အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (21)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (21)

 

အောင်မြင့်မြတ်သည် စ၀်ခွန်ပိုင်ကို ဘယ်မှမသွားရန်မှာကြားပြီး မိမိတို့ အစည်းဝေးပြုလုပ်ရာ မြို့အ၀င်မှ စံအိမ်ကြီးဆီကို ထွက်လာခဲ့သည်။အောင်မြင့်မြတ်စီးလာသည့် အငှားကားက ခြံကျယ်ကြီးထဲ ၀င်ရောက်ပို့ဆောင်ပေးပြီး ထွက်သွားသည်။အောင်မြင့်မြတ်တစ်ယောက်သာ အငှားကားနှင့်လာပြီး ကျန်အဖွဲ့မှူးများ၊ နာယကများက ကိုယ်ပိုင်ကားဖြင့်လာသောကြောင့် ခြံဝင်းထဲ ကားများဖြင့်ပြည့်နှက်သွားသည်။

 

"ဂိုဏ်းခွဲမှူးအောင်ကြွပါ.."

 

ဘုန်းထက်ရှိန်၏လူယုံတော် အမျိုးသမီးတစ်ဦး၏နောက်သို့အောင်မြင့်မြတ် လိုက်လာခဲ့သည်။ ဧည့်ခန်းဆောင်ကိုဖြတ်ပြီး အစည်းဝေးကျင်းပရာ ကြီးမားသည့်ခန်းမဆောင်ထဲကိုရောက်လာတော့ ဂိုဏ်းမှ အကြီးမှူးအားလုံး စုံသလောက်ရှိနေလေပြီ။ အားလုံးက အောင်မြင့်မြတ်ကိုတွေ့သော်တလေးတစား နှုတ်ဆက်စကားဆိုကြသည်။ အောင်မြင့်မြတ်သည် အားလုံးကို ပြန်လည်နှုတ်ဆက်ကာ မိမိဝင်လာကတည်းကတောက်လျှောက် စိုက်ကြည့်နေသည့် ဘုန်းထက်ရှိန်ကို ပြုံးကာကြည့်ပြီး ပြောလိုက်သည်။

 

"လူစုံရင်အစည်းဝေး စကြတာပေါ့.."

 

ကျွန်းတံခါးကြီးက အောင်မြင့်မြတ်၏နောက်တွင်ဖြည်းညှင်းစွာ ပိတ်သွားပြီး ခန်းမထဲတွင် သရဲနှင်အဖွဲ့ကြီး၏ အစည်းဝေး စတင်လေပြီ။

 

••••••••••••••••••••••••••••••

 

စ၀်ခွန်ပိုင် သည် အကိုမှာထားသောကြောင့်အပြင်မသွားဘဲ အိမ်ပေါ်ထပ်မှရသည့်စာအုပ်ကို ညောင်ညောင်ဆရာ၏အကူအညီဖြင့် ဖတ်ရှုပြီးနောက်သက်ပြင်းရှိုက်လိုက်သည်။

 

"ဒီအိမ်ထဲမှာဝိညာဉ်တွေ ဘယ်လောက်ရှိတယ်ဆိုတာ ညောင်ညောင်ဆရာ မြင်နိုင်လား.."

 

ညောင်ညောင်ဆရာသည် ခေါင်းမော့ကာ အိမ်အပေါ်ထပ်ကိုတစ်ချက်စိုက်ကြည့်ပြီး ပြောလိုက်သည်။

 

"ခေတ်မတူတဲ့ဝိညာဉ်တွေကသုံးစုရှိတယ်။ အရေအတွက်က ၆ ဦး.."

 

စ၀်ခွန်ပိုင် တွေဝေသွားသည်။ ၀ိညာဉ်မြင်နိုင်သည့်မိမိကဒီအိမ်က ၀ိညာဉ်တွေကို ဘာကြောင့်မမြင်ရတာလဲ။ မိမိအစွမ်း တစ်ခုခုဖြစ်သွားတာလား။ ဒီဝိညာဉ်တွေကအစွမ်းထက်နေတာလား။

 

"ကျွန်တော်သူတို့ကို ဘာကြောင့် မမြင်ရတာလဲ.."

 

"အဖွားစောမေသီရိကတခုခုစီရင်ခဲ့လို့ဖြစ်မှာပေါ့။ ပုံမှန်ဆိုရင် မင်းရဲ့အစွမ်းက ပရလောကသား အားလုံးကိုမြင်နိုင်နေတာပဲ.."

 

"ဖွားဖွားကဘာကြောင့် ဒီလိုလုပ်ခဲ့တာပါလိမ့်.."

 

"သူကမင်းတို့သားမြေးတွေအထိ အရှုပ်ထုပ်တွေ ကူးစက်မလာစေချင်လို့ ဖြစ်ပါလိမ့်မယ်.. ငါနဲ့တွေ့တဲ့အချိန်သူ ဒီလိုမြင်ရတာကို ငြီးငွေ့နေပုံရတယ်.. သူ့ဘ၀မှာ သာမန်မိန်းကလေးတစ်ယောက်လို အပူအပင်ကင်းကင်းဖြတ်သန်းချင်ပေမယ့် သူ့ပါရမီကြောင့် တစ်ရက်မှ အေးအေးချမ်းချမ်း မနေခဲ့ရဘူး.."

 

စ၀်ခွန်ပိုင်သည် စာအုပ်ကိုဖွင့်လျက်နှင့်ပြတင်းပေါက်မှတစ်ဆင့် ခြံထဲမှအပင်များကို ငေးကြည့်ကာ အတွေးလွန်နေမိသည်။ ဖွားဖွားစောမေသီရိသည်လည်းမိမိကဲ့သို့ ငယ်ကတည်းက လူလိမ်လို့စွပ်စွဲခံရမည်လား။ ရူးကြောင်ကြောင်ကောင်မလေးဆိုပြီးရွယ်တူများ၏ ပစ်ပယ်မှုကိုခံရပြီး တစ်ယောက်တည်း အထီးကျန်ခဲ့မည်လား။ ဖွားဖွားရဲ့ ဆယ်ကျော်သက်ဘ၀ကဘယ်လိုများဖြစ်ခဲ့မလဲ။ ဘယ်လိုလုပ်ပြီး ပရလောကသားများစွာ၏ နာမည်စာရင်းကို စုဆောင်းရရှိခဲ့လေသနည်း။ဖွားဖွားစောမေသီရိက မိမိထက် ရဲရင့်မှာ သေချာသည်ဟု ခံစားမိသည်။

 

"ဖွားဖွားကဘယ်လိုလူမျိုးလဲ.."

 

ညောင်ညောင်ဆရာက ကျေနပ်စွာပြုံးကာ စောမေသီရိကိုပြန်မြင်ယောင်လာပြီး မိမိဘေးမှကောင်လေးကို ငြင်သာစွာပြောလိုက်သည်။

 

"စောမေသီရိကအင်မတန်ရဲတင်းတဲ့ ကလေးမ။ အကြောက်အလန့်ဆိုတာ သူ့ဘ၀မှာ တခါမှမကြားဖူးတဲ့စကားလုံးပဲ။ သူနဲ့တွေ့တဲ့ပရလောကသားဆို ကံဆိုးပြီသာမှတ်... ငါတွေ့ဖူးသမျှလူသားတွေထဲမှာ အထူးခြားဆုံးကောင်မလေးပဲ..."

 

"ဖွားဖွားရဲ့ကျောင်းသူဘ၀ကိုညောင်ညောင်ဆရာ သိသလား.."

 

"အဲ့ဒါကိုတော့ငါမသိဘူး။ ဒါပေမယ့် စောမေသီရိက ရွယ်တူသူငယ်ချင်း ရှိပုံမရဘူး။ ပြီးတော့...သူ့အချိန်တော်တော်များများကို တောထဲမှာပဲ လျှောက်သွားနေတတ်တယ်။ ငါနဲ့စကားလာပြောရင်လည်းပရလောကသားအကြောင်း၊ သူနှိမ်နင်းလိုက်တဲ့သရဲတွေအကြောင်း ပြောတာများတယ်.."

 

"ဒါဆိုဖွားဖွားက ကျွန်တော့်ငယ်ဘ၀လိုပဲ ဖြတ်သန်းလာရတယ်ထင်ပါရဲ့.."

 

စ၀်ခွန်ပိုင်သည် ဖွားဖွား ဘာကြောင့် မိမိတို့ကိုဒီအိမ်ထဲက၀ိညာဉ်တွေကို မမြင်စေချင်သည်ကို ရေးတေးတေးတော့ နားလည်လာသလိုပင်။ ဒါပေမယ့်မျိုးရိုးဗီဇဆိုတာ ပျောက်အောင်လုပ်လို့မရဘူးထင်ပါသည်။ မိမိထံတွင် ဖွားဖွားလို ပါရမီပါလာပြီးဖွားဖွားလို တူညီသောငယ်ဘ၀ကို ဖြတ်သန်းလာရသည်။

 

သူငယ်ချင်းမရှိဘဲ အထီးကျန်ဆန်သည့် ငယ်ဘ၀...

 

လူလိမ်...ဆိုသည့် စွပ်စွဲချက်များ...

 

ညောင်ညောင်ဆရာကို စ၀်ခွန်ပိုင် တစ်ချက်စိုက်ကြည့်ကာပြောလိုက်သည်။

 

"ညောင်ညောင်ဆရာ..ကျွန်တော့်ကို တစ်ချက်ကူညီပေးပါလား။ ဒီအိမ်ထဲက ၀ိညာဉ်တွေကို ကျွန်တော်စကားပြောချင်တယ်.."

 

ညောင်ညောင်ဆရာက မျက်လုံးကိုမှေးစင်းကာမေးလိုက်သည်။ ပရလောကသားများကို အရမ်းသွားပြီး မပတ်သက်စေချင်ပါ။ သူတို့လောက၏အရှုပ်က ရှင်းမရအောင်ရှိနေတတ်ပြီးမတော်လို့ ဒီကောင်လေးနစ်သွားလျှင်...။ ရိုးသားပြီး ကြင်နာတတ်သော စောမေသီရိ၏မြေးလေးကိုညောင်ညောင်ဆရာ အေးဆေးစွာဖြင့် အသက်ရှည်ရှည် နေစေချင်သည်။

 

"မင်းဘာကြောင့် စကားပြောချင်ရတာလဲ.. သူတို့ဖာသာ နေပါစေ..."

 

"သူတို့ကိုကျွတ်လွတ်အောင် ကူညီပေးချင်လို့ပါ.."

 

"မင်းဒီလိုလိုက်လုပ်လို့ မရဘူး.. သူတို့သေဆုံးတဲ့အချိန်မှာ ပြင်းထန်တဲ့စိတ်စွဲလမ်းမှုရှိနေရင်မပြီးပြတ်သေးတဲ့စိတ်ဆန္ဒကြောင့် သူတို့ဝိညာဉ်က သေလွန်ပြီးသွားရင်တောင် ဒီကမ္ဘာကနေ ခွာမသွားနိုင်ဘူး။တချို့ကျတော့ ဒီနေရာကကို မခွာချင်လို့ နေရစ်ခဲ့ကြတာပဲ.."

 

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏စကားကိုကြားသော်တစ်ချက်တွေသွားသည်။ သေလွန်ပြီးသွားသည့်နောက် စိတ်မဖြောင့်စရာ ကျန်ခဲ့သည့်သူများသည်သနားစရာကောင်းသည်ဟု ခွန်ပိုင် ခံစားလိုက်ရသည်။ ဒါပေမယ့် ညောင်ညောင်ဆရာပြောသလို တမင်နေရစ်ခဲ့သည့်ဝိညာဉ်များဖြစ်လျှင်မိမိ နှောင့်ယှက်ရာ ကျလေမည်လား။

 

ညောင်ညောင်ဆရာသည် ရုတ်တရက် အပြင်ဘက်ကိုတစ်ချက်စိုက်ကြည့်ကာ မျက်လုံးကို ကျဉ်းမြောင်းပြီး ပြောလိုက်သည်။

 

"သတိထားခွန်ပိုင်.. မင်းခြံထဲမှာ အမုန်းတရားတချို့ လွင့်ပျံနေတယ်။ ကြည့်ရတာ.. မင်းကြောင်ကိုသတ်လိုက်တဲ့ကောင်မလေးထင်တယ်.."

 

စ၀်ခွန်ပိုင် ဆတ်ခနဲဖြစ်ပြီး ခြံထဲကိုပြေးဆင်းလာခဲ့သည်။ မိမိချစ်သောကြောင်မလေးကို သတ်လိုက်သည့်သရဲမကို မျက်နှာချင်းဆိုင်ကာမေးချင်သည်။

 

"မင်းဘယ်သွားမလို့လဲ ခွန်ပိုင်... ပြန်လာခဲ့..."

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏စကားကိုနားမထောင်ဘဲ ခြံထဲဆင်းခဲ့သည်။ ခြံထဲရောက်သော် မိမိအိပ်မက်မက်သည့် သစ်ပင်အောက်ကို ကြည့်လိုက်သည်နှင့်အမည်းရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။ ထိုအရိပ်က ခြံအနောက်ဘက်ကို လှစ်ခနဲပြေးထွက်သွားသဖြင့်ခွန်ပိုင် ထပ်ချပ်မကွာ လိုက်ခဲ့သည်။

 

"မပြေးနဲ့...ရပ်.."

 

ခြံနောက်ကိုရောက်သော် သစ်ပင်အောက်တွင်ထိုအရိပ်က ရပ်သွားပြီး ဖြည်းညှင်းစွာ နောက်ကိုလှည့်လာခဲ့သည်။ စဝ်ခွန်ပိုင်သည် ဆံပင်ဖြန့်ချထားသည့်အသက်နှစ်ဆယ်အရွယ်  အမျိုးသမီးလေးတစ်ဦးကို တွေ့လိုက်ရသည်။ရုပ်ချောသည့်စာရင်းထဲတွင် ပါသော်လည်း အမုန်းတရားဖြင့် ပြည့်နေသည့်မျက်ဝန်းထဲမှ ရက်စက်သည့်အရိပ်အငွေ့ကသူမကို ရွံ့သည့်စိတ်ကိုဖြစ်စေသည်။

 

"မင်း..ငါ့ကြောင်မလေးကို သတ်ပစ်လိုက်တာလား.."

 

ထိုသရဲမက နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကာပြုံးလိုက်ပြီး အေးစက်စက်ဖြေလိုက်သည်။

 

"ဟုတ်တယ်.."

 

"ဘာကြောင့်လဲ.."

 

"အမြင်ကပ်လို့.."

 

သရဲမ၏အဖြေက စ၀်ခွန်ပိုင်ကို ဘာဆက်ပြောရမှန်းမသိဖြစ်သွားစေသည်။ မိမိခြံထဲတွင်လာနေပြီး မိမိကြောင်ကိုသတ်လိုက်သည့်သရဲမကို ဒီခြံထဲမှာဆက်နေခွင့်မပြုရန် ဆုံးဖြတ်လိုက်သည်။

 

"မင်းကိုငါ့ခြံထဲ ဆက်နေခွင့်မပြုနိုင်ဘူး... မင်း သွားချင်ရာကို သွားတော့.."

 

သရဲမက ဟက်ခနဲရယ်ကာ စ၀်ခွန်ပိုင်ကို ပြုံးရယ်ကြည့်ပြီးပြောလိုက်သည်။

 

"ငါနေချင်တဲ့နေရာကနေဘယ်သူမှ ငါ့ကို မောင်းထုတ်လို့မရဘူး.. ပြီးတော့... ငါချစ်တဲ့သူတွေနား ဘယ်သူ့ကိုမှ နေခွင့်မပြုနိုင်ဘူး.."

 

ထိုသို့ပြောပြီး သရဲမက လျှင်မြန်သည့်အရှိန်ဖြင့်စ၀်ခွန်ပိုင်ကို ခုန်အုပ်လာခဲ့သည်။

 

"၀ုန်း..."

 

စကားပြောရင်း ရုတ်တရက်တိုက်ခိုက်လာသည့်သရဲမကြောင့် ခွန်ပိုင် ရှောင်ချိန်မရဘဲ လက်သည်းက လည်ပင်းနားကို ထိုးခွဲလုဆဲဆဲမှာ ၀ံပုလွေအကြီးကြီးတစ်ကောင်ပေါ်လာပြီးထိုလက်ကို ကိုက်ဆွဲကာ ခြံပြင်ကို တခါတည်း လွှင့်ထုတ်လိုက်ကာ ဟိန်းဟောက်လိုက်သည်။

 

"မင်းဒီခြံထဲ ခြေတစ်လှမ်းတိုးလာရင် မင်းဝိညာဉ်ကို တစစီဖြစ်အောင် ကိုက်ဖြဲပစ်မယ် သရဲမလေး...မင်းနေရာကို မင်းသိပါ.. ဒီခြံမှာကပ်ပါးနေပြီး ဒီခြံရှင်ကို ရန်ပြုတာ ငါ လုံးဝခွင့်မလွှတ်ဘူး..သွား...ထွက်သွား.."

 

ယမင်းခင်သည် မထင်မှတ်ဘဲ တောင်စောင့်နတ်၏တိုက်ခိုက်မှုကိုခံလိုက်ရပြီး ခြံပြင်ကိုလွင့်ထွက်သွားတော့သည်။ အိမ်အပေါ်ထပ်ကို တစ်ချက်လှမ်းကြည့်လိုက်စဉ်ဒေါက်တာကျော်ဇောနှင့်မိသားစု မိမိကိုကြည့်နေသည်ကိုတွေ့သဖြင့် ယမင်းခင်၏စိတ်တို့ ချစ်ခြင်း၊မုန်းခြင်းကြောင့် ကြွတက်လာတော့သည်။ အထူးသဖြင့် မိမိခြံပြင်ကိုရောက်သွားသဖြင့် စိတ်သက်သာရာရသွားသည့်ဆရာ့မျက်နှာအမူအယာကိုတွေ့သော် ယမင်းခင်၏နှလုံးသားကို ဓားနှင့်ပါးပါးမွှန်းသလို စူးနင့်အောင်ခံစားလိုက်ရပြီးလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး ထိုအိမ်ကိုကျောခိုင်းကာ တစ်နေရာကိုဦးတည်ပြီးပြေးလာခဲ့သည်။

 

"ဆရာ...ရှင်က ကျွန်မရဲ့လူ.. ကျွန်မတစ်ယောက်ပဲ ရှင့်ကို ပိုင်တယ်.."

 

ယမင်းခင် ထိုစကားကိုရေရွတ်ပြီးနောက် မိမိနှင့်ရင်းနှီးကျွမ်းဝင်သည့်ခြံကြီးတစ်ခုထဲကို ၀င်ရောက်လာတော့သည်။

 

"ပြန်လာတာကြိုဆိုပါတယ် သခင်မလေး.."

 

"မောင်လေးဘယ်မှာလဲ.."

 

"အစည်းအဝေးလုပ်နေပါတယ်.."

 

"ကောင်းပြီ..သူ အစည်းအဝေးပြီးရင် ကျွန်မကို လာရှာခိုင်းလိုက်ပါ.."

 

ယမင်းခင်က ပြောပြီး မြေတိုက်ထဲကို တစ်ခါတည်းဆင်းသွားတော့သည်။အစောင့်အားလုံးသည် အိမ်ကြီးရှင်သခင်၏အစ်မကို ဦးညွတ်လိုက်ကြသည်။

 

••••••••••••••••••••••••••••••

 

ဒေါက်တာကျော်ဇောသည် ချစ်ငြိုးမပြေသည့်ယမင်းခင်ပျောက်ကွယ်သွားသည့်ဘက်ကိုကြည့်ကာ ဘေးမှဇနီးသည်ကို တည်ငြိမ်စွာပြောလိုက်သည်။

 

"ယမင်းခင်ဒီလိုနဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘူး.. သူ တခုခု မဟုတ်တာ သွားကြံနေပြီထင်တယ်.. မွှေး...ကိုယ်တို့ အိမ်ရှင်ကောင်လေးကို သတိပေးမှထင်တယ်.."

 

"ကျွန်မတူလေးကိုဒီအရှုပ်ကြား ဆွဲမခေါ်ချင်ဘူးအကို.. တောင်စောင့်နတ်လည်းရှိနေတာပဲ.. ယမင်းခင်က တူလေးကိုထိခိုက်အောင် လုပ်နိုင်မယ်မထင်ဘူး။ အခြေအနေ စောင့်ကြည့်ရအောင်ပါ.."

 

ဒေါက်တာကျော်ဇောသည် ဇနီး၏စကားကြောင့်ခေါင်းကိုငြိမ့်လိုက်တော့သည်။ ဇနီးသည်၏ညီမလေးလို အဖြစ်ဆိုး ဒီကောင်လေးကို မကြုံစေချင်သေးပါ။ဝိညာဉ်များ၏ကိစ္စရပ်ထဲ လူသားတစ်ယောက် ပါဝင်စွက်ဖက်လျှင် ပေးဆပ်လိုက်ရမည်က အသက်တစ်ချောင်းဖြစ်သည်။ဒီအိမ်ကြီး၏မျိုးဆက်က စ၀်ခွန်ပိုင်တစ်ယောက်တည်း ကျန်တော့သည်။

 

ညောင်ညောင်ဆရာသည် မူလရုပ်သွင်ကိုပြောင်းလိုက်ပြီးစ၀်ခွန်ပိုင်၏ပုခုံးပေါ် ခုန်တက်ကာ ခေါင်းကို လက်နှင့်ပုတ်ပြီး ပြောလိုက်သည်။

 

"သရဲမကအငြိုးအတေးကြီးတယ်.. မင်းကို ကိုက်ဖြဲပစ်နိုင်တယ် သိလား.. ငါ့စကားကို နားမထောင်ဘဲ လုပ်ချင်တာလုပ်ရလား.."

 

"သူကဘာလို့ အငြိုးအတေး ကြီးနေတာလဲ.."

 

"မိန်းမတစ်ယောက်ရဲ့စိတ်ကိုစွမ်းအားကြီးတဲ့ တစ္ဆေဖြစ်စေနိုင်တာ နှစ်ချက်ပဲရှိတယ်။ အချစ်နဲ့ သားသမီးဇောပဲ။ ကြည့်ရတာဒီမိန်းမက အချစ်ကြောင့်ဖြစ်မယ်။ ငါထင်တာ မမှားဘူးဆိုရင် ဒီသရဲမက ဒီအိမ်မှာရှိနေတဲ့ဆရာဝန်မိသားစုနဲ့ ပတ်သက်မှုရှိရမယ်.."

 

စ၀်ခွန်ပိုင် မျက်လုံးပြူးသွားသည်။

 

"ဆရာဝန်မိသားစု..."

 

"အေး..ငါ ဒီရက်ပိုင်း လိုက်စုံစမ်းလိုက်တာ.. မင်းမမွေးခင်က ဒီမြို့မှာ ဆရာဝန်မိသားစုတစ်စုထူးထူးဆန်းဆန်းသေသွားတယ်။ အဲ့အိမ်ထဲကပစ္စည်းတချို့ကို ဒီမှာတွေ့ရတယ်။ သူတို့ဝိညာဉ်ကဒီပစ္စည်းတွေမှာတွယ်ကပ်ပြီး ဒီအိမ်မှာ လာခိုလှုံနေတာဖြစ်မယ်။ သရဲမက သူတို့ကြောင့် လိုက်လာတာဖြစ်မယ်.."

 

"ဆရာဝန်မိသားစုရဲ့ဝိညာဉ်ကကျွန်တော့်အိမ်ထဲ ဘယ်လိုနေခွင့်ရမှာလဲ.."

 

"အိမ်ရှင်ခွင့်ပြုရင်နေလို့ရတယ်။ ကြည့်ရတာ မင်းနဲ့တခုခုပတ်သက်တဲ့ အမျိုးအဆွေ ဖြစ်လောက်တယ်.."

 

စ၀်ခွန်ပိုင်သည် ထိုစကားကြောင့် အပေါ်ထပ်စာကြည့်ဗီရိုကိုမွှေနှောက်သော်လည်း ဘာမှမတွေ့ရပေ။ နောက်ဆုံး အန်ကယ်ထက်မြက်ကို ဖုန်းဆက်ပြီးမေးလိုက်တော့မှအကြောင်းစုံသိရတော့သည်။

 

"မင်းမမွေးခင်ကဆရာဝန်မိသားစု သေဆုံးသွားတာ ဘယ်လိုသိတာလဲ.."

 

"ကျွန်တော်အမှတ်မထင်ကြားလို့ပါ အန်ကယ်.. အဲ့ဒါ ကျွန်တော်နဲ့ အမျိုးများတော်သလားဆိုတာ သိချင်လို့.."

"အင်း...ဆရာဝန်ရဲ့ဇနီး မွှေးက မင်းအမေရဲ့အစ်မ၀မ်းကွဲပဲ။ သူတို့မိသားစု သေဆုံးသွားတော့ မင်းအမေအတော့်ကိုစိတ်ထိခိုက်သွားတယ်။ နဂိုကမှ နှလုံးအားနည်းတဲ့သူဆိုတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ဒီသတင်းကိုကြားတော့ အိပ်ယာထဲလဲသွားတော့တာပဲ။ နောက်တော့...မင်းကိုမွေးပြီး ခြောက်လမှာ မင်းအမေဆုံးသွားခဲ့တယ်.."

 

"သူတို့..ဘာကြောင့် ဆုံးပါးသွားတာလဲ အန်ကယ်သိလား.."

 

"ရဲတွေကတရားခံရှာမရဘူး။ နောက်ဆုံး ဆရာဝန်က စိတ်ရူးပေါက်ပြီး မိန်းမနဲ့ကလေးကိုသတ်ပြီး သူ့ကိုယ်သူသတ်သေသွားတယ်ဆိုပြီး သတ်မှတ်လိုက်ကြတယ်.."

 

ထိုစကားကိုကြားသော် စ၀်ခွန်ပိုင် သက်ပြင်းရှိုက်လိုက်မိသည်။မိသားစုလိုက်သေဆုံးမှုက သွေးရိုးသားရိုးတော့မဖြစ်နိုင်ပါ။ ရဲတွေ တရားခံရှာမရဘူးဆိုလျှင်အငြိုးအတေးကြီးသည့် ပရလောကသားလက်ချက် ဖြစ်ရမည်ဟုတွေးကာ ဖုန်းချလိုက်သည်။

 

••••••••••••••••••••••••••••••

 

ထိုစဉ် အနောက်ဘက်မှသိုင်းဖက်လာသော လက်တစ်စုံကြောင့်သတိဝင်လာပြီး ထိုလက်ကိုဆွဲဆိတ်ကာ ပြောလိုက်သည်။

 

"ခင်ဗျား...လူကို ဖက်လားပြုလားနဲ့.. လက်မပါလို့ မရဘူးလား.."

 

"ညီကလည်းကွာ..ကိုက ညီ အတွေးလွန်နေတာလေးကိုတွေ့တော့ ဘယ်လိုမှ စိတ်မထိန်းနိုင်လို့... ဘာတွေ အတွေးခေါင်နေလို့ကိုယ့်ချစ်သူတစ်ယောက်လုံး ၀င်လာတာတောင် မတွေ့လိုက်ရတာလဲ.."

 

အောင်မြင့်မြတ်က ခွန်ပိုင်၏ရှေ့ မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်ကာ ပါးတွင်လက်ထောက်ကာပြုံးကြည့်ရင်း မေးလိုက်သည်။ စ၀်ခွန်ပိုင်သည် အကို့အပြောကြောင့်ရင်ခုန်သွားသော်လည်း သူ့ကို ခပ်တည်တည်စိုက်ကြည့်ကာ ပြောလိုက်သည်။

 

"ခင်ဗျားနဲ့ကျွန်တော်ကချစ်သူတွေမဟုတ်တော့လို့ အပြောအဆို ဆင်ခြင်ပေးစေချင်တယ် ကိုအောင်မြင့်မြတ်..."

 

"ဒါပေမယ့်.ကိုယ်က ချစ်ခွင့်ထပ်ပန်ထားတဲ့သူလေကွာ.. သူစိမ်းတော့မဟုတ်ပါဘူး.. ကဲ.. ပိုင်လေး.. ဘာတွေစိတ်ရှုပ်နေတာလဲ..ကိုယ့်ကိုပြော.. ကိုယ်နားထောင်ပေးမယ်.."

 

စ၀်ခွန်ပိုင်သည် မိမိဘယ်လိုပြောပြော အမူအယာမပြောင်းသည့်အကို့ကိုကြည့်ကာ တစ်ခွန်းပဲပြောလိုက်သည်။

 

"ခင်ဗျားဟိုတယ်ကို ရွှေ့တော့.."

 

အောင်မြင့်မြတ်က ထိုင်ခုံကိုမှီလိုက်ပြီးပြောလိုက်သည်။

 

"ရက်စက်တော့မှာလား..ကိုယ်က ပိုင်လေးဆီမှာပဲ တည်းဖို့ ဆုံးဖြတ်လိုက်ပြီ.."

 

"ခင်ဗျားကိုလက်မခံနိုင်ဘူးဗျာ.. ကိုယ့်ဖာသာ ဟိုတယ်ပဲ သွားတည်းပါ.."

 

စ၀်ခွန်ပိုင် မျက်နှာလွှဲပြီး အကို့ကိုပြောကာထရပ်လိုက်စဉ် ရုတ်တရက် သူက ဗြုန်းခနဲထရပ်ပြီး သိုင်းဖက်ကာပြောခဲ့သည်။

 

"ကိုယ့်ကိုနှစ်ရက်ပဲနေခွင့်ပြုကွာ.. နော်.. please..."

 

"ဒီမှာဆက်နေစရာမှမရှိတာဗျာ.. ခင်ဗျားလည်း ခင်ဗျားကိစ္စကြောင့်လာတာမဟုတ်လား.. ဒါကြောင့်.. ကျွန်တော့်ဘ၀ကိုလာပြီးမနှောင့်ယှက်ပါနဲ့တော့.."

 

"မဟုတ်ဘူး..ကိုယ်က မင်းကြောင့်လာခဲ့တာ.. မင်းဆီကို ဦးတည်လာခဲ့တာ.. ဒါကြောင့် ကိုယ့်ကို နှင်မထုတ်ပါနဲ့ကွာ..."

 

စ၀်ခွန်ပိုင်သည် ရုတ်တရက် ခြေသွက်လက်သွက်လာဖက်သည့်အကို့ကိုတွန်းလွှတ်ကာ ပြောလိုက်သည်။

 

"တော်ပါ...ခင်ဗျား.. အပိုတွေ.."

 

စ၀်ခွန်ပိုင်က သူ့ကို အပြတ်ပြောဟန်ပြင်သော်လည်းသူ့မျက်ဝန်းထဲမှ စကားကို တွေ့လိုက်သော် သက်ပြင်းရှိုက်ပြီး တီးတိုးပြောလိုက်သည်။

 

"ကျွန်တော့်ကိုအေးအေးဆေးဆေး နေခွင့်ပြုပါတော့ဗျာ.. တောင်းပန်ပါတယ်.."

 

အောင်မြင့်မြတ်သည် ခွန်ပိုင့်ကိုလွှတ်ပေးကာညင်ညင်သာသာပြုံးပြီး ဆံပင်များကိုထိုးဖွရင်း ပြောလိုက်သည်။

 

"စိတ်ချပါ..ကိုယ်က မင်းရဲ့ဘ၀ အေးချမ်းအောင်ဖန်တီးပေးမှာပါ.. ကဲ...ကိုယ်ဗိုက်ဆာပြီ... ကိုယ့်ကို တခုခုကျွေးပါဦး.."

 

စ၀်ခွန်ပိုင်သည် အကို့ကို အော်လွှတ်ဟန်ပြုသော်လည်းဘာကြောင့်ရယ်မသိ ဆံပင်ကြားထိုးဖွလာသည့် ညင်သာသည့်လက်အတွေ့ကြောင့် မျက်လုံးထဲက မျက်ရည်ကအလိုလိုစိမ့်ဝဲတက်လာခဲ့သည်။ စ၀်ခွန်ပိုင်သည် အကို့ကြောင့် ရင်ထဲလှုပ်ခတ်သွားသည်ကို မမြင်စေချင်သောကြောင့်ချာခနဲလှည့်ကာ မီးဖိုဘက်ထွက်သွားလိုက်သည်။

 

"ဟေး..ကိုယ့်ကို ဘာချက်ကျွေးမလဲ.."

 

"ခေါက်ဆွဲပြုတ်...။ခင်ဗျား ဘာစားချင်သေးတာလဲ.."

 

"ပိုင်လေးချက်ကျွေးတဲ့ ခေါက်ဆွဲပြုတ်ပဲ စားမှာပါဗျာ..."

 

အောင်မြင့်မြတ်သည် စ၀်ခွန်ပိုင်၏စကားကိုကြားသော်ရယ်ရင်း အမြန်ပြောလိုက်သည်။ ထို့နောက် မီးဖိုထဲတွင် ရေနွေးအိုးတည်ရင်း မိမိအတွက် ခေါက်ဆွဲပြုတ်ပေးမည့်ကောင်လေးကိုငေးကြည့်ကာ ရင်ထဲ နွေးဆင်းသွားတော့သည်။ မိမိအတွက် မျှော်လင့်ချက်တို့ တလက်လက်တောက်ပနေသောကြောင့်မျက်နှာက ၀င်းလက်လာခဲ့သည်။ ဒီကောင်လေးကို မည်သူမှမထိနိုင်အောင် ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။

 

••••••••••••••••••••••••••••••

 

ဘုန်းထက်ရှိန်သည် အိမ်တော်ထိန်း၏စကားကြောင့်စံအိမ်တော်အနောက်ထောင့်မှ မြေတိုက်ခန်းထဲကိုထွက်လာခဲ့သည်။ မြေတိုက်ထဲတွင် ရောက်နှင့်နေသောအနက်ရောင်အရိပ်နှင့် မျက်နှာချင်းဆိုင်မိသော် ငြိမ်သက်စွာနှုတ်ဆက်လိုက်သည်။

 

"မမ..."

 

ထိုအရိပ်ကပြောသည့်အကြောင်းအရာကို နားထောင်ပြီးနောက်ဘုန်းထက်ရှိန်၏မျက်ဝန်းရိပ်က ပိုပြီးနက်မှောင်လာခဲ့သည်။ တရှုံ့ရှုံ့ငိုကြွေးနေသည့် ၀ိညာဉ်အရိပ်ကိုကြည့်ကာဘုန်းထက်ရှိန်၏စိတ်ရိုင်းများ တရှိန်ရှိန်နှင့် တိုးပွားလာခဲ့သည်။ ဘယ်လောက်ပဲမနှစ်သက်ပါစေ...ဘယ်လောက်ပဲ မုန်းတီးပါစေ.. မိမိမျက်စိရှေ့က ၀ိညာဉ်ရိပ်က မိမိ၏တအူတုံဆင်း အစ်မဖြစ်လေသောအခါဘုန်းထက်ရှိန် ဘယ်လိုမှ ဖယ်ရှားသုတ်သင်နိုင်ခြင်း မရှိခဲ့ပါ။ ဒါကြောင့် မိမိက သရဲနှင်အဖွဲ့မှအကြီးကဲဖြစ်လာသော်လည်း မိမိအစ်မရင်း၏၀ိညာဉ်ကို တိတ်တဆိတ်မွေးမြူထားခဲ့ရခြင်းဖြစ်သည်။

 

"နင်...အေးဆေးရှောင်နေလိုက်.. ဒီပြဿနာကို ငါ့ဖာသာရှင်းမယ်.."

 

ဘုန်းထက်ရှိန်သည် တောင်စောင့်နတ်ကို မနိုင်သောကြောင့်အိမ်ပြန်ပြေးလာသော အစ်မ၏၀ိညာဉ်ကို မဲ့ပြုံးနှင့်ကြည့်ကာ ပြောလိုက်သည်။

 

"တောင်စောင့်နတ်ကိုတောင်မနိုင်တာ၊ ဘယ်လိုလုပ် မမဖာသာ ရှင်းနိုင်မလဲ.. ဒီကောင်လေးကို ကျွန်တော်ရှင်းဖို့ ကြံထားပြီးသား။ဒါကြောင့် မမ အဲ့ဒီခြံကို ထပ်မသွားနဲ့တော့.. ဒီအခန်းထဲမှာပဲ အေးဆေးနေပါ။ အဲ့ဒီခြံနဲ့အဲ့ဒီမျိုးဆက်ကို ကျွန်တော် မြေလှန်ပစ်ဖို့ ဆုံးဖြတ်ထားပြီးပြီ.."

 

ဘုန်းထက်ရှိန်၏လက်ကို ယမ်းလိုက်သည်နှင့်ထိုအခန်းပတ်လည်မှာ ရေးဆွဲထားသော သင်္ကေတများက အလင်းရောင်လက်ကာ အသက်ဝင်လာပြီးနောက် ယမင်းခင်၏၀ိညာဉ်ကိုအခန်းထဲတွင် ပိတ်လှောင်ထားတော့သည်။

ယမင်းခင်သည် မောင်ငယ်ဖြစ်သူ၏လုပ်ရပ်ကြောင့်ဒေါသတကြီးအော်ဟောက်ကာ အခန်းထဲမှထွက်သွားသော ဘုန်းထက်ရှိန်နောက်ကို ပြေးလိုက်သော်လည်းမမြင်ရသည့်ကြိုးများက တားထားသည့်ပမာ ယမင်းခင် ရှေ့ကိုတစ်လှမ်းမျှပင် တိုးလို့မရတော့ပေ။နှစ်ပေါင်းနှစ်ဆယ် စံအိမ်တော်ကို မပြန်ဘဲ ပထမဆုံးပြန်လာတော့ မိမိမောင်လက်ချက်ဖြင့်အချုပ်ခံရမည်ဟု မထင်ထားခဲ့ပေ။

 

"နင်ဘယ်လိုလုပ်တာလဲ.. ငါ့ကို အခုလွှတ်စမ်း.. ခမည်းတော်ရှိရင် နင် ငါ့ကို ဒီလိုဆက်ဆံရဲမလား..."

 

ဘုန်းထက်ရှိန်၏မျက်လုံးများက ထိုစကားကြောင့်စူးရှလာသော်လည်း နှုတ်ခမ်းတွန့်ကွေးရုံပြုံးကာ လှည့်ထွက်သွားတော့သည်။ ယမင်းခင်သည် မိမိမောင်၏ရက်စက်သောအကျင့်နှင့် ၀ိညာဉ်များကို မုန်းတီးသည့်စိတ်ကိုသိသော် ဒေါက်တာကျော်ဇောကိုသတိရပြီး ရင်ထဲပူလောင်လာခဲ့သည်။

 

"နင်..သူ့ကို မထိနဲ့.. ငါ့လူကိုထိရင် နင့်ကို ခွင့်မလွှတ်ဘူး.."

 

ဘုန်းထက်ရှိန်သည် အစ်မဖြစ်သူ၏ အရူးမူးအော်ဟစ်စကားကိုကြားသော်ပြန်လှည့်လာပြီး ၀ိညာဉ်ဘ၀ရောက်တာတောင် တဖက်သတ်ချစ်ရသူအတွက် စိုးနှောင့်ဗျာဝေ သောကဖြာနေသောအစ်မကိုစိုက်ကြည့်ကာ ခံစားချက်မဲ့သည့်လေသံဖြင့် ပြောလိုက်သည်။

 

"ခမည်းတော်ရဲ့အမိန့်အတိုင်းကျွန်တော်ဆောင်ရွက်နေတာပါ မမ.. ဒီလိုနေ့မျိုးရောက်လာလို့ မမ အိမ်ပြန်လာရင် ဒီအိမ်နဲ့အဲ့ဒီက၀ိညာဉ်တွေအားလုံးကို ကျွန်တော် မီးလောင်တိုက်သွင်းပစ်လို့ရပြီတဲ့။ ကျွန်တော်အလုပ်တွင်အောင်အိမ်ပြန်လာပေးတာ ကျေးဇူးတင်ပါတယ် မမ..။ ဒီအခန်းထဲမှာ အေးဆေးစောင့်နေပါ။ ကိစ္စတွေပြီးမှကျွန်တော်ပြန်လာမယ်... သြော်...ဒီအကာအရံတွေက မမရဲ့အဆင့်နဲ့ ဘယ်လိုမှ ချိုးဖောက်လို့မရတဲ့အင်းတွေ စီရင်ထားတယ်.. မမအတင်းကျော်ဖြတ်ရင် မမရဲ့ဝိညာဉ်စွမ်းအား တစ်ဝက်က စုတ်ပြတ်သတ်သွားလိမ့်မယ်.."

 

ဘုန်းထက်ရှိန်သည် အချစ်ရူးရူးကာ သေဆုံးသွားသည့်အစ်မ၏၀ိညာဉ်ကို ပိတ်လှောင်တားဆီးကာ လုပ်စရာရှိသည်ကို လက်စသတ်ရန် အပေါ်ထပ်ကိုသွားပြီးပြင်ဆင်တော့သည်။ ကနေ့ည စောကလျာရွှေစင်တို့ မျိုးဆက်ကို တခါတည်းသုတ်သင်ပစ်တော့မည်။

 

အင်းများစီရင်သည့်အခန်းထဲတွင် ဘုန်းထက်ရှိန်ကမိမိအမိန့်ဖြင့် ထိန်းချုပ်မည့် အကြီးဆုံးအကောင်ကြီးကို စတင်ပြီး အသက်သွင်းလိုက်တော့သည်။ထက်လှသောဓားမြှောင်ဖြင့် မိမိလက်ညှိုးထိပ်ကိုထိုးစိုက်ကာ သွေးစက်ကို သွေးပေါင်းစုံရောထားသည့်အိုးထဲထည့်လိုက်သည်နှင့် သွေးများက ပွက်ပွက်ဆူကာ ငြိမ်သက်သွားသည်။ ထို့နောက် အခြားသောအစီရင်များဖြင့်အားဖြည့်ကာ ထိုသွေးနှင့်ရောလိုက်သည်။ ပြီးတော့ သွေးအပြည့်ပါသည့်ကြွေအိုးကို မ,ကာ မြေအောက်ခန်းထဲတခါပြန်ဆင်းလာပြီး ယမင်းခင်နှင့်ကပ်လျက် ဘေးခန်းထဲဝင်ကာ ကြီးမားလှသည့် သေတ္တာကြီးတစ်လုံးရှေ့တွင်ရပ်လိုက်သည်။

 

"ဖွင့်လိုက်..."

 

ဘုန်းထက်ရှိန်၏အမိန့်ကြောင့် အိမ်တော်ထိန်းအမျိုးသမီးကြီးကထိုဧရာမခေါင်းတလားကြီးကို ဖွင့်လိုက်သည်။ ကြီးမားလှသော ဖုတ်ဝင်အလောင်းကောင်ကြီး၏ ပါးစပ်ထဲကိုကြွေအိုးထဲမှသွေးကို လောင်းချရင်း ဘုန်းထက်ရှိန် ဂါထာတချို့ကို ရွတ်ဆိုလိုက်သည်။ သွေးများကထိုသတ္တ၀ါကြီး၏ လည်ချောင်းထဲမှတဆင့် တကိုယ်လုံးသို့ပျံ့နှံ့သွားသည်။ ရောနှောထားသည့်သွေးများကပရလောကသားပေါင်းစုံ၏ သွေးများဖြစ်သောကြောင့် ထက်မြက်သော ပင်ကိုယ်စွမ်းအားများ စိမ့်ဝင်နေသည်။ထိုသွေးများက ဖုတ်ဝင်အလောင်းကောင်ကြီး၏ကိုယ်ထဲ အလျင်အမြန်စိမ့်ဝင်ကာ စွမ်းအားများ ပေါင်းစည်းသွားခဲ့သည်။

 

သွေးအားလုံးတိုက်ပြီးနောက် ဖုတ်ဝင်အလောင်းကြီး၏မျက်လုံးများပွင့်လာတော့သည်။

 

"ဂါး..."

 

ဘုန်းထက်ရှိန်ကိုတွေ့သည်နှင့် သခင်မှန်းမသိဘဲဟိန်းကာ လည်ပင်းညှစ်ရန် လက်ကိုဆန့်လာသဖြင့် ဘုန်းထက်ရှိန်က ဖုတ်ကောင်၏နဖူးပေါ်တွင် သွေးဖြင့်သင်္ကေတတချို့ရေးလိုက်တော့ ချက်ချင်း ငြိမ်ကျကာ တိတ်ဆိတ်သွားတော့သည်။

 

"သခင်လေး...ဒီကောင်က ရိုင်းလွန်းတယ်... ဒီကောင့်ကို လွှတ်လိုက်လို့ ဖြစ်ပါ့မလား.."

 

"အခုမလွှတ်သေးဘူး.. ကျုပ်အမိန့်ကို နာခံအောင်လုပ်ရဦးမယ်။ အပေါ်ထပ်မှာ လုံခြုံရေးတင်းတင်းချထားလိုက်။ဘယ်သူမှ ၀င်မလာစေနဲ့..."

 

အိမ်တော်ထိန်းကြီးက သခင်လေး၏အမိန့်ကြောင့်အပေါ်ထပ်လုံခြုံရေးကို ကြီးကြပ်ရန် ထွက်လာခဲ့သည်။ ဘုန်းထက်ရှိန်သည် ထိုခေါင်းတလားရှေ့တွင်မတ်တပ်ရပ်ကာ အင်းအစီအမံ ဂါထာများရွတ်ဆိုပြီး ထိုကောင်ကြီး၏ကိုယ်ထဲမှ မိမိသွေးကို ပြန်နှိုးဆွပြီးဖုတ်ဝင်အလောင်းကောင်ကြီးကို ယဉ်ပါးကာ အမိန့်နာခံစေရန် စတင်လုပ်ဆောင်တော့သည်။

 

ဖုတ်ကောင်ကြီးက နိုးလာသည်နှင့် သခင်၏အမိန့်ကိုနာခံစေရန် တစ်ကိုယ်လုံးကို အာဏာစက်လွှမ်းခြုံဖို့ အဆင့်များစွာကို တဆင့်ပြီးတဆင့် လုပ်ဆောင်တော့သည်။သရဲနှင်အဖွဲ့၏ ခေါင်းဆောင်များထဲမှ တစ်ယောက်အနေဖြင့် ဒီလို အောက်လမ်းအစီရင်ကို တတ်ကျွမ်းပြီးလုပ်ဆောင်နေသည်ကိုသိလျှင် မိမိအဖွဲ့အစည်းက မိမိကို အရင်ဆုံး သုတ်သင်မှာ သေချာသည်။ ဒါကြောင့်သစ္စာရှိအိမ်တော်ထိန်းအဒေါ်ကြီးကို လုံခြုံရေးကိစ္စ လွှဲအပ်ထားခြင်းဖြစ်သည်။

 

မည်သူမှ မိမိ၏မူလရုပ်၊ မူလပညာရပ်ကို မဖော်ထုတ်နိုင်စေရ။

 

မိမိချစ်သော ကောင်လေးသော်မှအစ.. မိမိ ဘာဆိုတာ သိလို့မဖြစ်ပေ...။

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??