အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (24)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (24)

ထက်ခေါင်သည် ဝံပုလွေအသွင်ပြောင်းကာ မိမိကျောပေါ်တွင် စဝ်ခွန်ပိုင်ကိုတင်ဆောင်ပြီး ကောင်းကင်ပေါ် တဟုန်ထိုး ပျံတက်သွားခဲ့သည်။ ခွန်ပိုင်သည် ကောင်းကင်တိမ်ညွန့်ပေါ်က လေအေးကြောင့် နွေးထွေးကာအမွှေးပွပွရှိသော ညောင်ညောင်ဆရာကို တိုးကာ ဖက်ထားလိုက်သည်။ ကောင်းကင်မှ စီးကြည့်ရသောရှုခင်းက တောက်ပကာ လှပသော်လည်း မိမိရင်ထဲ မှုန်မှိုင်းကာ ဝမ်းနည်းနေသဖြင့် ခွန်ပိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထက်ခေါင်သည် မိမိကျောပေါ်မှကောင်လေး စိတ်မချမ်းမသာဖြစ်နေသည်ကို ရိပ်မိကာ ရင်ထဲ ဒေါသတို့ ဗလောင်ဆူလာပြီး ဘုန်းထက်ရှိန်နှင့် အောင်မြင့်မြတ်တို့ကိုမြင်ယောင်ကာ ကိုယ်မှ လူသတ်လိုရိပ်တို့ ဖြာထွက်လာခဲ့သည်။ ညောင်ညောင်ဆရာ၏ကိုယ်မှ ခက်ထန်သောလှိုင်းတချို့ ထွက်ပေါ်လာသည်ကို အာရုံခံမိသဖြင့် ခွန်ပိုင် မေးလိုက်သည်။

"ခင်ဗျား ဒေါသထွက်နေတာလား.."

"အေး.."

"ဘယ်သူ့ကိုလဲ.."

"မနေ့ညက အောက်တန်းစားနှစ်ကောင်.."

"သူတို့ဖန်တီးထားတဲ့ မကောင်းဆိုးဝါးက အတော်စွမ်းပုံရတယ်.. အစ်ကိုတောင်... အဲ့ကောင်ကြီးကို ကြောက်နေပုံရတယ်.."

"မင်းပါးစပ်က ကျက်သရေတုံးကောင်ကို ထည့်မပြောနဲ့.."

ညောင်ညောင်ဆရာ၏စကားကြောင့် ခွန်ပိုင်၏စိတ်ထဲ တင်းကျပ်သွားသည်။ မှော်ပညာအဆင့်တက်ရန် ယောက်ျားတစ်ယောက်နှင့် ကိုယ်လက်နှီးနှောသောကြောင့် ညောင်ညောင်ဆရာ အထင်သေးရွံရှာပုံရသည်ကို တွေးမိလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။

"အစ်ကို.. ခင်ဗျား အဲ့လိုလုပ်မှ ဖြစ်မှာတဲ့လား..... မှော်ပညာအဆင့်တက်ဖို့ တခြားနည်း မရှိတော့ဘူးတဲ့လား.."

စဝ်ခွန်ပိုင် စိတ်ထဲမှ တိတ်တဆိတ်တွေးနေမိသည်။ ထက်ခေါင်သည် မိမိလည်ပင်းကိုတိုးဖက်ကာ အမွှေးများကို ပါးပြင်နှင့်အပ်ထားသော လူငယ်လေး၏ ရင်ထဲမှဝေဒနာကို နားလည်လိုက်သည်။ ဒါကြောင့် အာရုံလွဲစေရန် စကားပြောလိုက်သည်။

"မင်းတွေ့ခဲ့တဲ့မကောင်းဆိုးဝါးက တတိယအဆင့် ဖန်တီးထားတဲ့အကောင်ပဲ.. အခြားမကောင်းဆိုးဝါးတွေရဲ့ သွေးကိုတိုက်ပြီး မွေးထားခဲ့တာ.. ကျိန်စာနဲ့ချုပ်ကိုင်ပြီး ခိုင်းစေကြတယ်.. အထူးသဖြင့် အောက်တန်းစားမှော်ဆရာအဆင့်တွေကပဲ ဒီလိုတွေ ဖန်တီးကြတယ်.. ဒီအကောင်ကိုဖန်တီးတဲ့ကောင်လေးက မထင်မှတ်ဘဲ ရှေးကျတဲ့ အောက်လမ်းမှော်ကျမ်းကို ရရှိခဲ့ပုံပဲ.."

"ခင်ဗျားကို အဲ့ဒီမကောင်းဆိုးဝါးက ဒုက္ခပေးနိုင်လား.."

"ငါ့ကိုတော့ ဒုက္ခမပေးနိုင်ပေမယ့် သေမျိုးတွေကိုတော့ ကောင်းကောင်းဒုက္ခပေးနိုင်တယ်.. ငါထင်တာမမှားဘူးဆိုရင် ဘုန်းထက်ရှိန်ဆိုတဲ့ကောင်က မင်းကိုယ်ထဲက ရှေးကျတဲ့ မှော်ဆရာသွေးစီးဆင်းနေတာကို ပစ်မှတ်ထားပုံရတယ်.."

ထက်ခေါင်၏စကားကြောင့် ခွန်ပိုင် အံ့အားသင့်သွားသည်။

"ကျွန်တော့်ကိုယ်ထဲမှာ ရှေးကျတဲ့မှော်သွေး စီးဆင်းနေတယ် ဟုတ်လား.."

"အေး.. အရင်က မင်းအဖွား စောမေသီရိကိုတွေ့တုန်းက နည်းနည်းထင်ခဲ့ဖူးပေမယ့် မနေ့ညက သေချာသွားခဲ့တယ်.. မင်းရဲ့မျက်ရည်ထဲမှာ မှော်အစွမ်းပါတယ်.."

"ဒီသွေးရှိတာ ဘာထူးလို့လဲဗျာ.. ခင်ဗျားသာမကယ်ပေးရင် ကျွန်တော် သေလောက်ပြီ.."

"မင်းရဲ့မှော်ပညာ နိုးကြားလာရင် ဒီကောင်တွေကို လက်တစ်ချက်ယမ်းရုံနဲ့ မင်းသတ်ပစ်လို့ရတယ်.."

ထိုစကားကိုကြားသော် စဝ်ခွန်ပိုင်၏နှလုံးသားအောက်ခြေမှ မျှော်လင့်ချက်မီးတောက်လေး လင်းလာခဲ့သည်။

"တကယ်လား.."

"ငါဆိုတဲ့ တောင်သခင်က ဘယ်တော့မှ လိမ်မပြောဘူး.."

ထက်ခေါင်၏ အေးစက်ပြီး မာနကြီးသည့်စကားကြောင့် စဝ်ခွန်ပိုင် သူ့လည်ပင်းကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

"ကျွန်တော်သိပါတယ်ဗျာ.. ဝမ်းသာလွန်းလို့ ဒီလို မေးလိုက်မိတာပါ.."

စဝ်ခွန်ပိုင် စကားတပြောပြောနှင့်လိုက်လာစဉ် ထက်ခေါင်က တောင်ထိပ်တစ်နေရာကို ဆင်းသက်လိုက်သဖြင့် ပတ်ဝန်းကျင်ကိုငေးကြည့်လိုက်မိတော့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

တောင်ထိပ်ကွင်းပြင်..။ မိမိတို့ပတ်လည်တွင် ပရလောကသားပေါင်းစုံ ဒူးထောက်အရိုအသေပေးနေသည်ကို ဖွေးဖွေးလှုပ်အောင် တွေ့လိုက်ရသည်။

"တောင်သခင်ကို ကြိုဆိုပါတယ်.."

"တောင်သခင်ကို ကြိုဆိုပါတယ်.."

ကွင်းပြင်စင်မြင့်ပေါ် ဆင်းသက်လိုက်စဉ် စဝ်ခွန်ပိုင် ဝံပုလွေကြီးကိုယ်ပေါ်မှ ဆင်းပြီးသည်နှင့် ဝံပုလွေကြီးမှ အေးစက်ကာ ချောမောခန့်ညားသည့် အရပ်မြင့်မြင့်လူရွယ်အဖြစ် ပြောင်းလဲသွားတော့သည်။ သူ့ကိုယ်ပေါ်ကအဝတ်က မိမိမမြင်ဖူးလောက်အောင် ရှေးကျသော ဝတ်ရုံဖြူကို ရွှေနားကွပ်ထားသည့် ဝတ်ရုံဖြစ်သည်။

ထိုဝတ်ရုံနှင့် ခေါင်းပေါ်မှသရဖူကြောင့် နတ်ဘုရားတစ်ပါး၏ကျက်သရေတို့ ဖြာထွက်နေတော့သည်။ ထက်ခေါင်က လက်တစ်ချက်ယမ်းလိုက်မှ ပရလောကသားအားလုံး မတ်တပ်ရပ်လာကြသည်။

"မင်းတို့အားလုံးရဲ့ သစ္စာရှိစွာကြိုဆိုမှုကို ငါကိုယ်တော် ဝမ်းမြောက်တော်မူတယ်.. မကြာခင် မင်းတို့ရဲ့ပြဿနာကိုဖြေရှင်းဖို့ လွှတ်တော်ခန်းမကို ဖွင့်ပေးမယ်.. နန်းစောင့်ကြီးလေးပါးဆီမှာ စာရင်းတင်သွင်းကြပါ.."

ထက်ခေါင်၏စကားကြောင့် ပရလောကသားအားလုံး၏ ဝမ်းမြောက်စွာဟစ်ကြွေးသံတို့ ဘဝဂ်လှိုင်သွားတော့သည်။

ထက်ခေါင်သည် ရုတ်တရက် စဝ်ခွန်ပိုင်၏လက်ကို ဆုပ်ကိုင်ကာ ရုပ်ရွှေ့ပြောင်းလိုက်စဉ် ရတနာတို့စီခြယ်ထားသည့် နန်းတော်ခန်းမကျယ်ကြီးထဲကို ရောက်ရှိသွားတော့သည်။

"တောင်သခင်ကို ကြိုဆိုပါတယ်.."

ယခု မိမိတို့ရောက်နေသည့်နေရာကား ညီလာခံကျင်းပသည့် ခန်းမနှင့် အလားသဏ္ဍာန်တူ၏။ နန်းတော်ထဲမှ ပရလောကသားများက ရတနာစီခြယ်ထားသည့်အဝတ်ကို ဝတ်ဆင်ထားသည့် နန်းတော်သူ၊ နန်းတော်သား မှူးမတ်များနှင့် တူသည်။ အားလုံးက ထက်ခေါင်ကို ဦးညွတ်ကာ နဖူးနှင့်မြေပြင်ထိအောင် အရိုအသေပေးကြသည်။

"ထကြ.."

"ကျေးဇူးကြီးလှပါတယ် တောင်သခင်ကြီးဘုရား.."

ထက်ခေါင်က သူ့ခုံတွင်ထိုင်ပြီး ခွန်ပိုင်ကို ထိုင်ရန် အချက်ပြလိုက်သည်။ ခွန်ပိုင်က သူနှင့်ကပ်လျက်ခုံတွင် ထိုင်နေသဖြင့် မိမိအနေအထားက မိဖုရားလိုလို ဘာလိုလို...။ တိုင်းပြည်အုပ်ချုပ်သည့် ညီနောင်နှစ်ပါးလိုလိုဟု ဇွတ်တွေးပစ်လိုက်သည်။

ခွန်ပိုင်သည် မိမိထံ ကြောင်ဘဝနှင့်လာနေသည့် တန်ခိုးကြီးလှသော တောင်သခင်ကိုငေးကြည့်ရင်း အတွေးပွားနေမိသည်။ ထက်ခေါင်က မိမိငေးနေသည်ကို ဂရုပင်မစိုက်ဘဲ စီစဉ်စရာရှိတာ စီစဉ်ပြီးတော့ ခွန်ပိုင်၏လက်ကိုဆုပ်ကိုင်ကာ ရုပ်ရွှေ့ပြောင်းပြန်သည်။

ဒီတစ်ခါရုပ်ပြန်ပေါ်တော့ ထိုင်နေရာမှ ဆွဲခေါ်လာခြင်းခံရလို့ ယိုင်ပြီး သူ့ကိုဝင်တိုက်မိသည်။ သူ၏လက်များက ပုခုံးကိုသိုင်းဖက်ကာ ထိန်းထားပေးပြီး ပြောလိုက်သည်။

"နောက်ဆို မင်း အကျင့်ရလာမှာပါ.. ကဲ.. မင်းရဲ့ကိစ္စကို စီစဉ်ပေးတော့မယ်.."

ထက်ခေါင်က ခွန်ပိုင့်ကိုလွှတ်ပေးလိုက်ပြီး စားပွဲပေါ်က အနီရောင်ဖန်တုံးကိုကောက်ကိုင်ကာ စွမ်းအင်ထည့်သွင်းလိုက်သည်။ ရုတ်တရက် စာအုပ်ဖိသည့်ဖန်တုံးကဲ့သို့သော ကျောက်တုံးက ပတ္တမြားတုံးပမာ ရဲရဲနီကာ အရောင်အဝါ တဖြည်းဖြည်း တောက်ပလာတော့သည်။

ထက်ခေါင်က ကျေနပ်စွာပြုံးကာ ကျောက်တုံးကို ခွန်ပိုင့်ထံကမ်းပေးရင်း ပြောလိုက်သည်။

"ဆုပ်ကိုင်ထားလိုက်.."

စဝ်ခွန်ပိုင်သည် ကျောက်တုံးကိုဆုပ်ကိုင်လိုက်သည်နှင့် ဓာတ်လိုက်သလို ကျဉ်ခနဲဖြစ်သွားပြီး မိမိကိုယ်ထဲ စွမ်းအင်များစီးဝင်လာပြီး တစ်ကိုယ်လုံးရှိသွေးကြောများထဲ ဖြာသွားသလို ခံစားလိုက်ရသည်။

"ဒါ ဘာလဲ.."

ထက်ခေါင်က ကျေနပ်စွာပြုံးကာ ရှေးဟောင်းမှော်သွေးတွေရဲ့မိတ်ဖက် မှော်ကျောက်တုံးအကြောင်း ရှင်းပြလိုက်သည်။

"ဒီမှော်ကျောက်တုံးက မင်းကိုယ်ထဲစီးဝင်ပြီး တစ်သားတည်းပေါင်းသွားတယ်ဆိုတော့ သူ မင်းစွမ်းအင်ကို လက်ခံတဲ့သဘောပဲ.. ဒီမှော်ကျောက်တုံးနဲ့ မင်းရဲ့စွမ်းအင်ကို နှိုးဆွပေးရမယ်.. ငါ ပြန်မလာမချင်း မင်း ဒီနေရာမှာ ကျင့်ကြံရစ်ပါ.."

"နေဦး.. ဘယ်လိုကျင့်ရမှာလဲ.."

"တင်ပျဉ်ခွေထိုင်ပြီး ကျောက်တုံးကို လက်ဝါးနှစ်ဖက်ကြားဆုပ်ကိုင်ပြီး အာရုံပြုထားလိုက်.. ဘယ်လိုနာကျင်မှုပဲ ကြုံပါစေ နောက်မဆုတ်မိစေနဲ့.. လက်ထဲကကျောက်တုံးကို လွတ်မထွက်သွားအောင် ဆုပ်ကိုင်ထား.. မင်းအာရုံထဲ ဘယ်သူ ပေါ်လာ ပေါ်လာ၊ ဘယ်သူက ဒီမှော်ကျောက်တုံးကို လာတောင်းတောင်း မပေးမိစေနဲ့.. မှော်ကျောက်တုံးက သစ္စာမဲ့တာကို မနှစ်သက်ဘူး.. တစ်ကြိမ်ကျရှုံးရင် မင်း မှော်သွေး နှိုးဆွရခက်သွားလိမ့်မယ်.."

"ခင်ဗျားက.. ဘယ်သွားမှာလဲ.."

"ငါ ရှင်းပေးရမယ့်ကိစ္စတွေ ရှိသေးတယ်.. မင်းနားကို အမြန်ဆုံးပြန်လာပါ့မယ်.. ဘာပဲကြုံကြုံ မင်းဘက်မှာ ငါရှိတယ်.. မင်းနားမှာ ငါရှိတယ်ဆိုတာ သတိရပေးရင် ရပြီ.."

ထိုသို့ စကားထူးထူးဆန်းဆန်းတွေပြောပြီး ထက်ခေါင် ပျောက်ကွယ်သွားတော့သည်။ ကြီးမြတ်လှသောတောင်သခင်ကို စောင့်ဆိုင်းနေသော ပရလောကသားပေါင်းစုံ၏ အရှုပ်ထုပ်ကို ရှင်းရန်သွားသည်ကိုသိကာ ခွန်ပိုင် သက်ပြင်းရှိုက်ကာ သူမှာထားသည့်အတိုင်း စတင်ကျင့်လိုက်တော့သည်။ မိမိမှော်သွေး နိုးထလာလျှင် သူ့ကိုလည်း မိမိ ကူညီပေးနိုင်မည်ထင်ပါသည်။ မိမိ၏ တစ်ဦးတည်းသောမိတ်ဆွေ.. ကြောင်ကလေး....။

••••••••••••••••••••••••••••••

အောင်မြင့်မြတ်သည် ဘုန်းထက်ရှိန်နှင့် တစ်ညတာကိုကျော်ဖြတ်ပြီးနောက် နိုးထလာသောအခါ မိမိကိုယ်ထဲ မှော်စွမ်းအင်တိုးနေသလို ခံစားလိုက်ရသည်။ အောင်မြင့်မြတ် အိပ်ယာဘေးကိုကြည့်လိုက်သော် ဘုန်းထက်ရှိန်ကို မတွေ့ရတော့ပေ။ သူ ထုံးစံအတိုင်း အစောကြီးထသွားပြီဆိုတာသိလို့ အိပ်ယာထက်မှ လျင်မြန်စွာထကာ ရေချိုးခန်းထဲဝင်ပြီး ဆေးကြောပစ်လိုက်သည်။ မိမိကိုယ်ထဲမှ ထွက်ကျလာသည့်အရည်များကို ရွံရှာစွာကြည့်ပြီး အောင်မြင့်မြတ် ရေချိုးခန်းနံရံကို ဒေါသနှင့်ထိုးလိုက်သည်။

ခွန်ပိုင် မိမိကို ရွံရှာသွားပေတော့မည်။ ဒီလို အကျိုးအမြတ် တစ်စုံတစ်ရာအတွက် ကိုယ်ခန္ဓာကိုထိုးပေးသည့် ခပ်ညံ့ညံ့လူသားကို ခွန်ပိုင် မျက်နှာချင်းဆိုင်ချင်စိတ် ရှိပါဦးမည်လား။

"ခွန်ပိုင်.. ကောင်လေး.... မင်း ကိုယ့်ကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်.. ခဏစောင့်ပေးပါ.. ဒီရွံစရာဘဝကနေ ရုန်းထွက်ပြီး လူသစ်စိတ်သစ်နဲ့ မင်းဆီပြန်လာပါ့မယ်.. အချိန်ကြာနေလည်း ကိုယ့်ကိုစောင့်နေပေးပါ.."

အောင်မြင့်မြတ် ရူးသွပ်သွားသူပမာ တစ်ယောက်တည်း ရေရွတ်နေမိသည်။ ရေပန်းအောက် စိတ်ငြိမ်သွားသည်အထိ နေပြီးမှ တဘက်ပတ်ကာ အပြင်ကိုထွက်လာခဲ့သည်။ အခန်းထဲတွင် အငွေ့တထောင်းထောင်းမနက်စာနှင့် ဘုန်းထက်ရှိန်ကို တွေ့လိုက်ရသဖြင့် အောင်မြင့်မြတ် တုံ့ဆိုင်းသွားသည်။

"လာ.. အောင်.. မနက်စာစားဖို့ ကိုယ်စောင့်နေတာ.. အဝတ် အမြန်ဝတ်လိုက်ဦး.."

အောင်မြင့်မြတ်က သတင်းစာဖတ်ရင်း မိမိနာမည်ကို အဖျားဆွတ်ခေါ်လိုက်သည့်ဒီလူကို အေးစက်စွာကြည့်ကာ ဗီဒိုထဲမှအဝတ်တစ်စုံကို ထုတ်ဝတ်လိုက်သည်။ မိမိဝတ်နေကျ size၊ ဝတ်နေကျ brand၊ ဝတ်နေကျဒီဇိုင်းနှင့် အဝတ်သစ်များက သူ့ဗီဒိုတစ်ဖက်မှာ အပြည့်ထည့်ထားသည်က မိမိ သူ့ဆီပြန်လာမည်ကို သေချာပေါက်သိနေသည့်နှယ်ပင်။

"ခင်ဗျားနဲ့ကျွန်တော် အတူနေမှာမဟုတ်ဘူး ကိုဘုန်း.."

အောင်မြင့်မြတ်သည် ဘုန်းထက်ရှိန်ရှေ့တွင် ဝင်ထိုင်ကာ ပြတ်သားစွာပြောလိုက်သည်။ ဘုန်းထက်ရှိန်က တစ်ဖက်တည်းသောမျက်လုံးနှင့် စိုက်ကြည့်ကာ မေးလိုက်သည်။

"ကိုယ်နဲ့မနေလို့ မင်း ဘယ်သူနဲ့ နေမှာလဲ.."

"ကျွန်တော်ချစ်တဲ့သူနဲ့ နေမယ်.. မနေ့က ခင်ဗျားရဲ့ထောင်ချောက်ထဲကို ပိုင်လေးရောက်သွားလို့.. တစ်ညတာ ကျွန်တော့်ကိုရလိုက်တာနဲ့ ကျွန်တော့်ကို တစ်သက်လုံးပိုင်သွားပြီလို့ မထင်နဲ့.. ကျွန်တော်က ဂိုဏ်းအုပ်တစ်ယောက်ဆိုတာ မမေ့ပါနဲ့.."

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်ပြောသည်ကို စိတ်မဝင်စားဟန်ဖြင့် ဘာမှမတုံ့ပြန်ဘဲ ကော်ဖီကိုတစ်ငုံသောက်ကာ မနက်စာစားဖို့ တိုက်တွန်းလိုက်သည်။ သူ့ပုံစံကြောင့် အောင်မြင့်မြတ် ဒေါသထွက်သွားပြီး တစ်ဖက်ကလည်း စိုးရိမ်လာသည်။

"ခင်ဗျား ပိုင်လေးကို ထပ်ထိရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့.."

"မင်းက ကိုယ့်ကို ဘာလုပ်မလို့လဲ.."

"ခင်ဗျားကို သတ်ပစ်မယ်.."

အောင်မြင့်မြတ် ပြတ်သားစွာပြောလိုက်သည်။ ထိုစကားကိုကြားသော် ဘုန်းထက်ရှိန် ပြုံးရုံသာပြုံးလိုက်ပြီး ပုခုံးကိုသာ တစ်ချက်တွန့်လိုက်သည်။

"ကျွန်တော် အတည်ပြောနေတာ.."

"မင်း ကိုယ့်ရဲ့အကြွေးကို ဘယ်လိုပြန်ပေးမှာလဲ.."

အောင့်မြင့်မြတ်သည် သူ့ကိုစိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"ကျွန်တော့်မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပစ်မယ်.. ပြီးတော့ မှော်ပညာကို ဖျက်စီးပစ်မယ်.."

အောင်မြင့်မြတ်၏စကားကိုကြားသော် ဘုန်းထက်ရှိန် သဘောကျစွာရယ်မောကာ ပြောလိုက်သည်။

"ကောင်းသားပဲ.. ဒါဆို မင်းကို ကိုယ့်ဘေးမှာ တစ်သက်လုံး ချုပ်နှောင်ထားဖို့ လွယ်သွားပြီ.."

"ခင်ဗျား အရှက်မရှိဘူးလား.. အကြွေးပြန်ဆပ်ပြီးရင် ခင်ဗျား ကျွန်တော်နဲ့ ပတ်သက်စရာ မလိုတော့ဘူး.."

အောင်မြင့်မြတ် ခံပြင်းစွာပြောလိုက်သည်။ ဘုန်းထက်ရှိန်က ကောက်ကျစ်စွာပြုံးကာ ခပ်အေးအေးတုံ့ပြန်လိုက်သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားကို ကိုးကွယ်ပြီးတဲ့နောက် ငါ့ဘဝမှာ လိုချင်တာရအောင်မယူနိုင်လို့ အရှက်ရတာကလွဲပြီး ဘာမှမရှိတော့ဘူး.. ကဲ.. စားဦး.. မနက်စာ အေးကုန်တော့မယ်.."

ထိုနတ်ဘုရားအမည်ကိုကြားလိုက်စဉ် အောင်မြင့်မြတ်၏မျက်နှာ ဖြူရော်သွားတော့သည်။

"ခင်ဗျား.. ခင်ဗျားက..."

"ဟုတ်တယ်.. မင်း ပါးစပ်ပိတ်ပြီး မနက်စာစားတော့.. ဘာသံမှ မကြားချင်ဘူး.."

ဘုန်းထက်ရှိန်၏အမိန့်ကြောင့် အောင်မြင့်မြတ် ဘာမှဆက်မပြောဝံ့တော့ဘဲ မနက်စာကို ကျိတ်မှိတ်စားလိုက်တော့သည်။ ရင်ထဲမှာတော့ ပိုင်လေးအတွက် စိုးရိမ်လွန်းလို့ မီးလောင်နေသလို ခံစားလိုက်ရသည်။

မနက်စာစားပြီးသည်နှင့် အောင်မြင့်မြတ် ထရပ်ကာ ဘုန်းထက်ရှိန်ကို ခွင့်တောင်းလိုက်သည်။

"ကျွန်တော် အပြင်သွားဦးမယ်.."

"ကောင်းပြီ.. နေ့လည်စာကို ၁၂ခွဲမှာစားမယ်.. နောက်မကျစေနဲ့.."

သူ့စကားကြောင့် အောင်မြင့်မြတ် ဒေါသကိုချုပ်ထိန်းကာ ခေါင်းညိတ်ပြီး ထွက်လာခဲ့သည်။ ဘုန်းထက်ရှိန်၏စံအိမ်မှ ကားတစ်စီးကိုယူမောင်းပြီး ပိုင်လေးဆီကို ထွက်လာခဲ့သည်။ သို့သော် ပိုင်လေး၏အိမ်တံခါးက ပိတ်ထားလေပြီ။ နံဘေးအိမ်မှ စိုင်းထက်ကို မေးကြည့်သော်လည်း ဘာမှမသိရသဖြင့် မြို့ကိုပတ်ကာ ပိုင်လေးကိုတွေ့လိုတွေ့ငြား လိုက်ရှာသော်လည်း လုံးလုံး အစရှာမရအောင် ပျောက်နေတော့သည်။

 

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??