အရိပ်ကလေး ဖြစ်ပါရစေ (7)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (7)

နောက်တော့ သူ ကျွန်တော့်ကို ဘာမှပြန်မဖြေတော့ပဲ ဖုန်းကို အိတ်ထဲထည့်ကာ ဆိုင်မှထွက်သွားခဲ့သည်။ အချိန်ကြည့်လိုက်တော့ ည 8 နာရီထိုးခါနီးနေပြီလေ။ အဆောင်မှာနေတဲ့ ကျွန်တော်ချစ်တဲ့ကလေးလေးက ကြိုမည့်သူမရှိ၊ အခန်းကျဉ်းလေးတစ်ခန်းကို အိမ်လုပ်နေပြီး တနေကုန် ဆေးရုံမှာ မောပန်းလာသမျှကို လူတွေကြားမှာ အေးအေးလူလူ တခဏ နားသည့်ကာလလေးကို အလိုက်ကမ်းဆိုးမသိ ကျွန်တော် ထပ်မံနှောက်ယှက်မိပြန်ပြီဟု တွေးလိုက်မိပြီးနောက် နောင်တရသွားသည်။ တကယ်ဆိုလျှင် သူအဆောင်ပြန်ရောက်ပြီး ရေချိုး၊ အိပ်ယာထက်မှာ နားသည့် အချိန်ထိ ကျွန်တော် စောင့်သင့်သည် မဟုတ်လား။ အခုတော့ ချစ်သည်လို့ ကြွေးကြော်ပြီး ကိုယ့်ချစ်သူကို ကိုယ်ပဲပင်ပန်းစေပြီ။
ထိုအသိဝင်လာလို့ ကျွန်တော် ဆို့နင့်နာကျင်တဲ့စိတ်နဲ့ တည်းသည့် ဟိုတယ်ကို ပြန်လာခဲ့သည်။ တစ်ညတာကို မည်သို့ကုန်ဆုံးရမည် မသိတော့ပေ။ ခုရက် ကျွန်တော် ညလည်း အိပ်မပျော်ပေ။ ခုချိန်ဆိုလျှင် ကလေးလေး ဘာလုပ် နေမလဲလို့တွေးပြီး လိုင်းပေါ်မှာ တစ်ဝဲလည်လည်ဖြစ်နေမိသည်။ ကျွန်တော့်ကြောင့် စိတ်အနှောက်ယှက်ဖြစ် နေမည့် သူ့ကိုထပ်လည်း သွားမပြောရက်သဖြင့်၊သွားလည်းမပြောရဲသဖြင့် တယောက်တည်း ယောက်ယက်ခတ် နေသည်။ ကျွန်တော်က အဖြေတခု ပြတ်ပြတ်သားသားသိရဖို့ သူရှိသည့်မြို့ကိုလိုက်လာခြင်း ဖြစ်သည်။ ယခုတော့ အဖြေမရသည့်အပြင် ပိုပြီးရှုပ်လာခဲ့သည်။ အကောင့်တစ်ခုတွင် တစ်ယောက်မကသည့် လူများရှိနေသည်။ ကျွန်တော့် အကောင့်ကို သူ unfriend လုပ်လိုက်လို့ သူတင်သမျှကို ကျွန်တော်ကြည့်မရတာ ကြာလေပြီ။ သူတင်ထားတာကနေ အလွမ်းပြေကြည့်နေရာက၊ သူဘာဖြစ်နေလဲဆိုတာ တွေးတော မှန်းဆနေရာမှ ထိုအခွင့်ရေးမရသည့်နောက် ကျွန်တော် အကြပ်တွေ့ခဲ့ရသည်။

သူ့အကောင့်မှာ တင်သည့်စာကနေ ကျွန်တော် ချစ်သည့် ကလေးကို ရှာဖွေရန်ကြံပြီး ရေနစ်သူအဖို့ ကောက်ရိုး တစ်မျှင်အဖြစ် သူနှင့် နီးစပ်သည့် လူတိုင်းကို လိုက်ပြီး တောင်းပန်နေမိသည်။ သူ တင်ထားတာကို သိချင်လို့ လိုက်ပြီး တောင်းပန်ပြီး ကြည့်ခိုင်းရသည်။ သို့သော် ကျွန်တော့်ကို လူဆိုးကြီးလို့ ထင်နေသည့် သူ့မိတ်ဆွေ အများစုက စကားပင် ပြန်မဖြေခဲ့ကြပါ။
ဟုတ်တော့ဟုတ်ပါသည်။ ကျွန်တော်က ကိုယ့်ကို မချစ်ပါဘူးလို့ ပြောနေတဲ့ကလေးလေးကို မညှာမတာ လိုက် နှောက်ယှက်နေတဲ့ လူဆိုးကြီး မဟုတ်လား။ ကျွန်တော် မာနဆိုတာ လုံးဝ မရှိတော့ပါ။ လူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်တောင်းပန်နေမိသည်။ ကျွန်တော့်ခေါင်းထဲတွင် ကျွန်တော့်လုပ်ရပ်ကြောင့် အနေတည်သည့် ကလေးလေးကို လူတွေဘယ်လိုမြင်ကြမည်။ ကျွန်တော့်ကြောင့် သူဘယ်လောက်အရှက်ရမည်ကို လုံးဝမတွေးမိခဲ့ပါ။ ကျွန်တော် သူ့ကိုချစ်သည်။ ဒါကြောင့် ကိုယ်ချစ်ကြောင်းလိုက်ပြောသင့်သည်။ ကိုယ့်အချစ်ကို ဖော်ထုတ်ခွင့်ရှိသည့် ဆိုတဲ့ခပ်ညံ့ညံ့အတွေးခေါ်တွေနဲ့သာ ပြည့်နှက်နေပြီး သူ့ကို ကျွန်တော်ကိုယ်တိုင် အရှက်ရသည်ထက် ၇နေစေသည်။

တချို့ ကျွန်တော်နှင့်ခင်တဲ့ ညီလေးတွေက ကျွန်တော့်ကို ဖြောင့်ဖြသည်။ ကိုယ့်ကို မချစ်တဲ့သူကို လိုက်မချစ်ဖို့၊ သံယောဇဉ် ဖြတ်ဖို့၊ သူတို့ရဲ့ စေတနာကို နားလည်ပါသည်။ ဖြစ်သင့်တာကိုလည်းသိပါသည်။ သူတို့ပြောတာလည်း မှန်တော့မှန်သားပဲ။ ကိုယ့်ကို မချစ်တဲ့ သူကို လိုက်ချစ်ရတာ ပင်ပန်းသည်။ ပြီးတော့ ကျွန်တော် အရူးလိုဖြစ်နေတာကို သူတို့လည်း မမြင်ချင်ပေ။

ကျွန်တော့်ရဲ့ အကောင့်မှ တင်သမျှ စတေးတပ်တိုင်းက ထိုကလေးကို မည်မျှချစ်ကြောင်း၊ မည်မျှ လွမ်းကြောင်း၊ သူလေးကို မြင်ခွင့်မရလို့ ဘယ်လောက်နာကျင်ကြောင်း။ ကျွန်တော် ရူးနေခဲ့သည်။ ကျွန်တော့်ရင်ထဲက ချစ်စိတ်ကို တားမရပါ။ ချစ်စိတ်က မီးတောင်လို တငွေ့ငွေ့လောင်ကျွမ်းနေသည်။ ကျွန်တော့်နှလုံးသားကိုကျွမ်းလောင်နေသည်။ ကျွန်တော် အိပ်လို့လည်းမ၇ပါ။ အစာလည်း စားချင်စိတ်မရှိပါ။ ကိုယ်ကချစ်နေသည်။ သူကလက်မခံလို့ ကိုယ်ကနာကျင်နေသည် ဆိုသည့် ခံစားချက်ထဲ နစ်ကာ ကိုယ့်ဖာသာ သနားလို့မဆုံးသည့် လမ်းကိုလျှောက်နေမိသည်။ ကိုယ်ရေးသည့် ဇာတ်လမ်းထဲတွင် ကိုယ်ကဇာတ်လိုက်ဖြစ်ကာ သူဘာကြောင့် ကိုယ့်ကိုဖြတ်လိုက်သည်။ ကိုယ်နှင့်ချစ်လို့ သူဘယ်လိုဖြစ်သွားသည်ကို ကျွန်တော် ရိုးသားစွာပင် ထည့်သွင်းမစဉ်းစားခဲ့မိပါ။ ရှင်းရှင်းပြောရလျှင် ကျွန်တော် အတ္တကြီးစွာ သူ့ကို ချစ်နေသည်ကို မမြင်ခဲ့ပါ။

အချိန်ရှိသရွေ့ သူ့အကြောင်းကိုပဲ တွေးနေမိသည်။ကျွန်တော် သေသွားတာ ကောင်းပါဦးမည်ဟု တွေးလိုက်မိစဉ် ဦး ဟု ခေါ်တတ်သည့် ချွဲပစ်ပစ်ကောင်လေးက စာပို့လာပြန်သည်။

“ဦး ….ကျွန်တော့်ကို စွန့်ပစ်ခဲ့လို့ ဦး အခု လို နာကျင်ရတာ………” တဲ့။

ဘာဆိုင်လို့လဲ။ သူနှင့် ကျွန်တော်ချစ်တဲ့ကလေးလေး ဘာဆိုင်လို့ သူက ၀င်ပြောရတာလဲ။

“ဦး အခု ပျော်လား။ ဦးရဲ့ ကလေး ဦးကို မုန်းလို့…..”

ကျွန်တော် အမှန်တိုင်းဖြေလိုက်သည်။ အခုချိန်တွင် ရင်ဖွင့်တာကို နားထောင်မည့်သူ ရှိလျှင်ပင် ကျွန်တော် လူမရွေးအားပဲ ရင်ဖွင့်နေမိသည်။

“မပျော်ဘူး။ သေလုအောင် ခံစားနေရတယ်။ ကိုယ် သူ့ကို ချစ်လွန်းလို့ သေလုမျောပါးဖြစ်နေပြီ။”

“ဦး အစကတည်းက ကျွန်တော့်ကို မစွန့်ပစ်သင့်ဘူး။ ကျွန်တော့်ကို ပိုင်ရင် ဦး ချစ်တဲ့ကလေးကို ပိုင်ရပြီလေ။”

သူပြောလာတာကို ကျွန်တော် နားမလည်ပါ။ ထိုကလေး ဘာဂွင်ဆင်ပြန်ပြီလဲ ဟုတွေးမိသည်။

“ဘာမှ မဆိုင်ဘူး။ မင်းကို ကျုပ်မချစ်ဘူး။ ကျုပ်ချစ်တာ ကလေးလေးကိုပဲ။”

“ဟုတ်တယ်လေ။ ဦး ပစ်ပစ်ခါခါ စွန့်ပစ်လိုက်တဲ့ တစ်ယောက်က ဦးသေလုအောင် စွဲလန်းနေတဲ့ ကလေးပဲလေ။”

ကျွန်တော် ဒေါသလည်းဖြစ်သွားသည်။ ဒီကောင်ရူးသွားပြီလားလို့။ ဘာတွေ လာပြောနေတာလဲလို့။ နောက်ဆုံး ကျွန်တော် သူ့ကို အနုနည်းနှင့် နှင်လိုက်သည်။ အရူးစကားကို မကြားချင်ပါ။

“မင်းကို စွန့်ပစ်ခဲ့မိလို့ တောင်းပန်တယ် ။ အခု မင်း ကိုယ့်ကို လှောင်လို့ ၀ရင် သွားပါတော့။ ကိုယ့် ဖာသာ နေပါရစေ။”

“ဦး……. ဦး…. လည်မလိုနဲ့ အ တာကိုး။ ဦးချစ်တဲ့ ကလေးဆိုတာ ကျွန်တော့် အကောင့်ခွဲပဲ။ ဦး ကျွန်တော့်ကို စွန့်ပစ်ခဲ့လို့ ကလဲ့စားခြေဖို့ ဖွင့်ထားတာ….”

“တော်တော့။ မင်းနဲ့ ကိုယ်ချစ်တဲ့ ကလေးက တခြားစီ။သွားပါတော့။”

“ဦး မယုံရင် ဟိုဘက် အကောင့်မှ စကားပြောမယ်….”

သူက ကျွန်တော့်ကို ပြောပြီး ကျွန်တော် ချစ်တဲ့ကလေး အကောင့်က MSG ကနေ သူ စာပို့လာသည်။ ထိုစာလုံးကို တွေ့တော့ ကျွန်တော် တွေဝေသွားသည်။

“ဦး ကျွန်တော် ပြောတာကို ယုံပြီလား။”

မဖြစ်နိုင်ပါ။ ကျွန်တော် ချစ်ခဲ့သည့် ကလေးလေးသည် ကျွန်တော် ရွံရှာစွာ အဆက်သွယ်ဖြတ်ခဲ့သည် ကောင်လေး ဖြစ်နေသည်တဲ့လား။

“မဖြစ်နိုင်ဘူး….ဒါ လုံးဝ မဖြစ်နိုင်ဘူး…”

ကျွန်တော် သွေးရူးသွေးတန်း နှင့်သူ့ကို စာပြန်ပို့လိုက်သည်။ ကျွန်တော် ချစ်သည့် ကလေး အကောင့်က စာပြန်ပို့ခဲ့သည်။

“ကလေးလေး မင်းက သူမဟုတ်ဘူး မလား။ ကိုယ့်ကို ပြောစမ်းပါ။ မင်းက သူမဟုတ်ဘူးမလား။”
ကျွန်တော်သူ့ကို အငမ်းမရမေးလိုက်မိသည်။ မဟုတ်ပါစေနဲ့ဆိုသည့်မျှော်လင့်ချက်နှင့် မေးလိုက်မိသည်။

“ခင်ဗျားကို သေချာပြောပြီးပြီပဲ။ ခင်ဗျား မြန်မာစာ မဖတ်တတ်ဘူးလား။”

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ မင်းနဲ့ သူက စကားပြောပုံခြင်း၊ အတွေးခေါ်ခြင်း တစ်ခြားစီမဟုတ်လား။”
ကျွန်တော် သွေးရူး သွေးတမ်း ပြန်ပြောမိသည်။ သို့သော် သူပြန်ဖြေလာသည်က ကျွန်တော့်ကို ရင်ကွဲစေသည်။

“ဟိုဘက် အကောင့်မှာပဲပြောပါ။”
သူ့လေသံက ပြတ်သားနေသည်။ တကယ်ပဲလား။ တကယ်ပဲ သူက ကျွန်တော့်ကို ကလဲ့စားခြေဖို့ လုပ်နေတဲ့ ဟို ကောင်လေးပဲလား။

“မင်း ဘာတွေလုပ်နေတာလဲ…”

“ဦး နောင်တရနေပြီလား။ ဦးသာ ကျွန်တော့်ကို မောင်းမထုတ်ခဲ့ရင် အခု ဦး ၂ ယောက်လုံးကို ပိုင်ဆိုင်နေရမှာ။ အခုတော့ ဦး အပြစ်နဲ့ ဦးပဲ။ ကျွန်တော် အရမ်းပျော်တယ်။ ”

“မင်း ဘာဖြစ်လို့ ကလေးလေး အဖြစ် လုပ်ခဲ့တာလဲ။”

“ကျွန်တော့် နာမည် နဲ့ သူ့နာမည် ဘယ်သူက လူတွေကို ပိုလွှမ်းမိုးနိုင်သလဲဆိုတာကို စမ်းချင်လို့။ ကျွန်တော်က စာရေးသူ တစ်ယောက်ပါ။ ကျွန်တော် လိုချင်တဲ့ မတူညီတဲ့ ဇာတ်ရုပ်နဲ့ လူတွေကို အရူးလုပ်ခဲ့တာ။ အခု အရမ်းကျေနပ်တယ်။ သဘောကောင်းတဲ့ ကောင်လေးကို ခါခဲ့တဲ့လူတိုင်း ဒီလို မာကြောပြတ်သားတဲ့ အကောင့်တစ်ခုနဲ့တွေ့တော့ ဒူးထောက်အရှုံးပေးပြီး သေမလိုဖြစ်နေတာ မြင်ရတာ ကျွန်တော် အရမ်းကို အားရတယ် သိလား။ ခင်ဗျားတို့ ကျွန်တော့်ကို စွန့်ပစ်ခဲ့ပေမယ့် အခု အကောင့်သစ်မှာ ခင်ဗျားတို့ကို ပြန်ချစ်ဖို့ သေလုမျောပါး တောင်းပန်နေကြတာကို ကြည့်ပြီး ရယ်ချင်တယ်။ လူတွေ…လူတွေ….”

ကျွန်တော် လိုင်းပေါ်က ဆင်းလာခဲ့သည်။ ထို လူငယ်လေး၏ စကားက ကျွန်တော့်ကို တုန်လှုပ်စေခဲ့သည်။ ကျွန်တော့်ရင်တွေ အက်ကွဲကုန်ပြီလား။
ကျွန်တော် ချစ်တဲ့ကလေးလေးကို သူ ဘာပဲဖြစ်ဖြစ် ချစ်မည်လို့ပြောခဲ့တာ သူ့စိတ်ဓါတ်လေးကို လေးစားမြတ်နိုးသောကြောင့်ဖြစ်သည်။
ဒါပေမယ့် လုတကာကို ပလူးပြီး ရွပိုးထိုးနေသည့် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်တတ်သည့် ထို လူငယ်လေးက ကျွန်တော် သေလုမျောပါးချစ်မိသည့် လူဖြစ်နေရင်ကော……
ကျွန်တော် ရူးချင်သည်။ တစ်ညလုံး ထိုလူငယ်လေး ပြောသည့်စကားများက ကျွန်တော့် ခေါင်းထဲက မထွက်ပါ။ တကယ်ပါ။ ချစ်သော ကလေးလေးအတွက် အသက်ကိုစွန့်တော့မည်လို့ ဆုံးဖြတ်ပြီး သူနေတဲ့မြို့ကိုလာပြီး ချောင်းခဲ့တာ ဖြစ်သည်။
ကျွန်တော့်ကို သူပြောခဲ့သည့် တနေ့တာ သူအလုပ်များပုံ၊ ပင်ပန်းပုံ၊ တနေ့တာ ဆေးရုံမှ မလုပ်များ အားလုံးက အမှန်တွေဖြစ်သည်။ ဒါဆို သူက တကယ်မဟုတ်တာလား။ ဟို ချွဲပစ်ပစ်နှင့် လူတစ်ကာကို ခင်မင်မိတာနဲ့ အိပ်ယာပေါ် ဆွယ်နေတတ်သည့် ကောင်လေးက အေးဆေး တည်ငြိမ်တဲ့ ဆရာဝန်လေး ဆိုတာ ဖြစ်နိင်ပါ့မလား။
ကျွန်တော့်ကို သူပြောပြသည့် အကြောင်းရာများ၊ အတွေးခေါ်များ၊ ကျွန်တော့်ကို တခါတလေ ဆယ်ခါ့ တစ်ခါ ရင်ဖွင့်ပြောတတ်ပုံလေးများ..သူ့အတွေးခေါ်များက အခုကျွန်တော် တွေ့နေသော ကလေးမှ ယခုကလေးဖြစ်သည်။
ဒါကို အရှက်မရှိသည့် ချွဲပစ်ပစ်ကောင်လေးက သူတဲ့လား…နေဦး မေးရဦးမည်.။
ဆရာဝန်အလုပ်ကို မင်းဘယ်လို သိတာလဲလို့၊ သူ ကြွား ကြွားနေတာက သူက ဘွဲ့မရသေးသော TU ကျောင်းသားဖြစ်သည်။ ပြီးတော့ လက်ရှိ သူ့ချစ်သူ အလုပ်တွင် မန်နေးဂျင်းဒါရိုက်တာ ဆိုလား။
ဆေးရုံလုပ်ငန်း တစ်နေ့တာကို သူဘယ်လို သိတာတဲ့လဲ။
“ဒီအကောင့်ကို သူရိန်ဆိုတဲ့ ဆရာဝန်လေးကိုင်တယ် ဦး။သူက ကျွန်တော့် ညီဝမ်းကွဲလေ။ Msg Chat box ကို သူရိန်ရယ်၊ ကျွန်တော်ရယ် ပြီးတော့ ကျွန်တော် တစ်လကို လေးသိန်းနဲ့ဌားထားတဲ့ အဝေးသင်က ကောင်လေး ကိုင်တယ်။ ဦး နဲ့ ဆေးရုံအကြောင်းပြောတာ သူရိန်ပါ။ ဒေါက်တာ သူရိန်ပါ။ သူ့ ချစ်သူ ကောင်မလေးက သူ့ကို ဆက်မလုပ်စေချင်တော့ဘူး။ ဦး အရမ်းနှောက်ယှက်လို့ သူ ကျွန်တော့်ကို လာပြောနေပြီ။ ဒါကြောင့် ကျွန်တော်လည်း အားနာလို့ ၀င်ပါရတာ။ ဦး တော်ပါတော့။ သူ့ကို ဆက်မနောက်ယှက်ပါနဲ့တော့။”
ထို ပျစ်ချွဲချွဲကောင်လေး ပြောသွားသည့် စကားများက ကျွန်တော့်ကို ချောက်ထဲ ထိုးချလိုက်တာလား။ ချောက်ထဲကျနေတဲ့ ကျွန်တော့်စိတ်ကို ဆွဲတင်လိုက်တာလား မသိတော့ပါ။
သေချာတာကတော့ နှလုံးသားထဲရော ဦးနှေက်ထဲရော ဟာတာတာဖြစ်သွားခြင်းပင်။
ကျွန်တော် ချစ်တဲ့ ကလေးအတွက် အသက်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး သူရှိတဲ့မြို့ကို အရောက်လာခဲ့ပြီးပြီ။ သူ့ကို ချစ်တဲ့အကြောင်းပြောပြီး သူနေတဲ့မြို့က မြစ်ထဲတွင် အသက်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးလေပြီ။
ထိုအခါမှ ကျွန်တော် ချစ်တဲ့ဆရာဝန်လေးက တစ်ကယ်မရှိဘူးဆိုသည့် ဇာတ်လမ်းက ရုတ်တရက် ပေါ်လာ သောအခါ…ကျွန်တော် သေလမ်းကို သွားရမလား။ ရှင်လမ်းကိုပဲ ရွေးရမလား ဆိုတာ မသိတောာ့ပါ။

ဆက်ရန်
May King
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet