အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (3)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (3)


“ရှန့်ရေ… ကိုကို ဈေးထဲ ဟင်းသွားဝယ်ဦးမယ်… အိမ်စောင့်နေဦးနော်…”

 

စ၀်ခွန်ပိုင်သည် ရှန့်ကိုဈေးခေါ်လို့မဖြစ်သောကြောင့် အိမ်မှာထားပစ်ခဲ့ပြီး စတိုခန်းလေးထဲမှာ စက်ဘီးလေးကို ထုတ်ကာ ဖုန်သုတ်ပြီး ဈေးကိုနင်းလာခဲ့သည်။ အလာတုန်းက ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လျှင်ရောက်မည့်နေရာတွင် ဈေးတစ်ခုကို တွေ့ခဲ့သည်ဆိုတော့ ချက်စားဖို့ဟင်းချက်စရာနှင့်ရှန့်အတွက် ငါးဝယ်ချင်သည်။ စ၀်ခွန်ပိုင်သည် ဟိုသည်ကြည့်လိုက် ၀ယ်ခြမ်းနေစဉ် တိုဖူးနွေးစားချင်လာသဖြင့် လူကြိတ်ကြိတ်တိုးနေသည့် ဈေးထဲမှ ခေါက်ဆွဲဆိုင်ထဲကို ၀င်ထိုင်လိုက်သည်။ ထို့နောက် လူများသဖြင့် အိမ်ကိုပါဆယ်မှာရန် ကောင်တာနားကိုသွားလိုက်တော့ မိမိနှင့်ရွယ်တူကောင်လေး တစ်ယောက်ကိုတွေ့တော့ တိုဟူးနွေးနှင့် တိုဟူးနှစ်ပြန်ကြော်တစ်ပွဲကို ပါဆယ်မှာလိုက်သည်။

 

စိုင်းထက်သည် အိမ်အိုကြီးတွင်နေသည့် ကောင်လေးကို တွေ့သော်မျက်လုံးလက်ခနဲဖြစ်သွားပြီး အမြန်ပြောလိုက်သည်။
 

“ဟုတ်ကဲ့ အစ်ကို။ ခဏထိုင်စောင့်ပါဦး။ ကျွန်တော် အမြန်ထည့်ပေးပါ့မယ်…”

 

စိုင်းထက်သည် ထိုကောင်လေးအတွက် အမြန်တိုဟူးနွေးထည့်ပေးတော့ စောင့်နေသည့် နန်းနွဲ့ မျက်စောင်းထိုးကာ ပြောခဲ့သည်။ ဒီကောင်မလေးက တကယ့်အစွာ။ အလှည့်ကျော်တယ်ဆိုပြီး ပွစိပွစိလုပ်နေသည်။

 

“ဟဲ့.. စိုင်းထက် ငါတို့က အရင်နော်…”

 

“အေးပါ..နင်ကလည်း ဘယ်လိုဖြစ်နေတာလဲ။ ဒီအစ်ကိုက ဧည့်သည်ဟ။ ခုမှရောက်တာ။ ဦးစားပေးရမယ် မဟုတ်လား။ နင့်ကို ငါ အသားပိုထည့်ပေးပါ့မယ်ဟာ… ”
 

“အေး…ပြီးတာပဲ…”

 

စိုင်းထက်သည် နန်းနွဲ့ကိုကျေနပ်အောင်ပြောလိုက်တော့ အစားပုပ်မလေးက ကျေနပ်သွားသည်။ စိုင်းထက်လေ။ စားသုံးသူတွေကိုကျေနပ်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ နပ်ပြီးသား သိတယ်မလား။ စိုင်းထက်သည်။ တိုဟူးနွေး။ အကြော်ထုပ်၊ ဟင်းရည်နှင့်အချဉ်ထုပ်ကိုယူပြီး တူတစ်စုံကိုယူပြီး ထိုကောင်လေးနားကို သေချာသွားပေးလိုက်သည်။

 

“အကို..ရပြီခင်ဗျာ..”
 

“ဘယ်လောက်လဲ ညီလေး။”
 

“800 ပါအစ်ကို..”

 

ထိုကောင်လေးကို အကျင့်ပါပြီး အစ်ကိုဟုခေါ်လိုက်ပြီးပေးလိုက်သည်။ သူက တစ်ထောင်တန်ကမ်းပေးတော့ စိုင်းထက်လွယ်အိတ်ထဲက နှစ်ရာတန် အသစ်လေးကို ရှာပြီးအမ်းလိုက်တော့ ထိုကောင်လေးရဲ့ လက်ဖျားနှင့်ထိသွားတော့ လျှပ်စီးဓါတ်တစ်ခုစီးသွားသလို ခံစားလိုက်ရသည်။
 

“ကျေးဇူးတင်ပါတယ် အကို…နောက်လည်း လာအားပေးပါခင်ဗျာ..”

 

စ၀်ခွန်ပိုင် ပြုံးပြကာ အထုပ်ပိုးများကိုသယ်ပြီး စက်ဘီးအပ်ထားသည့်နေရာတွင် ၀င်ရွေးကာ ရှေ့ခြင်းထဲအထုပ်တွေထည့်ပြီး စက်ဘီးကို ဖြည်းဖြည်းမှန်မှန်နင်းလာရင်း တောင်ပေါ်ဒေသရဲ့ရှုခင်းကိုငေးကြည့်လာခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း၏ အေးချမ်းတိတ်ဆိတ်မှုသည် စ၀်ခွန်ပိုင်ကို ငြိမ်းချမ်းမှုတွေပေးနေသလိုခံစားလိုက်ရသည်။ ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်း ဖြစ်နေသော်လည်း သူနှင့် ပြည်နယ်တစ်ခုတည်းမှာရှိနေသည် ဆိုသည့်အတွေးက မိမိရင်ကို လုံခြုံမှုတွေပေးစေသည်။
 

“အကို..ခင်ဗျား..ဘာတွေလုပ်နေမလဲ… ကျောက်မဲမှာ မိုးအရမ်းရွာတယ်။ တောင်ကြီးမှာလည်း ရွာနေမလား။ ခင်ဗျား ကားရိုက်ဖို့ ရန်ကုန်ပြန်ဆင်းသွားပြီလား။ ဒါမှမဟုတ်.. တောင်ကြီးက အလုပ်မှာရှိနေမလား။ မိုးအေးတဲ့မနက်ခင်းကို ထမင်းကြော်နဲ့ကော်ဖီကျကျ နဲ့ဇိမ်ကျနေမလား။ ကျွန်တော်တော့ တိုဟူးနွေးနဲ့ ကော်ဖီကျကျသောက်မယ်ဗျာ။ ခင်ဗျားကို အားကျလို့…”

 

သူ့ကိုမိမိအနားမှာရှိသလို တိုင်တည်ပြောရင်း စက်ဘီးကိုနင်းလာခဲ့ရာ အိမ်ကိုရောက်မှန်းမသိရောက်လာခဲ့သည်။ ခုမှ သေချာသတိထားမိသည်။ ခြံတံခါးတွင် နွယ်တချို့နွယ်တက်ပြီး အပွင့်တွေပင်ပွင့်နေသည်။
 

“အင်း…မိုးမရွာရင် ဒီနေ့ ခြံရှင်းရမယ်… ”

 

စ၀်ခွန်ပိုင်သည် ခြံတံခါးကိုတွန်းဖွင့်ဝင်လာပြီး သော့ပြန်ခတ်ထားလိုက်သည်။ စ၀်ခွန်ပိုင်မသိသည့် အချက်က အိမ်ကိုဟောင်းလောင်းထားသည့်တိုင် ထိုဒေသရှိ မည်သည့်သူခိုးမှ အိမ်ထဲကိုဝင်မခိုးရဲ့ခြင်းဖြစ်သည်။ ဒီလောက်ထိ အိမ်ကြီးသတင်းက မွှေးလှသည်။
 

“မြောင်…မြောင်…”
 

“အာ..ရှန့်ရာ.. မင်းက ဘယ်လိုဖြစ်ပြီး သစ်ပင်ပေါ်ရောက်နေတာလဲ။ကြည့်စမ်း။ တက်ပြီး ပြန်မဆင်းတတ်တော့ဘူးမလား။ ”

 

ရှန့်ရှန့်သည်  သခင်ကိုမြင်သည်နှင့် အာပြဲနှင့်အော်တော့သည်။ တကယ်တော့ သူမ ခြံထဲလိပ်ပြာလေးကိုလိုက်ရင်း အလိုလောက် လေထဲပျံပြီးသစ်ပင်ပေါ်ရောက်သွားခြင်းဖြစ်သည်။ သစ်ပင်က အတော်မြင့်တော့ရှန့်ခမျာ သခင်ပြန်မလာမချင်း အပင်ပေါ်ကနေ အောင်နေသည်။ အော်လိုက် မောလိုက်နှင့် နုားနေပြီး သခင့်ကိုမြင်တော့ အာပြဲကြီးနှင့်ကုန်းအော်တော့သည်။ ရေလည်းဆာပြီ။ မောလည်းမောပြီ.
 

“ရှန့်လာ.. ကိုယ့်ပေါ်ခုန်ချခဲ့… မီမီ လာ..လာ..”

 

ရှန့်တခါတည်း သခင့်ကိုယ်ပေါ်ကိုခုန်ချလိုက်သည်။ သခင့်ရင်ခွင်ထဲရောက်မှာ ခေါင်းနှင့်ဝှေ့ကာ အပေါ်ထပ်ဝရန်တာကို မော့ကြည့်ပြီး မိမိကိုလုပ်သည့်သူကိုအော်တိုင်တော့သည်။ စ၀်ခွန်ပိုင်လည်း ရှန့်မော့ကြည့်သည့်နေရာကို လိုက်ကြည့်သော် ဘာကိုမှ မတွေ့ရပေ။ ကြောင်မလေးကို အောက်ကိုချပေးပြီး စက်ဘီးခြင်းထဲမှ အထုပ်ပိုးများကိုထုတ်လိုက်သည်။
 

“လာ..ရှန့်လေး။ ငါးကြော်ကြွေးမယ်နော်… နေ့လည် ငါးကြော်နဲ့ထမင်းကျွေးမယ်. ”

 

စ၀်ခွန်ပိုင်သည် ရှန့်အတွက် ကြောင်စာကို သွန်ထည့်ပေးပြီး မိမိအတွက် မနက်စာပြင်သည်။ ကော်ဖီမှုန့်ကိုနှပ်လိုက်သည်။ မကြာခင် မီးဖိုခန်းထဲ သင်းပျံ့သည့် ကော်ဖီရနှံ့ပျံ့လွင့်လာပြီး အိမ်ထဲမှ လူတစ်ချို့နိုးလာခဲ့သည်။ အိမ်အပေါ်ထပ် အခန်းထဲမှ လူလတ်ပိုင်း တစ်ဦးက နံဘေးမှ အိပ်နေသည့် အမျိုးသမီးကိုလှမ်းပြောလိုက်သည်။
 

“ချစ်.. ကော်ဖီနံ့မွှေးလိုက်တာကွာ။ ငါတို့ အတူတူကော်ဖီနှပ်သောက်ခဲ့တာကို သတိရလာပြီ။ အင်း..ကော်ဖီအရသာကိုတောင် မေ့တော့မလိုပဲ..”
 

“အင်း..ရှင့်သားကို ထိန်းဦး။ သူများကြောင်မလေးကို သစ်ပင်ပေါ်တင်ထားခဲ့တယ်။ သူရိပ်မိသွားရင် မကောင်းဘူး။ ”
 

“အေးကွာ.. သားကို သေချာမှာရဦးမယ်။ ဒီကောင်လေးက လွယ်လွယ်နဲ့ခြောက်ပစ်လိုက်လို့မဖြစ်ဘူး။ သူက ဒီအိမ်ရဲ့ဆက်ခံယူလေ။ သူ့ကိုလေးစားရမယ်။ ”
 

“ရှင့်သားကို ရှင့်ဖာသာပြော။ ကျွန်မ မနိုင်ဘူး၊”

 

ဒါက အပေါ်ထပ် မိသားစုအိပ်ခန်းတွင်းမှ ၀ိဥာဉ်မိသားစုမှ အဖေကြီးနှင့်အမေကြီး စကားပြောနေခြင်းဖြစ်သည်။

မျက်စောင်းထိုးအခန်းမှ ကိုကိုနှင့်ညီညီ အတွဲကလည်း အိပ်ယာပေါ် အတူချစ်ကြည်နူးရင်း ကော်ဖီနံ့ကိုရတော့ ညီညီက ပူဆာသည်။
 

“ကိုကို..ညီ ကော်ဖီသောက်ချင်တယ်…”
 

“ညီကလည်းကွာ။ ကိုယ်တို့က ၀ိဥာဉ်တွေလေ။ ကော်ဖီကို အနံ့ပဲခံလို့ရမှာပေါ့… သောက်လို့မရဘူးလေ။”

 

“ဒါဆို အောက်ကိုဆင်းရအောင်။ သူ ကော်ဖီကိုခွက်ထဲထည့်ပြီး အရသာခံသောက်တာကို မြင်ချင်တယ်။ ကိုယ်တိုင် သောက်နေရသလို ခံစားကြည့်ချင်တယ်…”

 

“ညီညီကလည်းကွာ။ မနက်ခင်းကြီး သွားချောင်းမလို့လား။”
 

“ဘာဖြစ်လဲ.. ဒီအိမ်၊ ဒီခြံမှာ ညီတို့ အမြဲသွားလာနေတဲ့ဟာကို…”

 

“သူက စောမေသီရိလို အစွမ်းပါလာရင် မခက်ဘူးလား။ ကိုယ်တို့ကိုမြင်ရမှာပေါ့။ မတော်လို့ သူကိုယ်တို့ကိုမောင်းထုတ်ခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ ”
 

“အင်း..အဲ့ဒါလည်းဟုတ်တယ်။ အင်းပါ။ ဒါဆို ကိုကိုက ညီ့ကို ကော်ဖီဖျော်ပေးတဲ့အကြောင်းကို သေချာပြောပြ။ ညီက အရင်တုန်းက ဟာကို စိတ်ကူးယဉ်ပြီး နားထောင်မယ်။ အောက်ကို သွားမချောင်းတော့ဘူး။”

 

အခန်းထဲ ချစ်သူလေးကို ကိုကိုက ကော်ဖီကို နှပ်နေပုံ၊ဖျော်ပေးနေပုံကို တကယ့်လက်တွေ့လုပ်သလို အသေးစိတ်ပြောပြပေးနေသည်။ ဒါကို ညီညီက လက်မောင်းပေါ် ခေါင်းအုံးပြီး ပြုံးကာ နားထောင်နေသည်။

 

အောက်ထပ်တွင် စ၀်ခွန်ပိုင်က မိမိတစ်ယောက်တည်းရှိသည်အထင်နှင့် အေးအေးလူလူမနက်စာစားပြီး ဆေးကြောကာ ၀ယ်ခြမ်းလာသည်ကို သိမ်းသင့်တာသိမ်းပြီး ချက်ပြုတ်ရန်ပြင်ဆင်လိုက်သည်။ ထမင်းစားစားပွဲပေါ်တွင် ဖုန်းမှသီချင်းဖွင့်ထားပြီး အေးအေးလူလူချက်ပြုတ်နေသည်။ တိတ်ဆိတ်သောအိမ်လေးသည် ယခုမှ မီးဖိုမှအငွေ့ထွက်ပြီး တေးဂီတသံလေးနှင့် အသက်ဝင်လာခဲ့သည်။ အိမ်လေးနှင့်အတူ အိပ်မောကျနေသည့် ၀ိဥာဉ်အပေါင်းတို့လည်း နိုးထလာခဲ့သည်။ ကိုကို၊ညီညီတို့နှစ်ဦးပင် အခန်းလေးထဲတွင် လွင့်ပျံလာသည့် တေးဂီတသံနှင့်အတူတွဲကနေသည်။

 

ဘုရားခန်းနား လေသာပြတင်းနားက လှုပ်ကုလားထိုင်သည်လည်း သီချင်းသံကြောင့် လှုပ်လာခဲ့သည်။ အိပ်ပျော်နေသော ၀ိဥာဉ်အပေါင်း နိုးထလာခဲ့လေပြီ။
 

“အိမ်ပြင်မှာ နှင်းစက်တွေ တဖွဲဖွဲကျ…. နှလုံးသားက မနီးစပ်နိုင်…. လွမ်းရက်တွေ…မွန်းကြပ်လာလို့… ဆိုနေကျ သီချင်းလေးတွေ… ငြီးရင်းနဲ့ သီချင်းနဲ့အတူလျှောက်ခဲ့တဲ့ လမ်းလေးတွေ…ငေးကြည့်တယ် ငါတို့… မျှော်နေသည် သူလာမယ့်နေ့… အိမ်ပြန်လမ်းမှာ ကြိုနေမယ့်သူ….ရင်ခုန်တယ် အကြင်နာလက်တွေ…. ”

 

ထိုတေးသံချင်းသံကိုကြားသော် လှုပ်ကုလားထိုင်ပေါ်မှ ဖွားဖွားကြီးက ကုလားထိုင်ပေါ်မှ ဆင်းလိုက်ပြီး လေသာဆောင်တွင်ထွက်ကာ ဟိုးခြံဝင်ပေါက်တခါးဆီကိုမျှော်ငေးကာ တစ်ယောက်သောသူကို ပေါ်လာနိုးနှင့် မျှော်နေမိရင်း နူတ်မှ တီးတိုးရေရွတ်လိုက်မိသည်။
 

“အမောင်… ဘယ်ဆီရောက်နေလဲ။ ခင် စောင့်နေရတာ ကြာလှပြီကော….”

 

ထိုအမျိုးသမီးကြီးကို ခြံထဲ ရေကန်နံဘေးမှ မိန်းမငယ်လေးတစ်ယောက်က မုန်းတီးစွာဖြင့် မော့ကြည့်နေခဲ့သည်။ ဒါတွေအားလုံးက နဂိုခေတ်အဆက်ဆက်မှ ရှိခဲ့သည့် မကျွတ်မလွတ်သေးသည့် ပရလောကသားများဖြစ်ပြီး အိမ်အို အိမ်ဟောင်း၊ သူတို့ရှင်သန်ရာနေရာတွင် သေပြီးနောက် စွဲလမ်းကာ တွယ်ကပ်နေသည့် ၀ိဥာဉ်များဖြစ်သည်။

 

ထိုအိမ်အိုကြီးများကို ဖျက်လိုက်သော်လည်း သူတို့စွဲလမ်းသည့်အစိတ်ပိုင်းတွင် ဆက်လက်နေခဲ့ရာမှာ စ၀်ခွန်ပိုင်၏ အဖိုးအဖွားများက ထိုအစိတ်အပိုင်းများကိုဝယ်ပြီး အိမ်ကိုဆောက်ရာမှ အိမ်လေးတွင် မကျွတ်မလွတ်သည့် ၀ိဥာဉ်များ တွယ်ကပ်နေသည်ကို မည်သူမှ မသိနိုင်ခဲ့ပေ။ ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ ထိုမြို့လေးတွင် သရဲခြောက်သည့် အိမ်ကြီးတစ်လုံးရယ်လို့ဖြစ်ပေါ်လာခဲ့ခြင်း၏ သမိုင်းကြောင်းအစဖြစ်သည်။
 

စ၀်ခွန်ပိုင်သည် မနက်စာကို သေသေသပ်သပ်နှင့် မြန်ဆန်စွာချက်ပြုတ်လိုက်ပြီးနောက် ရှန့်ကိုခေါ်ပြီး ခြံထဲဆင်းလာခဲ့သည်။ ခြံထဲရှိသစ်ရွက်ခြောက်များကို လှဲကျင်းပြီးနောက် စုပုံကာ မီးရှို့ဖို့လုပ်သည်။ သို့သော် မီးခိုးတလူလူကြားတွင် ခြံစပ် ဟိုဘက် သစ်ပင်အုပ်အုပ်ကြီးမှ တစ်စုံတစ်ယောက်က မိမိကိုစိုက်ကြည့်နေသလို ခံစားလိုက်ရပြီး စိတ်ထဲစနိုးစနောင့်ဖြစ်သွားခဲ့သည်။

 

စ၀်ခွန်ပိုင် သက်ပြင်းချလိုက်မိသည်။ မိမိ၏မွေးရာပါ စွမ်းရည်အရ မည်သည့်နေရာရောက်ရောက် ပရလောကသားများ၏ နှောက်ယှက်မည်ကို သိနေပြီး စိတ်ညစ်သွားခဲ့သည်။ တကယ်တမ်းပြောရလျှင် ချစ်သောအကိုနှင့် ဝေးရာကိုပြေးလာခဲ့သည် ဆိုတာကလည်း မိမိကို အရူးတစ်ယောက်လို မြင်မည်ကိုစိုးသောကြောင့်၊ပြီးတော့ မိမိနှင့်နီးနေလျှင် ၀ိဥာဉ်များ၏ နှောက်ယှက်မှုကို ခံ၇မည်ကို စိုးသောကြောင့်ဖြစ်သည်။

 

တစ်ခါတစ်ရံ မိမိနှင့် အကိုတွေ့တိုင်း ထူးထူးဆန်းဆန်း တံခါးများဆောင့်ပိတ်သွားသလို အသံများကြားနေရခြင်း၊ အပြင်တွင်လေမတိုက်ပဲ မိမိတို့ကြားလေအေးများ စိမ့်ခနဲတိုက်သွားတတ်သည်များ၊ ပြီးတော့ သူ့နားကပ်တိုင်း နားထဲကြားနေရသည့် တီးတိုးသံများ၏ ပြောဆိုသံကြောင့် သူပြောသည့် စကားကို အာရုံမစိုက်နိုင်သည့်အခါ အကိုက မိမိကို တမျိုးထင်ကာ မေးမြန်းသည်ကို အဖြေနိုင်ပဲ ခေါင်းငုံ့ကာ နေခဲ့ရသည်ကို စိတ်ပျက်ရှက်ရွံ့မိတာ အကြိမ်ကြိမ်ဖြစ်သည်။ နောက်ဆုံး အကို့ဘက်က သိသိသာသာရှေ့တိုးလာပြီး မိမိနှင့် အတိအလင်းတွဲချင်သည်ဟု ဖွင့်ပြောလာသောအခါ စ၀်ခွန်ပိုင် ကြောင်အသွားခဲ့သည်။ မိဘမဲ့ဘ၀နှင့် သူတပါးမျက်နှာကိုကြည့်ကာကြီးခဲ့ရသည့်နောက်ဆုံး ယခု ဦးနှင့် အန်တီက မိမိကို သားသမီးအရင်းချာလို သဘောထားကာ ဆေးကျောင်းပြီးသည်အထိ ထားပေးခဲ့သည်။ ယခု မိမိက ကျေးဇူးမဆပ်နိုင် သေးသည့် အပြင် လိင်တူချစ်သူတစ်ယောက်ရှိနေပြီကို ဘယ်လိုမျက်နှာဖြင့် ဖွင့်ပြောရမည်ကိုမတွေးနိုင်တော့ပေ။

 

မိမိ၏ဘ၀ဖြစ်စဉ်အကြောင်းကို မိမိပြောပြသည့် တချို့အကြောင်းရာများနှင့် သူ့ဖာသာစုံစမ်းထားသည်များအရ အကိုက အားလုံးနီးပါး သိရှိပြီးဖြစ်လို့ မိမိကို သူနှင့်သာ လက်တွဲလိုက်ပါ။ အားလုံးကို သူရင်ဆိုင်ဖြေရှင်းမည်။ အားလုံးကို ရင်ဆိုင်မည်ဟု ပြောပြီး တရားဝင်အတူနေထိုင်ချင်သည်ဟု ဖွင့်ပြောတော့ စ၀်ခွန်ပိုင် ကြောက်လန့်တကြားငြင်းခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အကိုနှင့်အကြီးအကျယ် စကားများကြသည်။ စပြီး ချစ်ခဲ့မိသည့်အချိန်မှစပြီး တစ်ခါမှ စကားမများခဲ့သော်လည်း ထိုလက်တွဲမည့်အကြောင်းနှင့်ပတ်သတ်ပြီး သူနှင့်အကြီးကျယ်ကို သဘောထားကွဲတော့သည်။

 

“မင်း ငါ့ကို တကယ်မချစ်ဘူး ခွန်ပိုင်… ငါက ငါ့ဘ၀ရဲ့ အနာဂါတ်ခရီးမှာ မင်းနဲ့အတူဖြစ်သန်းဖို့ ကြိုးစားခဲ့တယ်။ အတူနေဖို့ အိမ်ကို ငါစိတ်တိုင်းကျဆောက်ထားတယ်။ မင်းနဲ့ဖြတ်သန်းမယ့် ငါ့နေ့ရက်တွေတိုင်းအတွက် ငါ သေချာအစီစဉ်ဆွဲပြီး ရင်ခုန်စောင့်မျှော်ခဲ့တာ အားလုံးကို မင်း တစ်ခါတည်းဖျက်ဆီးပစ်တယ်။ အဲ့ဒီတော့ ငါ့ကို လက်မတွဲနိုင်တဲ့ အကြောင်းရင်းကို ကျေးဇူးပြုပြီး ငါ့ကိုပြောပြစမ်းပါ…”

 

နာကျင်စွာ၊ ပေါက်ကွဲစွာဖြင့် သူ မိမိကို အေးစက်စွာမေးခဲ့သည်။ ခါတိုင်းအမြဲကြင်နာသည့် မျက်ဝန်းများမှ ခါးသီးသည့် အရိပ်ယောင်များက စ၀်ခွန်ပိုင်ကို အထီးကျန်သည့် ခံစားချက်ကို ပေးနေသည်။ သူ့ကို အတတ်နိုင်ဆုံး ရှင်းပြမိခဲ့သည်။
 

“ကျွန်တော့် မွေးစားမိဘတွေကို ကျေးဇူးမဆပ်နိုင်သေးဘူး အကို။ ပြီးတော့… ဆရာဝန်ဘွဲ့လည်းရရော.. အခြားယောက်ျားလေးတစ်ယောက်ကို ချစ်သူပါလို့ပြောပြီး အတူနေပါ့မယ် ပြောပြီး အိမ်ကထွက်လာရင် ဦးလေးနဲ့ အဒေါ် ဘယ်လောက်စိတ်ဆင်းရဲသွားမယ်၊ အရှက်ရသွားမယ်ဆိုတာ ကျွန်တော် မတွေးရဲဘူး။ အကို့လောက် ဘယ်သူ့ကိုမှ မချစ်ဖူးဘူး။ ကျွန်တော် အကို့ကို အရမ်းချစ်ပေမယ့် အကို့ကိုလက်တွဲပြီး အတူနေဖို့အထိတော့ ကျွန်တော် လက်မခံနိုင်ဘူး။”
 

မိမိစကားကိုကြားတော့ သူက ပါးရိုက်ခံလိုက်ရသလို နာကျင်သွားပြီး မေးခဲ့သည်။

 

“ကိုယ်နဲ့ချစ်တဲ့အတွက် မင်းရှက်တယ်ပေါ့ ဟုတ်လား။ ကိုယ်တို့က ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်နေတာ မဟုတ်ဘူး။ လူမှုရေးစည်းမျဉ်းကိုလည်း ဘာမှ မချိုးဖောက်ဘူး။ မင်းနဲ့ကိုယ်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လူလူချင်းမခွဲခြားပဲ ချစ်ခဲ့ကြတာလေ။ အချစ်စစ်နဲ့ကိုချစ်ခဲ့ကြတာပါ ခွန်ပိုင်ရာ။ မင်း ဘာကြောင့် ရှက်ရတာလဲ။ မင်းရဲ့ဖြစ်တည်မှုကို ရှက်တာလား။ ကိုယ့်လက်ကိုတွဲဖို့ရှက်တာလား..ဟင်…”

 

ထိုစကားကိုကြားသော် စ၀်ခွန်ပိုင် သေလုမတတ်နာကျင်လာခဲ့သည်။ သို့သော် ငယ်ကတည်းက မကြည်သည့် အကြည့်များကြားကြီးပြင်းလာပြီးနောက် မသေရုံတမယ် ပြုစုပျိုးထောင်မှုများစွာနှင့်ခြားနားစွာ တကယ့်ချစ်ခြင်းနှင့် ဂရုစိုက်မှုကို ပေးခဲ့သည် သားသမီးအရင်းလို သဘောထားခဲ့သည် ဦးလေးနှင့်အဒေါ်၏မျှော်လင့်ချက်ကို မိမိဘယ်လိုမှ မဖျက်ဆီးရက်သည်ကို သူသိအောင် မိမိဘယ်လိုရှင်းပြနိုင်မလဲဟု တွေးကာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူအထင်မှားနေသည်ကို မိမိရှင်းအောင်ပြောလိုက်လျှင် မဆိုင်သည့် ငယ်ဘ၀ဒဏ်ရာများကို ဖွင့်ဟပြရတော့မည်။ ထိုအကြောင်းရာများကို ဖွင့်လည်းမပြောချင်သဖြင့် နောက်ဆုံး စ၀်ခွန်ပိုင် သူနာကျင်စေမည့် စကားတစ်ခွန်းကို ပြောလိုက်ရတော့သည်။
 

“ကျွန်တော်က လိင်တူချစ်သူပါဆိုတာ ကျွန်တော့် မွေးစားမိဘတွေ သိမှာရှက်တယ်။ပြီးတော့ ကျွန်တော့် အလုပ်ကိုင်နဲ့ ပတ်သတ်တဲ့ အသိုင်းဝိုင်းက လူတွေသိမှာကိုရှက်တယ်။ လူနာတွေ သိပြီး အယုံကြည်ကင်းမဲ့တဲ့ မျက်လုံးနဲ့ကြည့်မှာကိုလည်း ရှက်တယ်။”
 

“အပြစ်ကင်းတဲ့ ကိုယ်တို့အချစ်ကို မင်းကရှက်တယ်ပေါ့..ဟုတ်လား။ ခွန်ပိုင်…”

 

စ၀်ခွန်ပိုင် နာကျင်သည့် ခံစားချက်ကိုမြိုသိပ်ကာ ခေါင်းငြိမ့်လိုက်သည်။ နီရဲသည့် မျက်လုံးဖြင့် သူ အံကိုတင်းတင်းကြိတ်ထားပြီးမေးခဲ့သည်။
 

“ဒါဆို ကိုယ်မင်းကို ချစ်တယ်ပြောတော့ … မင်း ဘာကြောင့် လက်ခံခဲ့တာလဲ။ ကိုယ်က အခြားကောင်တွေလို ပေါ့ပျက်ပျက် ပါးစပ်ဖျားကနေ ချစ်တယ်ပဲပြောတတ်မယ်လို့ ထင်နေလို့လားဟင်…”
 

“မထင်ဘူး။ ခင်ဗျားက ကျွန်တော့်ကို တကယ်ချစ်တယ်ဆိုတာ သိလို့… ကျွန်တော်လည်း ခင်ဗျားကို ချစ်မိသွားလို့ လက်ခံခဲ့မိတာ။ ကျွန်တော်ထင်တာ ခင်ဗျားလည်း အနုပညာရှင်၊ လုပ်ငန်းရှင်။ အချစ်သီးသန့်ပဲ ရပ်မယ်ထင်လို့ ခင်ဗျားကိုလက်ခံခဲ့တာ အကို။ စိတ်ချင်းရင်းနှီးမှုနဲ့ ချစ်ခြင်းအရသာကို သဘောကျလွန်းလို့ ခင်ဗျားကို ချစ်သူအဖြစ် လက်ခံခဲ့တာပဲ။ အခုလို အတူတူနေဖို့ ခင်ဗျားကြံရွယ်ခဲ့တာဆိုရင် အစကတည်းက လက်မခံခဲ့ဘူး။”
 

“မင်း သူရဲဘောကြောင်တဲ့သူပဲ။ မင်း ဘာကိုကြောက်နေတာလဲကွာ။ ပတ်ဝန်းကျင်ဆိုတာ ချီးကျူးခုနစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်ပါကွာ။ မင်းရဲ့ မွေးစားမိဘတွေကို ကျေးဇူးဆပ်ချင်ဆပ်ပါ။ မင်းလုပ်ကျွေးလို့ရတယ်။ ကိုယ်သူတို့ နားလည်လက်ခံလာအောင် ကြိုးစားပါ့မယ်။ မင်းဘက်ကသာ ခေါင်းငြိမ့်လိုက်။ အားလုံးကို အဆင်ပြေအောင် လုပ်ပေးမယ် ခွန်ပိုင်…”
 

“ကျွန်တော်တို့ လမ်းခွဲကြစို့ အကို…”
 

“လမ်းခွဲမယ်…ဟုတ်လား။ မင်း ဘာသဘောလဲ။ ကိုယ့်ကို မင်းခွဲသွားနိုင်တယ်ပေါ့ဟုတ်လား။ ကိုယ့်အချစ်ကို မင်းလျစ်လျူရှုနိုင်တယ်ပေါ့ ဟုတ်လား”

 

မိမိကို တင်းကျပ်စွာဖက်ပြီး သူ ထိုစကားကိုပြောနေစဉ် သရုပ်ဆောင်သည်မဟုတ်သည့် ဆို့နင့်ခြင်းဖြင့် သူမျက်ရည်ဝဲနေခဲ့သည်။ မယုံကြည်ခြင်း၊ ထိတ်လန့်ခြင်းနှင့် သူတုန်ယင်နေခဲ့သည်ကို မိမိခံစားမိသည်။ စ၀်ခွန်ပိုင်သည် ကိုယ့်အသည်းကို ရက်ရက်စက်စက်ပြန်ခွဲပြီးနောက် သူ့ကိုမျက်လုံးမှိတ်ကာ ဖြေလိုက်သည်။

 

“ကျွန်တော်ရှင်းအောင်ပြောပြီးပြီထင်တယ်။ ကျွန်တော်က စိတ်ချင်းရင်းနှီးမှုအရတွဲခဲ့တာ။ အခု ခင်ဗျားနဲ့ကျွန်တော် အတွေးမတူတော့ဘူး။ ဆက်တွဲရင် နှစ်ယောက်လုံး စိတ်ဆင်းရဲတော့မယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို ဆက်မတွဲနိုင် တော့ဘူး။ ခင်ဗျားကို လက်ခံနိုင်မယ့်သူကိုရွေးပြီး လက်တွဲလိုက်ပါ။ ”

 

သူ့ကို နာလန်မထူနိုင်အောင်ပြောပြီး စ၀်ခွန်ပိုင် လှည့်ထွက်လာခဲ့သည်။ မာနကြီးသော နူတ်ခမ်းနီမလေးတို့၏ အသည်းကျော်ဖြစ်သော၊ စ၀်ခွန်ပိုင် အသည်းနင့်အောင် ချစ်မိသည့်သူသည် နာကျင်စွာဖြင့် ညည်းညူပြီးနောက်တွင် ကျန်ရစ်ခဲ့သည်။

 

စ၀်ခွန်ပိုင်သည် အမှိုက်မီးရှို့ရင်း အမြင်တွေဝါးလာသဖြင့် အမှတ်တမဲ့မျက်လုံးကိုပွတ်လိုက်မိတော့ မျက်ရည်တို့စီးကျနေသည်ကို သတိထားမိကာ ဟက်ခနဲရယ်လိုက်မိသည်။
 

“ခင်ဗျားကတော့ ကျွန်တော့်ကိုမေ့နေရောပေါ့.. ခင်ဗျားပျော်ပါစေဗျာ။ ကျွန်တော်က အပျော်နဲ့မထိုက်တန်တဲ့သူပါ…”

 

ထိုစကားကို စ၀်ခွန်ပိုင် နာနာကြည်းကြည်းပြောလိုက်မိသည်။ ဟုတ်သည်။ သူများမမြင်နိုင်သည့် အမြင်အာရုံကိုပိုင်ဆိုင်ထားပြီး နှစ်ဆယ့်လေးနာရီ ၀ိဥာဉ်တွေ နှောက်ယှက်တာကို ခံနေရသည့် မိမိလိုလူကို ဘယ်လိုလူက တာရှည်သည်းခံနိုင်မလဲ။ ပြီးတော့ ဘယ်သူက နားလည်လက်ခံပေးနိုင်မှာလဲဟု တွေးကာ သက်ပြင်းကိုရှိုက်ပြီး ညည်းသံလိုလိုထွက်နေသည့် သစ်တောစုစုလေး ဘက်ကို လှမ်းကြည့်ကာ သက်ပြင်းရှိုက်လိုက်မိသည်။

 

----------------------------

အမှိုက်မီးရှို့ပြီးနောက် စ၀်ခွန်ပိုင်သည် ရေနွေးနှင့်စပ်ကာ ရေချိုးပြီး နေ့လည်စာစားသည်။ ရှန့်ကိုလည်း ငါးကြော်နှင့်နေ့လည်စာ ကျွေးလိုက်သည်။ ငါးကြော်နှင့်ထမင်းကို မက်မက်မောမောစားနေသည့် အချစ်တော် ကြောင်မလေး၏ ခေါင်းကိုပွတ်ပေးပြီး တီးတိုးပြောလိုက်မိသည်။

 

“မင်းရဲ့သခင်ကတော့ ငါတို့နှစ်ယောက်ကို သတိတောင်ရပါ့မလား မသိဘူးကွာ။ တော်သေးတယ်။ သူ့အစား မင်းကို ငါချစ်ခွင့်ရနေလို့။ မင်းကို မြင်တိုင်း သူ့ကိုသတိရတယ် ရှန့်ရယ်… မင်းလိုပဲ မင်းရဲ့သခင်က အရမ်းချစ်ဖို့ကောင်းတယ် သိလား…”

ထိုစဉ် အပေါ်ထပ်မှာ ဒုန်းခနဲအသံကိုကြားလိုက်သဖြင့် စ၀်ခွန်ပိုင် မျက်မှောင်ကြုတ်ကာ အပေါ်ထပ်ကိုတက်လာခဲ့သည်။ အပေါ်ထပ်ကို တက်မကြည့်ရသေးဖြင့် ကြွက်များရှိနေသလားဟု ထင်နေပြီးရှင်းရန် တက်လာခြင်းဖြစ်သည်။ အပေါ်ထပ် တွင်လည်း မှန်ပြတင်းပေါက်များများတပ်ထားသဖြင့် နေ့ခင်းအခါ လင်းထိန်လို့နေသည်။ ဖုန်ပါးပါးရှိသည်ကလွဲပြီး အားလုံး ရှင်းလင်းလို့နေသည်။ စ၀်ခွန်ပိုင်သည် အခန်းများကို ဖွင့်ကြည့်ပြီး ဘုရားခန်းဘက်ကိုထွက်လာခဲ့သည်။ ကျောက်ဖြူဆင်းတုတစ်ဆူကိုတွေ့သော် နောက်နေ့ ဘုရားပန်းလဲပေးရန် ဆုံးဖြတ်လိုက်သည်။ အိမ်ကြီးတစ်ခုလုံး အိုဟောင်းသော်လည်း ရင်းနှီးနွေးထွေးနေသလို ခံစားလိုက်ရသည်။ ခါတို်င်း မိမိနားကပ်နေတတ်သည့် မလိုလားအပ်သည့် အရိပ်အငွေ့များကို မရပဲ အေးချမ်းဆိတ်ငြိမ်နေသဖြင့် စ၀်ခွန်ပိုင် စိတ်သက်သာရာရသွားခဲ့သည်။ အောက်ကိုပြန်ဆင်းမည်အပြု

 

ဘုရားကျောင်းဆောင်ဘေးမှ စာအုပ်စင်ပေါ်တွင် စာအုပ်များကိုတွေ့လိုက်ရသည်။ မှန်ဘီရိုထဲမှာ စာအုပ်များက အားလုံးသပ်သပ်ရပ်ရပ်ရှိသည်ကိုတွေ့သော် စာအုပ်ဖတ်ချင်လားသဖြင့် စာအုပ်အနည်းငယ်ကိုရွေးကာ ယူလိုက်စဉ် အပေါ်မှ စာအုပ်တချို့ကိုတိုက်မိပြီး အောက်ကို ပြုတ်ကျလာခဲ့သည့် စာအုပ်များအနက် စောမေသီရိ ဟုအမည်ထိုးထားသည့် ဒိုင်ယာရီစာအုပ်လေးကို တွေ့လိုက်သော် ဖွားဖွား၏ စာအုပ်ကိုဖတ်ကြည့်ရန် ယူလိုက်စဉ် အောက်ထပ်မှ ရှန့်အော်သံကိုကြားလိုက်သဖြင့် စာအုပ်ဗီရိုကို ပြန်ပိတ်ကာ စာအုပ်လေးငါးအုပ်သယ်ပြီး အောက်ကိုဆင်းလာခဲ့သည်။

အောက်ထပ်သို့ရောက်သော် ရှန့်ကို တကိုယ်လုံး အမွေးများထောင်ထနေပြီး အပြင်ပြတင်းပေါက်ဘက်ကိုလှမ်းပြီး မာန်ဖီအောင်ဟစ်နေသည်ကို တွေ့လိုက်သဖြင့် လှမ်းကြည့်လိုက်သော် အမည်းရောင် အရိပ်ကြီးဖြတ်ခနဲထွက်ပြေးသွားသည်ကိုတွေ့လိုက်ရသဖြင့် သစ်ပင်အုပ်စုလေးဘက်မှ အကောင်ဖြစ်မည်ဟု မှန်းလိုက်သည်။

 

“ရှန့်လေး..လာ..လာ။ဘာမှ မရှိတော့ဘူးနော်။ င့ါကလေးလည်း သနားပါတယ်ကွာ။ ငါ့ကြောင့် ၀ိဥာဉ်တွေနှောက်ယှက်တာ ခံရတယ်။ လာ..လာ…”

 

ရှန့်လေးကို ကောက်ချီကာ ပွတ်ပေးပြီးချော့လိုက်သည်။ စ၀်ခွန်ပိုင်သည် ရှင်းလင်းစရာကို အားလုံးဆေးကြောပြီးနောက် ရှန့်လေးကိုခေါ်ကာ အခန်းထဲကိုလာခဲ့သည်။ ခြံရှင်းထားသဖြင့် နည်းနည်းပင်ပန်းနေပြီး စာအုပ်လှန်ကာ ဟိုသည်ကြည့်ရုံနှင့် မျက်လုံးမှေးစင်းကာ အိပ်ပျော်သွားတော့သည်။ သို့သော် ခေါင်းအုံးဘေးတွင် ဖွားဖွား၏ ဒိုင်ယာရီစာအုပ်လေးက အလင်းရောင်တချို့ဖြာထွက်လာပြီး စာသားများပြောင်းလဲသွားသည်ကို စ၀်ခွန်ပိုင် သတိမထားမိလိုက်ပေ။

 

“မိတ်ဆွေများ၏ အမည်စာရင်းစာအုပ်”

 

ထိုစာအုပ်ကို အိပ်ချင်မူးတူးနှင့် ပွေ့ဖက်ကာ စ၀်ခွန်ပိုင် အိပ်ပျော်သွားတော့သည်။

 

---------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??