အရိပ်ကလေး ဖြစ်ပါရစေ (11)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (11)

“ခင်ဗျား ဘာလို့ `အ´ရတာလဲဗျာ။ တကယ်ဆိုရင် ခင်ဗျားက လုပ်ငန်းခွင်ဝင်နေတဲ့သူလေ။ သူများပြောတိုင်းယုံရအောင် အသိဥာဏ်နည်းရလား။ အခု ခင်ဗျား ဘယ်နားသွားသေနေတာလဲ။ တကယ်ပဲ ကျွန်တော့်ကြောင့် သေလမ်းသွားလိုက်ပြီလား..”

ထိုလူကိုမကျေမနပ်ရန်လုပ်ရင်း အိပ်စက်မဲ့ညကိုသူရိန်ဖြတ်သန်းနေရသည်။ အိပ်မပျော်သည့်ညက ရှည်လွန်းလှသည်။ အိပ်မပျော်သူအဖို့ အိပ်ယာက ငရဲတစ်ထပ်ဆိုတာကို ဟိုလူနားလည်နိုင်ပါ့မလား။ အမြဲတမ်းအချိန်ဇယားနှင့်အတိအကျ အလုပ်လုပ်တတ်ပြီး စားချိန်၊အိပ်ချိန်မှန်ဖို့ မိမိကိုအမြဲဂရုစိုက်တတ်သည့်သူက အခုလိုတညလုံးအိပ်မရတာကို မြင်လျှင် ဘာပြောမည်နည်း။

“ခင်ဗျားကြောင့် ကျွန်တော် တညလုံးအိပ်မရတော့ဘူး။ ကျေနပ်ပြီလား။ ချစ်လှချည်ရဲ့ဆိုပြီး အတင်းကိုလာပတ်သတ်တဲ့ အကျိုးဆက်ကို တမလွန်ကနေ ခင်ဗျားမြင်ရပြီလား။ ကျေးဇူးပြုပြီး မသေပါနဲ့ဦး။ ကျွန်တော့်ကြောင့်ဆိုပြီး တရားခံတော့မရှာပါနဲ့ဗျာ။ ခင်ဗျားဖာသာ စိတ်အခြေခံအဆောက်အအုံမခိုင်မာလို့ သေချင်နေတာကို ကျွန်တော့်ကြောင့် ဆိုပြီး နာမည်မတပ်ပါနဲ့ဗျာ။ ကျွန်တော့်ကိုချစ်ပါဆိုပြီး ခင်ဗျားကို တစ်ခါမှမဆွဲဆောင်ဖူးပါဘူး။ ခင်ဗျားဖာသာချစ်လှချည်ရဲ့ဆိုပြီး အနားလာခဲ့သူပါ။ ကျွန်တော်နဲ့ခင်ဗျားက အွန်လိုင်းပေါ်က ဒီလိုပဲသဘောတူလို့တွဲခဲ့ကြသူတွေပဲလေ။ စိတ်သဘောထား မတိုက်ဆိုင်တဲ့အခါ၊ မချစ်တော့တဲ့အခါ လမ်းခွဲကြမယ်လို့ သဘောတူပြီးတွဲတဲ့သူတွေလေ။ ခင်ဗျား ကျေးဇူးပြုပြီး အလေးအနက်ကြီး လာမလုပ်ပါနဲ့လားဗျာ…”
သူရိန် သက်ပြင်းရှည်ကြီးကိုချကာ ပြတင်းပေါက်ကိုဖွင့်ကာ မွန်းကြပ်သည့်ရင်ကြောင့် စီးကရက်ကိုမီးညှိကာ ရှိုက်ဖွာလိုက်သည်။ ပုံမှန်အားဖြင့် စီးကရက်သောက်တာကိုမကြိုက်သော်လည်း စိတ်ရှုပ်နေသည့်အခါ မိီးခိုးငွေ့လေးတွေကို မှုတ်ထုတ်ကာ လေထဲလွင့်ပျယ်သွားသည့် မီးခိုးငွေ့များကိုသဘောကျသဖြင့် အတော်စိတ်ရှုပ်သည့်အခါတွင် စီးကရက်ဖွာလေ့ရှိသည်။

“ကျွန်တော် ခင်ဗျားကို မကြိုက်ဘူးဆိုတာ ခုလိုပြသနာတစ်ခုကို သေချာသွေးအေးအေးမဖြေရှင်းပဲ တဖက်သတ်အမြင်နဲ့ စိတ်လိုက်မန်ပါ လုပ်တတ်တာကိုပဲ။ ကျွန်တော့်ထက် အသက်အများကြီးကြီးလျက်နဲ့ ကျွန်တော့်ကိုမထိန်းပဲ ကျွန်တော်က ခင်ဗျားကိုပြန်ထိန်းနေရတာ ဘယ်လိုဖြစ်နိုင်မှာလဲဗျာ။”

သူရိန် မရှိသည့်လူကိုတိုင်တည်ကာပြောနေမိသည်။ တကယ်လို့သူသေသွားခဲ့လျှင်ဆိုသည့် အတွေးက စိတ်ကိုဖိစီးလွန်းလှသည်။ ဒီလူ ဒီလောက်တုန်းမယ်မှန်းသိလျှင် ဗြောင်ပြောလိုက်တာပေါ့ဟု တွေးကာနောင်တရနေမိသည်။ တကယ်ဆို မိမိဘ၀၊ မိမိပြသနာကို မိမိစတိုင်နဲ့ပဲဖြေရှင်းရမည်ကို သူများကိုအားကိုးမိလိုက်သည့် နောက်ဆက်တွဲအကျိုးဆက်က ရင်ပူစရာကောင်းလှသည်။ သက်ပြင်းအကြိမ်တရာချသည့်တိုင်း ပေါ့မသွားအောင်ကိုလုပ်နိုင်စွမ်းသည့်လူကြီးကို တခါလောက် မျက်နှာချင်းဆိုင်ပြီး စုတ်ပြတ်သတ်သွားအောင်ပြောလိုက်ချင်သည်။ယခုတော့..ဒင်းက သာယာနေပြီး ကိုယ်က အိပ်ယာပေါ်တက်မရသည့် ငရဲကိုခံစားနေရသည်။

မနက် အလုပ်ကိုရောက်ရောက်ချင်းလန်းသွားအောင် ကော်ဖီတစ်ခွက်ဖျော်သောက်လိုက်သည်။

“ကော်ဖီမစ်တွေ သောက်လို့ပါလား သူရိန်။ ထူးထူးဆန်းဆန်း ဆု ကော်ဖီ ကုန်သွားလို့လား..”

“ရှိတယ်အကို။ ဆုနဲ့မရလို့။ အပြင်းသောက်နေတာ..”

“ညက အိပ်ရေးပျက်လို့လား”

“အိပ်ကို မအိပ်ရသေးတာ အကို..”

“ဘယ်လိုဖြစ်တာလဲ။ မင်းရည်းစား လင်နောက်လိုက်သွားလို့လား..

ခင်နေသည့် အကိုက စနောက်ရင်း ပြောလိုက်သည်ကိုကြားသော် သူရိန် ခပ်သဲ့သဲ့သာပြုံးလိုက်မိသည်။ မိမိကလိင်တူနှစ်သက်သူ ဆိုတာ မည်သူမှမသိသဖြင့် ယခုလိုပြောဆိုနေကြသည်။ သူရိန်က ပြုံးရယ်ပြီး ပြန်ဖြေလိုက်သည်။

“ဘယ်ရည်းစားမှမရှိပါဘူး အကိုရာ.. ဟိုနေ့က ကိုယ့်ဖာသာသတ်သေတဲ့လူကို စိတ်စွဲပြီး အိပ်မက်တွေမက်နေလို့..”

“မင်းက သရဲဆိုတာကို အယုံကြည်ရှိတာလားကွ..”

“မယုံပါဘူး။ ဒါပေမယ့် သေခြင်းထဲမှာ ရေနစ်သေတာကို ကျွန်တော်သဘောမကျလို့။”

“အေး… အကိုလည်း မီးလောင်သေရတာကို သဘောမကျဘူးကွ…ကဲ..ကဲ… မနက်စောစော စိတ်ညစ်စရာတွေလျှောက်ပြောမနေနဲ့တော့.။ မနက်စာစားခဲ့ရဲ့လား။ မစားရသေးရင် မုန့်ယူစား။ ကနေ့ အလုပ်များနိုင်တယ်..”

“အလုပ်ကတော့ အမြဲများနေတာပဲဗျာ..”

သူရိန် ကော်ဖီကို အကုန်မော့ပြီး ဆေးကျောရင်းပြောလိုက်သည်။ ဟုတ်သည်။ ၂၄ နာရီလုံး အလုပ်ဖိအားကြားမှ လွတ်မြောက်ရန် အွန်လိုင်းတက်မိရာမှာ ဟိုလူကြီးကို တွဲလိုက်မိခြင်းဖြစ်သည်။ သူရိန်သူ့အကြောင်းတွေးရင်း သက်ပြင်းချလိုက်မိသည်။

ရှည်လျားလှသည့် တနေ့တာအလုပ်အပြီး သူ့အကြောင်းက၀င်လာပြန်သည်။ ဒါကြောင့် ကမ်းနားလမ်းကို နောက်တခေါက်လာမိသည်။ ထိုင်ခုံလေးတွေမှာထိုင်ပြီး ရေပြင်ကိုငေးကြည့်ရင်း တမလွန်မှာ ဘာတွေရှိမလဲဆိုတာကို သိချင်လာသည်။ သူရိန်သည် လက်ရန်းနားအထိသွားပြီး ရေကိုငုံကြည့်နေစဉ် ရုတ်တရက် နိုတီတက်သည့်အသံကိုကြား လိုက်ရသည်။

သူရိန်ကိုင်ချင်စိတ်မရှိပါ။ လောလောဆည် မိမိကိုအဆွဲငင်နိုင်ဆုံးက ရေပြင်ကျယ်ကြီးဖြစ်သည်။ မိမိလက်ရှိကြုံနေရသည့် အခက်အခဲများ၊အကြပ်အတည်းများ၊ အဆင်မပြေမှုများကို ဖြေရှင်းပေးပါမည်ဆိုပြီး သဘောကောင်းစွာဖြင့် မိမိကိုဆွဲဆောင် ငြို့ငင်နေသည့် ရေပြင်ကိုသာငေးကြည့်နေမိသည်။ ရေမွန်းတယ်ဆိုတာ ထင်သလောက်လည်းမဆိုးလောက်ပါဘူးဟု တွေးမိစဉ် Noti က ဆက်တိုက်တက်လာခဲ့သဖြင့် အတွေးအာရုံပင်အနောက်ယှက်ဖြစ်လာခဲ့ပြီး စိတ်တိုတိုနှင့်ဖုန်းကိုကြည့်လိုက်မိစဉ် မျက်လုံးပြူးသွားခဲ့သည်။

“မင်း ဘာလုပ်ဖို့ကြံနေတာလဲ… ခုချက်ချင်း နောက်ကိုပြန်ဆုတ်စမ်း..”

ထိုစာကိုကြည့်ပြီး သူရိန်ကြောင်နေမိသည်။ Active မဖြစ်တာ ၃ ရက်ကြာနေသည့်အကောင့်က မီးစိမ်းနေပြီ။ မိမိကိုလှမ်းပြောလိုက်သည့် စကားကြောင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ရှာလိုက်စဉ် မည်သူ့ကိုမှမတွေ့ရပေ။

“ခင်ဗျား..ဘယ်မှာလဲ..”

သူရိန် သူ့ကိုမေးလိုက်သည်။ သူ မိိမိကိုစောင့်ကြည့်နေတာ သေချာသည်။ စိတ်သက်သာသွားခြင်းနှင့်အတူ ဒေါသက တစိမ့်စိမ့်ထွက်လာခဲ့သည်။ တဖက်ကပြန်မဖြေသောအခါ သူရိန်ဥာဏ်သုံးရတော့သည်။ ဖုန်းကို လိုင်းပိတ်ပြီး ရေပြင်ဘက်ကိုပြန်လှည့်လိုက်သည်။ ညမိုးချုပ်စပြုလာလို့ သူရိန်ရှိသည့်အပိုင်းက လူရှင်းနေပြီ။ သူရိန် ဖုန်းကို ထိုင်ခုံလေးမှာချကာ သံတိုင်အကာအရံကိုကျော်လိုက်ပြီး သံတန်းကို လက်နောက်ပြန်ကိုင်ထားပြီး ရေပြင်ကိုကြည့်ကာ ခုန်ချဟန်ပြင်လိုက်စဉ် ပြေးလာသည့် အသံကိုကြားလိုက်ပြီး လက်ကောက်ဝတ်ကို ခိုင်မာစွာဆုပ်ကိုင်လိုက်သည်ကို သိလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ…”

“ခင်ဗျားနဲ့ဘာဆိုင်လဲ…”

“ဆိုင်တယ်..မင်းက ငါချစ်ရတဲ့သူမို့.”

ထိုစကားကိုကြားသောအခါ သူရိန်ချက်ချင်းနောက်ကိုလှည့်ကြည့်လိုက်သည်။ တကယ်ပဲ..သူဖြစ်နေသည်။ သူ… သတ်ပစ်ချင်လောက်အောင်ကို တုံးအပြီး မိမိကို စိတ်မသက်မသာဖြစ်အောင်လုပ်သည့်သူ…

“မင်းသဘောမကျလို့ ကျုပ်မင်းကို လာမနှောက်ယှက်တော့တာတောင် ဘာကြောင့် ခုလို မိုက်မိုက်ကန်းကန်းကြုံရတာလဲ…”

“ခင်ဗျားကြောင့်…”

သူရိန် သူ့ကိုစေ့စေ့ကြည့်ကာပြောလိုက်သည်။ သူက နားမလည်ဟန်ဖြင့်ငေးကြည့်ပြီး သူရိန်ကိုပြောလိုက်သည်။

“အရင်ဆုံး ဒီဘက်ကိုပြန်လာခဲ့ပါ။ ပြီးရင် မင်းနောက်ထပ် စိတ်အနှောက်ယှက်မဖြစ်အောင် ကိုယ်အပြီးပိုင် အကောင့်ကိုဖျက်ပေးပါ့မယ်…”

“ခင်ဗျားခိုင်းတာကိုဘာကြောင့်လုပ်ပေးရမှာလဲ.. ခင်ဗျားနဲ့ကျွန်တော်က ဘာဆိုင်လို့လဲ…”

သူရိန့်စကားကြောင့် သူမျက်နှာပျက်သွားသော်လည်း ထပ်ပြီးတောင်းပန်ကာ မိမိကိုပြန်ခေါ်နေသည်။

“ကိုယ်လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။ မင်း ပြန်လာခဲ့ပါ။ ပြီးမှ စကားပြောကြတာပေါ့…”

“ခင်ဗျား အရင်ဖြေ။ ခင်ဗျားရဲ့စကားကို ကျွန်တော်ဘာကြောင့် နားထောင်သင့်တယ်ဆိုတာ..”

သူအကြံအိုက်သွားဟန်ဖြင့် ငြိမ်ကြည့်နေပုံကိုတွေ့သော် ကိုင်ဆောင့်ချင်လာသည်။ ဒီလူ တကယ်ပဲ ကျပ်မပြည့်တာလားဟု တွေးမိသည်။ မိမိက သူထွက်လာအောင် ဥာဏ်ဆင်တာကို သတ်သေဖို့ကြံသည်ဟု တကယ်ထင်နေပုံရသည်။ ဒါကြောင့်ဒင်းကိုကြပ်ရဦးမည်။

“ကိုယ်က မင်းအတွက် ဘာမှမဟုတ်တဲ့သူဆိုတာ နားလည်ပါတယ်။ ကိုယ်က မင်းနဲ့မတန်ဘူးဆိုတာလည်းသိပါတယ်။ ကိုယ့်ကြောင့် မင်းဘယ်လောက်ထိခိုက်သွားတယ်ဆိုတာလည်း သိပါတယ်။ ဒါကြောင့် မင်းနားက အပြီးမထွက်ရသေးခင် မင်းမျက်နှာကို တခါလောက်မြင်ချင်လို့လာခဲ့တာပါ။ မင်းသတ်မသေပါနဲ့၊ လုပ်ရမယ့်သူက ကိုယ်ပါ… မင်းက အကောင်းဆုံးဆိုတာတွေနဲ့ထိုက်တန်သူပါ။ ”

သူရိန် သူ့စကားကိုကြားသော် လက်မြှောက်လိုက်ရတော့သည်။ သူ့စကားများကိုကြားသော် သူ့ကိုကိုင်ဆောင့်ချင်စိတ်က ထိန်းမရအောင်ဖြစ်လာလို့ သူရိန် သံတိုင်များကိုပြန်ကျော်ဝင်လာခဲ့သည်။

သူက သူရိန်ပြန်ကျော်ဝင်လာလို့ စိတ်သက်သာရာရသွားပုံရသည်။ သူရိန့်ကိုငေးကြည့်ရင်းလက်ကိုအသာလွှတ်ပေးပြီး ခေါင်းငိုက်စိုက်ဖြင့်လှည့်ထွက်သွားတော့သည်။

“ဟေ့လူ..ဘယ်ကိုသွားမလို့လဲ…

“မင်း ကိုယ့်မျက်နှာကိုမြင်နေရရင် စိတ်ပျက်မှာစိုးလို့ ထွက်သွားမလို့…”

“ခင်ဗျားကို ဘယ်သူက သွားခိုင်းနေလို့လဲ။ ပြန်လာ။ ခင်ဗျားကိုကျွန်တော် ပြောစရာရှိတယ်…”

သူ အံ့အားသင့်ဟန်ဖြင့် ပြန်လှည့်လာခဲ့တော့ သူရိန်က မိမိနံဘေးကိုညွှန်ပြလိုက်တော့ ၀င်ထိုင်ကာငြိမ်နေသည်။ သူရိန်သည် ဘေးတိုက်မြင်နေရသည့် ယောကျာ်းဆန်သည့်သူ့မျက်နှာကို ငေးကြည့်ကာ စိတ်သက်သာရာရခြင်းကိုခံစားလိုက်ရသည်။ တော်သေးသည်။ မိမိကြောင့် လူတစ်ယောက်သေသွားသည်ဆိုပြီး တသက်လုံး စိတ်ညစ်စရာမလိုတော့ပေ။

“ခင်ဗျား…ဘာကြောင့် လိုင်းမတက်တာလဲ…”

“ကိုယ် စိတ်အရမ်းညစ်သွားလို့…”

“ဘာဖြစ်လို့ စိတ်ညစ်တာလဲ…”

“မင်း ကိုယ့်ကိုယ်ဘယ်လောက်မတွေ့ချင်တော့တာလဲ ဆိုတာသိလိုက်ရလို့.. အရမ်းကို စိတ်ညစ်သွားလို့ အမူးသောက်ပြိး ဟိုတယ်ခန်းထဲက မထွက်တမ်းနေနေတာ..”

သူ့စကားကြောင့် သူရိန်ဒေါသထွက်သွားသည်။ မိိမိကသာစိတ်ပူနေသည်။ဒင်းက အရက်သောက်နေတာကိုး.

“သြေ..ကောင်းတယ်..ခင်ဗျား စာလေးတော့ချန်ထားဦးမှပေါ့.. အခုက နူတ်ဆက်ပြီး မပြောမဆိုနဲ့ဆင်းသွားတာ ကိုယ့်ဖာသာများသတ်သေတာလား ဆိုပြီး ကျွန်တော့်မှ အပြစ်မကင်းစိတ်နဲ့ အိပ်လို့တောင်မပျော်ဘူး…”

သူရိန့်စကားကြောင့် သူ့မျက်နှာမော့လာပြီး ပြုံးလာခဲ့သည်။ မယုံမရဲအမူယာဖြင့် မေးခဲ့သည်။

“ကိုယ့်ကိုသတိရနေတာလား။ စိတ်ပူနေတာလား ကလေး…”

သူ့အမေးကြောင့် သူရိန်စကားမှာသွားတာ သိလိုက်ကာ ဘုပြောလိုက်သည်။

“ခင်ဗျားကို ဘာကြောင့် စိတ်ပူရမှာလဲ။ ခင်ဗျားကိုယ်ကို ဘာလုပ်လုပ်ပါ။ ကျွန်တော်နဲ့မဆိုင်ဘူး။ ကျွန်တော် ခင်ဗျားကို ၀န်ခံစရာရှိလို့ပါ…”

“ဘာဝန်ခံစရာရှိလို့လဲ…”

“အကောင့်နောက်က လူသုံးယောက်ဆိုတဲ့အကြောင်းပါ။ တကယ်တော့ မဟုတ်ပါဘူး။ ခင်ဗျား လိုက်တွယ်ကပ်နေတာကို
မခံနို်င်လွန်းလို့ ကျွန်တော် လိမ်ပြောခဲ့တာပါ..”

“ဟိုကောင် ဘယ်လိုသိနေတာလဲ။ အဲ့ထဲ သူပါတယ်မလား.”

“သူ.. ကျွန်တော့်ကိုကူညီပေးတာပါ… တကယ်တော့ ကျွန်တော့်အကောင့်ပါပဲ…ဘယ်သူမှမရှိပါဘူး..”

သူက ငေးစိုက်ကြည့်ပြီးပြောလိုက်သည့်စကားကြောင့် သူရိန် ငြိမ်သွားခဲ့သည်။

“ကိုယ်အစကတည်းကရိပ်မိပါတယ်။ မင်းရဲ့အရေးအသားနဲ့ အတွေးအခေါ်က ဘယ်လိုလုပ်ပြီး အခြားလူဖြစ်နိုင်မလဲ။ မင်းကို ကိုယ်အမြဲသိလာခဲ့တာပါ။”

“ဒါပေမယ့် ခင်ဗျား တွေဝေသွားသေးတယ်မလား..”

“ဟင့်အင်း.. နည်းနည်းမှမတွေဝေဘူး။ ဟိုကောင်ဘာကြောင့်ဝင်ပါတယ်ဆိုတာပဲ မသိတာ။ မပတ်သတ်ချင်လို့ကို သွားမမေးတာ။
မင်းသဘောမကျတဲ့ ကိုယ့်ကိုဖယ်ထုတ်ဖို့မင်း ဟိုအကောင်ကိုတောင် အကူညီတောင်းတဲ့ထိဆိုတော့ ကိုယ့်ပေါ်ကို ဘယ်လောက်ခါးသီးမယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် မပြန်ခင် မင်းကိုလာနူတ်ဆက်မလို့ကြံပေမယ့် ထွက်မလာရဲလို့ အဝေးက ကြည့်နေတာ…”

“နေဦး။ ခင်ဗျား ဘယ်အချိန်ကတည်းကရောက်နေတာလဲ…”

“၅ ရက်ရှိပြီ…”

သူရိန်သူပြောတာကိုနားလည်သွားသည်။ သူ မိမိကို အရင်စောင့်ကြည့်နေခဲ့သည်။ ဒါကြောင့် ဟိုကောင်ပြောနေတာ တကယ်မဟုတ်ဘူးဆိုတာကို သိသွားခြင်းဖြစ်ရမည်။

“ခင်ဗျားကျွန်တော့်ကိုလိုက်ချောင်းနေတာလား…”

သူမလုံမလဲဖြစ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ သူရိန်စိတ်တိုရမလား၊ ၀မ်းသာရမလား မသိတော့ပေ။

“ခင်ဗျား ဘာတွေ့လဲ…”

“မင်းပြောသလို ခေါင်းမဖော်တမ်း အလုပ်များနေတာကိုတွေ့တယ်။ ပြီးတော့ လူုနာတွေကို သေချာဂရုစိုက်တဲ့ ဆရာဝန်လေးကို တွေ့တယ်…”

“ကျွန်တော်အလုပ်ပင်ပန်းတာထက် ခင်ဗျားကြောင့်ပိုပင်ပန်းခဲ့ရတာ ”

“တောင်းပန်ပါတယ် ကလေး.. ကိုယ် မင်းကို ထပ်ပြီးမနှောက်ယှက်တော့ပါဘူး…”

“အဲ့ဒါကြောင့်မဟုတ်ဘူး။ ခင်ဗျား သတ်သေသွားတယ်ထင်ပြီး ညက အိပ်တောင်မပျော်ဘူး။ ခင်ဗျားသေသွားရင် ကျွန်တော် တသက်လုံး စိတ်ထဲအပြစ်ရှိသလို ခံစားနေရတော့မှာ.. ခင်ဗျား ကိုတောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို လိမ်ညာပြောပြီး ရှင်းပစ်ဖို့ကြံခဲ့ဖူးတယ်…”

“မင်းမှာ အပြစ်မရှိပါဘူး။ အားလုံးကိုယ့်အပြစ်ချည်းပါပဲ… တကယ်လို့ နောက်ထပ်အခွင့်အရေးများရရင် မင်းကို အစကနေပြန်ပေးဆပ်ချင်တယ်။ ဒါပေမယ့် ဒီအခွင့်အရေးက ကိုယ်မရနိုင်တော့ဘူးမလား။ ကိုယ့်ကို မင်းတောင်းပန်စရာမလိုပါဘူး။ အားလုံးကိုယ်မကောင်းခဲ့တာပါ။ ကိုယ်သွားတော့မယ်။ မင်းနဲ့ တခါလောက် တွေ့ပြီး စကားပြောချင်နေခဲ့တာ။ အခုပြောပြီးပြီဆိုတော့ .. ကိုယ်ပြန်တော့မယ်…”

သူက မပြောမဆို ထရပ်ကာ ခေါင်းငိုက်စိုက်နှင့်ထွက်သွားသဖြင့်သူရိန်သူ့ကို စိတ်တိုတိုနှင့်ပြန်ပြောလိုက်သည်။

“နောက်ထပ် အခွင့်ရေးမပေးဘူးလို့ ခင်ဗျားကို ကျွန်တော်ပြောမိလို့လား…”

သူချက်ချင်းပြန်လှည့်လာပြီး မျှော်လင့်ချက်ဖြင့်တောက်ပသည့် မျက်လုံးနှင့်မေးသည်။

“ဒါ..ဒါဆို…ကိုယ့်ကို နောက်ထပ် အခွင့်ရေးပေးနိုင်မလား ကလေး…”

မိမိကို ချစ်သည့်မျက်ဝန်း၊ သံယောဇဉ်ကြီးသည့် မျက်ဝန်း၊ ပြီးတော့ မိမိကိုတမ်းတသည့် မျက်ဝန်းတစ်စုံကိုတွေ့တော့ သူရိန် ခေါင်းငြိမ့်လိုက်မိသည်။ တဖြည်းဖြည်းပြုံးလိုက်ပြီး နူတ်ခမ်းမှအပြုံးက မျက်ဝန်းကိုပါကူးစက်သွားခဲ့သည့် သူ့ကိုကြည့်ပြီး မိမိ၏ဆုံးဖြတ်ချက်မှန်မည်ဟုယုံကြည်လိုက်သည်။

အားလုံးကိုကျေးဇူးတင်လျက်
May King

ပြီးပါပြီ။

-------------------------------
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet