အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (5)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (5)

စိုင်းထက်သည် မနက်မိုးလင်းသည်နှင့် ခွန်ပိုင်ဆီကို သွားချင်ပေမယ့် မနေ့ကမှခင်မင်ပြီး မနက်စောစောသွားနှောက်ယှက်သည် ဟုမထင်စေချင်သဖြင့် ခါတိုင်းလို ဖွားဖွားကိုကူပြီး ဈေးရောင်းပေးသည်။ ခွန်ပိုင်များဈေးလာမလားဟု မျှော်လင့်နေသော်လည် ပေါ်မလာခဲ့ပေ။ ဒါကြောင့်ဆိုင်သိမ်းပြီး နေ့လည်အိမ်ပြန်နေတော့ ဖွားလိုအပ်တာအားလုံးလုပ်ပေးပြီး ညနေသုံးနာရီလောက် ခွန်ပိုင်အိမ်ဘက်ကိုထွက်လာခဲ့သည်။
 

“ခွန်ပိုင်ရေ…”
 

“အေး…ငါ ဒီဘက်မှ စိုင်းထက်… ၀င်ခဲ့လေ…”

 

ခြံထဲမှ သူ့အသံကိုကြားသဖြင့် စိုင်းထက်ခြံတံခါးကို ဖွင့်ကာဝင်ခဲ့သည်။ ခွန်ပိုင်က သစ်ပင်များကို မြေဆွနေသည်။ သူ့ကြောင်လေးက ခပ်လှမ်းလှမ်တွင် ပျံနေသည့် လိပ်ပြာလေးများကို ချောင်းနေသည်။ သစ်ပင်များအုပ်ဆိုင်းသည့် ခြံကြီးထဲ မြေဆွပေါင်းသင်နေသော လူရွယ်တစ်ဦး။ နံဘေးမှ အမွေးမွပါရှားကြောင်လေး တစ်ကောင်ကို အဖော်လုပ်နေသည့် မြင်ကွင်းက မြင်မိသုကို အေးချမ်းခြင်းကို ခံစားရစေသည်။ စိုင်းထက်သည် ခွန်ပိုင်ကိုပြုံးကြည့်ကာ အနားက ပေါက်ပြားကို ကောက်ကိုင်ကာ အပင်ခြေရင်းတွင် ပေါက်နေသည့် ပေါင်းမြက်များကို ရှင်းလိုက်တော့ စ၀်ခွန်ပိုင်က အားနာစွာဖြင့် လှမ်းဆွဲကာ ပြောလိုက်သည်။
 

“ဟာ မလုပ်ပါနဲ့…. လာ… အိမ်ထဲမှာ စကားသွားပြောရအောင်”
 

“မဟုတ်ဘူး။ ငါက မင်းကို တမင်စကားစမြည်ပြောရင်း လာကူတာ။ မင်းက မြို့သား ပေါက်ပြားကိုင်နေရင် နောက်နေ့ မင်းလက်ပေါက်ကုန်လိမ့်မယ်… ငါက လုပ်နေကျ။ ခါတိုင်းလည်း ခြံထဲ မြေပေါက်နေကြ။ လုပ်ပါ… မင်းက ပေါင်းမြက်နဲ့ အမှိုက်တွေသယ်ပြီး ပစ်လိုက်လေ။ ငါ ပေါက်လိုက်မယ်…”

 

စ၀်ခွန်ပိုင် အရမ်းကို အားနာနေသော်လည်း စိုင်းထက်က ပြောရင်း ခပ်သွက်သွက်ပေါက်နေပြီ။ သွက်လက်သည့် လုပ်ကိုင်ပုံအရ သူလုပ်နေကျဖြစ်သည်ကိုသိလိုက်သည်။ မိမိက ပင်ပင်ပန်းပန်းလုပ်နေသော်လည်း သူက သက်တောင့်သက်သာပဲ လုပ်သွားလိုက်သည်။ စ၀်ခွန်ပိုင်၏ အမူကျင့်အရဆိုလျှင် ခုမှခင်သည့် လူစိမ်းကို ဒီလိုအလုပ်ခိုင်းဖြစ်မည် မထင်ပါ။ ဒါပေမယ့် စိုင်းထက်၏ ရိုးသားပွင့်လင်းသည့် မျက်နှာထားက ဘာကြောင့်မှန်းမသိ စိတ်အနှောက်ယှက်မဖြစ်ပဲ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ စိုင်းထက်သည် မိမိနှင့်နှစ်ပေါင်းများစွာကတည်းက ခင်မင်ခဲ့ဖူးသူလိုပင်။ ဒါကြောင့် ခွန်ပိုင် မငြင်းတော့ပဲ ပေါင်းမြက်များကို သိမ်းကာ တနေရာတွင်သွားစုပုံလိုက်သည်။
 

“ဒီမြို့လေးက အေးချမ်းတိတ်ဆိတ်တယ်နော်….”
 

“အင်း…ဟုတ်တယ်။ လူတွေလည်း လက်ဖက်စိုက်ခင်းနဲ့ တောင်ယာတွေလုပ်ကြတယ်။ အေးအေးဆေးဆေးနဲ့နေလို့ကောင်းတယ်… ဒါပေမယ့် မင်းက မြို့ကြီးမှာနေခဲ့တော့ ပျင်းမှာပေါ့…”
 

“မပျင်းပါဘူး။ ငါက ဒီလိုအေးချမ်းတိတ်ဆိတ်တဲ့နေရာမှာ နေချင်တာ… ဒါကြောင့် ထွက်လာတာ…”
 

“စိတ်မရှိနဲ့ ….မင်း အသည်းကွဲခဲ့တာလား။”

 

ခွန်ပိုင် တောင့်ခနဲဖြစ်သွားပြီး စိုင်းထက်ကို ဖျတ်ခနဲကြည့်လိုက်သော်လည်း စိုင်းထက်က သူ့ကိုမကြည့်ပဲ မြေပေါက်ရင်း အမှတ်တမဲ့မေးလိုက်သည်ကိုတွေ့တော့ ခွန်ပိုင် အမှန်တိုင်းပြောလိုက်သည်။
 

“အင်း….. ဟုတ်တယ်… မင်းက ဘယ်လိုသိတာလဲ…”
 

“မင်းရဲ့မျက်လုံးထဲက အကြည့်တွေကြောင့်၊ ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ တွေ့ဖို့ရေစက်ပါလို့ပဲ မှတ်လိုက်။ ဘယ်လိုအရာပဲဖြစ်ဖြစ် ကောင်းတာနဲ့ဆိုးတာက တွဲနေတာပဲလေ။ မင်းအသည်းမကွဲရင် ဒီကိုမလာဖြစ်ရင် ငါနဲ့သူငယ်ချင်းမဖြစ်နိုင်ဘူးလေ။”
 

“အင်း… အားလုံးက ကံတရားအတိုင်းပေါ့ကွာ….”
 

စိုင်းထက်၏စကားကြောင့် စ၀်ခွန်ပိုင် အနည်းငယ်ပြုံးလိုက်သည်။ ဒီကောင်လေးရဲ့အတွေးက သိပ်ကိုရိုးရှင်းတာပဲဟု တွေးနေမိသည်။ တကယ်လို့ မိမိနေရာတွင် စိုင်းထက်ဖြစ်ခဲ့လျှင် သူနှင့် ဘယ်လိုများ ဇာတ်လမ်းဆက်ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပဲ။ သေချာတာကတော့ သူလုပ်သမျှတိုင်းက စိုင်းထက်အပေါ် မိမိလောက်သက်ရောက်မည်မဟုတ်ပေ။ မိမိက ခံစားချက် နက်ရှိုင်းတက်ပြီး သူပြောသလိုဆိုလျှင် နာကျင်မှုတွင် မွေ့လျော်သည့်သူဖြစ်လို့… ချစ်ခြင်းနောက်က အပိုခံစားချက်တွင် နာကျင်နစ်မျှောနေသည်တဲ့…။ စ၀်ခွန်ပိုင် ခေါင်းယမ်းလိုက်ပြီး အတွေးကိုမောင်းထုတ်လိုက်သည်။ တစ်နာရီလောက် လုပ်လိုက်ပြီး ခြံအရှေ့ပိုင်းက အပင်ကြီးခြေရင်းတွင်ရှင်းသွားလေပြီ။ စွပ်ကျယ်လေးနှင့် စိုင်းထက်လည်း ချွေးစို့နေပြီ။ ခွန်ပိုင်ကတော့ ပြောမနေနှင့်.။ ချွေးပြိုက်ပြိုက်ကို ကျကာ မျက်နှာတစ်ခုလုံးရဲလို့နေသည်။

 

“မင်း ချွေးတွေရွှဲနေပြီကွ…လာ အထဲကိုသွားကြရအောင်။ အအေးသောက်ရင်း နားရအောင်…”
 

“မင်း ရေချိုးပြီးပြီလား…”

 

စိုင်းထက်က ရုတ်တရက်မေးလာသဖြင့် ခွန်ပိုင်ကြောင်သွားပြီး ခေါင်းခါလိုက်သည်။
 

“ပြီးမှချိုးမှာ….”

 

“ဒါဆို … ငါတို့ခြံနောက်မှာ စမ်းချောင်းလေးတစ်ခုစီးနေတာ။ ရေလည်းအရမ်းကြည်တယ်။ အဲ့မှာသွားချိုးရအောင်လား… မင်း အဲ့နေရာ မရောက်လောက်သေးဘူးထင်တယ်…”

 

“မရောက်သေးဘူး… သွားရအောင်လေ…”

 

ခွန်ပိုင် စိတ်ဝင်စားလာပြီး ရှန့်ကိုကောက်ပွေ့ကာ ပြောလိုက်သည်။ စိုင်းထက်လည်း တက်ကြွစွာနှင့် ခွန်ပိုင်၏ခြံအနောက်ဘက်ကို ဦးဆောင်ခေါ်ခဲ့သည်။ ခြံအနောက်ဘက် သစ်ပင်အုပ်အုပ်များကိုဖြတ်လာပြီး ခြံစည်းရိုးကိုငုံ့ကျော်လိုက်သည်နှင့် ရေကြည်ကြည်စီးနေသည့် စမ်းချောင်လေးကို တွေ့လိုက်ရသည်။ ရေက ခါးလောက်နက်ပြီး ကြည်လင်လို့နေသည်။ ရေထဲတွင် ငါးလေးများကိုပင်တွေ့ရသဖြင့် စ၀်ခွန်ပိုင်၏ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။
 

“၀ိုး…ဒီစမ်းချောင်းရှိတာ ငါ မသိဘူးကွ…”

 

“ရေက ကြည်လင်နေတာပဲ။ ချိုးလို့လည်းကောင်းတယ်ကွ….”

 

စိုင်းထက်က အ၀တ်ကိုချွတ်ကာ အတွင်းခံလေးနှင့် ချောင်းထဲ ခုန်ဆင်းလိုက်သည်။ ရေထဲ ပက်လက်လှန်ပြီး နေရောင်တောက်တောက်တွေ ပက်ဖြန်းထားသည့် သစ်ပင်များကို မော့ကြည့်ကာ ပြောလိုက်သည်။
 

“ခွန်ပိုင်…လာလေ…ဟိုးနားလေးမှာ တံမံတုတ်ထားတာရှိတယ်….”

 

ခွန်ပိုင်သည် ကြောင်မလေးကို ချကာ အ၀တ်ကိုချွတ်ပြီး ရေထဲဆင်းလိုက်သည်။ ပူလောင်ကာ ချွေးနဲ့စေးထန်းနေသည့်ကိုယ်က ရေကြောင့် လန်းဆန်းသွားတော့သည်။ ခွန်ပိုင်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ရေထဲငုပ်လိုက်သည်။ ရေထဲကနေ ခေါင်းဖော်ပြီး တချက်ရယ်လိုက်သည်။
 

“စမ်းချောင်းထဲရေချိုးချင်တာ ငါ့ ငယ်ငယ်ကတည်းက အိပ်မက်ပဲ။ အရမ်းချိုးလို့ကောင်းတာပဲကွာ…..”

 

စိုင်းထက်သည် ခွန်ပိုင်၏ အရယ်မျက်နှာလေးကိုမြင်သော် ငေးကနဲဖြစ်သွားသည်။ ခွန်ပိုင် အရမ်းကို ချစ်ဖို့ကောင်းလှသည်။ သူ့မျက်လုံးထဲမှ အဆွေးရိပ်လေး ခဏပျောက်ကွယ်သွားသည့်အချိန်တွင် လမင်းကြီးပမာ ခွန်ပိုင်၏မျက်နှာက ဆွဲဆောင်အား ကောင်းလွန်းလှသည်။ စိုင်းထက်က မိမိကိုငေးကြည့်နေသည်ကို ခွန်ပိုင်သတိမထားမိပဲ မိမိခြံထဲမှ သစ်ပင်တွင်ပေါ်နေသည့် ရေရိပ်နှင့် ငါးလေးများ၏ ပုံကိုကြည့်ကာ ကြက်သေသေသွားခဲ့သည်။ ခုနက မိမိတို့ဖြတ်ခဲ့စဉ်က ထိုနေရာတွင် မည်သည့် ကန်မှမရှိသည်ကို အမှတ်ရကာ စ၀်ခွန်ပိုင် ချက်ချင်းရေထဲက တက်ကာ ထိုနေရာကိုလာကြည့်တော့ တကယ်ပဲ ကန်ဟောင်း အရာလေးကိုပဲတွေ့ရသည်။ သို့သော် ထိုကန်ကို နေရောင်ထိုးပြီး သစ်ပင်များတွင် ငါးလေးများသွားနေသည့် အရိပ်ကို မြင်ရသည်က ထူးခြားလွန်းလှသည်။ ထိုနေရာသည် ပရလောကနှင့်သက်ဆိုင်သည့် ရေကန်တစ်ခုနှင့်ရွှေငါးလေးများ ရှိနေပုံရသည်။
 

“ဘာဖြစ်လို့လဲ …ခွန်ပိုင်… ဘာတွေ့လို့လဲ..”
 

“အင်း…ဘာမှမဟုတ်ပါဘူး။ ငါ သစ်ပင်မှာ ကန်ရေပြင်ရိပ် ထင်နေသလိုမြင်လိုက်လို့။ အကြည့်မှားတာနေမှာပါ…”

 

ခွန်ပိုင်သည် စိုင်းထက်ကိုပြောပြီး ရေထဲကိုပြန်ဆင်းလာခဲ့သည်။ စိုင်းထက်သည် ခွန်ပိုင်ကို တချက်ကြည့်ကာ ရေထဲပြန်ဆင်းလာပြီး ရေကစားနေစဉ် သစ်တောထဲမှ အသံနက်ကြီးနှင့်ပြောလိုက်သည့် စကားကိုကြားသော် တုန်ခနဲဖြစ်သွားခဲ့သည်။
 

“ပြန်ပေးစမ်….ငါ့ရဲ့ဟာ ပြန်ပေးစမ်း…”
 

“မင်းကို ဂုတ်ချိုးသတ်လိုက်ရမလား…”

 

အက်ကွဲကွဲ မိန်းမကြီးအသံနှင့် စိတ်အနှောက်ယှက်ဖြစ်စရာ ယောကျာ်းသံစူးစူးက ချောင်းတစ်ဖက် သစ်ပင်ကြားမှ ထင်ထင်ရှားရှားကြီးပေါ်လာသဖြင့် စိုင်းထက် ဆတ်ခနဲလန့်သွားမိသည်။ သစ်တောဘက်ကိုလှည့်ကြည့်လိုက်တော့ ဘာမှမမြင်ရပေ။ သို့သော် ခွန်ပိုင်က သစ်တောလေး၏ အစပ် သစ်ပင်အောက်ကို လှမ်းကြည့်ကာ မိမိကိုပြောလိုက်သည်ကိုကြားတော့ စ၀်ခွန်ပိုင် တခုခုမြင်နိုင်သည်ကိုရိပ်မိလိုက်သည်။
 

“စိုင်းထက်…အေးလာပြီ။ ပြန်ကြစို့… ငါ့အိမ်မှာ ကော်ဖီသောက်ပြီးမှပြန်…”
 

“ငါ အ၀တ်လဲပြီး မင်းအိမ်ကိုလာခဲ့မယ်။”

 

စ၀်ခွန်ပိုင်သည် မိမိကို ကပ်နေသည့် ၀ိဥာဉ်များ စိုင်းထက်ကို တခုခုလုပ်မည်စိုးသဖြင့် ခေါင်းငြိမ့်လိုက်သည်။ စိုင်းထက်က သူ့ခြံအနောက်စည်းရိုးကတဆင့် ၀င်သွားတော့မှ စ၀်ခွန်ပိုင်က သူတို့ကိုလှမ်းအော်ပြောလိုက်သည်။
 

“င့ါမှာ ဘာမှမရှိဘူး။ မင်းတို့ လူမှားနေတာ…”
 

“မင်းအကြောင်းကို ဒီဘက်လောကမှ ပြောနေကြတာ။ မင်းဆီမှာ ငါပိုင်တဲ့ဟာရှိနေတယ်။ ပြန်ပေးစမ်း…”

ဆံပင်ဖြူဖြူဖားလျားနှင့် ၀ိဥာဉ်မိန်းမကြီးက ခေါင်းမာမာနှင့်ဆက်ပြောနေသဖြင့် စ၀်ခွန်ပိုင် ကြောင်လေးကိုပွေ့ကာ ထွက်လာခဲ့သည်။

 

အိမ်သို့ရောက်သော် ရေပြန်ချိုးပြီး အ၀တ်လဲကာ ကော်ဖီနှပ်နေစဉ် စိုင်းထက်ဝင်လာခဲ့သည်။
 

“ခွန်ပိုင်…ငါဝင်လာပြီနော်…”

 

နှစ်ယောက်သား ကော်ဖီခွက်ကိုယ်စီနှင့် စို်င်းထက်ယူလာသည့် တိုဟူးကြော် ပူပူနွေးနွေးနှင့် မြည်းကာ ဧည့်ခန်းတွင် ထိုင်ပြီး စကားပြောနေကြသည်။ စိုင်းထက်သည် ကော်ဖီကို အရသာခံသောက်ပြီး ချီးကျူးသည်။
 

“မင်းကော်ဖီဖျော်တာ အရမ်းကောင်းတာပဲ…”
 

“မင်းရဲ့တိုဟူးကြော်လည်း အရမ်းကောင်းတယ်…”

 

ပြောပြီး နှစ်ယောက်သား ဘာရယ်မဟုတ်ရယ်မောလိုက်ကြသည်။ စိုင်းထက်သည် ခွန်ပိုင်ကို သတိပေးလိုက်သည်။
 

“မင်း တစ်ယောက်တည်း အနောက်ဘက် သစ်တော အုပ်လေးဆီ မသွားနဲ့နော်။ မင်းသွားချင်ရင် ငါ့ကိုခေါ်။

အဲ့မှာလူပြတ်တယ်။ မင်း ကို တယောက်ယောက် လုမှာစိုးလို့…”
 

“အင်းပါကွာ… ဒါနဲ့…မင်း ငါ့ကိုလာကူပေးတာရော… စမ်းချောင်းလေးဆီ ခေါ်သွားတာရော ကျေးဇူးတင်တယ် .. ငါ တကယ်ကို စိတ်လက်ပေါ့ပါးသွားခဲ့ရတယ်.”

 

“ရပါတယ်ကွာ။ ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်လား.”

 

“အင်း..ဟုတ်တယ်။ မင်းက ငါ့ရဲ့သူငယ်ချင်း…”

 

စိုင်းထက်၏ စကားကြောင့် ခွန်ပိုင် တိုးတိုးလေးပြန်ပြောရင်း ပြုံးမိသည်။ ပထမဆုံး သူငယ်ချင်းတစ်ယောက်ရှိခြင်း၏ ပျော်ရွှင်မှုကို ပြန်ပြီးခံစားလိုက်ရသည်။

 

-------------------------------

 

ခွန်ပိုင်သည် ညစာစားပြီးနောက် ခြံထဲလမ်းလျှောက်နေစဉ် ကြောင်မလေး၏ အော်သံကိုကြားလိုက်ရသဖြင့် ပြေးလာကြည့်စဉ် ခြုံပုတ်ထဲတွင် အော်ဟစ်နေသည့် ကြောင်မလေးကိုတွေ့သော် အမြန်ဆွဲထုတ်လိုက်သည်။ ကြောင်မလေး၏ တကိုယ်လုံး တုန်ယင်နေပြီး အမွေးလည်းထောင်ထနေသည်။ သူ့ကိုပွေ့တော့ မိမိလက်ကို လက်သည်းနှင့်ကုတ်ကာ အော်ဟစ်နေသဖြင့် စ၀်ခွန်ပိုင်ချော့လိုက်သည်။
 

“မြောင်…..”

 

“ရှန့်…ဘာမှမရှိဘူးနော်… မီမီ… ဘာမှမဖြစ်ဘူး…”

 

မိမိလက်က ကြောင်ကုတ်ရာကို အမှု့ပဲ သူလက်ဆောင်ပေးထားသည့် ကြောင်ဖြစ်လို့ တခုခုဖြစ်သွားမည်ကို စိုးရိမ်ပြီး အိမ်ထဲအမြန်ယူကာ သေချာစစ်ဆေးလိုက်သည်။ ဘာမှမဖြစ်သဖြင့် စိတ်သက်သာရာရသွားခဲ့သည်။ အိမ်ထဲရောက်မှ ကြောင်လေးက ငြိမ်သွားပြီး ကိုယ်ပေါ်ခွေကာ သွေးစပေနေသည့် သူ့လက်သည်ကို လျက်နေလိုက်သည်။ ထိုအခါမှ မိမိလက်က စပ်ဖျဉ်းဖျဉ်းဖြစ်သည်ကို သတိရာကာကြည့်လိုက်တော့ သွေးစို့ရာ သုံးကြောင်းကိုတွေ့လိုက်ရသည်။
 

“ရှန့်ရာ… မင်းတကယ်ဆိုးတာပဲကွာ…”

 

ခွန်ပိုင်ညည်းပြီး ကြောင်ကို ကြိမ်ကုလားထိုင်ပေါ်တင်ထားပြီး ဗေစင်တွင် လက်ဆေးကာ ပါလာသည့် ဆေးထည့်ကာပြန်လာခဲ့သည်။ မိမိနောက်ကျောကို သွေးဆာသည့် မျက်လုံးနှင့် စိုက်ကြည့်နေသည့် ကြောင်၏ အရိုင်းဆန်သည့် မျက်လုံးကို သတိမထားလိုက်မိပေ။

 

အိမ်အပေါ်ထပ်မှ ကလေးလေးက တစ်စုံတစ်ခုကို အာရုံရလိုက်သည့်နှယ် လှေကားဘက်ကို လာပြီးချောင်းကြည့်လိုက်တော့ ကြောင်မလေးနှင့်အကြည့်ချင်းဆုံသွားသည်။ ကြောင်က သရဲကောင်လေးကို ပြုံးပြလိုက်သည်။ သရဲလေးကလည်း ပြန်ပြီး ပြုံးပြခဲ့သည်။
 

“မမက တကယ်ဥာဏ်များတာပဲ။ အပေါ်က ဖွားဖွားကြီးတွေ့သွား၇င် အပြစ်ပေးခံရလိမ့်မယ်…”
 

“မင်း မပြောရင် မသိနိုင်ဘူးလေ….. တိတ်တိတ်နေပေး… လိမ်မာတယ်…”
 

“မမ ဖေဖေ့ကို လာရှာတာလား။ ဖေဖေက မမကို ဆေးဆက်မကုတော့ဘူးလို့ ပြောထားတယ်…”
 

“မမက မင်းရဲ့ဖေဖေကို သတိရလို့လာရှာတာ… မမ ဆေးဆက်ကုဖို့လိုတယ်… မင်းရဲ့ ဖေဖေက မမကို ဆေးဆက်ကုချင်ပါတယ်။ မင်းရဲ့ မေမေက မကုခိုင်းလို့။ အခု မမ အ၇မ်းကိုနာကျင်နေရတယ်…”
 

“ဒါဆို မေမေ မသိစေနဲ့။ ဖေဖေ့ကို မသိအောင် ဆေးကုခိုင်းလိုက်မယ်…”

 

သရဲလေးနှင့် ကြောင်မလေးက အပြန်လှန်စကားဆက်သွယ်ပြောနေသည်ကို ဆေးထည့်နေသည့် စ၀်ခွန်ပိုင် မသိလိုက်ပါ။ ထိုည အိပ်တော့ ခွန်ပိုင် အိပ်မက်ထူးထူးဆန်းဆန်းကို စပြီးမက်တော့သည်။ ညနေခင်း နေခြည်ပက်ဖြန်းထားသည့် ခြံထဲ မိမိဆင်းကာ လမ်းလျှောက်နေစဉ် ခြံအရှေ့ဘက်ဒေါင့်ထားက လိုင်ချီးပင်ကြီးအောက် ကျောလယ်ခန့် ဆံပင်ကိုဖျားလျားချထားသည့် မိန်းကလေးတစ်ယောက်၏ နောက်ကျောကို တွေ့လိုက်ရသည်။ သူမက င်္အကျီဖြူ လက်တိုနှင့် အဆင်နုတ်နုတ် လံချည်ကိုဝတ်ထားပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ကာဖတ်နေသည်။ သူမသည် စာထဲစိတ်မရောက်ပဲ အိမ်အပေါ်ထပ်ရှိ အခန်းတစ်ခန်းကို လှမ်းကြည့်ကာ တစ်ယောက်ယောက်ကိုမျှော်နေသလိုပင်။ သူမ၏မျက်နှာကို မမြင်ရသော်လည်း ဖတ်နေသည့် စာအုပ်ကိုလှမ်းမြင်လိုက်သည်။ သူမက သက်ပြင်းရှိုက်ပြီး တစ်ယောက်တည်း တီးတိုးငြီးလိုက်သည်။
 

“ကျနော်ကလည်းခက်တယ်နော်။ ဘဝမှာတခါလောက်ကိုယ့်အပေါ်ကောင်းဖူးတာနဲ့ အမြဲတမ်းဆက်ကောင်းပေးနေလိမ့်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတတ်တာမျိုးပေါ့”

 

သူမ၏ စကားသံထဲတွင် ခါးသီးခြင်း၊ နာကျည်းခြင်းတို့ အနည်းငယ်စွတ်ဖက်နေသည်။ ထို့နောက် သူမက စာအုပ်ကိုဘေးချပြီး ကောင်းကင်ကိုမော့ကြည့်ပြီး တစ်စုံတစ်ခုကို တီးတိုးရွတ်လိုက်သည်။
 

“ဘဝမှာလူတစ်ယောက်ဆီက အကြိမ်ကြိမ်ထွက်သွားဖို့ကြိုးစားခဲ့ဖူးပြီး...
အဲ့ဒီလူတစ်ယောက်ဆီကိုပဲ အကြိမ်ကြိမ်ပြန်လာခဲ့ရတယ်ဆိုတာလေ....”

 

ထိုစကားကိုကြားလိုက်သော်အခါ စ၀်ခွန်ပိုင်ရင်ထိတ်သွားခဲ့သည်။ ချောနုကျယ် စာအုပ်ထဲမှ စာသားက စ၀်ခွန်ပိုင်၏ အသိစိတ်ကို နှိုးလိုက်သလိုခံစားလိုက်ရပြီး ဖျတ်ခနဲနိုးလာခဲ့သည်။ ရင်ကတထိတ်ထိတ်ခုန်နေပြီး ရင်ဘတ်က လေးနေသဖြင့် မျက်စိဖွင့်ကြည့်တော့ မိမိရင်ဘတ်ပေါ်တွင် ကြောင်လေးက တက်ဖိကာ အိပ်နေသည်။

 

“ရှန့်… အောက်ဆင်းဦး… မင်းကိုယ်က လေးလာတယ်…”
 

“မြောင်…”

 

ကြောင်မလေးက မကျေမနပ်နှင့် အော်လိုက်သည်။ စ၀်ခွန်ပိုင်က ရေထသောက်လိုက်မှ ရင်တုန်တာ သက်သာသွားခဲ့သည်။ အပြင်ကိုလှမ်းကြည့်လိုက်တော့ မှောင်ပိန်းလို့နေသည်။ တကယ်ပဲ ဒီခြံနှင့်အိမ်က ၀ိဥာဉ်စံအိမ်ကြိးဖြစ်နေရော့လား။ မည်မျှသော ၀ိဥာဉ်တို့ အကူညီလိုနေပြီး တွယ်ကပ်နေခဲ့တာလဲဟု တွေးကာ သက်ပြင်းရှိုက်မိသည်။ အိပ်ခန်းထဲက ကြောင်မလေး၏ မျက်လုံးက အနီရောင်ပြောင်းပြီး ပြုံးနေသည်ကို ခွန်ပိုင်မသိလိုက်ပါ။

 

ခွန်ပိုင် ပြန်ပြီးအိပ်ပျော်သွားသည်အထိ စောင့်ပြီး ကြောင်မလေးက အခန်းထဲမှ တိတ်တဆိတ်ထွက်ကာ အိမ်အပေါ်ထပ်ကို တက်လာခဲ့သည်။ အပေါ်ထပ်ရှိ အခန်းတစ်ခန်းကို တန်းတန်းမတ်မတ်သွားလိုက်စဉ် အထဲက ကလေးလေးက ပြေးထွက်လာပြီး ကြောင်လေးကိုလေထဲလွင့်အောင်လုပ်ကာ ကစားနေသည်။ အခန်းထဲမှ အဖေကြီးက လှမ်းအော်လိုက်သည်။
 

“သားငယ်…. မင်း လုပ်လို့ကြောင်လန့်သွားမယ်… တော်ကြာ အိမ်ရှင်ကောင်လေး နိုးသွားမယ်။ ကြောင်ကိုပြန်ချထားစမ်း…”
 

“ကြောင်လေးနဲ့သားက သူငယ်ချင်းဖြစ်သွားပြီး ဖေဖေ… သား သူ့ကိုကိုင်ကာ ဘာမှပြန်မလုပ်ဘူး..”
 

“ဘာမှမလုပ်နဲ့။ သူ့ကိုအိမ်အောက်ထပ်ပြန်ပို့လိုက်….”
 

“ဟုတ်ကဲ့…”

 

ဆယ်နှစ်သားအရွယ် ၀ိဥာဉ်ကောင်လေးက ချက်ချင်းကြောင်လေးကို ပွေ့ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။ အောက်ထပ်ရောက်မှ တီးတိုးပြောလိုက်သည်။
 

“တွေ့လား… ဖေဖေက မမအပေါ်တက်လာတာ မကြိုက်ဘူး။ ငြိမ်ငြိမ်နေ။ မေမေသိသွားရင် ဖွားဖွားကြီးကို သွားတိုင်လိမ့်မယ်…”

 

“ဒါဆို မင်း အောက်ကို ဆင်းလာခဲ့။ မင်းရဲ့ ဖေဖေကို အောက်ဆင်းလာအောင် လုပ်ပေး… မမ မင်းအဖေနဲ့ စကားပြောချင်လို့…”

 

“အင်း… နောက်နေ့ ဖေဖေ့ကို ခေါ်လာခဲ့မယ်။ ဟို အကို မရှိတဲ့အချိန်။ မမ ဒီကြောင်လေးထဲ ဘယ်လိုဝင်နေတာလဲ…”
 

“ဒါ လျှို့ဝှက်ချက်။ မင်း ဖေဖေကို ခေါ်ပေးနိုင်ရင် မမပြောပြမယ်…”

 

“ကတိနော်…”
 

“အေး..ကတိ….”

 

ကြောင်လေးနှင့် ၀ိဥာဉ်လေး လက်ဝါးခြင်းထိလိုက်သည်။ ထိုစဉ် အပြင်ဘက် ပြတင်းမှ ပရလောကသား နှစ်ကောင်က ချောင်းကြည့်နေသည်။ ကြောင်လေးက သူတို့ကို မျက်လုံးနီနီနှင့်ကြည့်လိုက်တော့ သူတို့က မကျေမနပ်နှင့်ထွက်သွားတော့သည်။

 

----------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??