အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (16)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး
အပိုင်း (16)

ခွန်ပိုင် အသင့်အနေအထားဖြင့် စောင့်မည်အပြု အနက်ရောင် လက်တံများက ဆန့်ထွက်လာပြီး ခွန်ပိုင် လည်းပင်ကို တင်းကျပ်စွာ ညစ်ကာပြောသည်။

“မင်းကို လွမ်းနေတာ.. မင်းရင်ထဲက သောကတွေက အရမ်းအရသာရှိတာ ငါလွမ်းနေတာကြာပြီ”

စဝ်ခွန်းပိုင်၏ လည်ပင်းမှ လက်တံက တင်းကျပ်လာပြီး ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ ခြောက်ခြားစရာ အေးစက်မှုက နှလုံးသားအတွင်းပိုင်းမှ စိမ့်ထွက်လာသည်ဟု ခံစားလိုက်ရသည်၊ မိမိမျက်လုံးတွေ ဝါးသွားပြီ ပြုံးနေသည့် မိန်းမလှတဦးမျက်နှာကို ဝိုးတဝါးမြင်လိုက်ရသည်၊ ထို့နောက် အသံသာသည့် ခေါင်းလောင်းသံ ၊ ကြင်နာတတ်သည့် အမျိုးသားတဦး၏ အပြုံးမျက်နှာ ဖြာကျနေသည့် နေခြည်နွေးနွေး၊ ထိုမြင်ကွင်းကို မြင်မိသည်နှင့် စဝ်ခွန်းပိုင် ဘဝတွင် တခါမှ မဖြစ်စဖူး ဝမ်းနည်းမှုကြီး လှိုက်တက်လာပြီး စိတ်ထဲဖြစ်မိသည့်အတွေးက ‘သေချင်သည်’

“ဟုတ်တယ် အသက်ရှင်ရတာ ဘာမှ မကောင်းဘူး၊ မင်းကို ဘယ်သူမှ မလိုချင်ဘူး၊ မင်းရှိနေရင် ဒီအိမ်သားတွေ အမြဲ ရန်ဖြစ်ပြီး စိတ်ဆင်းရဲရတယ်၊ မင်းကို ဘယ်သူမှ မလိုချင်ဘူး”

ထိုတစ္ဆေ၏ အသံကြောင့် စဝ်ခွန်းပိုင်၏ ခေါင်းထဲ ဘာမှ မတွေးနိုင်အောင် ခံစားလာရသည် ။

“ ငါ့ကို ဘယ်သူမှ မလိုချင်ကြဘူး’’

“မင်းရဲ့အသက်ကို ငါ့ကို ပေးလိုက် ခွန်ပိုင်” မင်းမိဘတွေ မင်းကိုစောင့်နေကြပြီ…. ´

“ငါ့ … မိဘတွေ … ငါ့ကို စောင့်နေပြီ … အင်း… ဟုတ်တယ် ..ဖေဖေ…. မေ..မေ”

စဝ်ခွန်ပိုင်၏ ရင်ထဲမှ လစ်ဟာအေးစက်ခြင်းတို့ တိုးလာစဉ် ရုတ်တရက်ခြေထောက်အောက်မှ မြေကြီးပျောက်သွားသလို ခံစားလိုက်ရကာ အသက်ရှင်ချင် စိတ်ပျောက်သွားတော့သည်၊ ထိုစဉ် အပြင်မှ ဖြူဖြူအမွှေးပွလုံးကြီးက ထိုမည်းမည်းအကောင်ကို ခုန်အုပ်လိုက်သဖြင့် စဝ်ခွန်ပိုင် ချုပ်ထားခံရခြင်းမှ လွတ်သွားတော့သည်။

“ခွန်ပိုင် သတိထားစမ်း ၊ ဒီကောင် မင်းကို လှည့်စားနေတာ..”

“ညောင်ညောင် ဆရာ…”

“ပြန်ကြမယ် … ဒီအိမ်မှာ ရှိတဲ့အကောင်က မင်းငယ်ကတည်းက အကောင်မဟုတ်လား ၊ သူက ဒီအိမ်သားတွေရဲ့ မကောင်းတဲ့စိတ်ကို စားနေတာ အစွမ်းအတော်ကြီးနေပြီ ၊ မကြာမီ ဒီအိမ်မှာ လူသေတဲ့အထိ လုပ်တော့မှာ…”

စဝ်ခွန်ပိုင်သည် ထိုစကားကို ကြားသော် အန်တီခင်လေးတို့အတွက် စိုးရိမ်သွားခဲ့သည်။

“အန်တီခင်လေးတို့ကို သတိပေးမှ ဖြစ်မယ်’’

“မင်းရူးနေလား … မင်း ဘယ်လိုပြောမှာလဲ ။ မင်းကို အခုတောင် မကြည်တာ ငါအပြင်ကနေ အားလုံးကြားနေရတယ်၊ မင်းသွားပြောရင် မင်းကို အရူးဆိုပြီးမောင်းထုတ်လိမ့်မယ်၊ ပြန်ကြစို့..”

“ဒါပေမယ့်…”

“မင်း ဒီအကောင်ကို မနိုင်နိုင်ဘူး ၊ ဒီအကောင်က မင်းကလေးဘဝ တည်းက အကြောက်ဆုံးကို သူသိထားတယ် ၊ မင်းရင်ထဲကို ဝင်သွားရင် ငါမင်းကို ကယ်လို့မရနိုင်တော့ဘူး၊ ပြန်ကြစို့…”

စဝ်ခွန်ပိုင် သက်ပြင်းချကာ ညောင်ညောင်ဆရာကို ပွေ့ကာ အပြင်ကို ထွက်လာစဉ် အနောက်ဘက်မှပြေးလိုက်လာသည့် ခြေသံကို ကြားလို့ လှည့်ကြည့်လိုက်စဉ် သရဖီကို တွေ့လိုက်ရလို့ အံ့သြသွားခဲ့သည်။

“ခွန်ပိုင် နင်တို့ပြောနေတာ တကယ်လား’’

မထင်မှတ်ထားပဲ အကွယ်တနေရာမှ သရဖီထွက်လာပြီး မေးလိုက်သဖြင့် စ၀်ခွန်ပိုင် ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ မိမိနှင့် ညောင်ညောင်ဆရာ စကားပြောနေသည်ကို များ တွေ့သွားတာလား။ ညောင်ညောင်ဆရာ လူလို စကားပြောနေတာကို ကြားသွားသလားဟု တွေးကာ လူလိမ်ဟု စွပ်စွဲလာမည်ကို စိုးထိတ်စွာဖြင့် သရဖီကို ကြည့်မိစဉ် သရဖီက ထပ်မေးခဲ့သည်။

“ငါတို့ အိမ်မှာ မကောင်းဆိုးဝါးတကောင်က အိမ်သားတွေ သေအောင် လုပ်တော့မယ်လို့ နင်တို့ပြောနေတာ တကယ်လား။ ဟင်…တကယ်ပဲလား ခွန်ပိုင်…”

“သရဖီ… နင် ဘာတွေ ပြောနေတာလဲ…. ငါ ပြန်တော့မယ်။ အန်ကယ့်ကို နူတ်ဆက်တယ် ပြောပေးပါ….”

သရဖီက ခွန်ပိုင်၏ လက်ကို ဆုပ်ကိုင်ကာ အတင်းမေးနေသဖြင့် အကြပ်တွေ့သွားသည်။ မိမိဝန်ခံလိုက်လို့မဖြစ်ပေ။ ၀န်ခံလိုက်လျှင် ငယ်စဉ်ကလို သရဖီက လက်ညှိုးထိုးကာ လူလိမ်ဟု ကဲ့ရဲ့တော့မည်ဟု တွေးပြီး ခြေဖျားလက်ဖျားများ အေးစက်လာခဲ့သည်။ ငယ်ကတည်းက ခံလာရသည့် စိတ်ဒဏ်ရာက အတော့်ကို နက်ရှိုင်းလွန်းလှသဖြင့် ခွန်ပိုင် ဘယ်လိုမှ ဖြေမ၇အောင်ဖြစ်နေတော့သည်။

“ခွန်ပိုင်… ငါ တောင်းပန်ပါတယ်… ဒီ မကောင်းဆိုးဝါးကောင်ကို နင် ရှင်းလင်းပေးပါ။ နင် ဒီလိုလုပ်နိုင်တာ ငါသိတယ်။ ငါတို့ကို ကူညီပါ…. မေမေ ခဏခဏ နေမကောင်းဖြစ်တာ ဒီမကောင်းဆိုးဝါးကြောင့် မဟုတ်လား… နင် အဲ့အကောင်ကို ခေါ်သွားစမ်းပါ…”

စ၀်ခွန်ပိုင်သည် သရဖီကို လှည့်ကြည့်ကာ တခုခုပြောမည်အပြု အနောက်မှ မကောင်းဆိုးဝါးကောင်ကုန်းထလာသည်ကို တွေ့လိုက်စဉ် ခွန်ပိုင်၏ ရင်ထဲ နှလုံးသားထဲမှ အေးစက်ခြင်းက တစတစနှင့် လူကို ၀ါးမျိုလာသလို ခံစားလိုက်ရသည်။ ၏

“သွားကြစို့…. မင်း ရဲ့ အားနည်းချက်ကို အဲ့ကောင်သိသွားပြီ… ”

ညောင်ညောင်ဆရာက ခွန်ပိုင်၏ လှမ်းပြောကာ ပါးကို ပုတ်ပြီး အချက်ပြလိုက်စဉ် ခွန်ပိုင် လှည့်ကာ အိမ်ထဲမှ ပြေးထွက်လာတော့သည်။ သရဖီက အနောက်မှ စိတ်ဆိုးစွာဖြင့် လှမ်းအော်ပြောလိုက်သံက နောက်မှ ကပ်ပါလာခဲ့သည်။

“ခွန်ပိုင်…နင် ကျေးဇူးကန်းတဲ့အကောင်… ဖေဖေက နင့်ကို သားအရင်းလို ချစ်ခဲ့တာ အလကားပဲ။ နင် ငါတို့ မိသားစုကို ပြန်မကြည့်ဘူး…”

ခွန်ပိုင် စက်ဘီးခြင်းထဲ ညောင်ညောင်ဆရာကို ထည့်ပြီး ခြံပြင်ကို နင်းထွက်လာစဉ် အိမ်ဘက်ကို လှမ်းကြည့်ပြီး သရဖီ၏ အမျက်ဒေါသကို စားသုံးနေသည့် မကောင်းဆိုးဝါးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်း ငါ့ အသက်ကိုလိုချင်တယ် မဟုတ်လား။ ငါ့ကိုမိရင် ငါ့အသက်ကို ယူလိုက်…. ”

ထိုအသံကိုကြားသော် မကောင်းဆိုးဝါးက စ၀်ခွန်ပိုင်၏ အသက်ကို စုပ်ယူချင်ဇောဖြင့် အပြင်ကို ပျံသန်းလိုက်ပါလာတော့သည်။ ညောင်ညောင်ဆရာသည် ထိုသို့လုပ်မည်ကို သိပြီးဖြစ်လို့ ဘာမှမပြောချင်တော့ပေ။ လူမြင်ကွင်းတွင်ဖြစ်သောကြောင့် မိမိမူလရုပ်ကို ဖော်ထုတ်လို့မဖြစ်သေးပေ။ ခွန်ပိုင်က လူရှင်းသည့် နေရာသို့ မကောင်းဆိုးဝါးကောင်ကို မျှားခေါ်လာစဉ် ရုတ်တရက် လမ်းသွယ်တခုမှ ရုတ်တရက် ထွက်လာသည့် ကားနှင့် စက်ဘီးတိုက်မိမလိုဖြစ်ကာ လမ်းဘေးကို လက်ကိုင်ဆွဲချလိုက်စဉ် မြက်တောထဲ စက်ဘီးလဲကျသွားပြီး ခွန်ပိုင် လွင့်ကျသွားတော့သည်။

ခွန်ပိုင် မျက်လုံးကို ဖွင့်ကြည့်လိုက်စဉ် ငယ်စဉ် ကလေးဘ၀က အန်ကယ်တို့ အိမ် ပထမဆုံးရောက်သည့် နေ့ကို ပြန်ကြုံတွေ့လိုက်ရသည်။ မကောင်းဆိုးဝါးကောင်က မိမိရင်ထဲ နစ်ဝင်နေသည့် ၀မ်းနည်းသည့် နေ့က အဖြစ်ပျက်ကို ပြန်ပြနေပုံရသည်။

ခြောက်နှစ်အရွယ်ကလေးလေး တစ်ယောက်။ လူကြီးတစ်ယောက်၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ အိမ်တလုံးထဲ ၀င်လာစဉ် အမျိုးသမီးတစ်ဦးနှင့် ကလေးမတစ်ဦးက သူ့ကို မုန်းတီးစွာ မလိုလားစွာကြည့်နေသည့် မြင်ကွင်းက မိဘဆုံးပါးပြီး မွေးစားမိသားစုထဲ ရောက်ခါစ ကလေးတယောက်ရင်ကို ဆူးတချောင်းပမာ နစ်သွားစေသည်။

ထို့နောက် မိမိကို သူ့အခန်းထဲ မအိပ်စေချင်လို့ အော်ဟစ်ငိုယို ဂျီကျနေသည့် ကောင်မလေး တစ်ဦး။ ရန်ဖြစ်နေသည့် လင်မယားနှစ်ယောက်။ ထောင့်လေးမှာ ကျုံ့ကျုံ့လေးထိုင်ပြီး ၀မ်းနည်းနေသည့် ကလေးလေး တစ်ယောက်။

ငါ့ကြောင့် အန်ကယ်နဲ့ အန်တီ ရန်ဖြစ်ရပြီ။

ထိုအတွေးက စ၀်ခွန်ပိုင်၏ ရင်ထဲ တိတ်တဆိတ်မြည်ဟီးနေတော့သည်။

“ဟုတ်တယ် မင်းက ဂြိုလ်ကောင်၊ မင်းကြောင့် မင်းမိဘတွေ သေသွားတာ၊ မင်းကြောင့် သရဖီတို့ မိသားစု စိတ်ဆင်းရဲရတာ မင်းသေသွားရင် ပိုကောင်းမယ်..မင်းအသက်ရှင်နေရင် လူတွေ စိတ်ဆင်းရဲရတယ်”

တစ္ဆေ၏ အသံက စဝ်ခွန်ပိုင်၏ ဦးနှောက်ဆဲထဲ ပဲ့တင်ထပ်လို့နေသည်

"ဖေဖေ .... မေမေ ... ငါ့ကြောင့် ဖေဖေနဲ့မေမေ အစောကြီးသေသွားရတယ်။ ငါ့ကြောင့် အန်ကယ်တို့မိသားစု စိတ်ဆင်းရဲရတယ် ... ငါ.... ကြောင့် ငါ့.....ကြောင့် ... ငါ သေသွားရင် ...ကောင်းမယ်..."

စဝ်ခွန်ပိုင်၏ နှလုံးသားသည် ထိုအတွေးကြောင့် ငြိမ်သက်သွားတော့သည် " ဟုတ်တယ် ငါ သေသွားရင်...ကောင်းမယ်'' အနက်ရောင် တစ္ဆေ၏ လက်တံများ ရှည်ထွက်လာပြီး တရစ်ပြီးတရစ် မိမိကိုယ်ကို ရစ်ပတ်လို့လာတော့သည်။

အေးစက်ခြင်း၊လစ်ဟာခြင်း၊ဟင်းလင်းဖြစ်ခြင်း၊ဘာမှမရှိခြင်း၊အချည်းနှီးသော.... ဘဝ။ ချစ်ခြင်းတရားတို့ ကင်းဝေးရာ ဆိတ်သုဉ်းသော နေရာသာ မိမိနှင့်ထိုက်တန်ပေလိမ့်မည်။

"ငါသေသွားရင် အားလုံး စိတ်ချမ်းသာမယ်..."

စဝ်ခွန်ပိုင် မျက်လုံးကို မှိတ်လိုက်စဉ် တိုးညှင်းသော ခေါ်သံကိုကြားလိုက်ရသည်။

"ခွန်ပိုင် ... ခွန်ပိုင် ... ဟေ့ကောင် ... ငတုံး... တစ္ဆေပြောသမျှ ယုံရသလား။ငါဆရာတယောက်လုံးမင်းကို စောင့်ရှောက်နေတာကွ....ခွန်ပိုင်''
"ဘယ်ကအသံလဲ...." မည်သည့်အရပ်က လာသည်ကို မသိသော်လည်း ထိုအသံက ရင်းနှီးနွေးထွေးပြီး ခွန်အားရှိသည်။ထိုအသံကိုကြားသည်နှင့် အေးစက်နေသည့်နှလုံးသားထဲ မီးတောက်လေး ထတောက်လာသလို နွေးထွေးလာခဲ့သည်။

"ဘယ်သူလဲ..."

"ငါကွ...ငါ... မင်း... ငါ့အသံကိုကြားရင် သတိထားစမ်း.. မင်းဒီအကောင်ကို အရှုံးပေးလိုက်ရင် မင်းကယ်ချင်တဲ့ ကျေးဇူးရှင် မိသားစုသုံးယောက်လုံး အစားခံရလိမ့်မယ်ကွ..."

ထိုအသံကိုကြားသည်နှင့်ခွန်ပိုင် သတိဝင်လာပြီး မိမိကိုယ်ကို တင်းတင်းရစ်ထားသည့်ကြိုးကို စတင်ရုန်းဖြတ်တော့သည်။တစ္ဆေကောင်က မည်မျှကြိုးစားကာချုပ်ထားသော်လည်း အန်ကယ်ထက်မြက်၏ အပြုံးမျက်နှာကို သတိရလိုက်သည်နှင့် ခွန်ပိုင် အားတက်လာပြီး အားကုန်ရုန်းဖြတ်လိုက်စဉ် လွင့်ခနဲ့ဖြစ်သွားပြီ မိမိပါးကို ပုတ်နေသည်ကို သိလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်စဉ် ညောင်ညောင်ဆရာ၏ စိုးရိမ်တကြီးမျက်နှာကို တွေ့လိုက်ရသည်။

"ညောင်ညောင်ဆရာ..."

ထိုစဉ် အနောက်ဘက်မှ အနက်ရောင် တစ္ဆေခုန်အုပ်လာသည်ကိုတွေ့သော် ညောင်ညောင်ဆရာကို ဖက်ပြီး ဘေးကိုလှိမ့်ချလိုက်သည်။ "ဝုန်း..." ညောင်ညောင်ဆရာက ပင်ကိုယ် ဝံပုလွေအသွင်ပြန်ပြောင်းပြီး အနက်ရောင်တစ္ဆေကို တလုတ်တည်းကိုက်ချလိုက်သည်။ချက်ချင်းပင် နားစူးစရာအော်သံနှင့်အတူ အနက်ရောင်ပိုးဖလံများအဖြစ် တစစီဖြစ်သွားပြီး ပျောက်ကွယ်သွားတော့သည်။

"အဟွတ်...အဟွတ်...ရွံ့စရာအကောင်.."

"အဲ့အကောင်က ပိုးဖလံတွေနဲ့ဖွဲ့စည်းထားတာလား..."

ညောင်ညောင်ဆရာက ကြောင်အသွင်ပြန်ပြောင်းပြီး ဖြေလိုက်သည်။

"ဟုတ်တယ် အစကတော့ ပိုးကောင်စားတဲ့ အကောင်ပေါ့၊ နောက်တော့ လူတွေရဲ့ ဒေါသ၊သောက၊ဗျာပါဒကိုစားပြီး အင်အားကြီးတဲ့ တစ္ဆေဖြစ်လာတာ၊နောက်ဆိုရင် မိစ္ဆာတောင်ဖြစ်လာနိုင်တယ်...ကဲ ..ထတော့၊ အိမ်ပြန်ကြစို့..."

စဝ်ခွန်နိုင် ညောင်ညောင်ဆရာကို စက်ဘီးခြင်းထဲတင်ကာ သရဖီတို့ အိမ် ခဏဝင်ခဲ့ပြီး ထိုတစ္ဆေပျောက်ကွယ်သွားပြီဆိုတဲ့ အကြောင်းကြားတော့ သရဖီက စဝ်ခွန်ပိုင်၏ လက်ကို ဆုပ်ကိုင်ကာ ရှက်ရွံ့စွာဖြင့် တောင်းပန်စကားဆိုခဲ့သည်။

"ဖေဖေနဲ့မေမေက ဆေးခန်းသွားကြတယ်။ပြန်လာကြပြီတဲ့။တော်သေးတယ် နင် ငါတို့ဆီပြန်လာပေးတာ ဘုရားမ,တာပဲ၊နင့်ကို ငယ်ငယ်က ငါပြောဆိုမိတာကို ခွင့်လွှတ်ပေးပါခွန်ပိုင်၊ငါက အရမ်းဆိုးတဲ့ ကလေးမတယောက်ဖြစ်ခဲ့တာ နင့်ကို ဖေဖေအရမ်းချစ်ပြီး ငါ့ကို မချစ်မှာ စိုးရိမ်သွားလို့ပါ ခွန်ပိုင်...ငါ့ကို ခွင့်လွှတ်ပေးပါ..."

သရဖီက ပြောရင်းမျက်ရည်များကျလာခဲ့သည်၊ စဝ်ခွန်ပိုင်၏ ရင်ထဲမှ အစိုင်ခဲတို့ ပြေလျော့သွားပြီး သရဖီကို ပြုံးကာ ပြောလိုက်သည်။

"နင့်နေရာမှာ ငါဆိုလဲ ဒီလိုပဲလုပ်မိမှာပါ၊ ဒါကိုစိတ်ထဲမထားပါနဲ့ ငါနင့်ကို စိတ်မဆိုးပါဘူး.."

ထိုစကားကိုပြောလိုက်စဉ် စဝ်ခွန်ပိုင်၏ စိတ်ထဲတွင်လည်း ကြိုးတချောင်းပြေလျော့သွားသလို ခံစားလိုက်ရသည်။ အိမ်ကိုပြန်လာတော့ စဝ်ခွန်ပိုင် ပေါ့ပါးသွက်လက်လို့နေသည်။ခွင့်လွှတ်ခြင်းသည် မိမိအပေါ် အပြစ်ပြုထားသူကို အပြစ်မကင်းစိတ်မှ ဖြေလျော့ပေးလိုက်ခြင်းနှင့်အတူ မိမိကိုယ်မိမိလည်း နာကျင်ခြင်းမှ ဖြေလျော့ပေးလိုက်ခြင်းဖြစ်သည်။ အိမ်အပြန်လမ်းတွင် စ၀်ခွန်ပိုင်၏ ရင်ထဲ ပေါ့ပါးလျက် လူသစ်တယောက်ပ မာ ခံစားလိုက်ရတော့သည်။

--------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??