အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (9)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (9)

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာကို ကတိပေးထားသည့်အတိုင်း တိုဟူးနွေး ကျွေးရန် စိုင်းထက်တို့ ဆိုင်ရှိရာကို စက်ဘီးလေးနင်းပြီးထွက်လာခဲ့သည်။ ညောင်ညောင်ဆရာက အိပ်ယာမှ မထသေးသဖြင့်ထားရစ်ခဲ့ပြီး တယောက်တည်း အေးအေး ဆေးဆေး လာခဲ့စဉ် တံတားလေးတစ်ခုကို ဖြတ်ကာစက်ဘီးနင်းလာစဉ် ရေထဲမှ ဆံပင်ရှည်ရှည်နှင့် မိမိကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကိုတွေ့သော် ပထမ တယောက်ယောက်ရေနစ်နေသည်ထင်ပြီး စက်ဘီးကိုရပ်ကာ တံတားအောက်ကို ငုံ့ကြည့်လိုက်စဉ် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။

“သွားပြီ.. ၀ိဥာဏ်ပဲ.. ငါ သူ့ကိုမြင်နိုင်တာ သိသွားပြီ”

စ၀်ခွန်ပိုင်လှည့်ထွက်လာမည်အပြု ရေထဲမှ သရဲမက သနားစဖွယ် အသံပြုခဲ့သည်။

“သခင်လေး ကျွန်မကို မြင်နိုင်တယ် မလား…. ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါရှင်… ”

စ၀်ခွန်ပိုင် မကြားဟန်ပြုပြီးထွက်လာခဲ့သော်လည်း သူမ၏ စကားသံက အနောက်တွင်လွင့်ပျံလာခဲ့သည်

“ကျွန်မက ပျောက်ဆုံးနေတဲ့ အကိုကြီးကို လိုက်ရှာနေတာပါ။ အကိုကြီးကို ကူပြီးရှာပေးပါရှင်…”

စ၀်ခွန်ပိုင်သည် မနေ့ကမှ ၀ိဥာဉ်လောကသားကြောင့် သေမလို ဖြစ်ခဲ့သဖြင့် ချက်ချင်းမကူညီဝံ့ပဲ လှည့်မကြည့်တမ်းကို စက်ဘီးကို အမြန်နင်းလာခဲ့သည်။ စိတ်ထဲ မပြစ်မကင်းသလိုခံစားနေရသော်လည်း မိမိတွင် မည်သည့်အစွမ်းမှမရှိသည့် သာမန်လူ ဖြစ်သဖြင့် ၀ိဥာဉ်လောက အရေးခင်းတွင် ဘယ်လိုမှ လုပ်ပေးနိုင်မည်မဟုတ်ဟု ကိုယ့်ဖာသာတွေးလာပြီး စိတ်သက်သာရာရအောင် ဖြေတွေးနေခဲ့သည်။

“စိုင်းထက် တိုဟူးနွေးနှစ်ပွဲ၊ တိုဟူးကြော်တစ်ပွဲပါဆယ်…”

“အေးအေး… ခွန်ပိုင်ရေ… ခဏစောင့်ပေးပါဦး… ငါ အမြန်ဆုံးပြင်ပေးပါ့မယ်..”

“ရတယ် ဖြည်းဖြည်းလုပ်…”

စိုင်းထက်တို့မြေးအဖွားသည် ၀ိုင်းဝိုင်းလည်နေသည့် ဖောက်သည်များကို လည်မလည်အောင်ပြင်ပေးနေသဖြင့် စ၀်ခွန်ပိုင် ရေနွေးကြမ်းတစ်ခွက်ဌဲ့သောက်ရင်း စောင့်နေသည်။ စိုင်းထက်၏ကျွမ်းကျင်သွက်လက်စွာ လုပ်ကိုင်သည်ကို အမှတ်တမဲ့ ငေးကြည့်မိစဉ် အိပ်ရေးပျက်ဟန်ဖြင့် မျက်ကွင်းညိုနေသည်ကို တွေ့လိုက်သည်။

တိုဟူးနွေးလာဝယ်သည့် ကောင်မလေးများက မျက်နှာစိမ်းကောင်လေး ချောချောနှင့် စိုင်းထက် ခင်မင်ရင်းနှီးသည့် အပြောဆိုကို ကြားသော် မျက်လုံးများ ၀င်းဝင်းတောက်သွားပြီး စိတ်ဝင်စားစွာဖြင့် စိုင်းထက်နား တိုးကပ်ကာ စပ်စုကြသည်။ စိုင်းထက်က မျက်မှောင်ကြုတ်ကာ ဘူးခံနေပြီး လုပ်လက်စကို လုပ်နေကြသည်။ စိုင်းထက်ကို မေးမရသော်အခါ တိုဟူးနွေးခေါက်ဆွဲကို စောင့်ရင်း စ၀်ခွန်ပိုင်ကို ခိုးခိုးကြည့်နေကြသည်။ ကြည့်ရုံတင်မက အချင်းချင်း တွက်ထိုးကာ တခိခိလုပ်ကာ အပျိုမလေးတို့သဘာဝအတိုင်း သဖန်းပိုးထိုးနေသဖြင့် နောက်ဆုံး စိုင်းထက်က သူငယ်ချင်းလေးအတွက် အရင်ပြင်ပေးလိုက်တော့သည်။

“ရော့ ခွန်ပိုင်…ရပြီ…”

“အေးအေး..”

စ၀်ခွန်ပိုင်သည် ညက အကြောင်းကိုပြန်တွေးနေရင်း အဝေးကိုငေးနေသဖြင့် ကောင်မလေးများ၏ ပစ်မှတ်ဖြစ်သွားသည့် မိမိအဖြစ်ကို ဘာမှမသိလိုက်ပေ။ စိုင်းထက်လာပေးသည့် အထုပ်ကိုလှမ်းယူပြီး ခေါက်ဆွဲဖိုးပြန်ပေးလိုက်သည်။ စိုင်းထက်က လက်ကာပြီး ငြင်းသည်။

“ဟာ… အချင်းချင်းတွေ… မပေးနဲ့..”

“မင်း ဒီလိုမလုပ်နဲ့။ မင်းက စီးပွားရေးလုပ်နေတာ။ စီးပွားနဲ့ခင်မင်မှုကို မရောကောင်းဘူး။ အခု မင်းဆိုင်ကို လာဝယ်တာ မင်း ခေါက်ဆွဲဖိုးကို လက်ခံရမယ်။ အိမ်မှာ မင်းကျွေးတဲ့ဟာဆို ငါ မပေးဘူး စိတ်ချ…”

စ၀်ခွန်ပိုင်က စိုင်းထက်ကို အေးအေးဆေးဆေးရှင်းပြလိုက်သည်။ စို်င်းထက်သည် ခွန်ပိုင်၏ ပြတ်သားသည့် မျက်ဝန်းစကားကို မြင်သော် ဘာမှမပြောပဲ လက်ခံလိုက်ပြီး အအမ်းပြန်ပေးလိုက်သည်။ ထိုအခါမှ ခွန်ပိုင်ပြုံးကာ နူတ်ဆက်ပြီး ပြန်လာခဲ့သည်။ ခွန်ပိုင်၏ အပြုံးကိုတွေ့သော် ကောင်မလေးနှစ်ယောက် ပါးစပ်ထဲ သွင်းလက်စ ခေါက်ဆွဲကိုပင် မသွင်းနိုင်ပဲ ကြောင်ငေး ကျန်ရစ်ခဲ့သည်။ စိုင်းထက်သည် ထိုကောင်မလေး နှစ်ယောက်ကိုကြည့်ကာ နှာခေါင်းရှုံ့ကာ အနားကဖြတ်လာရင်း တိုးတိုး ပြောလိုက်သည်။

“နင်တို့ပါးစပ်ထဲ ယင်ကောင် ၀င်ကုန်အုံးမယ်…”

“ဟဲ့…စိုင်းထက်…. အဲ့တယောက်က နင့်သူငယ်ချင်းလား။ ဘယ်လိုခင်သွားတာလဲ.. ငါတို့ကိုမိတ်ဆက်ပေးဦးလေ…”

“ဟ… မလုပ်ပါနဲ့။ ငါ့သူငယ်ချင်းက အေးအေးလေး။ နင်တို့ကို လန့်ပြီး ပြည်မကိုပြန်ပြေးသွားဦးမယ်ကွ..”

“သူက ပြည်မကလား။ နင်နဲ့ ဘယ်လိုခင်တာလဲ…”

စိုင်းထက်သည် မစပ်စုများကို ဘာမှပြန်မပြောတော့ပဲ ပုခုံးတွန့်ပြကာ အလုပ်သာဆက်လုပ်နေကြသဖြင့် ကောင်မလေး များက စိုင်းထက်ကို မကြားတကြား ငြူစူကာ အခြားအကြောင်းရာဘက်ကိုလှည့်သွားကြသည်။ ဖွားဖွားက မိမိမြေး နှင့် ကောင်မလေး များကိုကြည့်ကာ ပြုံးရုံသာပြုံးနေလိုက်ပြီး ငယ်သူငယ်ချင်း စောမေသီရိကို တမ်းတကာ စိတ်ထဲမှ ပြောလိုက်မိသည်။

“စောမေသီရိရေ…. နင့်မြေးက နင်နဲ့တူလို့ ချောတယ်ဟဲ့။ ကောင်မလေးတွေက နင့်မြေးကိုမြင်တာနဲ့ ချက်ချင်း စိတ်ဝင်စားကြတာ နင်မြင်ရင် ဘာပြောမလဲ”

စ၀်ခွန်ပိုင်သည် တံတားနားက ဖြတ်တော့ ချောင်းထဲကို မကြည့်ပဲ စက်ဘီးကိုအမြန်နင်းကာ ဖြတ်လာခဲ့သော်လည်း အနောက်မှ သရဲမ၏ ခေါ်သံက လွင့်ပျံလာခဲ့သေးသည်။ တံတားကို ဖြတ်သန်းသွားလာနေသည့် လူများက ထိုသရဲမကို မည်သူမှ မမြင်ကြပဲ မိမိတယောက်တည်းမြင်နေသဖြင့် ရပ်လို့ စကားပြောလျှင် လူလိမ်အရူးဟု အထင်ခံရအုံးမည်ကိုတွေးကာ ငယ်စဉ်က အကြောင်းကို သတိရပြီး ခပ်ဖျော့ဖျော့ပြုံးရင်း သက်ပြင်းရှိုက်လိုက်မိသည်။

“ညောင်ညောင်ဆရာ… မနက်စာ စားမယ်ဗျို့…”

အိမ်သို့ရောက်သော် မီးဖိုချောင်ထဲ ၀ယ်လာသည့် မနက်စာကိုပြင်ဆင်ပြီး အိမ်ခန်းထဲမှ ညောင်ညောင်ဆရာကို လှမ်းခေါ် လိုက်သည်။ ညောင်ညောင်ဆရာက အမြီးတထောင်ထောင်နှင့် ထွက်လာပြီး အနံ့ရသည်နှင့် နူတ်ခမ်းကိုလျှာနှင့်သပ်ပြီး ပြောလိုက်သည်။

“အား… အနံ့ကမွှေးနေတာပဲ… ဟိုဘက်အိမ်က မြေးအဖွားဆိုင်က မလား။ ဒီမြို့မှာ သူတို့လက်ရာက အကောင်းဆုံးပဲကွ…”

“ခင်ဗျား စားလို့ ဖြစ်တယ်နော်…”

“ဘာလို့မဖြစ်မှာလဲကွ… မင်းတောင်စားနိုင်သေးတာ…”

ညောင်ညောင်ဆရာသည် စားပွဲပေါ်တက်ပြီး ပန်းကန်ပြားထဲမှာ နယ်ထားသည့် ခေါက်ဆွဲတိုဟူးနွေးကို အားပါတရစားတော့သည်။ ပါးစပ်တွင် တိုဟူးပျော့များ ပေကျံကုန်သည်ကို လျှာနှင့်သပ်လိုက် အလုပ်ကြီး စားလိုက်နှင့်ကြည့်ပြီး ညောင်ညောင်ဆရာ တကယ့်ကို နှစ်သက်သည်ကို တွေ့သော် စ၀်ခွန်ပိုင် ကျေနပ်စွာပြုံးမိသည်။ တယောက်တည်း မနက်စာ စားသည်ထက် မိမိဝယ်လာသည့် မနက်စာကို မြိန်ယှက်စွာ အတူစားသည့် တစုံတယောက်ရှိသည့် ခံစားချက်က ရင်ထဲ လစ်ဟာနေသည့် အရာကို တဖြည်းဖြည်းနှင့် ပျော်ရွှင်ဖွယ်အတွေးတို့ ပြည့်လာသလိုခံစားလိုက်ရသည်။

နေခြည်နွေးနွေးဖြာကျသည့် ခြံကိုဖြတ်သန်းလာသည့် လေနုအေးသည် ထမင်းစားခန်းထဲမှ ငြိမ်းအေးစွာ တိတ်ဆိတ်စွာ မနက်စာ အတူတူ စားနေသည့် လူငယ်လေးတဦးနှင့် ကြောင်တကောင်နားမှ ကလူကျီစယ်ဟန်ဖြင့် ပွတ်တိုက်ကာ ဖြတ်သန်းသွားတော့သည်။

“အား… တိုဟူးလေးက ကြွပ်ပြီး အရသာရှိလိုက်တာကွာ။ ဒီလက်ရာကို ငါမစားရတာ အတော်ကြာပြီ….”

ရုတ်တရက် ကော်ဖီခွက်ကိုမော့သောက်နေစဉ် အသံကိုကြားလိုက်ရသဖြင့် ကြည့်လိုက်တော့ စားပွဲတင် ပန်းအိုးဘေးမှာ ရပ်နေပြီး တိုဟူးကြော်စားပြီးဟန်ဖြင့် လက်သုတ်နေသည့် ငလက်မအရွယ်လို လူအသေးလေး တစ်ယောက်ကြောင့် သောက်လက်စ ကော်ဖီပင် ပါးစပ်ထဲမှ ပြန်ထွက်လာကုန်တော့သည်။

“ဖြီး….”

“အာ…ငါ့ကို စင်ကုန်ပြီ…. ခွန်ပိုင်… ”

“ဟိုမှာ… ကျွန်တော်တို့စားပွဲပေါ်က လူကို ခင်ဗျား မမြင်ဘူးလား ညောင်ညောင် ဆရာ…”

“မြင်သားပဲ… အဲ့ဒါ တောထဲက မိုးကြိုးနတ်ကွန်းစောင့်နတ်လေ…. ”

ညောင်ညောင်ဆရာက မထူးခြားဟန်ဖြင့် ပြောပြီး အစားကို လက်စသတ်နေသည်။ ထိုငလက်မအရွယ် လူက မိမိကို အန္တာရာယ် မရှိနိုင်သည်ကို သိတော့မှ ခွန်ပိုင် စိတ်သက်သာရာရတော့သည်။ ထိုလူကို အကဲခတ်ကြည့်လိုက်တော့ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ရှေးကျသည့် ၇ိုးရာဝတ်စုံကို ၀တ်ထားသည်ကို တွေ့လိုက်ရသည်။ မျက်နှာကို မမြင်ရသော်လည်း တည်ကြည်ကာ ကြင်နာတတ်ပုံရသည်။

“မင်းရဲ့ တိုဟူးကြော်ကို စားလိုက်မိတာ တောင်းပန်ပါတယ်ကွာ။ ငါ ဒါကို မစားရတာ နှစ်ပေါင်းများစွာရှိနေပြီမို့ပါ… ”

လူအသေးလေးက ဦးညွတ်ကာ တောင်းပန်စကားဆိုသည်ကို ညောင်ညောင်ဆရာက အနားလာကြည့်ပြီး မေးလိုက်သည်။

“မိုးကြိုးနတ်ကွန်းစောင့်နတ်… ခင်ဗျား ခွန်ပိုင်ကို ဘာလို့လာရှာတာလဲ။ ပြောစရာရှိတာ ပြောဗျာ…”

“နေဦး..ဒီအသံကို ငါ ရင်းရင်းနှီးနှီးကြားဖူးပါတယ်… ခင်ဗျား… တောင်စောင့် ၀ံပုလွေနတ်မဟုတ်လား….ဟား…ဟား…ဟား… ဘယ်လိုလုပ်ပြီး ကြောင်ဝတုတ်ဖြစ်သွားတာတုန်းဗျ။ ခင်ဗျားအဖြစ်က ဆိုးလှချည်လား။ လူတကာ ကြောက်ရတဲ့ ၀ံပုလွေနတ်ဆိုတာ ဘယ်သူမှယုံမှာ မဟုတ်ဘူး …ဟား…ဟား..”

“ဘာ…. ဒါ ငါ တမင်ကို အသွင်ယူပြီး ရုပ်ဖျက်ထားတာကွ။ ကြောင်ဝတုတ်ပုံဖြစ်လည်း ငါ့အစွမ်းက တစက်လေးမှ မလျော့သွားဘူးကွ…”

ညောင်ညောင်ဆရာက ကျောကုံးကို ခုံးထပြီး ဒေါသတကြီးနှင့်ပြောသည်ကိုကြားသော် စ၀်ခွန်ပိုင်က ညောင်ညောင်ဆရာကို မိမိကိုယ်ပေါ် ဆွဲပွေ့ထားပြီး လူအသေးလေးကို မေးလိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို ဘာလို့လာရှာတာလဲဗျ”

“အင်း… မင်းဆီမှာ ငါ့နာမည်ရှိနေလို့ပါ။ တောထဲမှာ ဒီအကြောင်း ကျွတ်ကျွတ်ညံအောင် ပြောနေကြတာ။ နောက်ဆုံး စောမေသီရိရဲ့မျိုးဆက် ပြန်ရောက်လာပြီဆိုတော့ ငါလည်း ငါ့နာမည်ပြန်လိုချင်လို့ပါကွာ…”

စ၀်ခွန်ပိုင်သည် ဖွားဖွားစောမေသီရိ လုပ်ခဲ့သည့် အရှုပ်ထုပ်ကိုရှင်းရန် လူအသေးလေးကို မိမိအခန်းထဲ သယ်လာပြီး စားပွဲပေါ်တင်ကာ သေချာသိမ်းထားသည့် အမည်စာရင်းစာအုပ်ကို ထုတ်ကာ စာအုပ်ကိုလှန်ရင်း အာရုံပြုကာ စိတ်ထဲမှ မိမိရှေ့မှ လူအသေးလေး၏ အမည်ကို အာရုံပြုလိုက်သည်နှင့် စာမျက်နှာတခုအရောက်တွင် ရပ်သွားသည်။

“တွေ့ပြီ… အမ်…ဒီမှာ တခြားစာရွက်နဲ့ ကပ်နေတာပဲ… နေဦး..ခွာလိုက်ဦးမယ်….”

စ၀်ခွန်ပိုင်သည် အမည်စာရွက်ကို အခြားတရွက်မှခွာလိုက်စဉ် စားပွဲပေါ်မှ လူအသေးလေးက နာကျင်စွာညည်းကာ တွန့်လိမ်ကောက်ကွေးသွား သဖြင့်လန့်သွားသည်။

“အား….. အောင်မယ်လေး…သေပါတော့မယ်… သခင်လေး… ရပ်ပါတော့..ရပ်ပါတော့…ခင်ဗျားလုပ်တာ ကျွန်တော့်တကိုယ်လုံးကျိုးပဲ့တော့မယ်ဗျ”

ညောင်ညောင်ဆရာသည် စာအုပ်ကို လာရှုကြည့်ပြီး ရယ်မောရင်းပြောလိုက်သည်။

“အမ်…. အရသာရှိလိုက်လေကွာ…. စာရွက်ကို ခွာရင် မင်း တကိုယ်လုံးကျိုးကြေကုန်မယ်။ မခွာရင် မင်းနာမည်ကို ပြန်ပေးလို့မရဘူး။ တယ်ပိုင်သကွာ။ ”

“အဲ့ဒါ ဘယ်လိုဖြစ်လို့ကပ်ကုန်တာလဲ…

“မင်းအဖွားလက်ချက်ပေါ့ကွာ။ သူက မုန့်ကိုလွယ်အိတ်ထဲ ထည့်ထားတော့ ဖိတ်ကျပြီး စာအုပ်က စာရွက်တွေ ကပ်ကုန်တာ။ စောမေသီရိဆိုတာ အဲ့လို နမော်နမဲ့ကလေးမပါဆိုကွာ….”

စ၀်ခွန်ပိုင်သည် စာအုပ်ကိုပြန်သိမ်းကာ လူအသေးလေးကို တောင်းပန်လိုက်သည်။

“ညောင်ညောင်ဆရာပြောသလိုပဲ စာရွက်ကို အတင်းခွာရင် ခင်ဗျားကို သတ်သလို ဖြစ်နေမယ်… လက်လျော့လိုက်ရအောင်ဗျာ…”

လူအသေးလေးက ဒူးထောက်ကာ အတင်းတောင်းပန်တော့သည်။

“မလုပ်ပါနဲ့ သခင်လေး။ ကျွန်တော် နှစ်ပေါင်း ငါးဆယ်လောက် စောင့်နေခဲ့ရတာပါ။ ကျွန်တော့်ကို ရအောင် ကူညီပေးပါဗျ”

“ဒါဆို ခင်ဗျားနဲ့ အတူတွဲနေတဲ့ စာရွက်က အကောင်ကိုရအောင်ရှာလိုက်။ နှစ်ယောက်ကို တပြိုင်တည်း နာမည်ပြန်ပေးလိုက်မှရမယ်… အဲ့ကောင်ကို ခင်ဗျားသိသလား…”

“သိတယ်..သိတယ်။ အဲ့ကောင်က ဒီတ၀ိုက်မှာ ကျက်စားတဲ့ကောင်။ တောထဲလာရင်း စောမေသီရိက သူ့ကို အရင်တွေ့ပြီး နာမည်တောင်းခဲ့တာ။ ကျွန်တော့်ကို ဒီအကြောင်းတောင်ပြောဖူးသေးတယ်။ တောစပ်မှာ စောင့်ရင်း ဖြတ်သွားသမျှလူတွေကို အစာကျွေးဖို့ တောင်းနေတဲ့ကောင်…. ကျွန်တော် သူ့ကိုရအောင်ရှာပြီး ပြန်လာပါ့မယ်….”

လူအသေးလေးက ဦးညွတ်ကာ နုတ်ဆက်ပြီး ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှ စားထားသည့် မနက်စာကို စ၀်ခွန်ပိုင် ဆေးကြောပြီး နေ့လည်စာအတွက် ပြင်ဆင်ရင်း လမ်းမှာတွေ့သည့် သရဲမအကြောင်းကို ညောင်ညောင်ဆရာကို ပြောပြမိတော့သည်။

“အင်း…၀ိဥာဉ်လောက က သတင်းပြန့်တာ ပိုလွယ်တယ်။ မင်းအကြောင်း ဒီနယ်တ၀ိုက် မသိသူ မရှိတော့ဘူး။ ငါရှိနေလို့သာ လူတိုင်း မင်းဆီမလာရဲတာ။ မင်းလည်း အသွားလာ ဆင်ခြင်ဦး။ မင်းကိုလာရှာတိုင်း နာမည်လိုချင်တဲ့ ကောင်တွေချည်းမဟုတ်ဘူး။ အနက်ရောင်မှင်စာလို သူများနာမည်ကို အချောင်ယူပြီး ထိန်းချုပ်ချင်သူ များတယ်”

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏ စကားကိုကြားသော် သက်ပြင်းချလိုက်သည်။ ဖွားဖွားစောမေသီရိ ဘယ်လိုလုပ်ပြီး ပရလောကသား နယ်ပယ်ထိ ချဲ့ထွင်ပြီး နာမည်လျှောက်စုနေသည်ကို နားမလည်နိုင်ဖြစ်သွားသည်။

---------------------------------------

စိုင်းထက်သည် ညက အိပ်ရေးပျက်သဖြင့် ဈေးမှ ပြန်လာပြီး အားလုံးသိမ်းဆည်းပြီးနောက် ထမင်းစားပြီးသည်နှင့် နေ့လည် တရေးတမော အိပ်နေစဉ် သံကြိုးတရွတ်တိုက်ဆွဲသည့် အသံကို ကြားလိုက်ရပြီး နိုးလာခဲ့သည်။ နားခေါင်းထဲ ကန့်နံ့စူးစူးဝါးဝါးကိုပါရလိုက်သဖြင့် ဆံပင်မွေးများပင် ထောင်ထလာသလို ခံစားလိုက်ရသည်။

“နိုင်းနိုင်း…. နိုင်းနိုင်း….”

အဖွားကိုလှမ်းခေါ်သော်လည်း ထူးသံမကြားသဖြင့် စိုင်းထက် ခေါင်းမွေးပင်ထောင်ထလာခဲ့သည်။ အဖွားက အပြင်ထွက်သွားပြီး အိမ်မှာ မိမိတယောက်တည်းဖြစ်နေသည်။ စိုင်းထက်သည် စိတ်ကိုတင်းပြီး တုတ်တချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အသံကြားသည့် ထင်းထားသည့် ဂိုဒေါင်ကို လာခဲ့သည်။ ဂိုဒေါင်ထဲတွင် အသံသဲ့သဲ့ကြားသဖြင့် တံခါးကိုကြည့်လိုက်သော် သော့ခတ်ထားသဖြင့် လူဝင်တာလည်း မဖြစ်နိုင်ပေ။ ဒါဆို မကောင်းဆိုးဝါးတကောင်ဖြစ်ရမည်ဟု တွေးကာ ကျောထဲစိမ့်လာခဲ့သည်။ စိုင်းထက်သည် ဂိုဒေါင်တံခါးကို အသာဖွင့်ကာ အထဲကိုချောင်းကြည့်လိုက်သည်။ အထဲတွင် အလင်းရောင်ဝင်သဖြင့် ထင်းများနှင့် မိမိတို့အသုံးမလိုသည့် အရာများ သူ့နေရာနှင့်သူရှိနေသည်က လွဲပြီး လူတဦးတယောက်ကိုမှ မတွေ့ရပေ။ အရိပ်အယောင်မတွေ့ရသဖြင့် စိုင်းထက် သက်ပြင်းကိုရှိုက်လိုက်မိသည်။ မိမိတံခါးမဖွင့်ခင်က အထဲမှာ လှုပ်ရှားသံကိုသေချာကြားသော်လည်း ယခုဘာမှမမြင်ရသဖြင့် တံတွေးကိုသာ မြိုချလိုက်မိသည်။ ဂုတ်မွေးက ထောင်ချင်ချင်ဖြစ်လာသဖြင့် ဂိုဒေါင်တံခါးကို အမြန်ပိတ်ကာ ထွက်လာခဲ့သည်။ စိုင်းထက် ပြန်ထွက်သွားတော့မှ အရိပ်မည်း တစ်ခုပေါ်လာပြီး ဂိုဒေါင်ထဲ ဟိုဟိုသည်သည် လိုက်ရှာနေသည်။ လူရိပ်အရ ထောင်ထောင်မောင်းမောင်း လူထွားကြီးဖြစ်ဟန်တူသည်။ ပြီးတော့ လူထွားကြီး၏ ဦးခေါင်းထက်တွင် အငွေ့တလူလူ ထွက်နေသေးသည်။ စိုင်းထက်ရလိုက်သည့် စူးစူးဝါးဝါး ကန့်နံ့က ထိုအရိပ်၏ ဦးခေါင်းမှ ထွက်သည့် အနံ့ဖြစ်သည်ကို စိုင်းထက် မသိလိုက် တော့ပေ။

ထိုသံကြိုးတရွတ်တိုက်သံက ညညဆိုလျှင် ပြန်ပြန်ကြားနေရသဖြင့် စိုင်းထက် ယခုညလည်း အိပ်မပျော်နိုင်အောင်ဖြစ်မိသည်။ အသံအပြင် အနံ့စူးစူးကလည်း လူကို ခြောက်ခြားစေနေသည်။ ဖွားဖွားကိုလည်း မပြောချင်၊ အခြားလူများကိုပြောလျှင်လည်း မိမိကိုရူးနေသည်ဟု ထင်ရုံကလွဲပြီး မည်သူမှယုံမည် မဟုတ်သဖြင့် စိုင်းထက် နားကို တင်းတင်းပိတ်ကာ အတင်းအိပ်ပျော်ရန်ကြိုးစားလိုက်တော့သည်။ မအိပ်လို့မရ။ မနက်ဖြန် အတန်းသွားသင်ရဦးမည်။

--------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??