အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (25)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး - အပိုင်း (25)

စဝ်ခွန်ပိုင်သည် ညောင်ညောင်ဆရာပြောသည့်အတိုင်း စွမ်းအင်လုံးကို လက်ဝါးထဲဆုပ်ကိုင်ကာ မျက်လုံးမှိတ်လိုက်စဉ် အလင်းလုံးကြီးက မိမိကိုယ်ထဲစီးဝင်လာပြီး နှလုံးသားဆီကို တိုးဝင်လာသလို ခံစားလိုက်ရသည်။ မျက်လုံးမှိတ်ထားသောကြောင့် မိမိတစ်ကိုယ်လုံး အလင်းရောင်ဖြာထွက်နေသည်ကို မမြင်ရသော်လည်း ပူနွေးသည့်အနွေးဓာတ်က တစ်ကိုယ်လုံးကိုလွှမ်းခြုံထားသည်ကို ခံစားမိလိုက်သည်။

ခွန်ပိုင်၏နှလုံးသားဆီက ပေါက်ထွက်သလို တဒုတ်ဒုတ်ခုန်လာပြီး မေ့ဖျောက်ထားမိသော မှတ်ဥာဏ်တချို့ ပြန်ပေါ်လာတော့သည်။ လမ်းသွယ်လေးတစ်ခု၊ ညအမှောင်ရိပ်ထဲ လဲကျနေသည့်မိမိကို လက်ကမ်းကြိုရင်း အနွေးထွေးဆုံး ပြုံးပြခဲ့သည့် အစ်ကို..။ အပေါင်းအသင်းတို့ဖယ်ခွာပြီး အထီးကျန်ခြင်းချောက်ကမ်းပါးထဲမှ မိမိကို ကြင်နာခြင်းဖြင့် လက်ကမ်းပေးခဲ့သည့် အစ်ကို..။

ဥာဏ်ပညာကြီးခြင်းနှင့် သိမ်မွေ့ခြင်း၊ လျှို့ဝှက်ခြင်းနှင့် ကြင်နာခြင်းတို့ ရောပြွန်းပြီး မိမိစိတ်ကို လုံခြုံနွေးထွေးစေသော တစ်ယောက်တည်းသောသူ..။ မိမိနှလုံးသားကို ညှို့ယူဖမ်းစားပြီး အားငယ်ခြင်းနိမိတ်ဆိုးအောက်မှ မိမိကို ဆွဲတင်ခဲ့သူ..၊ ချစ်ခြင်းနယ်မြေကို ခေါ်ဆောင်ပေးခဲ့သူ..။

သူ......

မိမိဘဝ၏ တစ်ယောက်တည်းသော ချစ်သူ..

အစ်ကို......

"ပိုင်လေး.. ပိုင်လေးကို အစ်ကိုချစ်တယ်.."

အစ်ကို့စကားများက မိမိတစ်ကိုယ်လုံး လွှမ်းခြုံသွားပြီး ပီတိအဟုန်ကို တဖန်ပြန်ပြီး ခံစားလာစေသည်။ ဘုန်းထက်ရှိန်၏နောက်ကို လိုက်သွားသဖြင့် နာကျင်ရသည့်နှလုံးသားမှ နာကျင်မှုကို ချက်ချင်းသက်သာသွားစေတော့သည်။

"ကျွန်တော်လည်း အစ်ကို့ကို ချစ်တယ်.."

"ဒါဆို အစ်ကိုတို့နှစ်ယောက် ဟိုးအဝေးကြီးကို ထွက်သွားရအောင်.. မှော်သွေးတွေ၊ ပရလောကသားတွေမရှိတဲ့ သာမာန်ဘဝလေးမှာ နှစ်ယောက်အတူ ဘဝတစ်ခု တည်ဆောက်ရအောင်.."

အစ်ကို့စကားများကြောင့် စဝ်ခွန်ပိုင် ကြည်နူးသွားခဲ့သည်။ အစ်ကိုက အတောက်ပဆုံးပြုံးကာ မိမိကို လက်ကမ်းပေးလိုက်သည်။

"လာ.. အစ်ကို့လက်ကိုဆုပ်ကိုင်လိုက်.. အစ်ကိုတို့ ထွက်သွားကြစို့.."

စဝ်ခွန်ပိုင်သည် အစ်ကို့စကားကို ဘယ်တုန်းကမှ မပယ်ရှားခဲ့ဖူးပါ။ အစ်ကိုစိတ်ဆိုးမည်ကို သေအောင်ကြောက်ခဲ့သလို အစ်ကို့စကားတစ်ခွန်းက မိမိအတွက် အမိန့်ဖြစ်ခဲ့သည်။ ယခင်က အစ်ကိုတောင်းဆိုသဖြင့် ခန္ဓာကိုယ်ချင်းပေါင်းစည်းခဲ့သည်။ ယခု အစ်ကိုက ထွက်သွားမည်ဟုဆိုတော့ မိမိ ဘယ်လိုမှ မလွန်ဆန်နိုင်ပါ။ ဒါကြောင့် ကမ်းလင့်လာသော အစ်ကို့လက်ကို ဆုပ်ကိုင်ရန် လက်ထဲမှဖန်လုံးကို လွှတ်လိုက်မည်အပြု တစ်ကိုယ်လုံးကိုလွှမ်းခြုံထားသော အလင်းနွေးနွေးတို့က ရုတ်တရက်ပူလောင်ပြီး ရင်ဘတ်ကိုမီးစနှင့်ထိုးသလို နာကျင်လာခဲ့သည်။

"အ.."

ခွန်ပိုင် နာကျင်မှုကြောင့် ညည်းလိုက်မိတော့ အစ်ကိုက စိုးရိမ်စွာဖြင့် ပြောလာခဲ့သည်။

"လက်လွှတ်လိုက် ပိုင်လေး.. ကိုယ့်လက်ကို ဆုပ်ကိုင်လိုက်ပါ.. နာကျင်တာအားလုံး ပျောက်သွားလိမ့်မယ်.."

အစ်ကို့စကားကိုကြားသော် စဝ်ခွန်ပိုင်သည် လက်ထဲမှ တင်းကျပ်စွာဆုပ်ကိုင်ထားသော အလင်းလုံးကို ဖြည်ရန်ကြိုးစားလိုက်စဉ် မိမိရှိနေသည့်အခန်းတစ်ခုလုံး တုန်ခါသွားကာ ပစ္စည်းတချို့ လဲပြိုကျလာသည်ကို ခံစားလိုက်ရသည်။

"လွှတ်လိုက်တော့ ကလေး... ဘာမှမဖြစ်ဘူး.. အစ်ကိုရှိတယ်.. အစ်ကို ကလေးကို ကာကွယ်ပေးမယ်.. လက်လွှတ်လိုက်တော့.. ဒီအဆောက်အဦး ပြိုမကျခင် အစ်ကို ကလေးကို ဟိုးအဝေးကြီးကို ခေါ်သွားပေးမယ်.."

အောင်မြင့်မြတ်က ထိုစကားကို ခပ်သွက်သွက်ပြောလိုက်သည်။ စဝ်ခွန်ပိုင်လက်ထဲက အလင်းလုံး လွတ်သွားဖို့ အရေးကြီးသည်။ သလင်းကြေးမုံမှတစ်ဆင့် စဝ်ခွန်ပိုင်၏စိတ်ထဲ လှမ်းတိုက်တွန်းနေခြင်းဖြစ်သည်။

ဝံပုလွေစုတ်ခေါ်သွားသည့် မိမိချစ်သူကောင်လေးကို ခြေရာခံဖို့ မိမိကိုသိမ်းပိုက်ထားသည့် ဘုန်းထက်ရှိန်ကို တောင်းဆိုကာ သလင်းကြေးမုံမှတစ်ဆင့် ခန္ဓာကိုယ်ချင်းဆက်နွယ်ထားသော ကောင်လေး၏စိတ်ထဲကို လှမ်းပြောနေခြင်းဖြစ်သည်။

စဝ်ခွန်ပိုင်သည် အစ်ကို့စကားကြောင့် လွှတ်ပစ်တော့မည့်ဆဲဆဲလက်ကို တင်းနေအောင် ပြန်ဆုပ်ကိုင်လိုက်သည်။ နာကျင်မှုက တစ်ကိုယ်လုံးကို ပျံ့နှံ့စပြုလာသည်။

"ပိုင်လေး.. ဘာကြောင့်လဲ.... လက်လွှတ်လိုက်တော့.."

"ဟင့်အင်း.. နန်းတော်ပြိုကျရင် ညောင်ညောင်ဆရာ.. သူ သေသွားလိမ့်မယ်.."

စဝ်ခွန်ပိုင်၏အတွေးကြောင့် အောင်မြင့်မြတ် ဒေါသထွက်လာခဲ့သည်။ ဒီကြောင်စုတ်က ဘယ်လိုလုပ်ပြီး မိမိချစ်သူလေး၏ခေါင်းထဲကို ရောက်နေခဲ့တာလဲ။

"ပိုင်လေး.. ကလေး.. ကိုယ့်ကိုမချစ်ဘူးလား.. ကိုယ်နဲ့အတူ ဘဝကို အေးအေးချမ်းချမ်း မဖြတ်သန်းချင်ဘူးလား.. ကိုယ် ကလေးကို စောင့်နေတယ်လေ.."

ခွန်ပိုင်သည် အစ်ကို့စကားသံကြောင့် နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ စူးအောင့်လာခဲ့သည်။ လိုက်သွားချင်သည်။ အစ်ကို့စကားကို နားထောင်လိုက်ချင်သည်။ နွေးထွေးသည့် အစ်ကို့ရင်ခွင်ထဲ ခိုဝင်လိုက်ချင်သည်။

"ဟင့်အင်း.. ညောင်ညောင်ဆရာက ကျွန်တော့်သူငယ်ချင်း.. သူ သေလို့မဖြစ်ဘူး.. တောင်းပန်ပါတယ် အစ်ကို.."

ထိုစကားကိုပြောလိုက်စဉ် စဝ်ခွန်ပိုင်လက်ထဲတွင်ဆုပ်ကိုင်ထားသည့် အလင်းလုံးထဲမှ အလင်းတန်းကြီးထိုးထွက်လာပြီး ခွန်ပိုင်၏နှလုံးသားထဲကို အရှိန်ပြင်းပြင်းဝင်ရောက်ကာ ပေါင်းစည်းသွားတော့သည်။ ထိုအခါ စဝ်ခွန်ပိုင်၏ကိုယ်မှ အလင်းရောင်ဖြာထွက်လာပြီး သလင်းကြေးမုံမှတစ်ဆင့် အောင်မြင့်မြတ်ထံသို့ တိုးဝင်လာခဲ့သဖြင့် အနောက်ကိုလွင့်စင်ကာ လဲကျသွားတော့သည်။

"ပိုင်လေး..."

အောင်မြင့်မြတ် လှမ်းအော်လိုက်စဉ် သလင်းကြေးမုံက တစ်စစီကွဲကာ အမှုန့်ဖြစ်သွားတော့သည်။

"အောင်.. မင်း အဆင်ပြေရဲ့လား.."

ဘုန်းထက်ရှိန်သည် အခန်းထဲသို့ဝင်လာပြီး အောင်မြင့်မြတ်ကိုဆွဲထူပေးစဉ် ဖုန်မှုန့်ဖြစ်သွားသော သလင်းကြေးမုံကိုမြင်သော် မျက်ဝန်းတစ်စုံ ကျဉ်းမြောင်းသွားတော့သည်။

"မင်း.. ဘာကိုတွေ့ခဲ့တာလဲ.."

အောင်မြင့်မြတ်သည် ဘုန်းထက်ရှိန်၏လေသံကြောင့် အမှန်ကိုမပြောဝံ့ဘဲ လိမ်ပြောလိုက်သည်။

"ဟိုကြောင်.. ကျွန်တော့်ကိုတွေ့သွားပြီး တိုက်ခိုက်လိုက်တာ.."

ဘုန်းထက်ရှိန်က အောင်မြင့်မြတ်၏စကားကို မယုံပေ။ အခန်းထဲကြွင်းကျန်ရစ်သည့် မှော်စွမ်းအင်က ရှေးကျသည့်မှော်အရိပ်အငွေ့တို့ ပါဝင်နေသဖြင့် တောင်စောင့်ဝံပုလွေတစ်ကောင်ထက် စွမ်းအားကြီးသည့်အစွမ်း ဖြစ်နေသည်။

"ဟိုကောင့်ကိုယ်ထဲက မှော်စွမ်းအင်တွေ နိုးလာပြီမဟုတ်လား.."

ဘုန်းထက်ရှိန်၏စကားကြောင့် အောင်မြင့်မြတ်၏မျက်နှာ ဖွေးဆုတ်သွားပြီး လဲကျနေရာမှ အတင်းကုန်းရုန်းထကာ ဘုန်းထက်ရှိန်၏ခြေထောက်ကို ဖက်ပြီး ပြောလိုက်သည်။

"ခင်ဗျား.. ခင်ဗျား.. သူ့ကို ဒုက္ခမပေးပါနဲ့ဗျာ.."

ဘုန်းထက်ရှိန်သည် အောင်မြင့်မြတ်ကိုဆွဲထူကာ ပြုံးရင်း ပြောလိုက်သည်။

"မင်းကို သူ့နားပို့ပြီး ငြိစွန်းအောင်လုပ်ခဲ့တာ ဘာကြောင့်လို့ထင်လဲ.. မင်းရဲ့မျိုးရည်တွေ သူ့ကိုယ်ထဲဝင်အောင် ဘာကြောင့်လုပ်ခဲ့တယ်ထင်လဲ.. သူ့ဆီမှာ ရှေးကျတဲ့မှော်စွမ်းအင်တွေရှိနေလို့ ဒီဟာကို ချိတ်ဆက်ချင်လို့ဆိုတာ တကယ်ပဲ မတွေးမိတာလား.."

ထိုစကားကိုကြားသော် အောင်မြင့်မြတ် လက်ဝါးကိုမြှောက်ကာ ဘုန်းထက်ရှိန်ကို ရိုက်ချလိုက်သည်။ သို့သော် ထိုသို့တိုက်ခိုက်လာမည်ကို ကြိုသိနေသော ဘုန်းထက်ရှိန်က ကျေနပ်စွာရယ်မောကာ လက်ကိုဖမ်းဆုပ်ကာ လိမ်ချိုးလိုက်ပြီး နားနားကပ်ကာ ပြောလိုက်သည်။

"ဒီလိုမဆိုးရဘူးလေ ချာတိတ်လေးရ.. မင်းလေးက ကိုယ့်ရဲ့ ငါးစာလေးပဲ.. အကောင်ကြီးကြီးကိုဖမ်းဖို့ တန်ဖိုးရှိတဲ့ ငါးစားလေး.. မင်းက ဒီလောက်အသုံးဝင်မယ် ထင်မထားဘူး.. ဟိုကောင်လေး ဘယ်လောက်စွမ်းစွမ်း မင်းနဲ့မျှားလိုက်ရင် ငါ့ထောင်ချောက်ထဲ တန်းရောက်လာမှာ.. ဟား ဟား..."

ဘုန်းထက်ရှိန်၏ ကျေနပ်စွာရယ်မောလိုက်သံက အောင်မြင့်မြတ်နားထဲ ခါးသီးစွာ ဝင်သွားတော့သည်။

••••••••••••••••••••••••••••••

ထက်ခေါင်သည် နန်းတော်တစ်ခုလုံး တုန်ခါသွားသောကြောင့် ညီလာခံခန်းမထဲမှ စဝ်ခွန်ပိုင်နားကို ပြန်လာခဲ့သည်။ လျှို့ဝှက်ခန်းထဲသို့ရောက်သော် နံရံမှ ပျောက်ကွယ်သွားသည့် သလင်းကြေးမုံဝင်ပေါက်ကို တွေ့လိုက်ရပြီး စဝ်ခွန်ပိုင်၏ကိုယ်ထဲမှ အလင်းတစ်စက ထိုမှန်ကိုဖြတ်ကာ တစ်ဖက်ကိုဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

ခွန်ပိုင်ကိုကြည့်လိုက်သော် နေရောင်လိုစူးရှသည့် အလင်းတန်းများ ဖြာထွက်နေသည်မို့ ကိုယ်ရှိန်သတ်ကာ ကျေနပ်စွာ စောင့်ကြည့်နေလိုက်သည်။

ခွန်ပိုင်၏ကိုယ်ထဲ ပူလောင်ခြင်းတို့ပျောက်သွားသည်နှင့် တစ်ကိုယ်လုံး ကြည်လင်ပေါ့ပါးလာပြီး အခန်းထဲ လူတစ်ဦးရှိနေသည်ကို ခံစားမိသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိမိကို ဂုဏ်ယူစွာကြည့်နေသော မာနကြီးသည့်မျက်နှာချောချောကိုတွေ့သော် ခွန်ပိုင် နှုတ်ဆက်လိုက်သည်။

"ခင်ဗျား ဘာမှမဖြစ်ဘူးမလား.."

"ကိုယ်က ဘာဖြစ်ရမှာမို့လဲ.."

"ခုနက နန်းတော်ပြိုကျမလိုဖြစ်တော့ ခင်ဗျား တစ်ခုခုဖြစ်မှာစိုးတာ.."

"ဒီနန်းတော်က မပြိုကျနိုင်ပါဘူး.. မင်းကိုယ်ထဲက နိုးထလာတဲ့မှော်ပညာက စွမ်းအားကြီးလို့သာ တုန်ခါသွားတာ.."

"ကျွန်တော့်ကိုယ်ထဲကမှော်ပညာ နိုးထလာပြီပေါ့.."

စဝ်ခွန်ပိုင် တအံ့တဩမေးလိုက်ပြီး လက်ထဲကကျောက်တုံးကိုငုံ့ကြည့်တော့ သာမာန်ကျောက်တုံးတစ်တုံးလို ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။

ထက်ခေါင်က ကျောက်တုံးကိုလှမ်းယူကာ စားပွဲပေါ်တင်လိုက်ပြီး အမှတ်တမဲ့မေးလိုက်သည်။

"မကောင်းတဲ့လူရဲ့ ဆွဲဆောင်မှုကို တွန်းလှန်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်.."

ခွန်ပိုင် မလုံမလဲဖြစ်ကာ သက်ပြင်းချလိုက်သည်။ မိမိစိတ်ထဲက အစ်ကိုနှင့်ပြောဆိုသည်ကို ထက်ခေါင်သိသွားပြီထင်ကာ မျက်နှာပူသွားသည်။ ညောင်ညောင်ဆရာကို လိမ်မပြောချင်သောကြောင့် အမှန်အတိုင်းဝန်ခံလိုက်သည်။

"ဟုတ်တယ်.. ညောင်ညောင်ဆရာပြောသလိုပဲ.. သူ ကျွန်တော့်ကို လာခေါ်ခဲ့တယ်.."

ထက်ခေါင်သည် ခွန်ပိုင့်ဘက်ကိုလှည့်လာပြီး စိုက်ကြည့်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။ ဒီကောင်လေး၏ အသည်းနှလုံးကို ရအောင်ယူသွားသည့်ကောင်က ဆွဲဆောင်သည်ကို ဘယ်လိုရုန်းထွက်လာနိုင်သလဲဆိုတာ သိချင်မိသည်။

"မင်း ဘာကြောင့် သူ့ကိုငြင်းလိုက်တာလဲ.. ငါပြောတာကို သတိရသွားလို့လား.."

ခွန်ပိုင် ထိုင်ရာမှထကာ ထက်ခေါင်ကိုစိုက်ကြည့်ပြီး ရိုးရိုးလေးပြောလိုက်သည်။

"နန်းတော်ပြိုကျခါနီးဖြစ်လာတော့ ခင်ဗျားတစ်ယောက်တည်းဖြစ်နေမှာစိုးရိမ်လို့ ကျွန်တော် သူကမ်းလာတဲ့လက်ကို ငြင်းပယ်လိုက်တာ.."

ထက်ခေါင်၏ အေးစက်နေသောနှလုံးသားက ထိုစကားကိုကြားသော် တဖြည်းဖြည်း နွေးလာသလို ခံစားလိုက်ရသည်။ ဒီကောင်လေး... သူ့အတွက် သူချစ်သည့်လူကို ငြင်းပယ်လိုက်သည်တဲ့လား..။

"ဘာ့ကြောင့်လဲ.. ဘာ့ကြောင့်.. ငါ့ကို စိုးရိမ်ရတာလဲ.."

ထက်ခေါင်သည် ရှေးကျသည့်မှော်ပညာရှင် တောင်သခင်ဆိုသည့်ဂုဏ်ကို သတိမရဘဲ စိတ်ထဲသိလိုသည်ကို မေးလိုက်သည်။ စဝ်ခွန်ပိုင်က သူ့ကိုပြုံးကြည့်ကာ အရိုးသားဆုံးဖြေခဲ့သည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ ကြောင်ကလေးမို့လေ.."

"ဘာ.."

ထိုစကားကိုကြားသော် ထက်ခေါင်၏မျက်နှာ သံပုရာသီးငုံထားသူပမာ ဖြစ်သွားခဲ့သည်။ ထက်ခေါင်၏မျက်နှာအမူအယာကိုတွေ့သော် ခွန်ပိုင် မအောင့်နိုင်ဘဲ ရယ်လိုက်ပြီး သူ့လက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကိုကာကွယ်ပေးတဲ့ တစ်ဦးတည်းသော မိတ်ဆွေကောင်းဖြစ်လို့ ဘယ်သူလာခေါ်ခေါ် အန္တရာယ်ကြားမှာ ခင်ဗျားကို ကျွန်တော် ထားမသွားနိုင်ဘူး.."

ထိုစကားကိုကြားသော် ထက်ခေါင်၏မျက်လုံးများ ဝါးသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် တစ်ဖက်ကိုလှည့်ကာ ခေါင်းဆိုးချင်ယောင်ဆောင်လိုက်သည်။ ခွန်ပိုင်သည် လူအသွင်ပြောင်းထားပေမယ့် မိမိအပေါ်သံယောဇဉ်ကြီးပြီး ကာကွယ်ပေးသည့် ထက်ခေါင်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်စဉ် မထင်မှတ်ဘဲ မိမိလက်မှ စွမ်းအားများထွက်လာပြီး သူ့လက်ထဲ စီးဝင်သွားတော့သည်။ ခွန်ပိုင်က မိမိကြောင့် သူ့ကို ထိခိုက်မည်စိုး၍ လက်ကိုလွှတ်လိုက်ပေမယ့် ထက်ခေါင်က ပြုံးကာ လက်ချင်းယှက်ကာ ဆုပ်ကိုင်ပြီး သူ့ကိုယ်ထဲမှ တောက်ပသောစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

မိမိကိုယ်ထဲမှ အဝါရောင်စွမ်းအင်နှင့် ထက်ခေါင်၏ကိုယ်ထဲမှ အဖြူရောင်စွမ်းအင်တို့ ပေါင်းစည်းသွားသည်ကိုတွေ့တော့မှ သက်ပြင်းရှိုက်လိုက်တော့သည်။

"ခင်ဗျားက တောင်သခင်ပဲ.. ဘယ်စွမ်းအားက ခင်ဗျားကိုထိခိုက်နိုင်မှာလဲ.. ကျွန်တော်မေ့သွားတယ်.."

"မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်တယ် ခွန်ပိုင်.."

ထက်ခေါင်၏စကားကြောင့် ခွန်ပိုင် အံ့အားသင့်သွားခဲ့သည်။

"ဘာကြောင့်လဲ.."

"မင်းနဲ့ငါက စိတ်ဝိညာဉ်ချင်း ပေါင်းစည်းထားလို့လေ.. အခုလို စွမ်းအားနှစ်ခု ရောနေတာ စိတ်ဝိညာဉ်ချင်းပေါင်းစည်းထားလို့ ရောနေနိုင်တာပေါ့.."

ထိုစကားကိုကြားသော် ခွန်ပိုင် လက်ကိုဆွဲဖြုတ်ပေမယ့် ထက်ခေါင်က မြဲမြံစွာဆုပ်ကိုင်ထားပြီး စွမ်းအားကိုအရှိန်မြှင့်ကာ တစ်ပတ်လှည့်ပတ်စေလိုက်သည်။

"ငြိမ်ငြိမ်နေ.. မင်း အခုမှ ဖြတ်တောက်လို့မရတော့ဘူး.."

ခွန်ပိုင်သည် ငြင်းမရတော့သဖြင့် ငြိမ်သက်သွားပြီး မေးလိုက်သည်။

"ဘာ့ကြောင့် ကျွန်တော့်လို အားနည်းတဲ့သူနဲ့ စိတ်ဝိညာဉ် ပေါင်းစည်းရတာလဲ.."

"မင်း ဘယ်ရောက်ရောက် တစ်ခုခုဖြစ်ရင် ငါသိအောင်လို့ပေါ့.."

ခွန်ပိုင် သက်ပြင်းနွေးနွေးချကာ ငြိမ်သွားတော့သည်။ ထက်ခေါင် မိမိအပေါ်ထားသောစေတနာကို ခံစားမိသောကြောင့် အတင်းမငြင်းတော့ပေ။

စိတ်ဝိညာဉ်ပေါင်းစည်းမှုပြီးတော့ နှစ်ယောက်စလုံး၏ကိုယ်ရောင်က ပြောင်းလဲသွားတော့သည်။ နှစ်ယောက်လုံး ကိုယ်ရောင်တစ်ရောင်တည်း ထွက်လာတော့မှ ထက်ခေါင်ကရပ်လိုက်ပြီး ခွန်ပိုင်၏လက်ကိုဆုပ်ကိုင်ကာ နန်းတော်၏ခန်းမဆောင်ကို ရုပ်ရွှေ့ပြောင်းခဲ့သည်။

နန်းတော်မှ ထက်ခေါင်၏ မှူးကြီးမတ်ရာအားလုံး တူညီသောကိုယ်ရောင်ကိုယ်ဝါနှင့် ပေါ်လာသောအရှင်နှစ်ပါးကိုတွေ့သော် တစ်ပြိုင်တည်း ဒူးထောက်အရိုအသေ ပေးလိုက်ကြသည်။

"အရှင်နှစ်ပါးကို အရိုအသေပြုပါတယ်.."

ခွန်ပိုင်သည် မိမိကို ရိုသေခန့်ညားစွာကြည့်နေသော နန်းတော်မှ သူ့လက်အောက်ခံများကို အံ့ဩတကြီးကြည့်ကာ မေးမည်အပြု ထက်ခေါင်က ကြေငြာလိုက်သည်။

"ဒုတိယတောင်သခင် ပြန်လာပြီဖြစ်လို့ နယ်ပေါင်းစုံက အကြီးအကဲတွေကို အရိုအသေပြုဖို့ ဆင့်ခေါ်လိုက်ပါ.. လပြည့်ညကျရင် နန်းတက်ပွဲသဘင်ကို ကျင်းပမယ်.."

ထိုစကားကိုပြောပြီးနောက် ထက်ခေါင်သည် ခွန်ပိုင်၏လက်ကိုဆုပ်ကိုင်ကာ တစ်နေရာကို ခရီးနှင်ပြန်သည်။

ယခုရောက်နေသော သာယာသည့်ဥယျာဉ်နှင့် ခမ်းနားသည့်နန်းဆောင်ကို ငေးကြည့်ကာ ခွန်ပိုင် မေးလိုက်သည်။

"ဒါ.. ခင်ဗျားနေရာလား.."

"မဟုတ်ဘူး.. မင်းရဲ့နန်းဆောင်.."

ခွန်ပိုင် ဘာမှမပြောတော့ဘဲ သူ့လက်ထဲမှ မိမိလက်ကိုဆွဲနှုတ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ပတ်ကြည့်လိုက်သည်။ လူမနေတာကြာနေပေမယ့် ထိုနေရာက ထူးဆန်းစွာ မိမိနှင့်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"ဒါ.. အရင်က ဘယ်သူနေခဲ့တာလဲ.."

ထက်ခေါင်သည် ခွန်ပိုင့်ကို မျက်လုံးမလွှဲတမ်းစိုက်ကြည့်ကာ ငြင်သာစွာဖြေလိုက်သည်။

"မင်းနေခဲ့တဲ့ နန်းဆောင်ပါ.."

ထိုစကားကိုကြားသော် ခွန်ပိုင် အံ့အားသင့်သွားသည်။ မိမိနေခဲ့သည့်နန်းဆောင် ဆိုပါလား...။

"ခင်ဗျား လူမှားနေတယ်ထင်တယ်.. ကျွန်တော်နဲ့ရုပ်တူတဲ့ တစ်ယောက်ယောက်နဲ့ မှားနေတာလား.."

"မမှားဘူး.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မင်းနေခဲ့တာကို ပြောတာ.."

ခွန်ပိုင် ထိုအခါမှ နားလည်သွားတော့သည်။

"ဩော်.. သိပြီ.. ကျွန်တော် အရင်ဘဝဟောင်းတုန်းက နေခဲ့ဖူးတာပေါ့.. ဒါနဲ့.. ခုနက ဘာ့ကြောင့် ဒုတိယတောင်သခင်ပြန်လာပြီလို့ ပြောခဲ့တာလဲ.. ကျွန်တော်က ခင်ဗျားနဲ့ ဘယ်လိုတော်စပ်တာလဲ.."

ထိုစကားကိုကြားသော် ထက်ခေါင်၏မျက်နှာ မသိမသာတွန့်သွားပြီး မဖြေချင်ဟန်ဖြင့် ပြောလိုက်သည်။

"လပြည့်ညကျရင် မင်းကို အားလုံးပြောပြမယ်.. အခု ပြန်ကြစို့.."

"အင်း.. ဟုတ်ပါရဲ့.. စိုင်းထက် ကျွန်တော့်ကိုလာရှာရင် မတွေ့လို့ စိတ်ပူနေမယ်.."

ခွန်ပိုင်၏စကားကိုကြားသော် ထက်ခေါင် မနေနိုင်ဘဲ ပြောလိုက်သည်။

"အဲ့ဒီလူသားကောင်လေးနဲ့ သိပ်မရောနဲ့.. နောက်ဆို မင်း ဒီမှာပဲ နေရတော့မှာ.."

"အာ.. မနေပါဘူး.. ကျွန်တော် မကွေးပြန်ရမယ်.. အလုပ်ဝင်ရမယ်လေဗျာ.."

"လူသားတွေကြား မင်း ပြန်နေဖို့ စဉ်းစားနေတာလား.. မင်းကို လုပ်ကြံမယ့်သူ ရှိနေတယ်.."

"နေရမှာပေါ့.. ကျွန်တော်က လူသားတစ်ယောက်ပဲဟာ.. ပြီးတော့ ဆရာဝန်လေ.. ဆရာဝန်ဘဝနဲ့ လူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ရဦးမယ်ဗျ.. ဒါနဲ့ ဘယ်သူက ကျွန်တော့်ကို လုပ်ကြံမှာလဲ.."

"ဘုန်းထက်ရှိန် ဆိုတဲ့ကောင်.."

ခွန်ပိုင်က ရယ်ကာ တစ်ခွန်းတည်းပြောလိုက်သည်။

"ခင်ဗျားတစ်ယောက်လုံးရှိတာပဲ ဘာကြောက်စရာလိုလို့လဲဗျာ.. မဟုတ်ဘူးလား.. ခင်ဗျားက ကျွန်တော့်ဘေးမှာ အမြဲရှိနေမှာပဲလေ.."

ထိုစကားကိုကြားသော် ထက်ခေါင်၏မျက်နှာပေါ်ဝယ် လျစ်ခနဲ အပြုံးရိပ်တစ်ခု ထင်သွားသည်။

"ဟုတ်တယ်.. ငါ မင်းကို စောင့်ရှောက်ပေးမယ်.."

ထိုစကားက ကတိသစ္စာတစ်ခုထက် လေးနက်သည်ကို ခွန်ပိုင်မသိခဲ့ပါ...။

-------------------------------------------------------------------

 

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??