အရိပ်ကလေး ဖြစ်ပါရစေ (10)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (10)
သူရိန်အလုပ်လုပ်ရသည်မှာ စိတ်ထဲစနိုးစနောင့်ဖြစ်နေသည်။ မိမိကို လူတစ်ယောက်စောင့်ကြည့်နေသလိုခံစားနေရသည်။ တနေကုန်အလုပ်ကိုကုန်းလုပ်ရင်း တယောက်ယောက်ကြည့်သည်ထင်လို့ လှည့်ကြည့်တိုင်းမည်သူ့ကိုမှမတွေ့သဖြင့်စိတ်တို လာသည်။ ပိုဆိုးသည့်အချက်က သတ်သေသည့် လူရွယ်အကြောင်းကို အတူအလုပ်ဝင်သည့်ကောင်က လူတတ်ကြီးလုပ်ပြီး ပြောဆိုနေခြင်းဖြစ်သည်။
“အကို..မနက်ကို မြစ်ထဲကရတဲ့ အလောင်းက သတ်သေတာတဲ့ဗျ.. မှုခင်းဘက်တာဝန်ကျတဲ့အကိုက ပြောခဲ့တာ..ခုတလော ဟိုကိုရီးယား အဆိုတော် သတ်သေတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေတာ အတော်ကိုခေတ်စားနေတယ်ဗျ.. ဒီလိုမကောင်းတဲ့ အတုခိုးတာများ ကူးစက်မြန်လိုက်တာ..”
သူရိန်သည် သက်လွင်၏ စကားကို မကြားဟန်ပြုကာ အပြင်ကိုထွက်ပြီးလူနာများလိုတာကို သွားလုပ်ပေးပြီးပြန်လာသည် အထိထိုအကြောင်းက မပြီးသေးသည့်အပြင် စီနီယာအစ်မများပါ စကားဝိုင်းထဲပါလာပြီး အကြီးအကျယ်ကိုဆွေးနွေးနေကြသည်။ နဂိုကမှ နောက်ကျောမလုံလို့ အလုပ်လုပ်ရတာ စိတ်ညစ်ရသည့်အထဲ ဟိုကောင်က ပေါက်ပေါက်ဖောက်နေလို့ စိတ်ရှုပ်သည်ထက် ရှုပ်လာခဲ့သည်။

“ဟော..သူရိန်လာပြီ။ မင်းကို မေးရဦးမယ်။ ကိုယ့်ဖာသာ သတ်သေတာက သူရဲဘောကြောင်ပြီး မိုက်မဲတယ်ဆို ငါတို့ငြင်းနေကြတာ… ဟုတ်တယ်မလား.. မင်း ဘယ်လိုထင်လဲ..”

“ဘယ်လိုမှမထင်တတ်ဘူး။ ငါမှ သတ်မသေဖူးတာ..”
သူရိန်ဘုတောလိုက်သော်လည်း သက်လွင်က မရမကလိုက်မေးနေသည်။ မမနွယ်တို့ပါဝင်မေးသဖြင့် မဖြေလို့လည်း မကောင်းတော့ပေ။
“မင်းကရော..ဘယ်လိုတွေးလို့လဲ…”

“ငါကလည်း။ လောကကြီးကို အရှုံးပေးတာလို့မြင်တယ်။ လူပဲ ကြံစည်စိတ်ကူးပြီး အခက်ခဲက လွတ်အောင်ရုန်းရမယ်လေကွာ။ ခုလို ဘ၀အခက်ခဲကို အရှုံးပေးပြီးသတ်သေသွားတဲ့လူတွေကို ငါအရမ်းရယ်ချင်တယ်။ ပြီးတော့ အထင်လည်းသေးတယ်။ အလကား။ ငကြောက်တွေလို့မြင်တယ်.. သေချာတယ်။ အဲ့လိုလူမျိုးတွေက သူတို့ပတ်ဝန်းကျင်ကို ကောင်းကျိုးပေးမှာမဟုတ်ဘူး။ သူတို့နှလုံးသားထဲမှာ မကောင်းတဲ့အတွေးတွေပြည့်နေလို့။ ကြည့်လိုက်တိုင်း မကောင်းတဲ့အမြင် နဲ့ကြည့်တယ်။ ဒါကြောင့် သတ်သေတဲ့လူတွေက လူ့ဂုဏ်သိက္ခာမရှိတဲ့သူလို့ မြင်တယ်.. မင်းကော.. ဘယ်လိုမြင်သလဲ..”

သက်လွင်၏ စကားများကိုကြားသော် သူရိန်သည်းခံချင်စိတ်ကုန်ခမ်းသွားတော့သည်။ သက်လွင်ဆိုသည့်ကောင် လူထူထူဆိုလျှင် စကားကြီးစကားကျယ်ကိုပြောပြီး အင်မတန်ကို အရေးပါအရာရောက်ကြောင်းပြချင်လွန်းသဖြင့် မျက်နှာကြောမတည့်သဖြင့် စကားသိပ်မပြောပဲနေသည့်ကြားမှာ ယခု သူ့ဖာသာသတ်သေသည့်လူအကြောင်း ပုတ်ခတ်ရင်း မိမိကိုပါ လာဆွနေသည်။

“ငါကတော့ အဲ့လိုမမြင်ဘူး။ လူ့အခွင့်ရေးအရ ဒါ သူ့အခွင့်အရေးပဲ။ သူ့ဘ၀ကို သူဆက်သွားခွင့်ရှိသလို သူ့ဖာသာ အဆုံးသတ်ဖို့ ဆုံးဖြတ်ခွင့်လည်းရှိတယ်။”

“ဒါဆို မင်းက သတ်သေတာကို အားပေးတယ်ပေါ့..ဟုတ်လား.”

“သတ်သေတာကို အားပေးတာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လေးစားတာ… သူက ဘယ်ဘာသာဝင်ဖြစ်ပါစေ။ သတ်သေခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို သူ့ဖာသာသိပြီးဖြစ်မယ်။ တခုခုလုပ်လိုက်ရင် နောက်ဆက်တွဲ အကျိုးဆက်ကို ကောင်းကောင်းသိနေတဲ့ လူလတ်ပိုင်း တစ်ယောက်ရဲ့ ရွေးချယ်မှုကို ငါတို့က အကြောင်းမဲ့ဝေဖန်နေစရာမလိုဘူးလို့ထင်တယ်…”

သူရိန်က မိမိခံယူချက်ကို ပြတ်သားစွာပြောလိုက်တော့ တချို့အစ်မများက စဉ်းစားစပြုနေသည့် အမူယာကိုတွေ့တော့ သက်လွင်က မခံမရပ်နိုင်ဖြစ်ကာ မိမိကို စေ့စေ့ကြည့်ကာ မေးခဲ့သည်။

“ဒါဆို ဒီလူလုပ်တာ မှန်တယ်လို့ မင်းထင်သလား။”

“ငါနဲ့ မဆိုင်တဲ့အတွက် မှန်တယ် မှားတယ်ဆိုတာ ငါသတ်မှတ်ရမယ့် အကြောင်းရာမဟုတ်ဘူး။ ပြီးတော့ အဲ့ဒီလူရဲ့ကြုံတွေ့နေတဲ့ အကြောင်းအရာကို ငါမသိဘူး။ သူဘယ်လို ဘ၀ကိုဖြတ်သန်းလာလဲ။ ဘယ်လိုတွေကိုရင်ဆိုင်လာရသလဲ။ သူဘယ်လိုကြုံတွေ့လာလို့ သူ့အသက်ရှင်ခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သလဲ ဆိုတာ ငါမသိဘူး။ လူဆိုတာ ဘယ်တော့မှ အခက်ခဲကိုလွယ်လွယ် အရှုံးပေးတတ်တဲ့သူတွေ မဟုတ်ဘူး။ ဒါပေမယ့် သတ်သေတယ်ဆိုတာကို သူက ထွက်ပေါက်တစ်ခုလို မြင်လာတဲ့အထိ သူ့ဘ၀မယ် ဘယ်လိုနာကျင်နေတယ်ဆိုတာ မသိလို့ သူ့ရွေးချယ်မှုကို ငါဘာမှ သတ်မှတ်စရာမလိုဘူးလို့ယူဆတယ်။ ဒါကြောင့် မင်းမေးတဲ့မေးခွန်းအတွက် ငါ့မှာ အဖြေမရှိဘူး။”

သက်လွင်က သူရိန်၏ စကားကိုခြေပရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမည်မသိသဖြင့် ပြန်ပိတ်လိုက်ရသည်။ သူ့မျက်နှာကြည့်ရတာ ချေပစရာစကားမရှိလို့ မအီမသာဖြစ်နေပုံကိုကြည့်ကာ သူရိန်သက်ပြင်းချလိုက်မိသည်။ နောက်ဆုံး စီနီယာအစ်မ မမနွယ်က အလုပ်လုပ်ရန်လောလိုက်သဖြင့် စကားစပြတ်သွားသည်။ ထိုအခါမှ သူရိန်သက်ပြင်းချကာ report များထိုင်ရေးနေလိုက်သည်။ ရေးနေရင်း စိတ်ထဲ မသိုးမသန့်ဖြစ်လာပြီး ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်သော်လည်း အပြင်တွင် မည်သူ့ကိုမှ မတွေ့လိုက်ရပေ။

အိမ်သို့ပြန်ရောက်လို့ သူ့အကောင့်ကိုကြည့်မိတော့ မနေ့က ဆင်းသွားသည့်အတိုင်းဖြစ်နေသည်ကိုတွေ့တော့ နည်းနည်းတော့ စိုးရိမ်စပြုလာသည်။

“ဒီလူ ငတုံး..ဘာလုပ်နေလဲ မသိဘူး… ငါလိမ်တာကို ယုံပြီး စိတ်ချသွားပြီထင်တယ်…ကောင်းတာပဲ။ နောက်ထပ်နောက်ယှက်မယ့်သူ မရှိတော့ဘူး.”

သူရိန်ရေချိုးပြီနောက် လိုင်းတက်ပြီး မိတ်ဆွေတချို့နှင့်စကားပြောသည်။ ပြီးတော့ မိမိ၏ ဆရာအကိုအကောင့်ကို သွားကြည့်ကာ သူရေးထားသည်ကို ဖတ်ရင်း အလွမ်းဖြေသည်။ လိုင်းပေါ်တွင် အခြားသောသူများ၏ အရေမရ မဖတ်မရ စတေးတပ်များကို ဖတ်ပြီးနောက် စိတ်ရှုပ်လာပြီး လိုင်းပေါ်မှဆင်းကာ လက်ပ်တော့ပ်ကိုဖွင့်ကာ ဇာတ်ကားနည်းနည်းကြည့်သည်။ ဇာတ်လမ်းပြီးတော့ messenger ကိုဖွင့်ကြည့်လိုက်ပြန်သည်။ သူ့အကောင့်ကို မတွေ့ရသဖြင့် ကျေနပ်သလို စိတ်တိုသလို ခံစားလာရသည်။

“ဒီလို ဦးနှောက်မရှိတဲ့သူကို ငါဘာလို့ ပြန်ကြိုက်ခဲ့မိတာပါလိမ့်… ကောင်းတယ်။ တခါတည်း အကောင့်ဖျက်သွားရင်ပိုကောင်းမယ်.။”

သူရိန်စိတ်တိုတိုနှင့် ဖုန်းကိုချကာ ဇာတ်လမ်းနောက်တပုဒ်ဆက်ကြည့်စဉ် မက်ဆေ့ ၀င်လာသံကြားသဖြင့် ချက်ချင်းဖုန်းကိုကောက်ကိုင်လိုက်တော့ ကယ်တင်ရှင် မောင်မင်းကြီးသားထံမှဖြစ်သဖြင့် ပြန်ထူးလိုက်သည်။

“ကိုသူရိန်..”
“အင်း”
“ခုဘာလုပ်နေလဲ..”
“ဇာတ်ကားကြည့်နေတာ…”
“မအားဘူးလား…ညီ ပြောစရာရှိလို့.. ဟိုလူကြီးအကြောင်း…”

သူရိန် သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။ သူ့အခြားအကောင့်နှင့် ဟိုကောင်ဆီကို စာပို့ထားသည်ထင်သည်။ ဟိုလူက လူကြီးတန်မယ့် အကောင့်က သုံး၊လေးခုလောက်ရှိသည်ကို မိမိသိထားသည်။ ဖြစ်နိုင်သည်။ဒီလူကြီးက အချိုကြိုက်နှင့် ဟိုကောင်က သကြားခဲနှင့်အတော်ဖြစ်နေသည်ထင်သည်။ မိမိကိုစိတ်ပျက်သော်လည်း ကယ်တင်ရှင် ချစ်ဝိုင်ချိုလေးကို သွားအီနေပုံရသည်။ ထိုအတွေးက သူရိန်ကို နည်းနည်းအိုက်လာစေသည်။

“အားပါတယ်။ ပြောလေ။ မင်းကိုလာနှောက်ယှက်နေသေးတာလား။”

“မနှောက်ယှက်ပါဘူး ကိုသူရိန်ရဲ့။ အဲ့ဒါထူးဆန်းနေလို့ ။ သူ့အကောင့် active မဖြစ်တာ ၁ ရက်ကျော်ပြီမို့ မတော်လို့ တခုခုများလုပ်သွားပြီလားလို့ တွေးမိလို့ လှမ်းပြောတာ…”

“သူက အဲ့လောက်တုံးမယ့်ပုံပေါက်နေလို့လား။”

“ပြောမရဘူးလေ။ ကိုသူရိန်ကို အရမ်းစွဲလမ်းပြီး သတ်သေသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်တိုက်ခန်းအောက်မှာ ခွေးတွေအူလိုက်တာမှ။ ခါတိုင်းမအူပဲ ကနေ့မှ ထူးထူးခြားခြား။ ပြီးတော့ ညီ့စိတ်ထဲ မသိုးမသန့်နဲ့။ တယောက်ယောက်လိုက်ကြည့်နေသလို ခံစားနေရတယ်။ ဟိန်းလည်း စင်္ကာပူကို ခရီးသွားနေလို့ အိမ်မှာမရှိဘူး။ ညီကြောက်လို့ ကိုသူရိန်ကို စကားလှမ်းပြောတာ…”

သူပြောချိန်တွင် မိမိဌားနေသည့် အိမ်မှ အိမ်ရှင်၏ ခွေးလေး နှစ်ကောင်က စူးစူးဝါးဝါး အူလိုက်သဖြင့် သရဲမကြောက်သော်လည်း သူရိန် စိတ်အနှောက်ယှက်အတော်ဖြစ်လာမိသည်။ သို့သော် ဟိုကောင်ကြောက်နေမည်စိုးသဖြင့် သူ့ကိုလှမ်းပြောလိုက်သည်။

“မဟုတ်ပါဘူးကွာ။ ငါသူ့အကြောင်းသိပါတယ်။ သူက သတ်သေမယ်ဆိုရင်တောင် ငါ့ကိုလာနုတ်ဆက်ပြီးမှ သတ်သေမှာစိတ်ချ။ သူက စိတ်ဝင်စားခံချင်လို့ ဒရမ်မာချိုးတာနေမယ်။ ”

“အင်းပါ… မဟုတ်ရင်ပြီးတာပါပဲ။ မဟုတ်ရင် ညီ့ကြောင့် အပြစ်ကင်းတဲ့ လူတစ်ယောက် အသက်ဆုံးမှာစိုးလို့ပါ။”

အရေးထဲ ဒင်းက သူတော်ကောင်းလုပ်နေသေးသည်။ သူရိန် သူ့ကိုနှစ်သိမ့်ကာ လိုင်းပေါ်မှဆင်းကာ စက်ပိတ်ပြိးအိပ်ရန်ပြင်လိုက်သည်။ တော်ပြီ။ မနက်ဖြန်လည်း ဂျူတီ။ အိပ်ဦးမှာ။ တနေကုန် အလုပ်ပင်ပန်းသည့်အပြင် တယောက်ယောက်လိုက်ချောင်းသလို ခံစားရလို့ စိတ်မဖြောင့်ဖြစ်နေရသည်။ ထိုအတွေးပေါ်လာမှ သူရိန် မျက်လုံးနည်းနည်းပြူးသွားသည်။ မိမိနောက်ကျောမလုံတာ သူ ၀ိဥာဉ်ဖြစ်ပြီး လိုက်ချောင်းနေတာတော့ မဟုတ်တန်ကောင်းဟု တွေးကာ အိပ်ပျော်အောင်ကြိုးစားလိုက်သည်။

အိပ်မက်ထဲတွင် ထိုလူကို ရန်တွေ့နေမိသည်။ သူက မိမိရန်တွေ့သမျှ တခွန်းမှ ပြန်မပြောပဲ တွေတွေကြီးစိုက်ကြည့်နေပုံက တမလွန်ကိုသွားခါနီးနူတ်ဆက်နေသလိုထင်လာရပြီး သူ့လက်ကိုလှမ်းကိုင်လိုက်စဉ် အေးစက်သည့် အသားကိုထိမိသဖြင့် သူရိန်လန့်သွားသည်။ သူရိန်ကြည့်နေဆဲမှာပင် သူ့မျက်နှာဖောင်းပွလာပြီး ပေါင်မုန့်ရေစိမ်လို ပွတတဖြစ်လာပြီး မျက်လုံးများက ပြူးအစ်လာပြီး မျက်လုံးအိမ်ထဲမှ ထွက်ကျလာသည်။ သူ့ကိုယ်ကြီးကလည်းသုံးဆမက ဖောင်းကားလာပြီး အရည်များက မျက်စိ၊ နား၊နှာခေါင်း၊ ပါးစပ်များမှ ကျိချွဲချွဲအရည်များစီးကျလာခဲ့သည်ကို တွေ့ပြီး သူရန် နောက်ကိုယောင်ပြီးဆုတ်လိုက်စဉ် ချောက်ထဲပြုတ်ကျပြီး နိုးလာခဲ့သည်။

“ဟောသည်က ပဲပြုတ်…..”

ပဲပြုတ်သည်၏ အသံကြောင့် နိုးလာခြင်းဖြစ်ပြီး သူ၇ိန်သက်ပြင်းချလိုက်မိသည်။ တော်သေးသည်။ အိပ်မက်ဖြစ်လို့ ။ ချက်ချင်း ဖုန်းကိုဖွင့်ပြီးသူ့အကောင့်ကိုကြည့်တော့ လိုင်းမတက်တာ ၂ ရက်ကျော်ပြီးဆိုသည့် စာသားက သူရိန်ကို စိတ်ပူစပြုလာစေသည်။

“ခင်ဗျား ဘယ်နားသွားသေနေတာလဲ… လိုင်းမတက်တာ ၂ ရက်ကျော်ပြီ…”

ထိုစာကိုရိုက်ပြိးနောက် သူရိန် စိတ်ပြောင်းပြီးပြန်ဖျက်လိုက်သည်။ သူ့ဖာသာ လိုင်းမတက်တာ ၂ ရက်နှင့် မိမိစိတ်ပူသည်ဟု ထင်သွားလျှင် မိမိနားတွင် ပြည်ကြီးငါးလို ကပ်နေဦးမည်ကို တွေးကာ သူ့ကိုအတွေးထဲမှ ထုတ်လိုက်သည်။
သို့သော် တနေကုန်လည်း သူရိန်ကို မမြင်ရသည့် လူတယောက်စောင့်ကြည့်နေသလို ခံစားရစေပြီး စိတ်မဖြောင့်သလိုဖြစ်တာ ပိုပိုဆိုးလာခဲ့သည်။ အရာရာကိုရိုးရှင်းကာ သေချာချင်သည့် စိတ်ရှိသူပီပီ သူသေသလား၊ ရှင်သလားကိုလည်း သေချာသိချင်လာသည်။ သူစာရေးသည့် ပေ့ခ်ျကိုကြည့်မိတော့ active မဖြစ်။ စာမတင်တာ သုံးရက်ကြာပြီတဲ့။ ပြိးတော့ သူ့အကောင့်လည်း လုံးဝသက်ဝင်လှုပ်ရှားခြင်းမဖြစ်တော့ပေ။

“ခင်ဗျား တကယ်ပဲ မဟုတ်တာတော့ မလုပ်လောက်ပါဘူးနော်… လူကြီး.. ခင်ဗျားအတယ် ဆိုပေမယ့် ဒီလောက်တော့ မအ ဘူးထင်ပါတယ်..”

သူရိန် ထမင်းစားရင်းဖုန်းကိုဖွင့်ကြည့်ကာ သူ့ကိုစိတ်ထဲမှပြောနေမိသည်။ သို့သော် တကယ်ကြီးကို သူ့အကောင့်က မီးလုံးဝမစိမ်းလာခဲ့ပါ။ သူနောက်ဆုံးနူတ်ဆက်ထားသည့် စကားလုံးကိုကြည့်ပြီး သက်ပြင်းသာရှိုက်မိသည်။ စိတ်ထဲတွင် မိမိလိမ်လိုက်မိသည့်အတွက် သူတခုခုဖြစ်သွားမည်ကိုစိုး၇ိမ်သည့်စိတ်က တိုးတိုးလာခဲ့သည်။ သူနှင့်ပတ်သတ်သည့်လူများ၏ အကောင့်ကို တစေ့တစောင်းကြည့်လိုက်သော်လည်း မည်သူမှ သူပျောက်နေတာ သုံးရက်ရှိသည်ကို သတိတောင်မထားမိကြပေ။

“ခင်ဗျားရဲ့ ခင်လှပါချည်ရဲ့ဆိုတဲ့သူတွေက ခင်ဗျား ပျောက်နေတာ သုံးရက်ရှိတာကိုမသိဘူးတဲ့။ ခင်ဗျားကိုမေးမယ့်လူ တယောက်လေးတောင် မထားနိုင်ဘူးလားဗျာ.”

သူရိန်သူ့ကိုလှမ်းပြောနေမိသည်။ အရင်က တကျီကျီလုပ်လွန်းသည့်သူက မိမိအနားလုံးဝပျောက်ကွယ်သွားတော့ ပြဇာတ်ဆန်ဆန်သက်ရောက်မှုရှိလာသည်။ မိမိစိတ်ထဲ တခုခုမပြည့်စုံသလို ခံစားလာရသည်။ သူ့ကိုလိမ်ထားသည့်အတွက် စိတ်မဖြောင့်သည်က သူရိန်ကိုနှိပ်စက်လာခဲ့သည်။ ၀န်ခံချင်သည်။ သူ့ကိုအမှန်တိုင်းဝန်ခံပြီးအပြတ်တခါတည်းဖြတ်လိုက်ချင်သည်။

“ခင်ဗျားကို ၀န်ခံစရာရှိလို့ လိုင်းတက်ခဲ့စမ်းပါဗျာ…”

သူရိန်သည် သူ့အကောင့်ကိုကြည့်ကာပြောနေသော်လည်း သူက လုံးဝကို ပြန်မထူးနိုင်ခဲ့ပါ။ သူရိန် ဘယ်နှစ်ကြိမ်မှန်းမသိသည့် သက်ပြင်းကိုချမိသည်။ တနေကုန် စိတ်လေးကာ မျက်လုံးအောက်မှ လှုပ်နေသဖြင့် နိမိတ်မကောင်းစွာ လူလည်းလေးလံလို့နေသည်။ သူရိန် သက်ပြင်းကို ထပ်ချမိပြန်သည်။

အလုပ်ဆင်းတော့ မြစ်ကမ်းနားတွင် သွားထိုင်နေလိုက်သည်။ မွန်းကြပ်သည်။ အေးချမ်းသည့်စိတ်အခြေနေက လှုပ်ခတ်စပြုလာသည်။ နောက်ကျိလာသည်။ ဖုန်းကိုနောက်တကြိမ်ထုတ်ကြည့်ပြန်သည်။ သူ့အကောင့် သက်ဝင်လှုပ်ရှားခြင်းမရှိသည်ကို တွေ့တော့ သက်ပြင်းထပ်ချမိသည်။ မိုးချုပ်သွားသည်အထိ မြစ်ပြင်ကိုငေးကြည့်ရင်း သူ့အကြောင်းကို ပြန်တွေးနေမိသည်။ သူ… မိမိကို တဖက်သတ်ချစ်နေသည့် သူ…..

မိမိချစ်သူကြောင့် စိတ်ညစ်နေခိုက် စိတ်ပြေလက်ပျောက်သူ့နားကိုသွားခဲ့သည်။ စိတ်လည်းလေနေသဖြင့် မိမိကို ချစ်ပါသည်ဟု ဆိုသည့်သူက ညစ်နေသည့် စိတ်ကို ပျောက်စေမယ်ထင်လို့ သူနဲ့တွဲခဲ့မိသည်။ မိမိနှင့် စရိုက်ခြင်းဆန့်ကျင်ဘက်လူကို တွဲမိသဖြင့် သူရိန်အကြိမ်ကြိမ်နောင်တရခဲ့မိသည်။

လိုင်းပေါ်မှာခင်သည့် ကလေးတွေနှင့် တရုန်းရုန်း။ သူ့အသက်အရွယ်နှင့်မလိုက်ဖက်သည့် စတေးတပ်များကို လျှောက်တင်ကာ ခွီနေသည့်သူ။ ကလေးများကလည်းသူ့ဆို နည်းနည်းလေးမှ လေးစားခြင်းမရှိ၊ ထိပ်ပုတ်ခေါင်းပုတ်၊ လုပ်ချင်တာလုပ်ပြီး ပြောချင်သလိုပြောသည်ကို နွားပြာကြိးအောက်သွား မရှိသလို တဟီးဟီးနှင့်ပီတိဖြစ်နေတတ်သည့် သူ့ကို သူ၇ိန်အရမ်း အမြင်ကတ်ခဲ့သည်။ သူ့ကို တည်တည်တံ့တံ့နေစေချင်သည်။ ဘာကြောင့်လဲ ဆိုတော့ မိမိ၏ အရင်ချစ်သူက လူတကာလေးစားရသည့် လူရှိန်သည့်သူဖြစ်သောကြောင့် ယခုလို လူရွှင်တော်လိုလူကိုတွေ့တော့ ဘယ်လိုမှကိုကြည့်မရအောင်ဖြစ်မိသည်။

သူရိန်သည် သူနှင့်တွဲမိပြီးမှတော့ အတတ်နိုင်ဆုံးပြင်ကြည့်သေးသည်။ ချိုချိုသာသာ အကျိုးသင့် အကြောင်းသင့်ပြောလျှင် နားမထောင်သည့် သူကို လမ်းခွဲရန်ကြံခဲ့သော်လည်း မိမိကြမ်းလျှင် ပြန်ငြိမ်ပြိး အထပ်ထပ် ကတိပေးလိုက်။ မိမိက ပြန်တွဲလိုက်နှင့် သံသရာလည်နေစဉ် တကယ့်ကို သည်းမခံနိုင်သည့်နေ့ရက်များကြုံလာသောအခါ သူ့ကို ကောင်းကောင်းပြောကာလမ်းခွဲခဲ့သည်။ တကယ်လည်း မိမိသူ့ကိုခံစားလို့မရပါ။ ဒါကြောင့် အသည်းကွဲသဖြင့် တွဲနေသည့် အတွဲကို ၇ှင်းလိုက်ခြင်းဖြစ်သည်။ သို့သော်သူက လုံးဝလက်မခံသဖြင့် အခြားကောင်လေး၏ အကူညီကိုယူပြီး ရှင်းပစ်လိုက်သည်။

“အင်း… တကယ်ဆို ကျွန်တော့်ပုံစံအတိုင်း ခင်ဗျားကို အပြတ်ရှင်းရမှာ။ ခုလို လိမ်လည်ပြီးရှင်းလိုက်တာ မှားပြိထင်တယ်။ ”

သူရိန် တယောက်တည်းပြောရင် သူ့အကောင့်ထဲမှ သူတင်ထားသည်ကိုပြန်ဖတ်ရင်း တဖြည်းဖြည်း စိတ်တို့ တမျိုးဖြစ်လာခဲ့သည်။ သူ၏ ပေါ့ပျက်ပျက် အနေအထိုင် အပြောအဆိုများထဲမှ မိမိအတွက် သူနာကျင်ကာရေးသားထားသည်တို့က မိမိချစ်သူကြောင့် မိမိနာကျင်ရသည်တို့နှင့် တထပ်တည်းဖြစ်နေသည်ကို တွေ့ရသောအခါ သူ့ကို ပထမဆုံးကိုယ်ချင်းစာလာမိသည်။ သူ မိမိကို တကယ်ချစ်သည်ကိုလည်းခံစားမိလာသည်။

“ကျွန်တော် မှားသွားပြီထင်တယ်…”

သူရိန်ထိုစကားကိုသာ ဆိုပြီးခေါင်းငိုက်စိုက်ကျသွားတော့သည်။ တကယ်ပဲ မိမိမှားသွားပြီလား။ သူရိန် မှောင်လာတော့မှ အိမ်ကိုပြန်လာခဲ့သည်။ တညလုံး အပြစ်မကင်းသည့်စိတ်ဖြင့် အိပ်မပျော်နိုင်ပဲ လူးလိမ့်လို့နေသည်။
--------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet