You are the peanut butter to my jelly

Description

Krisyeol 

Sebaek 

Only for Krisyeol & Sebaek Shippers 

Foreword

စာသင်ခန်းတခုအတွင်းတွင်ဖြစ်သည်...

တာဝန်ကျဘာသာရပ်ဆရာမလာသေးခင်အချိန်မှာ အတန်းထဲမှာရှိတဲ့ကျောင်းသားကျောင်းသူတွေက ဆူညံပွက်​လောရိုက်နေကြတယ်....အဲ့ဒီအချိန်မှာ အခန်းဆီကိုဦးတည်ပြေးလာပြီး အခန်းဝကနေ အော်ပြောသွားတဲ့ကျောင်းသားတယောက်ရဲ့အသံကျယ်ကျယ်ကြောင့် တခန်းလုံးတိတ်ဆိတ်သွားကြတယ်..

"ဟေးး....သတင်းကြားကြလား......Byun Baekhyunကို မနက်က လိုက်နှောက်ယှက်တဲ့ကျောင်းသားကို Park Chanyeolတို့ အုပ်စု ပညာပေးနေပြီ......"

ပြောသွားတဲ့အထဲ မိမိနာမည်ပါနေသည်မို့ Baekhyun ခေါင်းကြိမ်းသွားရတယ်....အခန်းထဲက ကျောင်းသားကျောင်းသူတွေကလည်း တညီတညွတ်တည်း Baekhyunကို ဝိုင်းကြည့်ကုန်ကြတယ်....တချို့က အားကျတဲ့အကြည့်ဖြစ်ပေမယ့် တချို့က မပတ်သက်ချင်သလို မကျေနပ်သည့်အကြည့်တွေနဲ့....

စပ်စုကြသောကျောင်းသားကျောင်းသူတွေက အတန်းချိန်ကိုဂရုမစိုက်ကြတော့ပဲ အသီးသိီး ပြေးထွက်သွားကြတယ်... အားလုံးရဲ့ဦးတည်ရာက ကျောင်းခေါင်မိုးထပ်ဆီကိုပဲ.....
ကျောင်းခေါင်မိုးထပ်က Park Chanyeolတို့အုပ်စုရဲ့မူပိုင်နေရာလို့ သူတို့အားလုံးသတ်မှတ်ထားကြတယ်...

"ဒီအရူးတွေနဲ့ ငါတော့ စိတ်ဆင်းရဲပါတယ်"

Baekhyunစိတ်ရှုပ်စွာ ခေါင်းကဆံပင်တွေကိုလက်ချောင်းတွေနဲ့ထိုးဖွပစ်ရင်း နှုတ်ကလည်း တယောက်မကျန် ဆဲဆိုပစ်မိတယ်....

အခြေအနေက မိမိမပါရင်မဖြစ်တော့တာမို့ ပြေးထွက်သွားတဲ့ကျောင်းသားများနောက်အမှီလိုက်ရင်း ကျောင်းခေါင်မိုးထပ်ဆီကို အမြန်ပြေးတက်ရတယ်....ခေါင်မိုးထပ်ရောက်တော့ ရန်ပွဲကြည့်တဲ့ကျောင်းသားကျောင်းသူအုပ်စုက တော်တော်တောင့်နေပြီ...လူအုပ်ကြား Baekhyun ကိုယ်သေးသေး​​​ေလးနဲ့တိုးဝှေ့ရင်းရှေ့ရောက်အောင် မနည်းတိုးထွက်လိုက်ရတယ်......

ရှေ့ရောက်လျှင်ရောက်ချင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့ အခြေအနေကြောင့် Baekhyun ခဏတော့ ကြောင်အသွားမိတယ်....
မနက်က Baekhyunကို လိုက်စကားပြောတဲ့ကျောင်းသားအပေါ်မှာ ခွထိုင်ပြီး ပယ်ပယ်နယ်နယ်ထိုးကြိတ်နေတဲ့ကျောပြင်က မည်သူမှန်း Baekhyun ခန့်မှန်းရလျှင်...?

ကျောင်းခေါင်မိုးဝရံတာမှာတက်ထိုင်ကာ ဆေးလိပ်ဖွာရင်း ရန်ပွဲကို စိမ်ပြေနပြေထိုင်ကြည့်နေသူက Park Chanyeol.....
ဘေ့စ်ဘောရိုက်တံကို ကိုင်ရင်း နံရံကိုမှီရပ်နေတာက Kim Kai....

အဲ့ဒါဆို ကျောင်းသားကို ခွထိုင်ပြီး ပယ်ပယ်နယ်နယ်ထိုးကြိတ်နေတဲ့ကျောပြင်ပိုင်ရှင်က သေချာပေါက် သူပဲ...

"Oh Sehun! !! "

လူအုပ်ကြားက Baekhyunအသံထွက်လာတဲ့အခါ ကျောင်းသားကို ထိုးနေတဲ့ Oh Sehunက လှည့်ကြည့်လာတယ်...သူထိုးကြိတ်ထားတဲ့ကျောင်းသားမျက်နှာက ရစရာမရှိအောင် စုတ်ပြတ်နေပေမယ့် သူကတော့ ပကတိ အနာအဆာမရှိ ချောမောနေတုန်းပဲ....လက်သီးသုံးရတာအားပါသွားတယ်ထင်ပါတယ်...နားထင်စပ်မှာတော့ ချွေးသီးတွေ စို့နေတယ်....

"အားလုံး အတန်းသွားတက်ကြတော့...."

Park Chanyeolရဲ့ခပ်အေးအေးလေယူလေသိမ်းနဲ့စကားသံအဆုံးမှာ ကျောင်းသားကျောင်းသူတွေအကုန် အလျှိုလျှိုလှည့်ပြန်ကုန်ကြတယ်....
ဒါအထူးအဆန်းတော့မဟုတ်ဘူး....ဒီကျောင်းမှာ Park Chanyeolကို ကျောင်းအုပ်ကြီးထက် ပိုကြောက်ကြတယ်....ကုန်ကုန်ပြောရရင် ကျောင်းအုပ်ကြီးကတောင် Park Chanyeolကို ကြောက်တယ်....

"Yaaa....မင်းလည်းသွားတော့ "

Oh Sehunက အထိုးခံရတဲ့ကျောင်းသားကိုဂုတ်ကနေဆွဲထူရင်း ခပ်ဝေးဝေးကို တွန်းပို့လိုက်တယ်...အခုချိန်မှာ ခေါင်မိုးထပ်မှာ သူတို့သုံးယောက်ရယ် Baekhyunရယ်ပဲ ရှိတော့တယ်....

Oh Sehunက လက်သီးသုံးထားတဲ့ညာဘက်လက်ကို အညောင်းဆန့်သလိုခါရင်း Baekhyunရှိရာဆီသို့ လျှောက်လာတယ်...

"Hyun...မင်းကြောင့်  ငါ့လက်ဆစ်တွေနာကုန်ပြိီ.......ဘာပြန်လုပ်ပေးမှာလဲ "

တဖက်ကျောင်းသားကိုအသေအကြေထိုးထားလို့ယောင်ကိုင်းနေတဲ့သူ့ညာဘက်လက်ဆစ်တွေကို Baekhyunရှေ့မှာထောင်ပြရင်း မျက်မှောင်ကြုံ့ကာပြောနေတဲ့Oh Sehunကို Baekhyun စူးစူးရဲရဲစိုက်ကြည့်ပစ်လိုက်တယ်......

"ဘာလို့ အခုလိုတွေလုပ်နေတာလဲ.... မင်းတို့ကြောင့် ငါ့ကိုပေါင်းမယ့်သူငယ်ချင်းလည်းမရှိတော့ဘူး....."

ပြောရင်း Baekhyun ဝမ်းနည်းလာတယ်...
အမှန်ပဲ....သူတို့အုပ်စုနဲ့ညိမှာစိုးတာကြောင့် Baekhyunကို ဘယ်သူမှအရေးလုပ်ပြီး သူငယ်ချင်းမလုပ်ပေးနိုင်ကြဘူး....ခပ်ခွာခွာပဲနေကြတယ်....

"မင်းတို့ကြောင့်! ငါ့မှာ အပေါင်းအသင်းလည်း မရှိဘူး.....Basketballအသင်းဝင်ဖြစ်ချင်တာတောင်..... ငါ့ကို ဝင်ခွင့်ပြုဖို့ အခုထိ ခွင့်မပေးသေးဘူး..."

"Basketballအသင်းက အရပ်ပုတဲ့သူ​တွေကိုမှ မခေါ်တာ....မင်းဘာသာမင်း အရပ်ပုလို့အခေါ်မခံရတာကို ဘာလို့ ငါတို့ကြောင့်လဲ? "

ဘေးမှာငြိမ်ပြီးနားထောင်နေတဲ့Chanyeolက သောက်လက်စဆေးလိပ်တိုကို ပစ်ချလိုက်ရင်း ရယ်လျက် ဝင်ပြောတယ်....

"Chanyeol.... မင်း ငါ့ကောင်လေးရဲ့အရပ်ကို ဘာမှဝေဖန်စရာ အကြောင်းမရှိဘူး "

"ဘယ်သူက မင်းကောင်လေးလဲ!  လူဆိုးကောင်ရဲ့! ! "

Baekhyun မျက်စိရှေ့မှာမြင်နေရတဲ့ သူ့ထက်ခေါင်းတလုံးစာလောက်ပိုမြင့်တဲ့Oh Sehunရဲ့လက်မောင်းကို လက်သီးနဲ့ခပ်ပြင်းပြင်းထိုးလိုက်တယ်...Baekhyunက အားသုံးပြီးထိုးလိုက်ပေမယ့် Oh Sehunက ပန်းနဲ့ပေါက်သည်ထင်သလားပဲ... ခပ်ပြုံးပြုံးပဲ Baekhyunကိုကြည့်နေပြီး Baekhyunရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားလိုက်တယ်... တချိန်တည်းမှာပဲ Baekhyunထင်မှတ်မထားမိတဲ့အပြုအမူတခု....

Oh Sehunက ရုတ်တရက် Baekhyunရဲ့ တင်ပါးတဖက်ပေါ်လက်နဲ့အုပ်ကိုင်ပြီး ဖျစ်ညှစ်ပစ်လိုက်တယ်....အဖြစ်အပျက်ကမြန်ဆန်လွန်းလို့ Baekhyun ရုတ်တရက်ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို ဦးနှောက်က အလုပ်မလုပ်နိုင်ခဲ့ဘူး...

ရှက်စိတ်နဲ့မွှန်နေပြီး Baekhyunမျက်နှာတခုလုံးပူထူလာတယ်...Oh Sehunက ချုပ်ထားတဲ့Baekhyunရဲ့လက်ကောက်ဝတ်တဖက်ကိုလည်း လွှတ်မပေးသေးပဲ ရှက်​သွားတဲ့Baekhyunရဲ့မျက်နှာနီရဲရဲလေးကို ပြုံးစိစိနဲ့စိုက်ကြည့်နေတယ်....

"Hyunကြောင့် ငါ့ လက်တွေနာသွားလို့ လုပ်ချင်တာလုပ်ပစ်လိုက်တာလေ.....ဟီး......အိကျိအိကျိလေး...Mochiလေးလိုပဲ "

Oh Sehunကလည်း နားမခံသာတဲ့စကားတွေကိုတောက်လျှောက်ပြောနေသလို ဘေးက နှစ်ယောက်ကလည်း Baekhyunကို ပြုံးစိစိနဲ့ကြည့်နေကြသည်မို့ Baekhyun ဘာလုပ်ရမှန်းမသိ..​.အော်ငိုပစ်ချင်စိတ်သာရှိတော့တာမို့ 
ချုပ်ထားတဲ့Oh Sehunရဲ့လက်ကိုဆောင့်ရုန်းလိုက်ပြီး ခေါင်မိုးထပ်သံမံတလင်းပေါ်ထိုင်ချကာ ငိုချပစ်လိုက်တော့တယ်....

"ကျောင်းပြောင်းမယ်....အီးးး.......နှစ်ဝက်စာမေးပွဲ​ပြီးတာနဲ့ မင်းတို့ရှိတဲ့ဒီကျောင်းမှာ ငါမတက်တော့ဘူး......မကောင်းတဲ့ကောင်တွေ....ကျက်သရေယုတ်တယ်.....ဟင့်..." 

ရှိုက်ကြီးတငင်ငိုကာ သုံးယောက်လုံးကို ထိုင်ဆဲနေတဲ့Baekhyunကို ဘယ်သူမှဘာမှမပြောကြဘူး...အလှကြည့်ဖို့ထားတဲ့အရုပ်ကလေး ငိုနေသည့်နှယ် အကုန်လုံးက အသည်းယားစွာ ရပ်ကြည့်နေကြတယ်....Oh Sehunကတော့ Baekhyunနဲ့တပြေးညီထိုင်ချလိုက်ရင်း ငိုနေတဲ့Baekhyunရဲ့ပါးနှစ်ဖက်ကိုလက်ဝါးနှစ်ဖ​က်နဲ့အုပ်ကိုင်လိုက်တယ်...

"မငိုနဲ့တော့ hyunရဲ့.....hyunအဲ့လိုငိုရင် ငါအရမ်းအသည်းယားတာ......"

"ငိုမှာ....မင်းကြောင့် ငါ့အတန်းချိန်လည်း လွတ်ကုန်ပြီ......မကောင်းတဲ့ကောင်.....ဝေးဝေးနေစမ်းပါ..... ငါနဲ့....."

လာချော့နေတဲ့ Oh Sehunကို ဆောင့်တွန်းခဲ့ပြီး Baekhyun ကျောင်းခေါင်မိုးထပ်ကနေ ပြန်ဆင်းလာခဲ့တယ်....အကုသိုလ်ကောင်တွေနဲ့ မပတ်သက်ချင်ဘူး....

*************

ဒီနေ့ Baekhyunတို့ အဆောင်ကို ကျောင်းသားတယောက် ပြောင်းလာမယ်လို့ အမေကပြောထားတာကြောင့် ကျောင်းအားရက်မှာ Baekhyunနားမနေပဲ ကျောင်းသားသစ်အတွက် အခန်းရှင်းပေးနေလိုက်တယ်...

Baekhyunတို့က သားအမ်ိနှစ်ယောက်တည်းနေကြသည်မို့ အပိုဝင်ငွေရအောင် အမျိုးသားသီးသန့်အဆောင်လေးလိုမျိုး အိမ်ထဲမှာ အခန်းဖွဲ့ပြီး ငှားထားကြတာ....အခုပြောင်းလာမယ့်လူက Baekhyunတို့ကျောင်းကိုစကောလားရှစ်နဲ့ပြောင်းလာမယ့် တရုတ်ကျောင်းသားလို့ အမေကပြောတယ်...
ကျောင်းလည်းတူ... နေအိမ်လည်းတူတော့ Baekhyunအတွက်လည်းအဖော်ရတော့မှာမို့ သူရောက်လာမှာကို Baekhyunက​တော့ အမျှော်ကြီးမျှော်နေပြီ....ဟိုအုပ်စုကြောင့် Baekhyunမှာ သူငယ်ချင်းငတ်နေတာလည်း ကြာပြီလေ.....

"ငါ့နာမည်က Wu Yifanပါ...Beijing ကလာတာ....မင်းနဲ့နောက်လည်း ကျောင်းအတူတက်ရမယ်လို့ကြားတယ်....ငါက ကျောင်းသားသစ်မို့ ကူညီပေးပါဦး..."

အသစ်ရောက်လာတဲ့တရုတ်ကောင်လေးကိုမြင်ပြီးတဲ့နောက် Baekhyun အားတွေအရမ်းရှိသွားတယ်....သူ့ပုံစံက တောင့်ဖြောင့်နေတာပဲ...အရပ်ကြီးကလည်း အတော်ရှည်တယ်...ကျောင်းသားသစ်မို့ အနိုင်ကျင့်ခံရမယ့်ပုံစံမျိုးထဲကလည်း မဟုတ်ဘူး....အသွင်အပြင်နဲ့တင် တော်တော်များများ ရှိန်လောက်တယ်...အဆိုးတကာ့အဆိုးဆုံးဆိုတဲ့ Park Chanyeolထက်တောင် သူ့အရပ်ကပိုရှည်လောက်တယ်....ဒီလိုပုံစံမျိုးကိုတော့ Park Chanyeolတို့အုပ်စု အကဲမစမ်းရဲလောက်ပါဘူး....

*********************

ဒီနေ့က တနင်္လာနေ့ဖြစ်တယ်....
ကျောင်းသွားရတဲ့နေ့တွေမှာ ဒီနေ့ Baekhyun အ​ပျော်ဆုံးပဲ....ခါတိုင်းလို တယောက်တည်းအထီးကျန်မနေတော့ပဲ ဘေးကနေ အဖော်လုပ်ပြီးလိုက်လာတဲ့ သူငယ်ချင်းအသစ်Wu Yifan လည်း ဒီနေ့ ကျောင်းစတက်ဖို့ပါလာပြီဖြစ်တယ်...

အခန်းထဲရောက်တော့ ကျောင်းသားသစ်ဖြစ်တဲ့Wu Yifanကို Baekhyunရဲ့ဘေးခုံမှာပဲ နေရာယူခိုင်းလိုက်တယ်...တကယ်ဆို ဒါဟာ ပြဿနာအကြီးကြီးတက်သွားနိုင်တယ်ဆိုတာ သိပေမယ့်လည်း Baekhyun ခပ်ပြောင်ပြောင်ပဲ ဘယ်သူ့ကိုမှ ဂရုစိုက်မနေခဲ့ဘူး...
ဘာမှမသိသေးတဲ့Wu Yifanကတော့ Baekhyunရဲ့ဘေးမှာ သာသာယာယာပဲထိုင်ပြီး ဒီနေ့ ပထမဆုံးကျောင်းတက်ရတဲ့နေ့ဖြစ်သည့်အတွက် သူဘယ်လောက်ရင်ခုန်နေကြောင်း ကိုရီးယားသံခပ်ဝဲဝဲနဲ့ Baekhyunကိုပြောပြနေတယ်....

"ဖယ်စမ်း "

"အ* "

စကားနဲ့တင်မပြီးပဲ လက်အမြဲပါတတ်တဲ့Oh Sehunက သူ့စကားမဆုံးသေးခင်မှာပဲ Wu Yifanရဲ့ နောက်စေ့ကို စာအုပ်ထူထူနဲ့ရိုက်အပြီးဖြစ်နေပြီ...

ရုတ်တရက်ချောင်းရိုက်ခံလိုက်ရတာမို့ Wu Yifanက ဒေါသထွက်သွားပုံရတယ်....Oh Sehunက Wu Yifanရဲ့စားပွဲခုံပေါ်လက်ထောက်ရင်း ထွက်သွားဖို့ အမူအရာနဲ့မေးဆတ်ပြနေတယ်....သူ့နောက်က ပါလာတဲ့Park Chanyeolနဲ့Kim Kaiကတော့ မဆိုင်သလိုပဲ ကိုယ့်နေရာကိုယ်ဝင်ထိုင်နေကြတယ်....

"ဖယ် "

"ဖယ်ရအောင် ဒါမင်းနေရာလား "

"ကျောင်းသားသစ်လား.....ကျောင်းသားသစ်ဆိုလည်း သိအောင်အခုကတည်းကပြောထားမယ်...Byun Baekhyunရဲ့ အရပ်လေးမျက်နှာက ခုံလေးခုံက ဘယ်သူမှမထိုင်ရဘူး....အဲ့ဒါ ငါ့နေရာတွေပဲ...."

Oh Sehunကပြောတော့ Wu Yifanက ရယ်တယ်....အတန်းထဲမှာ ရှိတဲ့​ကျောင်းသားတွေကတော့ ဒီဖြစ်ရပ်ကိုကြည့်ရင်း တိတ်ဆိတ်နေကြ​တယ်..

"ဟား......လက်မသုံးချင်လို့ ကောင်းကောင်းပြောနေတာကို...... "

"မဖယ်ဘူးကွာ....လူတယောက်ထဲနဲ့ ခုံလေးခုံအပိုင်ယူထားရအောင် မင်းအဖေကျောင်းလား...."

"ဟုတ်တယ်....ငါ့အဖေပိုင်တဲ့ကျောင်းပဲ....ငါလုပ်ချင်သလိုလုပ်မယ် "

ဒီကျောင်းပိုင်ရှင်ကOh Sehunရဲ့အဖေဆိုတာကို အခုမှသိသွားတဲ့Wu Yifanက ရုတ်တရက်ဆွံ့အသွားပေမယ့် ခပ်တည်တည်ပဲ....Baekhyun ဘေးမှာ ပေထိုင်နေတယ်...
သူတော့မသိဘူး...သူ့အစား Baekhyunကတော့ မေးရိုးတွေ ကြိုနာနေပြိီ...
တော်တော်အကြောတင်းတဲ့သူငယ်ချင်းအသစ်ပဲ.....

"ဖယ်ကွာ !"

ပြောမရတော့ Oh Sehunက Wu Yifanကို ခုံပေါ်ကနေ ဆွဲချတယ်....နည်းနည်းမှအထိမခံတဲ့ အကြောတင်းWu Yifanက ခုံကိုအားနဲ့အတင်းကုတ်ကပ် ဖက်တွယ်ထားတယ်....ဆွဲချနေပေမယ့်လည်း နည်းနည်းမှ ပါမလာတာကြောင့် Oh Sehun ဒေါသတွေ တော်တော်ထွက်လာတယ်ထင်ပါတယ်....Wu Yifanရဲ့ ကုတ်ကော်လံစကို အတင်းဆွဲထားတာ ပြဲတောင်ပြဲတော့မယ်....Wu Yifanကလည်း တုတ်တုတ်မှမလှုပ် ခုံကိုအားနဲ့အတင်းဖက်ထားတယ်....သူတို့နှစ်​ယောက်ကို အတန်းထဲက ဘယ်သူမှလည်း ဝင်မဆွဲရဲကြဘူး.......

"ထကွာ......ဖယ်!! ငါ့နေရာ "

"မဖယ်ဘူးကွာ....."

Oh Sehunကဆွဲ.. Wu Yifanက ရုန်း နဲ့ အတန်းထဲမှာ တော်တော်ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ Park Chanyeolက ထိုင်နေရာက ထလာပြီး Baekhyunရှေ့က စားပွဲခုံအလွတ်လေးကို ဆောင့်ကန်လိုက်တယ်...
ဝုန်း * ခနဲ စားပွဲခုံလဲသွားတဲ့အသံနဲ့အတူ ရန်ပွဲက ခဏရပ်သွားတယ်....

"သောက်ပြဿနာတွေပဲ.......အာရုံနောက်တယ်! !! "

Park Chanyeolရဲ့အော်ဟစ်ဆူပူနေတဲ့အသံကလွဲပြိီး တခန်းလုံး တိတ်ဆိတ်သွားတယ်...
Park Chanyeolက ရန်ပွဲဖြစ်နေတဲ့နေရာနားကိုလျှာက်လာပြီး Wu Yifanကို ဂုတ်ကနေ ဆွဲခေါ်သွားကာ သူထိုင်နေတဲ့နေရာဘေးက ခုံမှာ ထိုင်ခိုင်းလိုက်တယ်....ရုတ်တရက်မို့ Wu Yifanမှာ ဘာမှတုံ့ပြန်ချိန်မရလိုက်ဘူး...
အသိဝင်လာတဲ့အချိန်မှာ သူက Park Chanyeolဘေးက ခုံမှာ ထိုင်ပြိီးသားဖြစ်နေပြီ......

"အခုမှ ကျောင်းပြောင်းလာပြီး ပြဿနာမရှာနဲ့......သတ်ပစ်မယ် နားလည်လား "

Park Chanyeolက လေသံခပ်အေးအေးနဲ့ Wu Yifanရဲ့မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ပြောတော့ Wu Yifan က အနည်းငယ်တွေဝေသွားသယောင် ငြိမ်လျက် Chanyeolကိုပြန်ငေးကြည့်နေတယ်....

Oh Sehunကတော့ အနိုင်ရသွားသူလို ခပ်ပြုံးပြုံးပဲ Baekhyunဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်....Baekhyun က စိတ်ညစ်ညစ်နဲ့ စားပွဲပေါ်မှောက်အိပ်ပစ်လိုက်တယ်....

ရန်ပွဲကပြီးသွားပြီ....
စာသင်ဖို့ ဘာသာပြဆရာလည်း အတန်းထဲဝင်လာခဲ့ပြီ....

To be continued....

Ficဖတ်ပြီး အိမ်မှာအေးအေးဆေးဆေးနေကြပါ ကလေးတွေ....
Take care of your health ?

Comments

You must be logged in to comment
t4thuthu #1
အိုက်စ်.......အရမ်းကြိုက်တယ် ?