အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (1)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (1)

 

စိုင်းထက်သည် အိမ်အိုကြီးရှေ့ကိုဖြတ်ရမည်ဖြစ်သောကြောင့် ဘုရားစာရွတ်ပြီးအမြန်ဖြတ်လာခဲ့စဉ် အိမ်အိုကြီးရှေ့တွင် ရပ်နေသည့် လူငယ်လေးတစ်ဦးကိုတွေ့တော့ မျက်လုံးပြူးသွားခဲ့သည်။ ဆိုင်ကယ်ကိုရပ်ပြီး လှည့်ကြည့်လိုက်စဉ် ထိုကောင်လေးက အနွေးထည်ဘေးအိတ်ထဲမှ သော့ကိုထုတ်ပြီး ရေညှိတက်နေသည့်သော့ခလောက်ကို လှည့်ဖွင့်လိုက်သည်။ သော့က ချက်ချင်းပွင့်ဟန်မတူပဲ ဟိုသည်လှည့်နေပြီးနောက် ချောက်ခနဲမြည်ပြီး သော့ခလောက်ပွင့်သွားခဲ့သည်။

ကောင်လေးက ပုခုံးတွင်လွယ်ထားသည့် အိတ်ကို အနေထားပြန်ပြင်တော့ ကြောင်အော်သံတိုးတိုးကိုကြားမှ ကြောင်တစ်ကောင်ပါလာသည်ကို သိလိုက်သည်။ စိုင်းထက်သည် ကောင်လေး၏ မျက်နှာကိုတွေ့ချင်သဖြင့် ဆိုင်ကယ်ကိုပြန်လှည့်ပြီး စပ်စုလိုက်သည်။ laggage ကိုဆွဲပြီး ကြောင်ပါသည့် အိတ်ကို လွယ်ထားသည့် ကောင်လေး၏ မျက်နှာက နုပျိုသော်လည်း မျက်ဝန်းကအဆွေးရိပ်တွေလွှမ်းနေသည်ကို ဖြတ်ခနဲတွေ့လိုက်သည်။ မိမိကိုတချက်လေးပင်း စောင့်ငဲ့မကြည့်ပဲ အိမ်အိုကြီးရှိသည့် ခြံထဲကိုဝင်သွားသည့် ကောင်လေးကိုကြည့်ရင်း စိုင်းထက် စိုးရိမ်သလိုဖြစ်သွားသည်။

 

ဘာကြောင့်လဲဆိုတော့ သူဝင်သွားသည့်ခြံကြီးသည် စိုင်းထက်ငယ်စဉ်ကတည်းက လူမနေသည့် သရဲခြောက်သည်ဟု နာမည်ကြီးသည့်အိမ်ကြီးဖြစ်သောကြောင့်ပင်။ ပြီးတော့ အိမ်ကြီးကိုတည်ဆောက်စဉ်က အိမ်အို၊ အိမ်ဟောင်းတကာမှ အစိတ်အပိုင်းများနှင့် တည်ဆောက်ထားသဖြင့် ထိုအိမ်အိုကြီးများမှ ၀ိဥာဉ်များက အကျွတ်လွတ်ပဲ ကပ်ပါလာသည်ဟုလည်း မိမိတို့ဒေသတွင် နာမည်ကြီးလှသည်။ ဒီကောင်လေးတွင် အိမ်သော့ရှိသည်ဆိုကတည်းက ဒီအိမ်နဲ့ပတ်သတ်သူဖြစ်ရမည်ဟု တွေးပြီး သတိပေးချင်သော်လည်း နူတ်တွန့်သွားသည်။ ဘုမသိဘမသိ သွားသတိပေးမိလို့ ခြံထဲက မောင်းထုတ်ခံရနိုင်သည်။ ဒါကြောင်း နောက်နေ့ထိုကောင်လေးနှင့်ခင်မင်မှ သတိပေးမည်ဟု တွေးကာ ဆိုင်ကယ်ကိုပြန်လှည့်သွားခဲ့သည်။

 

စ၀်ခွန်ပိုင်သည် ရှန့်ကို ထည့်ထားသည့်အိတ်ကို အောက်ချပြီးအိမ်တံခါးကိုဖွင့်လိုက်ပြန်သည်။ အိမ်တံခါးက

သံချေးတက်နေသလိုနှင့် ဖွင့်လိုက်တော့လည်း အမြဲလူနေသည့်အိမ်လို လွယ်လွယ်ကူကူပွင့်သွားခဲ့သည်။ နေ့လည်ခင်းဖြစ် သောကြောင့် အိမ်ထဲအလင်းရောင်ကောင်းစွာရပြီးလင်းနေသည်။ စ၀်ခွန်ပိုင်သည် အိမ်အိုကြီးကိုကြည့်ပြီး သက်ပြင်းရှိုက်ကာ တိုးတိုးပြောလိုက်သည်။

 

“ဟယ်လို… အိမ်ကြီး။ ငါက စ၀်ခွန်ပိုင်ပါ။ ဖွားဖွား စောမေသီရိရဲ့မြေးပါ။ ငါ့ကို ဒီမှာနေခွင့်ပြုပါ….”
 

“မြောင်….”

 

စ၀်ခွန်ပိုင်သည် အိမ်ကြီးကို လူသားတစ်ယောက်လို ခွင့်တောင်းနေမိစဉ် အိတ်ထဲမှ ရှန့်ကာ ဗိုက်ဆာနေလို့လား၊ အပေါ့ပါးသွားချင်လို့လား မသိ။ အော်ခဲ့တော့မှ သတိဝင်လာပြီး သူ့ကိုအိတ်ထဲမှထုတ်ပေးလိုက်သည်။ ထင်သည့်အတိုင်း ရှန့်က အိမ်အပြင်နားက ခြုံထဲကိုတန်းနေအောင်ပြေးတော့သည်။
 

“ဆောရီး ရှန့်ရှန့်ရာ…. မင်းကို ငါမေ့နေတာ…”

 

စ၀်ခွန်ပိုင်သည် ခရီးဆောင်အိတ်ကိုသယ်ပြီး အိမ်ထဲကိုဝင်ခဲ့သည်။ အိမ်က လူမနေတာကြာပြီးဖြစ်သော်လည်း တလတခါ လေးလေးတို့ သန့်ရှင်းလေးလာလုပ်ထားလို့ထင်သည်။ ဖုန်သိပ်မရှိပဲ ရှင်းလင်းလို့နေသည်။ အရင်ဆုံး စ၀်ခွန်ပိုင် တံခါးများကို ဖွင့်ပြီး မိမိတို့နေမည့်အခန်းကို လိုက်ကြည့်လိုက်သည်။ အောက်ထပ်အခန်းလေးတွင်နေရန် ဆုံးဖြတ်လိုက်ပြီး အပေါက် အားလုံးကို ဖွင့်ကာ သန့်ရှင်းရေးကို စတင်လုပ်လိုက်သည်။ အချစ်တော်ကြောင်မလေး ရှန့်က ပြန်ရောက်လာပြီး အိမ်ကိုလှည့်ပတ်ကြည့်နေသည်။

 

ဖွားဖွား၏ ဒိုင်ယာရီအရ ဒီအိမ်ကို ရှေးအိမ်ကြီးများဖျက်စဉ် ၀ယ်ယူစုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းများနှင့် ဆောက်လုပ်ထားပြီး ဖိုးဖိုးနှင့်ဖွားဖွားတို့ ရှစ်နှစ်လုံးလုံး အချိန်ပေးပြီးဆောက်ထားသည့်အိမ်တဲ့။ ဒါကြောင့် အိမ်ရဲ့အစိတ်ပိုင်းတိုင်းမှာ ပုံပြင်တွေရှိတယ်တဲ့။ စ၀်ခွန်ပိုင်သည် ဒီအိမ်ကိုလက်ခံရရှိတော့ အသက်ရှင်ချင်စိတ်ကုန်ခမ်းအောင် စိတ်ဓါတ်ကျနေချိန်ဖြစ်သော်ကြောင့် အိမ်ကိုကြည့်ရင်း ခဏလာနေရန် ဦးနှင့်အန်တီကို သေချာဆွေးနွေးကာ ခွင့်တောင်းပြီး ထွက်လာခဲ့သည်။ မိဘအရင်းလို နားလည်ပေးသည့် စောင့်ရှောက်သူများ၏ခွင့်ပြုချက်နှင့် စ၀်ခွန်ပိုင် ဒီအိမ်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။

 

“အကို…ခင်ဗျား..အခုချိန် ဘာလုပ်နေမလဲ… ခင်ဗျားမိသားစုတွေနဲ့ ပျော်ရွင်နေမလား။ ခုချိန် ရှုတင်မှာရာက်နေမလား။ ဒါမှမဟုတ် ပိတ်ရက်ဖြစ်လို့ သူငယ်ချင်းတွေနဲ့ ဘားမှာသောက်နေမလား…”

 

စ၀်ခွန်ပိုင် အိမ်ယာခင်းရင်း သူ့ကိုတီးတိုးစကားပြောနေမိသည်။ ဒီလိုတွေ ခဏခဏဖြစ်နေသောကြောင့် ဦးလေးနှင့်အန်တီ စိတ်ပူစပြုနေသည်ကို သိသည်။ ဆရာဝန်နှင့်ပြသသော်လည်း ပြင်းထန်သည့် စိတ်ခံစားချက်ကြောင့်ဖြစ်သည်။ အေးဆေးသည့် နေရာတွင် အနားသွားယူပါဟု ပြောသဖြင့် ဦးနှင့်အန်တီက လွယ်လွယ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဒီအချိန်နှင့်ကွက်တိ မိမိအသက် ၂၅ ပြည့်ပြီဖြစ်လို့ ရှေ့နေက ဆက်သွယ်ပြီး အမွေရသည့်အိမ်ကို ပေးအပ်ခဲ့သည်။ လက်ရှိ အလုပ်ကိုခွင့်ယူပြီး အိမ်လေးရှိရာ တောင်ပေါ်ဒေသကို ထွက်လာခဲ့သည်။ ခရီးဆောင်အိတ်တစ်လုံးနှင့် သူလက်ဆောင်ပေးထားသည့် ကြောင်မလေး ရှန့်ကို သယ်ပြီး တစ်ကိုယ်တော် လေလွင့်ခရီးကို စတင်ခဲ့သည်။
 

“မြောင်….”
 

“ဗိုက်ဆာပြီလား ရှန့်လေး။ မင်းကို မေ့ထားတာ ဆောရီးပါကွာ။ လာ..လာ.. မင်းကြိုက်တဲ့ တူနာငါးအရသာ… နောက်နေ့ ငါ မင်းကို ငါးလတ်လတ်ဆတ်ဆတ်တွေ ကြော်ကျွေးပ့ါမယ်…”

 

 

စ၀်ခွန်ပိုင်သည် ရှန့်၏ခွက်လေးကိုထုတ်ကာ ကြောင်စာလောင်းထည့်ပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းများကို သွားကြည့်ပြီး မီးဖိုကိုစစ်ကြည့်။ လျှပ်စစ်မီးဖို၊နှင့် ဂတ်စ်မီးဖိုလေးလည်းရှိသဖြင့် မိန်းတင်ပြီး ရေနွေးကြိုလိုက်သည်။ ရေလည်းကောင်းသည်။ မီးလည်းရသည်။ လေးလေးထိုက်တို့ ဒီအိမ်ကို သေချာပြုပြင်ပေးထားသည်ကို သိလိုက်ပြီး ကျေးဇူးတင်သွားသည်။ နောက်နေ့မှ လေးလေးထိုက်တို့ဆီ ကျေးဇူးတင်စကားသွားပြောရမည်ဟု တေးထားလိုက်သည်။
 

ရေနွေးဆူတော့ စားပွဲပေါ်မှ ဓါတ်ဘူးထဲ တချို့ထည့်ပြီး ရေနွေးအိုးကို ရေချိုးခန်းထဲက ဇလုံထဲလောင်းချလိုက်သည်။ အင်း… အဆင်သင့်သန့်ရှင်းရေးလာလာ လုပ်ပေးထားသည့် သူများကိုကျေးဇူးတင်ရင်း စ၀်ခွန်ပိုင်ရေချိုးလိုက်သည်။ နွမ်းနေသည့်စိတ် အနည်းငယ်လန်းသွားခဲ့သည်။ အပြင်ပြန်ထွက်လာတော့ ရှန့်က အိမ်ထဲတကောင်တည်းပြေးဆော့နေလေပြီ။ အိမ်ထဲသို့ဝင်ရောက်လာသည့် လေအေးကြောင့် ကြက်သီးဖြန်းခနဲထသွားပြီး အ၀တ်စားအမြန်ဝတ်လိုက်သည်။ ဗိုက်လည်းဆာလှပြိီ။ ပါလာသည့် ခေါက်ဆွဲခြောက်ထုတ်ကို ပြုတ်စားရန်ပြင်လိုက်သည်။ ထိုစဉ် အပြင်တွင် မိုးသားများအုံ့တက်လာခဲ့သဖြင့် စ၀်ခွန်ပိုင် ကောင်းကင်ကိုတွေတွေငေးငေး မော့ကြည့်လိုက်သည်။ ထမင်းစားခန်းပြတင်းအားလုံး မှန်တံခါးများဖြစ်သဖြင့် ထိုင်နေလျက်နှင့် ဟိုးအဝေးက သစ်ပင်များကိုရော၊ ကောင်းကင်မည်းမည်းကြီးကိုရော မြင်နေရသည်။

 

“မိုးရွာတော့မယ်…”
 

“မြောင်…”

 

မိမိ၏ တစ်ဦးတည်းအဖော် ရှန့်လေးက ပေါင်ပေါ်ခုန်တက်လာသဖြင့် ခေါင်းလေးကို ပွတ်ပေးတော့ ကျေနပ်လို့နေသည်။ ခေါက်ဆွဲစားရင်း ရှန့်ခေါင်းကိုပွတ်ပေးနေသည်။ စားပြီး ပန်းကန်ဆေးတော့ မိုးစက်များစတင်ကျလာလေပြီ။
 

“မိုးရွာပြီ…”

 

လေလည်းပြင်းလာသဖြင့် တံခါးတချို့ကိုပြန်ပိတ်လိုက်သည်။ ကော်ဖီကျကျတစ်ခွက်ကိုဖျော်ပြီး ရှန့်ကိုခေါ်လို့ ဧည့်ခန်းကို လာခဲ့သည်။ ဧည့်ခန်းက ကြိမ်ခုံကြီးတွင်ဝင်ထိုင်ပြီး မိုးခြိမ်းသံကိုနားဆင်ရင်း ကော်ဖီသောက်နေသည်။ မိုးစက်သံနှင့် သစ်ပင်တို့၏ သင်းရနံ့က ပတ်ဝန်းကျင်တစ်ခုလုံးမွှေးပျံ့လာခဲ့သည်။ ရင်ထဲက အလွမ်းတို့ အရည်ပျော်ကျလာသလို ခံစားလိုက်ရသည်။
 

“လွမ်းတယ်.. အကို..”

 

စ၀်ခွန်ပိုင်သည် မျက်လုံးကို မှိတ်လိုက်စဉ် မိုး၏အလှပိုပီပြင်လာခဲ့သည်။ အေးစိမ့်ပြီး လတ်ဆတ်သည့် သစ်တော အနံ့ကိုသယ်လာသည့် မုတ်သုန်လေ၊ ခေါင်းမိုးပေါ်ကိုခုန်ဆင်းလာသည့် မိုးစက်၏ အသံ။ ရေငွေ့ဖြင့်စိုထိုင်းလာသည့် ပတ်ဝန်းကျင်။ စ၀်ခွန်ပိုင်၏ အတိတ်စာမျက်နှာတို့ တရွက်ချင်းပွင့်လာခဲ့သည်။

 

--------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??