အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (11)

အသက်ဝင်နေတဲ့ အိမ်ကလေး
အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (11)

မိုးကြိုး နတ်ကွန်းမှပြန်လာပြီးနောက် ချစ်ခြင်းမေတ္တာအကြောင်းကို စ၀်ခွန်ပိုင် အလေးနက်ထားတွေးမိသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် ဒီချစ်ခြင်းမေတ္တာကပျောက်ကွယ်သွားခြင်းမရှိ၊ လျော့ပါးသွားခြင်းမရှိ။ မနာလိုခြင်းမရှိ၊ ပူလောင်ခြင်းမရှိ၊ ကျားမမရှိ။ ချစ်ခြင်းမေတ္တာ္တတစ်ခုသာရှိသည်။ ပရလောကသားနှင့် လူသားကြားကတွယ်ငြိမှု။ သန့်စင်တောက်ပသည့် ချစ်ခြင်းတခုကို စ၀်ခွန်ပိုင်ခံစားရင်း အိမ်ကိုပြန်လာခဲ့သည်။

စိုင်းထက်သည် မိမိအိမ်သို့ပြန်လာသော်လည်း စ၀်ခွန်ပိုင်၏ အိမ်တွင် အိပ်စဉ်မက်သည့် အိမ်မက်ကို အတွေးထဲမှ မထုတ်နိုင်ဖြစ်နေသည်။ ညနက်လာလေလေ စိုင်းထက်က တင်းကျပ်လာလေလေဖြစ်သည်။ တခါထက်တခါ မိမိမြင်ရသည့် အရိပ်ကပိုပိုထင်ရှားလာခဲ့သည်။
ပထမ အသံကြားရသည့်နောက် ၀ိုးတ၀ါးမီးခိုးငွေ့မှုန်ပျပျလို လူရိပ်ကြီးမှ ယခုအခါ အနက်ရောင် အရိပ်ကိုမြင်ရတော့ ပိုပိုထိတ်လန့်မိသည်။ ခြေ၊လက် လေးဘက်တွင် သံကြိုးကြီးနှင့်တုတ်ထားပြီး အတင်းရုံန်းကုန် ထွက်ပြေးလာဟန်တူသည်။ အရိပ်၏ နောက်တွင် သံကြိုးလိုမည်းမည်းရှည်ရှည်အရာက မြေပြင်ပေါ် ဒရွတ်တိုက်ကာ အသံတချွင်ချွင်ထွက်နေခြင်းဖြစ်သည်။ ထိုလူ အကြီးကြီး၏ ခေါင်းပေါ်တွင် အငွေ့တလူလူထွက်နေသည့် ပုံကိုတွေ့တော့ စိုင်းထက် နှလုံးတဆတ်ဆတ်တုန်ကာ ဘာလုပ်ရမည်မသိချွေးစေးများထွက်လာတော့သည်။

နိုင်နိုင်းလည်း မနက်ဈေးရောင်းရမည်ဖြစ်၍ နှိုးပြီးလည်းမပြောရက်ပေ။ မိမိမွေးကတည်းကနေသည့်ခြံဝင်းတွင် ယခုရက်ပိုင်းမှ ခြောက်လှန့်သည့် သရဲပေါ်လာသည်ကိုမည်သူ့ကို တိုင်ပင်ရမှန်းမသိဖြစ်နေမိသည်။ သရဲ၊ တစ္ဆဆိုတာ ရှိသည်ကိုသိသော်လည်း သူတို့က လူတွေကို ခြောက်လှန့်ခြင်းမရှိ၊ စွဲလန်းသည့် နေရာတွင်သာ တွယ်ကပ်နေကြသည်ဟု မှတ်ထင်ထားရာမှ ယခုလို အိမ်အနံ့လျှောက်သွားပြီး တစုံတခုကို ရှာဖွေနေသည့် သရဲကို မလန့်ပဲမနေတော့ပေ။ မိမိခြံထဲရောက်နေသည့် သရဲက အကောင်ထည်ပိုပီပြင်လာသဖြင့် မိမိတို့ကိုဘေးအန္တရာယ်ပြုမည်လား၊ဟူသည့်အတွေးကစိတ်ကိုဖိစီးက ညသန်ခေါင်ကြီးချွေးစိပ့်ထွက်လာခဲ့သည်။

“မဖြစ်ဘူး….မနကဖြန် ခွန်ပိုင်ကို ဖွင့်ပြောပြီး တိုင်ပင်မှဖြစ်မယ်….”

စိုင်းထက် ထိုစကားကို ရွေရွတ်ရင်း ခြံထဲက သရဲအသံကို နားစွင့်ရင်း အိပ်မောကျသွားတော့သည်။

ခွန်ပိုင်သည် မနက်ဈေးဘက်လျှောက်လာစဉ် ချောင်းလေးထဲမှ သရဲမက ရှေ့မှာပေါ်လာပြီး တောင်းတောင်းပန်ပန်နှင့် ပြောသဖြင့် ဈေးဘက်ဆက်မသွားတော့ပဲ လမ်းဘေးနားက ကျောက်တုံးတတုံပေါ်ထိုင်ကာ သရဲမ ပြောပြသည်ကိုနားထောင်နေလိုက်သည်။

“ကျွန်မနဲ့ ကျွန်မအကိုက လျှို့ဝှက် မှော်မြို့တော်ကမွေးစားခံလိုက်ရတဲ့ လူသားတွေပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က အေးချမ်းတဲ့တောင်ပေါ် ဒေသမှာ မိသားစုအတူနေထိုင်ခဲ့ကြတယ်။ ရှမ်းပြည်စော်ဘွားတွေနဲ့ ပြည်မ ဘုရင်စစ်ဖြစ်တော့ ကျွန်မတို့နေတဲ့ဒေသ မီးလောင်ပြာကျခဲ့တယ်။ မိဘတွေလည်းစစ်ပွဲမှာသေဆုံးသွားကြတယ်။ အဲ့ဒီအချိန် ကျွန်မက ငါးနှစ်၊ကျွန်မရဲ့အကိုကရှစ်နှစ်သားပါ။ မောင်နှမနှစ်ယောက်ငတ်သေခါနီး မှော်မြို့တော်က မှော်ဆရာတယောက်ကယ်တင်ပြီး ခေါ်ဆောင်သွားခံခဲ့ရတယ်…… ”

သရဲမက မျက်နှာကို လက်နှင့်အုပ်ပြီး တချက်ရှိုက်သည်။ စ၀်ခွန်ပိုင်သည် သရဲမ၏စကားကို ငြိမ်သက်စွာနားထောင်ရင်း စိတ်မကောင်းဖြစ်မိသည်။ မိသားစုနှင့် ခွဲခွါရသည့် စိတ်ခံစားချက်ကို ကိုယ်တိုင်လည်းခံစားဖူးလို့ ကိုယ်ချင်းစာမိသည်။ စ၀်ခွန်ပိုင်သည် သရဲမကို ငေးကြည့်ကာ လူသားဘ၀က စိတ်ခံစားချက်ပြင်းထန်လွန်းလို့ ဘ၀မကူးနှိင်ပဲ ဒီလိုဖြစ်နေသလားဟု တွေးနေမိသည်။

“ကျွန်မနှင့်ကျွန်မရဲ့အကို မှော်တိုင်းပြည်မှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းခဲ့ပါတယ်၊ ကံကောင်းတာက ကျွန်မတို့ကိုမွေးစားခဲ့သူက မြို့အကြီးကဲတွေထဲကတယောက်ဖြစ်လို့ ကောင်းကောင်းမွန်မွန်ပညာသင်ခွင့်ရခဲ့တယ်။ ကျွန်မတို့တွေ မှော်မြို့မှာလိုလေသေးမရှိနေခဲ့ရပေမယ့် သေသွားတဲ့မိဘတွေကို သတိရတဲ့စိတ်က ဘယ်လိုမှမမေ့ပျောက်နိုင်ခဲ့ဘူး အကို ဆယ့်ရှစ်နှစ်ပြည့်တဲ့အချိန် ကျွန်မတို့မှော်မြို့တော်ကနေ တိတ်တိတ်လေးခိုးထွက်လာခဲ့ကြတယ်။ မြို့အ၀င်တွက်လုပ်ခွင့် ပန်းချီကားကိုပါ ယူဆောင်လာခဲ့ကြတယ်။ ”

သရဲမသည် အဝေးတနေရာကို မျှော်ငေးရင်း ခဏငြိမ်သွားသည်။ နှစ်ပေါင်းများစွာကြာလို့ အတိတ်ကိုပြန်တွေးနေပုံပေါ်သည်။
စ၀်ခွန်ပိုင်သည် ဇာတ်လအ်းတပုဒ်ကို ကြားရသလိုစိတ်ဝင်တစားနားထောင်နေမိသည်။

“ခင်ဗျားနဲ့ ခင်ဗျားအကို ဘယ်လိုဖြစ်ပြီးကွဲကွာသွားတာလဲ”

“သခင်လေး ဘယ်လိုသိတာလဲ….”

သရဲမလေး အံ့အားသင့်ကာပြန်မေးခဲ့သည်။

“ခင်ဗျားတို့လူမကွဲရင် နှစ်ယောက်တွေ့ရမှာပေါ့… လူကွဲပြီသခြားစီသေဆုံးသွားလို့ အကိုရဲ့ဝိဥာဉ်ကို လိုက်ရှာနေတာမဟုတ်လား……”

“ဟုတ်ပါတယ် မြို့ကထွက်ပြီး မောင်နှမနှစ်ယောက် မိုးတော၊နှင်းတောကြား အဖေအမေကို မြှပ်နှံထားတဲ့ဒေသကိုလိုက်ရှာကြတယ်။ မွေးစားအဖေဆီက သေချာမမေးမိတော့ ကျွန်မတို့နယ်ပေါင်းစုံသွားရင်း တနေ့ကျွန်မဖျားနာပြီးမထနိုင်အောင်ဖြစ်မိတယ်။ နောက်တော့ ရွာတရွာမှာ နေရစ်ခဲ့ပြီး အကို့ကို ဆက်ရှာဖို့လွှတ်လိုက်တယ်။ အကိုထွက်သွားတော့ ကျွန်မရဲ့ ရောဂါပိုဆိုးလာပြီး နောက်ဆုံး သေဆုံးခဲ့ရတယ်။ ”

“ခင်ဗျားမှော်ပညာတက်တာ ကိုယ့်ရောဂါကို မကုနိုင်ခဲ့ဘူးလား ”

“မကုနိုင်ခဲ့ပါဘူး သခင်လေး။ ကျွန်မသေလွန်သွားပြီးနောက် မိဘနှစ်ပါးကို မကန်တော့ရသေးတာရော့ အကို့ကိုမတွေ့ရတာကြောင့် မကျွတ်နိုင်ပဲ စောင့်နေခဲ့တာပါ … ပရလောကသားတွေဆီက ကြားတဲ့စကားတွေအရ ကျွန်မ အကိုက သခင်လေးရဲ့ အဖွားဆီကို သူ့နာမည်ပေးလိုက်တယ်တဲ့ ။ အကိုနဲ့တွေ့ဖို့ သခင်မကြီးက ကွယ်လွန်နှင့်ပြီ ။ ဒါကြောင့် ကျွန်မလည်း ယောင်ချာချာဖြစ်ပြီး ဒီဒေသမှာသောင်တင်နေခဲ့တာပါ ။ အခု သခင်လေးကိုတွေ့လို့ အကို့ကို ကူရှာပေးဖို့ လာပြီး တောင်းပန်ရတာပါရှင် …”

စ၀်ခွန်ပိုင်သက်ပြင်းရှိုက်ကာ သူ့ကိုအမှန်တိုင်းပြောလိုက်သည် ။

“ကျွန်တော်က ဒီဒေသကိုရောက်စပဲရှိသေးတယ် ။ ခင်ဗျားအကိုကို ဘယ်လိုရှာပေးရမှာလဲ … သူ့ကိုကျွန်တော်မှ မသိတာဗျာ …”

“အကိုက ကိုယ်ထည်ကြီးတယ် မီးလျှံမှော်ပညာကို လေ့ကျင့်ခဲ့လို့ အကို့ခေါင်းပေါ်မှာ အခိုးငွေ့ တလူလူထွက်နေတယ် ။ ပြီးတော့ အကိုက သံကြိုးလက်နက်ကိုသုံးလို့ သံကြိုးသံကို သွားလေရာမှာကြားရတယ် …”

“သူ့ကိုတွေ့ရင် ကျွန်တော် ဘာပြောပေးရမှာလဲ”

“အကို့ညီမက မှော်မြို့တော်ကို ပြန်ဖို့စောင့်နေတယ်လို့ပြောပေးပါ …”

“ကောင်းပါပြီ… တွေ့ရင်ပြောပေးပါမယ် ”

စ၀်ခွန်ပိုင် ကတိပေးလိုက်စဉ် ခပ်လှမ်းလှမ်းမှခေါ်သံကြားသဖြင့် သရဲမ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

“ခွန်ပိုင် ... ခွန်ပိုင်”

“ညောင်ညောင်ဆရာ ကျွန်တော်ဒီမှာ …”

လမ်းမပေါ်မှ မိမိရှိရာကိုဆင်းလာသည့် ညောင်ညောင်ဆရာက စူးစမ်းဟန်ဖြင့် မေးသည် ။

“မင်ကလမ်းဘေးက ခြုံနောက်မှာဘာလုပ်နေတာလဲ ”

“သရဲမတယောက် သူ့အကိုကိုရှာဖို့ အကူညီတောင်းနေလိုပါဗျာ … ခင်ဗျာက ဘာလို့လိုက်လာတာလဲ ”

“ဗိုက်ဆာလို့ပေါ့ကွ … လာ … ဈေးထဲမုန့်သွားဝယ်ရအောင် ”

ညောင်ညောင်ဆရာကို ပွေ့ပြီးဈေးကို က်လာခဲ့သည် လမ်တွင် ခွေးတွေ ၀ိုင်းဟောင်သဖြင့် မိမိကိုယ်ပေါ်ကနေပြီး ညောင်ညောင်ဆရာ သွားဖြဲပြကာ ကျိမ်းသည်။

“တယ် … ကလေးကချေခွေးစုတ်တွေ … ငါရုပ်ကိုပြလိုက်ရ … ကြောက်ချီးပန်းကုန်မယ် …”

“မလုပ်ပါနဲ့ဗျာ … လူတွေလန့်ပြေးကုန်ပါမယ် …”

စ၀်ခွန်ပိုင် ချော့မော့ခေါ်လာခဲ့ရသည်။

“သရဲတွေက လူတွေလိုပဲ ဥာဏ်များတယ် ကောင်လေး … သရဲတိုင်းကို မယုံနဲ့ … သူတို့က မင်းဆီရိုးရိုးသားသား အကူညီတောင်းတယ်ဆိုရင် ငါလာတာနဲ့ထွက်ပြေးစရာ အကြောင်းမရှိဘူး ။ ခုတယောက် မရိုးသားလောက်ဘူးကွ …”

“သူ့ပုံကြည့်ရတာ သနားစရာပါဗျာ …”

“မင်းက မင်းအဖွားလို မပါးနပ်ဘူး ။ မင်းရဲ့ ကြင်နာခြင်းကို အားနည်းချက်လို အသုံးချမှာစိုးရတယ်ကွ …”

ညောင်ညောင်ဆရာက အဖိုးကြီးလိုဆုံးမနေသည် ။ စ၀်ခွန်ပိုင် ပြုံးရုံသာပြုံးပြီး နားထောင်နေသည်။

ညောင်ညောင်ဆရာပြောသလိုပင် မိမိရှေ့တယောက်ယောက် အကူအညီလိုအပ်နေလျှင် ဒီအတိုင်းထိုင်ကြည့်မနေနိုင်ခဲ့ပေ။ ငယ်စဉ်ကတည်းက တနည်းနည်းနှင့် အဆင်ပြေအောင် ကူညီပေးခဲ့တာအကျင့်ပါလို့နေလေပြီ။ အကူလိုအပ် ချိန် အားကိုးရာမဲ့ဖြင့်လူတွေကို အကူညီတောင်းခံခဲ့ပြီး မရရှိသည့် ခံစားချက်၊ ငြင်းပယ်ခံရသည့် ခံစားချက်က ဘယ်လောက်ဆိုးသည်ကို ကိုယ်တွေ့ခံစားခဲ့ရပြီးနောက် မိမိကို တောင်းခံလားသည်။ အကူညီ ကို စ၀်ခွန်ပိုက် ဘယ်လိုမှ ငြင်းပယ်နိုင်စွမ်း မရှိခဲ့ပါ။

နေ့လည်စာ စားပြီးနားနေခိုက် တောထဲမှ မိုးကြိုးနတ်ကွန်းမှ လူအသေးလေး ရောက်ရှိလာခဲသည်။ လာရသည့် အကြောင်းရင်းက သူ့နာမည်နှင့် ကပ်လျက် သရဲ့၏ ရုပ်သွင်ကို မိမိတို့ သိအောင် လာဆွဲပြခြင်း ဖြစ်သည်။

စားပွဲပေါ်ရှိ စာရွက်ဖြူပေါ် မတ်တပ်ရပ်ပြီး သူ့အရပ်ထက် ၂ ပြန်ရှည်၏ ခဲတံကိုဖက်ကာ သရဲ ပုံတပုံကို ရေးဆွဲပြနေသည်။ စ၀်ခွန်ပိုင်နှင့် ညောင်ညောင်ဆရာ ကနံဘေးမှ စိတ်ဝင်တစားငေးကြည့် ပြီး သေချာအောင်ထပ်မေးလိုက်သည် ။

“ဆံပင်က မရှိဘူးလား …”

“မရှိဘူး”

“တပင်မှ မရှိတာ လား ”

“တပင်မှ မရှိတာ”

ဒီပုံကိုကြည့်ပြီး စ၀်ခွန်ပိုင်နှင့် ညောင်ညောင်ဆရာ တယောက်မျက်နှာတယောက် ဖျတ်ခနဲ့ကြည့်ကာ မျက်နှာအရေပြား အောက်မှ တွန်းလိမ်သည့် လှိုင်းအရိပ်များ မျက်နှာပြင် အနှံ့ပြန့် သွားခဲ့သည်။ ဒါကို လူအသေးလေးက သတိမထားမိပဲ သူ့စကားကို ဆက်ပြောနေခဲ့သည်။

“အဲ့ဒီကောင်က အမြဲတမ်း ဖြတ်သွားတဲ့ လူကို အစားကတောင်းတက်တဲ့ အကျင့်ကြောင့် သရဲငတ်လို့ ခေါ်ကြ… ဟင် … ဘာဖြစ်လို့လဲ … သခင်လေး ”

စ၀်ခွန်ပိုင်သည် လုံးဝမအောင့်နိုင်တော့ပဲ စားပွဲပေါ်ကရေးဆွဲပြီးသား ပုံကိုယူကြည့်ကာ တကိုယ်လုံးတုန်ခါလာသဖြင့် လူအသေးလေးကမေးခဲ့တော့သည် ။

“နဖူးပြောင်ပြောင် ၊ ပါးစပ်ပြဲပြဲ၊ဆံပင် တပင်မှ မရှိတဲ့အကောင်… အဲ့ဒါ သရဲငတ်လား…ဟား…ဟား…ဟား….”

စ၀်ခွန်ပိုင်နှင့် ညောင်ညောင်ဆရာသည် အောင့်ထားသည့်ကြားမှာ ရယ်သံထွက်သွားသည်နှင့် အတောမတတ် မျက်ရည်ကျအောင် အော်ရယ်လိုက်မိတော့သည်။

“ကျွန်တော် ဆွဲထားတဲ့ပုံကို မရယ်ကြပါနဲ့….”

မိုးကြိုးစောင့်နတ်ကွန်းမှ လူသေးသေးလေးအော်ဟစ်နေသည့်တိုင် ညောင်ညောင်ဆရာမှာ ကြမ်းပေါ်လှိမ့်ကာ ရယ်နေတော့သည်။ လူအသေးလေး ဒေါပွပြီြး ပန်သွားပြီးနောက် စိုင်းထက်ရောက်လာခဲ့သည်။ သူ့ကိုကြည့်ရတာ တခုခုပြောချင်နေပုံရသဖြင့် အလိုက်တသိ မေးလိုက်သည်။

“ဘာပြောစရာရှိလို့လဲ စိုင်းထက်…ပြောလေ…”

“သရဲဆိုတာ မင်းယုံသလား ခွန်ပိုင်…”

“အင်း… ယုံတယ်။ လူတချို့က သေသွားပေမယ့် မပြီးပြတ်သေးတဲ့ အလုပ်ရှိနေရင်၊ တခုခုမှ စွဲလမ်းနေရင် မကျွတ်လွတ်ပဲ ကျန်ရစ်နေခဲ့ကြတယ်။ သူတို့ရဲ့အရိပ်ကို လူတွေတွေ့တော့ လန့်ဖြတ်ကြတယ်။ ဒါပေမယ့် သူတို့က တော်ရုံတန်ရုံလူတွေကို ရှောင်ကြပါတယ်…”

“အင်း..တော်ပါသေးရဲ့။ မင်းသာ သရဲကို မယုံရင် ငါဘာဆက်ပြောရမှန်းသိမှာမဟုတ်ဘူး။ ”

“မင်း သရဲကို တွေ့ခဲ့လို့လား စိုင်းထက်…”

“ငါ့ ခြံထဲမှာ ခုတလော တွေ့နေရတဲ့ သရဲတကောင်ရှိတယ် ..သူ့ကြောင့် ငါ ညည မအိပ်ရဲအောင်ခြောက်ခြားနေရတာ..”

“ဟုတ်လား။ အဲ့သရဲ့ဘယ်လိုပုံရှိလို့လဲ…

“လူရိပ်က အကြီးကြီးကွ။ တဖြည်းဖြည်းထင်ရှားလာတယ်။ ခေါင်းပေါ်မှာ အခိုးငွေ့ဆက်တိုက်ထွက်နေပြီးကန့်နံ့ စူးစူးကို ရတယ်။ ပြီးတော့ သံကြိုးတန်းလန်းနဲ့။ သူလာရင် သံကြိုးသံကြားရတယ်။ ထူးဆန်းတာက င့ါနိုင်နိုင်းက ဘာမှမကြားရပဲ ငါ ကြားနေရတာပဲ…”

စိုင်းထက်၏ စကားကိုကြားသော် သရဲမပြောသည့် ပုံနှင့်ကိုက်နေသဖြင့် စ၀်ခွန်ပိုင် အံ့အားသင့်သွားခဲ့သည်။ သရဲမ အကူညီတောင်းထားသည့်အတိုင်း သူ့အကိုဖြစ်သူကို မိမိရှာတွေ့ပြီဟု ထင်လိုက်သည်။

------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??