Perhaps Love
Perhaps Love사랑인가요?
အချစ်ဆိုတာများလား?
그대 나와 같다면 시작인가요..
သူလည်းငါနဲ့ထပ်တူကျတယ်ဆို ဒါဟာအစများလား..
맘이 자꾸 그댈 사랑한대요
နှလုံးသားကခဏခဏပြောနေပြီ ချစ်နေပါတယ်တဲ့
온 세상이 듣도록 소리치네요
ဒီကမ္ဘာကြီးတစ်ခုလုံးကြားအောင် အော်ပြောလိုက်ချင်ပါတယ် ...
왜 이제야 들리죠 .. 우-
ဘာလို့များ အခုမှကြားရတာပါလိမ့်...OH...
서롤 만나기 위해
နှစ်ယောက်သားတွေ့ဆုံနိုင်ဖို့အတွက်
이제야 사랑 찾았다고
အခုမှ အချစ်ဆိုတာကို ရှာဖွေကြပါမယ်လို့...
From Perhaps Love : Princess Hours OST
~~••••••••••••••••••••••••••••••••••••••••••••••••••••••~~
ရထားပေါ်ကဆင်းလိုက်သည်နှင့် ခံစားရသောလေနုအေးတို့ကို ရိပေါ် တ၀ကြီးရှုသွင်းလိုက်သည် ။
"ကွမ်ချန်း"ဘူတာဟု ဆိုင်းဘုတ်တင်ထားသော ဒီဘူတာလေးမှာ လူသူအများအပြားရှိမနေခဲ့ ။
ဘူတာရုံကနေ ထွက်ခွာပြီးသည်နှင့် အမှတ်၇ ဘတ်စ်ကားကိုစီးဖို့ရာ ကားမှတ်တိုင်ဆီကို ရိပေါ် လျှောက်လာခဲ့သည် ။
ဒီ ကွမ်ချန်းမြို့လေးဟာ ရိပေါ်အတွက်တော့ အစိမ်းသက်သက်မြို့မဟုတ် ။
နွေကျောင်းပိတ်ရက်တိုင်းရောက်လာနေကျမို့ ဘူတာရုံကနေ အိမ်ဆီသို့သွားရာလမ်းကို ရိပေါ် မှတ်မိနေပြီ ။
တိတ်ဆိတ်သောလမ်းချိုးလေးအတိုင်းဝင်လာခဲ့ပြီး သိပ်မကြာခင်မှာ ခြံတံခါးအပြာရောင်ရှိသော အိမ်တစ်လုံးကို ရိပေါ် လှမ်းမြင်လိုက်ရသည် ။
အိမ်ရှေ့မှာတော့ အနက်ရောင်ဆိုင်ကယ်တစ်စီးကို စစ်ဆေးနေသော လူတစ်ဦး ။
"ပါးပါး"
ပါးပါးဟုအခေါ်ခံရသူက ရုတ်တရက်လန့်သွားပြီးမှ ရိပေါ်ကို ဆီးကြိုသည် ။
"သား...အကြောင်းမကြား ဘာမကြားနဲ့ ဘယ်လိုဖြစ်လာတာလဲ"
"မားမားက ပါးဆီဖုန်းဆက်တာမရလို့တဲ့
အဲ့ဒါနဲ့ သားလာခဲ့လိုက်တာ"
"အေးဟုတ်တယ် ဟိုရက်က ဒီမှာ ဆက်သွယ်ရေးလိုင်းတွေပြတ်သွားတာ..
လာလေသား... အထဲဝင်"
နေ့ခင်းမို့ထင် ၊ အိမ်အတွင်း၌ အသံကင်းမဲ့ကာတိတ်ဆိတ်နေသည် ။
"ပါးပါး...ဒါ မားမားပေးလိုက်တဲ့စာပါ"
ပါးပါးက ရိပေါ်လက်ထဲကစာကိုဖတ်ပြီး ခေါင်းညိတ်ပြသည် ။
"ဒါဆို သားက ဒီနှစ် ဒီမှာကျောင်းတက်မယ်ပေါ့"
"ဟုတ်ကဲ့..."
"အင်းလေ... ဒါဆိုလည်း ပါးပါးဘက်ကစီစဉ်ပေးရမှာပေါ့
အပေါ်တက်ပြီး သွားနားလိုက်ဦး"
ရိပေါ်က ခရီးဆောင်သေတ္တာကို အပေါ်ထပ်သို့ တင်လာပြီး အခန်းတစ်ခုထဲကို ၀င်ခဲ့သည် ။
အခန်းပိုင်ရှင် ရှိပုံမပေါ်သော်လည်း ရိပေါ်ကတော့ ဂရုမစိုက် ...
မွေ့ယာပေါ်ကို ခြေပစ်လက်ပစ်လှဲချပြီး မျက်ဝန်းတွေကို မှိတ်လိုက်သည် ။
ဒီိလိုကိစ္စတွေကို ရိပေါ် ကျင့်သားရနေပြီ ၊ ပါးနဲ့မား ကွဲကွာပြီးကတည်းက ရိပေါ်က ပါးဆီတစ်လှည့် ၊ မားဆီတစ်လှည့်နေခဲ့တာမို့...
အခုလည်းမားက အလုပ်ကိစ္စနဲ့ နိုင်ငံခြားကိုပြောင်းရမှာကြောင့် အထက်တန်းတက်ရန် တစ်နှစ်ကျန်သေးသော ရိပေါ်ကို ပါးထံမှာ အပ်ခဲ့ခြင်းဖြစ်သည် ။
ရိပေါ် အထက်တန်းပြီးလျှင် မားရှိရာနိုင်ငံသို့ လိုက်ပါရပါလိမ့်မည် ။
အတွေးတို့ဖြင့်နယ်ချဲ့ချိန်မရလိုက်ခင်မှာပဲ ရိပေါ် အိပ်ပျော်သွားခဲ့သည် ။ တစ်ညလုံး ရထားစီးလာရတာမဟုတ်လား...
"ဟေ့ ပိုင်ရှင်မရှိဘဲ အိပ်နေတာဘယ်ကောင်လဲကွ!!"
လွယ်အိတ်ကို ဗုန်းခနဲပစ်ချပြီး အိပ်ရာပေါ်တက်လာသည့် အခန်းပိုင်ရှင်ကြောင့် ရိပေါ် အိပ်နေရာက နိုးလာခဲ့သည် ။
"အိပ်နေတာကိုကွာ..."
"မအိပ်နဲ့တော့ဆရာရေ ညနေစောင်းပြီ
ကျူ ရှင်သွားဖို့ပြင်တော့"
အိပ်မှုန်စုံမွှားဖြစ်နေသောရိပေါ်ဟာ ၀မ်းကွဲအကို ၀မ်ကျိုးချန်၏စကားကို ရုတ်တရက် နားမလည်လိုက် ။
"ဘယ်လို??"
"ဘယ်လိုမနေနဲ့ မင်းကို ငါနေတဲ့ကျူရှင်မှာ အပ်ပြီးသွားပြီ
အခု သွားတက်ရမယ်ထတော့"
ဤသို့ဖြင့် ရိပေါ်သည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကျူ ရှင်သို့ ရောက်လာခဲ့ရ၏ ။
"ကျောင်းသားသစ် နားလည်လား"
"ဟုတ်ကဲ့"
ဆရာအမေးရှိ၍သာ ဟုတ်ကဲ့လိုက်ရသော်လည်း တကယ်တမ်းမှာ ဒီစာတွေကို ရိပေါ်နားလည်မနေခဲ့ ။
အရင်ကျောင်းမှာတုန်းက ကျောင်းပြောင်းဖို့ကိစ္စလုံးပမ်းနေခဲ့ရတာမို့ ရိပေါ် စာမှမလုပ်ခဲ့ရဘဲ ။
"ငါရှင်းပြပေးရမလား"
စာရွက်တွေကို လှန်ကာခေါင်းကုတ်နေသည့် ရိပေါ်အနားသို့ အရိပ်ကလေးတစ်ခုက အုပ်မိုးလာပြီး ဤသို့မေးလာသည် ။
ရိပေါ် မော့ကြည့်မိသောအခါ ပထမဆုံးမြင်လိုက်ရတာက နှုတ်ခမ်းအောက်နားရှိထင်ရှားလှသော မှဲ့နက်ကလေး...
"ဟင်..ငါရှင်းပြရမလား"
ထပ်မံမေးလာသောမေးခွန်းတွင် အပြုံးတစ်ပွင့်ကပါ တွဲခို၍ပါလာခဲ့သည် ။
"စိတ်မကောင်းဘူးကွာ!! သူ့ကို ငါရှင်းပြပေးမှာဆိုတော့..."
ဘယ်အချိန်ကပေါ်လာမှန်းမသိတဲ့ကျိုးချန်က ရိပေါ်အနားကိုရောက်လာပြီး ပုခုံးကိုလှမ်းဖက်ကာ တစ်ဖက်လူကို ခပ်ထေ့ထေ့ပြောသည် ။
"ဟုတ်လား..."
ထိုသူက ဤမျှသာပြော၍ လှည့်ထွက်ရန်ပြင်သည် ။
"လိုရင် ခေါ်လိုက်နော်"
လှည့်မထွက်ရင် ခပ်ဖွဖွအပြုံးနှင့်အတူ ကပ်ပါလာသော တီးတိုးစကားသံတို့သည် ရိပေါ်၏နှလုံးသားကို အရှိန်ပြင်းပြင်နှင့်ဝင်ဆောင့်၏ ။
"သူကဘယ်သူလဲ"
ရိပေါ်၏အမေးစကားကို ကျိုးချန်က အလိုမကျဟန်နှင့်ပြန်ဖြေလာသည် ။
"သူက ရှောင်းကျန့်တဲ့...
ဘယ်လိုပြောရမလဲ နည်းနည်းကြောင်တောင်တောင်နဲ့ကွာ
ူသူနဲ့မပတ်သက်နဲ့ကြားလား!!"
ကျိုးချန်၏စကားကို ခေါင်းညိတ်မိလား ၊ ခေါင်းခါမိလား ရိပေါ်မသိပါ ။
တရွေ့ရွေ့ထွက်ခွာသွားသော ကျောပြင်လေးကို မျက်စိတဆုံး လိုက်ကာကြည့်နေမိသည် ။
သူ့ရဲ့ကျောပြင်က ဘာလို့ ဒီလောက်အထီးကျန်ဆန်နေရတာလဲ...
~~••••••••••••••••••••••••••••••••••••••••••••••••••••••~~
"ဟေ့ ... မင်းရဲ့ညာဘက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်"
ကျိုးချန်၏တီးတိုးစကားကြောင့် ရိပေါ်က ပုစ္ဆာတစ်ပုဒ်ကို အသည်းအသန်တွက်နေရာကနေ လှည့်ကြည့်လိုက်သည် ။
ထင်းခနဲမြင်လိုက်ရပြန်သည့် မှဲ့နက်လေး...
မလှမ်းမကမ်းမှာထိုင်သည့် ရှောင်းကျန့်ဟာ ရိပေါ်ကို သေချာစိုက်ကြည့်နေသည် ။
"အဲ့ကောင် မင်းကိုစိုက်ကြည့်နေတာကြာပြီ"
"ဟုတ်လား"
ရိပေါ်က ထိုမျှသာဆိုပြီး ကျိုးချန်ကို ဆွဲလှည့်လိုက်သည် ။
"ကဲ စာသာတွက်စမ်းပါ မင်းပဲ ရှောင်းကျန့်ကို သာချင်တာဆို"
ထိုအခါမှ ကျိုးချန်က မကျေမနပ်နှင့် ပုစ္ဆာကိုပြန်ဖတ်၏ ။ ရိပေါ်က ခဲတံကို အတင်းဆုပ်ကိုင်ထားမိပြီး အသက်ကိုဖြည်းဖြည်းချင်းရှူ သွင်းလိုက်သည် ။
ရှောင်းကျန့်က ကျောင်းရဲ့ဂုဏ်ဆောင်ကျောင်းသား ၊ စာတော်တဲ့ကျောင်းသားမို့ ကျောင်းအတွက် ဆုတွေယူပေးတာလည်းအခါခါ ။
ရိပေါ်ရဲ့ အကိုဝမ်းကွဲ ကျိုးချန်ကလည်း ထိုနည်းလည်းကောင်း ။ တစ်ခုရှိတာ ကျိုးချန်က ရှောင်းကျန့်ကိုလုံးဝကြည့်မရ ။
ရှောင်းကျန့်ရဲ့ ကြောင်တောင်တောင်နိုင်ပုံတွေကြောင့် အပေါင်းအသင်းမလုပ်သင့်ကြောင်း
ရိပေါ်ကို တတွတ်တွတ်ပြောကာ တားမြစ်တတ်သည် ။
ဒါပေမယ့် ရိပေါ်ကတော့ ဘာလို့ရယ်မသိ ၊ ရှောင်းကျန့်၏ ခန့်မှန်းရခက်သည့် မျက်ဝန်းတွေကို စိတ်ဝင်စားနေမိသည် ။
ရိပေါ်က ခဲတံကို အသာချလိုက်ပြီး ညာဘက်ကို မသိမသာထပ်ကြည့်လိုက်သည် ။
ရှောင်းကျန့်၏ အကြည့်စူးစူးတွေဟာ သူ့ပေါ်ကို ကျရောက်နေတုန်း ...
ဒီတစ်ခါမှာတော့ လှစ်ခနဲပြုံးလိုက်သောအပြုံးလေးတစ်ခုကိုပါ ရိပေါ် မြင်လိုက်ရသည်တမုံ့ ။
သို့သော် ရိပေါ်ရဲ့ရင်ခုန်သံတွေဟာ အကြာကြီး မခံခဲ့ပါ ။
သိပ်မကြာခင်မှာပဲ သင်္ချာဆရာဝင်လာတာမို့ ရိပေါ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည် ။
ဘာသာရပ်တွေအကုန်လုံးထဲမှာ ရိပေါ်က သင်္ချာကိုအညံ့ဆုံး...
ဒါကြောင့်မို့ ဒီအချိန်ကို စိတ်အညစ်ဆုံး...
"၀မ်ရိပေါ် ... ဒါကို ရှေ့ထွက်ပြီးတွက်ကြည့်ပါဦး"
ဆရာ့၏ခေါ်သံကြောင့် ရိပေါ် တုန်သွားရသည် ။ ဒီပုစ္ဆာတွေကို ရိပေါ် လုံးဝနားမလည် ။
ဆရာရှင်းတုန်းကလည်း သေချာနားထောင်ပေမယ့် ဘယ်လိုမှနားမလည် ၊ ညကျမှ ကျိုးချန်ကို ပြန်ရှင်းခိုင်းဖို့တွေးနေတုန်းမှာ အခေါ်ခံရတာမို့ ရိပေါ် စိတ်ညစ်သွားရသည် ။
ဒါပေမယ့်လည်း ငြင်းလို့မရတာကြောင့် ရိပေါ် ရှေ့ကို ထွက်လာရသည် ။
နားမလည်ဘူး ၊ ဘယ်လိုကြည့်ကြည့်ကို နားမလည်တာ...
"မတွက်တတ်ဘူးလား"
မြေဖြူ ကိုကိုင်ကာ ငူငူကြီးရပ်နေသည့် ရိပေါ်ကို ဆရာက စိတ်မရှည်ဟန်နှင့် ခပ်ဆတ်ဆတ်ပြောသည် ။
"ဟုတ်..."
"ရှင်းပြပြီးသားကိုတောင် မင်းကနားမလည်ဘူးလား
ဒီမှာ ရပ်နေ!! ရှောင်းကျန့် ထွက်လာ...
ဒါကို တွက်"
ရိပေါ်က မရဲတရဲနှင့်ရှောင်းကျန့်ကို ကြည့်မိတော့ သူက ခပ်အေးအေးပင် ထိုင်ရာကနေ ထလာသည် ။
ရိပေါ်ရဲ့ဘေးမှာလာရပ်ပြီး မြေဖြူ ကိုကိုင်ကာ ကျောက်သင်ပုန်းကို ငေးသည် ။
အချိန်နည်းနည်းကြာပြီးနောက် ဟက်ခနဲရယ်ကာ ဆရာ့ဘက်ကို ပြန်လှည့်၏ ။
"ကျွန်တော် မတွက်တတ်ဘူးဆရာ"
"ဘာ!!!"
ဆရာက ဒေါသဖြစ်စွာအော်သည် ။ ရိပေါ်မှာလည်း တအံ့တသြနှင့် ကြည့်မိသည် ။
တစ်ခန်းလုံးမှာရှိသောကျောင်းသားတို့ကလည်း ရှောင်းကျန့်၏အဖြေကြောင့် အံ့သြကုန်ကြ၏ ။
တစ်ကျောင်းလုံးရဲ့အမှတ်အများဆုံးကျောင်းသားက ဒီပုစ္ဆာကို မတွက်တတ်ဘူးတဲ့လား...
"ဒါ ဒါ ငါ ရှင်းပြပြီးသားလေ
မင်းမတွက်တတ်ဘူးဆိုတာဖြစ်နိုင်မလား"
"ကြည့်ရတာ ဆရာရှင်းပြတာညံ့လို့ထင်တယ်
သူရော ကျွန်တော်ရော နားမလည်ဘူးလေ"
"ဘာ!! မင်း!!"
ရှောင်းကျန့်က ရိပေါ်ကိုကြည့်ကာ ခပ်ပြုံးပြုံးပင်ပြောသည် ။
"သွား နှစ်ယောက်လုံးအတန်းရှေ့မှာ လက်မြှောက်နေ!! ငါ့အချိန်မပြီးမချင်း ၀င်မလာနဲ့"
ခပ်အေးအေးထွက်သွားသော ရှောင်းကျန့်၏နောက်ကို ရိပေါ် ကုပ်ချောင်းကုပ်ချောင်းနှင့်ပါသွားရသည် ။
"လက်ညောင်းနေရင် ငါ့ခေါင်းပေါ်တင်ထားလို့ရတယ်နော်"
ရိပေါ်က ဘေးနားကရှောင်းကျန့်ကို ကြည့်လိုက်သည် ။
နာရီဝက်လောက်ရှိပြီမို့ ရိပေါ်မှာ ညောင်းနေပြီဖြစ်သော်လည်း သူကတော့ ဘာမှဖြစ်ပုံမပေါ် ။
"မင်းတကယ်ပဲ အဲ့ဒီဟာကို မတွက်တတ်တာလား"
ရိပေါ်က မရဲတရဲမေးတော့ သူကရယ်သည် ။
"အကုန်လုံးတွက်တတ်နေရအောင် ငါကနတ်ဘုရားမှမဟုတ်ဘဲ"
ရှောင်းကျန့်က သူ့ရဲ့လက်နှစ်ဖက်ကို အောက်ချကာ ရိပေါ်ဘက်ကို တည့်တည့်လှည့်လာသည် ။
"မင်းနားမလည်ဘူးမလား ၊ အေး ငါလည်းနားမလည်ဘူး
အဲ့ဒါက အဲ့ဆရာ ရှင်းတာညံ့လို့ပေါ့ မဟုတ်ဘူးလား"
ရှောင်းကျန့်၏အပြောကြောင့် ရိပေါ် ခိုးကာပြုံးလိုက်မိသည် ။
ဒီလိုမျိုး သူ့ကို ဘယ်သူမှမပြောဖူးဘူး ၊ ကျိုးချန်ကို သူစာပြန်မေးတိုင်း မင်းက သေချာမှနားမထောင်တာလို့ပဲ အပြောခံခဲ့ရတာ ။
ရိပေါ်က မျက်လုံးလေးထောင့်ကပ်လို့ ရှောင်းကျန့်ကို ခိုးကြည့်လိုက်သည် ။
လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ထားသည့်သူက လေလေးချွန်ကာ အေးအေးလူလူ ။
အင်း...နည်းနည်းကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် သိပ်ပြီးဆိုးတဲ့လူတော့မဟုတ်မယ်မထင်ပါဘူး...
~~•••••••••••••••••••••••••••••••••••••••••••••••••••••~~
"မဖြစ်နိုင်ဘူး!! ဒါ လုံးဝမဖြစ်နိုင်ဘူး"
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
ကျိုးချန်က စက်ဘီးနင်းနေရာကနေ လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည် ။
"မဖြစ်နိင်ဘူးလေ သူ ဒီထက်ခက်တဲ့ပုစ္ဆာတွေကိုတောင် တွက်နေတဲ့ဟာ
ဒါ မတွက်တတ်ဘူးဆိုတာ လုံးဝယုတ္တိမရှိဘူး"
ကျိုးချန်က အာပေါင်အာရင်းသန်သန်နဲ့ပြောပြီးမှ ရိပေါ်ကို စိုက်ကြည့်သည် ။
"ငါကြည့်နေတာကြာပြီ ၊ ဒီကောင် မင်းကိုလည်း ခဏခဏကြည့်တယ် ၊ အခုမင်းမရတော့လည်း သူပါမရဘူးလုပ်ပစ်တယ်ဆိုတော့
ငါထင်တာမမှားရင် မင်းကို ကြိုက်နေတာပဲဖြစ်မယ်"
"အဟွတ်!!"
ရိပေါ်မှာ ကျိုးချန်၏စကားကြောင့် တံတွေးပင်သီးသွားရသည် ။
"မင်းကလည်း ပေါက်ကရ!!"
"ပေါက်ကရမဟုတ်ဘူး တကယ်ပြောတာ
မင်းစောင့်ကြည့်နေ ငါသက်သေရှာပြမယ်
်မင်း... အဲ့ကောင်နဲ့လုံးဝမပတ်သက်နဲ့ ကြားလား!!"
"အေးပါ"
ရိပေါ်မှာ ခပ်လန့်လန့်ဖြင့် ခေါင်းအမြန်ညိတ်လိုက်ရသည် ။
ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့စကားတွေလဲ ၀မ်ကျိုးချန်ရယ်...
ဒါပေမယ့် နောက်ရက်အနည်းငယ်အတွင်းမှာပဲ ကျိုးချန်၏ယူဆချက်တွေက သိပ်မမှားလှကြောင်း ရိပေါ် ထင်လာရသည် ။
ဥပမာ စာသင်ချိန်တွေမှာ ရိပေါ်ကို စိုက်ကြည့်နေတာမျိုး ၊ ကျိုးချန်အနားမှာမရှိတဲ့အချိန်တွေဆို အနားနားကပ်ပြီး ဖြတ်လျှောက်သွားတာမျိုး ။
ဒါတွေက ခပ်စိတ်စိတ်ဖြစ်လာတော့ ရိပေါ်လည်း သံသယ၀င်လာတော့တာပေါ့ ။
"ရှောင်းကျန့်!!"
ဆရာမ၏ခေါ်သံကြောင့် ရိပေါ်က သူ့ဘက်ကိုလှည့်ကြည့်မိသည် ။ ထုံးစံအတိုင်း သူက ရိပေါ်ကို လှစ်ခနဲ့ပြုံးပြပြီးမှ မတ်တပ်ရပ်၏ ။
"ဒီကဗျာအကြောင်းကိုရှင်းပြပါဦး"
"ဒီကဗျာကို ရေးတဲ့သူက သူ့ချစ်သူကို ရည်ရွယ်ပြီး ရေးခဲ့တာပါ ၊ မြင်နေရလည်း လွမ်းဆွတ်နေတုန်းပဲဆိုတဲ့စာသားတွေအရ ချစ်သူအပေါ်ထားတဲ့သူ့ရဲ့ချစ်ခြင်းတရားကို ပေါ်လွင်စေပါတယ်"
မြင်နေရလည်း လွမ်းဆွတ်နေတုန်းပဲဟူသည့်စာသားကို ရွတ်စဉ် ရိပေါ်ကိုလှမ်းကြည့်လိုက်သော ရှောင်းကျန့်ကြောင့် ကျိုးချန်က တံတောင်ဖြင့် တွတ်သည် ။
"မင်း မြင်လား!!"
"ဘာကိုလဲ ငါဘာမှမမြင်ဘူး"
ရိပေါ်က ဘူးခံငြင်းကာ စာအုပ်ကိုသာ မမှိတ်မသုန်ကြည့်နေလိုက်သည် ။
ဒီအချိန်မှာ သူ စကားပြောဖို့ အားရှိမနေဘူး ။
သူ့ရဲ့နှလုံးသားက ပေါက်ထွက်တော့မယ့်အတိုင်းကို ခုန်နေတယ် ...
အားကစားအချိန်ကိုရောက်တဲ့အခါ ကျိုးချန်က သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးကစားဖို့ အတန်းထဲက ခပ်မြန်ုမြန်ထွက်ခွာသည် ။
"ဟေ့ ရိပေါ် ... မြန်မြန်လာနော်"
"အေးအေး..."
ဖရိုဖရဲဖြစ်နေသောစာအုပ်တွေကို သိမ်းနေသောရိပေါ်မှာ သူ့ကိုလိုက်မကြည့်အား ။
"ဟေ့..."
"ဘယ်လိုဖြစ်နေတာလဲ လာပါ့မယ်ဆို...ဟမ်"
အနားကိုရောက်လာသောအရိပ်ကို ကျိုးချန်မှတ်ကာ ရိပေါ် အော်ရင်းဟစ်ရင်း မော့ကြည့်လိုက်သည် ။ သို့သော် သူ့အထင်မှာ မှန်မနေခဲ့ ။
"ဘယ်ကိုလာမှာလဲ"
ရိပေါ်ဘေးမှာ ဒူးထောက်ထိုင်ပြီး စားပွဲပေါ်လက်နှစ်ဖက်တင်လိုက်သည့် ရှောင်းကျန့်၏အပြုအမူကြောင့် ရိပေါ် ရှိန်းခနဲဖြစ်သွားရသည် ။
အားကစားအချိန်မို့ အတန်းထဲမှာ ရိပေါ်နှင့် သူ နှစ်ယောက်ထဲသာရှိနေ၏ ။
"ဆော..ဆောရီး ငါက ကျိုးချန်မှတ်လို့"
ရိပေါ်က ကပျာကယာပြောကာ နေရာကထပြေးရန်ပြင်သည် ။
"ဟေ့ မင်းငါ့ကို ခုထိမမှတ်မိဘူးလား"
ရိပေါ်၏လက်ကိုလှမ်းဆွဲကာမေးလာသော ရှောင်းကျန့်၏အမေးမှာ မျှော်လင့်ချက်တွေအပြည့် ။
သို့သော်လည်း ရိပေါ်က ခေါင်းကိုသာအတွင်တွင်ခါလိုက်သည် ။
"ဟင့်အင်း မသိဘူး"
ရိပေါ်က အခန်းပြင်သို့ရောက်အောင် ပြေးထွက်လာပြီးမှ အသက်ကို ၀၀ရှူ ရသည် ။
ရှောင်းကျန့်နားရောက်သည်နှင့် ကဆုန်ပေါက်နေတတ်သောနှလုံးသားအကြောင်းကိုလည်း သူ နားမလည်နိုင်တော့ပါ ။
~~••••••••••••••••••••••••••••••••••••••••••••••••••••••~~
ညကတိတ်ဆိတ်နေပြီး ဘေးမှာ သင်္ချာထိုင်တွက်နေသည့် ကျိုးချန်ကလည်း တိတ်ဆိတ်နေတာမို့ ရိပေါ်တစ်ယောက် နေ့လည်ကကိစ္စကို စဉ်းစားခန်းဖွင့်နေမိသည် ။
ငါ့ကို မမှတ်မိဘူးလားတဲ့ ၊ ဆိုလိုတာက သူတို့နှစ်ယောက်က အရင်ကတည်းကသိကြတာလား...
ရိပေါ်ရဲ့မှတ်ဉာဏ်ထဲမှာတော့ ရှောင်းကျန့်နှင့်ပတ်သက်သည့်အဖြစ်အပျက်တစ်ခုမှပေါ်မလာတာကြောင့် ဘေးနားမှာရှိတဲ့ ကျိုးချန်ကိုသာ အရဲစွန့်ကာ မေးကြည့်လိုက်ရသည် ။
"ကျိုးချန်...ရှောင်းကျန့်ကလေ"
"ဘာဖြစ်လဲ"
ခပ်ဆတ်ဆတ်ပြန်မေးတဲ့ကျိုးချန်ကြောင့် အနည်းငယ်လန့်သွားရသော်လည်း ရိပေါ်က ဆက်မေးလိုက်သည် ။
"သူကအရင်ထဲက ဒီမှာပဲနေတာလား"
"ဟုတ်တယ် ငါတို့တွေက ဒီမြို့မှာပဲ အတူတူကြီးလာကြတာ
မင်း မမှတ်မိဘူးလား သူကအရင်တုန်းက ငါတို့အိမ်မှာ ကျူ ရှင်လာတက်ဖူးတယ်လေ
အဖေ့တပည့်..."
ရိပေါ်ရဲ့ဦးလေးဖြစ်တဲ့ ကျိုးချန်ရဲ့အဖေက ကျောင်းဆရာဆိုတော့ ရိပေါ်ငယ်ငယ်က ဒီကိုလာတိုင်း သူ့ကျောင်းသားတွေနဲ့အတူတူ စာသင်ရတာကို မှတ်မိပါသည် ။ သို့သော်လည်း သူ့စိတ်ထဲမှာ ရှောင်းကျန့်လိုပုံစံမျိုး မတွေ့ခဲ့ဖူးပါ ။
"ဟင့်အင်း"
"အေး မင်းဘယ်မှတ်မိမလဲ ဒီကောင်ကအရင်တုန်းက ၀တယ်
အဖေက အားကျန့်လို့ခေါ်တဲ့ ၀တုတ်လေးလေ"
"ဟင်!!"
အားကျန့်က ရှောင်းကျန့်ဖြစ်နေလိမ့်မယ်လို့ ရိပေါ် မထင်ခဲ့မိပါ ။
စာတော်တဲ့တပည့်လေးမို့ အားကျန့်ကသိပ်တော်တာဆိုသည့် ဦးလေး၏စကားသံတွေကြားမှာ ကလေးသဘာဝ ရိပေါ် အမြင်ကတ်ခဲ့ဖူးသည် ။ ဒါပေမယ့် ကျိုးချန်နဲ့ကတော့ တော်တော်ခင်တာကို ရိပေါ် မှတ်မိနေပါသည် ။
"သူနဲ့မင်း အရင်တုန်းက တအားခင်တာမဟုတ်ဘူးလား"
ရိပေါ်က အူကြောင်ကြောင်နှင့်မေးတော့ ကျိုးချန်က တွက်လက်စစာအုပ်ကို ဘုန်းခနဲမြည်အောင် ပိတ်ပစ်ပြီး ဒေါသဖြစ်စွာပြောသည် ။
"အေး အဲ့လိုကောင်မျိုးကို ခင်တွယ်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ ဖြတ်ရိုက်ပစ်ချင်တယ်"
"ဘာတွေဖြစ်ခဲ့တာလဲ"
ကျိုးချန်က သက်ပြင်းကိုခပ်ရှည်ရှည်ချပြီး ဖြစ်ခဲ့သမှကို ပြန်ပြောပြသည် ။
"ရှောင်းကျန့်နဲ့ငါက ဟိုးအရင်ထဲကခင်လာတာ
ဒီကောင့်အမေက သိပ်ပြီး အပြိုင်အဆိုင်များတယ် ၊ ရှောင်းကျန့်ကို အတန်းထဲမှာ ထိပ်ဆုံးရအောင်ယူခိုင်းတယ် ထိပ်ဆုံးမရရင် ဆူတယ် ရိုက်တယ် ၊ အဲ့ဒါကြောင့်မို့ ငါတို့သူငယ်ချင်းတွေအကုန်လုံးက သူ့ကိုဆိုရင် ညှာတယ်
ငါတို့အလယ်တန်းနောက်ဆုံးနှစ်လောက်မှာ သူ့မိဘတွေကွဲသွားတယ် ၊ အဲ့ဒီအချိန်ကစပြီး သူ့အမေက ပိုဆိုးလာတော့တာပဲ
ရှောင်းကျန့်ကို ပိုပိုပြီး ဖိအားတွေပေးလာတယ်
အဲ့ဒီအချိန် ငါတို့တွေ သူ့ဘေးနားမှာရှိနေပေးခဲ့တယ် ...
တစ်နေ့ အားကစားအချိန်မှာ ငါတို့အားလုံးကစားဖို့ပြင်နေတုန်း သူက စာလုပ်နေလို့ ခေါ်ရာကနေ ငါတို့ပြဿ နာစတက်တာပဲ"
ဤဇာတ်ကြောင်းများပြန်ပြောင်းပြောနေစဉ်တွင် ကျိုးချန်၏မျက်ဝန်းထဲ၌ မုန်းတီးမှုများအစား လွမ်းဆွတ်သတိရနေမှုများကိုသာ ရိပေါ် ရှာတွေ့ခဲ့ရသည် ။
~~•••••••••••••••••••••••••••••••••••••••••••••••••••••~~
"ဟေ့ကောင် စာတွေချည်းပဲလုပ်မနေစမ်းနဲ့
လာ .. ဘောလုံးသွားကန်ကြမယ်"
"မင်းတို့ဘာသာသွားကန် ငါဒါကျက်လိုက်ဦးမယ်"
ပြောလို့မရသည့် ရှောင်းကျန့်ကြောင့် ကျိုးချန်တို့သူငယ်ချင်းတစ်သိုက်မှာ အချင်းချင်း မျက်စပစ်ပြပြီး ရှောင်းကျန့်၏စာအုပ်များကို လုယူလိုက်ကြသည် ။
"ဟေ့ကောင်တွေ !! ပြန်ပေးကွာ"
သူတို့ထက်အနည်းငယ်ပိုပြည့်သောခန္ဓာကိုယ်ကို ပိုင်ဆို်င်ထားသော ရှောင်းကျန့်သည် အော်ရင်းဟစ်ရင်း ထရပ်သည် ။
"မပေးဘူးကွာ... မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး
စာတွေပဲလုပ်နေတာ တဖြည်းဖြည်းဝလာပြီ
လာပါ ငါတို့ အားကစားသွားလုပ်ကြမယ်"
ကျုိးချန်၏စကားကို ရှောင်းကျန့်က ခေါင်းအတွင်တွင်ခါကာငြင်းသည် ။
"ဟင့်အင်း..မင်းဘာသာလုပ်
ငါ့စာအုပ်ပြန်ပေးပါကွာ"
"မပေးဘူးကွာ မပေးဘူး"
ကျိုးချန်က စာအုပ်ကိုပစ်လိုက် ဖမ်းလိုက်လုပ်ကာ ရှေ့ကနေပြေးသည် ။
"၀မ်ကျိးချန်!! မင်း တမင်သက်သက် လုပ်နေတာမဟုတ်လား"
"ဘာ"
ကျိုးချန်က ရှောင်းကျန့်၏စကားကြောင့် ပြေးနေရာကရပ်လိုက်သည် ။
"ဒီတစ်ခါစာမေးပွဲမှာ ငါကမင်းထက်သာသွားမှာစိုးလို့ တမင်လုပ်နေတာမဟုတ်လားလို့"
"မင်း ဘာစကားပြောတာလဲဟေ့ကောင်!!"
ကျိးချန်က ဒေါသတကြီး အော်ဟစ်တော့ ဘေးကသူငယ်ချင်းတွေကပါ ကျိုးချန်ကိုဝင်ထိန်းရင်း ရှောင်းကျန့်ကို ပြန်ပြောကြသည် ။
"မင်းဘယ်လိုပြောလိုက်တာလဲရှောင်းကျန့်...
မင်းဒီရက်ပိုင်း စိတ်ညစ်နေမှန်းသိလို့ ကျိုးချန်က မင်းကို ပျော်အောင်လုပ်ပေးဖို့ ကြိုးစားနေတာ"
"ဒါပေမယ့် ငါနည်းနည်းမှ မပျော်ဘူး!!"
ရှောင်းကျန့်ကလည်း သူတို့ကို ပြန်အော်သည် ။
"ဒီကောင့်မျက်နှာမြင်တိုင်း ငါစိတ်ညစ်ရတယ်!!
စာမေးပွဲresultထွက်တိုင်း ဒီကောင်နဲ့ အမြဲနှိုင်းပြီးအဆူခံနေရတာကို ငါ တအားစိတ်ကုန်လာပြီ
ငါမင်းတို့နဲ့ မပတ်သက်ချင်တော့ဘူး "
ရှောင်းကျန့်ရဲ့အော်ဟစ်သံအဆုံး၌ အားလုံးတွင် ပြောစရာစကားတို့ ပျောက်ရှသွားခဲ့ကြရသည် ။
"မင်း!! .. ကောင်းပြီလေ
မင်းကဒီလိုဆိုမှတော့ ငါတို့လည်း ဆွဲထားစရာ ဘာကိစ္စမှမရှိဘူး
ငါကလည်း ဒီနေ့ကစပြီး မင်းကို မပတ်သက်ဘူး မင်းမြဲမြဲမှတ်ထားလိုက်!!"
ဒေါသတကြီးထွက်လာသော ကျိုးချန်၏နောက်တွင် သူငယ်ချင်းအားလုံး တစ်ဦးချင်းစီပါလာခဲ့ကြသည် ။ ရှောင်းကျန့်ဘေးတွင် ဘယ်သူမှ ကျန်ရစ်နေခဲ့ခြင်းမရှိ ။
"အထက်တန်းရောက်တော့ ဒီကောင် တအားပြောင်းလဲသွားတယ်
ငါတို့သိဖူးခဲ့တဲ့ရှောင်းကျန့်မဟုတ်တော့ဘဲ တခြားတစ်ယောက်ဖြစ်သွားသလိုပဲ
ဒီလိုနဲ့ ငါတို့ထပ်ပြီး မပတ်သက်ဖြစ်တော့ဘူး"
ဇာတ်လမ်းအဆုံးမှာ ကျိုးချန်က သက်ပြင်းထပ်ချသည် ။
"ဒါပေမယ့် မင်း သူ့ကိုခင်နေတုန်းပဲမဟုတ်လား"
"ရူးနေလား!! အဲ့လိုကောင်ကို ငါဘာဖြစ်လို့ခင်ရမှာလဲ"
ကျိုးချန်က ထအော်တော့ ရိပေါ်က ခပ်ပြုံးပြုံးပင် စားပွဲပေါ်ရှိ အဖြေလွှာကို မေးဆတ်ပြသည် ။
"ဒါဆို ဘာလို့ တစ်ပုဒ်မဖြေခဲ့တာလဲ"
"..."
"အဲ့ဒီအပုဒ်က မင်းငါ့ကိုသင်ပေးထားတာ
အဲ့ဒါကို မင်းမဖြေခဲ့ဘူးဆိုတော့ မရတာတော့မဖြစ်နိုင်ဘူးလေ
အကုန်ဖြေလိုက်လို့ မတော်တဆ သူ့ထက်အမှတ်များသွားရင် သူ အဆူခံရမှာစိုးလို့ တမင်မဖြေခဲ့တာမဟုတ်လား"
"မဟုတ်ပါဘူး"
ကျိုးချန်က အဖြေလွှာကို လွယ်အိတ်ထဲပစ်ထည့်ပြီး အိပ်ရာပေါ်ကို တက်လိုက်သည် ။
"ငါမရလို့ မဖြေခဲ့တာ...စကားရှည်မနေနဲ့ အိပ်မှာဆိုရင် မီးပိတ်လိုက်တော့"
စောင်ကို ခေါင်းထိအောင်ခြုံပစ်လိုက်သည့် ကျိုးချန်ကိုကြည့်ရင်း ရိပေါ် ပြုံးလိုက်မိသည် ။
သူလည်း ပြတ်နိုင်တာမဟုတ်ဘဲနဲ့ ..
~~•••••••••••••••••••••••••••••••••••••••••••••••••••••~~
ဒီနေ့ကတော့ ကျောင်းပိတ်ရက်မို့ ကျိုးချန်ရော ရိပေါ်ပါ စိတ်ပြေလက်ပျောက် စက်ဘီးပတ်စီးရန် စီစဉ်ကြသည် ။
"သားတို့ စက်ဘီးစီးရင်းနဲ့ ဟိုဘက်အပိုင်းက အန်တီလီလီ့ဆီ ဒါလေးဝင်ပေးခဲ့ပေးပါလား"
"ဟာ မသွားချင်ပါဘူးဆိုအမေရာ..."
ကျိုးချန်က အသံရှည်ဆွဲကာပြောတော့ သတင်းစာဖတ်နေသည့် ဦးလေးက လှမ်းကြည့်လာတာမို့ နှစ်ယောက်သား အမြန်လစ်ထွက်လာခဲ့ရသည် ။
"အဲ့ဘက်အပိုင်းကို တကယ်မသွားချင်တာ"
"ဘာဖြစ်လို့လဲ"
အမေပေးလိုက်သည့်ပစ္စည်းကိုကိုင်ကာ ညစ်ထွေနေသည့် ကျိုးချန်ကို ရယ်ချင်စိတ်နဲ့ ခပ်မြူးမြူးမေးလိုက်သည် ။
"အဲ့ဒီ အန်တီလီလီရဲ့မျက်စောင်းထိုးအိမ်က ရှောင်းကျန့်တို့အိမ်လေ"
ရိပေါ်က စက်ဘီးလက်ကိုင်တို့ကို တင်းနေအောင် ဖိဆုပ်မိသွားသည် ။
"ဘာဖြစ်လဲ သူ့အိမ်သွားတာမှမဟုတ်ဘဲ"
ထိုသို့ပြောလိုက်သော်လည်း သူ့လက်ဖျားတွေ တဖြည်းဖြည်းအေးလာတာကိုတော့ သူ သိနေပါ၏ ။
"အန်တီ ဒါ အမေပေးခိုင်းလိုက်တာ"
"ကျေးဇူးပါကွယ်
သားတောင်တော်တော်ထွားလာတာပဲ ဒီနှစ်အထက်တန်းနောက်ဆုံးနှစ်မဟုတ်လား"
"ဟုတ်တယ် အန်တီ"
ကျိုးချန်က အိမ်ရှင်အဒေါ်ကြီးနှင့်စကားကောင်းနေတုန်း ရိပေါ်ကတော့ မျက်စောင်းထိုးမှာရှိတဲ့အိမ်ကို မသိမသာလှမ်းချောင်းမိသည် ။
ရိပေါ် ချောင်းနေတုန်းမှာပဲ စက်ဘီးတစ်စီးကိုဆွဲ၍ ဒေါသတကြီး အိမ်အပြင်သို့ထွက်လာသော ရှောင်းကျန့်ကို မြင်လိုက်ရသည်မို့ ရိပေါ် လန့်သွားရသည် ။
သို့သော် ရှောငးကျန့်ကတော့ ရိပေါ်ကို မမြင်ခဲ့ပါ ။ အရှိန်ပြင်းပြင်းနင်းထွက်သွားသော စက်ဘီး၏နောက်ကို ရိပေါ် စိုးရိမ်တကြီးဖြင့် လိုက်လာခဲ့မိသည် ။
သူဘာတွေဖြစ်လို့များလဲ
"ဟေ့ကောင် ၀မ်ရိပေါ်!!"
ဒီအချိန်မှာ နောက်ကနေ လှမ်းအော်နေသည့်ကျိုးချန်၏အသံကိုလည်း ရိပေါ် မကြားနိုင်တော့ပါ ။
အရှိန်ခပ်မြန်မြန်နှင့်သွားနေသော စက်ဘီးလေးသည် ကွမ်ချန်းတံတားပေါ်တွင် ရပ်တန့်သွားသည် ။
မျက်နှာအနေအထားကိုကြည့်ရတာ တစ်စုံတစ်ခုကို အကြီးအကျယ်ဒေါသထွက်နေဟန် ...
ရိပေါ်က ခပ်လှမ်းလှမ်းမှာကတည်းက စက်ဘီးပေါ်ကဆင်း၍ လက်ဖြင့်တွန်းကာ ဖြည်းဖြည်းချင်း ရှောင်းကျန့်အနားသို့ ကပ်လာခဲ့၏ ။
"အဆင်ပြေရဲ့လား"
ထင်မှတ်မထားသောအခြေအနေကြောင့် ရှောင်းကျန့်က အထိတ်တလန့်ဟန်ဖြင့် ရိပေါ်ရှိရာဘက်ကို လှည့်ကြည့်လာသည် ။
ပြီးမှ ခပ်ပြုံးပြုံးဖြင့် ရိပေါ်ကို နှုတ်ဆက်၏ ။
"ရိပေါ်ပါလား ဒီကို ဘယ်လိုရောက်လာတာလဲ"
"အင်း စက်ဘီးပတ်စီးရင်းက မင်းကို တွေ့လို့"
ရိပေါ်၏မုသားစကားကို ရှောင်းကျန့် ယုံသွားဟန်တူသည် ။
"အာ..."
"မင်း ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး"
"အဟင်း...ဒီလိုပါပဲ အိမ်နဲ့အဆင်မပြေတာလေ"
ရှောင်းကျန့်က ပေါ့ပေါ့ပါးပါးရယ်ကာ ရိပေါ်ကို ပြောသည် ။ သို့သော် အစစ်အမှန်ပေါ့ပါးနေခြင်းမဟုတ်မှန်း ရိပေါ် ရိပ်စားမိပါသည် ။
"ဒါနဲ့ ငါ့ကို မှတ်မိသွားပြီလား"
"အင်း"
ရိပေါ်က ခပ်တိုးတိုးဆိုတော့ သူကပြုံးပြန်၏ ။
"တော်သေးတာပေါ့"
"ဒီတိုင်းလာမိတ်ဆက်ရင်လည်းရတာကို"
"မင်းက ငါ့ကိုအမြင်မကြည်ဘူးထင်လို့လေ"
ရှောင်းကျန့် အပြုံးမပျက်ဘဲ ရိပေါ်ကို တုံ့ပြန်သည် ။
"အရင်ကတည်းက ငါကမင်းကို သိပ်ခင်ချင်ခဲ့တာ
ဒါပေမယ့် မင်းကငါ့ကိုမြင်တိုင်း မျက်စောင်းအမြဲထိုးတယ်လေ"
ရှောင်းကျန့်၏စကားကြောင့် ရိပေါ် အားရပါးရ ရယ်မိသည် ။
တကယ်လည်း အဲ့ဒီအချိန်က ရိပေါ်က အားကျန့်ကို အမြင်ကပ်ခဲ့ဖူးသည် ။
အားလုံးထဲမှာ စာအတော်ဆုံးမို့ စာဆိုတဲ့အခါတိုင်း ရှေ့ရောက်နေတတ်သည့် အားကျန့်ကို ရိပေါ် လုံးဝကြည့်မရပါ ။ ဒါကြောင့် အားကျန့်က ခင်မင်လိုဟန်ပြသော်လည်း ရိပေါ်က ခပ်တည်တည်ပင် ဆက်ဆံခဲ့သည် ။
သူကိုယ်တိုင်ကလည်း ခဏတဖြုတ်နေပြီး ပြန်ရမှာမို့ တခြားသော သံယောဇဉ်မတွယ်ချင်ခဲ့တာမျိုးလည်း ဖြစ်ပါလိမ့်မည် ။
"အခုရော ငါ့ကို အမြင်ကပ်နေသေးလား"
"ဟင့်အင်း"
ရိပေါ်က ခေါင်းခါပြလိုက်တော့ ရှောင်းကျန့်က ပျော်ရွှင်စွာနှင့် ဟုတ်ပြီကွ ဟု အော်သည် ။
"လာလေ အတူတူစက်ဘီးစီးကြမယ်"
အဲ့ဒီနေ့က ရိပေါ်နှင့် ရှောင်းကျန့်တို့ ညနေစောင်းသည်အထိ အတူတူစက်ဘီးစီးခဲ့ကြသည် ။
~~•••••••••••••••••••••••••••••••••••••••••••••••••••••~~
ရိပေါ်၏စားပွဲခုံအောက်မှာရှိနေသောစာအိတ်လှလှလေးတစ်ခု ။
"ဘာကြီးလဲ"
အခန်းထဲကိုအရင်ဆုံးဝင်လာသည့်ကျိုးချန်က ရိပေါ်ခုံအောက်က စာအိတ်ကိုဆွဲထုတ်ပြီး ဖတ်လိုက်သည် ။
"ဒါ!! "
ကျိုးချန်က စာကိုလုံးချေပစ်လိုက်ပြီး ရှောင်းကျန့် ထိုင်ရာနေရာကို သွားလိုက်သည် ။
"မင်း ဘာသောက်ချိုးချိုးတာလဲ!!"
ကျိုးချန်၏လက်သီးချက်က ရှောင်းကျန့်၏ပါးတစ်ဖက်ပေါ်က်ို ကျရောက်သွားပြီး တစ်ခန်းလုံးရဲ့အာရုံကတော့ သူတို့နှစ်ယောက်အပေါ်ကို ကျရောက်လာသည် ။
"ငါ့ရဲ့ စိတ်ရင်းကအမှန်ပဲ ကျိုးချန်"
"ဘာကွ မင်း!!"
"ကျိုးချန်...ကျိုးချန် ဘာဖြစ်တာလဲ တော်တော့လေ"
ရှောင်းကျန့်ပေါ်ကိုတက်ခွကာ အားရပါးရထိုးကြိတ်နေသည့် ကျိုးချန်ကို ရိပေါ် ၀င်ဆွဲကာ တားရသည် ။
"မင်း ဖယ်နေ ၀မ်ရိပေါ်!! မင်းနဲ့ပြီးမှ စာရင်းရှင်းမယ်"
ကျိုးချန်၏အော်သံကြောင့် ရိပေါ် နေရာမှာပင် ရပ်တန့်လိုက်ရသည် ။
ရှောင်းကျန့်ကတော့ ဒဏ်ရာများကြားကပင် ရိပေါ်ကို ပြုံးပြ၏ ။
မျက်ဝန်းများကတော့ အဆင်ပြေပါတယ်ဟု ပြောနေဟန် ။
ကိစ္စတွေဘယ်လိုဘယ်ပုံဖြစ်သွားမှန်း ရိပေါ် သေချာမသိလိုက်ခင်မှာပဲ လူကြီးများက ရိပေါ်ကို ကျောင်းပြောင်းဖို့စီစဉ်ကြပြန်သည် ။
"ကျိုးချန်... ဘာတွေဖြစ်နေတာလဲ ငါနားကိုမလည်တော့ဘူး"
"မင်းသိစရာမလိုဘူး"
ခပ်ပြတ်ပြတ်ပြောသော ကျိုးချန်ကြောင့် ရိပေါ်လည်း ထပ်မမေးရဲတော့ ။
ဒီလိုနဲ့ပဲ ကျောင်းပြောင်းဖို့ကိစ္စက လျင်လျင်မြန်မြန်ပင် အကောင်အထည်ပေါ်လာခဲ့သည် ။
ဒီရက်ပိုင်းမှာလည်း ရှောင်းကျန့်ကို အရိပ်အယောင်ပင်မတွေ့ရတာမို့ ရိပေါ်စိတ်ထဲ မနေတတ်အောင်ဖြစ်နေရသည် ။
လူတွေပြောပြောနေတဲ့အလွမ်းဆိုတာ ဒါမျိုးပဲထင်ပါရဲ့ ။
"သား .. အဖွားရှိတဲ့နယ်ကိုရောက်တာနဲ့ ပါးပါးကို ဖုန်းဆက်နော်
ဘူတာရုံမှာ မင်းအဒေါ် လာကြိုလိမ့်မယ်"
"ဟုတ်ကဲ့"
ိုဒီနေ့မှာတော့ အဖွားရှိရာနယ်သို့ ရိပေါ်သွားရတော့မည်ဖြစ်သည် ။
လိုက်ပို့မယ့်လူမရှိတာကြောင့် ကိုယ့်အားကိုယ်ကိုးကာသွားရမည့်ရိပေါ်ဟာ အနည်းငယ်တော့ ကြောက်မိသလိုလို ။
ကွမ်ချန်းဘူတာဟာ ရိပေါ်အလာတုန်းကလိုပင် လူသူနည်းပါးလျက်ရှိသည် ။
"ငါသွားပြီနော်"
"အေး ကောင်းကောင်းသွား"
ကျိုးချန်ကို နှုတ်ဆက်ပြီးနောက်မှာ ရိပေါ် ဘူတာရုံအ၀င်ဝကို လှမ်းကြည့်လိုက်မိသည် ။
ဒီနေ့ ရိပေါ် ထွက်သွားတော့မှာကို သူသိရဲ့လား...
ရထားပေါ်ကိုတက်ကာ နေရာယူလိုက်ပြီး အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည် ။
နှုတ်ဆက်ပါတယ် ငါ့ရဲ့မိသားစု...
နှုတ်ဆက်ပါတယ် ကွမ်ချန်းမြို့လေး...
ပြီးတော့ နှုတ်ဆက်ပါတယ် ရှောင်းကျန့် ...
ရိပေါ်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး ရထားဘောင်ကို မှီချလိုက်သည် ။
ဒီလိုနဲ့ပဲ အားလုံးဟာ အဆုံးသတ်မရှိဘဲ ပြီးရပြီထင်ပါရဲ့...
~~•••••••••••••••••••••••••••••••••••••••••••••••••••••~~
အချိန်ဘယ်လောက်ကြာသွားသလဲတော့မသိ ၊ မျက်လုံးကို စူးခနဲထိုးလာသော နေရောင်ကြောင့် ရိပေါ်ပြန်နိုးလာခဲ့သည် ။
"နိုးပြီလား"
"ဟင်"
နိုးနိုးချင်းမှာ ကြားလိုက်ရသော ရင်းနှီးနေသည့်အသံလေးကြောင့် ရိပေါ် ဆတ်ခနဲ ခေါင်းထောင်ကာကြည့်လိုက်သည် ။
"ရှောင်းကျန့်..."
"အင်း ငါမင်းကို နှုတ်ဆက်ချင်လို့လိုက်လာတာ
ငါ ရှေ့ကဘူတာအထိပဲ လက်မှတ်ဖြတ်လာတာ
မင်းသာ အချိန်မှီနိုးမလာရင် ငါ ဒီတိုင်း သွားရတော့မှာ"
"ငါ့ကို နှိုးလိုက်ရောပေါ့"
ရိပေါ်က မချင့်မရဲဆိုတော့ ရှောင်းကျန့်ကပြုံးသည် ။
ဒီနေ့ကျမှ သူ့ရဲ့အပြုံးတွေက လှနေလိုက်တာ...
"မင်း အိပ်ပျော်နေတဲ့ပုံစံလေးက သိပ်ကို ကြည့်လို့ကောင်းလို့လေ"
ဘူတာကပ်ရန် နီးလာပြီမို့ ရထားကတဖြည်းဖြည်းအရှိန်လျော့လာသည် ။
"ကောင်းကောင်းနေနော် ကျန်းမာရေးဂရုစိုက်
တက္ကသိုလ်တက်တဲ့အခါ ငါတို့ ပြန်တွေ့ကြမယ်
ငါ မင်းကို မရရအာင် လာရှာမှာမို့"
ကျလုကျခင်ဖြစ်လာသည့်မျက်ရည်တို့ကို ရိပေါ် ထိန်းကာ ခေါင်းညိတ်လိုက်သည် ။
"အင်း ငါတို့ပြန်တွေ့ကြမယ်"
ရှောင်းကျန့်က နေရာကနေထလိုက်ချိန်မှာ ရိပေါ်က သူ့ရဲ့လက်ကို ဖမ်းဆွဲလိုက်သည် ။
"မင်းငါ့ကိုပေးတဲ့စာထဲမှာ ဘာရေးထားတာလဲဟင်"
ရိပေါ်ရဲ့အမေးကြောင့် ရှောင်းကျန့်ကရယ်ပြီး ရိပေါ်၏ခေါင်းလေးကို အသာဖွလိုက်သည် ။
"အဲ့ဒါကို ပြန်တွေ့တဲ့အခါမှ ပြောပြတော့မယ်"
ရှောင်းကျန့်က ရထားပေါ်ကနေ ပြေးဆင်းကာ ဘူတာရုံအတွင်းမှ ရိပေါ်ကို လက်ပြနှုတ်ဆက်သည် ။
ရိပေါ်ကလည်း ပြန်၍လက်ပြနှုတ်ဆက်ပြီး အဆမတန်ခုန်နေသော နှလုံးသားနေရာကို ဖိကာ အသာရေရွတ်သည် ။
"ငါတို့ဇာတ်လမ်းက မပြီးသေးဘူးထင်ပါတယ်လေ"
ရထားလေးဟာ ဘူတာရုံလေးက တရွေ့ရွေ့ခွာလျက် အကွာအဝေးတွေ ဝေးကွာခဲ့သော်လည်း ကျန်ရစ်ခဲ့သည့်နှလုံးသားနင့် ထွက်ခွာသွားသည့်နှလုံးသားတို့မှာမူ ရင်ခုန်သံချင်း ထပ်တူကျလျက် ။ ။
~~•••••••••••••••••••••••••••••••••••••••••••••••••••••
Comments