အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (14)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (14)
စ၀်ခွန်ပိုင်သည် ဘာလိုလိုနှင့် ဒီအိမ်လေးမှာနေလာရင်း အချိန် ၁၀ ရက်က မသိမသာကုန်သွားလေပြီ။ စိုင်းထက်လည်း သူ့ခြံထဲ ခြောက်လှန့်နေသည့် သရဲအရိပ်လုံးဝပျောက်ကွယ်သွားသဖြင့် ခွန်ပိုင်ကို ကျေးဇူးတင်သည့်အပြင် ပိုလို့ခင်မင်လာခဲ့သည်။ ဒါကြောင့် မြို့မှ လူငယ်များစုစည်းပြီး မြို့အရှေ့ဘက် မြွေဖြူတောင်တွင် ကထိန်အတွက်ကြိုတင်ပြင်ဆင်သည့်အခါ ခွန်ပိုင်ကို ဖိတ်ခေါ်ခဲ့သည်။

စ၀်ခွန်ပိုင်လည်း အမြဲ အိမ်ထဲ နေနေရတာ ပျင်းလာသဖြင့် စိုင်းထက်နှင့် အတူလိုက်ပါလာခဲ့သည်။ ညောင်ညောင်ဆရာကိုလည်း ကြောင်ထည့် သည့် အိတ်လေးနှင့် သယ်မည်အပြု ညောင်ညောင်ဆရာက ကန့်ကွက်သဖြင့် ဒီအတိုင်းပွေ့ချီလာခဲ့သည်။ မြို့ခံလူငယ်လေးများက စ၀်ခွန်ပိုင်ကို ဖော်ရွေစွာ စကားပြောဆိုကြသဖြင့် ခွန်ပိုင် အတော်လေးစိတ်သက်သာရာ ရသွားခဲ့သည်။ ဆရာဝန်ဖြစ်ပြီးဆိုပေမယ့် ငယ်ကတည်းက လူစုစုကြား မနေရဲသည့် စိတ်အခံရှိနေသေးသဖြင့် ရွံ့နေမိသည်။ ဒါပမယ့် ဒီမြို့မှလူငယ်လေးတွေကိုယ်တိုင်က ရိုးသားကာ ဖော်ရွေလွန်းလို့ထင်သည်။ စ၀်ခွန်ပိုင် စကားနည်းသည်ကို မွေမယူပဲ ပြောဆိုနူတ်ဆက်ပြီး သူတို့ အလုပ်ကို စိတ်ပါလက်ပါလုပ်နေကြသဖြင့် မိမိလည်း သူတို့ကြား သူလိုငါလို ခံစားချက် ၀င်လာခဲ့သည်။

ကထိန်ခင်းမည့် ဘုန်းကြီးကျောင်းတွင် လိုအပ်သည်ကို လာရောက်ပြင်ဆင်သည့်နေ့ဖြစ်သောကြောင့် စိုင်းထက်နှင့်ခွန်ပိုင်လည်း အလုပ် တာဝန်ခွဲယူကာ ကိုယ်စီ လုပ်အားပေးကြသည်။ ညောင်ညောင်ဆရာ ကိုတွေ့သော် ကျောင်းထိုင်ဆရာတော်က ငါးခြောက်ကြော်ကျွေး သဖြင့် ညောင်ညောင်ဆရာလည်း သဘောကျကာ ဆရာတော်ကို နားကပ်ကာ စားသောက်နေသည်။ ဒါကြောင့် ခွန်ပိုင်လည်း ကျောင်းဝင်းထဲ တံမြက်လှည်းကာ အမှိုက်ကို ဟိုးကျောင်းနောက်က အမှိုက်ကျင်းတွင် ပစ်ကာပြန်လာစဉ် မထင်မှတ်ပဲခြုံထဲမှ ငိုသံကိုကြားလိုက်ရသဖြင့် သွားကြည့်စဉ် ကလေးမလေးတယောက်ကို လူနှစ်ယောက်က နှိပ်စက်နေသည်ကို တွေ့လိုက်ရပြီး ဒေါသထောင်းခနဲထသွားသည်။ မိမိ ငယ်စဉ်က အတန်းကြီးကျောင်းသားများ အနိုင်ကျင့်သည်မြင်ကွင်းကိုပြန်သတိရလာသဖြင့် နံဘေးမှ ထင်းချောင်းကိုယူကာ ရိုက်နေသည့်လူဆီ ကို အရှိန်နှင့် လွှဲပစ်လိုက်သည်။

“ဘုန်း …”

“အူး …”

ထင်းချောင်းမှန်သွားသည့်လူက စ၀်ခွန်ပိုင်ဘက်ကို လှည့်လာသောအခါ မျက်လုံးက နီရဲနေပြီး မျက်နှာက ကျွဲမျက်နှာဖြစ်နေသည်ကို တွေ့မှ လူမဟုတ်ပဲ ပရလောကသားဖြစ်နေသည်ကို သိလိုက်သည်။ ထိုကျွဲရိုင်းကောင်က စ၀်ခွန်ပိုင်ကိုတွေ့သော် နှာမှုတ်သံကြားကာ ကြိမ်းဝါး အော်ဟစ်ရင်း ပြေးလာစဉ် စ၀်ခွန်ပိုင်ဘေးကို ဖျက်ခနဲရှောင် လိုက်တော့ အနောက်ကသစ်ပင်နှင့်ဆောင့်မိပြီး မူးသွားသည်။ နွားမျက်နှာ နှင့် တစ်ကောင်က လက်သီးနှင့် ထိုးလာစဉ် ရုတ်တရက် ၀ံပုလွေ အကြီးကြီးတကောင်က ခုန်အုပ်ကာ ဟိန်းဟောက်လိုက်သည်။

“ငါ့အစာနားကဖယ်စမ်း ကလေကချေကောင်တွေ”

“တောင်…တောင်စောင့်နတ်မင်း …”

ကျွဲနှင့်နွားနှစ်ကောင် ကြောက်လန့်တကြားပြေးလွှားသွားပြီးနောက် စ၀်ခွန်ပိုင်သည် အရိုက်ခံရလို့လဲနေသည့် ကလေးမလေးကို ဆွဲထူကာ ပြောလိုက်သည်။

“မင်းနဲ့မျိုးတူ မြေခွေးတွေနဲ့သွားနေလေ။ မင်းတကောင်တည်းဆို တောထဲမှာ အနိုင်ကျင့်ခံရမယ် ”

ကလေးမလေး၏ ခေါင်းမှာ နားရွက်လေးနှစ်ခုထောင်နေပြီး အ၀တ်အောက်တွင်အမြီးလေးထွက်လာခဲ့သည်။ မြေခွေးမလေးက အကြောက်လွန်ပြီး တောင့်တောင့်ကြီး ရပ်နေမိစဉ် စ၀်ခွန်ပိုင်က သူ့ခေါင်းကို အသာလေး ပွတ်ကာ ညောင်ညောင်ဆရာနှင့် ဘုန်းကြီးကျောင်းဘက်ပြန်လာခဲ့သည်။

“မင်း ဒီလို ၀င်ဝင်ရှုပ်နေရင် ရန်များလိမ့်မယ်… လူသားဖြစ်ပြီး အေးဆေးမနေဘူး ”

“မြေခွေးမလေးသနားစရာပါဗျာ … ကျွန်တော့်နားမှာ ညောင်ညောင်ဆရာရှိနေပြီပဲ … ဘယ်သူရန်လာလုပ်ရဲမလဲ … မဟုတ်ဘူးလား”
ညောင်ညောင်ဆရာက စ၀်ခွန်ပိုင်၏ စကားကို ခေါင်တယမ်းယမ်းသာလုပ်နေတော့သည်။ ဒီကောင်လေးက ဘာအစွမ်းအစမှမရှိအေမယ့် ကြင်နာသနားတတ်လွန်းသည်ကို အတူနေလာသည့် အချိန်ကိုအတွေး ညောင်ညောင်ဆရာကောင်းကောင်းသိနေလေပြီ။ စောမေသီရိလို အစွမ်းပါလား သော်လည်း အေးချမ်းကာ တဖက်သားကို သနားကြင်နာတတ်သည့် စ၀်ခွန်ပိုင်ကို ညောင်ညောင်စိတ်ပူမိသည်။

ပရလောကသားတွေကလူသားတွေထက် ကြမ်းတမ်းပြီး သွေးဆာနေသည့် ကောင်များစွာရှိသည် ဒီကောင်လေးသိဟန်မထင်ပေ။ ဒါကြောင့် ဒီကောင်လေးကို မိမိစိတ်ပူရသည့် အကြောင်းရင်းဖြစ်သည်။ သူ့အဖွားကတောံဘာကြမ်းသလဲ မမေးနဲ့။ စိတ်ကူးလိုက်သည်နှင့် လက်က တခါတည်း ပါပြီးသားဖြစ်သည်။ ဒါကြောင့်လည်း သရဲ၊ တစ္ဆေများစွာ၏ နာမည်ကို လက်ဝယ်စုစည်းနိုင်ခြင်းဖြစ်သည်။

မြေခွေးမလေးသည် စ၀်ခွန်ပိုင်နှင့် တောင်စောင့်နတ်မင်းကြီး ထွက်သွားတော့မှ သတိဝင်လာပြီး တောထဲကို ပြေးဝင်လာခဲ့သည်။ ရင်ဘတ်ထဲက နှလုံးသားက ခုမှ အလန့်တကြား ထခုန်လာခဲ့သည်။ မိမိတို့ ငယ်ကတည်းက ကြားဖူးသည့် ကလေးပုံပြင်ထဲက မိမိတို့ မြေခွေးများကို သတ်ပြီး အရေခွံချွတ်ကာ အ၀တ်ချုပ်ဝတ်သည့် လူသားနှင့် ထိပ်တိုက်ကြီး တွေ့ရုံသာမက မိမိခေါင်းကိုပင် ထိုလူသားက ပွတ်သွားပေးသေးသည်။

“မေမေ … သမီးလူသားတယောက်နဲ့ တွေ့ခဲ့တယ်။ ဒါပေမယ့် သူက သမီးကို သတ်မသွားတဲ့အပြင် ကျွဲကြီး၊နွားကြီးတွေ သမီးကို အနိုင်ကျင့်တာကို ကူပေးသွားတယ်။ ပြီးတော့ … ပြီးတော့ … သမီးရဲ့ခေါင်းကိုလည်း ပွတ်ပေးသွားတယ် မေမေ… သူလက်က မေမေ့လက်လိုပဲ နူးညံ့နေတာပဲ … မေမေ မရှိတော့ကတည်းက ဘယ်သူမှ သမီးကို ဂရုမစိုက်ဘူး။ ဒီလူသားကပဲ … သမီးကို ဂရုစိုက်သေးတယ် မေမေ …”

မြေခွေးမလေးသည် မိခင်ဖြစ်သူကို မြှပ်နှံထားသည့်နေရာတွင် ၀ပ်ကာ မိမိကြုံတွေ့ခဲ့ရသည့် ထူးဆန်းသည့် အတွေ့ကြုံကို ပြောပြနေသည်။ မြေခွေးမလေးနှင့် သူမ၏မိခင်နှစ်ကောင်တည်းသီးခြားနေရာမှ မိခင်ဖြစ်သူ ဖျားပြီးသေဆုံသွားတော့ တကောင်တည်း ဆက်ပြီးနေထိုင်ခဲ့သည်။
တောင်တွေရဲ့ ဟိုးအတွင်းပိုင်းမှာ မိမိတို့မျိုးတူမြေခွေးများရှိသော်လည်း မေမေနှင့် အတူနေခဲ့သည့် နေရာကို မခွါနိုင်သဖြင့် ဖြေခွေးမလေး ဒီနေရာမှာ ကုတ်ကတ်ပြီးဆက်လက်နေခဲ့ခြင်းဖြစ်သည်။ အနိုင်ကျင့်ရိုက်နှက်တတ်သည့် ကျွဲကြီးနှင့် မြင်းကြီးကလွဲလျှင် ကျန်သည့်သူများက ဖာသိဖာသာရှိသဖြင့် တကောင်တည်း ဆက်နေခဲ့ခြင်းဖြစ်သည်။ နေ့ခင်းမှာ မေမေ့ကို မြှပ်ထားသည့်နေရာတွင် စကားပြောရင်း နေထိုင်ခဲ့သည်။ ယခုတော့ မိမိတို့တောထဲမှ နေသူတိုင်း ကြောက်ရသည့် လူသားတဦး၏ ကြင်နာမှုကို ရရှိလိုက်သည်။

မြေခွေးမလေးသည် ထိုလူသားကို စိတ်ဝင်စားသဖြင့် ဘုန်းကြီးကျောင်းနှင့် နီးသည့် ခြုံတွေနားကို တိုးလာပြီး တိတ်တိတ်လေး လာချောင်းကြည့် သည်။ ထူးထူးခြားခြား လူများနေသည့် ဘုန်းကြီးကျောင်းဝင်းကို ကြောက်ကြောက်နှင့် ငေးမိစဉ် မိမိတွေ့ချင်သည့် လူသားနှင့် တောင်စောင့် နတ်မင်း ကို တွေ့လိုက်သည်။

“စ၀်ခွန်ပိုင်ရေ … လာတော့ဟေ့ … နေ့လည်စာစားရအောင် အားလုံး အလုပ်ခဏနားပြီး နေ့လည်စာစားကြမယ် ”

လူတယောက်ကလှမ်းခေါ်သဖြင့် ဘုန်းကြီးကျောင်းဘက် ထွက်သွားသည့် မိမိကျေးဇူးရှင်ကို ငေးကြည့်ကာ သူနာမည်ကို တီးတိုး ရေရွတ်လိုက်မိ သည်။

“စ၀်ခွန်ပိုင် … ငါ့ကိုကယ်တဲ့သူနာမည်က စ၀်ခွန်ပိုင်တဲ့လား …”

မြေခွေးမလေးလည်း တောစပ်ဘက်ကို ပြန်ပြေးထွက်သွားတော့သည်။ ညောင်ညောင်ဆရာက မြေခွေးမလေး ပြေးသွာသည်ကို ကြည့်ကာ ခေါင်းယမ်း လိုက်မိသည။် ကြည့်ရတာ မိဘမဲ့ မြေခွေးမလေးက စ၀်ခွန်ပိုင်ကို ခင်တွယ်နေပြီထင်သည်။

“မေမေ … သူနာမည်က စ၀်ခွန်ပိုင်တဲ့ … မေမေသိလား သမီးသူ့ကို အရမ်းသဘောကျတာပဲ …”

မြေခွေးမလေးက မိခင်ဖြစ်သူကို တိုင်တည်ပြီး ပျော်ရွှင်စွာ ပြောနေမိစဉ် စ၀်ခွန်ပိုင်နှင့်ညောင်ညောင်ဆရာတို့ နေ့လည်စာစားပြီးနောက် ပြင်ဆင်စရာကို ဆက်လုပ်နေကြသည်။ ညနေစောင်းသောအခါ တောင်အောင်ကိုဆင်းခဲ့စဉ် ရုတ်တရက် မိုးရွာချလာသဖြင့် လူငယ်လေးများက တောင်ခြေကို ခပ်သွက်သွက် အပြေးဆင်းလာကြစဉ် စ၀်ခွန်ပိုင်နှင့် စိုင်းထက်က နောက်မှလိုက်လာကြသည်။

“မင်း မိုးစိုကုန်ပြီ …”

စိုင်းထက် အားတုန့်အားနာပြောစဉ် ပိန်းဖက်အကြီးစားတစ်ရွက် ခြုံထဲမှ အပြင်ကို လွင့်ကျလာခဲ့သည်။ ခြုံပုတ်ထဲ အမြီးပွပွလေးရုတ်တရက် ၀င်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့သော် စ၀်ခွန်ပိုင် အံ့သြသွားခဲ့သည်။

“ဟော … ကံကောင်းတာ … ပိန်းရွက်ကြီးပါလား ရော… ခွန်ပိုင် … ဒါကိုဆောင်းထားဦး။ ဒီခြုံနောက်မှာ ငါနောက်တရွက် ထပ်ခူးလိုက်ဦးမယ်”

စိုင်းထက်က ပိန်းရွက်ကို ယူပေးပြီး နောက်တရွက်သွားခူးစဉ် ညောင်ညောင်ဆရာက တိုးတိုးပြောခဲ့သည်။

“မြေခွေးမလေးက မင်အတွက်ခူးလာပေးတာ။ ကြည့်ရတာ မင်းကို လိုက်နူတ်ဆက်တာထင်ပါရဲ့ …”

စ၀်ခွန်ပိုင် ပိန်းရွက်ကို ကောက်ကာ ထီးလိုမိုးလိုက်ပြီး ဟိုဟိုသည်သည်ကြည့်စဉ် ခြုံပုတ်လေးတခုမှ ထွက်နေသည့် နားရွက်လေးကို တွေ့သောအခါ ထိုနားကုန်းကြည့်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်ကွာ … မင်းအိမ်ကို ပြန်တော့နော်။ မိုးရွာနေပြီ … ဆက်မလိုက်ခဲ့နဲ့တော့ …”

မြေခွေးမလေးက မိမိကို တီးတိုးပြောလိုက်သည့် စ၀်ခွန်ပိုင်၏ စကားကိုကြားသော် ၀မ်းသာသွားပြီး တောင်ပေါ်ကို ပြန်ပြေးတက်သွားတော့သည်။

“ဘာ…ကောင်လေးလဲ ခွန်ပိုင် ”

“အကောင်တစ်ကောင်တွေ့လို့ ကြည့်နေတာ ထွက်ပြေးသွားပြီ …”

စ၀်ခွန်ပိုင် စိုင်းထက်ကို ဟန်မပျက်ပြန်ဖြေလိုက်သည်။ စိုင်းထက်၏ လက်ထဲတွင်လည်း ပိန်းရွက်ကားကားကြီးတရွက် ဆောင်ထားသည်။ နှစ်ယောက်သား တောင်အောက်ကို အေးအေးဆေးဆေးပဲ ဆက်လျှောက်လာခဲ့သည်။ တောင်အောက်သို့ ရောက်သော် ကျန်သည့် သူများက ပိန်းရွက်ကို ထီးလုပ်ဆောင်းလာသည့် သူငယ်ချင်း နှစ်ယောက်ကို သဘောကျကာ ၀ိုင်းရယ်ကြသည်။ စိုင်းထက်ကြောင့် ခွန်ပိုင်လည်း မထင်မှတ်ပဲ ပျော်ရွှင်ဖွယ်တနေ့တာကို ကြုံတွေ့ခဲ့ရသည်။

မြေခွေးမလေးသည် စ၀်ခွန်ပိုင်တို့ ပြန်သွားပြီးနောက်နေ့လည်းမျှော်နေမိသည်။ ကထိန်ပွဲနေ့တွင် စိုင်းထက်နှင့် အခြားလူများကို တွေ့သော်လည်း မိမိတွေ့ချင်သည့် စ၀်ခွန်ပိုင် ပါမလာသဖြင့် မြေခွေးမလေး စိတ်ပျက်စွာပြန်လာစဉ် ကျွဲကြီး၊နွားကြီးနှင့် တိုးမိသည်။

“ကောင်မလေး … မင်း ဒီနေရာဘာလာလုပ်တာလဲ …”

“အရင်တခါက မင်းကြောင့် ငါတို့ အရိုက်ခံလိုက်ရတာ … မင်း အဲ့ဒီအကြွေးကို ပြန်ပေးဆပ်ရမယ် ”

ကျွဲကြီးက မြေခွေးမလေးကို ရိုက်လိုက်ရာ ခွေခွေလေး ပစ်ကျသွားတော့သည်။

“ဒီ ခွေးမလေးကို တခါတည်း နင်းသတ်လိုက်စမ်း ”

ကျွဲကြီး၏ အသံကြောင့် နွားကြီးက ခြေနှင်းနင်းလိုက်စဉ် မြေခွေးမလေးက ဘေးကို ရှောင်လိုက်ပြီး ကျောက်တုံးနှင့်ထုပစ်လိုက်သည်။

“ဒုတ် …”

“အား …”

“မြေခွေးမလေး … သေချင်နေတာ… လာစမ်း ”

မြေခွေးမလေးသည် ကျွဲကြီး၏ ရိုက်ချက်ကြောင့် အဝေးကို တခါတည်း လွင့်ကျသွားတော့သည်။

“အဲကောင်မလေးကို တခါတည်း အသေသတ်ပစ်ရမယ် ”

ကျွဲကြီးက ကြိမ်းဝါးကာ အနားကို တိုးလာစဉ် ရုတ်တရက် ကောင်းကင်ပေါ်မှ ရယ်သံ အကျယ်ကြီး ကြားလိုက်ရပြီး ခြင်္သေ့ခေါင်း၊ လင်းယုန်တောင်ပံနှင့် ငါးအမြီးရှိသည့် သတ္တ၀ါဆန်းတကောင်ကို တွေ့လိုက်ရသည်။

“ဟား … ဟား …ဟား ..။ မြေခွေးမလေးကို နှစ်ကောင်သား ၀ိုင်းအနိုင်ကျင့် နေကြတယ် ငါ့အစာဖြစ်ချင်နေပြီလား …”

“တောဘုရင်ကြီး …”

ကျွဲကြီးနှင့် နွားကြီးက ကြောက်လန့်တကြားထွက်ပြေးစဉ် မြေခွေးမလေးက ထပြီး တော့ဘုရင်ကြီးကို အရိုသေပေးကာ နူတ်ဆက်လိုက်သည်။

“ဦးဦး တောဘုရင်ကြီး ”

“မင်းအမေ ဘယ်မှာလဲ ကလေး … ဘာလို့တယောက်တည်း လျှောက်သွားနေတာလဲ ”

“မေမေ သေပြီ တောဘုရင်ကြီး ”

မြေခွေးမလေးက မိခင်အကြောင်းပြောပြီး မျက်ရည်ကျတော့သည်။ တောဘုရင်ကြီးက မြေခွေးမလေးကို သူနှင့်မျိုးတူမြေခွေးအုပ်ရှိရာကို ခေါ်သွားပေးမည်ဟုပြောသော် မြေခွေးမလေးက ထူးထူးဆန်းဆန်းတောင်းဆိုခဲ့သည်။

“သမီးရဲ့မိတ်ဆွေကို သွားပြီးနူတ်ဆက်ပါရစေ တောဘုရင်ကြီး ”

“မင်ရဲ့ မိတ်ဆွေက ဘယ်သူလဲ … ဘယ်မှာနေတာလဲ ”

“မြို့မှာနေတဲ့ လူသားတစ်ဦးပါ … သူက သမီး အသက်ကို ကယ်ထားလို့ပါ ”

“အင်း …မင်း ဒီအတိုင်းသွားရင် အသတ်ခံရလိမ့်မယ်။ လူသားအသွင်ပြောင်းစေတဲ့ ဆေးလုံးကိုသောက်ပြီးသွားမှ ဖြစ်မှာပေါ့ ”

တောဘုရင်၏ စကားကို ကြားသော် မြေခွေးမလေး ၀မ်းသာအားရ မေးလိုက်သည်။

“အဲ့ ဆေးလုံး ဘယ်မှာသွားရှာရမလဲ … သမီးသွားယူချင်လို့ပါ ”

တောဘုရင်ကြီးက မြေခွေးမလေးကို ကြည့်ကာ ရယ်မောရင်းပြောလိုက်သည်။

“ငါ့မှာရှိတယ် … မင်းငါ့အတွက် ငါး သုံးပုံရှာပေးနိုင်ရင် မင်းကို ပေးမယ်။ ချောင်းငါး မစားရတာကြာပြီ ”

မြေခွေးမလေးသည် တောဘုရင်ကြီး၏ စကားကိုကြားသော် ချက်ချင်း တောင်ကျချောင်းလေးဆီ ပြေးကာ ငါးရှာတော့သည်။ တစ်ကောင်တည်း ရှာဖွေစားလာသူပီပီ ငါးရှာလည်း တော်သည်။ ဒါကြောင့် ညနေစောင်းတော့ ငါးသုံးပုံ တိတိ ရှာလို့ရခဲ့သည်။ တောဘုရင်ကြီးက ငါးသုံးပုံကို စားပြီးနောက် ကတိအတိုင်း ဆေးလုံးတလုံးပေးကာ အဝေးကို ထွက်သွားတော့သည်။
မြေခွေးမလေးသည် ဆေးလုံးကို မေမေပေးထားသည့် အိတ်ရှုံ့လေးထဲ သေချာသိမ်းပြီး မိမိအိပ်စက်သည့် ခြုံဖုတ်ထဲကို တိုးဝင်ကာ အနားယူလိုက်တော့သည်။

“မနက်ဖြန် စ၀်ခွန်ပိုင်ကို သွားရှာရမယ် ”
------------------------------------------------------

“ခွန်ပိုင်ရေ … ခွန်ပိုင် …”

“၀င်ခဲ့လေ စိုင်းထက် … ငါအိမ်ဘေးမှာ …”

စ၀်ခွန်ပိုင်သည် ခြံရှေ့မှ စိုင်းထက်၏ အော်သံကို ကြားသော် ထူးလိုက်သည်။ စိုင်းထက်သည် စတီးချိုင့်ကိုဆွဲကာ အိမ်ဘေးကိုလာခဲ့သော် ပန်းပင်များကြား ပေါင်းရှင်းနေသော စ၀်ခွန်ပိုင်ကိုတွေ့လိုက်ရသည်။

“မင်းခြံထဲဆင်းနေပြန်ပြီ … အဖျားသသက်သာပီလား ။ နိုင်နိုးက ငါ့ကို ကြက်ပေါင်းခေါက်ဆွဲ ပို့ခိုင်းလိုက်တာ။ လာ … ပူတုန်းစားလိုက်ဦး ”

စိုင်းထက်က ချိုင့်ကို မြှောက်ပြီးပြောလိုက်သဖြင့် ခွန်ပိုင် အားတုံးအားနာဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

“အားနာစရာကြီးကွာ … ငါက ကိုယ်နည်းနည်းပူရုံပါ။ အခု အဖျားလည်းကျသွားပါပြီ ”

“ငါက မင်းကို အားနာရမှာပါကွ။ ငါ့ကြောင့် မင်း မိုးမိပြီးဖျားသွားတာ။ နိုင်နိုင်းလည်းငါ့ကို တဖွဖွ ပြောနေတာ။ မင်းက မြေပြန့်သားဆိုတော့ တောင်ပေါ်ဒေသမှာ မိုးမိတော့ တခါတည်းဖျားရောပေါ့”

စိုင်းထက် တကယ့်ကို စိတ်မကောင်းစွာဖြင့် ဆရာဝန်လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။ မနေ့က မိမိတို့ တောင်အောက်အဆင်း မိုးမိသည့်အပြင် အပြန်ဆိုင်ကယ်စီးခဲ့သောကြောင့် လေတိုက်ပြီး စ၀်ခွန်ပိုင် ဖျားသွားခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် တကယ့် ပွဲနေ့ရောက်တော့ ခွန်ပိုင် မလိုက်နိုင်တော့ပေ။

ခွန်ပိုင်သည် စိုင်းထက်လက်ထဲမှ ချိုင့်ကိုယူပြီး ပန်းကန်ထဲလှယ်ထည့်ပြီးနောက် ဆေးမည်အပြု စိုင်းထက်က အတင်းလုကာ အိမ်ကျမှဆေးမည် ပြောပြီး ခွန်ပိုင်ကို ခေါက်ဆွဲပူတုန်း စားရန် အတင်းတိုက်တွန်းတော့သည်။ ခွန်ပိုင်လည်း ပေးသူ စိတ်ကျေနပ်အောင် တလုပ်စားလိုက်စဉ် တအံတသြဖြင့် ချီးကျူးလိုက်သည်။

“နိုင်နိုင်းလက်ရာက အရမ်းစားကောင်းတာပဲ…”

စိုင်းထက် ရယ်ပဲရယ်နေလိုက်သည်။ တကယ်တော့ နိုင်နိုင်းက ပွဲကပြန်လာပြီး သူ့သူငယ်ချင်းများဖြင့် အခြားနေရာကို သွားလည်နေရာက ပြန်မရောက်လာသေးပေ။ မိမိက ဖျားနေသော ခွန်ပိုင်ကို ကြက်ပေါင်းခေါက်ဆွဲ လာလုပ်ပေးခြင်းဖြစ်သည်။ ဥာဏ်ထက်သော စ၀်ခွန်ပိုင်က စိုင်းထက် ရယ်နေသည့်ကို တချက်ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။

“ဒီခေါက်ဆွဲက မင်း ချက်ထားတာလား….ဟုတ်ပါတယ် ”

စိုင်းထက် ရှက်ရယ်ရယ်ကာ ခေါင်းငြိမ့်လိုက်သည်။ စ၀်ခွန်ပိုင်သည် အချက်အပြုတ်ကောင်းသည့် သူငယ်ချင်းလေး၏ လက်ရာကို စားရင်း လက်မထောင်ပြီး အားပါးတရ ချီးကျူးတော့သည်။

“မင်း တကယ့်ကို တော်တာပဲ စိုင်းထက်… တကယ် တကယ်ပြောတာ… နိုင်နိုင်းလက်ရာအတိုင်းပဲ…အရမ်း အရသာရှိတယ်…”

“နိုင်နိုင်းမြေးလုပ်ပြီး ဒါလေးတောင် မချက်တတ်ရင် ငါ့ကို နိုင်နိုင်းက ထုမှာပေါ့…”

ရိုးသားသော မြောက်ပိုင်းသားလေးက သူ့ကို ချီးကျူးစကားပြောနေသောကြောင့် ခေါင်းကုတ်ကာ ရှက်ရယ်ရယ်ရင်း မနေတတ် မထိုင်တတ် ဖြစ်နေသည်။ စ၀်ခွန်ပိုင်သည် စိုင်းထက်ကို တခုအကူညီတောင်းလိုက်သည်။

“မင်း ငါ့ကို ကြက်ပေါင်းခေါက်ဆွဲ ချက်နည်းသင်ပေးပါလား။ ငါ့ ကျေးဇူးရှင် ဦးဦးနဲ့ ဒေါ်လေးကို ချက်ကျွေးချင်လို့…”

နိုင်နိုင်းပြောပြထားသဖြင့် စ၀်ခွန်ပိုင်၏ မိဘနှစ်ပါး ငယ်ကတည်းက ဆုံးပါးသွားပြီး ဆွေမျိုးနီးစပ်တော်သူများက မွေးစားထားသည်ဟု ကြားထားဖူးသဖြင့် ခေါင်းငြိမ့်လိုက်သည်။

“စိတ်ချ။ မင်းနေကောင်းရင် ငါ ချက်နည်းပြပေးမယ်”

ထိုစဉ် ညောင်ညောင်ဆရာက ကြက်ပေါင်းနံ့ရသဖြင့် အချစ်တော် ပူစီလိုမျိုး ဟန်ဆောင်ပြီး အနားတွင် တမြောင်မြောင် လာအော်တောင်းနေသဖြင့် စ၀်ခွန်ပိုင်က စားနေရင်း ထပြီး ကြောင်အိမ်ထဲမှ ငါးကြော်တကောင်ကို ယူပြီး ပန်းကန်ထဲ ထည့်ပေးရသည်။ ပြီးတော့ သူ့အတွက် နို့ဗူး တဗူးကို ဖောက်ကာ ခွက်လေးထဲ ထည့်ပေးကာ ညောင်ညောင်ဆရာရှေ့ ချပေးလိုက်တော့သည်။ စိုင်းထက်သည် အိမ်မွေးကြောင်ကို ဒီလို လူကြွေးသလို သန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန်မွန်ချကြွေးနေသည့် သူငယ်ချင်းလေးကို ငေးကြည့်နေရင်း စ၀်ခွန်ပိုင်၏ စိတ်ထားနူးညံ့ပုံကို တွေးနေမိသည်။

“မင်း ကြောင်လေးကို အရမ်းချစ်တာပဲနော်…”

“အင်း …. သူက ငါ့အတွက် သူငယ်ချင်းလည်းဟုတ်တယ်။ တယောက်တည်းသော သံယောဇဉ်တွယ်ရာလည်း ဟုတ်တယ်”

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာကို ငေးကြည့်ရင်း မူလ ကြောင်လေးကို ချစ်သော အကိုပေးခဲ့သည်ကို ပြန်သတိရနေမိသည်။ မိမိမွေးနေ့ မထင်ပဲ သူ့လက်ထဲ ပွေ့ထားသည့် ဒီကြောင်ဖြူလေးကိုတွေ့တော့ ဟန်မဆောင်နိုင်အောင် မိမိပျော်သွားခဲ့မိသည်ကို ပြန်ပြီး သတိရမိသည်။ ပထမဆုံး သူစိမ်းတယောက်ဆီက ရသည့် မွေးနေ့လက်ဆောင်၊ ကြောင်ချစ်တတ်သည့် မိမိအတွက် အမွေးပွ ပါရှားကြောင်အဖြူလေးကို ၀ယ်ပြီး လက်ဆောင်ပေးသည့် မိမိအသည်းနှလုံးကို ပိုင်စိုးသည့်သူ….။
-----------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??