အရိပ်ကလေး ဖြစ်ပါရစေ (6)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (6)

“ခင်ဗျားက ကျွန်တော် မကြိုက်တာချည်းလုပ်တယ်။ အရမ်းစိတ်ညစ်ရတယ်။ ကျွန်တော် ခင်ဗျားကို မချစ်ဘူး။ ချစ်ကြည့်ဖို့ကြိုးစားခဲ့တာ။ ဘယ်လိုမှ စိတ်နှစ်လို့မရဘူး။ အခုက ဆေးရုံက AS အကိုကို လက်ခံလိုက်ပြီ။ သူ့ကို တကယ်ချစ်လို့ ကျွန်တော့်ကို လက်လွှတ်ပေးပါတော့။ တောင်းပန်ပါတယ်။”

ကျွန်တော်သည် တစ်ဖက်က ကျွန်တော် ချစ်တဲ့ကလေးလေးပို့လာသည့် စာကို ဖတ်ကာ ကြက်သေသေ သွားသည်။ ဘယ်သူပို့ခဲ့တာလဲ။ ဒါဆို ကျွန်တော် ကြည့်နေမိတာ ဘယ်သူလဲ။ ကျွန်တော် ခေါင်းရှုပ်လာသည်။ ကျွန်တော့်ဆီကို စာပို့နေသူက ကျွန်တော် ချစ်တဲ့ ဒေါက်တာလေးလား။ ဒါမှမဟုတ် အပြင်မှာ မြင်တွေ့နေသူက ကျွန်တော့် ချစ်သူလေးလား။ သေချာတာကတော့ ကျွန်တော်သိထားတဲ့ ပုံနဲ့ အပြင်က လူငယ်လေးက အတူတူပါ။ သူပြောပြတဲ့ တနေ့တာ များပြားလှသည့် သူ့အလုပ်များ၊ သူ့တနေ့တာ နေပုံထိုင်ပုံ၊ သွားလာလှုပ်ရှားပုံတွေက အပြင်မှာ ကျွန်တော် မြင်နေတဲ့ လူငယ်လေးနဲ့ ကွက်တိပါ။ ဒါဆို ကျွန်တော့် ဖုန်းထဲရော၊ သူ့ဖုန်းထဲရော ရောက်အောင် မက်ဆေ့ ပို့လာသည့် သူက ဘယ်သူလဲ……

ကလေးလေးလည်း စာကိုဖတ်ကာ မျက်မှောင်ကုတ်နေသည်။ ထိုစဉ် သူ့ဘေးက အကိုက သူ့ကို လက်တို့လိုက်ပြီး တစ်ခုခုကို ပြောနေသဖြင့် သူက ဖုန်းကိုချကာ စကားဆက်ပြောနေသည်။ သို့သော် ကျွန်တော့် ဖုန်းထဲက ကလေးလေးရဲ့ အကောင့်ကနေ စာဆက်ပို့နေသည်။

“ခင်ဗျားကို ကျွန်တော် စကားကုန်လည်း ပြောပြီးပြီ။ ကျွန်တော် ခင်ဗျားကို လာခဲ့ပါလို့ မတောင်းဆိုခဲ့ဖူးဘူး။ ခင်ဗျားဘက်က ကျွန်တော့်ကို ချစ်လှပါချည်ရဲ့ ဆိုလို့ လက်ခံကြည့်တာ။ ဒါကြောင့် အခုလို့ ကျွန်တော့် တစ်သက်မှာ ဘယ်တော့မှ မပေါ်နိုင်တော့တဲံ ချစ်သူကို ထပ်တွေ့ရတာ မနှောက်ယှက်ပါနဲ့တော့။ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နေခွင့်ပေးပါ။ ကျွန်တော့်ကို တကယ်ချစ်ရင် ကျွန်တော့်ကို အေးအေေး ဆေးဆေး ပေးနေပါလားဗျာ။”
ကျွန်တော် အသက်ရှုအောင့်သွားသည်။ ဘယ်သူက သူ့အကောင့်မှာ ပြောနေတာလဲ။ သူပြောသည့် စကားများက ကျွန်တော့်ကို အရှင်လတ်လတ် အသေသတ်နိုင်သည့် စကားလုံးများချည်းဖြစ်သည်။ ပြင်းထန်သည်။ စိမ်းကားပြတ်တောက်သည်။ သံယောဇဉ်နည်းနည်းမှ မရှိသည့် ခံစားချက် ကင်းမဲ့သည့် လေသံများ။ လူကိုအသေသတ် နိုင်သည့် လေသံများ။ ထိုစကားလုံးများကို ကျွန်တော်ချစ်သည့် ကလေးရဲ့ အကောင့်ကနေ ဆက်တိုက်ပို့နေသည်။ ထို ကောင် ဘယ်သူလဲ။ ကျွန်တော် ဒေါသ ထွက်လာခဲ့သည်။ ကျွန်တော့်ကို ပို့သည့် စကားများက ကျွန်တော်ချစ်သည့် ကလေးမဟုတ်ပဲ ဘယ် အကောင်ကြားက ၀င်ပို့သလဲဟု တွေးမိရုံနှင့် လူသတ်ချင်လာသည်။ ထို့ကြောင့် သူ့ကို ခပ်ဆတ်ဆတ် ပြန်မေးလိုက်သည်။

“ကျွန်တော့်ကို ချစ်သေးရဲ့လား လို့ မင်းပဲ မေးခဲ့တာ မဟုတ်ဘူးလား။ တရားဝင်ဖြစ်ဖြစ် တွဲရအောင်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျုပ်အရင် တောင်းဆိုလို့လား။ မင်းကို ဘေးမှာ အဖော်ပြုရုံလေးပဲ နေချင်ခဲ့သူပါ။”

ကျွန်တော် မခံချင်စွာ ပြောလိုက်မိသည်။ ဟုတ်သည်။ ကလေးလေးက အင်မတန်ကိုစကားကို လှည့်ပတ် ပြော တတ်သည်။ ပြောရင်း ကျွန်တော် သတိရလာသည်။ လှည့်ပတ်ပြောတတ်သူက တစ်ယောက်၊ တခါတလေ ကျွန်တော် စကားပြောမိသည့် ကလေးက ချွဲခြင်းမရှိ၊ အေးအေးဆေးဆေး သာမန် ယောကျာ်းလေးလို ပြောတတ်သည်။ ညနက် ပြောသူက စကားကို ချွဲပြီးပြောတတ်သည်။ ဒါကလည်း ချစ်သူဖြစ်သွားလို့ သူ့ထက် အသက်အများကြိး ကြီးသည့် လူကြီးကို ချွဲနွဲ့တာပဲ ဟု ယူဆကာ ကျွန်တော်ထိုအချိန်တိုင်း နွားပြာကြီးအောက်သွားမရှိသလို ပြုံးဖြီးနေခဲ့သည်။ အရမ်းပျော်သည်။ ချစ်သောကလေး ကျွန်တော့်ကို ချွဲတိုင်း အရမ်းကို ပျော်သည်။

ဒါပေမယ့် ချွဲတတ်သူက ကျွန်တော့် ချစ်သူ မဟုတ်ပဲ အခြားတစ်ယောက်ဖြစ်နေလျှင် ဆိုသည့်အတွေးက ကျွန်တော် အေးစက်သွားစေသည်။ ကျွန်တော့်ကို ပြောနေသော အကောင့်တွင် လူဘယ်နှစ်ယောက် ရှိနေသလဲ။ တစ်ယောက်လား၊ နှစ်ယောက်လား၊ သုံးယောက်လား။ တကယ်လို့ တစ်ယောက်ထက် ပိုသည်ဆှိုလျှင် ကျွန်တော် တကယ်ချစ်မိသည့် လူငယ်လေးက ဘယ်သူလဲ။ မျက်စိရှေ့က ဆရာဝန်လေးလား။ မျက်နှာထားတည်တည်နှင့် ရယ်လိုက်လျှင် သွားစွယ်လေးများ ပေါ်သွားသည့် တည်ကြည်သည့် လူငယ်လေးလား။

ဒါမှမဟုတ် ချွဲပစ်ပြီး ခုတမျိုး တော်ကြာတမျိုး စိတ်အပြောင်းလဲ မြန်ကာ စကားကို အင်မတန်ကို လှည့်ပတ်ပြောတတ်သည့် သူလား။ ဒါမှမဟုတ် စာရေးကောင်းပြိး ကျွန်တော့် ရင်ကို ထိရှအောင် လုပ်နိုင်သည့် စာရေးဆရာ လူငယ်လေးလား။ ယခု အွန်လိုင်းမှာ တစ်ရာဖိုး ၃ ပုဒ်နေရေးနေသည့် သူများနှင့် ကွဲထွက်ကာ အရင်က စာရေးဆရာကြီးများလို့ လေးနက်စွာ၊ အကြောင်းအရာတစ်ခုကို နက်ရှိုင်းစွာရေးတတ်သည့် လူငယ်လေးလား။ သူ့ချစ်သူကို အင်မတန်ကို လေးစားပြီး ဆွေးဆွေးလေး၊ ငေးငေးလေး၊နားထောင်မိသူ တဖက်သားကို သူတို့ချစ်ခြင်းထဲ မျှောပါသွားအောင်လုပ်နိုင်တဲ့သူလား။

ကျွန်တော် ခေါင်းမူးလာခဲ့သည်။ ရင်တွေ တလှပ်လှပ်ဖြစ်လာခဲ့တာ နေ့လည်စာနှင့် ညနေစာ ပေါင်းစားတာကြောင့် မဟုတ်တာတော့သေချာသည်။ ကျွန်တော် ကြောက်လာသည်။ ကျွန်တော်ချစ်မိသူက ဘယ်သူလဲ။ ကျွန်တော်ချစ်သည့် ကလေးအကောင့်မှာ လူဘယ်နှစ်ယောက်ရှိနေတာလဲ။ ကျွန်တော် ချစ်တဲ့လူငယ်လေးဆိုတာ တကယ်ရောရှိရဲ့လား။ အများပေါင်းပြီး တည်ဆောက်ထားတဲ့ အကောင့်တစ်ခုကို ကျွန်တော် ချစ်နေမိတာလားဟု တွေးကာ ကျွန်တော် အသက်ရှုရကြပ်လာခဲ့သည်။

ချစ်သည်။ ချစ်သည့်အတွက်ကြောင့် လောဘ တက်မိသည်။ လိုချင်တာက မရတော့ သောကဖြစ်မိသည်။ စွန့်ပစ်ခံရတော့ နာကျင်သည်။ သေမတတ်နာကျင်လို့ သူ့မျက်နှာလေး တွေ့ချင်လွန်လို့လာတော့ မထင်မှတ်ထားသည့် အဖြစ်မှန်ကို ကျွန်တော် တွေ့နေမိပြီလား။

ကျွန်တော်သူ့ကို ငေးရင်း အတွေးများဖြင့် ရှုပ်ရှက်ခတ်နေခဲ့သည်။ ကျွန်တော်ချစ်တဲ့ ကလေးလေးက သူ့နံဘေးမှ အကိုကို စကားပြောနေစဉ် သူ့ အကောင့် chat box ကနေ စာပို့လာတာ ဘယ်သူလဲ။ ကျွန်တော် ချစ်တဲ့အကောင့်မှာ လူဘယ်နှစ်ယောက်ရှိနေတာလဲ။ သေချာတာ ကတော့ တစ်ယောက်တော့ မကပါ။

ကျွန်တော် မျက်နှာကို လက်နှင့်အုပ်ကာ သက်ပြင်းမောကို ဘယ်နှစ်ခါမြောက်မှန်းမသိအောင် ချလိုက်မိသည်။ ပူလောင် သည့်နှလုံးသား နှင် သူရှိသည့် မြို့ကို အရူးတစ်ယောက်လို ပြေးလာခဲ့သည်။ သူ့ကိုချစ်လွန်း၊ လွမ်းလွန်းလို့ ပြေးလာ ခဲ့သည်။ ဒါပေမယ့် ကျွန်တော် လက်တွေ့သိလိုက်ရတာက သူ အပြင်လက်တွေ့လောကမှာ ချစ်သူ ရှိနေပြီ။ သူတင် ထားသည့် စတေးတပ်များလိုပဲ သူ တကယ်ကို ချစ်သူရှိနေပြီလား။

ဒါ့အပြင် အခြား ဘယ်သူနဲ့ပေါင်းပြီး သူ ကျွန်တော့်ကို ကစားနေတာလဲ။ ကျွန်တော်က သူ့အတွက် ကစားစရာ တစ်ခုဖြစ်ခဲ့ပြီလား။ ထိုအတွေးများကြောင့် ကျွန်တော် ခေါင်းမူးလာခဲ့သည်။ ထိုစဉ် မိန်းကလေးတစ်ဦးက သူတို့နားကို လာနူတ်ဆက်သည်။ ကျွန်တော်သည် ဖုန်းကို ခဏချကာ သူ့ကို ခိုးငေးနေလိုက်သည်။ ညိုသော၊ စိုသော၊ ယောက်ျား မျက်နှာနှင့် လူငယ်လေးသည် ကျွန်တော့်ရင်ကို မီးလောင်အောင်လုပ်နိုင်သော သူဖြစ်နေပါလားဟူသည့် အသိနှင့် သူ့ကို ငြိမ်ငြိမ်လေး ငေးနေမိသည်။

ယခုလာသော မိန်းကလေးက ဘယ်သူလဲ။ဘာလဲဆိုတာကို ကျွန်တော် မတွေးနိုင်တော့ပါ။ သူ့ကို ငေးရုံသာ ငေးကြည့် နေမိသည်။ သူနှင့် အတူရှိသည့် အကိုက ထရပ်ကာ မိန်းကလေးနားကို ရပ်လိုက်သည်နှင့် မိန်းကလေးက ထိုသူ၏ လက်ကို တွဲကာ နှစ်ယောက်သား သူ့ကို နူတ်ဆက်ကာ ထွက်သွားကြသည်။ သူက ပြုံးကာ နူတ်ဆက်ကျန်ရစ်ခဲ့သည်။
နှစ်ယောက်သား ရယ်မောထွက်သွားသည့် ဆရာဝန် လူငယ်လေး အတွဲကို ကြည့်ပြီး ကျွန်တော် နည်းနည်းခေါင်းကြည် သွားသည်။ ဒါဆို…ဒါဆို….ထိုဆရာဝန်လေးနဲ့ သူက ချစ်သူတွေ မဟုတ်ဘူးပေါ့… ထိုအသိက ကျွန်တော့်ခေါင်းကို အတော့်ကို ကြည်သွားစေသည်။

ကလေးလေး ဘာလို့ ကျွန်တော့်ကို လိမ်ခဲ့တာလဲဟု တွေးနေမိသည်။ ရင်အစုံက နည်းနည်းတော့ ပေါ့သွား သလိုလိုပင်။ ဒါပေမယ့် မသေချာပါ။ သူ့ကြောင့် နာကျင်လွန်းလို့ ထုံသွားတာ ကြာလေပြီဖြစ်သည်။ ကျွန်တော့် နှလုံးသားက ခံစားချက်မဲ့နေသလိုပင်ဖြစ်နေပြီ။

“ညီလေး…အိမ်ပြန်ရောက်ပြီလား..”

“ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ။ အမြဲ ကျွန်တော့်ကိုလိုက်နှောက်ယှက်နေတယ်။ ကျွန်တော့်ကို အေေးအဆေးဆေးလေးတောင်မပေးမနေနိုင်ဘူးလားဗျာ။ ခင်ဗျားရဲ့အချစ်ဆိုတာ ဘယ်လိုလဲ။ ကျွန်တော့်ကို ဆက်တိုက်နှောက်ယှက်တာ ခင်ဗျားရဲ့ အချစ်ပဲလား။ ခင်ဗျား အတော်ကြောက်ဖို့ကောင်းတာပဲ။

“အကို ညီလေးကို လွမ်းလို့ပါ။”

“ခင်ဗျား မရှက်ဘူးလား။ ခင်ဗျားကို မချစ်ပါဘူး ပြောထားတာကို လူလို နားမလည်ဘူးလား”

“မရှက်ဘူး။ ကိုယ်က ရိုးသားတယ် ။ချစ်လို့ ချစ်တယ် ပြောတယ်။ မရှက်ဘူး။”

“ခင်ဗျား မရှက်လည်း ကျွန်တော် ရှက်တယ်။ ပြီးတော့ ကျွန်တော့် ချစ်သူကိုအားနာတယ်။သူက အလုပ်များနေတုန်း ခင်ဗျားပို့တဲ့စာတွေကို ဖတ်နေရတာ သူ့ကို အားနာတယ်။ ကျွန်တော့်ကို လွတ်ပေးပါတော့ဗျာ။ ”

“ညီလေး…. ကိုယ် မင်းကို ဘာတောင်းဆိုနေလို့လဲ။ မင်းကိုယ့်ကို မချစ်တာကိုလက်ခံတယ်။ ဒါပေမယ့် ကိုယ်မင်းကို မချစ်ပါနဲ့၊ မလွမ်းပါနဲ့လို့ မင်မှာ ပြောပိုင်ခွင့်မရှိဘူး။ ကိုယ် မင်းကို ချစ်တယ် ။ ထပ်ပြောလိုက်မယ်။ မင်းကို ချစ်တယ်။ လွမ်းတယ်။ ကိုယ် ဘယ်သူ့ကိုမှမလိမ်ဘူး။ ကိုယ့်ကိုယ်ကိုယ် လည်း မလိမ်ဘူး။ ”

ကျွန်တော့်ကို ဒီတစ်ခါ စာပြန်လာသူက သူကိုယ်တိုင်ပါ။ စားပွဲသုံးလုံးခြားပြီး ကျွန်တော်နှင့် သူ အွန်လိုင်းကနေ ရန်ဖြစ်နေသည်။ သူကတော့ သူ့အနောက် စားပွဲ သုံးလုံးအကွာက ကျွန်တော့်ကို တွေ့မည် မဟုတ်ပါ။ ကျွန်တော်က တစောင်းအနေထားနှင့် သူ့ကို လှမ်းကြည့်ရင်း သူပို့လာသည့် စိမ်းကားပြတ်တောက်သည့် စာများကို ဖတ်ကာ ဆို့နင့်လာခဲ့သည်။

ချစ်ရသူက ပိုပြီးရင်နာ၇တာ မဆန်းပါ။ ကိုယ်က ချစ်ရသူကိုး။ သူဘာမှ မလုပ်ရင်တောင်မှ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ကျွန်တော့်ကို သက်ရောက်မှုပြင်းထန်သည်ကို သူဘယ်တော့မှ သိရမည် မဟုတ်ပေ။ ဒါမှမဟုတ် ကျွန်တော့်ထက် ပိုသိနေတာလည်းဖြစ်နိုင်ပါသည်။ ဘာကြောင့်လည်းဆိုတော့ သူက ကျွန်တော့်ထက်ပိုချစ်တတ်သောကြောင့် ဖြစ်သည်။ သူပြောပြသည့် ဆွတ်ပျံ့ကြည်နူးဖွယ်သူတို့ အချစ်ဇာတ်လမ်းကနေ သူ့အချစ်ကို လေးစားပြီး သူ့ကို ကျွန်တော် ချစ်သွားတာကို သူဘယ်တော့မှ သိနိုင်မည်မထင်ပါ။

သူနှင့် ကျွန်တော် စာရိုက်ပြောနေတော့ တတိယ တစ်ယောက်က ငြိမ်နေသည်။ ထိုတယောက် ကျွန်တော်တို့ စာကို ဖတ်နေမည်လားဟု ကျွန်တော် တွေးလိုက်မိသည်။

ဆက်ရန်
May King
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet