အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (17)

အသက်ဝင်နေတဲ့ အိမ်ကလေး

 

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (17)

 

 

စ၀်ခွန်ပိုင်သည် မိမိငယ်စဉ်ကလေးဘ၀က နေခဲ့ဖူးသည့်အိမ်တွင် ကပ်ပါးနေပြီး အိမ်ရှင်မိသားစုကို ဖျားနာပြီး နောက်ဆုံးသေအောင်ကြံနေသည့် မကောင်းဆိုးဝါးပေါက်စကို ညောင်ညောင်ဆရာအကူညီဖြင့် ဖြေရှင်းပြီးနောက် စိတ်လက်ပေါ့ပါးသွားခဲ့သည်။ မိမိကိုကြင်နာခဲ့ဖူးသည့် အန်ကယ်ထက်မြတ်အတွက် တတ်နိုင်တာ လုပ်ပေးခဲ့ရသဖြင့် ကျေနပ်စွာ အိမ်ကိုပြန်လာခဲ့သည်။

 

 “ကျွန်တော့်ဆီကို ညောင်ညောင်ဆရာရောက်လာတာ အရမ်းကံကောင်းတာပဲ… ကျေးဇူးတင်ပါတယ်တယ်…ညောင်ညောင်”


“အား…ကြားရတာ နားထဲ ယားကျိယားကျိနဲ့ကွာ… ငါမနေတတ်တော့ဘူး..”

 

ညောင်ညောင်ဆရာက မျက်နှာကို လက်နှင့်အုပ်ကာ ပြောလိုက်သဖြင့် စက်ဘီးနင်းရင်း ခွန်ပိုင်သဘောကျစွာရယ်မောမိသည်။ တကယ်လည်း ဖွားဖွားက မိမိကိုစောင့်ရှောက်ရန် ညောင်ညောင်ဆရာကို ပို့လိုက်သလားဟုပင် ထင်လိုက်မိသည်။


“ကျွန်တော် ငယ်ငယ်တုန်းကတည်းက စားချင်နေတဲ့မုန့်ဆိုင်ကနေ ညောင်ညောင်ဆရာကြိုက်တဲ့ မုန့်ဝယ်ကျွေးမယ်… ”


“အေး..ဒီစကားကို အကြိုက်ဆုံးပဲ…သွားမယ်…အခုသွားမယ်…”

 

စက်ဘီးခြင်းထဲမှ ညောင်ညောင်ဆရာက ပတပ်ရပ်ကာ တက်ကြွစွာလှည့်ကာ ပြောလိုက်သဖြင့် ခွန်ပိုင် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။ ညောင်ညောင်ဆရာက အချစ်တော်ကြောင် ဟန်ဆောင်ရာတွင် တကယ်တော်ပြီးတွေ့သည့်လူတိုင်းကို သဘောကျစေမှာသေချာသည်။ ဆိုင်ထဲဝင်ပြီး ညောင်ညောင်ဆရာစားချင်သည့် မုန့်ကို ၀ယ်ပြီး အိမ်ကိုပြန်လာခဲ့စဉ် မိမိကယ်ခဲ့ဖူးသည့် မြေခွေးမလေးက တောင်ပေါ်မှဆင်းလာပြီး မိမိဆီလာနေသည်ကို ခွန်ပိုင် မသိလိုက်ပါ။

 

မြေခွေးမလေးသည် တောင်အောက်ကို ခိုးကြောင်ခိုးဝှက်ဖြင့် ဆင်းလာပြီးနောက် ခြင်္သေ့ဦးဦးပေးသည့် ဆေးလုံးကို အိတ်လေးထဲမှ ထုတ်ကာ သောက်လိုက်စဉ် တကိုယ်လုံးပူဆင်းသွားပြီးနောက် မိမိကိုယ်ပေါ်မှ အမွေးများတဖြည်းဖြည်းပြောင်သွားပြီး လေးဘက်ထောက်နေရာမှ မတ်တပ်ရပ်ကြည့်လိုက်သည်။


“ခြေထောက်နှစ်ချောင်းတည်းနဲ့ မတ်တပ်ရပ်နိုင်ပြီကွ….”

 

သို့သော် မိမိကိုယ်က အ၀တ်စားတစ်ခုမှမရှိပဲ ကိုယ်လုံးတီးဖြစ်နေသောကြောင့် မြေခွေးမလေးက တောင်ခြေစမ်းချောင်းလေးနားက ကလေးတွေ ရေလာလာကူးသည့်နေရာကို တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။ ကလေးတအုပ် ရေချိုးနေသဖြင့် မြေခွေးမလေးဝမ်းသာသွားပြီး ခြုံပုတ်ထဲမှ အ၀တ်ပုံနားကို တရွေ့ရွေ့တိုးသွားကာ လက်လေးထုတ်ပြီး ရေကူးနေသည့် ကလေးများသတိမထားမိအောင် အ၀တ်တထည်ခြင်း တိတ်တိတ်လေး ဆွဲယူတော့သည်။ တောင်ပေါ်ဘုန်းကြီးကျောင်းကို လိုက်လာတတ်သည့် ကလေးများ ၀တ်ထားသည်ကို မှတ်ထားပြီး င်္အကျီ၊ ဘောင်းဘီ၊ ဖိနပ် နှင့် ဦးထုပ်လေးတစ်လုံးကို ဆွဲယူလိုက်ပြီး ခပ်ဝေးဝေးကိုပြေးလာခဲ့သည်။

 

အဝေးကိုရောက်မှ သက်ပြင်းချပြီး ယူလာသည့် အ၀တ်များကို တခုချင်းဝတ်ပြီး ဦးထုပ်ဆောင်းလိုက်သည်။ ထို့နောက် မိမိဝတ်သည့် အ၀တ်များကို ပြန်ငုံ့ကြည့်ကာ သဘောကျစွာတခစ်ခစ်ရယ်မောလိုက်မိသည်။ မိမိက ထိုအ၀တ်များကို ၀တ်လိုက်တာနဲ့ကိုယ်ပေါ်ယားကျိကျိဖြစ်မည်ထင်ထားခဲ့သည်။ လူသားအဖြစ်ပြောင်းလဲလာတော့ ကိုယ်ပေါ်ဖုံးနေသည့် အမွေးများမရှိသောကြောင့် တကိုယ်လုံး လေတိုးကာ အေးစက်လာခဲ့သည်။ ဒါကြောင့် လူသားများက အ၀တ်စားများဝတ်ကြခြင်းဖြစ်မည်ဟု မြေခွေးမလေး ဥာဏ်မှီသလောက် တွေးကြည့်ကာ လမ်းမဘက်ကို ထွက်လာခဲ့သည်။ ကားလမ်းဘေးအတိုင်းလျှောက်လာရင်း စ၀်ခွန်ပိုင်ကို တွေ့အောင်ရှာဖို့ မိမိ၏အနံ့ခံအာရုံကို သုံးရန်ဆုံးဖြတ်ပြီး လေထဲကိုနှာခေါင်းရှုံ့ပွရှုံ့ပွဖြင့် အနံ့ခံလိုက်သည်။


“ဒီဘက်…စ၀်ခွန်ပိုင်ရှိတာ ဒီဘက်ပဲ။ သူ့အနံ့ကိုရတယ်….”

 

မြေခွေးမလေးက အနံ့ခံရင်းမြို့ဘက်ကို အပြေးလေးလာခဲ့စဉ် အမျိုးသမီးတစ်ဦးမောင်းလာသည့် ဆိုင်ကယ်တစ်စီးက ကလေးမလေးတစ်ယောက်တည်း ကားလမ်းဘေးမှာ ပြေးနေသည်ကို တွေ့သဖြင့် ဆိုင်ကယ်ရပ်ကာ မေးလိုက်သည်။


“သမီး…တစ်ယောက်တည်းလား။ လူကြီးတွေ မပါဘူးလား..”

 

မြေခွေးမလေးက လန့်သွားသော်လည်း မိမိကို ခါတိုင်းလို ကြောက်ရွံ့စွာမောင်းထုတ်သည့် လေသံမဟုတ်ပဲ မေမေပြောတတ်သည့် ကြင်နာသည့် လေသံဖြင့်ပြောနေသောကြောင့် အရဲစွန့်ကာ ပြောလိုက်သည်။


“သမီးတစ်ယောက်တည်း။ စ၀်ခွန်ပိုင်ကို သွားရှာမလို့…”


“သမီးရဲ့ အကိုလား… သူက ဘယ်မှာနေတာလဲ။ အန်တီလိုက်ပို့ပေးမယ်လေ…”

 

အမျိုးသမီးက ကလေးမလေးကို ကြင်နာစွာပြောလိုက်သည်။ ကလေးမလေးကို တစ်ယောက်တည်းလွှတ်လိုက်သည့် မိဘများကို စိတ်ထဲမှ အပြစ်တင်နေမိသည်။ ယခုခေတ်က မကြားဝံ့မနာသာ ရာဇ၀တ်မှုများ ဒီလောက်ပေါနေတာ… ကိုးနှစ်၊ ဆယ်နှစ်အရွယ်ကလေးလေးကို လွှတ်ရဲသည့်အတွက် မိမိက ကြားမှ စိတ်ပူပြီး ကလေးမလေး သွားချင်သည့် နေရာကို ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။

 

မြေခွေးမလေးက မြို့ဘက်ကို လက်ညှိုးထိုးပြသဖြင့် အမျိုးသမီးက ကလေးမလေးကို ဆိုင်ကယ်ပေါ် တင်ကာ ခေါ်လာတော့သည်။ ထိုစဉ် မြို့အ၀င်တစ်နေရာသို့ရောက်သော် အနောက်မှ တင်ခေါ်လာသည့် ကလေးမလေးက မိမိကျောကိုပုတ်ကာ ပြောလိုက်သည်။


“အန်တီ..ရပြီ။ သမီး ဒီနားမှာ စ၀်ခွန်ပိုင်ရဲ့ အနံ့ရတယ်။ သမီးဆင်းတော့မယ်…”

 

ဆိုင်ကယ်စီးနေရင်းဖြစ်သောကြောင့် ကလေးမလေးပြောလိုက်သည့် စကားကို သေချာမစဉ်းစားလိုက်မိပဲ ရပ်ပေးလိုက်သည်။ ကလေးမလေးက ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ဦးညွတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် အန်တီ..သမီးသွားတော့မယ်…”

 

မြေခွေးမလေးသည် မိမိကို ကူညီသည့် အန်တီ့ကို ကျေးဇူးတင်စကားပြောကာ စ၀်ခွန်ပိုင်၏အနံ့အတိုင်း ပြေးလိုက်လာခဲ့သည်။ မိမိဆင်းလိုက်သည့် လမ်းဘေးနေရာတွင် စ၀်ခွန်ပိုင်၏ အနံ့လတ်လတ်ဆတ်ဆတ်ကိုရနေသည်။ ဒီနေရာကနေ စ၀်ခွန်ပိုင် ထွက်သွားတာ မကြာလောက်သေးပေ။ ဒါကြောင့် အနံ့အတိုင်းလိုက်လာရင်း တစ်နေရာရောက်သော် အရမ်းမွှေးသည့် မုန့်နံ့များကြောင့် စ၀်ခွန်ပိုင်၏ အနံ့ပျောက်သွားခဲ့သည်။ ပတ်ဝန်းကျင်တွင်လည်း ကလေးများစွာ သွားလာနေကြပြီး စ၀်ခွန်ပိုင်ကို မတွေ့သဖြင့် ၀မ်းနည်းလာခဲ့သည်။


“စ၀်ခွန်ပိုင်…စ၀်ခွန်ပိုင်……”

 

မြေခွေးမလေးသည် မိမိကျေးဇူးရှင် ကိုကိုနှင့်တွေ့ချင်သောကြောင့် ကြောက်စရာလူသားများကြားအရဲစွန့်လာခဲ့သော်လည်း မတွေ့ရပဲ လူအုပ်ကြားရောက်နေသဖြင့် တုန်ယင်လာပြီး အော်ငိုလိုက်မိတော့သည်။ ခြင်္သေ့ဦးဦးပြောသလို အချိန် တစ်ရက်စေ့လို့ မိမိအမြီးနှင့်နားရွက်ထွက်လာလျှင် ဒီလူတွေ မိမိကို ၀ိုင်းပြီးရိုက်သတ်တော့မည်ကို တွေးကာ တောင့်တောင့်ကြီးရပ်နေမိတော့သည်။ မေမေသေသွားပြီးနောက် မိမိကို ပထမဆုံးကြင်နာပေးသည့်၊ ကူညီပေးသည့် ကိုကိုနှင့် မတွေ့ရပဲ သေတော့မည်ကို တွေးကာ မျက်ရည်က ရစ်ဝိုင်းလာတော့သည်။

 

ထိုစဉ်မိမိကို တစ်ယောက်က တွန်းတိုက်သွားသဖြင့် ကိုင်ထားသည့် ဦးထုပ်က လွင့်ကျသွားသဖြင့် ဦးထုပ်နောက်ကို ပြေးလိုက်ဖမ်းစဉ် လူတစ်ယောက်က ဦးထုပ်ကို လှမ်းကောက်လိုက်သည်ကိုတွေ့လိုက်သဖြင့် အမြန်ပြောလိုက်သည်။


“အဲဒါ သမီးဦးထုပ်….”


“ဒီကို ဘယ်လိုရောက်နေတာလဲ မြေခွေးမလေး…”

 

ထိုစကားသံကြောင့် မော့ကြည့်လိုက်တော့ မိမိအတွေ့ချင်ဆုံး ကိုကို စ၀်ခွန်ပိုင်ဖြစ်နေသည်။ မြေခွေးမလေးသည် ဘယ်လိုမှ မအောင့်နိုင်တော့ပဲ ကိုကို့ရင်ခွင်ထဲ ခုန်ဝင်ကာ ဖက်ပြီး အော်ငိုလိုက်တော့သည်။


“စ၀်ခွန်ပိုင်….စ၀်ခွန်ပိုင်…..”

 

ဘေးပတ်ပတ်လည်မှ လူများက ကလေးမလေး ငိုနေသဖြင့် ၀ိုင်းကြည့်ကာ အကဲခတ်နေကြသဖြင့် စ၀်ခွန်ပိုင်က မြေခွေးမလေးကို ဆွဲထူကာ မျက်ရည်သုတ်ပေးပြီး ပြောလိုက်သည်။


“ကဲ..မငိုနဲ့တော့.. ကိုကို မင်းအိမ်ကို ပြန်ပို့ပေးမယ်။ လာ….”

 

စ၀်ခွန်ပိုင်သည် မြေခွေးမလေးကို စက်ဘီးနောက်တွင်တင်၊ ညောင်ညောင်ဆရာနှင့် မုန့်ထုပ်ကို စက်ဘီးခြင်းထဲတင်ပြီး အိမ်ဘက်ကို ထွက်လာတော့သည်။.

 

“မင်း စက်ဘီးနဲ့လိုက်ပို့မှာတော့ မဟုတ်ဘူးမလား…”

 

လူရှင်းသည့်နေရာရောက်တော့မှ ညောင်ညောင်ဆရာက မေးလိုက်သည်။

 

“စိုင်းထက်ဆီက ဆိုင်ကယ်ဌားပြီးမှ လိုက်ပို့မလို့။ အခုသူလည်း အဝေးကြီးလာခဲ့ရတာ ဆာနေရောပေါ့။ အိမ်မှာ မုန့်ကျွေးပြီးမှ လိုက်ပို့လိုက်မယ်”


“ကောင်းတယ်။ ငါလည်း ဗိုက်ဆာနေတာကွ…”

 

စ၀်ခွန်ပိုင်သည် မိမိခါးကို တင်းကျပ်စွာဖက်ပြီး ကျောတွင် မျက်နှာအပ်ထားသည့် မြေခွေးမလေးကို လှည့်ကြည့်ကာ သက်ပြင်းရှိုက်မိသည်။ ဒီမြေခွေးမလေး အမေမရှိဘူးထင်သည်ဟု တွေးမိသည်။ အိမ်သို့ရောက်သော် ညောင်ညောင်ဆရာနှင့် မြေခွေးမလေးကို နွားနို့နှင့် မုန့်ကျွေးကာ မိမိအတွက် ကော်ဖီဖျော်လိုက်သည်။ ၀ယ်လာသည့် မုန့်ကို ပန်းကန်ထဲထည့်ကာ အတူစားကြသည်။ မြေခွေးမလေးသည် ကြောင်အသွင်ယူထားသည့် တောင်စောင့်နတ်ကို လန့်သော်လည်း မိမိကို လှည့်တောင်မကြည့်ပဲ နွားနို့သောက်နေသဖြင့် မိမိလည်း ဆာဆာနှင့် နွားနို့နှင့် မုန့်ကို စားလိုက်တော့သည်။ ပထမဆုံး လူသားမုန့်ကို စားဖူးသဖြင့် အရသာကို အရမ်းကြိုက်သွားမိသည်။

 

“မင်း လူသားဖြစ်အောင် ဘယ်လိုလုပ်ခဲ့တာလဲ…”


“ဦးဦးခြင်္သေ့ကြီးက ဆေးလုံးပေးခဲ့တာ။ စ၀်ခွန်ပိုင်ကို တွေ့ချင်လို့ လာရှာတာ။ စ၀်ခွန်ပိုင်က သမီးကို မှတ်မိသလားဟင်”

 

မြေခွေးမလေးက မုန့်ကိုဝါးစားရင်း ဖြေလိုက်သည်။
 

“မှတ်မိတာပေါ့… ညည်းလေးက ချစ်စရာကောင်းတဲ့ မြေခွေးမလေးပဲ…”

 

စ၀်ခွန်ပိုင်က သူတို့မူလရုပ်ကို မြင်နိုင်သောအစွမ်းရှိသဖြင့် ဒီမြေခွေးမလေး လူသားအသွင်ပြောင်းလိုက်သည့်တိုင် မှတ်မိနေခြင်းဖြစ်သည်။ မိမိနှင့် ညောင်ညောင်ဆရာ ဆိုင်ထဲတွင် မုန့်ဝယ်ပြီးထွက်အလာ မိမိအမည်ကို အော်ခေါ်လိုက်သည့် အသံကိုကြားသဖြင့် ညောင်ညောင်ဆရာက ပြောခဲ့သည်။


“မင်းနာမည်ကိုခေါ်နေတယ်။ ကြည့်ရတာ တောင်ပေါ်မှာ တွေ့ခဲ့တဲ့ မြေခွေးမလေးထင်တယ်။ သူတို့က သူတို့ကို ကယ်ခဲ့တဲ့သူကို အရမ်းခင်တွယ် တတ်တာ။ မင်းနဲ့တွေ့ချင်လို့ ဒီထိလိုက်လာပုံရတယ်။ မြေခွေးပုံနဲ့ဆိုရင် လူတွေ ၀ိုင်းရိုက်တာ ခံရတော့မှာပဲ…”

 

ညောင်ညောင်ဆရာ၏ စကားကြောင့် စိုးရိမ်ပြီး အမြန်ထွက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် သူမလေး၏ ဦးထုပ် လူတယောက်ဝင်တိုက်ပြီးလွင့်ကျလာသဖြင့် ကောက်ပေးလိုက်သည်။ မြေခွေးမလေးက မိမိမှန်းမသိပဲ သူ့ဦးထုပ်ဖြစ်ကြောင်းပြောနေသည်။ မိမိအသံကို ကြားလိုက်တော့မှ အံ့အားသင့် ၀မ်းသာပြီးရင်ခွင်ထဲ တခါတည်း ခုန်ဝင်ခဲ့တော့သည်။ အားကိုးရာမဲ့  မျက်ဝန်း၊ အားငယ်သည့် မျက်ဝန်း နှင့် ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်ဝန်း။ မိမိငယ်စဉ် ကလေးဘ၀က အမြဲ မျက်ဝန်းထဲ ရှိနေသည့် အရိပ်များကို မြေခွေးမလေး၏ မျက်ဝန်းထဲမှာ ပြန်မြင်ရတော့ စ၀်ခွန်ပိုင် နာကျင်လာမိသည်။


“ဟိုကောင် ခြင်္သေ့ကို မင်း ငါး ဘယ်လောက်ဖမ်းပေးလိုက်ရတာလဲ…”

 

ညောင်ညောင်ဆရာက ထိုတောထဲမှ မိမိသူငယ်ချင်း ခြင်္သေ့အကြောင်းကို သိသူပီပီမေးလိုက်သည်။


“တောင်းနဲ့ သုံးတောင်းပါ…”


“အဲ့သောက်ပျင်း..ကလေးကိုတောင် ခိုင်းစားတယ်…”

ညောင်ညောင်ဆရာက ပါးစပ်မှာပေနေသည့် နွားနို့များကို လျှာနှင့်သပ်ပြီးပြောလိုက်သည်။ မြေခွေးမလေးက ဦးဦးခြင်္သေ့နှင့် ခင်မင်သည့် ညောင်ညောင်ဆရာကို ကြောက်ရွံ့ရိုသေစွာကြည့်နေမိသည်။


“စား…. အပြန် မင်းကို မုန့်ထည့်ပေးလိုက်ဦးမယ်။ ”


“အွန်း….”

မြေခွေးမလေးက ၀မ်းသာစွာဖြင့် ခေါင်းငြိမ့်တော့ ညောင်ညောင်ဆရာက တစခန်းထတော့သည်။


“ဟေ့…ငါ့ ဝေစုတွေနော်…”


“ကျွန်တော်ပြန်ဝယ်ပေးပါ့မယ်ဗျာ…”

မုန့်နှင့်ပတ်သတ်လျှင် အထိမခံသည့် ညောင်ညောင်ဆရာ၏ စကားကို စ၀်ခွန်ပိုင်ရယ်ပြီးပြောလိုက်သည်။ မုန့်စားပြီးနောက် စိုင်းထက်ထံမှ ဆိုင်ကယ်ဌားပြီး ညောင်ညောင်ဆရာကို အိတ်ထဲထည့်၊ မြေခွေးမလေးကို ဆိုင်ကယ်နောက်တွင် တင်ကာ မြို့နှင့် ခပ်လှမ်းလှမ်းတောင်ခြေဘက်ကို ထွက်လာခဲ့သည်။


“နောက်ဆို ဒီလို မလာခဲ့နဲ့နော်။ မင်းကို လူတွေမြင်ရင် ၀ိုင်းရိုက်ကြလိမ့်မယ်…”


“သမီးက စ၀်ခွန်ပိုင်ကို တွေ့ချင်တာ…”

 

မြေခွေးမလေး၏ စကားကြောင့် ခွန်ပိုင် မနေနိုင်ပဲ ကတိပေးလိုက်သည်။


“မင်းကို ငါလာလာကြည့်ပါ့မယ်။ မင်းဖာသာ မလာခဲ့နဲ့နော်….”

မြေခွေးမလေးက ခေါင်းကို လေးပင်စွာငြိမ့်လိုက်သည်။ စ၀်ခွန်ပိုင်သည် မြေခွေးမလေးကို ကြည့်ကာ ခေါင်းကို ပွတ်ပေးပြီးပြောလိုက်သည်။


“တောထဲမှာ မင်းတစ်ကောင်တည်းဖြစ်ပေမယ့် အားမငယ်နဲ့။ မင်းမှာ လက်သည်းလည်းရှိတယ်။ အစွယ်လည်းရှိတယ်။ ပြန်ခုခံ။ မနိုင်ရင် ထွက်ပြေး။ ဘာမှမကြောက်နဲ့… မင်းကို ကိုကိုလာလာကြည့်ပါ့မယ်။ နောက်တခါလာရင် မုန့်တွေထပ်ဝယ်လာပေးမယ် နော်..”

 

မြေခွေးမလေးသည် ခွန်ပိုင်၏ စကားကြောင့် အားတက်လာခဲ့ပြီး ခွန်ပိုင်ကို တင်းနေအောင်ဖက်ကာ ကတိပေးလိုက်သည်။

စ၀်ခွန်ပိုင်သည် မြေခွေးမလေး၏ လက်ကိုဆွဲကာ တောင်ပေါ်တက်လာခဲ့ပြီး သူနေသည့် နေရာကို လိုက်ပို့ပေးခဲ့သည်။ သူနေသည့် နေရာတွင် သူ့မိခင်ကို မြှုပ်ထားသည့် မြေပုံမို့မို့လေးကို တွေ့သော် စိတ်မကောင်းဖြစ်သွားသည်။

 

“မင်းရဲ့ မျိုးနွယ်စုတွေရှိတဲ့ဆီကို သွားနေလေ ကလေးမလေး”

 

ညောင်ညောင်ဆရာက မြေခွေးမလေးကို ကြည့်ကာ ပြောလိုက်သည်။ မြေခွေးမလေးက ခေါင်းငုံ့လိုက်ပြီး ပြန်ဖြေလိုက်သည်။

 

“ဦးဦးခြင်္သေ့က လိုက်ပို့မယ်ပြောတယ်။ သမီးမသွားချင်ဘူး။ မေမေရှိတဲ့နေရာမှာပဲ နေချင်တယ်။ သမီးသွားရင် မေမေတယောက်တည်း ကျန်ရစ်တော့မှာ”

 

“မင်းကြီးလာမှ ဒီကို ပြန်လာခဲ့ပါ။ မင်းမေမေလည်း မင်းတစ်ယောက်တည်း ဒီလိုနေတာကို စိတ်ပူနေမှာပေါ့။ နောက်နေ့ မင်းရဲ့ဦးဦးခြင်္သေ့ကြီး လိုက်ပို့ရင်  သွားလိုက်တော့နော်…”

 

မြေခွေးမလေးက မျက်ရည်ဝဲကာ ခေါင်းငြိမ့်လိုက်သည်။ စ၀်ခွန်ပိုင်သည် မြေခွေးမလေး၏ ခံစားချက်ကို နားလည်သည်။ မိမိမွေးဖွားခဲ့သည့်နေရာ၊ မိမိ၏ မိခင်ခေါင်းချသည့် နေရာကို မခွဲချင်သည့် မြေခွေးမလေး ခံစားချက်။ မိမိလည်း တချိန်တုန်းက ဒီလိုခံစားခဲ့ရဖူးသည်။

 

တောင်ပေါ်မှ ဆင်းလာပြီးနောက် ခွန်ပိုင်ငြိမ်သက်သွားခဲ့သည်။ မိမိတို့လို ငယ်ငယ်ရွယ်ရွယ်နှင့် မိဘဆုံးပါးသွားသူတိုင်း ဒီလို နာကျင်စရာကို ရင်ဆိုင်ရသည်။ ဒီဒဏ်ကို ကျော်လွှားနိုင်မှ မြေခွေးမလေး ပျော်ရွှင်နိုင်လိမ့်မည်။


“စိတ်ပူမနေပါနဲ့။ မြေခွေးတွေက သူ့ကို ကြင်နာမှာပါ။ ပရလောကသားတွေက မင်းထင်သလို မပျော့ညံ့ပါဘူး။ သူတို့က အကြမ်းပတမ်းခံနိုင်ပါတယ်။ လူသားတွေကသာ သူတို့ထက်ကို အဆပေါင်းများစွာ နူးညံ့တာ…..”

 

ညောင်ညောင်ဆရာ၏ စကားကြောင့် စ၀်ခွန်ပိုင် သက်ပြင်းရှိုက်ပြီး မိမိအိမ်လေးရှိရာကို ဆိုင်ကယ်စီးကာ ပြန်လာတော့သည်။

 

----------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??