အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (27)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (27)

စဝ်ခွန်ပိုင်သည် ထက်ခေါင်၏စကားကြောင့် အစ်ကို့မျက်လုံးထဲမှ လက်ခနဲဖြစ်သွားသည့် ရက်စက်ကြမ်းကြုတ်သည့် အရိပ်ကိုမြင်လိုက်တော့ စိတ်မကောင်းဖြစ်သွားသည်။ လျှပ်ပြက်သလို တစ်ခဏအတွင်း ပေါ်လာပြီး ပျောက်သွားသည့် အတွင်းစိတ်မှ ထင်ဟပ်လာသည့်အရိပ်ကို ယခင်က မိမိ လုံးဝ သတိပြုမိမည်မဟုတ်သော်လည်း ယခု ထင်ထင်ရှားရှား သတိပြုမိသွားခြင်းက တောင်ထိပ်မှာကျင့်ခဲ့သည့် မိမိစွမ်းအားကြောင့်ဖြစ်ရမည်ဟု တွေးကာ ထိုအစွမ်းကို အံ့အားသင့်သွားမိသည်။

"ပိုင်လေး.. မင်း အစ်ကို့ကို ရွံသွားပြီလား.. ကိုယ်က မင်းထင်သလို မြင့်မြတ်တဲ့သူ မဟုတ်လို့.. ကိုယ့်ကို စက်ဆုပ်သွားပြီလား.."

အောင်မြင့်မြတ်က ခွန်ပိုင်၏လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ စဝ်ခွန်ပိုင်က ခပ်လှမ်းလှမ်းမှ မိမိကိုလှမ်းကြည့်နေသော ညောင်ညောင်ဆရာ၏မျက်ဝန်းထဲမှ လူသတ်လိုရိပ်ကိုတွေ့တော့ အစ်ကို့လက်ကို အသာဖယ်ချကာ ပုံမှန်အတိုင်း အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"အစ်ကို့ကို ကျွန်တော် စိတ်မဆိုးပါဘူး.. ရွံလဲ မရွံပါဘူး.. ဘာ့ကြောင့်လဲဆိုတော့ အစ်ကိုလဲ အစ်ကို့ဘဝ၊ အစ်ကို့အခက်အခဲနဲ့ ရုန်းကန်မှု၊ ရွေးချယ်မှုဆိုတာ ရှိမှာပဲလေ.. ကျွန်တော်က ကိုယ့်ဘဝနဲ့ကိုယ်နေပြီး အစ်ကို့ကို အပြစ်တင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.."

စဝ်ခွန်ပိုင် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ တစ်ဖက်သား၏အခြေအနေကို သေချာမသိဘဲ ပြစ်တင်ရှုံ့ချသည့်လူများကို ကိုယ်တွေ့ကြုံပြီး ခါးသီးမှုကို ကျော်ဖြတ်လာပြီးနောက် ထိုသို့သောအဖြစ်အပျက်ကို သူတစ်ပါးအပေါ် မိမိ ဘယ်တော့မှ ပြုမူမည်မဟုတ်ပေ။ အစ်ကို့ရွေးချယ်မှုက ယခင်က အစ်ကို့ကိုချစ်ခဲ့ဖူးသည်နှင့် မသက်ဆိုင်သကဲ့သို့ ရှေ့ဆက် မိမိသွားမည့် ဘဝခရီးနှင့်လဲ မသက်ဆိုင်တော့ပေ။ ဒါကို အစ်ကိုသိအောင် ပြောပြမှဖြစ်တော့မည်။

"ဒါဆို.. အစ်ကို့ကို မင်း ခွင့်လွှတ်တယ်ပေါ့.. နော်.. ဟုတ်လား ပိုင်လေး.."

အောင်မြင့်မြတ်သည် လက်ကိုဖြုတ်ခံလိုက်ရစဉ် မျက်နှာပျက်သွားပေမယ့် ပိုင်လေး၏စကားကိုကြားသော် အားတက်သွားသည်။

"အစ်ကို့ဘဝအတွက် အစ်ကို လွတ်လပ်စွာ ရွေးချယ်နေရတဲ့ အဖြစ်အပျက်အပေါ် ကျွန်တော် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မရှိပါဘူး အစ်ကို.. အစ်ကိုနဲ့ကျွန်တော်က သက်ဆိုင်မှုမရှိကြတော့တာ ကြာပါပြီ.. အခုက မိတ်ဆွေချင်း ပတ်သက်မှုပါပဲ.."

အောင်မြင့်မြတ်သည် ထိုစကားကိုကြားသော် ရင်ထဲမှ ခါးသီးသည့်ခံစားချက်က တစ်ကိုယ်လုံးကိုပျံ့သွားပြီး ဓားထက်ထက်နှင့် သံယောဇဉ်ကြိုးကို လှီးဖြတ်နေသလို ခံစားလိုက်ရသည်။ လူသတ်ချင်စိတ်ကို မြိုသိပ်ကာ အောက်ကျို့ခံပြီး ဆက်လက်တောင်းဆိုလိုက်သည်။

"ကိုယ်လုပ်ခဲ့သမျှက ပိုင်လေးနဲ့ အတူနေနိုင်ဖို့ပါ.."

"ဟိုးအရင်ကတည်းက......၊ ကျွန်တော်နဲ့မတွေ့ခင်ကတည်းက အစ်ကို ဒီလိုတွေးပြီး လုပ်ခဲ့တာလို့ ပြောချင်တာလား.."

စဝ်ခွန်ပိုင်က အောင်မြင့်မြတ်ကို သေချာအောင်ထပ်မေးလိုက်တော့ အောင်မြင့်မြတ် မျက်နှာပျက်သွားသည်။ သူပြောတာများသွားလို့ ဥာဏ်ထက်တဲ့ကောင်လေးက စကားထဲကအမှားကို ချက်ချင်းဖမ်းကာ မေးလိုက်ခြင်းဖြစ်သည်။ အောင်မြင့်မြတ် အမှန်အတိုင်းဖြေဖို့ ဆုံးဖြတ်လိုက်သည်။ ဒီကောင်လေး၏အားနည်းချက်က အမှန်အတိုင်းဝန်ခံလျှင် ခွင့်လွှတ်တတ်သည်။

"အစ်ကိုငယ်စဉ်က စွမ်းအားကြီးချင်တဲ့ ရည်မှန်းချက်ကြောင့် ဖြတ်လမ်းလိုက်ခဲ့မိတယ် ပိုင်လေး.. အဲ့ဒီ့နောက် ဒီလို စက်ဆုပ်စရာအလုပ်ကို ဘယ်တော့မှထပ်မလုပ်ဘဲ ကြိုးစားခဲ့တာပါ.. ဒါပေမယ့်.. အခုတစ်ခေါက်ကတော့... အစ်ကို.. မင်းကြောင့်.. ဒီနွံထဲကို နောက်တစ်ခါ ထပ်ဆင်းခဲ့တာပါ.."

အောင်မြင့်မြတ်၏စကားကြောင့် စဝ်ခွန်ပိုင် သက်ပြင်းဖွဖွချလိုက်သည်။ မိမိကြောင့်.. သူ.. ဘုန်းထက်ရှိန်၏ခြေရင်းအောက်ကို တစ်ဖန် သက်ဆင်းသွားရသည်ကို တွေးမိတော့ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

"ကျွန်တော်တောင်းပန်ပါတယ်.. ကျွန်တော့်ကြောင့် အခက်အခဲဖြစ်ရတာကို ပြန်ပေးဆပ်ပါ့မယ်.."

စဝ်ခွန်ပိုင်၏စကားကိုကြားသော် အောင်မြင့်မြတ်၏မျက်နှာ ဝင်းထိန်သွားသလို ထက်ခေါင်၏မျက်နှာက တင်းခနဲဖြစ်သွားသည်။ ဒီကောင်လေး မိမိသတိပေးထားလျက်နှင့် လူယုတ်မာကောင်ဆီ တိုးသွားတော့မည်လားဟု တွေးနေစဉ် ခွန်ပိုင်က မိမိဘက်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

"အစ်ကို့ကို ထိန်းချုပ်ထားတဲ့လူကို ခင်ဗျား နိုင်အောင်တိုက်နိုင်လား ညောင်ညောင်ဆရာ.."

"ငါ့အတွက် အေးဆေးပဲ.."

"ကောင်းပြီ.. ဒါဆို အစ်ကို့ရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်ဖို့ ဘုန်းထက်ရှိန်ကို သွားတိုက်ရအောင်.."

အောင်မြင့်မြတ်သည် မှန်းချက်နှင့်နှမ်းထွက် မကိုက်သောအခါ လူသတ်ချင်ရိပ်တို့ မျက်နှာမှာ ပေါ်လာတော့သည်။

"ခွန်ပိုင်.. မင်း ကိုယ့်ဆီကို ပြန်လာပါ.. ကိုဘုန်းက မင်း ယှဉ်လို့ရတဲ့လူ မဟုတ်ဘူး.. ကိုယ့်ဆီသာ ပြန်လာပါ.. ကိုယ့်ရဲ့နာကျင်မှုကို ဖေးမလှည့်ပါ.. ဒီဝံပုလွေကောင်ရဲ့စကားကို နားမယောင်ပါနဲ့.."

ခွန်ပိုင်က နောက်ကိုဆုတ်သွားပြီး အေးဆေးစွာပြောလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ယုံတယ် အစ်ကို.. ပြီးတော့.. အစ်ကို့ကို ထိန်းချုပ်ထားတဲ့လူက သူ့ပင်ကိုယ်စိတ် မရှိတော့ဘူး.. သူ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး မှော်ဝိညာဉ်တစ်ခုက အပိုင်စီးထားတာကြာပြီ.. ပြီးတော့.. အစ်ကို့အပေါ် သူ့ရဲ့စွမ်းအင်က အတော်လွှမ်းမိုးနေပြီ.. အစ်ကို့စိတ်ဝိညာဉ်ကို မရောင်းလိုက်ပါနဲ့.. အစ်ကို မကောင်းဆိုးဝါးဘဝကို ရောက်သွားလိမ့်မယ်.."

တကယ်တော့ စဝ်ခွန်ပိုင်က အောင်မြင့်မြတ် ဝင်လာကတည်းက သူ့ကိုယ်ပေါ်လွှမ်းနေသည့် အမည်းရောင်မှော်စက်ဝန်းကို မြင်ပြီးသားဖြစ်သည်။ တောင်ထိပ်ပေါ်မှာ လေ့ကျင့်ခဲ့ခြင်းက ဝိညာဉ်များသာမက မကောင်းသည့်ကျင့်စဉ်မှ ဖြာထွက်လာသည့် မကောင်းသည့်ရောင်ခြည်များကိုပါ မြင်နိုင်သဖြင့် အစ်ကို့ကို လက်ကျန်သံယောဇဉ်ကြောင့် အေးအေးသက်သာ ဖျောင်းဖျနေခြင်းဖြစ်သည်။ မိမိအပေါ် အစ်ကို့ရဲ့သံယောဇဉ်၊ အစ်ကို့လောဘ၊ အစ်ကို့ သတ်ဖြတ်ချင်သည့် ဒေါသအားလုံးကို စဝ်ခွန်ပိုင် တိုက်ရိုက်ခံစားနေရပြီးဖြစ်သည်။

"ဟား.. ဟား.. ဟား.. မင်းရဲ့ ရှေးဟောင်းမှော်သွေး နိုးထလာပြီကိုး.. ကောင်းတယ်.. ကောင်းတယ်.. မင်းကိုသတ်ပြီး ရှေးဟောင်းမှော်စွမ်းအားကို တစ်ခါတည်း စုပ်ယူလိုက်ရုံပဲ.. ပြန်လာတော့ အောင်မြင့်မြတ်.."

ထိုစကားကိုကြားသော် အောင်မြင့်မြတ်က ဘုန်းထက်ရှိန်ဘေးကို ချက်ချင်းသွားရပ်ကာ ထက်ခေါင်နှင့်စဝ်ခွန်ပိုင်ကို ပွင့်ပွင့်လင်းလင်း လူသတ်ချင်ရိပ်ဖြင့် ကြည့်နေတော့သည်။

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်၏ပါးလေးကို လက်နှင့်သပ်ကာ ပြုံးစစနှင့် မေးလိုက်သည်။

"ခါးသီးတယ်မလား.. ကိုယ်ရဲ့အရုပ်လေး သူများဆီရောက်သွားတာ မလိုချင်ဘူးမလား.. အေး.. ကိုယ်လည်း မင်းအပေါ် ဒီလိုခံစားရတာပဲ.."

ဘုန်းထက်ရှိန်၏စကားကိုကြားသော် အောင်မြင့်မြတ် ရိုကျိုးစွာခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ.. ကိုဘုန်းနဲ့ဝေးရာ ဘယ်တော့မှ မသွားတော့ပါဘူး.."

ဘုန်းထက်ရှိန်က ထိုစကားကိုကြားသော် ကျေနပ်စွာရယ်မောကာ နှုတ်ခမ်းလေးကို ငုံ့ကာနမ်းလိုက်သည်။

ထက်ခေါင်သည် စဝ်ခွန်ပိုင်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဒီအယုတ်တမာကောင်က တစ်ဖက်သား၏စိတ်ကိုနှိုးဆွပြီး စိတ်မထိန်းနိုင်အောင် လုပ်သည့်နေရာတွင် တော်လွန်းလှသဖြင့် ခွန်ပိုင့်ကို ထောင်ချောက်ဆင်နေသည်ကို သိလိုက်သည်။

"ခင်ဗျားတို့ကို နှောင့်ယှက်ရတာ အားနာပါတယ်.. ဒါပေမယ့်.. ကျွန်တော်တို့ အချိန်မရလို့ အရင်တိုက်ကြရင် မကောင်းဘူးလား.."

သို့ပေမယ့် စဝ်ခွန်ပိုင်က တည်ငြိမ်စွာပြောလိုက်သဖြင့် ဘုန်းထက်ရှိန်က အနမ်းကိုရပ်ကာ ခွန်ပိုင့်ကို စူးရဲစွာကြည့်ကာ ပြောလိုက်သည်။

"ငါ့ကိုတောင် နှောင့်ယှက်ရဲတယ်ပေါ့.. ဟုတ်လား.. ဒီမှာ လူသားကောင်လေး.. မင်းကိုယ်ထဲက အခုမှနိုးထလာတဲ့ ရှေးဟောင်းမှော်သွေးက သက်တမ်းထောင်ချီနေတဲ့ ငါ့စွမ်းအားကို ယှဉ်နိုင်မယ်ထင်နေတာလား... ကောင်းပြီလေ.. မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့.."

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်ကို အမိန့်ပေးလိုက်သည်။

"သူ့ကို သွားသတ်ခဲ့.."

"ဟုတ်ကဲ့.."

အောင်မြင့်မြတ်က ချက်ချင်းပြန်ဖြေပြီး စဝ်ခွန်ပိုင်ရှိရာကို တစ်လှမ်းစီ တိုးလာခဲ့သည်။

အောင်မြင့်မြတ်သည် မိမိကို တစ်ခါတည်းငြင်းရုံသာမက မိမိကိုယ်ထဲမှ မှော်နက်စွမ်းအားကို မြင်လိုက်သည့် စဝ်ခွန်ပိုင်ကိုကြည့်ကာ ရင်ဝယ် မနာလိုခြင်း၊ မုန်းတီးခြင်းတို့ကြောင့် လူသတ်လိုရိပ်တို့ ပိုတိုးလာခဲ့သည်။ တစ်ချိန်က မိမိအောက်မှာ အော်ညည်းနေသည့် ကောင်လေး..၊ မိမိပြုသမျှ နုသည့် ကောင်လေး..၊ မိမိလှည့်သမျှ သံသယကင်းကင်းနှင့် ယုံကြည်သည့်ကောင်လေးက ယခုတော့ နောက်တစ်ယောက်ရှိလာပြီး မိမိကို ဒီလိုလေသံနှင့် ပြောလာသည်ကို အောင်မြင့်မြတ် ဘယ်လိုမှ သည်းမခံနိုင်ပေ။ သေရမည်..။ ဒီကောင်လေးကို မိမိမှ မရလျှင် ဘယ်သူမှ မရစေရ..။ သူ.. သေရမည်..။

အောင်မြင့်မြတ် ထိုသို့ဆုံးဖြတ်ပြီး မိမိစွမ်းအားကို စုစည်းကာ စဝ်ခွန်ပိုင်ဆီကို အားကုန် ရိုက်ချလိုက်သည်။ ပြင်းထန်သည့်အားများက စဝ်ခွန်ပိုင်ဆီသို့ တရှိန်ထိုး တိုးဝင်လာခဲ့သည်။

ခွန်ပိုင်သည် အစ်ကိုထံမှ ပစ်လွှတ်လိုက်သည့် ရက်စက်ပြင်းထန်သည့် အားများကိုမြင်သော် သက်ပြင်းရှိုက်လိုက်သည်။

"အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲတာ လွယ်လှချည်လား အစ်ကို.."

"ခပ်ညံ့ညံ့လူသားတွေရဲ့အချစ်က စကတည်းကမှ မစစ်မှန်တာ.. ဒါကို အချစ်လို့ ခေါ်လို့မရဘူး.. ဒါက လောဘသက်သက်ပဲ.."

ခွန်ပိုင့်စကားကိုကြားပြီး ထက်ခေါင်က နံဘေးမှ အထင်သေးစွာပြောပြီး လက်တစ်ချက်မြှောက်ကာ အောင်မြင့်မြတ်၏အားကို ကာလိုက်သည်။ အဆုံးအစမဲ့ တွင်းနက်ကြီးထဲ ကျသွားသလို ပတ်ဝန်းကျင်ကိုရိုက်ခတ်နေသည့် အောင်မြင့်မြတ်၏ စွမ်းအား,အားလုံး ပျောက်ကွယ်သွားတော့သည်။

ဘုန်းထက်ရှိန်က ဝင်မပါဘဲ အောင်မြင့်မြတ်နှင့် ထက်ခေါင်တို့တိုက်ပွဲကို အေးအေးသက်သာ ရပ်ကြည့်အကဲခတ်ပြီးနောက် လေထုထဲသို့ တစ်စုံတစ်ခု ပစ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခုခုနှင့် ဖုံးအုပ်သွားတော့သည်။

ထက်ခေါင်၏မျက်လုံး စူးရှလာပြီး ပထမဆုံး ပြုံးလာခဲ့သည်။ စဝ်ခွန်ပိုင်သည် မာနကြီးသည့် ညောင်ညောင်ဆရာ၏ မျက်နှာကိုသာ မြင်ဖူးနေရာမှ ယခုလို ပြုံးလိုက်သည်ကိုတွေ့တော့ ရင်ထဲ တစ်မျိုးခံစားလိုက်ရသည်။ ဒီအပြုံး..။ ဒီအပြုံးကို မိမိ အကြိမ်ပေါင်းများစွာ တွေ့ဖူးနေသလို၊ မိမိနှင့် ယဉ်ပါးနေသလို..။ ဘာ့ကြောင့်မှန်းမသိ ထက်ခေါင်က မိမိနှင့် နှစ်ပေါင်းများစွာ အတူရှိလာသည့်လူလို ရုတ်တရက် ခံစားလိုက်ရသည်။

ထက်ခေါင်က ဘုန်းထက်ရှိန်ကိုလှမ်းကြည့်ကာ ခပ်လှောင်လှောင်မေးလိုက်သည်။

"သူသေကိုယ်သေတိုက်ဖို့ အကာအရံစည်းကို သုံးလိုက်တယ်ပေါ့.. မင်းကိုယ်မင်း သိပ်ကို ယုံကြည်နေတယ်ပေါ့.. ဟုတ်လား.."

"ဒီတစ်ခါတော့ ဒီကောင် ငါ့လက်ထဲက မလွတ်စေရဘူး ထက်ခေါင်.."

ဘုန်းထက်ရှိန်က ရက်စက်သည့်အပြုံးဖြင့် စဝ်ခွန်ပိုင်ကို ဆာလောင်စွာကြည့်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားသော် ထက်ခေါင် လက်သီးကိုဆုပ်လိုက်စဉ် စဝ်ခွန်ပိုင်က သူ့လက်ကိုလှမ်းကိုင်ကာ ပြောလိုက်သည်။

"ခင်ဗျားတစ်ယောက်လုံးရှိတာ ဘယ်သူ ကျွန်တော့်ကို ထိခိုက်အောင်လုပ်နိုင်မှာလဲ.."

ထိုစကားက ထက်ခေါင်၏ဒေါသကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။ စဝ်ခွန်ပိုင်ဘက်ကို တအံ့တဩ လှည့်ကြည့်လိုက်မိသည်အထိ အံ့အားသင့်သွားခဲ့သည်။

"နောင်တော်တစ်ယောက်လုံးရှိတာ ဘယ်သူ ကျွန်တော့်ကို ထိခိုက်အောင်လုပ်နိုင်မှာလဲ.."

ထိုသို့တူညီသောစကားကို လွန်ခဲ့သော နှစ်ထောင်ချီလောက်က ဒီကောင်လေး ပြောခဲ့ဖူးသည်။ ယခု ဘဝများစွာ ပြောင်းလာပြီးသည့်တိုင် ဒီစကားကို ထပ်ပြောလာသဖြင့် တဖြည်းဖြည်းနှင့် အတိတ်ဘဝကမှတ်ဥာဏ် ပြန်ရလာသည်ကိုသိတော့ ထက်ခေါင် ပျော်သွားသည်။

အောင်မြင့်မြတ်သည် ထိုစကားကိုကြားသော် ဘယ်လိုမှ မအောင့်နိုင်တော့ဘဲ နောက်တစ်ခါ စဝ်ခွန်ပိုင်ကို ဦးတည်တိုက်ခိုက်တော့သည်။ ထက်ခေါင်က ထိုတိုက်ချက်ကို ကာမည်အပြု ဘုန်းထက်ရှိန်က ခွန်ပိုင်ရှိရာကို ပျံဝဲလာခဲ့သဖြင့် ထက်ခေါင်က လမ်းကြောင်းမှ ဆီးကြိုပိတ်ကာ ရပ်လိုက်ပြီး တိုက်ခိုက်တော့သည်။

"ခွန်ပိုင်.. မင်း သူ့ကို နိုင်အောင်တိုက်ထား.. ကိုယ် ဒီကောင့်ကို ရှင်းလိုက်မယ်.."

ညောင်ညောင်ဆရာ၏စကားကြောင့် ခွန်ပိုင်က မိမိကိုတိုက်ခိုက်လာသည့် အစ်ကို့ကို ရင်ဆိုင်လိုက်သည်။ မိမိထံကို တိုက်ရိုက်တိုးဝင်လာသည့် ရက်စက်သည့်အငွေ့အသက်များကို လက်နှင့်ယမ်းကာ ကာလိုက်စဉ် မိမိလက်ဖဝါးမှ ငွေရောင်လဲ့လဲ့သမ်းသည့် အားလှိုင်းများထွက်လာပြီး အမည်းရောင်အားကို လမ်းမှဆုံကာ ပယ်ဖျက်လိုက်သည်။

အောင်မြင့်မြတ်သည် မိမိက အားတစ်ဝက်တိတိထည့်ကာ တိုက်ခိုက်လိုက်သော်လည်း ခွန်ပိုင်၏ အသာအယာ ယမ်းလိုက်လိုက်သည့် လက်တစ်ဖက်နှင့်ပင် အားများ ပျက်ပြယ်သွားသည်ကိုတွေ့သော် မျက်ဝန်းတစ်စုံ ကျဉ်းမြောင်းသွားတော့သည်။ မိမိမှာ လူပျိုပေါက်ဘဝကတည်းက အသွေးအသားကိုရင်းကာ စွမ်းအားတက်အောင် လုပ်ခဲ့ရသည်။ ယခုရက်ပိုင်းလည်း အသွေးအသားကိုဆက်သကာ စွမ်းအင်တိုးအောင် လုပ်ခဲ့သည်။ ယခင်ထက် သုံးဆတက်လာသည့်တိုင် ယခု တစ်လလောက်အတွင်း လေ့ကျင့်လာသည့် ကောင်လေးကို ရှုံးနိမ့်ရသည်ဆိုတော့.. အောင်မြင့်မြတ်၏ရင်ထဲ ခါးသက်သက်ဖြစ်သွားခဲ့သည်။

လောကကြီးက ဘယ်လိုတောင် မတရားလိုက်သလဲ..။

ကြိုးစားသူထက် မကြိုးစားသူကို ဒီလောက်စွမ်းအားတိုးအောင် ဘာကြောင့် ကူညီပေးသလဲ..။

ရှေးဟောင်းမှော်သွေးပါသည် ဆိုရုံနှင့် မိမိကြိုးစားသမျှ အလကားဖြစ်ရတော့မည်လား..။

ဒါဆို မိမိသခင် ရည်ရွယ်သလို သူ့ကိုသတ်ပြီး သူ့စွမ်းအားကို အရယူရုံပဲ ရှိတော့မည်။

ထိုသို့တွေးလိုက်မိသည်နှင့် အောင်မြင့်မြတ်၏ကိုယ်ထဲမှ ပိတ်လှောင်ထားသော တစ်စုံတစ်ရာ ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရပြီး သွေးကြောထဲကို အင်အားကြီးသည့်အားလှိုင်းများ ပျံ့နှံ့သလိုဖြစ်ကာ နာကျင်လွန်းလှစွာအော်ဟစ်ပြီး ပုံလဲကျကာ မြေပေါ် လူးလှိမ့်နေရသည်။

"အစ်ကို.."

စဝ်ခွန်ပိုင်သည် ရုတ်တရက် မိမိယမ်းလိုက်သည့်အားက အစ်ကို့ဘက်က လာသည့်အားကို ပယ်ဖျက်လိုက်စဉ် အစ်ကို တစ်ချက်ကြောင်ငေးသွားပြီး ရုတ်တရက် အစ်ကို့ရင်ဘတ်အတွင်းမှ အနက်ရောင်တစ်စုံတစ်ရာ ပေါက်ကွဲလာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်အငွေ့ကြောင့် အစ်ကို မြေပြင်ပေါ်လဲကျကာ သေလုမျောပါး အော်ညည်းနေသည်ကိုတွေ့သော် ရုတ်တရက်ဖြစ်လို့ ခွန်ပိုင် ဘာမှမစဉ်းစားနိုင်တော့ဘဲ အစ်ကို့နားကို လှမ်းလာခဲ့စဉ် ထက်ခေါင်၏ လှမ်းအော်သံကို ကြားလိုက်ရသည်။

"အနားမကပ်နဲ့.. အဲ့ဒီကောင် အဆင့်တက်နေတာ.."

သို့သော် ခွန်ပိုင်က အစ်ကို့နားကိုရောက်ကာ ပွေ့ထူမိလျက်သားဖြစ်နေပြီး ထက်ခေါင်၏အော်သံကြောင့် အစ်ကို့ကို ပြန်ချမည်အပြု အစ်ကို့လက်အစုံက ပြုတ်တူလို ခွန်ပိုင်၏လည်ပင်းကို တင်းကျပ်စွာ ညှစ်လာတော့သည်။

ဖျပ်ခနဲပွင့်လာသည့်မျက်လုံးက ရဲရဲနီကာ သွေးဆာသည့်အရိပ်များ ဖုံးလွှမ်းလို့နေသည်။

"အစ်ကို.."

"မင်းက ထင်ထားတာထက် စွမ်းအားများတာပဲ.. မင်းကိုသတ်ပြီး စွမ်းအားစုပ်ယူလိုက်ရင် ငါလည်း သခင့်လို သန်စွမ်းလာတော့မယ်.."

ထိုစကားကိုကြားသော် ခွန်ပိုင်၏ရင်ထဲ ဝမ်းနည်းပမ်းနည်း ခံစားလိုက်ရသည်။

"အစ်ကို.. သတိရပါတော့.. နိုးထပါတော့.."

"ကျုပ် သတိကောင်းကောင်းရတယ်.. မင်းထင်သလို သူများရဲ့ လွှမ်းမိုးခံရလို့ အသိစိတ်မဲ့နေတာ မဟုတ်ဘူး.. ခွန်ပိုင်.. ခွန်ပိုင်.. မင်းကို ကျုပ် အခွင့်အရေး တစ်ကြိမ်ပေးထားလျက်နဲ့ ခွေးကောင်ကို ရွေးလိုက်တယ်.. မင်းထိုက်နဲ့မင်းကံပဲ.. ငါမပိုင်ရတဲ့အရာကို ဘယ်သူမှ မပိုင်စေရဘူး.."

ထိုစကားများက စဝ်ခွန်ပိုင်၏ရင်ကို တည်ငြိမ်သွားစေသည်။ ရင်ထဲက သံယောဇဉ်လက်ကျန်ရှိပေမယ့် အစ်ကိုကိုယ်တိုင် တူးထုတ်နေလေပြီ။ ချစ်ခဲ့သည်ကို နောင်တမရပေမယ့် ချစ်ပြီးနောက်ပိုင်း ဒီချစ်ခြင်းကို နှလုံးသားပြတိုက်မှာ ထည့်ခွင့်မရအောင် ဖျက်ဆီးခံရသည်ကိုတော့ စိတ်မကောင်းဖြစ်မိသည်။

ထက်ခေါင်သည် ခွန်ပိုင်၏လည်ပင်းကို အောင်မြင့်မြတ် ညှစ်ထားသည်ကိုတွေ့သော် ကြုံးဝါးလိုက်ပြီး ဘုန်းထက်ရှိန်ကို အားမြှင့်ကာ တိုက်ခိုက်ပြီး နောက်ဆုတ်စေရန် ကြံလိုက်သည်။ ဘုန်းထက်ရှိန်က အောင်မြင့်မြတ်ကို ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"သူ့ကို သတ်လိုက်တော့.."

ထိုအမိန့်ကိုကြားသည်နှင့် အောင်မြင့်မြတ်က ခွန်ပိုင်၏လည်ပင်းကို တစ်ခါတည်း ညှစ်ချိုးလိုက်တော့သည်။

"ခွန်ပိုင်.."

ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏အော်သံကို ကြားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှုန်ဝါးသွားတော့သည်။ မိမိချစ်ခဲ့သော၊ ချစ်နေဆဲဖြစ်သော အစ်ကို၏ ရက်စက်မှုက ခွန်ပိုင်၏ အသိစိတ်အားလုံးကို မှုန်ဝါးသွားစေတော့သည်။

 

 

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??