အသက်ဝင်နေတဲ့အိမ်ကလေး အပိုင်း(19)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့အိမ်ကလေး

အပိုင်း(19)

 

"ခင်ဗျား.. ပါးစပ်သရမ်းလှချည်လား.."

 

စ၀်ခွန်ပိုင် သူ့ကို ဒေါသနှင့်ပြောကာထရပ်လိုက်သဖြင့် အောင်မြင့်မြတ် ကပျာကယာလက်ကာပြီး ပြောလိုက်သည်။ မိမိချစ်သောချာတိတ်လေးကလူဖြောင့်စိတ်တိုဆိုတော့ တော်ကြာ လမ်းဘေးအိပ်နေရမည်။ ဒါကြောင့် ပါးစပ်ဘရိတ်အုပ်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

 

"ကိုယ်မစတော့ဘူး။ ဒါနဲ့.. ပိုင်လေးက ဘယ်လိုလုပ်ပြီး ဒီကြောင်နတ်နဲ့ မိတ်ဆွေဖြစ်နေတာလဲ.."

 

"ဘာပြောတယ်..ငါက ကြောင်နတ်မဟုတ်ဘူး.. တောင်စောင့်နတ်ကွ.."

 

အောင်မြင့်မြတ်စကားကိုကြားသော် ညောင်ညောင်ဆရာကကိုယ်ကိုခုံးပြီး ပြောလိုက်သဖြင့် ခွန်ပိုင်က အကို့ကို ကုတ်မည်စိုးသဖြင့် ညောင်ညောင်ဆရာကိုပွေ့ကာဖြေလိုက်သည်။

 

"ခင်ဗျားတောင်သရဲနှင်အဖွဲ့သား ဖြစ်နေသေးတာပဲ.. ကျွန်တော်က တောင်စောင့်နတ်နဲ့ မိတ်ဆွေဖြစ်တာ ဘာထူးဆန်းလို့လဲ..လောကကြီးက မထင်တာတွေ အမြဲဖြစ်နေကျပဲမဟုတ်လား.."

 

ခွန်ပိုင် ပြောပြီး အပေါ်ထပ်ကိုပြန်တက်ပြီးသူ့အတွက် အိမ်ခန်းကိုပြင်ဆင်ပေးလိုက်သည်။ ခွန်ပိုင် ပြန်ဆင်းလာတော့ သူက ရေချိုးခန်းထဲကပင်ထွက်လာလေပြီ။

 

"၀ိုး...ရေချိုးလို့ကောင်းလိုက်တာ... အေးစိမ့်နေတာပဲ.."

 

ညမှောင်စပျိုးချိန် ရေအေးချိုးနေသည့်အစ်ကို့ကိုမျက်မှောင်တွန့်ကြည့်ကာ မနေနိုင်စွာရေရွတ်လိုက်မိသည်။

 

"ညမိုးချုပ်ရေချိုးတာဖျားချင်ပြီထင်တယ်.."

 

"ဖျားတော့ပိုင်လေး ကုပေးပေါ့.."

 

"မကုပေးဘူး..သေအောင်ပစ်ထားမှာ.."

 

အောင်မြင့်မြတ်သည် ရေစိုနေသည့်ဆံပင်ကိုတဘက်နှင့်သုတ်ရင်း စ၀်ခွန်ပိုင်၏ဆံပင်များကိုထိုးဖွကာ ပြောလိုက်သည်။

 

"ညမိုးချုပ်ရေချိုးရုံနဲ့မသေပါဘူးကွာ.. ကိုယ်က တောင်ကြီးသားပါ။ ဒီလောက်အအေးကတော့ အပျော့ပဲ.. ဒါနဲ့ ပိုင်လေး..ကိုယ်ဖျားမှာ စိုးရိမ်နေတာမလား.."

 

"ဝေးသေးဗျာ.."

 

စ၀်ခွန်ပိုင်သည် အကို့ရှေ့တွင် ဘယ်တော့မှဟန်မဆောင်နိုင်ခဲ့ပေ။ ယခုလည်း မထင်မှတ်ဘဲရောက်လာပြီး ၀ူးဝူးဝါးဝါးနှင့် ဟိုရက်ကစကားများပြီးထွက်ခဲ့တာ သူမဟုတ်သလို ရယ်ကာမောကာ စနောက်နေသည်။ သူ့ကို ဘယ်လောက် စိတ်ဆိုးသော်လည်း သူ့စကားသံကိုကြားလိုက်သည်နှင့်တကိုယ်လုံး အကို့ကိုချစ်သည့်စိတ်တို့နှင့် တကိုယ်လုံးရှိန်းဖိန်းသွားသောကိုယ့်အဖြစ်ကိုမနည်းဟန်ဆောင်ထားရသည်။

 

ဒါပေမယ့် ထိန်းထားသည့်ကြားက အကို့ကိုစိုးရိမ်ကြောင်းနှုတ်က လွှတ်ခနဲထွက်သွားရပြန်သဖြင့် ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်လိုက်ချင်တော့သည်။

 

စ၀်ခွန်ပိုင်သည် မီးဖိုထဲသွားပြီး မနက်ကချက်ပြုတ်ထားသည်ကို ပြန်နွှေးပြီး စွမ်တန်ဟင်းရည်တစ်ခွက်ကို ချက်လိုက်သည်။ အရွက်တစ်မျိုးကိုကြော်ပြီးသည်နှင့်ထမင်းလည်း ကျက်သွားလေပြီ။

 

"ကိုယ်ဘာကူပေးရမလဲ.."

 

"အားလုံးပြီးပြီ.."

 

စ၀်ခွန်ပိုင်သည် ကြက်သားပြုတ်ကြော်၊ မုန်ညှင်းဖြူကြော်၊စွမ်တန်ဟင်းရည်နှင့် ဆီတို့ဖူးကို ထမင်းစားပွဲတွင် ပြင်ဆင်ပြီးနောက် ထမင်းပူပူနွေးနွေးကိုခူးလိုက်သည်။ ပြီးတော့ မုန်ညှင်းပွင့်ခြောက်ကိုကင်ထားပြီး ရေနွေးဖြူလောင်းကာ သောက်စရာ'ယယု'ဟုခေါ်သည့် မုန်ညှင်းပွင့်ရည်ကို ပြင်ဆင်လိုက်သည်။

 

အ၀ါကြည်ကြည်အရည်ကို အနံ့ခံပြီး အောင်မြင့်မြတ်နှစ်ခြိုက်စွာ တကျိုက်သောက်ပြီး ကျေနပ်စွာညည်းလိုက်သည်။

 

"အား..အရသာရှိလိုက်တဲ့ 'ယယု' ၊ တော်လိုက်တဲ့ချစ်သူလေး.."

 

အောင်မြင့်မြတ်၏စကားကြောင့် စ၀်ခွန်ပိုင်သူ့ကို အကြည့်တစ်ချက်ပို့လိုက်သဖြင့် သူက နှုတ်ခမ်းကို ဇစ်ပိတ်ဟန်လုပ်ကာ ထမင်းသာငုံ့စားလိုက်သည်။စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာအတွက် ငါးကြော်နှင့်ထမင်းကို ပန်းကန်ပြားနှင့်ထည့်ကာစားပွဲပေါ်တင်ပေးလိုက်သည်။ အောင်မြင့်မြတ်က ချစ်သူလေးနှင့် တူနှစ်ကိုယ် ချစ်ကြည်နူးကာညစာစားရန်ပြင်သော်လည်း တောင်စောင့်နတ် ကြောင်ဝတုတ်က ကန့်လန့်ကန့်လန့်ဖြစ်နေသဖြင့် မကျေမနပ်စိုက်ကြည့်သော်လည်းညောင်ညောင်ဆရာက အဖက်မလုပ်ဘဲ ငါးကြော်ကိုသာ အားပါးတရငုံ့လွေးနေတော့သည်။

 

"နေဦး..အခွင့်အရေးရရင် ဒီဝတုတ်ဖင်ကို ရအောင်ကို ပိတ်ကန်ဦးမယ်.."

 

အောင်မြင့်မြတ် တစ်ယောက်တည်းကြိတ်ကာ ကြုံးဝါးနေတော့သည်။ညစာစားပြီးနောက် အောင်မြင့်မြတ်က စ၀်ခွန်ပိုင်တားသည့်ကြားက အတင်းကူသိမ်းပြီး ပန်းကန်များကိုဆေးကြောပေးသည်။

 

"မင်းကကိုယ့်ကိုချက်ကျွေးထားပြီး ဆေးကြောတာ ကိုယ်တာဝန်ယူမယ်.. မောင်တထမ်း မယ်တရွက် ဆိုတာမျိုးပေါ့.."

 

စ၀်ခွန်ပိုင်သည် ခါတိုင်းနှင့်မတူ ရယ်ရယ်မောမောစစနောက်နောက်ရှိသည့် အကို့ကို ငေးစိုက်ကာ တိတ်တဆိတ် အကဲခတ်နေသည်။ မသိလျှင် ရုပ်ခြင်းတူသည့်လူကအယောင်ဆောင်နေသည်ဟု ထင်ချင်စရာပင်။ ဒါပေမယ့် အကို မိမိကိုကြည့်သည့်အကြည့်ထဲတွင် လေးနက်သည့်အချစ်များကအရင်အတိုင်း မပြောင်းလဲနေသဖြင့် အစ်ကိုဆိုတာကို ခွန်ပိုင် ယုံကြည်နေခြင်းဖြစ်သည်။

 

"ကိုယ့်ကိုအတုထင်လို့လားကွ.. ကိုယ်က အစစ်ပါ။ မယုံရင် ကိုင်ကြည့်..."

 

စ၀်ခွန်ပိုင်သည် ပြောင်ပြောင်နောက်နောက်ပြောနေသောသူ့ကို ထားရစ်ပြီး ဧည့်ခန်းဘက်ကို ထွက်လာတော့သည်။ အောင်မြင့်မြတ်သည် ကျောခိုင်းထွက်သွားသောကောင်လေး၏နောက်ကျောပြင်ကို တစ်ချက်ငေးကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်တော့သည်။

 

•••••••••••••••••••••••••

 

အမှောင်သည် တဖြည်းဖြည်း ရင့်လာလေပြီ။လတခြမ်းပဲ့၏အလင်းက သစ်ပင်ရိပ်အောက်မှလူကို မြင်အောင် အလင်းကောင်းကောင်း မပေးနိုင်ခဲ့ပါ။ခဲသားနက်ရောင်ကောင်းကင်တွင် လတခြမ်းကွေးလေးက ကြယ်လေးများကိုအဖော်ပြုပြီး ငြိမ်သက်စွာကုပ်ကုပ်လေးဖြင့် အမှောင်ရိပ်ထဲမှ အကြံအစည်ကြီးမားသည့်လူသားကို ချောင်းကြည့်နေသည်။

 

ဘုန်းထက်ရှိန်သည် ပြန်လာပြီး အစီရင်ခံသည့်မိမိတပည့်၏စကားကိုကြားသော် နှုတ်ခမ်းတွန့်ခနဲ ဖြစ်သွားသည်။

 

"မင်းရောက်လာပြီကိုး..ပွဲကြီးပွဲကောင်းတွေ့ကြသေးတာပေါ့.. ငါ့လမ်းကို လာပိတ်ရဲရအောင် မင်းရဲ့ပညာက ဘယ်လောက်ရင့်နေလို့လဲ.."

 

ဘုန်းထက်ရှိန်သည် မိမိအင်္ကျီအိတ်ထဲမှ အထူးစီရင်ထားသောအင်းစာရွက်ကိုယူကာ နှုတ်ခမ်းနားကပ်ပြီး တီးတိုးရွတ်ဆိုပြီးနောက် ခြံဘက်ကိုလွှတ်လိုက်သည်။ဘုန်းထက်ရှိန်၏လက်မှ လွတ်သည်နှင့် စက္ကူစာရွက်က အနက်ရောင်ငှက်ကြီးအသွင်ဖြစ်ပြီး ခြံပေါ်ကိုဝဲပျံပြီးအထက်စီးမှ အကဲခတ်နေတော့သည်။ ထိုငှက်က အောင်မြင့်မြတ်ချထားသည့်အစီရင်ကို အပေါ်စီးမှ ကောင်းကောင်းမြင်နိုင်ပြီးဘုန်းထက်ရှိန်ကို သတင်းပို့နေသည်။ အင်းအစီရင်ကြောင့် ငှက်မျက်လုံးကမြင်သမျှ ဘုန်းထက်ရှိန်ကအားလုံးတွေ့နေနိုင်သည်။

"မင်းကဒီခြံကို ဒီလောက်စေ့စပ်တဲ့အစီရင်ကို ချထားတယ်ဆိုတော့ မင်းအတွက် ဒီထဲကလူက အရေးကြီးတယ်ဆိုတဲ့သဘောပေါ့..ဒါက မင်းရဲ့အားနည်းချက်ပဲပေါ့.. ဟား.. ဟား.."

 

ဘုန်းထက်ရှိန်သည် ခံပြင်းစွာရယ်မောပြီးနောက်လှည့်ထွက်သွားတော့သည်။ အဖွဲ့ထဲတွင် အခြေကြီးပြီး တင်းမာသည့် အောင်မြင့်မြတ်၏အားနည်းချက်ကိုတွေ့ပြီဖြစ်လို့ မိမိကိုယ်တိုင် လာရကြိုးနပ်နေပြီ။

 

ဘုန်းထက်ရှိန်သည် သစ်ပင်များကြား ငြိမ်သက်စွာတည်ရှိနေသည့်အိမ်ကြီးကို တစ်ချက်ကြည့်ကာ ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ သက်တောင့်သက်သာပုံဖြင့်လှည့်ထွက်လာခဲ့သည်။ သူ၏ဟန်သည် အေးတိအေးစက်နှင့် အန္တရာယ်ကြီးသောအရိပ်ငွေ့ကို ထုတ်လွှတ်လို့နေသည်။လမ်းထိပ်သို့ရောက်သည်နှင့် ကားအကောင်းစားတစ်စင်း ထိုးဆိုက်လာပြီး ဘုန်းထက်ရှိန် ကားထဲဝင်ကာအမိန့်ပေးလိုက်သည်။

 

"စံအိမ်တော်ကိုပြန်မယ်.."

 

"မနက်ဖြန်အစည်းဝေးက မနက် ရှစ်နာရီစမှာပါ သခင်လေး.."

 

ဆံပင်များဖြူနေသည့် အမျိုးသမီးကြီးက ဘုန်းထက်ရှိန်ကားပေါ်ကဆင်းလာစဉ်ဦးညွှတ်ကာ အကြောင်းကြားလိုက်သည်။

 

"အစည်းဝေးတက်မယ့်လူအားလုံးစုံပြီလား.."

 

"စုံပါပြီသခင်လေး.. ဂိုဏ်းခွဲမှူးလေးဦးရောက်ရှိကြောင်း သတင်းပို့ပါတယ်။ ဂိုဏ်းခွဲမှူးအောင်ကသတင်းမပို့သေးပါဘူး.. သူ့ကို ဖုန်းဆက်လိုက်ရမလား သခင်လေး.."

 

"မလိုတော့ဘူး..သူရောက်နေပြီ.."

 

ဘုန်းထက်ရှိန် လေသံပြတ်ပြတ်ပြောပြီး စံအိမ်တော်ထဲဝင်သွားတော့သည်။စံအိမ်တော်တည်ရှိသည့် ခြံဝင်းထဲတွင် ပရလောကအစောင့်တို့ ထူထပ်စွာစောင့်လို့နေသည်ကိုသာမန်လူတို့ ဘယ်လိုမှမြင်နိုင်မည်မဟုတ်ပေ။

 

ဘုန်းထက်ရှိန်သည် အိမ်ဧည့်ခန်းတွင် ချိတ်ဆွဲထားသည့်မိမိတို့မျိုးရိုးစဉ်ဆက် အကြီးကဲများပုံရှေ့တွင်ရပ်ကာ ဦးညွတ်အရိုသေပေးပြီးနောက် မိမိဖခင်၏ပန်းချီကားရှေ့တွင် တိုင်တည်လိုက်သည်။

 

"ခမည်းတော်..သားတော်ရှင်းရမယ့်ရန်သူကို တွေ့ပါပြီ.. ဘေးတော်ကြီးရဲ့ ချစ်ရန်ကြွေးကို သားတော် လက်စသတ်နိုင်တော့မှာပါခမည်းတော်ဘုရား.."

 

ပန်းချီကားထဲမှလူက မာန်မာနကြီးသည့်မျက်ဝန်းဖြင့်ဘုန်းထက်ရှိန်ကို စိုက်ကြည့်နေသည်။

 

•••••••••••••••••••••••••••

 

အောင်မြင့်မြတ်သည် ဆေးကြောပြီးနောက် စီးကရက်ဘူးကိုဆွဲကာအပြင်ကိုထွက်လာစဉ် မိမိ၏အစောင့်ရှောက်နှစ်ဦးကို ခြံကိုပတ်ပြီး လုံခြုံရေးစစ်ဆေးစေလိုက်သည်။ထိုစဉ် ညောင်ညောင်ဆရာနှင့် စ၀်ခွန်ပိုင် အပြင်ကိုထွက်လာသဖြင့် လှမ်းပြောလိုက်သည်။

 

"အတော်ပဲ..ကိုယ်တစ်ယောက်တည်း ပျင်းနေတာနဲ့..."

 

"ခင်ဗျားနားကိုအဖော်ပြုပေးဖို့ လာတာမဟုတ်ဘူး.."

 

စ၀်ခွန်ပိုင် သူ့ကိုပြောပြီး ညောင်ညောင်ဆရာပြေးထွက်သည့်နောက်ကို လိုက်ခဲ့သည်။ ညောင်ညောင်ဆရာက ခြံအနောက်ဘက်တနေရာကို ဦးတည်ပြေးခဲ့သည်။စ၀်ခွန်ပိုင် ထိုနေရာကိုရောက်သော် ငှက်မလေးတစ်ကောင်၏အော်သံကို ကြားလိုက်ရသဖြင့် ကောင်းကင်ပေါ်မော့ကြည့်လိုက်စဉ်အနက်ရောင်ငှက်မည်းကြီးက ငှက်ဖြူတစ်ကောင်ကို ရက်ရက်စက်စက် ထိုးသုတ်နေသည်ကို တွေ့လိုက်ရသည်။ငှက်မည်းက ပုံမှန်ငှက်ဖြစ်မည့်ပုံမဟုတ်။ အနက်ရောင်အခိုးငွေ့က ငှက်ကိုယ်လုံးကို လွှမ်းခြုံထားပြီးမျက်လုံးက ရဲရဲနီနေသည်။

 

"ဝေါင်း..."

 

ညောင်ညောင်ဆရာက ထိုငှက်မည်းကိုတွေ့သည်နှင့်ဒေါသတကြီး ဟိန်းဟောက်ကာ ၀ံပုလွေအသွင်ပြောင်းပြီး ကောင်းကင်ပေါ် ခုန်တက်သွားတော့သည်။ငှက်မည်းသည် မြေပြင်မှပျံတက်လာသည့် ၀ံပုလွေကိုတွေ့သော် ထွက်ပြေးရန်ကြံသော်လည်း မြန်ဆန်လှသည့်ညောင်ညောင်ဆရာ၏ပါးစပ်တွင်းသို့ ကျရောက်သွားတော့သည်။

 

ငှက်မလေးက ငှက်မည်း၏ရန် ကင်းသွားမှ ဟိုးအဝေးတောတန်းဘက်ကိုပျံသန်းထွက်ခွာသွားတော့သည်။ ညောင်ညောင်ဆရာက မြေပြင်ပေါ်ဆင်းသက်လာပြီးနောက် ကြောင်အသွင်ပြောင်းလိုက်သည်။စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏ပါးစပ်ထဲမှ အင်းစာရွက်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားစဉ်မိမိဘေးမှအစ်ကိုက ထိုအင်းစာရွက်ကိုဖြတ်ခနဲဆွဲယူကာ စစ်ဆေးကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

 

"ဒါသရဲနှင်အဖွဲ့ထဲက လက်ရာပဲ.. ညနေကတွေ့တဲ့ကောင်ပဲ ဖြစ်နိုင်တယ်.."

 

ညောင်ညောင်ဆရာက စ၀်ခွန်ပိုင်ကို ပြောလိုက်သံကိုကြားသော်အောင်မြင့်မြတ်၏မျက်လုံးက အေးစက်သွားခဲ့သည်။

 

"ညနေကလူကဘယ်လိုပုံစံလဲ.."

 

"ပုခုံးထိအောင်ဆံပင်ရှည်ပြီး မျက်နှာတခြမ်းကိုဖုံးထားတယ်.. အရပ်မြင့်မြင့်၊ အသားကဖြူစွတ်နေတယ်.."

 

အောင်မြင့်မြတ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။

 

"ဘာဖြစ်လို့လဲ..  အကို အဲ့ဒီလူကို သိလို့လား.."

 

အောင်မြင့်မြတ် ဘယ်လိုမှပြန်မဖြေခင် ညောင်ညောင်ဆရာကနှာမှုတ်သံဖြင့် ပြောလိုက်သည်။

 

"ဟွန်း...သူတို့က တဖွဲ့တည်းပဲ။ မသိဘဲနေမလား.."

 

စ၀်ခွန်ပိုင်သည် အကို့ထံမှအဖြေကို မစောင့်တော့ဘဲညောင်ညောင်ဆရာကိုခေါ်ကာ အိမ်ဘက်ကို လှည့်ထွက်လာတော့သည်။ အောင်မြင့်မြတ်သည် စ၀်ခွန်ပိုင်နောက်ကိုလိုက်မသွားဘဲ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ခေါ်လိုက်သည်။

 

"ကျွန်တော်ရှိတဲ့နေရာကိုခင်ဗျား ဘာသဘောနဲ့ ငှက်မည်းကို လွှတ်လိုက်တာလဲ.."

 

"မင်းဘယ်ရောက်နေတယ်ဆိုတာ ငါ ဘယ်လိုသိနိုင်မှာလဲ.."

 

"ခင်ဗျားမလိမ်နဲ့.. ကျွန်တော် ဒီမြို့ကိုရောက်နေတယ်ဆိုတာ ခင်ဗျားသိပြီးသားမဟုတ်လား.. ဒီနယ်ကခင်ဗျားရဲ့နယ်ပဲ.."

 

တဖက်က တိုးတိုးညှင်းညှင်းရယ်ကာ ခပ်ပေါ့ပေါ့ဖြေလိုက်သည်။

 

"ငါ့နယ်ဆိုတာမင်းသိသေးတာပဲ။ ဒါဆို မင်းဒီကိုရောက်လျက်နဲ့ ဘာကြောင့် ငါ့ဆီကို တန်းမလာရတာလဲ.."

 

"မလာချင်လို့မလာတာ.. ခင်ဗျားကို ကျွန်တော် သတိပေးလိုက်မယ်။ ကျွန်တော့်ကောင်လေးကို ခင်ဗျား လက်ဖျားနဲ့တောင်ထိဖို့မကြံနဲ့... မဟုတ်ရင်..."

 

"မဟုတ်ရင်ဘာဖြစ်မယ်တဲ့လဲ.."

 

ဖုန်းရဲ့တဖက်မှလူ၏ ပမာမခန့်ဖြေကြားပုံကိုကြားသော်အောင်မြင့်မြတ် တောက်ခေါက်ချင်စိတ်ကို မနည်းအောင့်အီးကာ အေးစက်စက်ပြောလိုက်သည်။

 

"ကျွန်တော့်ချစ်သူကိုထိတဲ့သူကိုခွင့်မလွှတ်ဘူး..."

 

"မင်းခွင့်မလွှတ်လဲ ဂရုမစိုက်ဘူး။ မင်း အစွမ်းရှိသလောက် ကာကွယ်ထားပေတော့..."

 

ဘုန်းထက်ရှိန် ဖြေပြီး ဖုန်းချပြီးနောက်သဘောကျစွာရယ်မောကာ မိမိကိုယ်မှအ၀တ်များကို ချွတ်ချပြီး ရေချိုးကန်ကြီးထဲကိုဆင်းကာ ရေစိမ်ရင်းအနားယူလိုက်တော့သည်။ မျက်လုံးမှိတ်ထားသော်လည်း ဘုန်းထက်ရှိန်၏စိတ်အာရုံထဲဝယ် အောင်မြင့်မြတ်၏မျက်နှာကပီပီပြင်ပြင် ပေါ်လာခဲ့သည်။

--------------------------------

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??