အရိပ်ကလေး ဖြစ်ပါရစေ (4)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (4)

အရူးတစ်ယောက်လို ကျွန်တော် သူတို့ နောက်ကို တကောက်ကောက်လိုက်လာမိသည်။ Ocean Supermarket ထဲ ညနေခင်း ဈေးပတ်သူများကြောင့် မည်မျှ လူရှုပ်နေပါစေ ကလေးငယ်သည် အမေနဲ့အတူ ဈေးသွားလျှင် အမေ့ကို မျက်ခြေမပြတ်စေသလို ကျွန်တော် ချစ်တဲ့ ကောင်လေးကို ကျွန်တော် မျက်ခြေမပြတ်ခဲ့ပါ။ ချစ်တဲ့သူလေးဖြစ်လို့ ထင်သည်။ သူလုပ်သမျှတိုင်းက ကျွန်တော့်အတွက် ချစ်စရာကောင်းနေခဲ့သည်။ သူ့ကိုစောင့်ခေါ်သည့် ဆရာဝန် လူရွယ်ကို ကျွန်တော် မနာလိုဖြစ်မိသည်။ ထိုသို့အနီးကပ်နေရာကို ကျွန်တော် ဘယ်တော့မှ ရနိုင်မည်မဟုတ်သည်ကို သိလို့ စိတ်မကောင်းလည်းဖြစ်မိသည်။ ကျွန်တော်က အဝေးရောက်ချစ်သူလေ။ သူ့လက်တွေ့ လောကထဲကို လာခွင့်မရှိသည့် အဝေးရောက် ချစ်သူဟောင်းလို့ပြောလျှင် ပိုမှန်မည်ထင်ပါသည်။

သူတို့နှစ်ယောက် ဟိုဟိုသည်သည်ပတ်ပြီး အအေးဆိုင်တစ်ဆိုင်တွင် ထိုင်ကာ သူက Lemon Tea တစ်ခွက်ကို မှာနေပြန်သည်။ ခဏကမှ ကော်ဖီသောက်လာသော သူက အအေးကို ထပ်မှာနေသည်ဆိုတော့ ကျွန်တော် မချင့်မရဲနှင့် ကြည့်နေလိုက်ရသည်။ ဆိုင်လည်းမဆိုင်၊ ပိုင်လည်း မပိုင်သည့် ဘ၀တွင် ကျွန်တော် ဘာကို ပြောနိုင်ပါဦးမည်နည်း။ ပြောဖို့နေနေသာသာ ကျွန်တော် သူ့ခွင့်ပြုချက်မရှိပဲ သူ့ကိုလာပြီးချောင်းကြည့်နေသည်ကိုသာ သိသွားလျှင် …… ထိုအတွေးနှင့်ပင် ကျွန်တော် ကျောချမ်းသွားမိသည်။
ကျွန်တော် ချစ်တဲ့ကလေးလေးက ဖုန်းကို ဘေးချပြီး သူ့အကိုနဲ့ အတူ စကားပြောနေသည်။ တခါတခါ ဖုန်းက နိုတီ တက်ပေမယ့် သူတချက်ကြည့်ပြီး ထိုအစ်ကိုနဲ့ စကားပြောမပျက်ပေ။ ထို ဆရာဝန် လူရွယ်ကို သူအတော် တန်ဖိုးထားပုံရသည်။ အကြောင်းရာတစ်ခုကို စိတ်ပါလက်ပါ ပြောကာ ရယ်မောနေပုံက အချစ်ကြောင့် ပူလောင်ကာ ယောက်ယက်ခတ်နေသော ကျွန်တော်နှင့် တခြားစီဖြစ်သည်။ သူပြောသလို ကျွန်တော်တစ်ယောက်တည်း တစ်ဖက်သတ် ခံစားချက်ထဲ နစ်နေမိပြီလား။ သူ ဘယ်လိုပဲ ပညာရှင် ဆန်ဆန် စကားလုံးတွေနဲ့ပြောပါစေ။ ကျွန်တော် သူ့ကို ချစ်သည့် စိတ်ကိုစိုးစဉ်းမျှ လျော့ပါးစေမည် မဟုတ်တာ သေချာသည်။

ကျွန်တော် သူတို့ကိုကြည့်ပြီး အမြင်တွေ ၀ါးလာခဲ့သည်။ တပါးသော ယောကျာ်းလေးနှင့် ရယ်မောပျော်ရွင်နေသည့် ထိုမြင်ကွင်းက ကျွန်တော့်ရင်ကို မီးစနှင့်ထိုးသလို ခံစားရစေသည်။ ထိန်းချုပ်ရန် မေ့လျော့ကာ ပါးပေါ်ကို ပူပြင်းတဲ့ မြစ်တစ်စင်းဖြတ်စီး သွားစေသည်။ ကျွန်တော် အမှတ်တမဲ့သုတ်လိုက်သည်။ မျက်လုံးက သူတို့ကိုကြည့်ရင်း ကြည်လာလိုက်၊ ၀ါးသွားလိုက်နှင့် ရင်ဘတ်ထဲကလည်း စူးအောင့်လာခဲ့သည်။ ဒါပေမယ့် ကျိန်စာ သင့်နေသူလို မျက်လုံးက သူတို့နှစ်ယောက်ဆီက လွဲလို့မရခဲ့ပါ။ လူဆိုသည့် အမျိုးက လည်း ခက်သည်။ နာကျင်စေသည့် မြင်ကွင်းမှန်း သိသိနှင့် ဆက်ကြည့်နေချင်သည်။ သူတို့ပျော်ရွှင်နေသည့် မြင်ကွင်းက ကျွန်တော့်ကို နာကျင်စေသည် ဆိုတော့ ကျွန်တော်က စိတ်ဓါတ်များ ယုတ်ညံ့နေသည်လားဟု တွေးမိသည်။

ကိုယ့်ချစ်သူက ကိုယ်မဟုတ်သည့် အခြားတစ်ယောက်နှင့် ရယ်မောပျော်ရွှင်နေသည်ကို မရှု့စိမ့်နိုင်သည့် စိတ်ကြောင့် ပူလောင်သည့် စိတ်တို့ဖြစ်နေသည်။ တကယ်ဆို ကျွန်တော် သူ့ကို တကယ်ချစ်ရင် ကျွန်တော့်ကြောင့်ဖြစ်ဖြစ်၊ ဘယ်သူ့ကြောင့်ဖြစ်ဖြစ် သူရယ်မောပျော်ရွှင်နေသည်ကို ၀မ်းသာပေးသင့်သည် မဟုတ်လား။ ကျွန်တော်က လူယုတ်မာ တစ်ယောက်ပဲလို့တွေးလိုက်မိသည်။ ကျွန်တော် လက်ဖမိုးနှင့် မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ မသုတ်လို့လည်း မဖြစ်တော့ပါ။ လူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီလေ။ မတော်လို့ သူ့ဆေးရုံကအသိ တစ်ယောက်ယောက်များတွေသွားလျှင် သူ့ကို သို့လောသို့လော ထင်သွားနိုင်သည်။

အမှတ်တမဲ့နှင့် ရင်ဘတ်နေရာကို လက်နှင့်ဖိကာ ဆရာဝန်လူရွယ်ကို အေးအေး သက်သာ စကားပြောနေသော သူ့ဟန်လေးကို တရှိုက်မက်မက်ငေးကြည့်ရင်း ကျွန်တော် ကိုယ့် အနေထားကို သိလာခဲ့သည်။ သူက သူနှင့် အလုပ်တူ၊ တာဝန်တူ၊ ပညာတူ အရွယ်တူ ချစ်သူကိုေ၇ွးလိုက်ပြီလို့ ကျွန်တော်ယုံကြည်လိုက်သည်။ မထင်ထားပါ။ သူ့ကို လေးနက်ခိုင်ကြည်သည့်သူက တစ်ယောက်တည်းလည်း နေနိုင်ပါသည်။ အချစ်ကိုမ၇လျှင် မနေနိုင်အောင် အချစ်ငတ်နေသူ မဟုတ်ပါဆိုပြီး ပြောထားသူက ကျွန်တော်နှင့် လမ်းခွဲပြီး တစ်လတိတိကြာတော့ အပြင်လက်တွေ့လောကမှ လူနှင့်ချစ်သူဖြစ်နေပါပြီဟု RS ကောက်ချိတ်လိုက်တော့ ကျွန်တော် မယုံနိုင်ဖြစ်သွားမိသည်။

ကျွန်တော်ချစ်မိသည့် ကလေးလေးက ထိုသို့ စိတ်အပြောင်းလဲမြန်သည့် သူမဟုတ်ဘူးလေ။ စိတ်အပြောင်းလဲ မြန်ပြီး ချစ်သူလဲတာ မြန်တဲ့သူဆိုရင် အစကတည်းက သူကို ကျွန်တော် ချစ်ခဲ့မည် မဟုတ်ပေ။ သူက အင်မတန်ကို စိတ်ဓါတ် ခိုင်ကြည်သူဖြစ်သည်။ ကျွန်တော် လူအကြောင်း အများကြိးမသိပါ။ သူပြောတာကို နားထောင်ပြီး သူ ဘယ်တော့မှ လိမ်ပြောမည့်သူ မဟုတ်မှန်း ခံစားမိသည်။ ပြီးတော့ သူက ချစ်ခဲပြီး အချစ်မြဲသည့် ကောင်လေးဖြစ်သည်။ သူ့ချစ်သူကို လေးနက်ခိုင်ကြည်စွာ အနစ်နာခံပြီး ချစ်ခဲ့လို့ သူ့ကိုလေးစားပြီး ကျွန်တော် ချစ်ခဲ့သည်။ ရှင်းရှင်ပြောလျှင် သူ့လို လူ ကျွန်တော်ဖြစ်ချင်သည်။

ခုတော့ သူတို့ကို ကြည့်ရတာ တကယ့်ကို ချစ်နေသုလိုပါပဲလား ဟုတွေးမိရင်း မျက်ရည်မြစ်က မစဲနိုင်အောင် ထပ်မံစ စီးကျလို့ လာခဲ့ပြန်သည်။ ဈေးဝယ်များကတော့ သက်လတ်ပိုင်း ယောကျာ်း တစ်ယောက် မျက်ရည်ကျနေသည်ကို အတူးဆန်းလုပ်ပြီး ကြည့်သွားကြသည်။ ထိန်းထားသည့်ကြားက ကျွန်တော်က ပျော့ညံ့ကာ မျက်ရည်ကို မတားနိုင်ခဲ့ပါ။ လူတွေ ကျွန်တော့် ဘယ်လိုမြင်သော်လည်း ဘယ်လိုမှ မခံစား၇ပါ။ ကျွန်တော့် အာရုံက ချစ်စ၊ ကြင်စ ကောင်လေး နှစ်ယောက်ဆီကို ရောက်နေသည် မဟုတ်လား.။

ကလေးလေး…..မင်း တကယ်ပဲ သူ့ကို ချစ်သွားပြီလား….

ကျွန်တော် စိတ်ထဲကနေ အကြိမ်ကြိမ်မေးလိုကိမိသည်။ နာကျင်သည့် ရင်အစုံနှင့် အဖြေကို ကျွန်တော် နားမထောင်ရဲပါ။ သို့သော် စာပို့ပြီး မေးလိုက်မိသည်။ နာကျင်ခြင်းကို ခံစားချင်သည့် ကျွန်တော့် စိတ်သက်သက်ကြောင့်လား မသိပေမယ့် ကျွန်တော် သူ့ကို မေးလိုက်မိသည်။

ဆက်ရန်
May King
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet