အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (2)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (2)

 

ကျောင်းသားများက အ၀တ်စားနွမ်းနွမ်းနှင့်ကောင်လေးကို အတင်းဆွဲခေါ်ပြီးဆရာမရှေ့ကို ခေါ်လာကြသည်။ ကျန်သည့် ကျောင်းသား၊ ကျောင်းသူများကလည်း သန့်ရှင်းရေးလုပ်ရင်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။


“ဆရာမ ခွန်ပိုင် က အားကစားခန်းမထဲ သန့်ရှင်းရေးလုပ်ခိုင်းတာ မလုပ်ပဲ ထွက်ပြေးသွားတယ်…”
 

“သား..ခွန်ပိုင်.. ဘာဖြစ်လို့လဲ။ ကနေ့ အားလုံးကိုသန့်ရှင်းရေးလုပ်ခိုင်းထားတယ်လေ။ ယောက်ျားလေးတွေက အားကစားခန်းမနဲ့ ကျောင်းဝင်းထဲ လုပ်ရမယ်လို့မှာထားတယ် မလား။ ”

 

ဆရာမသည် ကျောင်းသားများတွန်းပို့သဖြင့် မိမိရှေ့ကိုရောက်လာသည့် ကျောင်းသားလေးကို ကြည့်ကာ မေးလိုက်သည်။ သို့သော် ထိုကောင်လေးက ခေါင်းငုံ့နေပြီး ချက်ချင်းမဖြေသဖြင့် ဘေးမှကျောင်းသားများက အလုအယက်ဝိုင်းတိုင်ကြသည်။ သူတို့အားလုံး၏မျက်လုံးများက ထိုကျောင်းသားအကြောင်းကိုပြောတော့ စိတ်အားထက်သန်မှုကြောင့် တောက်ပြောင်နေသည်။

 

“သူက အချောင်ခိုတာ ဆရာမ။ ကျောင်းဝင်းအနာက်နားကို အမှိုက်ပစ်ခိုင်းလည်း မသွားဘူး..”

 

“သူငယ်ချင်းတွေအားလုံးက လုပ်ပြီး သားက ဘာလို့ အချောင်ခိုနေတာလဲ…”
 

အတန်းပိုင်ဆရာမလေးက ခေါင်းငုံ့နေသည့် ကလေးလေးကို ကြင်နာစွာမေးလိုက်သည်။ ထိုအခါမှ ခေါင်းငုံ့နေသည့် ကျောင်းသားထံမှ လေသံတိုးတိုးလေးနှင့်ဖြေသည်ကိုကြားလိုက်ရသည်။

 

“ကျွန်တော် အချောင်ခိုတာ မဟုတ်ပါဘူးဆရာမ…”

 

“အချောင်ခိုတာ မဟုတ်ရင် ဘာလို့အတူတူမလုပ်တာလဲ။”
 

ထိုကောင်လေးက မဖြေသဖြင့် ဘေးက ကျောင်းသားက ပုခုံးကို တွန်းကို ဖြေရန်တိုက်တွန်းလိုက်သည်။

“ဟေ့ကောင်..ဆရာမမေးနေရင်ဖြေလေ။ ”
 

“ဟုတ်ပါ့ ရိုင်းလိုက်တာ..”
 

ကျန်သည့် ကျောင်းသားများလည်း တစ်ယောက်တပေါက်ဝိုင်းပြောကြသဖြင့် ဆရာမ ကထပ်မေးလိုက်သည်။

 

“သား ဆရာမမေးတာကိုဖြေလေ..”
 

“ကျွန်တော် အားကစားခန်းထောင့်က အကောင်ကြီးကိုကြောက်လို့ပါ ဆရာမ.. သူက ကျွန်တော့်ကို မျက်လုံးပြူးပြီးကြည့်ကြည့်နေလို့။”
 

စ၀်ခွန်ပိုင်က အားတင်းကာ ဆရာမကို အမှန်တိုင်းပြောလိုက်သည်။ ထိုကောင်ကြီးများကို မိမိကြောက်သဖြင့် အားကစားခန်းမထဲကို မ၀င်ရဲသည်ကို ဆရာမသိအောင် အတတ်နိုင်ဆုံးရှင်းပြနေမိသည်။ မိမိလိမ်တာ မဟုတ်သည်ကိုလည်း သိစေချင်သည်။

 

“သူလျှောက်ပြောတာ ဆရာမ။ အမှိုက်ပုံနားမှာ အဲလိုကောင်ရှိတယ်ဆိုပြီး လိမ်ပြောနေတာ ဆရာမ။ ”
 

“ဟုတ်ပါတယ်ဆရာမ.. ကျွန်တော်တို့အားလုံး သိတယ်။ အဲ့မှာဘာကောင်မှမရှိဘူး။”
 

“လူလိမ်… သူလိမ်နေတာ ဆရာမ…”
 

နံဘေးမှကျောင်းသားများက တစ်ယောက်တစ်ပေါက် ၀င်ပြောသဖြင့် ဆူညံသွားခဲ့သည်။ စ၀်ခွန်ပိုင်က လူလိမ်ဟု ပြောခံရသဖြင့် မခံချင်စိတ်ဖြင့် သူတို့ကို ပြန်ပြီးဖြေရှင်းလိုက်သည်။ ဆရာမကိုလည်း အသည်းသန် ရှင်းပြလိုက်မိသည်။ မိမိအမှန်တိုင်းပြောတာဖြစ်လို့ ဆရာမယုံမည်ဟုလည်း ယုံကြည်ခဲ့သည်။

 

“မဟုတ်ဘူး။ ငါမလိမ္ဘူး။ ဆရာမ သားတကယ်ပြောတာပါ။ အဲ့ကောင်ကြီးက မျက်လုံးနီနီကြီးနဲ့ သားကို စိုက်ကြည့်နေတာကို ကြောက်လို့ပါ။ သား အချောင်ခိုတာ မဟုတ်ပါဘူး။”
 

“ လာ.. ဆရာမကိုယ်တိုင်လိုက်ကြည့်မယ်။ သားပြောတဲ့အကောင်မရှိရင် သားကို သန့်ရှင်းရေးမလုပ်လို့ အပြစ်ပေးမယ်..”
 

နောက်ဆုံးအတန်းပိုင်ဆရာမလေးသည် စ၀်ခွန်ပိုင်၏ လက်ကိုတွဲကာ အားကစားခန်းမထဲကို ခေါ်လာခဲ့သည်။ ခန်းမထဲတွင် ဘာမှမရှိသည်ကို ပြကာ နှစ်သိမ့်လိုက်သည်။

 

“ကဲ.. ဘယ်မှာလဲ သားပြောတဲ့ မျက်လုံးနီနီနဲ့ အကောင်ကြီးဆိုတာ.. ဘာမှမရှိဘူးလေနော်..”
 

စ၀်ခွန်ပိုင်သည် ဆရာမခေါင်းပေါ် တုတ်တန်းပေါ်မှ အကောင်ကြီးကို ကြောက်လန့်တကြားကြည့်ကာ ဆရာမကို အားကိုးတကြီးပြောမိသည်။

 

“ဟင့်အင်း..သူက ဆရာမခေါင်းပေါ်မှာ။ အပေါ်ကတန်းပေါ်မှာ ကြိုးနဲ့တွဲလောင်းကြီး လုပ်နေတာ။ သူ့လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးလွှဲနေတယ်ဆရာမ…”
 

ကျောင်းသားများ၏အသံက ဆူညံလာခဲ့သည်။ စ၀်ခွန်ပိုင် စိတ်ညစ်လာခဲ့သည်။ မိမိအမှန်ကိုပြောလျက်နှင့် ဘာကြောင့် ကျောင်းသားအားလုံး မိမိကိုလက်ညှိုးထိုးပြီး ၀ိုင်းအော်နေသည်ကို နားမလည်နိုင်ခဲ့ပါ။

 

“လူလိမ်..လူလိမ်… ”
 

“ငါမလိမ္ဘူး…”

 

ဆရာမ ဒေါ်သီတာသည် ခွန်ပိုင်ဆိုသည့် ကလေးလေးကို အုပ်ထိန်းသူခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီကောင်လေးက တတိယတန်းနှင့်မလိုက်ဖက်အောင် ဇာတ်လမ်းဆင်ကာ တဖက်ကသားကိုခြောက်လှန့်တတ်လွန်းသည်။ အတူလုပ်ခို်င်းသည့် အလုပ်များကိုလည်း မလုပ်ပဲပါးစပ်ထဲရှိရာကိုပြောပြီး ရှောင်နေတာများလှပြီ။ ဒီကလေးကြီးလာလျှင် သူ့မိဘများထိန်းနိုင်မည်မဟုတ်ဟုတွေးကာ မိဘကိုခေါ်လိုက်ရန် စာပို့လိုက်သည်။

 

ဆရာမပို့လိုက်သည့် စာတစ်စောင်သည် စ၀်ခွန်ပိုင်ကို တစ်နှစ်တာ တာဝန်ယူထားသည့် မိသားစုကို ဒေါသူပုန်ထစေပြီး ဘုရားစင်ရှေ့တွင် ဒူးထောက်ပြီးအပြစ်ပေးထားခဲ့သည်။ ဘုရားစင်နားတွင် ထိုင်နေသည့် မျက်လုံးဟောက်ပက်နှင့် အဖွားအိုကြီးက မိမိကို ရယ်ပြသည်ကို ကြောက်လန့်တကြားပြောပြမိတော့ ထိုနေ့ညစာလည်း စ၀်ခွန်ပိုင်ငတ်ခဲ့သည်။
 

“လူလိမ်…”
 

“လူလိမ်…”

 

စ၀်ခွန်ပိုင် အလန့်တကြားနှင့် နိုးလာခဲ့သည်။ မိုးသည်းပြီး မိုးကြိုးပစ်ချသံကြောင့်နိုးလာခဲ့သဖြင့် အမြဲနာကျင်ရသည့် အိပ်မက်မှ လွတ်မြောက်လာခဲ့သည်။ ပါးပြင်ကိုစမ်းမိတော့ မျက်ရည်စီးကြောင်းကရှိနေသည်။

 

“ဘယ်သူမှ မမြင်ရတာကို မြင်မိတော့လည်း လူလိမ်ဖြစ်ရတာပေါ့…”

 

ထို့ကြောင့် ငယ်စဉ်ကတည်းက စ၀်ခွန်ပိုင်ကို လူလိမ်ဟုခေါ်ပြီး သူငယ်ချင်းမရှိခဲ့ပေ။ မွေးစားသည့်အိမ်မှ အပြစ်ပေးတာ ခံရပြီးသည့် နောက်ပိုင်း မိမိဘာကိုတွေ့တွေ့ စ၀်ခွန်ပိုင် ရေငုံနုတ်ပိတ်နေတတ်သည့် အကျင့်ရခဲ့တော့သည်။ မိဘနှစ်ပါးလုံးမရှိပဲ အ၀တ်စားအနွမ်းနှင့် ကျောင်းတက်နေရသည့်ကောင်လေးဖြစ်သည့်အပြင် လူကြောက်စရာ လုပ်ကြံပုံပြင်များကို ပြောတတ်သည့် ကောင်လေးဆိုပြီး စ၀်ခွန်ပိုင်၏ ငယ်ဘ၀မှာ အပေါင်းသင်းဆိုတာ မရှိခဲ့ဖူးပေ။

 

“ဒီအကြောင်းတွေကို ခင်ဗျားကို ပြောပြရင် ခင်ဗျားလည်း ကျွန်တော့်ကို လူလိမ်လို့ ပြောမလား အကို…”

 

စ၀်ခွန်ပိုင်သည် ပြတင်းပေါက်နားက ခုံမှာဝင်ထိုင်ပြီး အပြင်မှာဝုန်းဒိုင်းကျဲရွာသွန်းသည့် မိုးရွာသည့် ရှုခင်းကိုကြည့်ကာ သူ့ကို ပြင်းပြင်းထန်ထန်သတိရလိုက်မိသည်။ သူနှင့်ဆုံခဲ့သည့် အချိန်ကိုလည်း သတိရလိုက်မိသည်။ မိမိတို့မကွေးဆေးကျောင်းနား တွင်သူတို့ ဇာတ်လမ်းလာရိုက်သည့်အချိန်တွင် သူနှင့် မမျှော်လင့်ပဲတွေ့ခဲ့သည်။

 

စ၀်ခွန်ပိုင်က သူတို့ဇာတ်ကားလာရိုက်သဖြင့် တကျောင်းလုံးအုတ်အုတ်ကျက်ကျက်ဖြစ်ပြီး သွားကြည့်သည်ကိုလည်း မသိခဲ့ပါ။ အဆောင်မှာနေရတာ မွန်းကြပ်လာသဖြင့် ညနေစောင်းလေး လယ်ကွင်းဘက်လမ်းလျှောက်ထွက်ခဲ့သည်။ လူအုပ်အုပ်ကိုရှောင်ပြီး ဝေးရာသို့လျှောက်လာရင်း ရုတ်တရက် ကျောက်ခဲတစ်လုံးကို ခလုတ်တိုက်ပြီး နံဘေးက လယ်ထဲရေသွင်းသည့် မြောင်းလေးဘက်ပစ်ကျမလိုဖြစ်စဉ် မိမိလက်ကို တစ်စုံတစ်ယောက်က ဆွဲယူုလိုက်သဖြင့် အနောက်ကိုယိုင်လာခဲ့ပြီး ထိုလူ၏ရင်ဘတ်နှင့် တိုက်မိခဲ့သည်။
 

“ဟေ့.. သတိထားလေ။ မင်း အိပ်ချင်မူးတူးနဲ့လမ်းလျှောက်နေတာ မြောင်းထဲပြုတ်ကျတော့မယ်…”

 

သြရှရှ သူ့စကားသံနှင့်အတူ စ၀်ခွန်ပိုင် မော့ကြည့်လိုက်တော့ မျက်မှန်တစ်လက်တပ်ပြီး ဦးထုပ်ဆောင်းထားသည့် မိမိထက်ကြီးသည့်လူရွယ်တစ်ဦးကိုတွေ့လိုက်ရသည်။

 

“ကျေးဇူးတင်ပါတယ်..”

 

သူက ဘာမှမပြောပဲ ပြုံးကာ စ၀်ခွန်ပိုင်ကို ကျောခိုင်းကာ လမ်းလျှောက်သွားခဲ့သည်။ စ၀်ခွန်ပိုင်လည်း သူ့ကိုကျောခိုင်းကာ အခြားဘက်ကို လမ်းဆက်လျှောက်ခဲ့သည်။ မိမိကို ရုတ်တရက်ဖယ်ခွာသွားသည့် အခင်ဆုံးသူငယ်ချင်း၏ ဆက်ဆံရေးကြောင့် စိတ်ညစ်နေသဖြင့် ထိုလူရွယ်အကြောင်းကို ခဏနေပြီးမေ့သွားခဲ့သည်။ စပါးပင်စိမ်းစိမ်းတွေကို လေတိုက်နေပုံကိုကြည့်ုလိုက်၊ ကောင်းကင်ကျယ်ကြီးကိုကြည့်လိုက်နှင့် စ၀်ခွန်ပိုင် အေးချမ်းမှုကိုရှာနေမိသည်။
 

“သူငယ်ချင်း ခင်မင်မှုထက် အမှတ်က ပိုအရေးကြီးတယ်တဲ့လားကွာ။ မင်း အဲ့လိုလူဖြစ်မယ်လို့ငါလုံးဝမထင်ထားခဲ့မိဘူး။ အခု မင်းအနားမှာ ငါမရှိတော့ သူငယ်ချင်းအသစ်တွေကြား မင်းပျော်နေရောပေါ့။ မင်းအတွက် ငါက မျက်စိစပါးမွေးစူးစရာဖြစ်ခဲ့ပေမယ့် ငါ့အတွက် မင်းက ငါတန်ဖိုးထားရတဲ့ သူငယ်ချင်းတစ်ယောက်ပါကွာ။ အခုတော့ မင်း သဘောအတိုင်းပဲ ငါ မင်းနဲ့ဝေးဝေးပဲနေပါ့မယ်…”
 

စ၀်ခွန်ပိုင်သည် တစ်နာရီလောက်ထိုင်နေပြီး တစ်ယောက်တည်း စကားတွေပြောပြီးနောက် လာလမ်းအတိုင်းပြန်လှည့်လာခဲ့သည်။ ထိုအခါမှ ကျောင်းနားမှ ယောကျာ်းလေး၊ မိန်းကလေးများကိုတွေ့လာရပြီး ရုပ်ရှင်လာရိုက်နေသည်ကို သိတော့သည်။ ဘာရယ်မဟုတ် ထိုနေရာမှ ဖြတ်လာရင်း ရိုက်ကွင်းကိုလှမ်းကြည့်မိတော့ မိမိကို မြောင်းထဲမကျအောင် ကူညီခဲ့သည့် ဦးထုပ်နှင့်လူကို တွေ့လိုက်ရသည်။

 

“မင်းသား..နောက်တခန်းဆိုရင် မင်းသားအလှည့်ရောက်ပါပြီ။ မိတ်ကပ်အွန်ဦးမလား။”
 

“တော်ပြီ။ များသွားရင် မသာရုပ်ထွက်နေမယ်။”

 

သြရှရှ သူ့အသံကိုမှတ်မိပြီး စ၀်ခွန်ပိုင် လှမ်းကြည့်လိုက်တော့ သူကလည်းမိမိဘက်ကိုလှမ်းကြည့်သည်နှင့် ဆုံပြီး ပြုံးကာ လက်ဝေ့ယမ်းခဲ့သည်။ ကျောင်းမှကောင်မလေးများက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည့် အသံများညံသွားခဲ့သဖြင့် စ၀်ခွန်ပိုင် မျက်နှာလွဲကာ ထွက်လာခဲ့သည်။


“အဲ့ဒါ ဘယ်သူလဲ…”
 

“ဟယ် နင်ကလည်း အလိုက်တာ။ အဲ့ဒါ ခုတလော နာမည်ကြီးလာတဲ့ သရုပ်ဆောင်မင်းသား အောင်မြင့်မြတ်ပေါ့..”
 

“ဟုတ်လား။ အရပ်က အမြင့်ကြီးပဲနော်။ ရုပ်လည်းချောတယ်ဟဲ့..”

 

စ၀်ခွန်ပိုင် သူတို့အသံကိုနောက်တွင်ချန်ထားပြီး မိမိအဆောင်ကို ခပ်သုတ်သုတ်ပြန်လာခဲ့တော့သည်။ မိမိကိုကူညီခဲ့သည့် ရုပ်ရှင်မင်းသားဆိုသူကိုလည်း တခါတည်း သတိမရတော့ပေ။ သို့သော် ထိုည သူနှင့်ပြန်တွေ့မည်ဟု မထင်ခဲ့မိပေ။ ထိုတစ်ည… စ၀်ခွန်ပိုင် ဗိုက်ဆာသဖြင့် မိုးအလင်းဆိုင်တွင် ထမင်းကြော်စားပြီးပြန်အလာ မထင်မှတ်ထားသည့် အဖြူရောင် အရိပ်တစ်ခု၏ နှောက်ယှက်ခြင်းကိုခံလိုက်ရသည်။ ခါတိုင်းဆိုလျှင် ပရလောကသားများက သူတို့ဖာသာ သီးခြားနေသော်လည်း တခါတရံလူကိုနှောက်ယှက်တတ်သည်။ စ၀်ခွန်ပိုင်က ထိုအဖြူရောင်အရိပ်နှင့် လုံးထွေးနေရင်း လမ်းဘေးကိုလဲကျသွားခဲ့သည်။ ထိုအဖြူရိပ်က စ၀်ခွန်ပိုင်ကို သူ့ကိုယ်လုံးနှင့်ရစ်ပတ်ကာ ညစ်ထားသဖြင့် တဖြည်းဖြည်း အသက်ရှုကြပ်လာခဲ့စဉ် ရုတ်တရက်စူးခနဲလင်းသွားပြီး ထိုအဖြူရိပ် အသံစူးစူးနှင့်အော်မြည်ကာ အငွေ့ဖြစ်ပြိးပျောက်ကွယ်သွား ခဲ့သည်။ စ၀်ခွန်ပိုင်သည်မောဟိုက်စွာဖြင့် အသက်ရှုနေစဉ် မိမိကိုကမ်းလာသည့် လက်ကိုတွေ့လိုက်ပြီး အသံတစ်သံကိုကြားလိုက်ရပြန်သည်။
 

“ဟော..ဒီတစ်ခါလည်း မင်းက မြေကြီးပေါ်လှဲနေပြန်ပြီ။ ကြည့်ရတာ မင်းက သဘာဝနဲ့ နီးနီးစပ်စပ်နေရတာ ကြီုက်တယ်ထင်တယ်…”
 

“ခင်ဗျား ဘယ်သူလဲ…”
 

“ဟော… မင်းနဲ့ကိုယ် တွေ့ဖူးတယ်လေ။ ညနေကမှ လယ်ကွင်းထဲ ဆုံခဲ့သေးတယ်လေ…”

 

ထိုအခါမှ ညနေက မိမိကို ကူခဲ့သည့်လူဖြစ်နေသည်ကို သိလိုက်သည်။ သူက ဦးထုပ်ရော။ မာဖလာရော ပါသဖြင့် စ၀်ခွန်ပိုင် မမှတ်မိလိုက်ခြင်းဖြစ်သည်။
 

“ကဲ… ကိုယ့်လက်ကိုဆွဲလိုက်ပါ။မင်း တညလုံး မြေကြီးပေါ်ထိုင်နေမှာလား။”

 

သူပြောမှ သတိရပြီး သူ့လက်ကို မဆုပ်ပဲ မြေကြီးပေါ်မှ ထလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
 

“ကျေးဇူးပါဗျာ။ ကျွန်တော့်ကိုခွင့်ပြုပါဦး..”
 

“နေပါဦးကွ။ မင်းဘာလို့ မြေကြီးပေါ်လူးလိမ့်နေတာလဲ မေးလို့ရမလား.”
 

“ဘာမှမဟုတ်ဘူး။ ပျင်းလို့လူးလိမ့်နေတာ…”

 

စ၀်ခွန်ပိုင်က သူ့ကိုတမင်ဘုပြောကာ လှည့်ထွက်ခဲ့သည်။ သူက နောက်မှ ခပ်တိုးတိုးရယ်ကာ ကျန်ရစ်ခဲ့သည်။ ဘာကြောင့်ရယ်မသိ။ သူရဲ့သြရှရှ အသံနှင့် လှိုက်လှိုက်လှဲလှဲရယ်တတ်ပုံကို စ၀်ခွန်ပိုင် သဘောကျမိသည်။ သူက မိမိဘ၀၏ အရေးပါသည့်သူ တစ်ယောက်ဖြစ်လာမည်ဆိုတာ  ထိုစဉ်က စ၀်ခွန်ပိုင် မသိခဲ့ပါ။

 

“ခင်ဗျားကို လွမ်းတယ် အကို…”

 

စ၀်ခွန်ပိုင်သည် ကြောင်မလေး ရှန့်ကို ပွေ့ကာ မိုးသားမည်းမည်းကိုမော့ကြည့်ပြိး တီးတိုးပြောလိုက်သည်။ အဝေးတနေရာက သူကြားမည်မထင်သော်လည်း ထိုစကားကို ပြောလိုက်ရလျှင် စ၀်ခွန်ပိုင်၏ စိတ်ထဲနေလို့ကောင်းသွားသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်တခုလုံး အေးစိမ့်လာသဖြင့် ရှန့်ကိုခေါ်ပြိး အိပ်ယာထဲကွေးနေရန်ဆုံးဖြတ်လိုက်သည်။

ဧည့်ခန်းမီးကိုပိတ်ပြီး အိပ်ခန်းထဲဝင်လာခဲ့သည်နှင့် ဧည့်ခန်းထဲ လူရိပ်နှစ်ရိပ်ပေါ်လာသည်ကို စ၀်ခွန်ပိုင် မတွေ့လိုက်တော့ပေ။ ထိုလူရွယ်နှစ်ဦးက တစ်ဦးနှင်တစ်ဦးဖက်ကာ ဆိုဖာပေါ်ကပ်ထိုင်ပြီး မိုးရာသီရှုခင်းကို ငေးကြည့်နေကြသည်။
 

“ဒီကောင်လေးက တယောက်ယောက်ကိုလွမ်းနေတယ် ကိုကို..”
 

“ကြည့်ရတာ လူကောင်းလေးဖြစ်ပုံပါပဲ။ သူ့ချစ်သူက ကံကောင်းမှာသေချာတယ်။ လူကောင်းလေးရဲ့ အချစ်ကိုရလို့..လေ။”
 

“ကူညီလို့ရရင် ညီ သူ့ကိုကူညီလိုက်ချင်တယ် ကိုကိုရယ်။ ချစ်သူတိုင်းကို အတူနေပြီး ပျော်နေတာကိုပဲ မြင်ချင်တယ်…”
 

“ညီညီက အရမ်းကို စိတ်ထားကောင်းတာပဲ။ ”
 

“ညီတို့အဖြစ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာလို့ပါ ကိုကိုရာ။ ညီတို့တောင် သေမှ အတူနေရတာ မဟုတ်လား။ သူတို့ကိုတော့ ညီတို့လို မဖြစ်စေချင်ဘူး။ အသက်ရှင်လျက် အတူဆုံစေချင်တယ်…”
 

“ကံတရားအတိုင်းပေါ့ကွာ။ တတ်နိုင်သလောက်တော့ ကူတာပေါ့။ ဒါပေမယ့်.. ကံမဆုံရင် ကိုယ်တို့ ဘယ်လိုလုပ်လုပ် မရနို်င်ဘူးလေ။”

 

လူမနေသည့် အိမ်ထဲ အခြားဝိဥာဉ်များစွာတို့ရှိနေမည်ကို စ၀်ခွန်ပိုင် မသိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေပြီ။ အိမ်အပေါ်ထပ်ရှိ လှုပ်ကုလားထိုင်သည်လည်း အသံမမြည်ပဲ လှုပ်စိလှုပ်စိဖြစ်လာခဲ့သည်။ နန်းဝတ်နန်းစားနှင့် အမျိုးသမီးကြီးတစ်ဦးသည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာပြီး ကုလားထိုင်တွင်ထိုင်ကာ မိုးစက်များကိုကြည့်နေသည်။

-----------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??