Chapter - 29

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (29)

ဟီဒယ်တို့ လျံတိုင်းပြည်ကိုရောက်တော့ ဟီဒယ် ဘာကြောင့် စစ်တပ်ကိုပြောင်းလဲချင်သည်ကို ဆူမီရာ သိလိုက်သည်။ ဟီဒယ်၏ ခမည်းတော်က တရားသမား လူအေးကြီးဖြစ်သည်။ မိမိတို့ မျိုးနွယ်၏ ငါးပါးသီလ လုံခြုံကာ သိမ်မွေ့သည့် အကျင့်ကို စောင့်ထိန်းရခြင်းကို ဂုဏ်ယူသူဖြစ်သည်။ ဒါကြောင့် လျံတိုင်းသူပြည်သားများက ပိုးထည်ဝတ်သူ မရှိသလောက် ရှားသည်။

လဲမှို့နှင့် ၀ါကို ငင်ကာ ရသည့် ချည်မျှင်များနှင့် အ၀တ်ထည်ကို ရက်လုပ်ကာ ဆေးဆိုးပြီး ၀တ်ဆင်ကြသည်။
လျံတိုင်းပြည်သည် ထန်တိုင်းပြည်နှင့် ဆွေမျိုးတော်စပ်သည်ဟု ပြောလျှင် ယုံနိုင်စရာပင် မရှိပေ။ ထန်တိုင်းပြည်၏ အရှင်သခင်သည် သေသောက်ကျူးသည်။ စစ်တိုက်ခြင်းတွင် မွေ့လျော်သည်။ ပြီးတော့ စရိုက်က ပွင့်လင်း ကြမ်းတမ်းသည်။
လျံတိုင်းပြည်၏ အရှင်သခင်သည် သိမ်မွေ့ကာ ဘာသာရေးကို လိုက်စားသည်။ နိုင်ငံရေးတွင် ဘာသာရေးအမြင်ဖြင့် အုပ်ချုပ်သည်။ လျံတိုင်းသူပြည်သားများက သူ့အသတ်ကို သတ်ကာ အသက်မွေးသူရှားသည်။ အသားငါးများကိုလည်း အခြား တိုင်းပြည်မှ လာရောက်နေထိုင်သည့် လူမျိုးများက သတ်ဖြတ်ရောင်းချမှသာစားသည်။ ဒါတောင် သားသတ်လွတ်စားသည့် ရက်က များသည်။ လပြည့်၊ လကွယ်၊ ဥပုသ်များတွင် သတ်သတ်လွတ်သာ စားကြသည်။

ပိုးထည်သည် ပိုးကောင်လေးများစွာ၏ အသက်ကို သတ်ပြီးမှ ရသဖြင့် လျံတိုင်းပြည်တွင် ပိုးထည်ဝတ်ဆင်ခြင်းမပြုကြပေ။ ရွှေငွေ လက်ဝတ်ရတနာထက် မြေထည်၊ ကျောက်ထည် ပုတီးလက်ကောက်များကို ပြုလုပ်ကာ ၀တ်ဆင်ကြသည်။
ခြုံပြောရလျှင် လျံတိုင်းပြည်သည် သူတော်ကောင်းတို့ပျော်မွေ့သည့် တိုင်းပြည်တစ်ခုဖြစ်ကာ အေးချမ်းလှသည်။

ဆူမီရာသည် မြင်မြင်ရာကို ထူးဆန်းနေသည်။ ချည်ထည်အ၀တ်ထည်များကြား မိမိတို့ဝတ်ဆင်သည့် ပိုးထည်များက ပြောင်လက်လွန်းသည်ဟု ထင်လာမိသည်။ တင်ဂီရိက တစ်စုံတစ်ခု မှတ်ချက်မပေးသော်လည်း ဆူမီရာက မနေနိင်ပေ။ သူငယ်ချင်းမဖြစ်သူ ဟီဒယ်ကို တိုးတိုးကပ်ပြောလိုက်သည်။

“နင်တို့ တိုင်းပြည်က ဒီပုံအတိုင်းဆိုရင် နန်ကျောင်ပြည် ကျူးကျော်လာရင် ခုခံနိုင်ပါ့မလား ဟီဒယ်။ ”

“အေး…ငါလည်း အဲ့ဒါကို စိုးရိမ်လို့ အကိုတော်ကို ကူပြောခိုင်းဖို့ခေါ်လာတာ။ အကိုတော် တင်ဂီရိလည်းပါလာတော့ ခမည်းတော်ကို နားဝင်အောင်ပြောနိုင်မယ်ထင်တယ်လေ။ ငါ ဒီပုံကို မကြိုက်တာ ကြာပြီ။”

“နင် ဒီတိုင်းပြည်က မင်းသမီးလို့ကို ထင်ရက်စရာမရှိဘူး။ နင်ကျတော့ မြင်းစီး၊ ဓါးခုတ်ဝါသနာပါပြီး စစ်သည်တော်လို ရဲရင့်တယ်နော်။ နင့် ခမည်းတော်က အဲ့ဒါတော့ ခွင့်ပြုသားပဲ။”

“ဘယ်ကလာဟယ်။ အဲ့ဒါ အကိုတော် ထန်လိုခိက ငါ့ကိုခိုးသင်ပေးထားတာ။ ပြီးတော့ ငွေတောင်ကို ပညာလာသင်ဖို့ အရီးတော်နဲ့ အကိုတော်က အတင်းပြောပေးလို့လာရတာ။ ငါလာတော့ မီဒယ်လည်း လိုက်လာလို့ရတာပေါ့ဟယ်။ လာ..လာ… ခမည်းတော် ဘုရားဆောင်ကထွက်လာတော့မယ်။”

လျံတိုင်းပြည်၏ အရှင်သခင် မင်းကြီးက ဘုရားဝတ်ပြုပြိးနောက် သမီးတော်၏ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည်။ ခပ်မှိုင်းမှိုင်း နှင့်ပျော့ပျောင်းသည့် အ၀တ်ကို ၀တ်ဆင်ထားသည့် မင်းကြီးသည် ဘုရားသမားမှန်းသိသာအောင် မျက်နှာထားက နူးညံ့သိမ်မွေ့လှသည်။ လျံမင်းကြီးသည် အရှေ့ပိုင်းမှ လူငယ်စစ်ဘုရင် ကုလန်ကို နာမည်ကြားဖူးပြီးဖြစ်လို့ လှိုက်လှဲစွာကြိုဆိုသည်။ ထို့နောက် တူတော်မောင် ထန်လိုခိ ကို ချစ်ကြည်စွာနူတ်ဆက်သည်။ ငွေတောင်ပြည်၏ မင်းသားလေး ဆူမီရာကို ပြုံးကြည့်ကာ စကားပြောခဲ့သည်။

“ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးနိုင်တဲ့ အတိတ်နိမိတ်နဲ့ ငွေတောင်ပြည်က မင်းသားလေးကို တွေ့ရတာ ဦးရီးတော် ၀မ်းသာလှတယ်ကွယ်။ သမီးတော်က တူတော်မောင်အကြောင်းကို အမြဲပြောလို့ ဦးရီးတော် ရင်းနှီးနေတာကွဲ့။ ငွေတောင်ပြည့်ရှင် မင်းကြီးတို့လည်း ကျန်းခံ့သာလို့ မာပါစကွယ်..”

“ဦးရီးတော်ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာပါတယ် ဘုရား။ ခမည်းတော်နဲ့မယ်တော်လည်း ဦးရီးတော်ကို နူတ်ခွန်းဆက်သကြောင်း မှာလိုက်ပါတယ် ဘုရား။”

လျံတိုင်းပြည် မင်းကြီးသည် သွက်လက်ကာ ချစ်စရာကောင်းလွန်းသည့် ငွေတောင်မင်းသား ဆူမီရာကို ပြုံးကြည့်ကာ လူငယ်စစ်ဘုရင် ကုလန်နှင့် တိုင်းပြည်ရေးများဆက်ပြောနေသည်။ စကားပြောရင်း ကုလန်က ဆူမီရာကို မည်မျှ အလေးနက်ထားသည်ကို သတိပြုမိလိုက်သည်။ အတိတ်တဘောင်ဆိုတာ လွဲသည်လို့မှ မရှိသည်ကို မင်းကြီး ယုံကြည်သည်။ မကြာခင် မြောက်ပိုင်း နဂါးဖြူလည်း နိုးကြားလာတော့မည်ကို အလိုလို သိနေမိသည်။

မုန်တိုင်းကို မည်သူမှ ရှောင်လို့မရပေ။ ထိုမုန်တိုင်းထဲတွင် တောင်မြောက်တိုင်းပြည် အားလုံးပါလိမ့်မည်။ ပြီးတော့် ထန်တိုင်းပြည်သည်လည်း ထိုအခွင့်ရေးကို အရယူကာ သူ့နားပတ်လည်က တိုင်းပြည်ငယ်လေးများကို သိမ်းသွင်းလိမ့်မည်ကို သိနေသည်။ စစ်မီးကို မိိမိတို့လျံတိုင်းပြည်လည်း ရှောင်လို့ရမည် မထင်ပါ။

ဆူမီရာသည် ဟီဒယ်တို့တိုင်းပြည်ကို လျှောက်လည်ပတ်ရင်း လျံမြို့တော်၏ အထက်ဘက်တွင် တည်ဆောက်နေသည့် ဆည်ကြီးကို အင်မတန် စိတ်ဝင်စားမိသည်။ ဆည်ကြီးက ကြီးမားလွန်းလှသည်။ ပြီးတော့ လျံမြို့တော်၏ ပတ်လည်တွင် ကျယ်ပြီး နက်သည့် ကျုံးကိုလည်းတူးထားသည်။ လျံတိုင်းပြည်မှ ရဲမတ်များသည် စစ်ရေးအရ ညံ့ချင်ညံ့မည်။ သို့သော် တွက်ချက်ရေးနှင့် တည်ဆောက်ရေးတွင် အဟုတ်ကို ကျွမ်းကျင်သူများဖြစ်သည်။

ထန်လိုခိပင် အင်မတန်ကို ခိုင်ခံလှသည့်ဆည်ကြီးကို ကြည့်ကာ ချီးကျူးစကားဆိုမိသည်။ တင်ဂီရိသည် ဆည်ကြီးကို ကြည့်ကာ ဟီဒယ်ကို မေးလိုက်သည်။

“မြို့တော်ကနေ ရေကိုလွှတ်ချဖို့ အချက်ပေးစရာ တခုခုတော့လိုမှာပေါ့ ညီမတော် ဟီဒယ်..။ အဝေးက ကြားနိုင်တဲ့ အသံကိုထုတ်လွှတ်နိုင်တဲ့ သတ္တုနဲ့ ပြုလုပ်ရမယ် ထင်တယ်။ မောင်းလိုမျိုး၊ ဗုံလိုမျိုး တီးခတ်အချက်ပြစရာ တခုခုပေါ့..”

ဟီဒယ်သည် အကိုတော် တင်ဂီရိကို အထင်ကြီးဟန်ဖြင့် ငေးကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ် အကိုတော်ပြောသလိုပါပဲ။ အနောက်တိုင်းကနေ ရထားတဲ့ သတ္တုတစ်မျိုးနဲ့ တော်ဝင်ပန်းပဲပညာရှင်တွေ စမ်းသပ်နေကြပါတယ်။”

ထန်လိုခိသည် ဆည်ကြီးကို ငုံကြည့်ကာ ပြောလိုက်သည်။

“ဒီဆည်ထဲက ရေတွေက မြို့ပတ်လည်က ကျုံးထဲကို တရှိန်ထိုး စီးလာလိမ့်မယ်။ ဒါဆိုရင် မြို့ကို ၀န်းရံနေတဲ့ တပ်တွေအားလုံး ရေမျှောရမှာပဲ။ အင်း … အင်မတန်ကို စိတ်ကူးကောင်းပါပေတယ်။ စိတ်ကူးစိတ်သန်းမှာ လျံတိုင်းပြည်က ပညာရှင်တွေကို ထန်တိုင်းပြည်က လုံးဝ မမှီပေဘူး။ ”

“ဒါပေမယ့် ထန်ရဲ့မတ်တွေလို လက်ရုံးရည်နဲ့ စစ်တိုက်တဲ့ စွမ်းရည်ကို တတ်စေချင်တယ် အကိုတော်။ ဒါကြောင့် အကိုတော် ကူညီပေးပါနော်။ ခမည်းတော်ကို ကူပြောပေးရင် ခမည်းတော်က ညီမတော်ရဲ့စစ်တပ်ကို အရင် စမ်းသပ်ခွင့်ပြုမယ်ထင်ပါတယ်

“ဟာ ..ညီမတော်က ကိုယ်ပိုင်စစ်တပ်ရထားပြီလား။”

“ဟုတ်ပါတယ် အကိုတော်။ ဒါကြောင့် အကိုတော်ဆီကို အကူညီတောင်းရတာ…”

“အေးပါကွာ။ ညီမတော်ရဲ့ စစ်တပ်ဆိုတော့ အကိုတော် သေချာ သင်ကြားပေးရမှာပေါ့။ မနက်ဖြန် ဦးရီးတော်ကို သေချာပြောပေးပါ့မယ်…”

“အဲ့ဒါကြောင့် အကိုတော့်ကို အားကိုးရတာ….”

“အားကိုးရုံပဲလား။ တကယ်ဆိုရင် ညီမတော် ဘာအပင်ပန်းစရာလိုလို့လဲ၊ အကိုတော်ရဲ့ စစ်တပ်က ညီမတော်ရဲ့စစ်တပ်ပဲပေါ့၊”

ထန်လိုခိက ညီမတော်ကို အခွင့်ကြုံသည်နှင့် စကားထည့်လိုက်သည်။ ဆူမီရာက နောင်တော် တင်ဂီရိနှင့် အတူ စကားပြောနေရာမှ နားစွန်နားဖျားကြားသည်နှင့် ဆတ်ခနဲခေါင်းကိုလှည့်လိုက်တော့ တင်ဂီရိက ဆွဲခေါ်ကာ အခြားဘက်ကိုထွက်လာခဲ့သည်။ ဆူမီရာက ယက်ကန်ယက်ကန်နှင့်ပါသွားတော့သည်။

“နောင်တော်…”

“လာ..ဆူမီရာ…သူများကြား ၀င်မရှုပ်နဲ့၊ ငရဲကြီးတတ်တယ်။”

ဆူမီရာက နောင်တော့် စကားကြောင့် မျက်လုံးဝိုင်းကာ မော့ကြည့်လိုက်သည်။

“ဟင်… နောင်တော် သိနေတာလား။ ဟီဒယ်ကို နောင်တော် ထန်လိုခိ သဘောကျနေတာ…”

“သဘောကျတာ မဟုတ်ဘူး … ချစ်တာ … သေလုအောင်ချစ်နေတာကွ…”

ဆူမီရာ ပါးစပ်ပြဲခနဲဖြစ်သွားသည်။ နောင်တော် ထန်လိုခိက ဟီဒယ်ကို သေလုအောင် ချစ်နေသည်တဲ့လား။ ဘယ်လိုပါလိမ့်။

“နောင်တော်ကလည်း … မောင်နှမချင်းကို… ဘယ်လိုဖြစ်နိုင်မှာလဲ..”

“၀မ်းကွဲတွေလေ..ဆူမီရာရဲ့။ အနောက်ဘက် တိုင်းပြည်တွေဆိုရင် မောင်နှမအရင်းချင်းတောင် လက်ဆက်တဲ့ ဓလေ့ရှိတာကို သိလျက်နဲ့ကွယ်… ဘာထူးဆန်းလို့လဲ..”

ဆူမီရာက ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။

“အဲ့ဒါ အလကားပြောတယ်ထင်နေတာ နောင်တော်ရ။ စာပေတွေထဲမှာ ဟိုး ဝေးဝေးကြီးမှာရှိတဲ့ ရောမဘုရင်ဆိုရင် သူ့သူငယ်ချင်း ယောကျာ်းလေးကို ချစ်ခင်စုံမက်တယ်တဲ့။ အဲ့သူငယ်ချင်းသေတော့ သူလည်းလိုက်သေတယ်တဲ့။ တကယ်ရှိတယ်လို့ ဆူမီရာ မထင်ထားဘူး။”

တင်ဂီရိသည် ဆည်ကန်ဘောင်ရိုးပေါ်တွင် ဆူမီရာနှင့်အတူ လမ်းလျှောက်ရင်း ဆူမီရာ၏ မျက်နှာလေးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဆူမီရာက ဘာကို မထင်တာလဲ။ အတူသေတာကို မယုံတာလား။ ယောကျာ်းလေးချင်းချစ်တာကို မယုံတာလား…”

“ယောကျာ်းလေးချင်းချစ်တာကို မယုံတာ နောင်တော်ရဲ့။ သူ့မှာ မိဖုရားသုံးပါးတောင်ရှိတာကို။ ဘယ်လိုလုပ် သူငယ်ချင်းကို ချစ်ခင်စုံမက်နိုင်မလဲနော်။ ပြီးတော့ သူငယ်ချင်းသေပြီးသုံးလ အကြာ သူလည်း လွမ်းဖျားနဲ့သေသွားတယ်တဲ့။ ဒီလို ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းက တကယ်ရောဖြစ်နိုင်ရဲ့လား နောင်တော်ရယ်။ ခေတ်ကာလ ကြာလို့ ချဲ့ရင်း စာပေပညာရှင်တွေ စိတ်ကူးယဉ်ရေးခဲ့လေသလား။”

တင်ဂီရိသည် ဆူမီရာ၏ ရှေ့ပိတ်ရပ်ကာ ဆူမီရာ၏ မျက်နှာလေးကို ပင့်မော့ပြီး မျက်ဝန်းလေးထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒီလိုအချစ် အခုလည်းရှိပါတယ်။ ”

“ဟင် တကယ်လား။ ဘယ်မှာလည်း နောင်တော်….”

“တကယ်မသိတာလား ဆူမီရာရယ်။ မင်းတကယ်ကို မမြင်တာလား။ နောင်တော်ကတော့ မင်းရဲ့ မျက်ဝန်းထဲကနေ မြင်နေရတယ်…”

နောင်တော်၏ နူးညံ့နွေးထွေးသော တီတိုးသံကြောင့် ဆူမီရာ ဒိတ်ခနဲဖြစ်သွားသည်။ ရင်အစုံလည်း ဗရမ်းဗတာ ခုန်လာခဲ့သည်။ နောင်တော်ထိထားသည့် မိမိအသားသည် မီးလိုပူလာခဲ့သည်။ သွေးတိုးနှုန်းမြန်လာခဲ့သည်။

“နောင်တော်…..”

ဆူမီရာ အသံတိုးတိုးလေးနှင့် ပြောခဲ့သည်။ ဆူမီရာ၏ မျက်နှာလေးလည်း တဖြည်းဖြည်းရဲလာခဲ့တာ နေပူရှိန်ကြောင့်မဟုတ်မှန်း တင်ဂီရိ သိသည်။ ထို့ကြောင့် တင်ဂီရိသည် ဆူမီရာလေးကို တင်းနေအောင် ရင်ခွင်ထဲကို ဖက်ထားလိုက်ပြိးပြောလိုက်သည်။

“ကိုယ်က ရောမဘုရင်ထက် သာအောင်ချစ်မိနေသူပါ ဆူမီရာလေးရယ်။ မင်း တကယ်ကို မခံစားမိတာလားကွယ်…”

ဆူမီရာသည် နောင်တော့် အကြည့်၊နောင်တော့် စကားကြောင့် ခေါင်းတခုလုံးမူးဝေသွားပြီး အလိုလို နောင်တော့် ခါးကို ပြန်ဖက်ကာ ပြောလိုက်မိသည်။

“ကျွန်တော် မြင်ပါတယ် နောင်တော်။ ခံစားမိပါတယ်။”

တင်ဂီရိသည် ဆူမီရာလေးကို ငုံ့ကာ နားနားကပ်ပြီးတီးတိုးမေးလိုက်သည်။

“ဒါဆို နောင်တော် ခံစားမိသလို ဆူမီရာ ခံစားမိရဲ့လား။”

“ဟုတ်ကဲ့..ခံစားမိပါတယ်။ ကျွန်တော် နောင်တော့်ကို အရင်ကတည်းက ချစ်ခဲ့တာပါ။”

“ဆူမီရာလေးရယ်…. စကားတတ်လိုက်တာကွယ်။”

တင်ဂီရိ ထိုမျှသာ ပြောနိုင်တော့သည်။ ရင်ထဲမှာလည်း ဆို့လို့နေသည်။ မထင်မှတ်အောင်ပင် ဆူမီရာလေးက ရိုးသားကာ ဖြူစင်လွန်းလှသည်။ ပြီးတော့ သူ့အချစ်ကို ဖွင့်အောင်ကိုရဲရင့်ပါပေသည်

----------------------------------------------

ယွမ်ချူးခန်သည် ခမည်းတော်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ကာလိုခန်မင်းကြီးက သားတော်ကို စေ့စေ့ကြည့်ကာ ထပ်ပြောလိုက်သည်။

“လုံးဝ ခွင့်မပြုနိုင်ဘူး သားတော်။ မင်းက နန်ကျောင်ပြည်ရဲ့ အမွေဆက်ခံသူ အိမ်ရှေ့မင်းသား ။ မင်းကို ဘယ်လိုမှ နန်းတော်ထဲက ထွက်ခွင့်မပြုဘူး။”

“ခမည်းတော်ဘုရား… သားတော်တို့ နန်ကျောင်ပြည် ဆက်လက်ရပ်တည်နိုင်ဖို့ဒီထက်ကြံ့ခိုင်တဲ့သူ လိုအပ်နေပါပြီ။ ”

“မင်း ဘာပြောတာလဲ ယွမ်ချူးခန် သားတော်…”

“ကျွန်တော် အရုပ်ကျား မဖြစ်ချင်ဘူး ခမည်းတော်ဘုရား။ အခုဆိုရင် အာနန်ပြည်က အင်အားကြီးထွားလာပြီ။ ပြီးတော့
အာနန်မင်းသားက အရှေ့ပိုင်းလူငယ် စစ်ဘုရင်အဖြစ် ထင်ရှားကျော်ကြားနေပြီ၊ ကျွန်တော်က လိပ်လို ရေကန်လေးထဲ ခေါင်းဝှက်ပြီးနေရမလား ခမည်းတော်ဘုရား။”

ကာလိုခန်သည် သားတော် ယွမ်ချူးခန်၏ ပါးစပ်မှာ အာနန်ပြည်အကြောင်းကိုကြားသော် ဆတ်ခနဲဖြစ်ကာ တင်းမာစွာပြောလိုက်သည်။

“အာနန်ပြည် အကြောင်းကို ဘာသူပြောပြသလဲဟင်။ သေဒဏ်ပေးရမယ်။”

“ခမည်းတော်ဘုရား။ သားတော် အတင့်ရဲစွာလျှောက်တင်တာကို သည်းခံပြီးနားထောင်ပေးတော်မူပါ။ အမတ်ချုပ်ဘဘလည်း ခမည်းတော်ကို လိုအပ်တာကိုရှင်းပြပါလိမ့်မယ် ဘုရား။”

ကာလိုခန်သည် အမတ်ချုပ်ကြီးတားဂေါတိုင်းကို ကြည့်လိုက်တော့ တားဂေါတိုင်းက အရိုသေပေးကာ လျှောက်တင်လိုက်သည်။

“မင်းသားလေးက အားလုံးသိထားပါပြီး မင်းကြီး ။ ကျွန်တော်မျိုးဆီိကို အချက်လက်အပြည့်စုံနဲ့လာမေးလို့ ကျွန်တော်မျိုး အားလုံးပြောပြလိုက်ပါပြီ။”

“သားတော်….မင်း…”

“ကျွန်တော့် မယ်မယ်ကို ကျွန်တော် အဆုံးရှုံးမခံနိုင်ဘူး ခမည်းတော်ဘုရား။ အခုဆို အာနန်ပြည်က မယ်မယ့်ကို ပြန်လုဖို့ စစ်တပ်ကိုတိုးချဲ့နေတာကို သားတော် ခုလို ဆက်ကြည့်မနေနိုင်တော့ဘူး။ ”

“ဘာ..အဲ့ဒါ အမှန်ပဲလား အမတ်ကြီး။”

“အမှန်ပါပဲ အရှင်မင်းကြိး။”

ကာလိုခန် ငြိမ်ကျသွားခဲ့သည်။ ဟော်သွန်းကို လက်လွှတ်ရလျှင် မိမိသေမည်ထင်သည်။ ဒါကြောင့်သားတော်ပြောသည် ကိုနားထောင်ရန် ဆုံးဖြတ်လိုက်သည်။

သားတော်ပြောသည်ကိုနားထောင်ပြီးနောက် ကာလိုခန် စိတ်အေးသွားခဲ့သည်။ သားတော် က မိမိထက် ကို ထက်မြက်သည်ကို မငြင်းနိုင်တော့ပေ။ ဒါကြောင့် သားတော်ကို သူ့အကြံအတိုင်းလုပ်ရန်ခွင့်ပြုလိုက်သည်။

------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet