အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (12)

အသက်ဝင်နေတဲ့ အိမ်ကလေး
အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (12)
စ၀်ခွန်ပိုင်သည် စိုင်းထက်နှင့်အတူ တဖက်ခြံကိုကူးလာခဲ့သည်။ နေရာအနံလိုက်ကြည့်သော်လည်း မည်သည့်အရိပ်မှ မတွေ့ရသဖြင့် ညမှလာကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ညရောက်တော့ တကယ်ပဲအရိပ်မည်းမည်းပေါ်လာပြီး နှာခေါင်းစူးသည့်ကန့်နံ့က လေထုထဲလွင့်ပျံ့လာသည်။ အရပ်မြင့်မြင့်၊လူကောင်ကြီးကြီးအရိပ်၊သံကြိုးများ၏တရွတ်တိုက်သံက တိတ်ဆိတ်သည့်ညဉ့်သန်းခေါင်ယံမှထွက်ပေါ်လာလျှင်မည်သူမဆို ကြောက်မှာသေချာသည်။

ထို လူရိပ်မည်းမည်းသည် လင်းထားသည့် ဂိုဒေါင်ထဲဟိုဟိုသည်သည် မွှေနှောက်ကာ တစုံတခုကို ရှာနေပုံရသဖြင့် ညောင်ညောင်ဆရာနှင့် တိတ်တိတ်လေးချောင်းကြည့်နေမိသည်။ ထို လူရိပ်ကြီးက အတန်ကြာရှာဖွေပြီးမတွေ့သောအခါ ခြံအနောက်ကို ထွက်သွားသည်အထိ ငြိမ်ကာစောင့်နေကြသည်။

“အဲ့ကောင်ကြီးက ဒီနယ်ကမဟုတ်ဘူး။ သူ့ကိုမတွေ့ဖူးဘူး….ဘာလိုက်ရှာတယ်ဆိုတာသိအောင် လုပ်ရမှာပဲ…ကြည့်ရတာလူကို ဒုက္ခပေးမယ့်ပုံမရဘူး ဒီကောင်ကြီး အသက်မသေခင်တုန်းကကျင့်ကြံခဲ့ဖူးတဲ့ မှော်ပညာအရိပ်ငွေ့က သရဲဖြစ်တဲ့အထိ ကုန်ရှိနေ သေးတာပဲ…နောက်နေ့…ဒီအကောင်အကြောင်း တောကဲဓနည်းနာဦးမယ်…သွားကြစို့…..ညနက်လို့အေးလာပြီ… ”

ညောင်ညောင်ဆရာ၏စကားကြောင့် စ၀်ခွန်ပိုင် နောက်မှာလိုက်ကြည့်မည့်အကြဲကို လက်လျော့ကာ အိမ်ပြန်လာခဲ့သည်။ ညသန်းခေါင်ကျော်မှ အိပ်ယာဝင်သဖြင့် စ၀်ခွန်ပိုင် နိုးလာတော့ မနက်ဆယ်နာရီထိုးလေပြီ။

မျက်နှာသစ်ပြီးနောက် ခေါက်ဆွဲပြုတ်စားနေစဉ် မိုးဆွေ ငှက်ကိုစီးလာသည်. မိုးကြိုးနတ်ကွန်းမှ လူအသေးလေးရောက်လာခဲ့သည်။

“သခင်လေး…မြန်မြန်လေးခဗျ… သရဲငတ်တောထဲကိုရောက်နေပြီ ”

“ညောင်ညောင်ဆရာ…အမြန်…”

စ၀်ခွန်းပိုင်သည် စာအုပ်ကိုဆွဲယူကာ ညောင်ညောင်ဆရာကို ခေါ်ကာတောထဲကို အပြေးလိုက်လာခဲ့သည်။ တောထဲရောက်သည်နှင့် သရဲငတ်၏အသံကိုကြားလိုက်ရသည်

“အစား..ကလေး…စွန့်…ကြဲ….ကြပါ…..”

အသံကြားသည့်နောက်ကိုလာစဉ် ရုတ်တရက် မိမိကိုယ်ကိုဝင်တိုက်သည် တစုံတရာကြောင့် မြက်ခင်းပေါ်ပစ်လဲသွားခဲ့သည်

“အစားကလေး…စွန့်ကြဲကြပါ…”

ကျယ်လောင်သောအသံနှင့်အတူ အမည်းရောင်အရိပ်ကြီးက ၀ုန့်ခနဲ စ၀်ခွန်ပိုင် အနားရောက်လာခဲ့သည်။ နဖူးပြောင်ပြောင်၊ မျက်လုံး နက်နက်ကြီးကြီး၊ ဆံပင်တပင်မှ မပေါက်သည့်ခေါင်းကြီးကြီးနှင့် သရဲငတ်သည် လူသားမှန်းသိသည်နှင့် စ၀်ခွန်ပိုင်၏ လည်ပင်း ကိုလက်ကြီးနှင့်ညစ်ကာ နားအူမတတ်ကျယ်လောင်သည့် အသံဖြင့် ဟိန်းဟောက်လာခဲ့သည်။ လည်ပင်းအစ်ပြီး အသက်ရှု ရကြပ်ခြင်းနှင့်အတူ စ၀်ခွန်ပိုင်၏စိတ်အာရုံထဲ သရဲငတ်၏မှတ်ဥာဏ်တိုးဝင်လာခဲ့သည်။ မြို့စွန်လမ်း လူသွားလမ်းတွင် သရဲငတ်က လက်ဖြန့်ကာ ဖြတ်သွားဖြတ်လာ မြို့သူ၊မြို့သား များကို ဆာလောင်မွတ်သိပ်စွာဖြင့် မျှော်လင့်တကြီး အစားစာစွန့်ကြဲရန် တတတတောင်းခံနေခဲ့သည်။

“အစားကလေး စွန့်ကြဲကြပါ….စွန့်ကြဲကြပါ…စွန့်ကြဲကြပါခင်ဗျာ…..”

“ဗိုက်ဆာလို့ အစားကလေး…စွန့်ကြဲကြပါခင်ဗျာ”

လူသားများက သရဲငတ်ကို မမြင်သကဲသို့၊ ကြားလည်းမကြားသဖြင့် လက်ဖြန့်ကာ သနားစဖွယ်တောင်းခံနေသည့်သူ့ကို လျစ်လျုရှုသွားကြသည်။ တနေကုန် မက်တပ်ရပ်ကာ တစာစာ တောင်းခံသော်လည်း လူတချို့လွင့်ပစ်လိုက်သည့် အစားစာအကြွင်းကျန်နည်းနည်းဖြင့် သာတင်းတိမ်လိုက်ရသည်။

တနေ့မိမိဖြန့်ထားသည့် လက်ဖ၀ါးထဲသို့ မုန့်များကျလာသဖြင့် အံ့အားသင့်ကာ ကြည့်လိုက်စဉ် တောက်ပစွာပြုံးနေသည့် မိန်းမလှလေးတဦး၊ ဆံပင်ရှည်ကို ကျောတွင်ဖျားလျားချထားပြီး မိမိကိုမေးခဲ့သည်။

“မင်းငါ့တပည့်လုပ်မလား မင်းအတွက်စားစရာပေးမယ်လေ…….

သရဲငတ်သည် မိမိသေလွန်ပြီးနောက် ပထမဆုံး အရေးတယူနှင့် မိမိကိုတည်တည်စိုက်ကြည့်ကာ စကားပြောလာသည့် ဆယ်ကျော်သက် မိန်းမလှလေးကြောင့် ဆာလောင်နေသည့်စိတ်ပင် လျော့ပါးသွားသလိုပင်။ လူသားများနှင့် တိုက်ရိုက်စကားမပြောဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားသောကြောင့် မည်သို့ပြန်ပြောရမည်ကိုပင်မေ့လျော့ကာ လေနုအေးထဲဆံနွယ်များ ယိမ်းနွဲ့နေသည့်မိန်းကလေးကို ငေးကြည့်နေမိစဉ် မိန်းကလေးက တောက်ပစွာပြုံးကာ ဆက်ပြောခဲ့သည်။

“ကျွန်မတို့ ပြိုင်ကြမလား။ ကျွန်မနိုင်ရင် ရှင့်နာမည် ကျွန်မကို ပေးပြီး ကျွန်မတပည့်လုပ်ရမယ်။ တကယ်လို့ ကျွန်မရှုံးသွားရင် ကျွန်မကို စားပစ်လို့ရပါတယ်… ကဲ… ဘယ်လိုလဲ…”

ရဲရင့်လှသည့် မိန်းကလေး၏ စကားကိုကြားသော် သရဲငတ် ခေါင်းငြိမ့်လိုက်သည်။ မိမိအရိပ်မြင်ဖို့မပြောနှင့် အသံတစွန်းတစကြားဖူးသည့် လူတိုင်း ကြောက်လန့်ကာထွက်ပြေးခြင်းကို ခံလာရသည့် သရဲငတ်အတွက် ရဲရင့်ပြီးလှပသည့် မိန်းကလေးကိုတွေ့သော် တပည့်ခံချင်စိတ်အလိုလိုဖြစ်ပေါ် လာခဲ့သည်။ အထီးကျန်ပြီး အမြဲဆာလောင်မွတ်သိပ်နေသည့် ဘ၀တွင် မိမိကို အရေးတယူစကားပြောလာသည့် သူကိုကြုံရသော် မိမိအမည်ကိုပေးရတာ အရေးမကြီးတော့ပေ။ မိမိကို ဂရုစိုက်မည့် လူတယောက်ရှိသည်ဆိုသည့် အတွေးကို တွေးလိုက်သည်နှင့် ဆာလောင်မှုပင် တ၀က်လျော့ကျသွားခဲ့ပြီး တကိုယ်လုံး ပေါ့ပါးသည့် ခံစားချက်ပျံ့နှံ့သွားခဲ့သည်။

စ၀်ခွန်ပိုင်သည် မိမိလည်ပင်းကို ညစ်ထားသည့် လက်မှတဆင့် သရဲငတ်နှင့် မိမိအဖွားတွေ့ဆုံပြောဆိုခဲ့သည်ကို အသေးစိတ်သိမြင်သွားပြီး သူ့အမည်ကိုပါ သိသွားခဲ့လေပြီ။

“သူ့နာမည်ကိုတော့သိပြီ။ ဒါပေမယ့် ငါ့လည်ပင်းကို ညစ်ထားတာ အသံထွက်လို့မရဘူး။ ညောင်ညောင်ဆရာ… ခင်ဗျား ဘယ်ရောက်နေတာလဲ…”

စ၀်ခွန်ပိုင် တမ်းတလိုက်သည်နှင့် မီးခိုးလုံးများဖုံးသွားပြီး ညောင်ညောင်ဆရာကို ဧရာမ ၀ံပုလွေကြီးအဖြစ် တွေ့လိုက်ရသည်။ ညောင်ညောင်ဆရာက မိမိလည်ပင်းကို ညစ်ထားသည့် သရဲငတ်၏ လက်ကို ၀င်ခဲလိုက်သည်နှင့် သရဲငတ်က ချက်ချင်းလွှတ်ချလိုက်သည်။ အမြင့်က အောက်ကိုပြုတ်ကျလာစဉ် စ၀်ခွန်ပိုင် ဘောင်းဘီအိတ်ထဲမှ အမည်စာရွက် ၂ ရွက်ပူးကို ထုတ်ကာ မိုးကြီးနတ်ကွန်းအစောင့်ကို အော်ပြီး သတိပေးလိုက်သည်။

“မိုးကြိုးနတ်ကွန်းအစောင့် အသင့်ပြင်တော့…”

ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်ကို အောက်မှ ပင့်ကာ သယ်သွားစဉ် စ၀်ခွန်ပိုင်သည် စာရွက်ကို နူတ်ခမ်းတွင်ညှပ်ကာ လက်အုပ်ချီပြီး မျက်လုံးစုံမှီတ်လို့ အမည်နှစ်ခုကို အာရုံပြုကာ လေနှင့်မှုတ်ထုတ်လိုက်သည်။ ညောင်ညောင်ဆရာ၏အစွမ်းဖြင့် အမည်များသည် စာရွက်မှ လွင့်ပျံထွက်လာပြီး သက်ဆိုင်ရာ သရဲနှစ်ဦး၏နဖူးကို ထွင်းဖောက်ကာ ၀င်သွားတော့သည်။

သရဲငတ်သည် သူ့အမည်ကို ပြန်ရလိုက်သည်နှင့် ချက်ချင်းတောက်ပလာပြီးပျောက်ကွယ်သွားတော့သည်။ မိုးကြိုးနတ်ကွန်းအစောင့်မှာ လူအရွယ်စားထိ ကြီးထွားလာပြီး အတိတ်တုန်းက ဖြစ်ရပ်တချို့ပြန်ပြောင်းပေါ်လာခဲ့သည်။

စ၀်ခွန်ပိုင်သည် မိုးကြိုးနတ်ကွန်းအစောင့်နှင့် မိန်းမလှလေး စကားပြောနေသည်ကို ငေးကြည့်နေမိသည်။ ဆံပင်ရှည်များ ကျောလယ်တွင် လွင့်ပျံနေသည့် မိန်းကလေးက ဘာကိုမှအကြောက်လန့်မရှိ၊ သက်တောင့်သက်တာရှိလှသည်။ မိုးကြိုးနတ်ကွန်းအစောင့်နှင့် အတော့်ကို တရင်းတနှီးစကားပြောနေကြသည်။

“ရှင်တယောက်တည်း အထီးကျန်ပြီးနေရတာ မပျင်းဘူးလား မိုးကြိုးနတ်”

“တယောက်တည်းမဟုတ်ပါဘူးကွာ… မင်းနဲ့ ပန်းပွင့်လေး ရှိပါတယ်…”

“ကျွန်မက ရှင့်ကို မြင်နိုင်လို့ ရှင်နဲ့ စကားလာလာပြောနိုင်တာ ထားပါတော့။ ဟိုမိန်းကလေးက ရှင့်ကို စကားပြောလို့မှမရတာ။ရှင် သူ့ကို ပြောနေလည်းသူမှ မကြားရတာ။ ပြီးတော့ ကျွန်မတို့ လူသားတွေက သက်တမ်းတိုတယ်။ တကယ်လို့ ကျွန်မတို့ သေသွားရင် ရှင် တယောက်တည်း ကျန်ရစ်ခဲ့လိမ့်မယ်။ ရှင့်နာမည်ကို ပြန်ယူထားချင် ယူထားလိုက်တော့လေ။ ဒါမှ ရှင်ပျောက်ကွယ်သွားချင်တဲ့အခါ အလွယ်တကူ ပျောက်ကွယ်သွားနိုင်တာပေါ့…

စောမေသီရိက မိုးကြိုးနတ်၏ အမည်ကို လက်ဝယ်ရရှိထားပြီးပြန်ပေးရန်ပြောနေသည်ကို ထူးဆန်းစွာတွေ့လိုက်ရသည်။ မိိမိအဖွားက သရဲအားလုံးရဲ့ အမည်ကို တိုက်ခိုက်အနိုင်ယူပြီး စုဆောင်းနေသည်ဟု သာ သိထားခဲ့သည်။ ယခုတော့ မိုးကြိုးနတ်နှင့် ဆက်ဆံရေးက မိတ်ဆွေ ဆက်ဆံရေးပုံဖြစ်နေသည်။

“မင်းကို ယုံကြည်လို့ ငါ့အမည်ကို အပ်ထားတာပါ။ ငါလိုချင်တဲ့အချိန် မင်းဆီ ပြန်တောင်းပါ့မယ်။ တကယ်လို့ မင်းနဲ့ ပန်းပွင့်လေး နှစ်ယောက်လုံး လူ့လောကကနေ ထွက်ခွာသွားပြီဆိုရင် ငါ့အမည်ကိုပြန်ယူပြီး ပျောက်ကွယ်သွားမှာပါ…အခုတော့ ငါ့ကို သတိရတဲ့သူရှိနေရင်ကိုပဲ ငါ မပျင်းပါဘူး…”

ထိုစဉ် မင်္ဂလာသတိုးသမီးလေးကို သယ်ဆောင်လာသည့် အဖွဲ့က လမ်းမဘေးမှ အိုးစည်ဗုံမောင်းတီးကာ ဖြတ်သွားကြသည်။ မိုးကြိုး စောင့်နတ်သည် သတိုးသမီးလေးကို မြတ်နိုးစွာဖြင့် ငေးကြည့်နေခဲ့သည်။ လှပသည့် သတို့သမီးဝတ်စုံနှင့် အလှကြီးလှနေသည့်မ မိန်းကလေး၏ အပြုံးက နူးညံ့ကာ တောက်ပလို့နေသည်။ မိုးကြိုးနတ်သည် ထိုအပြုံးကို တမေ့တမော ငေးကြည့်နေမိသည်။ စောမေသီရိသည် မိုးကြိုးနတ်ကို တချက်စိုက်ကြည့်ကာ ပြောခဲ့သည်။

“ရှင့်ရဲ့ ပန်းပွင့်လေး မင်္ဂလာဆောင်သွားပြီ… သူ ရှင့်ဆီ လာလာဆုတောင်းနေတာ ပြည့်သွားပြီပေါ့… ရှင် ၀မ်းမနည်းဘူးလား…”

“၀မ်းမနည်းပါဘူးကွာ။ သူက လူသားပဲ။ သူချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရသွားလို့ သူပျော်နေတာကိုကြည့်ရတာနဲ့တင် ငါကြည်နူးမိတယ်။ အခုဆိုရင်
မျိုးဆက်ပြန့်ပွားတဲ့ တာဝန်ကို သူထမ်းဆောင်ရတော့မယ်။ သူချစ်တဲ့ သားသမီးတွေနဲ့ ဘ၀ကို ဖြည်းဖြည်းချင်းဖြတ်သန်းပြီး သူ့ချစ်သူနဲ့ အိုမင်းသွားတာကို ကြည့်ခွင့်ရတာ ငါ ကံကောင်းပါတယ်…”

“ရှင့်ကို သူမေ့သွားရင်ကော.. အရင်လို ရှင့်ဆီ သူမလာနိုင်ရင်ကော…”

“သူ့မိသားစု တာဝန်ကြောင့် ငါ့ဆီကို မလာနိုင်တော့တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သူမမေ့ပါဘူး။ သံယောဇဉ်ဆိုတာမျိုးက ဘယ်လောက် ဝေးဝေး၊ ဘယ်လောက်ကြာကြာ မေ့ပျောက်သွားတဲ့အရာမျိုးမှ မဟုတ်တာ…”

ထိုစကားအဆုံး စ၀်ခွန်ပို်င် နိုးလာခဲ့သည်။ မိုးကြိုးစောင့်နတ်နောက်ဆုံး ပြောလိုက်သည့် စကားကို မိမိနှလုံးသားနှင့် ရင်းပြီးနားလည်လိုက်သည်။ မိုးကြိုးစောင့်နတ်သည် စ၀်ခွန်ပိုင် မျက်လုံးဖွင့်လာသည်နှင့် ဦးညွတ်ကာ အရိုသေပေးခဲ့သည်။

“ကျွန်တော့် နာမည်ကို ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ..”

“ခင်ဗျား..ကျွန်တော့် အဖွားရဲ့ မိတ်ဆွေပဲ။ သခင်လေးလို့ မခေါ်ပါနဲ့…”

“မဟုတ်တာဗျာ… စောမေသီရိ သခင်မနဲ့ သခင်လေးတို့က ကျွန်တော်တို့ထက် မြင့်မြတ်တဲ့သူပါ… ခင်မင်တာနဲ့ အရိုသေတန်တာ မတူပါဘူး….။
ကျွန်တော် ဒီနာမည်ကို အသည်းသန် ပြန်ပေးဖို့ နားပူမိတာ တောင်းပန်ပါတယ် သခင်လေး။ ကျွန်တော့်အတွက် အချိန်မရှိတော့လို့ပါ…”

ထိုအချိန်တွင် မိုးကြိုးနတ်၏ ကိုယ်က တဖြည်းဖြည်းအလင်းဖြာထွက်လာခဲ့ပြီးပြောခဲ့သည်။

“ပန်းပွင့်လေးက ဟိုတနေ့ ကျွန်တော့်ကို လာနူတ်ဆက်ခဲ့တာပါ။ သူ အခုလေးတင် တမလွန် ဘ၀ကို ထွက်ခွာသွားပါပြီ။ စောမေသီရိသခင်မလည်း မရှိတော့ဘူး။ အခု ပန်းပွင့်လေးလည်း မရှိတော့ဘူး။ ကျွန်တော် သူနဲ့အတူ တမလွန်ခရီးကို သွားချင်လို့ ကြိုးစားခဲ့တာပါ။ ကျွန်တော့်ကို အစစ အရာရာကူုညီပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး….”

စ၀်ခွန်ပိုင်သည် မိုးကြိုးစောင့်နတ်၏ စကားကိုကြားသော် ထိတ်ခနဲဖြစ်သွားသည်။ ဒီပရလောကသား ပျောက်ကွယ်သွားမည်ကို စိုးရွံ့နေမိမိသည်။ သူကို မိမိခင်တွယ်လို့နေပြီး ပျောက်ကွယ်မသွားစေချင်ပါ။

“ခင်ဗျားနေလို့ရရင် ပျောက်ကွယ်မသွားပါနဲ့။ ကျွန်တော် ခင်ဗျားဆီကို လာလည်ပါ့မယ် ။ နေ့တိုင်း မလာရင်တောင် ရက်ခြားလာ ပသပေးပါ့မယ် …”

မိုးကြိုးစောင့်နတ်၏ ကိုယ်က အလင်းရောင်ဖြာထွက်ခပြုလာသဖြင့် ညောင်ညောင်ဆရာက စ၀်ခွန်ပိုင်ကို သတိပေးလိုက်သည်။

“သူသွားတော့မယ် ခွန်ပိုင် ၊ သူ့ သံယောဇဉ်တွယ်တဲ့ ပန်းပွင့်လေး ဆုံးသွားပြီ သူကိုစိတ်ဝိဥာဏ်တွေကချိတ်ဆက်ထားတယ်။ မင်းတားလည်း မရတော့ဘူး ”

မိုးကြိုးနတ်ကွန်းအစောင့်သည် တောက်ပလာသော အလင်းနှင့် အပြိုင်ပြုံးကာ ပြောလိုက်သည်။

“သခင်မ စောမေသီရိ လည်းထွက်သွားပြီ ။ ပန်းပွင့်လေးလည်း ထွက်သွားပြီ ။ ကျွန်တော့်အတွက် အသက်ဆက်ရှင်နေတာ ၀ဋ်ကြွေးခံနေရတာနဲ့ အတူတူပါပဲ ။ ပန်းပွင့်လေးရဲ့ ၀ိဥာဉ် ကိုအဖော်ပြုပြီး ထွက်သွားပါရစေတော့။ သခင်လေးက ကျွန်တော့်အတွက် အလေးစားရဆုံးလူတယောက်ပါ ။ နူတ်ဆက်ပါတယ် သခင်လေးစ၀်ခွန်ပိုင် … နူတ်ဆက်ပါတယ် တောင်စောင့်နတ် ”

နောက်ဆုံး အလင်းအဖြစ် ပျောက်ကွယ်သွားသော မိုးကြိုးနတ်ကွန်း အစောင့်ကိုကြည့်ကာ စ၀်ခွန်ပိုင် မြက်ခင်းပေါ် ကျောခင်းချကာ ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း မျက်လုံးထောင့်မှ မျက်ရည်တစက် စီးကျလာခဲ့သည်။ အချစ်ဖြင့် လောင်ကျွမ်းတောက်ပသူများသည် မိမိရင်ကို သိမ်သိမ်မွေ့မွေ့လေးလှုပ်ရှားသွားစေခဲ့သည်။

“ကျွန်တော်လည်း ခင်ဗျားကို တမလွန်ထိ အဖော်ပြုခွင့် ရှိမလားအကို …”
------------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??