အသက်ဝင်နေတဲ့ အိမ်ကလေး အပိုင်း (18)

အသက်ဝင်နေတဲ့ အိမ်ကလေး

အသက်ဝင်နေတဲ့ အိမ်ကလေး

အပိုင်း (18)

 

စ၀်ခွန်ပိုင်သည် ခြံရှေ့တွင် ညောင်ညောင်ဆရာကို ချပေးလိုက်ပြီး မိမိက စိုင်းထက်ထံ ဆိုင်ကယ်ဝင်ပေးရင်း ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် အိမ်ကို စိတ်အေးလက်အေးပြန်လာစဉ် မိမိအိမ်ရှေ့ရောက်ခါနီး ထီးဆောင်းလာသည့်လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ကပ်ပြီးဖြတ်လာစဉ် စ၀်ခွန်ပိုင်၏တကိုယ်လုံး သွေးကြောကဖျင်းခနဲဖြစ်ကာ ကြက်သီးမွေးညှင်းများ ထောင်ထလာသဖြင့် အလိုလျောက်သိစိတ်ဖြင့် ဖြတ်ခနဲကြည့်လိုက်စဉ် ပုခုံးပေါ်ဝဲကျနေသည့်ဆံပင်ရှည်ရှည်က မျက်နှာတခြမ်းကိုကွယ်ထားသည့် မေးရိုးထင်းထင်းနှင့် သုံးဆယ်ကျော်လူလတ်ပိုင်းတစ်ယောက်ကို တွေ့လိုက်သည်။

 

ရှပ်အင်္ကျီအနက်ရောင်ကြောင့် အသားအရေက ပိုလို့ဖြူရော်နေသလို ထီးကိုကိုင်ထားသည့် လက်ဆစ်ရှည်ရှည်သွယ်သွယ်များကိုကြည့်ကာ စ၀်ခွန်ပိုင်၏ရင်ထဲ လက်အေးကြီးနှင့်ဖျစ်ညှစ်လာသလို ခံစားလိုက်ရစဉ် မိမိကို ဖြတ်ခနဲကြည့်လိုက်သည့်အကြည့်ကို တွေ့လိုက်စဉ် စ၀်ခွန်ပိုင်၏ရင်ထဲ လေးဆင်းသွားတော့သည်။

 

ထိုသူနှင့် ဘေးချင်းယှဉ်ဖြတ်စဉ် မိမိထက်ခေါင်းတစ်လုံးစာ မြင့်သည့်လူက ကိုရီးယားစုံထောက်ကားထဲက ဂိုဏ်းစတားလိုလို လူရှိန်စေသည့် ကိုယ်ဟန်အနေအထားနှင့် ပြည့်စုံသည်ကို သတိထားမိလိုက်သည်။ မိမိလည်း ဒီကိုရောက်တာ နှစ်ပတ်ကျော်ကြာပြီဆိုတော့ ဒီမြို့သားမဟုတ်မှန်း သိလိုက်သည်။ စ၀်ခွန်ပိုင်သည် မိမိခြံတံခါးကိုဖွင့်ဝင်ရင်း တဖြည်းဖြည်းဝေးသွားသည့်လူ၏ ကျောပြင်ကိုငေးကြည့်ကာ သက်ပြင်းကို အမှတ်တမဲ့ချလိုက်မိသည်။

 

ခွန်ပိုင် မြန်မြန်လုပ် ငါ ဗိုက်ဆာနေပြီ နွားနို့နွှေးပေး..”

 

ညောင်ညောင်ဆရာက ခွန်ပိုင်အိမ်ထဲဝင်လာတော့ ဧည့်ခန်းကကြိမ်ထိုင်ခုံပေါ် ခွေနေရာမှ လှမ်းပြောလိုက်သည်။

 

အစောက စားပြီးမှသွားတာကို ခင်ဗျားက ဆာပြီလား…”

 

ဆာပြီပေါ့ ငါ့ဝေစုကို မြေခွေးမလေးကို ကျွေးလိုက်တာကိုး..”

 

စ၀်ခွန်ပိုင်က တနေ့တခြား ၀လုံးလာသည့် ညောင်ညောင်ဆရာကို ပွေ့ကာ မီးဖိုဘက်ကို ခေါ်လာရင်းပြောလိုက်သည်။

 

ခင်ဗျား ဒီလိုဆက်စားနေရင် အဆီပိတ်တော့မယ်..”

 

ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်၏ကိုယ်မှ ထူးဆန်းသည့်အနံ့ကိုရလိုက်သဖြင့် မေးလိုက်သည်။

 

မင်းကိုယ်က ထူးဆန်းတဲ့ ပရနှင်တဲ့ဆေးနံ့ကိုရတယ်။ မင်းဘယ်သူနဲ့တွေ့ခဲ့တာလဲ..”

 

စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏စကားကြောင့် အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်။

 

ဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး..”

 

မဟုတ်ဘူး။ မင်းအိမ်ရှေ့မှာ ဘယ်သူနဲ့တွေ့ခဲ့သလဲ.. ငါ ဒီအနံ့ကို သေချာသိတယ်..”

 

ညောင်ညောင်ဆရာ၏စကားကိုကြားတော့မှ စ၀်ခွန်ပိုင် သတိရလာသည်။

 

သြော် ခုနက လူတစ်ယောက်နဲ့တွေ့ခဲ့တာ..”

 

ညောင်ညောင်ဆရာ ထိုစကားကိုကြားသည်နှင့် အိမ်အပြင်ကိုပြေးထွက်ကာ ဟိုဟိုသည်သည်မျှော်ကြည့်နေသဖြင့် စ၀်ခွန်ပိုင် အနောက်မှပြေးလိုက်ကာ မေးလိုက်သည်။

 

ဘာဖြစ်လို့လဲ ညောင်ညောင်ဆရာ.. ဘယ်သွားမလို့လဲ..”

 

ညောင်ညောင်ဆရာက ခြံရှေ့ထိထွက်ကာ အသည်းအသန်ပြေးကြည့်သဖြင့် စ၀်ခွန်ပိုင်က သာမန်ကိစ္စမဟုတ်သည်ကို ရိပ်မိကာ ချက်ချင်းပြေးလိုက်ခဲ့သည်။

 

ဟိုကောင့်ကိုရှာမလို့…”

 

ညောင်ညောင်ဆရာ၏စကားကြောင့် စ၀်ခွန်ပိုင်လည်း အနောက်မှပြေးလိုက်ခဲ့ရတော့သည်။ စိုင်းထက်တို့အိမ်ရှေ့ကိုဖြတ်ပြီး သုံးအိမ်အကွာ လမ်းအကွေ့တွင် ညောင်ညောင်ဆရာ ရပ်သွားပြီး ကျောကိုခုန်းကာ တကိုယ်လုံးအမွှေးများ ထောင်ထလာတော့သည်။

 

မင်း ဘယ်သူလဲ ဒီနယ်ကို ဘာလာလုပ်တာလဲ..”

 

ခင်ဗျားလည်း လူတွေကြား ဘာလို့လာနေတာလဲ..”

 

ထီးဆောင်းထားသည့်လူရွယ်က ညောင်ညောင်ဆရာ၏စကားကြောင့် နောက်ကိုလှည့်ကြည့်ကာ မေးလိုက်သည်။ စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာကိုမှီလာပြီး ယခုမှ ထိုလူရွယ်၏မျက်နှာကို သေချာမြင်လိုက်ရတော့သည်။

 

နှာတံစင်းစင်း၊ သွယ်တန်းသည့်မျက်ခုံး၊ ဖြူဖွေးပြီး နေမထိသည့်အသားအရေ၊ ရှည်သွယ်သောအရပ်၊ တကိုယ်လုံးခြုံကြည့်လျှင် လူချောတစ်ယောက်ဟု ပြောနိုင်သော်လည်း သွေးအေးကာ ရက်စက်ဟန်ရှိသည့် မျက်လုံးနှင့် ပိရိသည့်နှုတ်ခမ်းတို့ ပေါင်းစပ်လိုက်သောအခါ သွေးအေးလူသတ်သမားတစ်ယောက်ပုံရိပ် ထွက်နေသလိုပင်။

 

ထိုလူက စ၀်ခွန်ပိုင်ကိုတွေ့လိုက်သည်နှင့် မျက်ဝန်းထဲတွင် မုန်းတီးရိပ် သိသိသာသာထွက်ပေါ်လာသလို ထင်လိုက်မိပြီး စိတ်ထဲထင့်သွားတော့သည်။

 

မင်းက မင်းအဖွားနဲ့ အတော်တူတာပဲ သရဲမြင်နိုင်တဲ့စွမ်းရည်ကိုပါ လက်ခံရထားပြီး အသုံးချနေပြီကိုး။ မဆိုင်တဲ့ကိစ္စ၀င်ရှုပ်ရင် မင်းအဖွားလိုပဲ စောစောသေရလိမ့်မယ် စ၀်ခွန်ပိုင်..”

 

စ၀်ခွန်ပိုင် ထိုစကားကိုကြားလိုက်ရပြီး ထိုသူလက်တစ်ချက်ယမ်းလိုက်သည်နှင့် မည်းမည်းအရိပ်ကြီး မိမိဘက်ကို ထိုးစိုက်လာသည်ကိုတွေ့လိုက်ရသည်။ မိမိအဖွား၏ ပါရမီအစွမ်းကို ထုတ်ပြောလိုက်သံကိုကြားရပြီးနောက် စ၀်ခွန်ပိုင် ကြက်သေသေပြီး ရှောင်ဖို့မေ့ကာ ကြောင်ငေးကြည့်နေမိစဉ် ညောင်ညောင်ဆရာက ၀ံပုလွေအသွင်ပြောင်းကာ မိမိထံ ထိုးဆင်းလာသည့် အရိပ်မည်းကို ခုန်အုပ်လိုက်စဉ် ထိုအရိပ်မည်းက ပေါက်ကွဲပြီး ပတ်ဝန်းကျင်တွင် မီးခိုးငွေ့တို့ ဖုံးလွှမ်းသွားတော့သည်။

 

ခွန်ပိုင် ငါ့နားကမခွာနဲ့.. ဒီကောင်က.. မင်းကို ဒုက္ခပေးဖို့ကြံနေတာ..”

 

ဟား.. ဟား.. ဟား.. တောင်စောင့်နတ် မင်းကို ဘယ်လောက်ကာကွယ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့..”

 

ညောင်ညောင်ဆရာက စ၀်ခွန်ပိုင်ရှေ့တွင် ကာပြီး လှမ်းပြောလိုက်မှ သတိဝင်လာသည်။ မီးခိုးငွေ့ကြားမှ ထိုလူ၏ အေးစက်စက်ရယ်သံကို ကြားလိုက်ရပြီး တဖြည်းဖြည်းဝေးသွားသည့်စကားကြောင့် ထိုလူထွက်သွားသည်ကို ရိပ်မိကာ နောက်မှပြေးလိုက်မည်အပြု ညောင်ညောင်ဆရာက ဇွတ်တားထားလိုက်သည်။

 

နေဦး.. ခင်ဗျား…”

 

မလိုက်နဲ့ ခွန်ပိုင်.. သူ့ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်..”

 

ထိုစဉ် မိမိတို့အနောက်မှ ပြေးလာသည့်အသံကို ကြားသဖြင့် ညောင်ညောင်ဆရာက ကြောင်ပုံစံပြန်ပြောင်းလိုက်သည်။ မီးခိုးငွေ့လည်းပျယ်တော့ စိုင်းထက်အနောက်တွင် ရောက်လာပြီး မေးလိုက်သည်။

 

ဘာဖြစ်လို့လဲ ခွန်ပိုင်.. သူခိုးလား..”

 

မ.. မဟုတ်ပါဘူး.. ငါ့ကြောင် ထွက်ပြေးသွားလို့ လိုက်ဖမ်းနေတာ..”

 

တော်သေးတာပေါ့.. ငါက မင်းအိမ် သူခိုးဝင်လို့ ပြေးလိုက်နေတယ်ထင်ပြီး ၀ါးရင်းတုတ်တောင် ဆွဲလာတာ..”

စိုင်းထက်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ စ၀်ခွန်ပိုင်သည် သူငယ်ချင်းလေး၏ စိတ်ရင်းကောင်းကိုသိလိုက်ရပြီး ရင်ထဲနွေးသွားသည်။ ‘သူငယ်ချင်း ဆိုတာ မိမိအတွက် ရှားပါးလွန်းသောအရာမဟုတ်လား။ စ၀်ခွန်ပိုင်သည် ခြေရာလည်းပျောက်၊ ရေလည်းနောက်သွားသောလူနောက်ကို မလိုက်ရဘဲ ညောင်ညောင်ဆရာကို ပွေ့ချီကာ စိုင်းထက်နှင့်စကားပြောရင်း အိမ်ကိုပြန်လာရတော့သည်။

 

စိုင်းထက်ကိုနှုတ်ဆက်ပြီး မိမိအိမ်ကိုပြန်ရောက်မှ ညောင်ညောင်ဆရာအတွက် နွားနို့ခွက်ချပေးရင်း မေးလိုက်သည်။

 

သူ.. ခင်ဗျားရဲ့ပင်ကိုယ်ရုပ်ကို သိနေတယ်။ ခင်ဗျားကို မြင်လည်းမြင်ရတယ်..”

 

ဟုတ်တယ်.. ဒီကောင်က သရဲနှင်တဲ့ အစွန်းရောက်ဂိုဏ်းထဲကပဲ။ ရာထူးကြီးပိုင်းဖြစ်ဖို့များတယ်။ မင်းကို တိုက်ခိုက်ဖို့ စက္ကူအင်းရုပ်ကိုတောင် စီမံနိုင်တဲ့အဆင့်ဆိုတော့ အမှုဆောင်အဆင့်တောင် ဖြစ်နေလောက်ပြီ..”

 

စ၀်ခွန်ပိုင် ငိုင်ကာစဉ်းစားနေပြီး မေးလိုက်သည်။

 

ညောင်ညောင်ဆရာ.. သူ့အသက်အရွယ်နဲ့ ကျွန်တော့်ဖွားဖွားကိုသိဖို့ ငယ်မနေဘူးလား။ သူ ဘယ်နည်းနဲ့မှ သိစရာအကြောင်းမရှိနိုင်ဘူး။ အခု သူက ဖွားဖွားကိုသိနေတဲ့အပြင် ကျွန်တော့်ကိုလည်း မုန်းနေတယ်။ ကျွန်တော့်မျိုးရိုးနဲ့ တခုခုပတ်သက်မှုရှိမယ်လို့ ထင်တယ်..”

 

ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်၏စကားကိုကြားသော် နွားနို့သောက်နေရာမှ ခေါင်းထောင်လာပြီး ပြောလိုက်သည်။

 

ဖြစ်နိုင်တယ်။ မင်း ဒီအိမ်ထဲက မိသားစုမျိုးရိုးစာအုပ်လိုဟာကို လိုက်ရှာကြည့်လိုက်..”

 

အဲ့လိုစာအုပ် ရှိတယ်တဲ့လား..”

 

အေး မင်းအဖွား ငါ့ကို တခါပြောဖူးသလိုပဲ.. အဲ့တုန်းက ငါက ပျင်းလို့ ဆက်နားမထောင်ဘဲ ထသွားလို့ မသိတာ..”

 

ညောင်ညောင်ဆရာ၏စကားကြောင့် ခွန်ပိုင် အိမ်အပေါ်ထပ်ကိုတက်လာပြီး စာကြည့်ဗီရိုကို မွှေတော့သည်။ ထိုစဉ် သားရေဖုံးနှင့် စာအုပ်ထူတစ်အုပ်တွင် ရေးထိုးထားသည့်အမည်ကို တွေ့လိုက်ရသဖြင့် စိတ်ဝင်စားပြီး ဆွဲထုတ်လိုက်သည်။

 

'ဟော်နန်းဒေ၀ီ အဆက်နွယ်များ'

 

စ၀်ခွန်ပိုင် ထိုစာအုပ်ကို ဆုပ်ကိုင်မိစဉ် ကိုယ်ထဲ လျှပ်စီးတစ်ခု စီးဝင်သွားသလို ခံစားလိုက်ရသည်။ ထိုစဉ် နံရံတွင် ချိတ်ထားသည့် ဓားရှည်တစ်လက်က ကြမ်းပေါ်ပြုတ်ကျသွားတော့သည်။

 

ခွန်ပိုင် စာအုပ်ကိုပိုက်ရင်း ဓားကိုကောက်ကိုင်လိုက်သည်နှင့် မိုက်ခနဲဖြစ်သွားပြီး ကြမ်းပြင်ပေါ် ခွေကျသွားတော့သည်။

 

စုန်းမ.. သခင်ကြီး ဒီစုန်းမကို ဟော်နန်းက မောင်းထုတ်လိုက်ပါ.. ဒီစုန်းမက သခင်ကြီးကို မကျန်းမမာဖြစ်အောင် ပြုစားနေတာ..”

 

လှပသည့်အမျိုးသမီးငယ်လေးတစ်ဦးက ယောက်ျားတစ်ယောက်၏လက်ကို ဆုပ်ကိုင်ကာ စူးရှစွာအော်ဟစ်နေသည်။ စော်ဘွားအ၀တ်နှင့်လူက စိတ်မချမ်းမြေ့စွာနှင့် သူ့ရှေ့ကအမျိုးသမီးတစ်ဦးကို ကြည့်ကာ တောင်းပန်နေသည်။

 

ဒီ အင်းတွေရေးခြယ်ထားတဲ့စာအုပ်နဲ့ ဒီအရုပ်တွေက ဘာတွေဆိုတာ မောင်တော့်ကိုရှင်းပြပါလား စောကလျာရွှေစင် နှမရယ်..”

 

မဟာဆန်ဆန်နှင့် အထက်တန်းကျသည့်အမျိုးသမီးက ထိုစာအုပ်ကိုတစ်ချက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။

 

ဒီစာအုပ်က ကျွန်မတို့ဘိုးဘွားတွေဆီက လက်ဆင့်ကမ်းရလာတဲ့ စာအုပ်ပါ။ ရေးထားတာက တိမ်မြုပ်နေတဲ့ စာရေးသားနည်းတစ်ခု။ ပါတဲ့အကြောင်းအရာတွေက မိသားစုဆွေစဉ်မျိုးဆက်အကြောင်း ဖော်ပြထားတာ။ ဒီအရုပ်တွေက ကျွန်မလက်ဆောင်ရထားတဲ့အရုပ်။ လူကို ဘာအန္တရာယ်မှမပေးဘူး

 

ထိုစကားကိုကြားသော် လှပသည့်အမျိုးသမီးငယ်လေးက မျက်ရည်ကျကာ ထိုအမျိုးသား၏ခြေရင်းထိုင်ချပြီး ငိုရှိုက်ကာပြောသည်။

 

သခင်ကြီး.. သခင်ကြီးဘုရား.. ဒီစုန်းမစကားကို ယုံမှာလား။ ကျွန်မရဲ့သားတော်လေး မကျန်းမမာဖြစ်တာ ဒီစုန်းမကြောင့်။ ကျွန်မရဲ့ဖေဖေက နတ်ဆရာဆီမေးပေးထားတာ။ ဒီစုန်းမက သခင်ကြီးရဲ့မျိုးဆက် သားတော်လေးကို မရှုစိမ့်လို့၊ မုန်းတီးလို့ အောက်လမ်းနည်းနဲ့ ကျိန်စာတိုက်ထားတာ သူ့ကို ကျိန်စာပြန်ဖြည်အောင် ပြောပေးပါ။ ပြီးရင် ကျွန်မနဲ့သားတော်လေး ဒီဟော်နန်းက ထွက်သွားပါတော့မယ်..”

 

နန်းယမုံ.. ဘာတွေလျှောက်ပြောနေတာလဲ။ ဘာကိစ္စနဲ့ ယမုံနဲ့သားက ဒီဟော်က ထွက်သွားရမှာလဲ။ ဒါတွေက အထင်လွဲတာပါ..”

 

စော်ဘွားကြီးက မျက်စိမျက်နှာမကောင်းစွာ ဟန့်တားစဉ် လူတစ်စု အခန်းထဲဝင်လာခဲ့သည်။ သူတို့လက်ထဲတွင် ပါလာသည့်ပစ္စည်းက နယ်စားကြီးအ၀တ်အစားဝတ်ထားသည့် အရုပ်တစ်ရုပ်နှင့် အင်းစာရွက်တစ်ရွက်ကို ဆံပင်ချည်နှင့်ချည်ကာ အပ်စိုက်ထားသည်ကိုတွေ့သော် စော်ဘွားကြီးစ၀်ကြာဟုန် မျက်နှာပျက်သွားတော့သည်။

 

ဒီဟာတွေကို မဟာဒေ၀ီရဲ့ သေတ္တာထဲက တွေ့တာပါ စော်ဘွားကြီး..”

 

အစောင့်အရှောက်များ၏စကားကြောင့် မဟာဒေ၀ီက ထူးဆန်းစွာရယ်မောကာ ပြောလိုက်သည်။

 

ကျွန်မကို ဧည့်ခန်းဆောင်ကို ခေါ်စကားပြောပြီး ကျွန်မအခန်းထဲက သေတ္တာထဲမှာ ဒီဟာတွေကိုတွေ့ပါတယ်ဆိုပြီး ပြောလာတယ် သခင်ကြီး.. ဒါ.. ဘာသဘောဆိုတာ ဆင်ခြင်ပေးပါ..”

 

စော်ဘွားကြီး.. အမှန်တရားပေါ်အောင် ဆောင်ရွက်ပေးတော်မူပါ.. ကျွန်တော့်သမီးနဲ့ မြေးကို အောက်လမ်းနည်းနဲ့လုပ်ကြံသူ မဟာဒေ၀ီကို တရားသဖြင့် စီရင်ပေးတော်မူပါ..”

 

ဝတ်ကောင်းစားလှနှင့် လူကြီးတစ်ယောက် ခန်းမဆောင်ထဲဝင်ရောက်လာပြီး စော်ဘွားကြီးကို ဦးတိုက်လျှောက်ထားတော့သည်။ စော်ဘွားကြီးသည် လူအများစုကိုတလှည့်၊ တစ်ယောက်တည်းရပ်နေသည့် မဟာဒေ၀ီကိုတလှည့် ကြည့်ကာ စိတ်မချမ်းမြေ့ဟန် ပေါ်နေသည်။

 

ထို့နောက် မဟာဒေ၀ီဘက်ကိုလှည့်ကာ ပြတ်သားစွာပြောလိုက်တော့သည်။

 

မဟာဒေ၀ီအရာကချပြီး ဟော်နန်းမှ နှင်ထုတ်စေ..”

 

မဟာဒေ၀ီသည် ထိုစကားကို ကြိုတင်မျှော်လင့်ထားပြီးဟန်ဖြင့် အံ့အားသင့်သွားခြင်းမရှိ တည်ငြိမ်စွာဖြင့် စော်ဘွားကြီးကိုကြည့်ကာ တစ်ခွန်းတည်းပြောပြီး လှည့်ထွက်သွားသည်။

 

အမှန်အမှားကို ကိုယ်စောင့်နတ်က အသိဆုံးပါ.. ကိုယ့်လိပ်ပြာကိုယ်လုံရင် ပြီးတာပါပဲ..”

 

မဟာဒေ၀ီက စာအုပ်နှင့်အရုပ်ကလေးများကိုယူကာ ဟော်နန်းထဲမှ မုန်းတီးစွာ၊ အားရစွာကြည့်နေသော လူတစ်စုကို ကျောခိုင်းပြီး ထွက်လာခဲ့သည်။

 

ထိုမြင်ကွင်းကိုကြည့်ပြီး စ၀်ခွန်ပိုင်၏ရင်ထဲ နာကျင်လာသည်။ မဟာဒေ၀ီ မတရားထောင်ချောက်ဆင်ခံနေရသည်ကို သိလျက် စော်ဘွားကြီး ကြည့်နေရက်သည်။

 

မတရားဘူး.. မတရားဘူး..”

 

ဟေ့.. ခွန်ပိုင်.. သတိထားစမ်း..”

 

စ၀်ခွန်ပိုင်၏နှုတ်မှ ယောင်ယမ်းအော်ဟစ်စဉ် မိမိပါးကို ပုတ်လိုက်သည့်အထိတွေ့ကြောင့် နိုးလာတော့ မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်ရသဖြင့် လန့်သွားသည်။ ဘယ်ကမိန်းကလေး မိမိအိမ်ပေါ်ရောက်နေတာလဲ။

 

မင်း.. ဘယ်သူလဲ.. ဘာကြောင့် ငါ့အိမ်ထဲ ရောက်နေတာလဲ..”

 

အထက်တန်းကျောင်းသူအရွယ် မိန်းကလေးက ဆံပင်ရှည်ကို ကျောဘက်စုသိမ်းကာ ထရပ်ရင်းပြောလိုက်သည်။

 

ငါ.. ညောင်ညောင်ဆရာလေ.. မင်းကြမ်းပြင်ပေါ်လဲကျနေလို့ ဆွဲထူဖို့ လူယောင်ဖန်ဆင်းထားတာ..”

 

ခင်.. ခင်ဗျား.. တကယ် ညောင်ညောင်ဆရာလား..”

 

စ၀်ခွန်ပိုင် မယုံနိုင်စွာ မေးလိုက်စဉ် ရုတ်တရက် မိန်းကလေးက ကြောင်ပုံဖြစ်သွားတော့မှ သက်ပြင်းချနိုင်တော့သည်။ နဖူးပေါ်က ချွေးများကိုသုတ်ကာ မိမိမြင်ခဲ့သည်ကို အလောတကြီးပြောပြလိုက်သည်။ ညောင်ညောင်ဆရာသည် စ၀်ခွန်ပိုင်၏ဘေး ခုန်တက်လာပြီးနောက် ပြောလိုက်သည်။

 

အင်း.. ကြည့်ရတာ စောမေသီရိက စောကလျာရွှေစင်ရဲ့ အဆက်နွယ်ဖြစ်မယ်ထင်တယ်.. ဒီစာအုပ်က မိသားစုသမိုင်းကြောင်းစာအုပ်လား.. ဖွင့်ကြည့်စမ်း..”

 

စ၀်ခွန်ပိုင်လည်း ညောင်ညောင်ဆရာ၏စကားကြောင့် စာအုပ်ကိုဖွင့်လိုက်စဉ် ပဲပင်ပေါက်ပုံစံ တွန့်လိမ်နေသော စာသားများကိုသာ တွေ့လိုက်ရသည်။ ညောင်ညောင်ဆရာက ထိုစာလုံးများကိုကြည့်ပြီး ပြောလိုက်သည်။

 

မင်းတို့မိသားစု အဆက်နွယ်အကြောင်း ရေးထားတာပဲ။ လူသားတွေရဲ့ဘာသာစကားမဟုတ်ဘူး။ ပရလောကသားတွေပဲ နားလည်တဲ့ဘာသာစကားနဲ့

 

ခင်ဗျား ဖတ်တတ်လား..”

 

ဒါပေါ့ကွ..”

 

ကျွန်တော့်ကို ပြောပြဗျာ.. ကျွန်တော် နားမလည်ဘူး..”

 

အောက်ကို အရင်သွားရအောင်.. ဒီအပေါ်က ဖုန်ထူတယ်..”

 

ညောင်ညောင်ဆရာ၏စကားကြောင့် ခွန်ပိုင် စာအုပ်ကိုပိုက်ကာ အောက်ကိုဆင်းလာခဲ့သည်။ အောက်ကိုရောက်သော် ဧည့်ခန်းထဲတွင် မထင်မှတ်ထားသည့်ဧည့်သည်တစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရပြီး စ၀်ခွန်ပိုင် shock ရသွားပြီး ကျောက်ရုပ်လို မလှုပ်နိုင်အောင် ဖြစ်သွားသည်။

 

မတွေ့တာကြာပြီနော်.. ညီ..”

 

တောက်ပစွာပြုံးလျက် ထိုလူက နွေးထွေးစွာနှုတ်ဆက်လာခဲ့သည်ကို စ၀်ခွန်ပိုင် ကြောင်ငေးကာ ကြည့်နေမိသည်။

ညောင်ညောင်ဆရာသည် ခြံထဲဝင်လာရုံမက အိမ်ထဲထိရောက်နေသည့် လူစိမ်းကိုတွေ့သည်နှင့် တကိုယ်လုံး လေပြင်းမိသည့်သစ်ပင်နှယ် ယိမ်းယိုင်သွားသော စ၀်ခွန်ပိုင်ကိုတွေ့သော် လှေကားပေါ်မှ လွှားခနဲခုန်အုပ်လိုက်စဉ် ကြီးမားသောဝံပုလွေပုံ ပြောင်းသွားတော့သည်။

 

မလုပ်နဲ့…”

 

စ၀်ခွန်ပိုင် လှမ်းတားသော်လည်း နောက်ကျသွားလေပြီ။ ညောင်ညောင်ဆရာ၏ ၀ံပုလွေလက်ကြီးက အကို့ကိုယ်ပေါ် အရှိန်နှင့်ဖိမိတော့မည်။ စ၀်ခွန်ပိုင် မျက်လုံးကိုမှိတ်လိုက်စဉ် ပေါက်ကွဲသံခပ်သဲ့သဲ့ကြားလိုက်ရပြီး အော်ဟစ်သံများထွက်နေသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်စဉ် သရဲမနှစ်ကောင်နှင့် ညောင်ညောင်ဆရာ လုံးထွေးသတ်ပုတ်နေသည်ကို တွေ့လိုက်ရသည်။ တခဏတွင်းနှင့် သရဲမနှစ်ကောင် အိမ်ပြင်ကိုလွင်စဉ်သွားစဉ် အကိုက အင်းစာရွက်ကိုထုတ်ကာ ညောင်ညောင်ဆရာကို လှမ်းပစ်လိုက်သဖြင့် စ၀်ခွန်ပိုင် ရှေ့မှဝင်တားလိုက်စဉ် ပြင်းထန်သည့်အရှိန်နှင့် လွင့်စဉ်ပြီး နံရံကို တိုက်မိမှရပ်တော့သည်။

 

ခွန်ပိုင် မင်းဘာဖြစ်သွားသေးလဲ..”

 

ညောင်ညောင်ဆရာက ချက်ချင်း စ၀်ခွန်ပိုင်နား ခုန်ဝင်လာပြီး စိုးရိမ်တကြီးမေးကာ နောက်ကိုလှည့်ပြီး မာန်ဖီဟိန်းဟောက်လိုက်စဉ် စ၀်ခွန်ပိုင်က ညောင်ညောင်ဆရာ၏ကိုယ်မှ အမွှေးကို လှမ်းဆွဲကာ ပြောလိုက်သည်။

 

သူက ကျွန်တော့်မိတ်ဆွေ..”

 

ထိုစကားကိုကြားသောအခါ ညောင်ညောင်ဆရာက ပင်ကိုယ်ကြောင်ရုပ်အဖြစ် ပြန်ပြောင်းပြီး မေးလိုက်သည်။

 

မင်းရဲ့မိတ်ဆွေက သရဲနှင်အဖွဲ့ကပဲ.. မင်းကိုတောင် အင်းနဲ့တိုက်ခိုက်တာပဲလား.. ဒါက မိတ်ဆွေချင်းတွေ့တဲ့အချိန် ကျီစားတာလား..”

 

ညောင်ညောင်ဆရာ၏ ခပ်ထေ့ထေ့စကားကြောင့် စ၀်ခွန်ပိုင် သူ့ကို မေးခွန်းမေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ မိမိသိသော အကိုက အဆိုတော်၊ သရုပ်ဆောင်မင်းသား တစ်ယောက်ပါ။ ဘယ်လိုလုပ် သရဲနှင်အဖွဲ့သားဖြစ်ပြီး အင်းစာရွက်များကို အသုံးချနိုင်သည်ကို နားမလည်တော့ပေ။ ပြီးတော့ ညောင်ညောင်ဆရာကို တားဆီးလိုက်သည့် သရဲမနှစ်ကောင်လည်း ခြံပြင်ကိုလွင့်ထွက်သွားရာမှ အိမ်ထဲကို ပြန်ရောက်လာပြီး အကို့နောက်တွင် ကျိုးနွံစွာရပ်နေကြသည်။ အကိုက မိမိသိသည့်သူမှ ဟုတ်ရဲ့လား။

 

အကိုက.. ဘာလဲ??”

 

အောင်မြင့်မြတ်သည် ဦးထုပ်ကိုချွတ်ကာ ဧည့်ခန်းရှိခုံတွင် သူ့အိမ်သူ့ယာလို သက်တောင့်သက်သာဝင်ထိုင်ပြီး စ၀်ခွန်ပိုင်ကို ပြုံးချိုစွာကြည့်ကာ ပြောလိုက်သည်။

 

ထိုင်ပါဦး.. အေးဆေးစကားပြောကြတာပေါ့.. မတွေ့ရတဲ့တစ်လနီးပါးအတွင်း အကို့ညီရဲ့စွမ်းရည်တွေ ပိုထက်မြက်လာတာပါလား။ ရေခံ၊ မြေခံကောင်းလို့ ရှိတဲ့အစွမ်းတွေ အားကောင်းလာတာဖြစ်မယ်..”

 

ကျွန်တော် ဒီမှာရှိတာ ဘယ်လိုသိတာလဲ။ ဘာကြောင့် လာတွေ့တာလဲ..”

 

အောင်မြင့်မြတ်သည် မိမိရှေ့မှ ဆရာဝန်လူရွယ်လေးကို ပြုံးကြည့်ကာ ညင်သာစွာပြောလိုက်သည်။

 

ညီ့ကိုလွမ်းလို့.. မခွဲနိုင်လို့ လိုက်လာတာ.. ညီပြောတာကို ကိုယ် သေချာစဉ်းစားပြီးသွားပြီ။ ကိုယ် အတ္တကြီးသွားတယ်။ ညီ့ကိုချစ်တယ်ဆိုပြီး ကိုယ့်အပိုင်အဖြစ် လုပ်ချင်မိခဲ့တာ။ အဲ့ဒီအတွက် ကိုယ်တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ ပြီးတော့ ညီနေချင်တဲ့အတိုင်း ကိုယ်တို့အတူလက်တွဲပြီး ဘ၀အဖော်မွန်အဖြစ် ဆက်သွားကြမယ်..”

 

စ၀်ခွန်ပိုင်သည် မထင်ထားသည့်အချိန်ရောက်လာ၊ မထင်ထားသည့်စွမ်းအားကိုထုတ်ပြပြီး မထင်မှတ်ထားသည့်စကားကို ပြောနေသည့်သူ့ကိုကြည့်ပြီး ဘာဆက်ပြောရမှန်းမသိတော့ပေ။

 

မင်းနဲ့သူက ဘာတွေလဲ စ၀်ခွန်ပိုင်..”

 

ညောင်ညောင်ဆရာက ခုံတစ်ခုံပေါ်ခုန်တက်ကာ ထိုင်ချပြီး အောင်မြင့်မြတ်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ စ၀်ခွန်ပိုင်သည် ညောင်ညောင်ဆရာ၏ဘေးတွင် ၀င်ထိုင်ကာ တည်ငြိမ်စွာပြောလိုက်သည်။

 

ကျွန်တော့်မိတ်ဆွေပါ..”

 

ထိုစကားကိုကြားသော် အကို၏မျက်ခုံးပင့်သွားပြီး သက်ပြင်းချကာ ပြောလိုက်သည်။

 

အိုကေ.. ကိုယ် အတင်းအကျပ် ဖိအားမပေးပါဘူး.. ညီ အေးဆေးစဉ်းစားပါ.. ကိုယ် ညီ့ဆီက အဖြေရတဲ့အထိ စောင့်ပါ့မယ်..”

 

အကို ကျွန်တော်မေးထားတာ မဖြေရသေးဘူး..”

 

စ၀်ခွန်ပိုင်က မိမိသိလိုသည်ကို ထပ်မေးလိုက်သည်။ အောင်မြင့်မြတ်သည် စ၀်ခွန်ပိုင်ကို ပြုံးကာ စိုက်ကြည့်ပြီး ညင်သာစွာပြောလိုက်သည်။

 

ပရလောကသားတွေကြားထဲ ညီရဲ့သတင်းက ဟိုးလေးတကြော်ကြော်ပဲ.. သူတို့လမ်းညွှန်လို့ ရောက်လာတာ။ ပြီးတော့ ကိုယ်က ညီ့လိုပဲ သရဲမြင်နိုင်တဲ့ ဘုရားပေးတဲ့လက်ဆောင်ရှိတယ်။ ဒီလက်ဆောင်ကိုသုံးပြီး လူတွေကိုနှောင့်ယှက်နေတဲ့ မကောင်းဆိုးဝါးကို လိုက်ပြီးနှိမ်နင်းနေတာ..”

 

ကျွန်တော့်ကိုတွေ့စကတည်းက ကျွန်တော် ဘာဆိုတာသိလို့ လာချဉ်းကပ်တာလား..”

 

ဟုတ်တယ်။ ညီက ဒီအစွမ်းကိုပိုင်ထားပေမယ့် အသုံးမချတတ်တာကိုသိလို့ ကိုယ်က ညီ့နားလာပြီး အကဲခတ်တာ။ နောက်ပြီး ညီ့ကိုချစ်သွားတာ..”

“ခင်ဗျားရဲ့အစွမ်း ကျွန်တော့်ကို ဘာလို့ဖုံးကွယ်ထားတာလဲ..”

 

ညီ့လိုပဲပေါ့.. ဒီအစွမ်းရှိတာသိရင် ညီက ကိုယ့်ကိုပြန်ချစ်ပါ့မလား..”

 

ခင်ဗျားမှာ ဒီလိုအစွမ်းရှိတာသိရင် အစောကြီးကတည်းက ဝေးဝေးပြေးသွားမှာ သေချာတယ်..”

 

အောင်မြင့်မြတ်က ကျေနပ်စွာရယ်မောပြီး ပြောလိုက်သည်။

 

ဒါကြောင့် ကိုယ်ကလျှို့ဝှက်ထားတာပေါ့။ ကဲ..ကိုယ် ညီ့အိမ်မှာတည်းမှာနော်။ ကိုယ့်ကို တည်းခွင့်ပေးပါ..”

 

မရဘူး.. ဒီမြို့ကဟိုတယ်မှာ သွားတည်းပါ..”

 

အောင်မြင့်မြတ်သည် စ၀်ခွန်ပိုင်၏ပြတ်သားသောစကားကြောင့် မျက်နှာရှုံ့မဲ့သွားသည်။

 

ဟာ.. မိုးချုပ်နေပြီ ညီရ။ ဒီတစ်ညတော့ ကိုယ့်ကို တည်းခွင့်ပြုပါ.. မနက်ဖြန် ဟိုတယ်သွားပါ့မယ်..”

 

စ၀်ခွန်ပိုင်သည် မိမိကိုလိမ်ထားသည့်အတွက် သူ့ကို လက်မခံချင်သော်လည်း တကယ်မိုးချုပ်နေပြီဖြစ်လို့ အောင့်သက်သက်နှင့် လက်ခံလိုက်သည်။

 

ကောင်းပြီ.. တစ်ညပဲ..”

 

အား ညီက အရမ်းချစ်ဖို့ကောင်းတာပဲ..”

 

သူ့စကားကြောင့် စ၀်ခွန်ပိုင်၏မျက်နှာ နီခနဲဖြစ်သွားတော့သည်။

 

-------------------------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
Ghad20
#1
What language is this ??