အင်း.. ဟုတ်ပါတယ်။ ငါ ကလေးဆန်သွားတယ်။ ဟိုမှာကြည့်လိုက်စမ်း… ဆူမီရာ.. မင်းတွေ့ချင်နေတဲ့ ကျောက်ဖြူတောအုပ် ဆိုတာ အဲ့ဒါပဲ… ကျောက်တောင်တွေနဲ့အရမ်းလှတဲ့ သစ်တော… မိုးတွင်းမှာဆိုရင် တောင်ခိုးတွေနဲ့အရမ်းလှတဲ့နေရာ..”
 

“၀ိုး…လှလိုက်တာ… တကယ့်ကို နတ်ပြည်ကရှုခင်းနဲ့တူတယ်။ အရမ်းလှတာပဲကွာ… ”

 

ဆူမီရာက နူတ်မှတဖွဖွပြောကာ ကျယ်ပြောလှသည့် ရှုခင်းကို ငေးမောကြည့်နေစဉ် ယွမ်ချူးခန်က ဆူမီရာ၏မျက်နှာကို မြတ်မြတ်နိုးနိုးနှင့် ပြန်ပြီးငေးကြည့်နေသည်။ ဒီကောင်လေး၏ဟန်ဆောင်မှုကင်းသည့် မျက်နှာက ယွမ်ချူးခန်၏စိတ်ကို လုံခြုံနွေးထွေးစေသည်။ မိမိသတိမထားမိသည့် ကျောက်ဖြူတောအုပ်၏ အလှက ဆူမီရာကြောင့် ပိုလှပလာခဲ့သည်။ အရာရာတိုင်း လင်းလက်တောက်ပပြီး စိတ်အေးချမ်းစရာခံစားမိလာစေသည်။ ယွမ်ချူးခန်သည် ဆူမီရာကို ငေးကြည့်ပြီး ခုနက မပြောဖြစ်လိုက်သည့် စကားကို တိတ်တိတ်လေး အသံတိတ်ပြောနေမိသည်။
 

“ဘယ်သူနဲ့ယှဉ်ယှဉ် မင်းကိုငါရွေးချယ်မယ်ဆိုတာ ပြောလိုက်ရင် မင်းငါ့ကိုရယ်နေမလား ဆူမီရာ..”

 

ဆူမီရာကတော့ ယွမ်ချူးခန်၏ အတွေးကို မသိပဲ ကြုံတောင့်ကြုံခဲ ရှုခင်းကို မေ့ပျောက်မသွားအောင်မှတ်သားနေရင်း နောင်တော့်ကို သတိရသွားသည်။ နောင်တော်နဲ့အတူလာပြီး ဒီရှုခင်းကိုကြည့်ရလျှင် ဘယ်လောက်ပျော်စရာ ကောင်းလိုက် မည်နည်းဟု တွေးရင်း အပြုံးတို့တွင် အလွမ်းလေး ဖက်သွားခဲ့သည်။
 

“မင်း လွမ်းနေပြန်ပြီလား.. ”
 

“အာ.. မင်းကလည်း… ငါ့မျက်နှာက အဲ့လောက်သိသာနေလို့လား။”
 

ဆူမီရာ ရှက်ရယ်ရယ်ပြီးမေးလိုက်သည်။ ထိုရှက်ပြုံးလေးနှင့်မျက်နှာက ယွမ်ချူးခန်၏ ရင်ကိုပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။ တောက်ပသည့် နေရောင်ခြည်က ဆူမီရာ၏ အပြုံးကိုပိုပြီးတောက်ပအောင်လုပ်ပေးနေသည်။ ယွမ်ချူးခန်သည် ဆူမီရာ၏ မျက်နှာကို မြတ်မြတ်နိုးနိုးကြည့်ကာ ပြောလိုက်သည်။

 

“မင်းရဲ့မျက်နှာက ခံစားချက်တိုင်းကို ဖော်ပြနေတယ်။ အဲ့ဒါ နောင်တချိန် ဘုရင်လုပ်မယ့်သူအတွက် မကောင်းဘူး။ ဘုရင်တပါးက သူ့ခံစားချက်ကို ဘယ်သူမှမသိအောင် ထိန်းထားနိုင်ရမယ်။ ”

 

ယွမ်ချူးခန်က မိမိခံစားချက်ကို မရိပ်မိစေရန် စကားလွှဲပြီးပြောလိုက်သည်။ ဆူမီရာကရယ်ပြီးပြောလိုက်သည့် စကားက ယွမ်ချူးခန်ကို အောင့်သွားစေသည်။

 

“ငါ ဘုရင်မလုပ်ချင်ပါဘူး။ နောင်တော်ကငါ့ကိုယ်စား ငွေတောင်ပြည်ကို အုပ်ချုပ်ပေးလိမ့်မယ်…”

 

“မင်း.. အဲ့လိုလုပ်လို့မရဘူးလေ။ မင်းက ငွေတောင်မင်းသားပဲ ။မင်းရဲ့ ထီးနန်းကို အခြားသူကို အလွယ်တကူပေးပစ်လို့မရဘူး။”
 

“နောင်တော်က အခြားလူမှ မဟုတ်တာ။ ငါ့ရဲ့နောင်တော်ပဲဟာ။ နောင်တော်ဆိုရင် သူအရှေ့ပိုင်းနယ်မြေကိုချဲ့ထွင်နေတာ ငါ့အတွက် ပိုင်နက်ကို ကျယ်အောင်လုပ်ပေးနေတာတဲ့။ နောင် ငါ့ကို အာနန်ပြည်ကိုခေါ်ပြီး ထီးနန်းကိုအတူအုပ်ချုပ်ခိုင်းမယ်တဲ့။ နောင်တော်တောင် ငါ့ကို အဲ့လိုပြောတာ။ငါ့တိုင်းပြည် သေးသေးလေးကို နောင်တော့်လက်အပ်လိုက်ရင် တိုးတက်လာမှာသေချာတယ်။ ”

 

ယွမ်ချူးခန် လက်သီးကို ဆုပ်လိုက်မိသည်။ အာနန်မင်းသားက ဆူမီရာကို အာနန်ထီးနန်းကို အတူအုပ်ချုပ်ဖို့ပြောတာ ဘာသဘောလဲ။ သူက ဆူမီရာကို ဘယ်လိုအနေထားနဲ့ အာနန်ပြည်ကိုခေါ်သွားမှာလဲ ဆိုတာ တွေးပြီး ယွမ်ချူးခန်ရင်ထဲ နာကျင်သည့် ဝေဒနာတစ်ခုတိုးလာခဲ့သည်။ စကားပြောနေရင်း ဆူမီရာနဲ့ မိမိကြား အာနန်မင်းသား နေရာယူလိုက်သလို ခံစားလိုက်ရသည်။ ဆူမီရာကို သူ ငယ်စဉ်ကတည်းက ထိန်းချုပ်ထားခဲ့သည်။ ဆူမီရာ၏ ခေါင်းထဲ သူ့အကြောင်း အပြည့်နေရာယူထားရန် သူလုပ်ထားခဲ့သည်။

 

 ယုတ်မာလိုက်သည့် အာနန်မင်းသား။ ကောက်ကျစ်လိုက်သည့် အာနန်မင်းသား။ ဆူမီရာ၏ နှလုံးသားကို ငယ်ကတည်းကခိုးယူသွားခဲ့သည်။ ယွမ်ချူးခန်သည် အာနန်မင်းသားကို မုန်းသည့်အမုန်းက ပိုပြင်းထန်လာခဲ့သည်။ ပထမ မယ်မယ့်အချစ်ကို ခိုးသွားခဲ့သည်။ နောက်ထပ် မိမိ၏တစ်ဦးတည်းသော သူငယ်ချင်းလေး၏ နှလုံးသားကို ခိုးသွားခဲ့သည်။ ယွမ်ချူးခန် မကျေနပ်ပါ။ ဒါကြောင့် ဒီကာလအတွင်း ဆူမီရာ၏ စိတ်ကို ပြန်ရအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

 

“မင်းက စိတ်ကူးအတော်ယဉ်တာပဲ ဆူမီရာ… အာနန်မင်းသားက မင်းကိုရန်သူများအောင်လုပ်လိုက်တာ သိရဲ့လား။”
 

“ကြံကြံဖန်ဖန်… မင်းက နောင်တော့်ကိုမှ မမြင်ဖူးတာကွာ။ နောင်တော့်ကို မြင်ရင် မင်းသိလိမ့်မယ်.. နောင်တော်က ငါ့အရှေ့ကနေ အားလုံးကို ကာကွယ်ပေးတယ်။ ဘယ်က ရန်သူများအောင်လုပ်မှာလဲ… ”
 

“မင်းကို အာနန်ပြည်ကိုခေါ်ပြီးထီးနန်းကို အတူအုပ်ချုပ်မယ် ပြောတယ်မလား။ သူ့မိဖုရားတွေက မင်းကို မမုန်းဘူးလားပြောစမ်း။ ”
 

“နောင်တော်က မိဖုရားမမြှောက်ဘူးတဲ့ကွ… ငါနဲ့အတူတူပဲနေသွားမယ်တဲ့..”
 

“အရူးပဲ။ ဘယ်သူမှ အဲ့လိုမလုပ်ဘူး။ သူလုပ်ချင်ရင်တောင် သူ့ခမည်းတော်နဲ့ အမတ်တွေက လုပ်ခွင့်မပြုဘူး။ မင်းကို သူတို့ တနည်းနည်းနဲ့ ရှင်းပစ်ဖို့လုပ်မှာပဲ။ အဲ့ဒါကိုပြောတာ… မင်းစဉ်းစားကြည့်လေ။ မင်းရှိတာ သူတို့မင်းသားအတွက် သားသမီးရဖို့ အဟန့်အတားဖြစ်မယ်ဆိုရင် သူတို့ကရှင်းပစ်မှာပဲ…”

 

ယွမ်ချူးခန်၏စကားကိုကြားသော် ဆူမီရာတွေဝေသွားသည်။ ဟုတ်လည်းဟုတ်သည်။ မိမိက ဘယ်လိုအနေထားနှင့်လိုက်သွား ရမည်လဲ။ မိမိအရင်က အပေါ်ယံကလေးအတွေးပဲ တွေးခဲ့မိသည် မဟုတ်လား။ နောင်တော့်ကို ချစ်သည်။ နောင်တော်ကလည်း မိမိကိုချစ်သည်။ ငယ်တုန်းက ငွေတောင်မှာ အတူနေသလို နောင်တော်တို့ အာနန်ပြည်ကိုလိုက်နေမည်။

 

တိုင်းပြည်အုပ်ချုပ်ရေးတွင် ကူညီပေးမည်ဟု စိတ်ကူးယဉ်ခဲ့သည်။ ယွမ်ချူးခန်ပြောသလို မိဖုရား၊ ထီးနန်းဆက်ခံမည့် မျိုးဆက်အကြောင်း ထည့်မစဉ်းစားမိပေ။ ဆူမီရာ စိတ်ညစ်သွားခဲ့သည်။ နောင်တော့်ကို မိဖုရားမြောက်ရန် မိမိတိုက်တွန်းလို့ရသည်။ ဒါပေမယ့် အခြားမိန်းမတစ်ယောက်ကို မိဖုရားမြှောက်ထားပြီးရင် နောင်တော့်ကို မိမိ အရင်လို ဆက်ချစ်လို့ရပါဦးမလားဟု တွေးကာ မျက်နှာညှိုးကျသွားခဲ့သည်။
 

“အေး.. မင်းပြောတာ ဟုတ်တယ်.. ငါ အဲ့ဒါတွေ မစဉ်းစားခဲ့မိဘူး။ နောင်တော့်ကို မိဖုရားမြှောက်ဖို့ငါတိုက်တွန်းမှာပေါ့… ဒါပေမယ့် မိဖုရားနဲ့ သားသမီးတွေရှိလာရင် နောင်တော် ငါ့ကို အရင်လိုချစ်မှာမဟုတ်တော့ဘူးထင်တယ်။ ”

 

ယွမ်ချူးခန်က စိတ်ထဲ ကျေနပ်အားရမှုကို ဖုံးကွယ်ထားပြီး ပြောလိုက်သည်။
 

“အဲ့ဒါသေချာတယ်။ ဘယ်သူဖြစ်ဖြစ် သားသမီးရလာရင် သူတို့သားသမီးကို ပိုချစ်သွားတာပဲလေ။ မင်း အာနန်ပြည်ကိုလိုက်သွားရင် နောက်ပိုင်း အထီးကျန်ဖြစ်မှာစိုးလို့ ငါပြောတာပါ..”
 

“နောင်တော်က အဲ့လိုလူစားတော့ မဟုတ်ပါဘူးကွာ..”

 

 ဆူမီရာက အသံတိုးတိုးလေးနှင့်ပြောလိုက်သည်။ မဖြစ်နိုင်ဟု ပြောနေသော်လည်း မိမိတို့သွားလာခဲ့သည့် အတွေ့ကြုံအရ သားသမီးရလာလျှင် လူတွေက ပြောင်းလဲသွားမည်ကို အလိုလိုသိနေပြီး မျက်ရည်ဝိုင်းလာခဲ့သဖြင့် ယွမ်ချူးခန် မမြင်စေရန် တဖက်ကိုလှည့်ပြီး မသိမသာသုတ်လိုက်သည်။

 

နှစ်ဦးသား ထွက်သွားပြီးနောက် သစ်ပင်အကြီးကြီးပေါ်မှ လူတစ်ဦးက အေးစက်စက်ပြုံးကာ သူတို့ထွက်သွားသည့် ဘက်ကို စိုက်ကြည့်နေတော့သည်။

 

---------------------------

 

ရုမာသီသည် တိုင်းပြည်တည်ဆောက်ရေးကို အားကြိုးမာန်တက်လုပ်နေရင်း ချူလူလူကို ပိုပြီးသဘောကျလာခဲ့သည်။ ဒီကောင်လေး ကြည့်လိုက်ရင် ပျော့ညံ့သလိုနှင့်အတော့်ကို ဇွဲကြီးကာ မာကျောလှသည်။ အာနန်ပြည်မှ စိုက်ပျိုးရေးပညာရှင်များ၊ လက်မှုပညာရှင်များကို ဦးစီးကာ ၀ိဇယပြည်ကိုပြန်လည်ထူထောင်ရေးတွင် နေ့ည မအားလုပ်ဆောင်ပေးသည်။ ၀ိဇယပြည်သားများနှင့် အာနန်ပြည်သားများကြား သဘောထားကွဲလွဲမှုပေါ်လျှင် လျှင်မြန်စွာ ဖြေရှင်းပေးသည်။ အခုလည်း သမားတော်အဖွဲ့ကို ဖွဲ့ပြီး တည်ဆောက်ရေးမှ ထိခိုက်သူ၊ ဖျားနာသုများကို လှည့်လည်စစ်ဆေးကုသပေးနေသည်။ သို့သော် သမားတော်အဖွဲ့က အင်အားနည်းသဖြင့် ချူလူလူကိုယ်တိုင် ၀င်ကူပေးနေရသည်။

 

“မင်းကြီး…”

 

စစ်သူကြီးက အာနန်စစ်သံမှုးကို အကွယ်မှ ငေးကြည့်နေသည့် ရုမာသီမင်းကြီးကို အသံပြုလိုက်တော့ မင်းကြီးက လက်ကာပြသဖြင့် တိတ်တိတ်ပြန်နေရတော့သည်။ မင်းကြီးက ပြောစရာရှိလျှင် မပြောပဲ အကွယ်က အမြဲငေးကြည့်နေသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။ စစ်သံမှုးကလည်း လူသာငယ်သည်။ အတော့်ကို အလုပ်လုပ်နိုင်သည်ကို စစ်သူကြီးချီးကျူးမိသည်။ ယခုလည်း မိမိတို့ရောက်နေတာ နာရီတစ်မောင်းကျော်လေပြီ။ အာနန်စစ်သံမှုးက ခေါင်းမဖော်တမ်းကို လူနာများကို ဆေးစည်းပေးနေသည်။

 

ထိုစဉ် သံချောင်းခေါက်သံကြားမှာ ချူလူလူက အခြားသမားတော်များကို လှည့်ကာပြောလိုက်သည်။ လူနာများကိုကြည့်နေသည့် သမားတော်များက ပင်ပန်းဆာလောင်စွာဖြင့် စားသောက်ဆောင်ကို ထသွားကြသော်လည်း ချူလူလူက ဆက်လက်ပြီး စစ်ဆေးပေးနေသည်။

 

 “ထမင်းစားနားမယ်ဟေ့…”
 

ထိုစဉ် မိမိအနောက်မှ ခေါ်သံကိုကြားသဖြင့် လှည့်ကြည့်လိုက်တော့ အံ့အားသင့်သွားသည်။
 

“ချူလူလူ…”
 

“ရုမာသီမင်းကြီး.. ရောက်နေတာ ကြာပြီလား..”
 

“ခုလေးတင်ရောက်တာ… ထမင်းအတူစားမလို့ လာခဲ့တာ…”
 

“ခဏလေး.. လိုအပ်တဲ့ ဆေးစာရင်းတွေလုပ်ပြီးရင် အတူစားမယ်လေ။”
 

ရုမာသီသည် ချူလူလူ၏ လက်ကိုဆွဲကာပြောလိုက်သည်။

 

“ဆေးစာရင်းကို ခဏနေမှလုပ်ပါ။ ကျွန်တော် ချူလူလူကို တိုင်ပင်စရာရှိလို့လာခဲ့တာ…”
 

“အင်း..ဒါဆို သွားရအောင်။ စားသောက်တဲမှာ စားရင်း စကားပြောတာပေါ့…”

 

“မဟုတ်ဘူး။ ကျွန်တော်အခြားနေရာမှာ စားဖို့စီစဉ်ထားတယ်။ သွားကြစို့။”

 

ရုမာသီက ချူလူလူ၏ လက်ကိုဆွဲကာ ခေါ်လာသဖြင့် ချူလူလူမငြင်းနိုင်ပဲ ပါလာခဲ့သည်။ မြင်းနားကိုရောက်တော့ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ ရုမာသီ ဘယ်ကိုခေါ်သွားဖို့ကြံနေသည်ကို မသိတော့ပေ။

 

“ဘယ်ကိုသွားမှာလဲ။ လုပ်စရာတွေရှိသေးတယ်။”
 

“ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခဏလေးလိုက်ခဲ့ပါ။ မကြာပါဘူးဗျာ။ ”

 

ရုမာသီက တောင်းတောင်းပန်ပန်ဖြင့် ပြောသဖြင့် ချူလူလူလိုက်လာခဲ့သည်။ မြင်းနှင့် တောင်စောင်းလေးတစ်ခုကိုတက်လာပြီး အဆောက်ဦးလေးတစ်ခုတွင် စားစရာများပြင်ထားသည်ကိုတွေ့လိုက်ရသည်။ အစားအစာများက မိမိတို့ ချူတိုင်းပြည်မှ အစားစာများဖြစ်သဖြင့် ချူလူလူ၏ ဗိုက် တဂွီဂွီအော်မြည်လာသဖြင့် ရှက်ရယ်ရယ်လိုက်သည်။

 

“ဗိုက်ဆာနေတာ သတိကိုမထားမိဘူး။ ”
 

ရုမာသီက ချူလူလူ၏ ပုံစံလေးကို သဘောတကျကြည့်ကာ စားစရာများကို တည်ခင်းပေးသည်။ တောင်ပေါ်လေက လတ်ဆတ်ကာ ရှုခင်းအပြောင်းလဲကြောင့် ချူလူလူလန်းလာခဲ့သည်။ ပြီးတော့ ချူတိုင်းပြည်က ဟင်းလက်ရာကိုစားရသဖြင့် ပိုပြီးလန်းဆန်းလာခဲ့သည်။

 

“ရုမာသီတို့နန်းတော်မှာ ဒီဟင်းတွေချက်တတ်တဲ့သူ ရှိတာ မသိခဲ့ဘူး။ အရမ်းစားလို့ကောင်းတယ်..  ”
 

“ဟုတ်တယ်။ စားတော်ကဲအသစ်ကိုရထားတာ။ ”

 

ချူလူလူအတွက် ရိုးရာအစားအစာချက်တတ်သည့်သူကို ကြေငြာပြီး တမင်ခေါ်ထားသည်ကို မပြောပဲ မြုံထားလိုက်သည်။ ရုမာသီက ချူလူလူစားပြီးသည်အထိစောင့်ပြီးနောက် ဆေးပညာသင်အဖွဲ့ဖွဲ့ရန်အကြံပေးလိုက်သည်။
 

“အခု သမားတော်အဖွဲ့က အရမ်းနည်းနေတယ်။ သူတို့လည်း အရမ်းကို ပင်ပန်းကြတယ်။ ကျွန်တော် တိုင်းပြည်အနံ့ ဆေးပညာဝါသနာပါတဲ့သူတွေကို စုစည်းထားတယ်။ သူတို့ကို သင်ကြားပေးပြီး ကူညီခိုင်းရင် အထောက်ကူဖြစ်မယ် ထင်တယ်ဗျာ။ ပြီးတော့ နောက်ပိုင်း သူတို့ကို ၀ိဇယတပြည်လုံး နေရာချပေးပြီး ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ဖို့တာဝန်ပေးလို့ရတယ်…”
 

“ဟုတ်တယ်၊ အဲ့လိုလုပ်တာ ရေရှည်အတွက်ပိုကောင်းတယ်။ ဒါပေမယ့် သူတို့ကိုသင်ကြားဖို့ အချိန်သီးသန့်ပေးရဦးမယ်ဗျ။ လက်ရှိသမားတော်တွေက လူနာကြည့်တာနဲ့ကို မလောက်မငဖြစ်နေတာဆိုတော့… အာနန်ပြည်ကို ထပ်ပြီး အကူညီတောင်းမှ ထင်တယ်။”
 

“ဆူမီရာကို ခေါ်ပြီး သင်ကြားခိုင်းရရင် မဆိုးဘူးဗျာ။ ”
 

“ဟုတ်သားပဲ။ ဆူမီရာကို မေ့နေတာ။ မနက်ဖြန် နောင်တော်တင်ဂီရိဆီ စာပို့ပြီး ပြန်လာရင် ဆူမီရာကို ခေါ်လာခိုင်းရမယ်။”

 

ချူလူလူသည် ရုမာသီ၏ အကြံကြောင့် သူငယ်ချင်းကို ခေါ်ရန် သတိရပြီး ပျော်သွားခဲ့သည်။ တလက်စတည်း နောင်တော် တိုလုအီနှင့် နောင်တော် ထန်လိုခိတို့ကိုလည်း သတိရမိသည်။ ဟီဒယ်ကတော့ မိန်းကလေးဆိုတော့ ဒီလိုကျွန်းနိုင်ငံကို လာဖို့ သူ့မိဘများက ခွင့်ပြုမည် မထင်ပေ။

 

--------------------------

 

ဟီဒယ်သည် ခမည်းတော်နှင့်အတူ ဦရီးတော် ထန်မင်းကြီးတို့ ဆွေးနွေးနေသည်ကို ရင်တထိတ်ထိတ်နှင့်စောင့်နေမိသည်။ အကိုတော်ထန်လိုခိကို စိတ်ဆိုးသဖြင့် အဆောင်ထဲပုန်းနေလိုက်သည်။ ဘာပဲဖြစ်ဖြစ် အမျိုးခြင်းဖြစ်ပြီးဒီလို စစ်တပ်နှင့် ၀ိုင်ထားသဖြင့် အကိုတော့်ကို စိတ်နာသည်။
 

“ဟီဒယ်…”
 

“မယ်မယ်ဘုရား… ဆွေးနွေးပွဲပြီးသွားပြီလား ဦးရီးတော်က ဘာတွေကို တောင်းဆိုသလဲ မယ်မယ်ဘုရား..”
 

“မင်းရဲ့ခမည်းတော်က ထီးနန်းစွန့်ဖို့သဘောတူလိုက်ပြီ၊ သမီးတော်ရဲ့ လက်ထပ်ပွဲကိုတော့ သမီးတော်ရဲ့ သဘောထားမပါပဲ

မကျင်းပနိုင်ဘူးလို့ တင်းတင်းမာမာကို ငြင်းဆိုထားတယ်…”

 

ဟီဒယ်သည် ခမည်းတော်၏ စေတနာကြောင့် မျက်ရည်စ်ီးကျလာခဲ့သည်အထိ ခံစားသွားရသည်။
 

“ဦးရီးတော်က လက်ခံသလား .. ”
 

“အစကတော့ ဘယ်လက်ခံမလဲ။ ဒါပေမယ့် တူတော်ထန်လိုခိက ၀င်ပြောလိုက်လို့ လက်ခံသွားတယ်။ ”
 

“အကိုတော်က ဘယ်လိုဝင်ပြောတာလဲ မယ်မယ်ဘုရား။”
 

“သမီးတော်ကို ခုလို အတင်းအကျပ်မယူနိုင်ဘူးတဲ့။ ကြည့်ရတာ သူက သမီးတော်ကို တကယ်ချစ်ပုံရပါတယ်။”

 

ဟီဒယ် သက်ပြင်းရှိုက်လိုက်သည်။ အကိုတော်ကို ကျေးဇူးတင်သော်လည်း မိမိတို့တိုင်းပြည်ကို အတင်းအကျပ်ရယူသဖြင့် စိတ်နာသည်။ ဒါကြောင့် အကိုတော့်အကြောင်းခေါင်းထဲက ထုတ်လိုက်ပြီး မေးလိုက်သည်။
 

“အရီးတော်ဂွမ်ချီ နဲ့အကိုတော်ဂျူဒါအမ်း ဒီတိုင်းပြည်ထဲက အမြန်ထွက်သွားနိုင်လို့ တော်သေးတယ်နော် မယ်မယ်…”
 

“အင်း…ဟုတ်တယ်။ လက်မတင်လေးပဲ။ မီဒယ်ကို ၀ူတိုင်းပြည်ကို တခါတည်းပို့ဆောင်လက်ထပ်ပေးတော့မယ်… သမီးလေး..”

 

“အဲ့ဒါကောင်းပါတယ် မယ်မယ်ဘုရား။ မီဒယ်လည်း ကောင်းကောင်းမွန်မွန်နေရမှာပေါ့…။ သမီးတော်တို့ မိသားစုကို သူတို့က ဘယ်လိုလုပ်မယ်တဲ့လဲ.. မယ်မယ်ဘုရား..”

 

ဟီဒယ် စိတ်ပူစွာဖြင့် မေးလိုက်သည်။ ခမည်းတော်နှင့်မယ်တော်လည်း အသက်ကြီးမှ ခုလိုဖြစ်ရသည်ကို ဟီဒယ် ၀မ်းနည်းမိသည်။ မိမိသာ ယောကျာ်းတစ်ယောက်ဖြစ်ခဲ့လျှင်၊ မိမိသာ တိုင်းပြည်ကို ဒီထက်ကောင်းအောင်ဦးဆောင်နိုင်ခဲ့လျှင် ခမည်းတော်နှင့် မယ်မယ်တို့ ခုလိုဖြစ်မှာမဟုတ်ဟုတွေးပြီး နူတ်ခမ်းကိုကိုက်ထားလိုက်မိသည်။

 

“မယ်မယ်တို့ကို ထန်နန်းတော်ကိုပြောင်းပြီးနေရမယ်။ ယောက်မတော်အီလီနာက သူ့အကိုတော်နဲ့အတူတူနေချင်တယ်ဆိုလို့ မယ်မယ်တို့ ထန်ပြည်ဘက်ကို လိုက်သွားရမယ်။ သမီးတော်ကတော့ တူတော်ကို ကူညီပေးရမယ်တဲ့။ နောက်သုံးရက်နေရင် ထန်ဘုရင်က လျံနဲ့ထန်နယ်နိမိတ်ကိုဖျက်ပစ်ပြီး တိုင်းပြည်ကို တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်တော့မယ်။ မယ်မယ်တို့လျံပြည်ဆိုတဲ့ နာမည်က အပြိးပျောက်ကွယ်သွားတော့မယ်။”

 

ဟီဒယ်သည် ပြောရင်းစိတ်မထိန်းနိုင်ပဲ ငိုကြွေးနေသည့် မယ်မယ့်ကို ပွေ့ဖက်ကာ ရောပြီးမျက်ရည်ကျမိသည်။ တကယ်ပဲ မိမိအသုံးမကျလို့ ဒီလိုဖြစ်ရသည်ဟုတွေးကာ ရင်နာမိသည်။ မိမိသာ အကိုတော်ကို စုံလုံးကန်းပြီးမယုံခဲ့လျှင်၊ စစ်တပ်ကို နည်းစနစ်အသစ်ဖြင့် ပြောင်းလဲရန် ခမည်းတော်ကို ခွင့်မတောင်းခဲ့လျှင်၊ ရေကာတာတည်ဆောက်မှုတွင် အကိုတော်ကို အားမကိုး၊ အကူညီမတောင်းပဲ ကိုယ့်ဖာသာတည်ဆောက်ခဲ့လျှင် ယခုလောက် အကိုတော့်ထောင်ချောက်ထဲ မြန်မြန်ကျခဲ့မည် မဟုတ်ပေ။ ပြိးတော့ ခမည်းတော်နှင့်မယ်တော်လည်း ထီးနန်းကို စွန့်ရမည် မဟုတ်ပေ။ အခုတော့ မိမိတို့ ထီးနန်းရော၊ တိုင်းပြည်ရောပျောက်ရလေပြီ။

 

ထန်လိုခိသည် အခန်းထဲကို မ၀င်ပဲ အပြင်မှ သားအမိနှစ်ယောက် ဖက်ငိုနေသည့် မြင်ကွင်းကိုကြည့်ပြီး စိတ်မချမ်းသာစွာဖြင့် လှည့်ထွက်သွားခဲ့သည်။
 

“ဟီဒယ်ရယ်…. မင်း ကိုယ့်ကို မုန်းပါ။ စိတ်နာပါ။ ဒါပေမယ့် တနေ့ ဒါတွေအားလုံး မင်းအတွက်ဆိုတာ နားလည်လာတဲ့တနေ့ ကိုယ့်ကို လက်ခံပေးပါ။ ကိုယ့်ကိုလက်ထပ်ပြီး ကြီးမြတ်တဲ့ နိုင်ငံတစ်ခုကို ဘုရင်မအဖြစ်အုပ်ချုပ်ပါ။ မင်းအတွက်အခု ကိုယ်တည်ဆောက်ပေးနေတာကို လက်ခံပေးပါ။”

 

အပြန်လမ်းတစ်လျှောက်လုံး ထန်လိုခိ တိုးတိုးရေ၇ွတ်ရင်း ဆက်လုပ်ရမည်ကို တွေးတောနေသည်။ တိုင်းပြည်ကို အင်အားကြီးအောင် လုပ်ရမည်ဖြစ်လို့  လတ်တလော ဟီဒယ်မုန်းမည့်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုတင်အားမွေးထားရသည်။

ညီလာခံတစ်ခုလုံး ၀တ်ကောင်းစားလှများဖြင့် တောက်ပနေသည်။ ပြည်သူများကလည်း နန်းရင်ပြင်တွင် စုဝေးနေကြသည်။ လျံတိုင်းပြည်၏ ညီလာခံတွင် ဘုရင်နှစ်ပါးရှိနေပြီး လျံမင်းကြီးက တရားဝင် အမိန့်ထုတ်ပြန်ကာ ထီးနန်းကို ထန်ဘုရင်ကို လွှဲအပ်ကြောင်းကြေငြာသည်။ ညီလာခံတစ်ခုလုံး လျံအမတ်များ၊ စစ်သူကြီးများ၏ သက်ပြင်းချသံဖြင့် လွှမ်းသွားတော့သည်။

 

ထို့နောက်ထန်မင်းကြီးက လျံတိုင်းပြည်ဆိုသည့် အမည်ကိုဖျက်သိမ်းပြီး ထန်နိုင်ငံနှင့်ပူးပေါင်းပြီး တထန်ဆိုသည့် အမည်သစ်ဖြင့် နိုင်ငံအုပ်ချုပ်ပုံကို ပြန်လည်ဖွဲ့စည်းမည်ဟု ကြေငြာသည်။ တထန်ပြည်အတွက် အမှုထမ်းများကို ပြန်လည်ရွေးချယ်မည်။ ဒါကြောင့် လျံပြည်၊ ထန်ပြည်မခွဲခြားပဲ တထန်တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ဖို့ အားလုံးကို အမိန့်ပေးသည်။ အမိန့်မနာခံသည့် မည်သူ့ကိုမဆို သေဒဏ်ချမှတ်မည်ဖြစ်ကြောင့် တစ်ခါတည်းအမိန့်ထုတ်ကာ စာကပ်စေသည်။

 

ပြီးတော့ နန်းရင်ပြင်မှ ပြည်သူများကိုလည်း တထန်ပြည်အဖြစ်သုံးနှုန်းရန် နှင့် အလေးတင်းတောင်းစနစ်များကို တပြေးညီ ဖြစ်အောင် သတ်မှတ်ပေးမည်။ ဥပဒေကိုလည်း တထန် ဥပဒေ တစ်ခုတည်းဖြစ်အောင် ပြန်လည်ထုတ်ပြန်မည်ဟု ကြေငြာ်စေသည်။ ထို့နောက် တထန်ပြည် ဖွဲ့စည်းသည့် အထိမ်းအမှတ်ဖြင့် နေပြည်တော် တ၀ှမ်းလုံး ပွဲများကို ကျင်းပစေသည်။ နန်းတွင်းထဲတွင်လည်း အောင်ပွဲကိုကျင်းပစေသည်။

 

ဟီဒယ်သည် နန်းတော်ထဲမှ ကျင်းပသည့် ပွဲကို တက်ရောက်ပြီးနောက် အသာလစ်ထွက်ခဲ့သည်။ ခမည်းတော်နှင့် မယ်တော်လည်း နောက်ရက်တွင် ဦးရီးတော်နှင့်အတူ ထန်နန်းတော်ကိုလိုက်သွားရတော့မည်ကို တွေးကာ ထိန်းထားသည့် ကြားက မျက်ရည်ကျလာခဲ့သည်။

 

“ညီမလေး..”

 

ထန်လိုခိသည် တိတ်တိတ်လေး လက်ဖျံကိုကိုက်ကာ အသံတိတ်ငိုကြွေးနေသည့် ညီမလေးကို စိတ်မကောင်းစွာဖြင့် ပုခုံးကို အသာထိကိုင်ကာ ခေါ်လိုက်စဉ် လက်ကို ခပ်ကြမ်းကြမ်းပုတ်ထုတ်ခံလိုက်ရသည်။


“ကျွန်မအသားကို မထိနဲ့…”


“ဟီဒယ်.. အကိုတော် ရှင်းပြပါရစေ… ဒါတွေအားလုံးက ဟီဒယ်အတွက်ချည်းပဲ..”
 

“မလိုချင်ဘူး။ ကျွန်မရဲ့တိုင်းပြည်ကိုပဲ ပြန်လိုချင်တယ်…အခုကစပြီး လျံပြည်ဆိုတာ မရှိတော့ဘူး။ အကိုတော့်ကို ယုံမိလို့ လျံပြည်ပျောက်ကွယ်သွားရတာ။ အကိုတော်ကို မုန်းတယ်.. အကိုတော်ရဲ့ မျက်နှာကို မြင်နေရမယ့် အစား ကျွန်မ သေသွားတာမှ ကောင်းဦးမယ်…”


“မင်းကြိုက်သလောက် မုန်းလို့ရတယ် ဟီဒယ်။ ဒါပေမယ့် မင်း သေမယ်ဆိုတဲ့ စကားထပ်မပြောရဘူး။ မင်း အသက်ရှင်နေရမယ်။ ငါ့အနားမှာ မင်းအသက်ရှင်နေရမယ်ဆိုတာ မြဲမြဲမှတ်ထား..”

 

ဟီဒယ်သည် မိမိလက်ကို အတင်းဆွဲသော်လည်းသူကလွှတ်မပေးပဲ တင်းမာစွာပြောလိုက်သည်။ ဟီဒယ်၏ မခံချင်စိတ်နဲ့မုန်းတီးစိတ်က အလျံတငြီးငြီးထလာခဲ့ပြီး သူ့ကို မုန်းတီးစွာမော့ကြည့်ကာပြောလိုက်သည်။


“ကျွန်မကိုယ်၊ ကျွန်မအသက်၊ ရှင်မယ် သေမယ်ဆိုတာ အမိန့်လာပေးလို့မရဘူး။”

 

ထန်လိုခိသည် ဟီဒယ်၏ စကားကိုကြားသော် ပေါက်ကွဲထွက်သွားပြီး ပုခုံးနှစ်ဖက်ကို ဆောင့်ခါပြီးပြောလိုက်သည်။


“မင်းက ငါပိုင်တဲ့သူ။ မင်းသတ်သေရင် မင်းရဲ့ နန်းတော်က လူတွေအားလုံးကို မင်းနဲ့အတူ မြေမြှုပ်သဂြိုလ်ပစ်မယ် ဟီဒယ်။”
 

ဟီဒယ်သည် ထိုစကားကိုကြားသော် စိတ်မထိန်းနိုင်တော့ပဲ အကိုတော်ကို တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထန်လိုခိ၏ လက်ထဲ အရုပ်လေးလို လွယ်လွယ်ကူကူချုပ်ခံထားရသဖြင့် ဟီဒယ် ဒေါသတကြီးနှင့်ရုန်းကန်ရင်း ဒေါသထွက်လွန်းသဖြင့် သတိမေ့သွားခဲ့တော့သည်။

 

“ဟီဒယ်..ဟီဒယ်…”

 

ထန်လိုခိသည် ပျော့ခွေသွားသည့် နှမလေးကို ပွေ့ကာစိုးရိမ်တကြီးခေါ်လိုက်သော်လည်း ဟီဒယ်သည် လက်ရှိလောကနှင့်ကင်းကွာသည့် နေရာကို ရောက်ရှိသွားလေပြီ။

--------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet