အသက်ဝင်နေသော အိမ်ကလေး အပိုင်း (7)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (7)

“မီးမီး….မီးမီး… ကလေးလေး…အဲ့ဒါကို မစားပါနဲ့ကွာ… ကလေး အန်လိမ့်မယ်နော်…လာ…လာ….”

အိမ်ထဲရောက်သည်နှင့်ကြောင်မလေးက စ၀်ခွန်ပိုင်လက်ထဲမှ ခုန်ဆင်းပြီး ကုတင်အောက်ကို တခါတည်းတန်းပြေးတော့သည်။ ဘယ်လိုတောင်းတောင်းမရသဖြင့် စိတ်ညစ်သွားသည်။ ကြောင်မလေးက ခုတလော ဘာဖြစ်သည် မသိတော့။ အရိုင်းစိတ်ဝင်လာသည်။ မနေ့ကတည်း မိမိလက်ကိုသွေးထွက်အောင် ကုတ်သေးသည်။ ယနေ့လည်း သူ့ကိုချီပြေးတော့ ကုတ်သည်။ တောထဲက ရှဥ့်ကိုရအောင်ခုတ်ပြီး အစိမ်းစားနေသည်။ စ၀်ခွန်ပိုင် ခုတင်အောက်ကို ကုန်းကြည့်တော့ ရှဉ်က အမြီးပဲကျန်တော့သည်။ မီးညှပ်နှင့် အမြီးကို ဆွဲယူတော့ အသံကုန်ကုန်းအော်ကာ တကိုယ်လုံး အမွေးများပွထလာခဲ့သည်။ စ၀်ခွန်ပိုင်သည် ကြောင်စိတ်ဆိုးသော်လည်း ရှဥ့်မြီးကို၇အောင်ယူပစ်လိုက်တော့သည်။ ပြီးမှထိုရှဥ့်မြီးကို အပြင်အမှိုက်ကျင်းတွင်သွားပစ်လိုက်သည်။ 

“ငါ့ကြောင်လေး ဘာဖြစ်သွားတာပါလိမ့်…”

စ၀်ခွန်ပိုင် စိတ်ညစ်သွားသော်လည်း အကြောင်းရင်ကို မတွေးမိသေးပေ။ ဒါကြောင့် မိမိလက်က ဒဏ်ရာကို ဆေးထည့်ရန်ရေဆေးစဉ် အိမ်ပေါ်ထပ်ကို ကြောင်မလေး တက်သွားသည်ကို မတွေ့လိုက်ပေ။

“မမ…. အရမ်းတော်တာပဲ… ရှဥ့်ကို ရအောင်ဖမ်းနိုင်တယ်…”

“နောက်ခါ မင်းအတွက် တစ်ကောင်ဖမ်းခဲ့မယ်… ”

အပေါ်ထပ်တွင် သရဲလေးက ကြောင်လေးတက်လာတော့ ၀မ်းသာအားရ စီးပြောလိုက်သည်။ ထိုစဉ် အခန်းထဲမှ ၀ိဥာဉ်ဖေဖေကြီး ထွက်လာတော့ အံ့အားသင့်သွားသည်။ ကြောင်မလေးက မိမိကို စိုက်ကြည့်နေပုံက ယခင်က ယမင်း မိမိကို ကြည့်နေသည့် ချစ်ခြင်းတို့လွှမ်းနေသည့် အကြည့်နှင့်တူနေသည် မဟုတ်လား။

“သား… အိမ်ရှင်ရဲ့ကြောင်လေးကို ဘာလို့ အပေါ်ကို ခေါ်ရပြန်လာတာလဲ… ပြန်ပို့လိုက်စမ်း…ရှုးရှုး…. သွား..သွား…”

သို့သော်ကြောင်မလေးက မိမိနားကို ကပ်လာပြီး စကားပြောခဲ့တော့မှ တကယ်ပဲ ခြံထဲမှာနေသည့် ယမင်းခင်ဖြစ်နေမှန်း သိလိုက်သည်။

“ကျွန်မကို တကယ်ပဲနှင်ရက်သလား ဦးရယ်…”

“မင်း… ဘယ်လိုလုပ်ပြီး ဒီကြောင်မှာ ပူးနေတာလဲ…. မင်း ရှိနေတာ သိရင် ဖွားဖွားကြီး စိတ်ဆိုးလိမ့်မယ်…”

“သူသိပါတယ်။ ကျွန်မ၀င်လာတာ သူသိသားပဲ.. အခု သူကျွန်မကို ဘာမှ လုပ်လို့မရတော့ဘူး။ ဦးလည်း စိတ်မပူနဲ့တော့။ 
ယမင်းက ဦးကိုလွမ်းလို့ လိုက်လာတာ။ ဦး ယမင်းကို သတိရနေတယ် မဟုတ်လား။ ဦးရဲ့ မိန်းမကြီးကို မလွန်ဆန်နိုင်လို့ ယမင်းကို စွန့်ပစ်ခဲ့ပေမယ့် ဦး ယမင်းကို ချစ်တယ်ဆိုတာ ယမင်းသိတယ်…”

ဝိဥာဉ်ကလေးလေးက မိမိဖခင်ကြီးကို ပြောလိုက်သည့် သရဲမမကြောင့် နားမလည်နိုင်ဖြစ်သွားသည်။ မမယမင်းက အသက်ရှင်စဉ်က ဖေဖေ့လူနာဖြစ်သည်။ ဖေဖေ့ကို ခဏခဏလာတွေ့သဖြင့် နောက်ဆုံး ဖေဖေနှင့်မေမေစကားများ ရန်ဖြစ်ကြသည်ကို မှတ်မိသွားသည်။ မမက ဖေဖေ့ကို လာတွေ့ချင်တာ မေမေက ဘာလို့ တားရသည်ကို ကလေးဆိုတော့ နားမလည်ခဲ့ပေ။ အခုလည်း မမက ဖေဖေ့ကို တွေ့ချင်သည်ဟုပြောနေသည်။ ဖေဖေ့အမူယာက ထိတ်လန့်နေပုံရသဖြင့် ကူပြောပေးလိုက်သည်။

“ဖေဖေရယ်… မမက ဖေဖေ့ကို တွေ့ချင်နေတာ။ ဖွားဖွားက အိမ်ထဲ ပေးမ၀င်လို့ပါ။ အခုမှ ၀င်လာနိုင်တယ်။ မမ သနားပါတယ်။ မမကို လက်ခံလိုက်ပါနော်…”

“သား အခန်းထဲဝင်စမ်း…”

ဝိဥာဉ်အဖေကြီးက တချိန်က နာမည်ကြီးခဲ့သည့် စိတ်ရောဂါကု ဆရာဝန်ကြီးဖြစ်သည်။ ဒီယမင်းခင် ဆိုသည့် မိန်းကလေးက မိမိ၏လူနာဟောင်း၊ ပြီးတော့ မိမိ၏ တိတ်တိတ်ပုန်း ချစ်သူလည်းဖြစ်ခဲ့ဖူးသူတစ်ယောက်။ မိမိဇနီး ကိုယ်ဝန်ဆောင်နေစဉ် ဒီမိန်းကလေးကို ကုသပေးရင် ငြိစွန်းခဲ့ခြင်းဖြစ်သည်။ မိမိကို စိတ်တ္တဇဆန်ဆန် တွယ်တာလွန်းပြီးနောက်ဆုံး မိမိဆေးခန်းရှေ့ တနေကုန်ထိုင်စောင့်ကာ ဆေးလာကုသည့် မိန်းမတကာနှင့်ပေးစားကာ သ၀န်တိုသဖြင့် ဒီကလေးမကို ဖြတ်ခဲ့သည်။ နောက် ထိုကလေးမက အိမ်ထိလိုက်လာပြီး မိမိဇနီးကို လာတွေ့ကာ အိမ်တွင်းပြသနာအကြီးကျယ်ဖြစ်အောင် လုပ်ခဲ့သူ။ မိမိတို့ တစ်မိသားစုလုံး သေဆုံးသွားခဲ့တာလည်း ဒီမိန်းကလေးကြောင့်ဖြစ်သည်ကို သတိရလာပြီး ယမင်းခင်ကို ဒေါက်တာကျော်ဇော အေးစက်စွာပြောလိုက်သည်။

“ငါ့ကလေးကိုလည်း သတ်ခဲ့တယ်။ ငါ့ မိသားစုကို လည်း ဖြိုခွဲဖို့လုပ်ခဲ့တယ်။ မင်းကို အရင်ကတည်းက ငါ အရမ်းကြောက်သွားပြီ။ အခု ငါ့ကိုမနှောက်ယှက်နဲ့တော့။ မင်းကိ ပတ်သတ်ခဲ့မိတာ ငါ့ရဲ့ အိပ်မက်ဆိုးပဲ.. ယမင်းခင်…”

“တကယ်ပဲလား ဦး။ ဦးလိုချင်တာကို မညည်းမညူဖြည့်ဆည်းပေးခဲ့တာကို နည်းနည်းမှ မငဲ့တော့ဘူးလား။ ဦးမိန်းမ ကိုယ်ဝန်ရင့်နေချိန် ဦးရဲ့ စိတ်ကို ဘယ်သူဖြည့်ဆည်းပေးခဲ့လဲ။ ဒီက ကောင်မ မဟုတ်ဘူးလား။ ကလေးမွေးပြီးတော့ ဖခင်ကောင်းဖြစ်အောင်နေမယ်ဆိုပြီး ကျွန်မကို ကန်ထုတ်သွားတာ ဘယ်သူလဲ။ ဒါပေမယ့် ယမင်းက ဦးကို မမုန်းပါဘူး ဦး၇ယ်၊ယမင်း မှားခဲ့ပါတယ်။ ဒါတွေ အားလုံးက ဦးကိုချစ်လို့ မှားခဲ့တာပါ။ ယမင်းတို့ အသစ်က ပြန်စရအောင်လေ …”

“တော်တော့… မင်း ငါတို့ မိသားစုနား ထပ်မလာနဲ့။ ငါ့မိသားစုကို ထိခိုက်အောင် လုပ်ခွင့်မပြုနိုင်တော့ဘူး ယမင်းခင်။ အခုချက်ချင်း အောက်ထပ်ကို ဆင်း….”

ဝိဥာဉ် ဖေဖေကြီးက အေးစက်စွာမောင်းထုတ်ကာ အခန်းထဲကို ၀င်သွားခဲ့သည်။ ယမင်းခင်ဆိုသည့် သရဲမလေးက နာကျင်စွာစိုက်ကြည့်နေသော်လည်း အခဲမကျေစွာကြိမ်းဝါးလိုက်သည်။

“ရှင့်ကို အလွတ်မပေးနိုင်ဘူး ဦး။ ဦးက ကျွန်မအတွက်ပဲ…”

-------------------------------------

စ၀်ခွန်ပိုင်သည် အနာကို ဆေးထည့်ပြီး နေ့လည်စာ ချက်ပြုတ်ပြီးရေချိုးလိုက်သည်။ ထိုစဉ်အပေါ်ထပ်မှ တခုခုပြုတ်ကျသံကိုကြားသဖြင့် ရေချိုးခန်းမှ ထွက်ကာအပေါ်ထပ်ကို အမြန်ပြေးတက်လာခဲ့သည်။ 

“မြောင်း……………”

မိမိကြောင်ကို အမွေးအားလုံးထောင်ထကာ အခန်းတစ်ခုကို ကုတ်ခြစ်နေသည်ကို တွေ့လိုက်သဖြင့် အမြန်ပြေးခေါ်လိုက်သည်။ သစ်တံခါးတွင် ကြောင်လက်သည်းရာများပင်ထင်နေသည်။ မိမိကြောင်လေး ဒီလိုအရူးမူးဒေါသထွက်သည်ကို မမြင်ဖူးခဲ့ပေ။ ကြည့်ရတာ ပရလောကသား တယောက်ယောက်ကကြောင်ကို နှိပ်စပ်ပြီ ဒေါသထွက်အောင် လုပ်နေသည်ထင်သည်။ ဒါကြောင့် ကြောင်လေးကို ပွေ့ကာ အခန်းတံခါးကိုဖွင့်လိုက်သည်။ အခန်းထဲ ဘာမှမတွေ့ရပေ။ ကြောင်လေးက တမြောင်မြောင် အော်နေသဖြင့် အိပ်ခန်းထဲမှ ပိတ်ထားသည့် အိမ်သာရေချိုးခန်းကိုပင် ဖွင့်ကြည့်လိုက်သည်။ သရဲလည်းမရှိ၊ ဘာကောင်မှ မရှိပေ။ ထို့နောက် ကြောင်မလေးကို ပိုက်ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ မဆင်းခင် ခုနက တခုခုပြုတ်ကျသည်ကို သတိရတော့ လိုက်ရှာကြည့်သော်လည်း မည်သည့်အရာမှ မတွေ့သဖြင့် ခေါင်းယမ်းကာ အောက်ကို ဆင်းလာခဲ့သည်။ 

“လာ… ပူစီလေး…ကလေးအတွက် ငါးကြော်နဲ့ ထမင်းနယ်ထားတယ်..စားရအောင်နော်…”

စ၀်ခွန်ပိုင်က ကြောင်ကို ချော့ကျွေးသော်လည်း အဖက်ပင်မလုပ်သဖြင့် စိတ်ညစ်သွားသည်။ ကြည့်ရတာ လန်းလည်းလန်းနေသဖြင့် ရောဂါတခုခုမဖြစ်လောက်ဟု တွက်ကာ သူဆာလျှင် စားနိုင်ရင် ချထားပေးပြီး အ၀တ်စားဝတ်ကာ နေ့လည်စာ စားလိုက်သည်။ ထို့နောက် ခြံထဲလမ်းထွက်လျှောက်ပြီး တောစပ်မှ တောင်စောင့်နတ်ပြောသည့် စကားများကိုပြန်တွေးနေသည်။ ထို့နောက် မိိမိအဖွားထားခဲ့သည့် စာအုပ်ဆိုမှ ထိုစာအုပ်ထဲမှ မဖတ်တတ်သည့် စာလုံးများကို မည်သူရေးခဲ့သနည်းဟု တွေးမိကာ အိပ်ခန်းထဲကိုပြန်လာခဲ့သည်။ ကြောင်မလေးက ခြံထဲတွင် ဌက်ချောင်းကာ ကျန်ရစ်ခဲ့သည်။

မိမိခေါင်းဦးအောက်နားက မှတ်စုရှည်ရှည် ပါးပါးလေးလို စာအုပ်အစိမ်းရောင်လေးကို ကောက်ကြည့်ကာ တစ်ယောက်တည်း တွေးနေမိသည်။

“မိတ်ဆွေများ စာရင်းဆိုတာ ဒီဟာလား မသိဘူး…”

ထိုစဉ် မိမိအခန်းမျက်နှာကျက်မှာ အသံနက်ကြီးကိုကြားလိုက်ရသည်။ ထိုအသံက တောထဲမှာ ပထမကြားခဲ့သည့် တောင်စောင့်နတ်သည့်အသံဖြစ်သည်ကို မှတ်မိလိုက်သည်။

“ငါ့ကိုပေးစမ်း… အဲ့ဒါ ငါ့ကို ခု ချက်ချင်းပေးစမ်း….”

အပေါ်ကို မေ့ကြည့်လိုက်တော့ မိမိအခန်းမျက်နှာကျက်တွင် မီးခိုးငွေ့များကြား ၀ံပုလွေအကြီးစားတစ်ကောင်ကိုတွေ့လိုက်သည်။ နဖူးတွင် ထူးခြားသည့် အမှတ်သားတစ်ခု လက်နေသည့် ၀ံပုလွေအဖြူရောင်ကြီးတစ်ကောင်….မျက်လုံးများက စိမ်းဖန့်ဖန့်နှင့် ပါးစပ်မှအငွေ့များထွက်နေသည်။ ဖြဲထားသည့်ပါးစပ်ကြီးက လူတစ်ကိုယ်လုံးကိုတောင်မြိုချလို့ ရတော့မလိုပင်….

“ခင်ဗျား….ဟို တောထဲက ကြောင်….”

“ငါ့ရဲ့ပင်ကိုယ်ရုပ်က ဒီဟာပဲ။ မင်း လက်ထဲက ဟာ ငါ့ကို ခုချင်ချင်းပေးစမ်း။ ဒါက လူသားတွေ လက်ထဲ မရှိသင့်တဲ့အရာ….”

ပြောပြောဆိုဆို စ၀်ခွန်ပိုင်ကို ၀ံပုလွေက ခုန်အုပ်ခဲ့သည်။ စ၀်ခွန်ပိုင်က အနောက်ကို အမြန်ဆုတ်လိုက်သောအခါ အခန်းထဲ ကျယ်လောင်သည့်အသံကျယ်ကြီးနှင့်အတူ ၀ုန်းခနဲ  မီးခိုးများဖုံးသွားတော့သည်။ တကယ်တော့ အငွေ့ဖြူဖြူများသာဖြစ်သည်။ 

“အား… ငါ့ကို ဆွဲထုတ်ပေးစမ်း…ငါ့ကိုအခုဆွဲထုတ်ပေးစမ်း….”

နံရံကပ်ဗီရို၏ အထပ်သားတံခါးကို ထိုးခွဲပြီး ခေါင်းညှပ်နေသည့် ကြောင်ကိုကြည့်ကာ စ၀်ခွန်ပိုင် ရယ်ချင်သွားသည်။ ဒီတောင်စောင့်နတ်က ကြောင်ပြန်ဖြစ်သွားပြီကော….

“ကဲ… ခင်ဗျား… ကိုယ့်ဖာသာ တောထဲပြန်ပါတော့။ ဒီစာအုပ်က ကျွန်တော့်အဖွားရဲ့စာအုပ်။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး….”

“မင်း ဒီစာအုပ်အကြောင်း ဘာမှမသိသေးလို့ ပြောတာ။ ဒီစာအုပ်ရှိသရွေ့ မင်း ဘ၀ဘယ်တော့မှ အေးအေးချမ်းချမ်းမနေရဘူး။ ဟိုဘက် လောက ကအကောင်တွေက ဒီစာအုပ်ကို အသေအလဲလိုက်နေတာ…. ”

“ဒီစာအုပ်ကို သူတို့ ဘာလို့လိုချင်ကြတာလဲ….”

ကြောင်အသွင်ယူထားသည့် တောင်စောင့်နတ် ၀ံပုလွေက စ၀်ခွန်ပိုင်၏ အိပ်ယာထက်တွင် အကျဝင်ထိုင်ပြီး ပြောလိုက်သည်။

“အင်း… မင်းက မင်းအဖွား စောမေသိရိ အကြောင်း ဘာမှ မသိဘူးကိုး။ မင်းနဲ့ရုပ်တထေရာတည်းတူပေမယ့် မင်းအဖွားက မင်းထက် အဆပေါင်းများစွာ ထက်တယ်၊ တသက်တာလုံး သူတွေ့ခဲ့တဲ့ပရလောကသားတွေကို အနိုင်ဆော်ပစ်ပြီး အဲ့ကောင်တွေရဲ့ နာမည်ကို ယူထားတာ။ ပရလောကမှ နာမည်က အရေးကြီးဆုံးပဲ။ ဒီနာမည်ကို ပိုင်ထားရင် ပိုင်ရှင်က အဲ့ကောင်ကို ခိုင်းချင်တာ ခိုင်းလို့ရတယ်။ ပြီးတော့ ပရလောကသားက တမလွန်ကို ကူးပြောင်းချင်လို့လည်း မရဘူး။ ဒီနာမည်ကို ပြန်ပေးမှ သူတို့လွတ်လပ်သွားမှာ။”

“အင်း… ဒါဆို ကျွနတော့်နောက်ကို လိုက်တဲ့အဖြူရောင် သရဲမကြီးက ပြန်တောင်းတာ ကျွန်တော့်အဖွားယူထားတဲ့ သူ့နာမည်ပေါ့…”

“ဟုတ်တယ်။ မင်းအဖွားက တကယ့် fighter ပဲ။ သူဆုံးသွားမှ ပရလောကသားတွေ ငြိမ်သွားတော့တယ်။ အင်း လူတွေရဲ့အသက်က တိုတောင်းလိုက်တာ။ မျက်စိတမှိတ်စာပဲရှိတယ်။ ”

တောင်စောင့်နတ်၏ ညည်းသံကြောင့် စ၀်ခွန်ပိုင် တွေခနဲဖြစ်သွားခဲ့သည်။ မိမိတို့လူသားတွေရဲ့ အသက်က အဲ့လောက်တိုတောင်းတာတောင် ခံစားရတာ မသေရုံတမယ်ပဲဖြစ်သည်။ သူတို့လိုများသာ အသက်ရှည်လျှင် အမှုန့်ဖြစ်သွားမည်ထင်သည်။ 

“ခင်ဗျားကို စာအုပ်မပေးနိုင်ဘူး။ ကျွန်တော့်ဖာသာ ရအောင်ကာကွယ်မယ်။ ခင်ဗျားနေရာကိုပြန်ပါတော…”

“ပြန်လို့မရတော့ဘူး။ မင်းက ငါ့လောကစည်းကို ချိုးဖျက်လိုက်ပြီ။ ငါလည်း နိုးသွားပြီဆိုတော့ ဒီစာအုပ်ကို ကာကွယ်ဖို့ မင်းအနားမှာနေမှဖြစ်မယ်….”

“ခင်ဗျားက ဘယ်လိုပုံနဲ့နေမှာလဲ။ ”

“ကြောင်ပုံနဲ့ပဲပေါ့ကွာ…”

“ကျွန်တော့်မှာ ကြောင်လေးရှိပြီးသားဗျ…”

တောင်စောင့်နတ်က အိပ်ယာထက်မှာခွေနေရင်း မိန့်မိန့်ကြီးပြုံးကာ ပြောလိုက်သည်။

“မင်းရဲ့ကြောင်က သေသွားပြီ။ အဲ့ကြောင်ကို သရဲမသတ်လိုက်ပြီး သူ့ဝိဥာဉ်ဝင်နေတာ။ ငါ ဒီကိုလာတော့ သူ့ကို မောင်းထုတ်လိုက်လို့ တောစပ်ထဲ ပြေးထွက်သွားပြီ…”

ထိုစကားကိုကြားသော် စ၀်ခွန်ပိုင် မျက်လုံးပြူးသွားသည်။ မဖြစ်နိုင်ပါ။ ဒီတောင်စောင့်နတ် မိမိကိုလိမ်နေသည်ဟုထင်ကာ စိုက်ကြည့်နေတော့ တောင်စောင့်နတ်ကာ စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းကြောင်ရဲ့ အပြုမှုပြောင်းနေတာ မသိဘူးလား။ အရင်တုန်းက အသားစိမ်း ငါးစိမ်းစားဖူးရဲ့လား။ အခုက ရှဥ့်ကို ကိုက်သတ်ပြီးစားတယ်။ သူက မင်းကိုလည်း ကုတ်တယ်။ အဓိက မင်းရဲ့သွေးကို လျက်မိလို့ ဒီအိမ်ထဲ စိတ်တိုင်းကျဝင်လို့ရနေတာ… ငါထင်တာ မမှားဘူးဆိုရင် ဟို သရဲနှစ်ကောင်ကို ၀င်ခွင့်ပြုပြီး မင်းကို သတ်ခိုင်းတာ သူပဲဖြစ်မယ်။”

“ကျွန်တော့်ကြောင်ထဲကို ၀င်တဲ့သရဲမက ဘာကြောင့် ကျွန်တော့်ကို သတ်ချင်နေတာလဲ။”

“သူ ဒီအိမ်ထဲ နေချင်လို့ဖြစ်မှာပေါ့….”

“မဖြစ်နိုင်ဘူး….”

အကိုလက်ဆောင်ပေးထားသည့် ကြောင်က သေသွားပြီး သရဲပူးနေသည်တဲ့ ။ မယုံနိုင်ပါ။ အင်မတန်ကို ယဉ်ပါးပြီး မိမိကို ခင်သည့်ကြောင်လေးက သရဲပူးပြီး မိမိကိုသတ်ဖို့ကြံနေသည်တဲ့။ မဖြစ်နိုင်ပါ….

“မဖြစ်နိုင်ဘူး ထင်ရင် ငါ သက်သေပြပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ စာအုပ်ကို မင်းငါ့ကို အရင်ပေးထားပါ။ သရဲမ အဖြူက 
သူ့နာမည်ကို ပြန်လိုချင်တာဖြစ်ပေမယ့် အနက်ကောင် အောက်တန်းစားကောင်က ဒီစာအုပ်ကို ရရင် ကျန်တဲ့ကောင်ကို ထိန်းချုပ်ပြီး မကောင်းတာလုပ်ဖို့ရည်ရွယ်နေပုံရတယ်။ ”

စ၀်ခွန်ပိုင်သည် တောင်စောင့်နတ်ပြောသည်ကို ပြန်စဉ်းစားတော့ဖြစ်နိုင်သည်ကို သိလိုက်သည်။ ပြီးတော့ အဖွားအကြောင်းပါလာသဖြင့် သိလိုစိတ်နှင့် ပူစီကိုမေးလိုက်သည်။

“ခင်ဗျား..ကျွန်တော့်အဖွားကို သိသလား။ ”

“သိတာပေါ့… သူက မွေးရာပါ သရဲမြင်နိုင်တဲ့အစွမ်းရှိတယ်။ ပြီးတော့ ခွန်အားသိပ်ကြီးတယ်။ သူက ဘယ်သရဲကို မဆို 
အနိုင်ချနိုင်တယ်။ ဒါပေမယ့် သူ့အစွမ်းကြောင့် သူ့ဘေးက လူတွေက သူ့ကို လူလိမ်ဆိုပြီးစွပ်စွဲကြတယ်။ ဒါကြောင့်သူက လူတွေနဲ့ မပေါင်းတော့ဘူး။ သူ့ကိုကြည့်ရင် အမြဲ တစ်ယောက်တည်းပဲ။ အမြဲ တောစပ်တွေ၊ လူရှင်းတဲ့နေရာတွေမှာ လျှောက်သွားနေတယ်။ တွေ့သမျှ သရဲတိုင်းကို စိမ်ခေါ်တယ်။ မိန်းကလေးပေမယ့် အရမ်းကို သတ္တိရှိတယ်။ သူက ငါတွေးဖူးသမျှမှာ အပွင့်လင်းဆုံးနဲ့ အရဲရင့်ဆုံးမိန်းကလေးပဲ…။ သူလိုချင်တာကို သိတယ်။ ၇အောင်လည်းယူတယ်။ လူတွေ သူ့ကိုပစ်ပယ်လည်း အဲ့အချက်မှာ နှစ်မြှုပ်မသွားဘူး။ သူ့စွမ်းရည်ကိုလက်ခံတယ်။ သူလုပ်စရာရှိတာကို လုပ်တယ်။”

စ၀်ခွန်ပိုင်သည် မိမိရင်ဆိုင်ခဲ့ရသည့် အပစ်ပယ်ခံရခြင်း၊ အထီးကျန်ခြင်းကို မိမိနှင့်ထပ်တူ ကျော်ဖြတ်ခဲ့သည့် အဖွားအကြောင်းကို ကြားသည်နှင့် အားတက်လာခဲ့သည်။ ဒါပေမယ့် မိမိအဖွားအတင်းကျပ်ယူထားသည့် နာမည်များကို ပြန်ပေးချင်သည်။ ဒါကြောင့် တောင်စောင့်နတ်ကို မေးလိုက်သည်။

“ခင်ဗျား နာမည်တွေ ပြန်ပေးရမယ့် နည်းကို သိသလား…”

“သိတာပေါ့… မင်းက ဘာလုပ်မလို့လဲ…”

“ပြန်ပေးမလို့ဗျ။ သူတို့နာမည်ကို အဖွားက အတင်းယူထားတယ်လို့ပြောတယ်မလား။ သူတို့လည်း ဘ၀ကူးလို့လည်း မရပဲ ပိတ်မိနေမှာ မလိုချင်ဘူး။ ဒါကြောင့် အဖွားယူထားတဲ့ နာမည်အားလုံးပြန်ပေးချင်တယ်…”

“မင်းအဲ့လိုလုပ်လို့ မဖြစ်ဘူး။ တချို့အကောင်တွေက ဆိုးလွန်းလို့ မင်းအဖွားက အနိုင်တိုက်ပြီး ချုပ်ထားတာ။ ”

“အဲ့အကောင်တွေကလွဲရင် အများစုက ကောင်းတဲ့ သရဲတွေမဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို ကူညီပေးပါ… ”

“အင်း… မင်းလည်း မင်းအဖွားလို ထင်တာလုပ်ပြီး ခေါင်းမာတဲ့ကောင်လေးပဲ…. အဲ့ဒါ အရမ်းအန္တာရာယ်များတယ်နော်…”

“များပါစေ။ ကျွန်တော်ရအောင်လုပ်မယ်….”

“ကောင်းပြီလေ။ ငါ့ကို မင်းနဲ့အတူနေဖို့ ခွင့်ပြုရင် ကူညီမယ်…”

“ရပါတယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့် ကြောင်မလေးလိုတူအောင် ဖန်ဆင်းလိုက်ပေါ့ဗျာ…။ ”

စ၀်ခွန်ပိုင်ပြောလိုက်သည်နှင့်ကြောင်က ချက်ချင်းပုံပြောင်းသွားခဲ့သည်။ မိမိ၏ ပူစီလေးနှင့် တထပ်တည်းသော ပူစီတစ်ကောင်၊ ဒါပေမယ့် ဒီတောင်စောင့်နတ်ရဲ့ဟိတ်ဟန် အရှိန်ဝါက ပိုကြီးသည်။ 

“ဟင်…ခင်ဗျားက ကြောင်ထီးပုံဖန်ဆင်းထားတာလား…”

“ငါက အထီးပဲ။ အမပုံတော့ မဖန်ဆင်းနိုင်ဘူး။ ဒါနဲ့ မင်း ငါ့ကို ဆရာလို့ခေါ်ရမယ်… ငါက မင်းကို နာမည်ပြန်ပေးနည်းသင်ပေးမှာမို့။ ပြီးတော့ ငါ့ရဲ့ အစွမ်းကိုသုံးပြီးမှ မင်းပြန်ပေးလို့ရမယ်…”

စ၀်ခွန်ပိုင် တချက်အကဲခတ်ကြည့်ပြီးနောက် အတည်ပြောနေမှန်းသိကာ ခေါင်းငြိမ်းလိုက်သည်။

“ကောင်းပါပြီဗျာ… ညောင်ညောင်ဆရာပေါ့…”

“ဘာညောင်ညောင်တုန်း… ဆရာဆို ရပြီ….”

“အခြားလူတွေရှေ့ကျ ကြောင်ကို ဆရာခေါ်ရင် ကျွန်တော့်ကို အရူးလို့ ထင်မှာပေါ့ဗျ…..”

“အေး..ပြီးတာပဲ… ဒီတခုကို ခွင့်ပြုလိုက်မယ်…”

ဒီလိုနှင့် ညောင်ညောင်ဆရာ ဆိုသည့် တောင်စောင့်နတ် စ၀်ခွန်ပိုင်နှင့် အတူစနေဖြစ်ခဲ့သည်။

------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??