အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (26)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (26)

အောင်မြင့်မြတ်သည် ဘုန်းထက်ရှိန်၏စကားကိုကြားသော် ဦးနှောက်မှ အလျင်အမြန်တွက်ကာ မေးလိုက်သည်။

"ခင်ဗျား.. ကျွန်တော့်ကို မချစ်ဘူးလား ကိုဘုန်း.."

ဘုန်းထက်ရှန်က ကျေနပ်စွာရယ်မောကာ ပါးနပ်စွာမေးလိုက်သည်။

"ချစ်တာ မချစ်တာ ဘာထူးလို့လဲ.. မင်းကို ကျုပ် အခု ပိုင်ဆိုင်နေပြီးသားလေ.."

အောင်မြင့်မြတ်သည် ထွက်လာသောဒေါသကိုထိန်းကာ လေအေးဖြင့် ပြောလိုက်သည်။

"ထူးတာပေါ့.. ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်လို့ စွမ်းအင်တက်အောင် ကူညီပေးခဲ့တာလို့ မှတ်ယူထားခဲ့တာ.. အခု အဲ့လိုမဟုတ်ဘူးဆိုရင် ကျွန်တော် တော်တော်လေးကို တုန်လှုပ်သွားမိမှာပဲ.."

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်၏စကားကြောင့် သူ့လက်ကို လိမ်ချိုးထားရာမှလွှတ်ကာ မျက်နှာချင်းဆိုင်ဆွဲလှည့်ပြီး မေးလိုက်သည်။

"မင်း ငါ့ကို ခုနလေးကမှ သတ်ဖို့ ကြိုးစားခဲ့တာမဟုတ်ဘူးလား.."

အောင်မြင့်မြတ်သည် လက်မောင်းရင်းကို လက်နှင့် အသာပွတ်သပ်ရင်း သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားလို စွမ်းအားကြီးတဲ့သူက ကျွန်တော့်ခွန်အားနဲ့ ဘာမှမဖြစ်နိုင်ဘူးဆိုတာ သိပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာကို ဖြေပေးပါ.. ခင်ဗျား ကျွန်တော့်ကို ချစ်ခဲ့ဖူးလား.."

ဘုန်းထက်ရှိန်၏မျက်ဝန်းထဲမှ အရိပ်တချို့ ဖြတ်ပြေးသွားပြီး အောင်မြင့်မြတ်၏ရှေ့ရှိ ကျွန်းဆက်တီကြီးတွင်ဝင်ထိုင်ကာ တန်ပြန်မေးခွန်း မေးလိုက်သည်။

"အခုမှ ဘာကြောင့် သိချင်သွားတာလဲ.. ဒါတွေက ကြာခဲ့ပြီမဟုတ်လား.."

"ကျွန်တော် လမ်းတစ်ခုကို ရွေးချယ်မလို့ပါ.. ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်ခဲ့ဖူးရင် ကျွန်တော် အားကိုးရမယ့်သူဘက်မှာ ရပ်တည်မယ်.."

"ရုတ်တရက်ကြီးပါလား.. မင်း စိတ်ပြောင်းသွားရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ.."

"ဘာကြောင့်လဲဆိုတော့ ခင်ဗျားကိုယ်ထဲက စွမ်းအင်အရှင်ကြောင့်ပဲ.. ခင်ဗျားကိုယ်ထဲမှာ ဖျက်ဆီးခြင်းနတ်ဘုရား ရှိနေလို့ပဲ.."

ဘုန်းထက်ရှိန်သည် အင်မတန်ပါးနပ်သောကောင်လေးကို စိုက်ကြည့်ရင်း နှုတ်ခမ်းက တွန့်ကွေးကာ ကျေနပ်စွာပြုံးရင်း ပြောလိုက်သည်။

"မင်း အတော် အကင်းပါးတာပဲ.. ကောင်းပြီ.. မင်းသိချင်တာ ဖြေပေးမယ်.. မင်းကို ငါ တကယ် ချစ်ခဲ့ဖူးတယ်.."

"အခုရော.. အခု.. ခင်ဗျား.. ကျွန်တော့်ကို ချစ်သေးလား.."

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်တစ်ကိုယ်လုံးကို စုန်ဆန်ကြည့်ကာ ပွင့်လင်းစွာပြောလိုက်သည်။

"မင်းကို ငါ တပ်မက်သေးတယ်.. မထင်ထားမိဘူး.. မင်းရဲ့ခန္ဓာက ငါ့ရဲ့စိတ်ဝိညဉ်ကို ကျေနပ်စေခဲ့တယ်.. မင်းကို ငါ့ကိုယ်ပိုင် လူသားအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်တာ မင်းကိုယ်ရဲ့ အတွေ့ကြောင့်ပဲ.."

ထိုစကားကို အောင်မြင့်မြတ် မျက်နှာတစ်ချက်မပျက်ဘဲ နားထောင်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။

"ဒါဆိုရင် ကျွန်တော် ခင်ဗျားခြေရင်းမှာ အလုပ်အကျွေးပြုပါ့မယ်.."

"အဲ့ဒီအတွက် မင်း ဘာလိုချင်တာလဲ.."

"ကျွန်တော့်စွမ်းအင် တက်အောင်လုပ်ပေးပါ.."

"ဘာကြောင့် စွမ်းအင်တက်ချင်တာလဲ.. ငါ့ကိုသတ်ဖို့ဆိုရင် မင်း ဆယ်ဘဝကြိုးစားလည်း မမှီနိုင်ဘူး ကောင်လေး.."

အောင်မြင့်မြတ် အေးစက်စွာပြုံးကာ ပွင့်လင်းစွာပြောလိုက်သည်။

"ဝံပုလွေကောင်ကို သတ်မလို့.. သူက ကျွန်တော့်ကောင်လေးကို ခိုးသွားတယ်.."

ဘုန်းထက်ရှိန် မျက်ခုံးကိုပင့်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းကောင်လေးဆိုတဲ့ချာတိတ်က ငါသတ်ရမယ့်ကောင်ဖြစ်တယ်.. သူ့အသက်ကို မင်း တောင်းဆိုလို့ မရဘူး.."

အောင်မြင့်မြတ် လက်သီးဆုပ်ကာ ပြတ်သားစွာပြောလိုက်သည်။

"ရတယ်.. သူက ဝံပုလွေကောင်ကို ရွေးချယ်ပြီးကတည်းက သူ့သေရေးရှင်ရေးက ကျွန်တော်နဲ့ မဆိုင်တော့ဘူး.."

ဘုန်းထက်ရှိန်က ကျေနပ်စွာရယ်မောကာ ခြိမ်းခြောက်လိုက်သည်။

"မင်းပြောတာ ဟုတ် မဟုတ် မကြာခင် ငါ သိရမှာပဲ.. ကဲ.. မင်း ငါရဲ့ကျေးကျွန်လုပ်မယ်ဆိုရင် အခုချက်ချင်း လေးဘက်ထောက်လာပြီး ငါ့ကို ပြုစုပေးတော့.. မင်း ပြုစုတာတော်ရင် မင်းကို ဆုချမယ်.."

အောင်မြင့်မြတ်သည် ထိုစကားကိုကြားသည်နှင့် ချက်ချင်းဒူးထောက်ကာ လေးဘက်ထောက်ရင်း ဘုန်းထက်ရှိန်ရှိရာသို့ လာခဲ့သည်။ ဘုန်းထက်ရှိန်၏ခြေထောက်ကြား ခေါင်းထိုးပြီး သူကျေနပ်စေရန် အစွမ်းကုန်ပြုစုရန် ဟန်ပြင်လိုက်သည်။

အင်အားကြီးသည့် အမှောင်စွမ်းအင် ပူးကပ်နေသည့် ခန္ဓာကိုယ်ကို အလုပ်အကျွေးပြုရသောကြောင့် အောင်မြင့်မြတ် ရွံရှာစိတ်ပျက်ခြင်း မရှိပါ။ ဒါက မိမိစွမ်းအင်တိုးဖို့ အခွင့်ကောင်းတစ်ခုဖြစ်သောကြောင့် သခင်ကျေနပ်ရန်သာ အာရုံစိုက်ပြီး ပြုစုပေးလိုက်သည်။

တစ်နေ့လုံး တစ်ညလုံး ဘုန်းထက်ရှိန်ကို ပြုစုပေးပြီးနောက် အောင်မြင့်မြတ် ထိုက်တန်သောဆုလာဘ်ကို ရရှိခဲ့သည်။ မိမိကိုယ်ထဲကို စွမ်းအင်ထည့်ပေးပြီးနောက် ချက်ချင်း အပြင်ထွက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ခြံထဲစောင့်ကြပ်နေသည့် ပရလောကသားတစ်ဝက်ခန့် မီးခိုးငွေ့ဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။ နောက်ထပ် လက်ယမ်းမည်အပြု ဘုန်းထက်ရှိန်က အနောက်ဘက်မှ ခါးကိုသိုင်းဖက်ကာ နားရွက်များကို လျှာနှင့်လျက်ရင်း မေးလိုက်သည်။

"ဒီကောင်တွေကို သုတ်သင်ပြီး အားစမ်းတာ ဘာထူးမှာလဲ.. မင်းစမ်းချင်ရင် ဟို တတိယအဆင့်ကောင်ကို စမ်းကြည့်လေ.."

အောင်မြင့်မြတ်က မိမိကိုဖက်ထားသည့်လူကို နောက်ပြန်မှီကာ ပြောလိုက်သည်။

"ကျွန်တော် အဲ့ကောင်ကိုသတ်ဖို့ အားမလုံလောက်သေးဘူး.. ခင်ဗျား နည်းနည်း ထပ်ဖြည့်ပေးမှဖြစ်မယ်.."

"ဒါဆို အထဲကို သွားကြတာပေါ့.. မင်းနဲ့ချစ်ပြီးရင် အားဖြည့်ပေးမယ်.."

ထိုစကားကိုကြားသော် အောင်မြင့်မြတ် ကျေနပ်စွာဖြင့် ဘုန်းထက်ရှိန်ခေါ်ရာကို လိုက်သွားတော့သည်။

ယမင်းခင်သည် မြေအောက်ခန်းထဲမှနေပြီး ခြံထဲမှ ပရလောကသားများ၏ နာကျင်စွာမြည်ကြွေးသံနှင့် ထူးခြားရက်စက်သော စွမ်းအင်လှိုင်းကို ခံစားမိပြီး တုန်လှုပ်သွားသည်။ မိမိမောင်ထံမှ စွမ်းအင်က ဒီလို အမှောင်ရိပ်လွှမ်းကာ စွမ်းအားမကြီးခဲ့ဖူးပေ။ ဒါပေမယ့် အခု ဘာကြောင့် ရုတ်တရက် အမှောင်စွမ်းအင်ထုကြီးက ခြံထဲကိုလွှမ်းခြုံထားသည်ကို နားမလည်တော့ပေ။ သေချာတာကတော့ ထိုစွမ်းအင်က မကြာခင် မိမိမောင်၏ အသိစိတ်ကို ဝါးမျိုသွားတော့မည်။ ထိုအခါ မိမိအပါအဝင် မိမိတို့ခြံထဲမှ သက်ရှိနှင့် ပရလောကသားအားလုံး ပျောက်ကွယ်သွားတော့မည်။

"ဘုန်းထက်ရှိန်... နင်.. ဘယ်သူ့ဆီကို ဝိညာဉ်ရောင်းစားလိုက်ပြီလဲ.."

ယမင်းခင် ထိုစကားကိုရေရွတ်ရင်း အခန်းကျဉ်းလေးထဲ ဒူးထောက်ကျသွားတော့သည်။

••••••••••••••••••••••••••••••

ခွန်ပိုင်သည် ထက်ခေါင်နှင့်အတူ ပိုင်နက်နယ်မြေများကို လှည့်လည်ကြည့်ရှုပြီး မိမိကိုယ်ထဲမှ နိုးကြားလာသည့်စွမ်းအင်ကို ရင်းနှီးအောင်လုပ်နေပြီး အသုံးချနိုင်အောင် လေ့ကျင့်နေစဉ် အောင်မြင့်မြတ်သည်လည်း ဘုန်းထက်ရှိန်၏ရင်ခွင်အောက်တွင် မိမိစွမ်းအားတိုးလာစေရန် အစွမ်းကုန် ကြိုးစားလျက်ရှိသည်။

ဘုန်းထက်ရှိန်သည် အောင်မြင့်မြတ်၏ပုခုံးသားလေးကို လက်နှင့်ပွတ်သပ်ကာ စောင်အောက်မှ ပူးကပ်ထိတွေ့နေသော ပူနွေးသည့်ကိုယ်၏အတွေ့ကို အရသာခံနေစဉ် ကျေနပ်စွာရယ်လိုက်မိသည်။ အောင်မြင့်မြတ် ယခုလို မိမိခြေရင်းကို နာခံစွာကျဆင်းလာမည်ကို သိသော်လည်း ဒီလောက်မြန်မြန် ကျရှုံးလာမည်ကို မမျှော်ထားမိပေ။

အောင်မြင့်မြတ်က သလင်းကြေးမုံကိုသုံးပြီး စဝ်ခွန်ပိုင်ကို သွားရောက်ခေါ်ဆောင်စဉ် ဝံပုလွေတစ်ကောင်နှင့်ယှဉ်ပြီး အငြင်းခံရပြီးနောက် သူ့ရင်ထဲက ကလဲ့စားချေစိတ်ကို နှိုးဆွလိုက်မိပုံရသည်။

စဝ်ခွန်ပိုင်ဆိုသည့်ကောင်လေးကို တစ်စစီဖျက်ဆီးကာ သေသည်ထက်ဆိုးသည့်ဘဝကိုပေးရန် အောင်မြင့်မြတ်ကို တမင် ထိုကောင်လေးနား နီးကပ်ရန်စေလွှတ်ကာ မချစ်ချစ်အောင် ဖျားယောင်းစေမှ မိမိကောင်က အချစ်မှာ ကျရှုံးသွားခဲ့သည်။ စောမေသီရိ၏ နောက်ဆုံးအမျိုးနွယ်က ရှေးဟောင်းမှော်သွေးကို ဆက်ခံရရုံတင်မက သူနှင့်ပတ်သက်သူကို အချစ်တွင်ကျရှုံးအောင် ဆွဲဆောင်နိုင်စွမ်းရှိသဖြင့် ဘုန်းထက်ရှိန်၏ လူသတ်လိုစိတ် ပိုတိုးလာခဲ့သည်။

အထူးသဖြင့် မိမိ၏ကျေးကျွန်က ဘာမဟုတ်သည့်ကောင်လေးထံ ကျရှုံးသွားခြင်းက ဘုန်းထက်ရှိန်၏ လူသတ်လိုစိတ်ကို မီးစာမြှင့်ပေးလိုက်သလိုပင်။ မိမိနှင့် တစ်ပုံစံတည်းတူသည့် အောင်မြင့်မြတ်က စဝ်ခွန်ပိုင်ကိုချစ်သဖြင့် မိမိခြေရင်းတွင် ပြန်လည်ဝပ်တွားလာသည်ကို အသုံးချရန် တမင် သလင်းကြေးမုံမှတစ်ဆင့် ဆက်သွယ်စေခဲ့သည်။

အောင်မြင့်မြတ်၏ ပင်ကိုပုံစံကို ခွာချပြထားသောကြောင့် စဝ်ခွန်ပိုင်က ယခင်လို မျက်ကန်းချစ်ဖြင့် လိုက်မလာနိုင်သည့်အပြင် သူ့နံဘေး တောင်သခင်ကိုယ်တိုင် စောင့်ကြပ်နေမှတော့ အောင်မြင့်မြတ် ဘယ်လိုမှခေါ်မရနိုင်သည်ကို သေချာပေါက်သိပြီးဖြစ်သည်။ ဒါကြောင့် သလင်းကြေးမုံနှင့်ဆက်သွယ်စဉ် အငြင်းခံရခြင်းက အောင်မြင့်မြတ်၏ မာနကြီးသောစိတ်၊ အချစ်ကြီးသောစိတ်ကို တိုက်ရိုက်ထိစေသည့်အပြင် အောင်မြင့်မြတ်၏ ဖုံးကွယ်ထားသော အရိုင်းစိတ်ကို နိုးကြားလာစေတော့သည်။ သူမပိုင်ဆိုင်ရလျှင် မည်သူမှမပိုင်ဆိုင်နိုင်အောင် ဖျက်ဆီးပစ်ချင်သည့် အောင်မြင့်မြတ်၏ စိတ်နေစိတ်ထားက မိမိရန်သူကိုသုတ်သင်ဖို့ လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

••••••••••••••••••••••••••••••

ထက်ခေါင်သည် ကွင်းပြင်တွင်လေ့ကျင့်နေသည့် နုနယ်ပျိုမြစ်သည့် ဆရာဝန်လူငယ်လေးကိုစိုက်ကြည့်ကာ ရင်ဝယ် ချစ်ခြင်းတို့ လှိုင်းလုံးကြီးပမာ တဝုန်းဝုန်းတိုးလာတော့သည်။ ဘဝပေါင်းများစွာပြောင်းသွားသည့်တိုင်၊ နှစ်ပေါင်းများစွာ ဝေးကွာသွားသည့်တိုင် မိမိနှလုံးသားကိုပိုင်ဆိုင်သော ဒီကောင်လေးအပေါ် ထားသည့်ချစ်ခြင်းက တစ်ရွေးသားမျှ လျော့ပါးမသွားခဲ့ပေ။

ပျူခေတ်မတိုင်ခင်ကတည်းက အဖျက်ကောင်နှောင့်သောကြောင့် ကွဲကွာသွားရသော မိမိနှလုံးသည်းပွတ်လေးကို ချစ်ခြင်းအပြည့်နှင့်ရှုစားနေစဉ် ဖြတ်ခနဲ သူက မိမိဘက်ကိုလှည့်လာသဖြင့် ထက်ခေါင် နဂိုမူလအေးစက်စက်နှင့် မာနကြီးသည့်အသွင်ကို ချက်ချင်းပြောင်းကာ လှမ်းမေးလိုက်သည်။

"လေ့ကျင့်ရတာ ဘယ်လိုလဲ.."

"အဆင်ပြေတယ်.. တစ်ယောက်တည်းလေ့ကျင့်ရတာ ပျင်းတယ်.. ခင်ဗျားပါ လာခဲ့လေ.."

ထက်ခေါင်၏ရင်ထဲ ပြည့်လာသောအပျော်များကို သိုဝှက်ကာ ခပ်တည်တည်နှင့် ကောင်လေးထံကိုလျှောက်လာပြီး အတူလေ့ကျင့်ရန် စတင်လိုက်သည်။

နှစ်ဦးသား လက်ချင်းဆုပ်ကိုင်ကာ စွမ်းအင်ကိုပူးပေါင်းစေပြီးနောက် ပြင်းထန်သည့်လေ့ကျင့်မှုတချို့ကို စတင်လိုက်သည်နှင့် တောင်ထွတ်ကိုဗဟိုပြုပြီး အင်အားကြီးသည့်စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်တောင်များထံ အရှိန်နှင့် ရိုက်ခတ်သွားတော့သည်။ အင်အားနည်းသည့် ပရလောကသားအားလုံး ထိုတောင်ထွတ်၏ ၁၀မိုင်ပတ်လည်သို့ ယောင်မှားလို့ပင် ဝင်မလာဝံ့အောင် နှစ်ယောက်သား၏ ပူးပေါင်းစွမ်းအင်က ပြင်းထန်လှသည်။ တစ်နေ့လုံး လေ့ကျင့်ပြီးနောက် ထက်ခေါင်က ခွန်ပိုင့်ကိုခေါ်ကာ ရေပူစမ်းကို လာခဲ့သည်။ နှစ်ဦးသား ရေပူစိမ်ပြီး အနားယူကြသည်။ လထွက်ချိန်ရောက်တော့ ထက်ခေါင်နှင့် ခွန်ပိုင်တို့နှစ်ဦးထံသို့ နန်းဆောင်မှ အထောက်တော်ရောက်ရှိလာပြီး သတင်းပို့သည်။

ထိုအခါမှ ထက်ခေါင်က ခွန်ပိုင်ဝတ်ရမည့်အဝတ်ကို ထုတ်ပေးလိုက်သည်။ ငွေဖြူရောင်ဝတ်ရုံရှည်ကြီးကိုကြည့်ပြီး ခွန်ပိုင် မင်သက်သွားသည်။

"ကျွန်တော် ဒါကြီးကို ဝတ်ရမှာလား.. ခေတ်အဝတ်အစား ဝတ်လို့မရဘူးလား.."

"မရဘူး.. ဒါက နန်းတက်ပွဲအခမ်းအနား.. မင်း ဒါဝတ်မှဖြစ်မယ်.."

"ခင်ဗျားရဲ့နန်းတက်ပွဲကို ဘာ့ကြောင့် ကျွန်တော်က ဝတ်ရမှာလဲ.."

"မင်းက ငါနဲ့ စွမ်းအင်ပေါင်းစည်းထားသူဖြစ်လို့ကွ.. ခဏလေးပဲ ဝတ်လိုက်စမ်းပါကွာ.."

ထက်ခေါင်က အမှန်ကိုမပြောဘဲ ဝေ့လည်ကြောင်ပတ်ဖြင့် ထိုအဝတ်ကိုဝတ်ရန်သာ တိုက်တွန်းလိုက်သည်။ ခွန်ပိုင်က နောက်ဆုံး ထက်ခေါင် မျက်မှောင်ကုတ်နေသည်ကိုတွေ့လို့ ဝတ်ရန် သဘောတူလိုက်သည်။ မိမိကြောင်လေး စိတ်ချမ်းသာအောင် ဝတ်ပေးလိုက်တော့မည်ဟုတွေးကာ အဝတ်ကို စတင်ချွတ်လိုက်တော့သည်။ ထက်ခေါင်သည် ပြေပြစ်သောကျောပြင်လေးကို တစိုက်မတ်မတ်ငေးကြည့်ပြီးမှ အကြည့်လွှဲကာ မိမိ၏ မဟူရာရောင်ဝတ်ရုံကို စတင်လဲလှယ်တော့သည်။

ထက်ကောင်းကင်တွင် လမင်း တဖြည်းဖြည်းမြင့်တက်လာသောအခါ နန်းဆောင်၏ခန်းမတွင် စောင့်မျှော်နေသူအားလုံး စိတ်လှုပ်ရှားလာကြသည်။ နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးမှ ဒုတိယတောင်သခင် ပြန်လည်ပေါ်ထွန်းလာသဖြင့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေစဉ် မီးတိုင်များ လေမတိုက်ဘဲ ယိမ်းနွဲ့လာပြီး အင်အားကြီးအရှိန်ဝါတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံလာတော့သည်။

ခန်းမဆောင်၏ထိပ် အရှင်နှစ်ပါးထိုင်မည့်ခုံရှေ့တွင် အဖြူရောင်နှင့်အနက်ရောင် အရိပ်နှစ်ခုကို တွေ့လိုက်သည်နှင့် ခန်းမဆောင်တစ်ခုလုံး သာယာသောတေးညည်းသံတစ်ခုကို ကြားလိုက်ရသည်။

ဇာမဏီငှက်၏ တေးသွား...။

အရှင်နှစ်ပါး ပြန်လည်နန်းဆက်ခံသည့် အထိမ်းအမှတ်ဖြင့် ကျောက်ဇာမဏီငှက်မှ တေးသီလိုက်ခြင်းဖြစ်သည်။

"တောင်သခင်နှစ်ပါးကို အရိုအသေပြုပါတယ်.."

အားလုံး မြေပေါ် ပျပ်ဝပ်ကန်တော့ကြစဉ် ပထမတောင်သခင်မှ လက်ယမ်းလိုက်သည်နှင့် အားလုံး ပြန်လည်ထူမတ်ပြီး ဖြစ်သွားသည်။

"လာ.. ထိုင်.."

ထက်ခေါင်သည် အရိုအသေပေးသူအားလုံးကို ထခိုင်းပြီးနောက် ခွန်ပိုင့်ကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ သာမာန်အပြုအမူလေးတစ်ခုဖြစ်သော်လည်း အေးစက်ကာ မာနကြီးလှသည့်တောင်သခင်ထံမှ ယခုလို ကြင်နာနွေးထွေးသည့်အပြုအမူကို တွေ့လိုက်ရတော့ နန်းဆောင်တစ်ခုလုံးမှ မှော်ပညာရှင်များ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဒုတိယတောင်သခင်ကို ပထမတောင်သခင် ဘယ်လောက်ချစ်မြတ်နိုးသည်ကိုတွေ့တော့ အားလုံး ဒူးမခိုင်တော့ဘဲ ချက်ချင်း ကြမ်းပေါ်ပျပ်ဝပ်ကာ ဒုတိယတောင်သခင်ကို အရိုအသေပေးကြပြန်တော့သည်။

"ဒုတိယတောင်သခင် ပြန်လာတာကို ကြိုဆိုပါတယ် အရှင်.."

ခွန်ပိုင်သည် ဒုတိယအကြိမ် အရိုအသေပေးနေကြသူများကိုကြည့်ကာ နားမလည်သဖြင့် ထက်ခေါင်ကို ကပ်မေးရသေးသည်။ မိမိကို ဘာကြောင့် ဒုတိယတောင်သခင်ဟုခေါ်သည်ကို နားမလည်ဖြစ်နေမိသည်။

"ခင်ဗျားရဲ့နန်းတက်ပွဲဆို.. ဘာကြောင့် ကျွန်တော့်ကို အရိုအသေပေးနေရတာလဲ.."

"မင်းက ဒုတိယသခင်ဖြစ်လို့ပေါ့.. သူတို့အရှင်သခင်ကို သူတို့ အရိုအသေပေးနေကြတာ.."

ခွန်ပိုင် မသင်္ကာဖြစ်လာပြီး ထက်ခေါင်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကိုပါ နန်းတင်နေတာတော့ မဟုတ်ပါဘူးနော်.. အဲ့လိုလုပ်လို့မရဘူးလို့ ပြောပြီးသား.. ကျွန်တော် အလုပ်ဝင်ရတော့မယ်.."

ထက်ခေါင်က နှုတ်ခမ်းဖျားများ ကော့ညွတ်သွားသည်ထိ ပြုံးကာ ခွန်ပိုင်၏ပုခုံးကို ပေါ့ပေါ့ပါးပါးပုတ်ပြီး ပြောလိုက်သည်။

"စိတ်အေးအေးထား.. မင်းပြောထားတာကို ငါ မမေ့ဘူး.. ဒီနန်းတက်ပွဲပြီးရင် ငါတို့ အိမ်ကိုပြန်ကြမယ်.. ပြီးရင်.. မင်းသွားတဲ့နေရာတိုင်း ငါ လိုက်နေမယ်.."

ထက်ခေါင်၏စကားများအပြင် အသက်ဝင်လှသည့်အပြုံးက ခွန်ပိုင်၏စိတ်ဝိညာဉ်တစ်ခုလုံးကို ဖမ်းစားလိုက်တော့သည်။ နန်းဆောင်တစ်ခုလုံးက အရှင်နှစ်ပါး တီးတိုးပြောနေသည်ကို ကြားသော်လည်း တုတ်တုတ်မျှ မလှုပ်ဝံ့ကြပေ။ ကြုံတောင့်ကြုံခဲ ပထမသခင်၏ ကြည်သာနေသော စိတ်အခြေအနေကို ဖျက်ဆီးမိမည်ကို သေမလိုကြောက်ရွံ့နေကြသည်။

ထက်ခေါင်သည် ခွန်ပိုင်၏မျက်နှာပေါ်က ကျေနပ်သည့်အရိပ်အယောင်ကိုတွေ့သော် စိတ်နှလုံးထဲ အပျော်တွေဖြင့် ပြည့်သွားသည်။ ထို့နောက် အေးစက်စက်ပုံဖြင့် တစ်ဖက်ကိုလှည့်ကာ အရိုအသေပေးသူအားလုံးကို တစ်ခွန်းတည်း အမိန့်ပေးလိုက်သည်။

"နန်းတက်ပွဲကို စတင်တော့.."

••••••••••••••••••••••••••••••

နန်းတက်ပွဲပြီးတော့ ခွန်ပိုင်နှင့်ထက်ခေါင် မနက်အာရုံတက်ချိန် ကျောက်မဲမြို့လေးရှိ အိမ်လေးဆီကို ပြန်လာခဲ့သည်။ ခြံထဲတွင် မတ်တပ်ရပ်မိစဉ် တစ်ဖက်ခြံမှ ဝမ်းသာအားရ အော်ခေါ်နှုတ်ဆက်သံကို ကြားလိုက်ရသည်။

"ခွန်ပိုင်.. ခွန်ပိုင်.. မင်းပြန်လာပြီလား.."

"အေး.."

ခွန်ပိုင်ပြန်ထူးလိုက်စဉ် စိုင်းထက်က သူ့အဖွားကို ဝမ်းသာအားရ လှမ်းပြောလိုက်သံကို ကြားလိုက်ရသည်။

"နိုင်နိုင်းရေ.. ခွန်ပိုင်ပြန်လာပြီ.. ကျွန်တော် ဟိုဘက်ခြံခဏသွားလိုက်ဦးမယ်.."

ထက်ခေါင်က သေမျိုးကောင်လေး ဒီဘက်ခြံကူးဝင်လာသည်ကို စိတ်မရှည်ဟန်လှမ်းကြည့်နေသဖြင့် ခွန်ပိုင်က သူ့ကို အိမ်ထဲဝင်နှင့်ခိုင်းသည်။

"အိမ်ထဲအရင်ဝင်ပြီး တံခါးတွေဖွင့်ထားပါဦးဗျာ.. ကျွန်တော် စိုင်းထက်နဲ့ စကားပြောဦးမယ်.."

ထက်ခေါင် မကျေနပ်ပေမယ့် ဘာမှမပြောဘဲ အထဲကိုဝင်လာခဲ့သည်။ လူသားတွေကြားလိုက်နေလျှင် ဒီလိုတွေကြုံရမည်ကို ကြိုတွေးထားသောကြောင့် ထက်ခေါင် လျစ်လျူရှုရန် ကြိုးစားလိုက်သည်။ ခွန်ပိုင်အလုပ်ဝင်လျှင် သူနှင့်အတူနေရင်း ကြုံလာမည့်အရာများကိုတွေးမိသော်လည်း မိမိအတွက် ခွန်ပိုင်နှင့်သာအတူနေရလျှင် ကျန်တာအရေးစိုက်ရန်မလိုသဖြင့် ထွေထွေထူးထူး ဘာမှကြုံမည်မဟုတ်ဟု တွေးနေစဉ် မိမိခံနိုင်အားကို စမ်းသပ်သည့်အသံကို ခြံရှေ့မှ ကြားလိုက်ရသည်။

"ပိုင်လေး.. မင်း ပြန်လာပြီလား.."

ထိုယောက်ျားသံကိုကြားသည်နှင့် ထက်ခေါင်၏ကိုယ်ထဲမှ သွေးတိုးနှုန်းမြန်ဆန်လာပြီး အိမ်ပြင်ကိုထွက်လာခဲ့သည်။

ခွန်ပိုင်သည် စိုင်းထက်မေးမြန်းနေသည်ကို အဆင်ပြေသလိုဖြေကြားနေစဉ် မထင်မှတ်ဘဲ ခြံရှေ့ ကားတစ်စီးထိုးဆိုက်လာပြီး လူနှစ်ယောက်ဆင်းကာ ခြံထဲဝင်လာသည်ကိုတွေ့တော့ စိုင်းထက်က လှမ်းပြောလိုက်သည်။

"မင်းကို လာလာရှာတဲ့အစ်ကိုပဲ.. မင်းပျောက်သွားတဲ့တစ်ပတ်အတွင်း နေ့တိုင်းလာရှာနေတာ.. ကဲ.. အေးဆေးစကားပြောဦး.. ငါ ဈေးလိုက်ပို့လိုက်ဦးမယ်.."

စိုင်းထက်က ခြံစည်းရိုးကျော်ကာ တစ်ဖက်ခြံကိုပြန်သွားတော့ ခွန်ပိုင် ခြံထဲကိုဝင်လာသည့်အစ်ကို့ကို လှမ်းကြည့်ကာ နှုတ်ဆက်လိုက်သည်။

"မောနင်း အစ်ကို.."

"ပိုင်လေး.. မင်း ဘာမှမဖြစ်ဘူးမဟုတ်လား.. အစ်ကို မင်းကို စိုးရိမ်လိုက်ရတာ.."

အောင်မြင့်မြတ်သည် ပိုင်လေးကိုမေးမြန်းရင်း စိတ်မထိန်းနိုင်ဘဲ ရုတ်တရက်ဆွဲပွေ့လိုက်စဉ် အိမ်ထဲမှလူတစ်ဦးထွက်လာပြီး ပြင်းထန်သောအရှိန်နှင့် မိမိတို့နှစ်ယောက်ကို ဆွဲဖယ်လိုက်သဖြင့် ကွဲကွာသွားတော့သည်။

"မင်း ဘာအကြံနဲ့ လာတာလဲ.."

ထက်ခေါင်က အောင်မြင့်မြတ်ရှေ့တွင်ဝင်ရပ်ကာ အေးစက်စွာမေးလိုက်သည်။

သူ့ကိုယ်မှ ခက်ထန်သည့် လူသတ်လိုရိပ်ကို ခံစားမိသဖြင့် ခွန်ပိုင် သူ့လက်မောင်းကိုလှမ်းဆွဲကာ ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး.. ကျွန်တော် အစ်ကိုနဲ့ ခဏစကားပြောရုံပါ.. စိတ်မပူပါနဲ့.."

ခွန်ပိုင်က ထက်ခေါင်၏လက်မောင်းကို လှမ်းဆုပ်ကိုင်ပြီး ထိုသို့ပြောလိုက်သည့်မြင်ကွင်းကိုကြည့်ပြီး အောင်မြင့်မြတ်၏မျက်ဝန်းထဲ မှောင်မိုက်သွားတော့သည်။ ထက်ခေါင်သည် မကောင်းဆိုးဝါးအရိပ်ငွေ့တို့ တထောင်းထောင်းထနေသည့် အောင်မြင့်မြတ်ကို စူးရှစွာတစ်ချက်စိုက်ကြည့်ကာ တစ်ခွန်းတည်းပြောလိုက်သည်။

"ဒီကောင့်ကို သတိထား.. သူ မင်းကို သတ်ချင်နေတယ်.."

--------------------------------------------------------

 

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??