အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (8)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (8)

“မင်းရဲ့အိမ်ထဲမှာ မကျွတ်မလွတ်တဲ့သူတွေ များလှချည်လား….အမ်… မိသားစုက နှစ်စု၊ ပြီးတော့ အဖွားကြီးက တစ်ယောက်…။ မင်းရဲ့ကြောင်ကို ပူးနေတဲ့ ကောင်မလေးက တစ်ယောက်…”

ညောင်ညောင်ဆရာသည် အိမ်ပေါ်ကို တချက်ဝေ့ကြည့်ကာ ပြောလိုက်တော့ စ၀်ခွန်ပိုင် ခေါင်းကြီးသွားခဲ့သည်။ ပရလောကသားများကို မိမိမြင်ရသည်ဆိုသော်လည်း ဒီအိမ်မှာ ရှိနေသည့် ၀ိဥာဉ်များကို မိမိဘာကြောင့်မမြင်ရတာလဲ။

“ကျွန်တော် ဘာကြောင့်မမြင်ရတာလဲ။ သူတို့က အင်အားပိုကြီးလို့လား….”

“မဟုတ်ဘူး။ သူတို့က ဒီအိမ်ရဲ အစိတ်အပိုင်းတွေဖြစ်နေလို့။ မင်းရဲ့အဖွား စောမေသီရိက ဒီအိမ်ကိုဆောက်တော့ အိမ်ဟောင်းတကာက ရှေးဟောင်းလက်ရာမြောက်တာတွေကို တကူးတကစုဆောင်းပြီး ပြန်သုံးခဲ့တယ်။ အဲ့အစိတ်ပိုင်းတွေရဲက ပိုင်ရှင်တွေရဲ့ဝိဥာဉ်က တွယ်ကပ်နေတဲ့ဟာတွေဖြစ်တော့ သူတို့က ဒီအိမ်နဲ့တသားတည်းဖြစ်သွားပြီး မင်းကို မမြင်စေချင်ရင် မင်းမတွေ့အောင် ပုန်းနေနိုင်တာပေါ့…. အင်း… ကြည့်ရတာ… သူတို့က ဆိုးဝါးတဲ့သူတွေ မဟုတ်ကြပါဘူး… စိတ်ပူစရာက ခြံထဲက ကြောင်မှာပူးနေတဲ့ ကောင်မလေး…”

မိမိနှင့်ရေစက်လာဆုံပြီး နှင်ထုတ်သော်လည်း မသွားပဲ အတူနေသည့် တောင်စောင့်ဝံပုလွေ နတ်က အစွမ်းထက်မြက်ပုံရသဖြင့် တော်သေးသည်ဟု တွေးကာ စ၀်ခွန်ပိုင် သက်ပြင်းရှိုက်မိသည်။

“သူတို့ကို ကျွတ်အောင်လုပ်ပေးလို့မရဘူးလား….”

ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်ကို မျက်လုံးမှေးကြည့်ပြီး စူးစမ်းဟန်ဖြင့်မေးခဲ့သည်။

“မင်းက ဘာကြောင့် ၀ိဥာဉ်တွေကို ကူညီချင်တာလဲ။ အဲ့လိုလုပ်လို့ မင်း ဘာအကျိုးရှိမှာမို့လဲ….”

“သူတို့က သေသွားပြီးပြီပဲ။ ဒီနေရာမှာ သူတို့တွယ်ကပ်နေတယ်ဆိုတာ တခုခု မပြီးဆုံးတဲ့အလုပ်ရှိနေလို့မဟုတ်လား။ သူတို့စိတ်မဖြောင့်တာကို ကူညီပေးရင် သူတို့စိတ်အေးသွားပြီး ကျွတ်လွတ်သွားစေချင်လို့ပါ…

“မင်း အဲ့လိုလုပ်လို့ သူတို့ဝမ်းသာမယ်ထင်နေလို့လား။ ၀ိဥာဉ်တိုင်းက ကျွတ်လွတ်ချင်တယ် ထင်လို့လား…”

“မကျွတ်ချင်ကြဘူးလား။ ကျွန်တော်သာဆိုရင် မသေမချာ၊ ကိုယ်နဲ့မသက်ဆိုင်တဲ့နေရာမှာ မျက်နှာငယ်လေးနဲ့တွယ်ကပ်ပြီး မနေချင်ဘူး။ ကိုယ်နဲ့ဆိုင်တဲ့နေရာမှာ အေးအေးချမ်းချမ်းပဲနေချင်တယ်။”

“၀ိဥာဉ်တိုင်းက မင်းလိုတွေးတာ မဟုတ်ဘူး ခွန်ပိုင်…သူတို့ ဒီနေရာက မခွဲချင်တာ သူတို့အကြောင်းပြချက် ခိုင်လုံတာလည်းဖြစ်နိုင်တယ်လေ… ကိုယ့်အတွက် မှန်တဲ့အရာက သူတပါးအတွက် မှန်ချင်မှ မှန်မယ် မဟုတ်လား…”

ညောင်ညောင်ဆရာ ပြောခဲ့သည်ကိုကြားသော် စ၀်ခွန်ပိုင် ငိုင်သွားမိသည်။ ဖွားဖွားလည်း သူမှန်တယ်ထင်လို့ ၀ိဥာဉ်တွေရဲ့ နာမည်ကို သိမ်းဆည်းခဲ့ပေမယ့် မိမိက ပြန်ပေးသင့်တယ် ထင်နေသေးသည်။

“ငါ ဗိုက်ဆာပြီ။ ညစာ စားကြရအောင်…”

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏ စကားကြောင့် သတိရကာ မေးလိုက်သည်။

“ခင်ဗျား ကြောင်စာ စားတတ်တယ်မလား။ ကျွန်တော့် ကြောင်မလေးအတွက် ၀ယ်ထားတဲ့ကြောင်စာတွေရှိတယ်…”

“ငါက မင်းစားသလိုစားမှာ… အဲ့ အနံ့ပဲထည့်ထားပြီး အရသာမရှိတဲ့ဟာတွေ ငါ မစားနိုင်ဘူး…. အင်း… မင်း ကနေ့ ကြက်သားကြော်ထားတယ် မလား။ ထမင်းနဲ့ကြက်သားကြော်စားမယ်ကွာ…. ”

ညောင်ညောင်ဆရာက ပြောပြီး အခန်းထဲမှ အမြီးယမ်းကာထွက်သွားတော့သည်။ စ၀်ခွန်ပိုင်ကခေါင်းယမ်းကာ နောက်မှ လိုက်ခဲ့သည်။ မိမိလုပ်မည့် အလုပ်အတွက် ဒီတောင်စောင့်နတ်အကူညီယူရမည်ဖြစ်သောကြောင့် သူ့ကိုလက်ခံမှဖြစ်မည်ကို သိလိုက်သည်။ ဒါကြောင့် ထမင်းစားပွဲတွင် ပန်းကန်ပြားတစ်ချက်ထဲ ထမင်းနှင့်ကြက်ကြော်ထည့်ပေးပြိးသူ့ရှေ့ ချပေး လိုက်သည်။ သူက ကုလားထိုင်ပေါ်တက်ကာ စားပွဲပေါ်ရှေ့လက်နှစ်ချောင်းတင်ပြီး ပန်းကန်ထဲမှ ထမင်းနှင့်ကြက်ကြော် ကို မြိန်ယှက်စွာစားတော့သည်။ ညောင်ညောင်ဆရာနှင့်အတူတူစားရင်း စ၀်ခွန်ပိုင်၏ အထီးကျန်စိတ် အနည်းငယ်လျော့သွား သလိုခံစားလိုက်ရသည်။

“ခင်ဗျား ဘယ်မှာအိပ်မလဲ….”

“မင်းနဲ့တခန်းတည်းအိပ်မယ်… မင်းဆီက စာအုပ်ကို ဟိုကောင်တွေလာလုရင် ငါကာကွယ်ပေးနိုင်အောင်လို့….”

ထို့ကြောင့် ညောင်ညောင်ဆရာအတွက် အိပ်ယာပြင်ပေးလိုက်ပြီး စ၀်ခွန်ပိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည်။

“ဒုန်း…ဒုန်း….”

အိမ်ထဲ ပြေးလွားနေသည့် အသံကြောင့် စ၀်ခွန်ပိုင်နှိုးလာခဲ့သည်။ ညောင်ညောင်ဆရာ ပြတင်းပေါက်မှ အပြင်ကို ခုန်ထွက်သွားခဲ့သည်။ စ၀်ခွန်ပိုင်လည်း စိတ်ပူပြီး အပြင်ကိုထွက်လာတော့ အဖြူရောင်သရဲမက လက်ကိုဆန့်တန်းကာ လည်ပင်းညစ်မည့်ပုံနှင့်ပြေးလာခဲ့သည်။

“နာမည်ပြန်ပေး…ငါ့နာမည် ပြန်ပေး…..”

ထိုအခါမှ အနက်ရောင်အကောင်က ညောင်ညောင်ဆရာကို မြှားခေါ်သွားသည်ကို သိလိုက်သည်။ စ၀်ခွန်ပိုင်သည် စာအုပ်ကိုလက်က ကိုင်ပြီး အိမ်ပြင်ကို ပြေးထွက်လာခဲ့သည်။ ဒီသရဲမကို နာအောင်လုပ်သည်ထက် သူ့နာမည်ကို ပြန်ပေးချင်သဖြင့် ညောင်ညောင်ဆရာကို ရှာဖို့လိုသည်။

“ညောင်ညောင်ဆရာ….ညောင်ညောင်ဆရာ…”

“ဒီဘက်ကိုလာ ခွန်ပိုင်….”

ခြံထဲမှ လှမ်းအော်လိုက်သံကြောင့် စ၀်ခွန်ပိုင် အားတက်သွားခဲ့သည်။ ရုတ်တရက် မိမိကျောပြင်ပေါ်အဖြူရောင်ကြောင်မလေး ခုန်ချပြီး ပုခုံးကို ကိုက်ခဲတော့သည်။ လက်သည်းများက မိမိအသားထဲနစ်ဝင်ပြီး သွားအစွယ်က ပုခုံးထဲနစ်ဝင်သွားတော့ စ၀်ခွန်ပိုင် လန့်သွားခဲ့သည်။

“ခွီး….ခွီး….ဝေါင်း….”

စူးရှသည့် ကြောင်အော်သံကိုကြားလိုက်ရပြီး ရုတ်တရက် မိမိကျောပေါ်မှ ကြောင်လေးလွင့်စဉ်ထွက်သွားတော့သည်။

“၀ုန်း….”

မီးခိုးလုံးများကြား အဖြူရောင် အမြီးဖွားဖွားနှင့် ၀ံပုလွေကြီးပေါ်လာခဲ့သည်။ ၀ံပုလွေကြီး၏ လက်ချက်ဖြင့် ကြောင်မလေး တစ်ခါတည်း လွင့်စဉ်ကျသွားပြီး ပူးကပ်နေသည့် သရဲမလေး ထွက်ပြေးသွားခဲ့သည်။ ၀ံပုလွေ၏ ပါးစပ်ထဲတွင် အနက်ရောင် သရဲကောင်ကို တွေ့လိုက်ရသည်။ အဖြူရောင်သရဲမက ကြောက်လန့်ကာထွက်ပြေးမည်အပြု ညောင်ညောင်ဆရာက လည်ပင်းကိုနှိမ့်ပေးကာ အမြန်ပြောလိုက်သည်။

“ငါ့ လည်ပင်းပေါ်တက်လိုက်ခွလိုက်….လည်ဆံမွေးကို သေချာကိုင်ထား….”

စ၀်ခွန်ပိုင် ၀ံပုလွေကြီး၏ လည်ပင်းကိုခွထိုင်လိုက်စဉ် အဖြူရောင် သရဲမက ခြံအနောက် တောစပ်ကိုရောက်သွားတော့သည်။ ညောင်ညောင်ဆရာက တဟုန်ထိုးလိုက်နေသဖြင့် စ၀်ခွန်ပိုင် ပြုတ်မကျအောင် မနည်းဆုပ်ကိုင်ထားရသည်။ တောစပ်သို့ရောက်သော် ညောင်ညောင်ဆရာက အမိန့်ပေးသည်။

“စာအုပ်ကို ဖွင့်….မျက်လုံးမှိတ်ပြီး သရဲမကို မြင်အောင်ကြည့်ပြီး အာရုံပြု။ စိတ်ထဲကနေ သူ့နာမည်ကို သိချင်တယ် လို့ ရွတ်လိုက်… သူ့နာမည်ရေးထားတဲ့ မျက်နှာတန်းပေါ်လာလိမ့်မယ်….

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ အမိန့်ပေးသည့်အတိုင်းလုပ်လိုက်စဉ် မိမိကိုယ်ထဲ ညောင်ညောင်ဆရာ၏ စွမ်းအားတချို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်လိုက်တော့ စာမျက်နှာတ်တစ်ခုပွင်နေလေပြီ။

“ဒီစာရွက်ကို ဖြဲလိုက်။ ခေါက်ချိုးခေါက် နူတ်ခမ်းနှစ်လွှာကြားမှာညှပ်ထားပြီး လက်နှစ်ဖက်ကို လက်အုပ်ချီပုံစံနှင့် လုပ်။ အသက်အောင့် သက်ဆိုင်သူဆီ နာမည် ပြန်ရောက်စေလို့ စိတ်ထဲက ရွတ်ပြီး လေနဲ့မှုတ်လိုက်…..”

စ၀်ခွန်ပိုင်လည်း တသွေမတိမ်းလိုက်လုပ်လိုက်သည်။ တောင်စောင့်နတ် ၀ံပုလွေကြီး၏အစွမ်းဖြင့် စာရွက်ထဲမှာ ရေးထားသည့် မဖတ်တတ်သည့် ကောက်ကောက်ကွေးကွေး အက္ခရာများက စာရွက်ထဲမှ လေထဲဝဲပျံထွက်လာပြီး အဖြူရောင် သရဲမ၏ နဖူးထဲ တိုးဝင်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲလာပြီးမိမိရောက်နေသည့် နေရာမှ မသိသည့် နေရာကိုရောက်သွားသလို ခံစားလိုက်ရသည်။ မြင်လိုက်ရသည့်မြင်ကွင်းက ရုပ်ရှင်ဆန်လှသည်။ မိမိက ရုပ်ရှင်ဇာတ်ကားထဲရောက်သွားသလို၊ ဇာတ်ဝင်ခန်းတစ်ခုကို ကိုယ်တိုင်ကြည့်နေရသလိုခံစားလိုက်ရသည်။

အဖြူရောင်သရဲမကြီးက ဆာလောင်မွတ်သိပ်စွာဖြင့်ရေရွတ်ရင်း တရွေ့ရွေ့လာနေသည်။ သူမနှင့် ခပ်လှမ်းလှမ်းတွင် နတ်ကွန်းလေးတစ်ခု။ ထိုနေရာတွင် ဒေသခံတစ်ယောက်ယောက်ပူဇော်ထားသည့် မုန့်ကိုတွေ့သော် မျက်လုံးအစုံက တောက်ပသွားပြီး ထိုမုန့်ကို လက်လှမ်းလိုက်စဉ် သူမထက်ဦးပြီး ဖြူဖွေးသည့်လက်လေး တစ်ဖက်က မုန့်ကို ဆတ်ခနဲ လှမ်းယူလိုက်သည်။ အဖြူရောင်သရဲမက နှမျောတမ်းတစွာဖြင့် မုန့်လေးကို လိုက်ကြည့်လိုက်စဉ် အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေး တစ်ဦးက မုန့်ကို ပါးစပ်ထဲ တလုပ်ထဲပစ်သွင်းကာ ၀ါးစားပစ်လိုက်ဖြင့် ယူကျုံးမရစွာဖြင့် ရေရွတ်လိုက်သည်။

“ငါ့ရဲ့ မုန့်လေး…..”

“မုန့်က အဲ့လောက်လည်း အရသာမရှိပါဘူး…”

“လူသားကလေးမဖြစ်လျက်နဲ့ သရဲလက်က မုန့်ကိုလုစားရသလား…”

“ရှင်စားမိရင် ဒီနေရာမှာ အလုပ်ကျွေးပြုနေရမှာစိုးလို့ပါ။ လောကမှာ အလကားရတာ ဘာမှမရှိဘူးဆိုတာ မသိဘူးလား။ နတ်ကွန်းသခင်တွေက သူတို့ကိုပူဇော်ထားတာကို စားတဲ့သရဲတွေကို ဘယ်လိုနှိပ်စက်တယ်ဆိုတာ သိတယ်မလား။ ကျွန်မက အနစ်နာခံပြီး စားပေးလိုက်တာပါ….”

ကျောလယ်ခန့်ဆံပင်ကို ဖားလျားချထားသည့် မိန်းကလေးက သွက်လက်စွာပြန်ပြောလာသဖြင့် အဖြူရောင်သရဲမ အံ့အားသင့်စွာ မေးလိုက်သည်။

“မင်း ငါ့ကို မြင်ရသလား…”

“အင်း… မြင်ရတာပေါ့…”

“ငါ့ကို မကြောက်ဘူးလား…”

မိမိ၏ပုံဆိုးပန်းဆိုးကို တွေ့မိသူတိုင်း လန့်ဖြန့်အော်ဟစ်ကာ ဖျားနာသည့် ကလေးများကို မြင်နေကျင်ဖြစ်သည့် အဖြူရောင်သရဲမက မေးလိုက်သည်။ သူမက အစားစားချင်သဖြင့်၊ အကူညီတောင်းချင်သဖြင့် လူတွေနားကပ်သော်လည်း လူကြီးများက မမြင်သဖြင့် ဘယ်လိုမှ အကူညီတောင်းလို့မရပေ။ မြင်နိုင်သည့် ကလေးများကလည်း မိမိကြောင့် သေလုမတတ်အော်ငိုတတ်သဖြင့် အဖြူရောင်သရဲမ လူတွေကို ရှောင်ကွင်းပြီးနေလာတာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ အစားလည်း စားရတနပ်၊ မစားရတနပ်ဖြင့် နေသားကျခဲ့လေပြီ။ ယခု ဆာလွန်းသဖြင့် နတ်ကွန်းမှ မုန့်ကို ယူစားမည်အပြု မိမိကို မြင်သော်လည်း မကြောက်မရွံ့စကားပြန်ပြောသည့် မိန်းမငယ်လေးကို တွေ့တော့ ထူးထူးဆန်းဆန်းဖြစ်နေမိသည်။

“မင် ငါ့ကို မကြောက်ဘူးလား…”

“ဟင့်အင်း…လုံးဝပဲ။ ကျွန်မက အစွမ်းထက်တဲ့သူလေ။ ၀ိဥာဉ်တွေကို မကြောက်တတ်ဘူး။”

အဖြူရောင်သရဲမသည် သူမလေးကို ဘာပြန်ပြောရမှန်းမသိပဲ ငေးကြည့်နေစဉ် သူမက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ မထင်မှတ်သည့် စကားတခွန်းကိုပြောခဲ့သည်။

“ရှင် ကျွန်မနဲ့ ချမလား။ နိုင်တဲ့သူက ရှုံးတဲ့သူကို အပိုင်ရကြေး၊ ရှင်ရှုံးရင် ရှင့်နာမည် ကျွန်မကိုပေး။ ကျွန်မရဲ့တပည့်လုပ်။ ကျွန်မရှုံးရင် ကြိုက်တာလုပ်။ ဗိုက်ဆာလို့ဝါးစားပစ်မယ်ဆိုလည်းရတယ်…. ဘယ်လိုလဲ သဘောတူလား…”

အဖြူရောင်သရဲမသည် မိမိကို အရေးတယူစကားပြောသည့်သူနှင့် ပထမဆုံးဆုံရသဖြင့် ၀မ်းသာအားရခေါင်းငြိမ့်လိုက်စဉ် သူမက နောက်တွင်ဝှက်ထားသည့် လက်က ဆတ်ခနဲမြှောက်လာပြီး အင်းချထားသည့် စာရွက်ကပ်ထားသည့် တုတ်တစ်ချောင်းက ခေါင်းကို အရှိန်နှင့် ရိုက်မိတော့သည်။ ခွပ်ခနဲ အသံမြည်သွားပြီး နာလွန်းလို့
မျက်ရည်တောင်ဝဲသွားခဲ့သည်။ လက်မြန်သလို အားလည်းသန်လိုက်သည့် ကောင်မလေး။

“ဟေး..ကျွန်မနိုင်ပြီ။ ရှင့်နာမည်ပေးတော့…”

“မင်းက အချက်မပြ ဘာမပြ ရုတ်တရက် အလစ်တိုက်တာကိုး…”

“နိုင်တာက နိုင်တာပဲလေ”

ကောင်မလေးက ရယ်မောပြီးပြောခဲ့သည်။ သူမလေး၏ ဆံနွယ်များက လေထဲလွင့်နေပြီး လူတဖက်သားကို လွှမ်းမိုးနိုင်သည့် ပုံပေါက်နေသည်။ ဒီကောင်မလေးဆီ တပည့်ခံလိုက်လျှင် မိမိလည်း အထီးကျန်ဘ၀မှ လွတ်ပြီဆိုပြီး စာရွက်တွင်နာမည်ကို ရေးပေးလိုက်သည်။ ထိုကောင်မလေးက သူမပေးသည့် စာရွက်ကိုလှမ်းယူကာ ဖတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“အိုး… ရှင့်နာမည်က လှသားပဲ… ဒါဆို ကျွန်မက ရှင့်ရဲ့သခင်ဖြစ်သွားပြီနော်။ ကျွန်မနာမည် စောမေသီရိ။ နောက်နေ့ ဒီနေရာကစောင့်နေ။ ကျွန်မလာခဲ့မယ်။ ရှင့်ကို အဖော်လုပ်ပေးမယ်လေ…”
သူမလေး၏စကားကြောင့် အဖြူရောင်သရဲမပျော်သွားပြီး ဗိုက်ဆာသည်ပင်မေ့သွားခဲ့သည်။ ခေါင်းငြိမ့်ပြပြီးရယ်မောနေသည့် မိန်းကလေး၏ ပါးပြင်မှ အညိုမည်းစွဲနေသည့် ဒဏ်ရာကိုကြည့်ကာ မေးလိုက်သည်။

“မင်း ပါးပေါ်က ဒဏ်ရာက ဘယ်ကရတာလဲ…မနာဘူးလား”
“ဒီလိုပဲ တိုက်ပွဲတွေကနေရတာလာတဲ့ ဒဏ်ရာပါ….ဘာမှအရေးမကြီးပါဘူး။ ဒဏ်ရာက ရနေကျပါ…. ရိုးနေပြီ…နောက်နေ့ ကျွန်မလာခဲ့မယ်။ ဆက်ဆက်စောင့်နေနော်…. တာ့တာ…”

အဖြူရောင်သရဲမသည် ထိုနတ်ကွန်းနားတွင် ဆံပင်ရှည်နှင့် မိန်းကလေးကို စောင့်နေခဲ့သော်လည်း သူမရောက်မလာတော့ပါ။ နောက်တနေ့လည်းစောင့်သည်။ ဟိုးနောက်တနေ့လည်းစောင့်သည်။ မိမိကို စကားပြောမည့်သူရှိလာသဖြင့် အထီးကျန်ဘ၀မှ လွတ်မြောက်ပြီဆိုသည့်အသိနှင့် တက်တက်ကြွကြွစောင့်နေခဲ့သည်။ နွေရာသီမှ မိုးရာသီ။ ထိုမှတဖန် ဆောင်းရာသီကို ကူးပြောင်းလာသည့်တိုင် စောင့်နေခဲ့သည်။ သို့သော် သူမလေး ရောက်မလာခဲ့ပါ။

“စောမေသီရိ…စောမောသီရိ… ကနေ့လည်း ရောက်မလာခဲ့ဘူး။ ဘာလို့လဲ။ ဘာလို့င့ါကို ထားရစ်ခဲ့တာလဲ။ လာတွေ့မယ် ပြောပြီး ဘာလို့လာမတွေ့တာလဲ….အား…. အရင်ကထက်ကို အထီးကျန်လိုက်တာ…. ပြန်ပေး…ငါ့နာမည်ကို ပြန်ပေး…..”

“မြူနှင်းပွင့်…. ခင်ဗျားနာမည်က မြူနှင်းပွင့်တဲ့လား….”

“စောမေသီရိ… သူ အခု ဘယ်မှာလဲ။ သူတယောက်တည်းဖြစ်နေတုန်းလား။ အရင်လို ဒဏ်ရာတွေရနေတုန်းလား…”

စ၀်ခွန်ပိုင်ကို ကြည့်ပြီးကြင်နာသည့် မျက်ဝန်းတစ်စုံက ဖွားဖွားအတွက် စိုးရိမ်စွာမေးခဲ့သည်။ စ၀်ခွန်ပိုင်၏ စိတ်ထဲတွင် ကြင်နာတတ်သည့် နှလုံးသားရှင် အဖြူရောင်သရဲမကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“ဘွားဘွားအခု ကောင်းမွန်ရာကိုရောက်သွားပါပြီ။ တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ သူအဆင်ပြေသွားပါပြီ… မြူနှင်းပွင့်…ဖွားဖွားရဲ့ ကြင်နာတတ်တဲ့ မိတ်ဆွေ…”

“ဟုတ်လား….တော်သေးတယ်…. ”

အဖြူရောင်သရဲမသည် ကျေနပ်စွာပြုံးပြီး တကိုယ်လုံးအလင်းရောင်တောက်ပရင်း နောက်ဆုံးပျောက်ကွယ်သွားတော့သည်။ ထိုအခါမှ စ၀်ခွန်ပိုင် စိတ်လျော့လိုက်သဖြင့် မူးဝေပြီး ညောင်ညောင်ဆရာ၏ကျောပေါ်မှ ပြုတ်ကျသွားခဲ့သည်။

“ခွန်ပိုင်…..”

သတိမေ့မသွားခင် နောက်ဆုံးကြားလိုက်သည်က မိမိကို စိုးရိမ်သဖြင့် အော်ပြောလိုက်သည့် အသံတစ်ခုဖြစ်သည်။ မိမိကို စိုးရိမ်သူ ရှိသည် ဆိုသည့်အသိက စ၀်ခွန်ပိုင်ကို ခွန်အားတခုဖြစ်စေသည်က ငြင်းလို့မရပေ။ဒီလိုခံစားချက်မျိုးကို အရင်က မခံစားဖူးခဲ့ပေ။ စိုးရိမ်စွာနှင့် မိမိအမည်ကို ခေါ်လိုက်သည့် အသံက ရင်ထဲမှလစ်ဟာသည့် ခံစားချက်ကို ပျောက်ကွယ် သွားစေခဲ့သည်။

“ခွန်ပိုင် သတိရပြီလား…”

ခွန်ပိုင်နိုးလာတော့ အိစက်နွေးထွေးသည့် ကိုယ်လုံးကို မှီလျက်သား တောစပ်မှာရှိနေသည်ကို တွေ့လိုက်ရသည်။

“အားလုံးပြီးသွားပြီလား။ မြူနှင်းပွင့် ကျွတ်လွတ်သွားပြီထင်တယ်…”

“ကျွတ်သွားပြီ။ မင်းအဖွားကို တွေ့လိုက်တယ်မလား။ မြူနှင်းပွင့်ကို မလှိမ့်တပတ်နဲ့ အနိုင်ယူခဲ့တာ။ အဲ့ဒါ စောမေသီရိ ဆိုတဲ့ မင်းအဖွားပုံစံအစစ်ပဲ…. သူ့လို စွာတေးလန်ကို တကယ်ခင်တဲ့ သရဲမလည်းရှိသေးတာကိုး….”

စ၀်ခွန်ပိုင် ကျေကျေနပ်နပ်ပြုံးရင်းပြောလိုက်သည်။

“ကျွန်တော့်ကိုတောင် ခင်ဗျားက ဒီလောက်ခင်ပြီး စိုးရိမ်နေသေးတာပဲ မဟုတ်လား…. အဖွားကိုလည်း ခင်တဲ့သူရှိနိုင်တာပေါ့…”

“မင်းကို ခင်တယ်လို့ ဘယ်သူပြောလဲကွ…. ငါက ဘယ်လူသားကိုမှ မခင်တတ်ဘူး…”

တောင်စောင့်နတ်က ကြောင်ပုံအဖြစ်ပြန်ဖန်ဆင်းပြီးပြောလိုက်သည်။ ကြောင်ပုံနှင့် ခပ်ချေချေမျက်နှာလေးကိုကြည့်ကာ စ၀်ခွန်ပိုင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာပြောလိုက်သည်

“ခင်ဗျား ရဲ့ စိုးရိမ်တကြိးအသံကနေတဆင့် ခင်ဗျားရဲ့ ခင်မင်တဲ့နှလုံးသားကို ကျွန်တော် ခံစားမိပါတယ်ဗျာ… ဒါနဲ့… အနက်ရောင် မှင်စာကောင်ရော…”

“ငါ ခြောက်လိုက်လို့ အဝေးကိုပြေးပြီ….ပြန်ကြစို့… မင်း အအေးပတ်တော့မယ်။ တောထဲက ပိုအေးတယ်….”

အပြန်လမ်းတွင် ညောင်ညောင်ဆရာကို ပွေ့ကာ ပြန်လာခဲ့သည်။ ညက အေးသည်မှန်သော်လည်း မိတ်ဆွေကောင်းတစ်ယောက် အနားမှာရှိသည်ဆိုသည့် အသိကြောင့် ရင်ထဲနွေးလို့နေသည်ဟု စ၀်ခွန်ပိုင် ခံစားမိလိုက်သည်။

“ကျေးဇူးတင်ပါတယ် ညောင်ညောင်ဆရာ…. ကျွန်တော့်ကို သင်ပြပေးတဲ့အတွက်ရော၊ စောင့်ရှောက်ပေးတဲ့ အတွက်ရော… မနက်ဖြန်ကျရင် ဈေးထဲမှာ တိုဟူးနွေး ၀ယ်ကျွေးပါ့မယ်…”

“တိုဟူးနွေး…ကောင်းတယ်… စားမယ်…စားမယ်…”

“နေဦး…ကြောင်က တိုဟူးနွေး စားလို့ဖြစ်ရဲ့လား ချီးပန်းနေမလား မသိဘူး….”

“ကြောင်မဟုတ်ပါဘူးလို့ ငါပြောထားတယ်လေကွာ။ ငါက အထာကျတဲ့ တောင်စောင့်နတ်ပါကွ….”

နှစ်ယောက်သား ငြင်းခုန်ရင်း ခြံထဲကို ပြန်ဝင်လာခဲ့သည်ကို ခြံအပြင်မှ သရဲမက အခဲမကျေစွာဖြင့် အံကြိတ်ကာ ကြည့်နေသည်။ အိမ်အပေါ်ထပ်မှ ရှေးနန်းတွင်းဝတ်စုံနှင့် အဖွားကြီးက ပြုံးပြီးကြည့်နေခဲ့သည်။

-----------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??