အရိပ်ကလေး ဖြစ်ပါရစေ (5)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (5)

“ကလေးလေး မင်း သူ့ကို တကယ်ချစ်သွားပြီလား မင်းပြောတော့ အချစ်ကို ငမ်းငမ်းတက် လိုချင်နေသူ မဟုတ်ဘူးဆို။ အခုက ဘယ်လိုလုပ်ပြီး ချစ်သွားတာလဲ…”

ကျွန်တော် မေးလိုက်တဲ့စကားတွေအတွက် ရလိုက်တဲ့စကားတွေက

“ခင်ဗျား မပြီးနိုင်သေးဘူးလားဗျာ…..တနေ့ တနေ့ ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ဖြေရတာ ပင်ပန်းလှပြီ။ ကျွန်တော့်ကို အေးအေးဆေးဆေး ပေးနေပါတော့လားဗျာ။
တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ အမေးတွေက အင်မတန်ကို စိတ်ရှုပ်ဖို့ကောင်းလွန်းလို့ပါ….
ကျွန်တော် ဆေးရုံက ပင်ပင်ပန်းပန်းနဲ့ ပြန်လာတိုင်း ခင်ဗျားရဲ့ အမေးတွေကို ရှင်းရတာ မောလှပြီ..”

စသဖြင့် ကျွန်တော့် အမေးစကားကို အင်မတန်ကို စိတ်ပျက်နေသည့် လေသံဖြင့် အစချီထားသော စာများတန်းစီရောက်လာသည်။

ကျွန်တော် ပထမ စာကို ဖတ်နေရင်း မျက်လုံးက ပိုပိုဝါးလာခဲ့သည်။ ခံစားချက်ကြောင့်လား မသိတော့။ ကျွန်တော့် မျက်နှာ ထုံလာသလိုခံစားလိုက်ရသည်။ ဖုန်းကိုကိုင်ထားသည့် လက်များလည်း ထုံလာခဲ့သည်။ နာသည်။ အရမ်းကို နာကျင်သည်။ ကျွန်တော်က သူ့အတွက် ဒီလောက် စိတ်ပျက်စရာဖြစ်နေပြီလားဟု တွေးမိသည်။ ထိုအတွေးကြောင့် စိတ်က ပိုပိုဖိစီးလာခဲ့သည်။

သူ့လောက် ကျွန်တော် ပညာမတတ်ပါ။ သူ့လောက် လေးလေးနက်နက် စဉ်းစားသည့် အလေ့ထ ကျွန်တော့်တွင်မရှိပါ။ သူ့လို သွန်သင်ပြသမည့် ဖခင်ကောင်းမရှိခဲ့ပါ။ ကျွန်တော့်ထက် အသက်များစွာ ငယ်ပေမယ့် ကျွန်တော် သူ့ကို အထင်ကြီးသည်။ လေးစားသည်။ မြတ်နိုးသည်။ ကျွန်တော် ကိုယ့်အခြေနေကို သိပါသည်။ ဘ၀ကို ရေစုန်မျောနေသည့် သူ။ ကိုယ့် လက်ရှိအခြေနေကို အရှိတိုင်းလက်မခံပဲ နံဘေးမှ လူကို တရားခံရှာကာ ကိုယ့်ကိုယ်ကိုယ သနားသည့် ဥအခွံကို တည်ဆောက်ကာ မျက်စိမှိတ်ပြီး ဖင်ပိတ်ငြင်းနေသူမှန်းသိပါသည်။

ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်သည်။ သူ့လောက် မည်သူ့ကိုမှ မချစ်ဖူးတာ သေချာသည်။ ဒါကြောင့် သူ ကျွန်တော့်ကို ပြောလိုက်သည့်စကားတစ်ခွန်းသည် နာကျင်သည်ထက်ပိုသည့် ခံစားချက်တခုကိုပေးနိုင်းခြင်းဖြစ်သည်။ အွန်လိုင်းက ပညာရှင် တစ်ယောက်ပြောထားသည့် စကားအတိုင်းဆိုလျှင် သူပြောလိုက်သည့် စကားလုံ၏ နာကျင်မှုက ဒီလောက် မဟုတ်ပါ။ ထိုစကားလုံးနောက်ကနေ မပြီးနိုင် မစီးနိုင် လိုက်ပါခံစားပြီး ထပ်တလဲလဲ ကိုယ့်ကိုယ်ကိုယ် သနားသည့် စိတ်က ပိုပြီးနှိပ်စက်နေသည်။ မှန်ပါသည်။ ကျွန်တော်က အငုံ့စိတ်နှင့် သိမ်ငယ်စိတ်နှင့် လူသားဖြစ်လို့ ကိုယ်ချစ်တဲ့သူ၊ ကိုယ်လေးစားတဲ့သူ၊ ကိုယ်မြတ်နိုးသည့်သူ ပြောလိုက်သည့် စကားလုံးများက ကျွန်တော့်ကို နာကျင်မှုထက်ပိုသည့်နင့်သည်းသည့် ခံစားချက်ကို ပေးနေခြင်းဖြစ်သည်။

ထို့ကြောင့် ကျွန်တော် မျက်လုံးခဏမှိတ်ကာ အသက်မှန်မှန်ရှုလိုက်ပြီး မည်သည့် နောက်ဆက်တွဲ ခံစားချက်မပါပဲ သူပြောတာကို လက်တွေ့ကျကျ လက်ခံရန် ကြိုးစားလိုက်သည်။ သူ ဘာကြောင့် ဒီစကားထွက်လာတာလဲ။ သူ့အခြေနေကို ကျွန်တော်ပြန်တွေးလိုက်သည်။ မနက်ကတည်းက သူ သေမလို အလုပ်များစွာလုပ်ခဲ့ရသည်။ မကျေနပ်မှုများစွာ၊ ရှင်းပြမှုများစွာ၊ အလုပ်များစွာကြောင့် သူ၏ စိတ်များ ညောင်းညာမောပန်းနေလိမ့်မည်။ ပြီးတော့ စိတ်အညောင်းဖြေဖို့ ဈေးပတ်ကာ ခဏထိုင်နားရင်း အွန်လိုင်းတက်လိုက်သည်နှင့် ပြီးသွားသည့် ဇာတ်လမ်းတစ်ခုက မပြီးနိုင်မစီးနိုင် အနှောက်ယှက်များစွာပေးကာ စာပို့နေသည်ဆိုလျှင် မည်သူမဆို စိတ်တိုမည်ဖြစ်သည်။ သူ့နေရာမှာ ကျွန်တော်သာဆိုရင် ဒီထက်ကို ဒေါသဖြစ်ကာ ဆဲပြီး ဘလော့ခ်သွားနိုင်သည်။

ထိုအတွေးကြောင့် စိတ်ခံစားချက်၏ နောက်ဆက်တွဲနာကျင်မှုကြောင့်ဖြစ်သည့် ပါးများ ထုံကျင်လာခြင်းများ သက်သာလာခဲ့သည်။ ထို့နောက် သူ့ကို ကျွန်တော် သိချင်တာကို ဆက်ပြီး စာပို့လိုက်သည်။ သူ အပြင်မှာ တွဲတာကို ခါးသီးသည် မဟုတ်ပါ။ မချစ်သူ တစ်ယောက်ကို သူဘာကြောင့် လက်ခံခဲ့သည်ကို ကျွန်တော် တကယ်သိချင်စိတ်နှင့် စာပို့ကာ ထပ်ပေမးလိုက်သည်။

ဓမဟုတ်ဘူး။ ကျုပ်သိချင်တယ်။ မင်း က ဘာကြောင့် လိမ်တယ်ဆိုတာ ကို သိချင်လို့ပါ…မင်း ကျု့ပ်ကို မချစ်ပဲ ဘာကြောင့် တွဲခဲ့လဲ…..ဓ

ကျွန်တော် မာန မရှိစွာဖြင့် ကိုယ့်ထက် 13 နှစ်ငယ်တဲ့ ကလေးကို တောင်းပန်ခဲ့သည်။ မေးခဲ့သည်။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း အဖြေရမှာ ကျေနပ်မည့် သူကိုး။ သှူ့ကိုလှမ်းမြင်နိုင်သည့် အခြားဆိုင်မှာ အအေးမှာပြီး သူ့ကို ခိုးကြည့်ကာ သူပြန်လာမည့် စာကို တထိတ်ထိတ်နှင့် ကြည့်နေမိသည်။ အသက်အောင့်ထားပြီး သူစာရိုက်နေသည်ကို စောင့်နေမိသည်။ လက်ကို မတုန်အောင် ဘယ်လိုမှထိန်းမထားနိုင်တော့ပါ။ ကျွန်တော် ကြောက်လာသည်။ သူ ဖြေလာမည့် အမှန်တရားကို ကြောက်နေမိသည်။

“ကျွန်တော်က ခင်ဗျားကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ ခင်ဗျားက ချစ်လှပါတယ်ဆိုလို့ လက်ခံဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ခင်ဗျားနဲ့ကျွန်တော့် အကျင့် ဘယ်လိုမှ မတူခဲ့ဘူး။ ခင်ဗျားရဲ့ ချစ်လှပါတယ် ဆိုတာတွေကို ကျွန်တော် ငြီးငွေ့တယ် ။ ဒါကြောင့် လမ်းခွဲခဲ့တယ်။ ရှင်းနေတာပဲ။ အွန်လိုင်းပေါ်က အချစ်လေ။ ကျွန်တော် ခင်ဗျားကို တခါ လက်ခံတာနဲ့ တသက်လုံး တာဝန်ယူ တွဲရမယ်လို့ မဆိုလိုဘူးရော….’

သူ့ရဲ့ စိမ်းကားပြတ်တောက်သည့် စကားများက ကျွန်တော့်ရင်ကို ဒါးနှင့်ခွဲသလို ခံစားရစေသည်။ မသိစိတ်က မျှော်လင့်နေသည်တို့က ဖုန်မှုန့်လေးများလို့ လွင့်ပျယ်လို့သွားလေပြီ။ သူ့ကိုမေးတိုင်းသည် ချစ်သည်ဟု ဘယ်တော့မှ မဖြေသည့်အတွက် ကျွန်တော် သိပြီးသားဖြစ်သော်လည်း ကျွန်တော့်ကို ….ကျွန်တော့်ကို နည်းနည်းလေး ဖြစ်ဖြစ်.. ချစ်မည်ဟု မျှော်လင့်ခဲ့မိသည်။ ယခု ထိုမျှော်လင့်ချက်လေးများက ကြမ်းပေါ်ပြုတ်ကျသွားသည့် ကြေးမုံပြင်လို တစ်စစီဖြစ်သွားလေပြီ။ ကျွန်တော့် ခေါင်းထဲ ဟင်းလင်းဖြစ်နေပြီ။ ခံစားချက်တို့ရုတ်တရက် ပျောက်သွားသလိုခံစား လိုက်ရသည်။

ကျွန်တော် စိတ်မှတ်မဲ့နှင့် သူ့ဆီ စာပို့လိုက်သည်။ မချစ်ပါဘူး ဆိုလျှင်လည်း သေချာချင်သည်။

“မင်း သူ့ကို တကယ်ချစ်ရဲ့လား။ ကျုပ်ကို ဖြတ်ချင်လို့ လိမ်တာလား။”

စာပို့ပြီး ချစ်သော ကလေးလေးကို အလွမ်းပြေလှမ်းကြည့်လိုက်သည်။ ကလေးလေးက သူ့ချစ်သော အကိုကို ရယ်မောကာ စကားပြောနေသည်။ ကျွန်တော်နှင့်ဆို ရှားပါးလှသည့် အပြုံး၊ အရယ်များသည် သူတပါးအတွက် အလွယ်တကူ ထွက်လာနိုင်သည်ကို ဘာရယ်မဟုတ် ကြည့်ရင်း ရင်ထဲက ဒဏ်ရာက တဆစ်ဆစ်ကိုက်လာခဲ့သည်။ ကျွန်တော်က သဘောထားသေးသူပါ ကလေးလေး။ မင်း ဘာကြောင့် ရယ်နေ၊ ပြုံးနေပါစေ။ မင်းကို ချစ်သည့် သူတစ်ယောက်အနေနဲ့ မုဒိတာပွားသင့်ပါလျက် ကျွန်တော် ဘာကြောင့် မလုပ်နိုင်တာလဲ…

“ခင်ဗျား လူစကား နားမလည်ဘူးလားဗျာ။ ကျွန်တော် ခင်ဗျားကို မချစ်ဘူး။ ခင်ဗျားရဲ့ ရည်းစားဟောင်းတွေ ကြောင့် မဟုတ်လည်း ကျွန်တော် ခင်ဗျားကို အနှေးနဲ့ အမြန်ဖြတ်မိမှာပဲ။ ကဲ …ကျေနပ်ပြီလား။”

စာက ၀င်လာနေသည်။ ကလေးလေးက စာမရိုက်ပါ။ စကားပြောနေသည်။ Noti တက်သံကြောင့် သူဖုန်းကို ကြည့်လိုက်သည်ကို တွေ့လိုက်သည်။ ကလေးလေး မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့လိုက်သည်။
ကျွန်တော် ကြောင်ကြည့်နေမိသည်။ ဖုန်းကို ငုံ့ကြည့်လိုက်တော့ ကလေးလေးထံမှ စာဝင်လာသည်။

သို့သော် ကျွန်တော် စောင့်ကြည့်နေသော ကလေးလေးကလည်း ဖုန်းကို ငုံ့ကြည့်နေသည်။ ဒါဆို ကျွန်တော် ချစ်သော ကလေးလေး အကောင့်မှာစာပို့နေတာ ဘယ်သူလဲ……ကျွန်တော် ဖုန်းကို တလှည့်၊ ကလေးလေးကို တလှည့် ကြည့်နေမိသည်။

ဘယ်သူက ကျွန်တော့်ဆီကို ကျွန်တော် ချစ်သော ဆရာဝန်လေး အစား စာပို့လာခဲ့သလဲ…….
တတိယ လူကို ကျွန်တော့် ကလေးလေး သိနေသလား………..
သိတယ်ဆိုလျှင် ဘာကြောင့် ကျွန်တော်နဲ့ သူပြောနေသည့် အကောင့်ကို ထိုတစ်ယောက်ဝင်နိုင်တာလဲ………..
သူ့အကောင့် pw ပေးထားပြီးဝင်ခိုင်းသည် ဆိုလျှင် ထိုပတ်သတ်မှုက ဘာလဲ…………..

ဆက်ရန်
May King
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet